← Chapters

အခန်း ၂၁၀

Vol. 21 Ch. 210

အခန်း ၂၁၀

Vol. 21 Ch. 210

210

ထိုစကားကို ကြားသောအခါ ချင်ရန် ခေါင်းယမ်းပြလိုက်သည်။

"မဖြစ်ဘူး၊ K2 အဖွဲ့အစည်းထဲမှာ အတော်ကို အစွမ်းထက်တဲ့သူတစ်ယောက်ရှိတယ်၊ ပြီးတော့ သူတို့ရဲ့လူအင်အားကလည်း မင်းတို့ထက် ပိုများတယ်"

တစ်စုံတစ်ရာ နားလည်မှုလွဲမှားသွားမည်ကို စိုးရိမ်သည့်အလား ချင်ရန်က

ရှင်းပြလိုက်၏။

"ငါတို့ဘက်က လူအင်အားပိုများလေလေ၊ အနိုင်ရဖို့ အခွင့်အလမ်း ပိုများလေလေပဲ"

ချင်ရန်က ထပ်လောင်းပြောဆိုခဲ့သည်။ထိုအခါ ဟယ်ဝေတုန် မနေနိုင်ဘဲပြောမိ‌လေသည်။

"ဒါပေမဲ့ မင်းရဲ့ဒဏ်ရာတွေက တကယ်ဆိုးနေတယ်လေ”

ထိုအခါ ချင်ရန်ရယ်မောလိုက်၏။

"ကျွန်တော့်ကို လျှော့မတွက်စမ်းပါနဲ့၊ ဒဏ်ရာတွေ ဘယ်လောက်ပဲ ပြင်းထန်နေပါစေ၊ လှုပ်ရှားသွားလာနိုင်တဲ့ စွမ်းရည်တော့ ရှိပါသေးတယ်”

ထိုအခိုက်အတန့်တွင် ချင်ရန့်မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့၏။ သူ့အာရုံခံစနစ်အတွင်း၌မူ K2 အဖွဲ့ဝင် တစ်ဆယ့်ငါးဦးသည် သူတို့ရှိရာဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာနေကြသည်ကို အာရုံခံမိလိုက်၏။

ထို့အပြင် သူတို့ကိုဦးဆောင်လာသူမှာ အခြားသူမဟုတ်ဘဲ သူတို့ခေါင်းဆောင်

ခွေးရူးကိုယ်တိုင် ဖြစ်နေသည်။ ထို SS အဆင့် ရာဇဝတ်ကောင်ကြီးကိုယ်တိုင် ရောက်ရှိလာခြင်းဖြစ်သောကြောင့်

ချင်ရန်သည် ချက်ချင်းပင် အလေးအနက်ထား သတိပေးလိုက်၏။

“ကျွန်တော်တို့ အဆင်သင့်ပြင်ထားကြရအောင်၊ K2 ရဲ့ကျန်တဲ့လူတွေ မကြာခင် ဒီကိုရောက်တော့မယ်"

ချင်ရန်၏သတိပေးမှုကြောင့် ဟယ်ဝေတုန်သည် ခေါင်းညိတ်လိုက်ပြီး ချင်ရန်၏သွေးထွက်နေဆဲဖြစ်သော ဒဏ်ရာကိုကြည့်ကာ သက်ပြင်းချရင်း ချင်ရန်အားနောက်ချန်နေခဲ့ရန် ထပ်မံဖျောင်းဖျလိုသော်လည်း ချင်ရန်ကမူနားမဝင်ခဲ့ချေ။

နောက်ဆုံးတွင် သူတို့အနေဖြင့် ချင်ရန်နှင့် အတူတကွ ပူးပေါင်းလှုပ်ရှားရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ချေ။

ချင်ရန်သည် သူ့အာရုံခံစနစ်ကိုအားကိုး၍ ဟယ်ဝေတုန်နှင့် အခြားသူများကို ဦးဆောင်ကာ ရှေ့သို့လျှောက်ခဲ့လိုက်၏။

ဟယ်ဝေတုန်နှင့် သူ့လူများမှာလည်း ချင်ရန့်နောက်သို့ လိုက်ပါရန်မှတပါး အခြား မရှိတော့‌ချေ။ အကြောင်းမှာ ၎င်းတို့သည် ဤဟိုတယ်သို့ တစ်ကြိမ်တစ်ခါမျှ မရောက်ဖူးကြသော်လည်း ချင်ရန်မှာမူ ဟိုတယ်အတွင်း၌ အချိန်အတော်ကြာ လှည့်ပတ်သွားလာနေခဲ့သူဖြစ်သောကြောင့် ဖြစ်သည်။

ထိုအချိန်တွင်မူ ချင်ရန်၊ ဟယ်ဝေတုန်နှင့် အခြားသူများသည် လှေကားထောင့်တစ်ခုသို့ ရောက်ရှိလာခဲ့ကြ၏။ သို့သော်လည်း ချင်ရန့်အကြည့်များက အပေါ်ထပ်ဆီသို့သာ တစိုက်မက်မက် မော့ကြည့်နေ၏။ အကြောင်းမှာ သူ့အ‌ပေါ်ထပ်တွင် K2အဖွဲ့ဝင် တစ်ဆယ့်ငါးဦး တဖြည်းဖြည်းလျှောက်လှမ်းလာနေသည်ကို သူ့အာရုံခံစနစ်မှကြိုတင်အာရုံခံမိနေသောကြောင့်ဖြစ်သည်။ ထိုအခါမှာ ချင်ရန်လေသံတိုးတိုးဖြင့်သတိပေးလိုက်သည်။

"အပေါ်ထပ်မှာ လှုပ်ရှားမှုရှိနေတယ်”

"ဟင်”

ထိုစကားကြောင့် ဟယ်ဝေတုန်မှာ လန့်သွားရသည်။ ချင်ရန်က ဘယ်လိုလုပ်ပြီး အပေါ်ထပ်မှာလူရှိတာကို သိနေရတာလဲ။ သူတို့အနေဖြင့် အာရုံစူးစိုက်မှုကို ဦးစားပေး အမြင့်ဆုံးအဆင့်အထိမြှင့်တင်ထားကြသော်လည်း မည်သည့်အသံမျှ မကြားရချေ။ သို့သော်လည်း ဤအရာသည် ချင်ရန်၏ထူးကဲလှသော ထက်မြက်သည့် အာရုံခံနိုင်စွမ်းကြောင့်ဟုသာ သတ်မှတ်နိုင်ပြီး ယခုအချိန်တွင်လည်း ဤအချက်အပေါ်၌ သူတို့တွေ ဇဝေဇဝါဖြစ်နေရမည့် အချိန်မဟုတ်သေးချေ။

"ပစ်ဖို့ အဆင်သင့်ပြင်ကြ”

ချင်ရန် တိုးတိုးလေးပြောလိုက်သည်။

"ကောင်းပြီ”

ဟယ်ဝေတုန် လေးလေးနက်နက်ခေါင်းညိတ်ပြပြီး သေနတ်ပြောင်းဝကို မျက်နှာကျက်ဆီသို့ ချိန်ရွယ်လိုက်သည်။ ထို့နောက် သေနတ်မောင်းတံကို အသာနောက်သို့ ဆွဲလိုက်ကြသည်။

အပေါ်ထပ်တွင်မူ ခွေးရူးသည် K2 အဖွဲ့အစည်းကို ဦးဆောင်ကာ တဖြည်းဖြည်းချင်း လျှောက်လှမ်းလာခဲ့သည်။ အစပိုင်းတွင်မူ သူသည် မည်သည့်အသံမျှမကြားရသော်လည်း ရုတ်တရက် အောက်ထပ်ဆီမှ သေနတ်မောင်းတံများ နောက်သို့ဆွဲလိုက်သည့် အသံအချို့အားကြားလိုက်ရ၏။ ထိုခဏ၌ပင် ခွေးရူးမျက်နှာအမူအရာက အကြီးအကျယ် ပျက်ယွင်းသွားခဲ့သည်။

"သူတို့ အောက်ထပ်မှာရှိနေတယ်၊ မြန်မြန် ရှောင်ကြ၊ ပြီးရင် အောက်ထပ်ကို လှမ်းပစ်”

ခွေးရူးသည် သူ့တည်ရှိမှုအား ဖုံးကွယ်မထားတော့ဘဲ အော်ဟစ်ကြိမ်းမောင်းလိုက်ရာ ထိုအသံမှာ အောက်ထပ်ရှိ ချင်ရန်နှင့် ဟယ်ဝေတုန်တို့အထိပင် ကြားလိုက်ရ၏။ သို့သော်လည်း သူနောက်ကျသွားခဲ့ပြီဖြစ်သည်။

ကျည်ဆန်များသည် သူတို့နင်းထားသည့် ကြမ်းပြင်မှ လျှပ်တပြတ်အတွင်း ထိုးဖောက်သွားခဲ့ရာ ခန္ဓာကိုယ်ကိုအား ကိုင်းညွတ်၍ လျှောက်လှမ်းနေသော K2 အဖွဲ့ဝင်များထံသို့ တည့်တည့်မတ်မတ်ပင် ထိမှန်လေတော့သည်။

*ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း*

နောက်ထပ် ကယ်လောင်သောသေနတ်ပစ်တိုက်ပွဲတစ်ခု ဆက်လက်ဖြစ်ပွားခဲ့ပြန်၏။ အပေါ်ထပ်မှ ပစ်လိုက်သော ကျည်ဆန်များသည် မျက်နှာကြက်ကို ထိုးဖောက်ဝင်ရောက်လာရာ ချင်ရန်နှင့် အခြားသူများသည်လည်း ကျည်ဆန်များကို လှည့်ပတ်ရှောင်တိမ်းရင်း ပြန်လည်ပစ်ခတ်နေကြသည်။ ထိုသို့ပစ်ခတ်မှုများသည် K2 အဖွဲ့ဝင်များ၏နောက်သို့ တကောက်ကောက် လိုက်လံပစ်ခတ်နေသကဲ့သို့ တိကျလှသည်။

ခွေးရူး၏မျက်လုံးများမှာ အေးစက်သွားခဲ့သည်။ မိမိတို့အဖွဲ့သည် မည်သည့်အသံမျှမထွက်စေဘဲ အလွန်တိတ်ဆိတ်ငြိမ်သက်စွာ လျှောက်နေကြခြင်းဖြစ်သည်။ သို့သော်လည်း အောက်ထပ်ရှိလူစုက မိမိတို့တည်နေရာကို အတိအကျသိရှိနေဆဲ ဖြစ်သည်။

‘ဒါ ဘာလို့လဲ၊ အဲ့လူတွေက ဒီအထပ်ကစောင့်ကြည့်ရေးကင်မရာတွေကို ဟက်လုပ်ထားလို့များလား’

ထို့ကြောင့် ခွေးရူးသည် ပတ်ဝန်းကျင်ကို ဝေ့ပတ်ကြည့်ရှုလိုက်သော်လည်း မည်သည့်ကင်မရာကိုမျှ မတွေ့ရှိရချေ။ သူ့အနေဖြင့် ဤမျှအခွင့်မသာသော အခြေအနေတွင်ဆက်လက်မရှိနေနိုင်တော့သလို ရန်သူ့ဆွဲခေါ်ရာနောက်သို့လည်း မျောပါသွား၍မဖြစ်တော့ပေ။

တိုက်ပွဲပြင်းထန်နေဆဲအတွင်း ခွေးရူးလည်း အလွန်အမင်း ဇဝေဇဝါဖြစ်နေရသည်။

သူ သိသလောက်ဆိုလျှင် သူ့ကိုစိတ်မသက်မသာဖြစ်အောင် ဖိအားပေးနိုင်စွမ်းရှိသူမှာတစ်ယောက်တည်းသာ ဖြစ်၏။ သို့သော် အောက်ထပ်မှ ထွက်ပေါ်နေသော သေနတ်သံများသည် လူတစ်ယောက်တည်းမှ ပစ်ခတ်နေခြင်းမျိုး လုံးဝမဟုတ်ဘဲ အနည်းဆုံး လေးဦးခန့်ရှိနေမည်ဖြစ်သည်။

‘ဒါဆို အခြားလူတွေက ဘယ်ကနေ ရောက်လာတာလဲ’

ထိုခဏ၌ ခွေးရူးသည် ဖြစ်နိုင်ခြေတစ်ခုကို ရိပ်မိသွားခဲ့သည်။ တရုတ်နိုင်ငံမှ အထူးတပ်ဖွဲ့ဝင်များသည် လေဝင်လေထွက်လမ်းကြောင်းမှတစ်ဆင့် အတွင်းသို့ ဝင်ရောက်ရန်ကြိုးပမ်းကြလိမ့်မည်ဖြစ်ရာ သူကိုယ်တိုင်လည်း သူ့လူများကို ထိုနေရာသို့ သွားရောက်ပိတ်ဆို့ရန် အမိန့်ပေးထားခဲ့သည်ပင်။

‘ဤသို့ဆိုလျှင် ထိုလူငါးဦးမှာ တစ်ဖက်လူများလက်ချက်ဖြင့် အသက်ပျောက်သွားကြပြီဖြစ်နိုင်၏။ ခွေးရူးသည် အံတင်းတင်းကြိတ်လိုက်မိရင်း လမ်းကြောင်းကို ပိတ်ဆို့ထားသည့် K2 အဖွဲ့ဝင်၏စကားပြောစက်ထံသို့ ချက်ချင်းလှမ်း၍ ခေါ်ဆိုလိုက်သည်။ သို့သော်လည်း မည်သို့မျှပြန်လည်ဆက်သွယ်၍မရတော့ပေ။

ထိုအခါ ခွေးရူးမျက်နှာက ထူးဆန်းစွာ တည်တင်းသွားခဲ့ရသည်။ အကြောင်းမှာ ထိုလူငါးဦးသည် အမှန်တကယ် သေဆုံးသွားခဲ့ပြီဆိုသည်ကို သူသဘောပေါက်လိုက်ပြီဖြစ်သောကြောင့်ပင်။ ယခုအချိန်အထိဆိုလျှင် ထိုလူငါးဦးအပါအဝင် သူတို့ဘက်မှ စုစုပေါင်းလူဆယ်ယောက်ခန့် သေဆုံးသွားခဲ့ပြီဖြစ်သည်။

ထိုအဖွဲ့ဝင်အယောက် ၂၀ စလုံးမှာ သူကိုယ်တိုင် အားသွန်ခွန်စိုက်လေ့ကျင့်ပေးထားခဲ့သော ထိပ်တန်းကျွမ်းကျင်သူများ ဖြစ်ကြပြီး တစ်ဦးချင်းစီ၏ စွမ်းရည်က အထူးတပ်ဖွဲ့ဝင်တစ်ဦးနှင့် ရင်ဘောင်တန်းနိုင်သူများဖြစ်သည်။ သို့သော် ယခုမူ သူတို့အားလုံး အသက်ဆုံးရှုံးခဲ့ရပြီ ‌ဖြစ်သည်။

အခြေအနေကို ရိပ်မိသွားသော ခွေးရူးသည် ချင်ရန်အကြောင်းကိုသာ ဆက်တိုက်တွေးတောမိနေပြီး ဤအရာအားလုံးကို ထိုသူတစ်ယောက်တည်းကသာ နောက်ကွယ်မှကြိုးကိုင်လုပ်ဆောင်ခဲ့ခြင်းဖြစ်မည်ဟု တထစ်ချယုံကြည်နေတော့သည်။

"ငါတို့ ဒီအတိုင်းထိုင်ပြီး အသေခံလို့မဖြစ်ဘူး၊ ငါ့နောက်ကို လိုက်ခဲ့ကြ၊ အောက်ထပ်ကိုဆင်းပြီး သူတို့နဲ့ အသေအလဲ တိုက်မယ်"

ခွေးရူးက ကျန်ရှိနေသောလူများကို အေးစက်လှသော လေသံဖြင့် ပြောလိုက်၏။ အငိုက်ဖမ်းတိုက်ခိုက်ခံရမှုကြောင့် သူတို့ဘက်မှ လူ ၂၅ ဦးအနက် ၁၀ ဦး ဆုံးရှုံးခဲ့ရပြီး၊ ခွေးရူးအပါအဝင် ၁၅ ဦးသာ ကျန်ရှိတော့သည်။ ထိုလူ ၁၅ ဦးစလုံးမှာ ယခုအခါ အမျက်ဒေါသချောင်းချောင်းထွက်နေကြပြီဖြစ်၏။ သူတို့အနေဖြင့် မိမိတို့အဖွဲ့ကို ယခုကဲ့သို့ပြင်းပြင်းထန်ထန် ခြိမ်းခြောက်နိုင်မည့်ရန်သူမျိုးကို တစ်ကြိမ်တစ်ခါမျှ မရင်ဆိုင်ခဲ့ဖူးချေ။

သူတို့သည် ယခင်က စစ်ဆင်ရေးတာဝန်များ ထမ်းဆောင်သည့်အခါ မည်သူမျှ တားဆီးနိုင်ခြင်း မရှိခဲ့သလို လမ်းခရီးတွင်လည်း ပိတ်ဆို့နိုင်ခြင်းမရှိခဲ့ပေ။ သို့သော် ယခုစစ်ဆင်ရေးတွင်မူ ပြဿနာ မြောက်မြားစွာနှင့် ရင်ဆိုင်နေရသည်။ ထိုအထဲတွင် အရေးကြီးဆုံးအချက်မှာ ကျောက်ဟွိုင်ရှန့်ရှိနေသည့်နေရာကို ယခုထိ အတိအကျမသိရှိရသေးခြင်းပင် ဖြစ်သည်။

ခွေးရူးနှင့် သူ့လူများအတွက် ကျောက်ဟွိုင်ရှန့်ကို လိုက်လံရှာဖွေနေရန် အချိန်မရှိတော့ပေ။ ယခုအချိန်တွင် သူတို့၏ပထမဆုံး ဦးစားပေးရည်ရွယ်ချက်မှာ သူတို့ကို ခုခံနေသည့် ရန်သူများကို အပြတ်ရှင်းပစ်ရန်သာ ဖြစ်တော့သည်။

မကြာမီတွင် ခွေးရူးသည် ကျန်ရှိသောလူများကို ဦးဆောင်ကာ ချင်ရန်နှင့် အခြားသူများရှိနေသည့် အောက်ထပ်သို့ဆင်းလာခဲ့ကြသည်။ ချင်ရန်ကမူ ခွေးရူးနှင့် အဖွဲ့ အောက်ထပ်သို့ဆင်းလာတော့မည်ကို ကြိုတင်အာရုံခံမိသဖြင့် ဟယ်ဝေတုန်နှင့် ရဲဘော်များကို အဝင်ဝတစ်ခု၌ အသင့်စောင့်ဆိုင်းနေရန် အချက်ပြ သတိပေးလိုက်လေတော့သည်။

သူတို့ မျှော်လင့်ထားသည့်အတိုင်းပင် ခွေးရူးနှင့် သူ့လူများသည် အဆောက်အအုံအဝင်ဝမှ ဆင်းလာခဲ့ကြသည်။ ထိုအချိန်တွင် အသင့်စောင့်ဆိုင်းနေသည့် ဟယ်ဝေတုန်နှင့် သူ့လူများက သေနတ်များဖြင့် တရစပ်ပစ်ခတ်လိုက်ကြရာ ခွေးရူးနှင့်အဖွဲ့မှာ ပို၍ ဆောက်တည်ရာမရ တုန်လှုပ်သွားကြတော့သည်။

ခွေးရူးမှာ ယခုဖြစ်ပျက်နေသည့် အခြေအနေကို လုံးဝမယုံကြည်နိုင်လောက်အောင်ဖြစ်ရသည်။ ထို့နောက် သူတို့သည် နည်းဗျူဟာကို ချက်ချင်းပြောင်းလဲကာ ချင်ရန်နှင့် သူ့အဖွဲ့ကို လူစုခွဲပစ်ရန်အတွက် ဘက်ပေါင်းစုံမှ ဝိုင်းဝန်းတိုက်ခိုက်ရန် ကြိုးပမ်းကြပြန်သည်။

သို့သော် ရလဒ်များအားလုံးမှာ ကြိုတင်တွက်ချက်ပြီးသား ဖြစ်နေပုံရသည်။ ဟယ်ဝေတုန်၊ ချင်ရန်နှင့် အခြားသူများသည် မတူညီသောနေရာအသီးသီးတွင် လူစုခွဲကာ အပိုင်နေရာယူထားကြပြီး K2 အဖွဲ့ဝင်များ ထွက်ပေါ်လာမည့်အချိန်ကို တည်ငြိမ်စွာစောင့်ဆိုင်းလျက် အငိုက်ဖမ်း ချောင်းမြောင်းတိုက်ခိုက်လိုက်ကြသည်။

ထိုအခါမှ ခွေးရူးတစ်ယောက် စိတ်ဓာတ်များ ပြိုလဲလုမတတ်ခံစားလိုက်ရတော့သည်။ သူ မည်သို့သော နည်းဗျူဟာကိုသုံးသုံး ဘယ်ဘက်အရပ်ကပင် လှည့်ပတ်တိုက်ခိုက်စေကာမူ ရန်သူက သူ့ကိုအထက်စီးမှ အမြဲတမ်း စောင့်ကြည့်နေသကဲ့သို့ ဖြစ်နေသည်။ တစ်ဖက်လူတွင် တိုက်ပွဲအခြေအနေကို ထောက်လှမ်းနိုင်သည့်စနစ်များ ရှိနေသလားဟု ထင်မှတ်ရလောက်အောင် ကွက်တိခန့်မှန်းနိုင်ခြင်းမှာ အလွန်အမင်း ကြောက်စရာကောင်းလှသည်။

ဤအခိုက်အတန့်တွင် ခွေးရူးသည် တစ်ဖက်သတ် လွှမ်းမိုးချုပ်ကိုင်ခံထားရသည့် ကြောက်ရွံ့မှုဝေဒနာကို အလူးအလဲ ခံစားလိုက်ရသည်။ ထိုသေနတ်တိုက်ပွဲသည် နာရီဝက်ခန့်ကြာမြင့်ခဲ့၏။ ခွေးရူးနှင့် သူ့လူများသည် ချင်ရန်နှင့် အဖွဲ့ကို နှိမ်နင်းရန်အတွက် ဘက်ပေါင်းစုံမှထိုးဖောက်တိုက်ခိုက်မှု စစ်ဆင်ရေး မြောက်မြားစွာကို ပြုလုပ်ခဲ့ကြသည်။

သို့သော်လည်း တစ်ကြိမ်တစ်ခါမျှ မအောင်မြင်ခဲ့သည့်အပြင် သူ့လူများသာ ဆက်တိုက်အသက်ဆုံးရှုံးခဲ့ရသည်။ နာရီဝက်ခန့် ကြာပြီးနောက်တွင်မူ ခွေးရူးဘက်၌ လူခြောက်ဦးသာကျန်ရှိတော့သည်။ တစ်ချိန်တည်းမှာပင် ချင်ရန်မှာမူ လုံးဝထိခိုက်ဒဏ်ရာထပ်မံရရှိခြင်း မရှိခဲ့ပေ။ ထိုအခြေအနေကို မြင်တွေ့ရသည့် ဟယ်ဝေတုန်တစ်ယောက်သည် အိပ်မက်မက်နေသကဲ့သို့ပင် မယုံနိုင်အောင် ဖြစ်မိတော့သည်။

သူတို့အားလုံး မည်သည့်ထိခိုက်ဒဏ်ရာမျှ ထပ်မံမရရှိဘဲ ဘေးကင်းစွာ လွတ်မြောက်နိုင်ခဲ့ခြင်းမှာ ချင်ရန်၏ ပြောင်မြောက်လှသော ကွပ်ကဲမှုကြောင့်ဖြစ်ကြောင်း သူ သဘောပေါက်လိုက်သည်။ ချင်ရန်သည် စစ်နတ်ဘုရားတစ်ပါးကဲ့သို့ပင် တစ်ဖက်လူ၏ ရည်ရွယ်ချက်များကို အပြည့်အဝ ကြိုတင်ရိပ်မိနေပြီး ရဲဘော်များကို သတ်မှတ်ထားသောနေရာများတွင် ကြိုတင်စောင့်ဆိုင်းနေရန် ညွှန်ကြားနိုင်ခဲ့ခြင်းဖြစ်သည်။

ထိုအခါ ဟယ်ဝေတုန့်စိတ်ထဲမှ ’ဒါက ရဲအရာရှိတစ်ယောက်ရဲ့ စွမ်းဆောင်ရည်မျိုး ဟုတ်နိုင်ပါဦးမလား၊ ဒါကထိပ်တန်း အထူးတပ်ဖွဲ့ဝင်စစ်သားပုံစံဆိုတာ သိသာနေတာပဲလေ နေဦး မဟုတ်သေးဘူး အထူးတပ်ဖွဲ့ဝင်တွေထဲမှာတောင် သူ့ထက် သန်မာတဲ့သူရှိနိုင်ပါဦးမလား’ ဟုမချီးကျူးဘဲ မနေနိုင်အောင်ဖြစ်မိတော့သည်။

ထိုသေနတ်တိုက်ပွဲအတွင်း၌လည်း ဟယ်ဝေတုန်သည် ချင်ရန်၏ထူးချွန်လှသော သေနတ်ပစ်စွမ်းရည်ကို မြင်တွေ့ခဲ့ရပြီး သူသည် တည်ငြိမ်ရင့်ကျက်လှသော လက်ဖြောင့်သေနတ်သမားတစ်ဦးနှင့် အလားသဏ္ဌာန်တူလှသည်။ သို့သော်လည်း တိုက်ပွဲပြင်းထန်မှုကြောင့် ချင်ရန့်ဒဏ်ရာမှ သွေးများပိုမိုစီးထွက်လာခဲ့ပြီး အသစ်လဲလှယ်ထားသော ပတ်တီးစများမှာလည်း ထပ်မံနီရဲလာခဲ့ပြန်သည်။

ဟယ်ဝေတုန်သည် အခြားသူများကို ခံစစ်အနေအထားဖြင့် တောင့်ခံထားရန်သာ အမိန့်ပေးလိုက်ပြီး သူကိုယ်တိုင်မူ ဆေးတပ်သားကိုခေါ်ကာ ချင်ရန်၏ ပတ်တီးများကို လဲလှယ်ပေးစေခဲ့သည်။ ထို့နောက် ချင်ရန်အား တိုက်ပွဲတွင် ဆက်လက်မပါဝင်ဘဲ အနားယူရန်ထပ်မံတိုက်တွန်းမိ၏။

သို့သော် ချင်ရန်ကမူ ပြတ်ပြတ်သားသားပင် ငြင်းဆန်ခဲ့သည်။အခြားတစ်ဖက်တွင် သေနတ်ပစ်စွမ်းရည် အလွန်ထက်မြက်ပြီး ခွေးရူးကဲ့သို့ ရူးသွပ်ရဲတင်းနေသော ရန်သူနှင့် ရင်ဆိုင်နေရသဖြင့် ချင်ရန်သည် သူ့ကို အပြတ်ရှင်းပစ်ရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့သော်လည်း အမြဲတမ်း အနည်းငယ်မျှသာ လိုအပ်ချက်ရှိနေခဲ့သည်။

ဤအချက်ကြောင့်ပင် ချင်ရန်သည် ထိုခွေးရူး၏အင်အားနှင့် ပတ်သက်၍ စိတ်ထဲမှ ပိုမိုအကဲဖြတ်အမှတ်ပေးလိုက်မိလေတော့သည်။

All Chapters