← Chapters

အခန်း ၂၁၁

Vol. 22 Ch. 211

အခန်း ၂၁၁

Vol. 22 Ch. 211

211

သို့သော်လည်း တိုက်ပွဲကြာလာလေလေ နှစ်ဦးနှစ်ဖက်စလုံး ထိပ်တိုက်ရင်ဆိုင်ရာတွင် ပိုမိုသတိကြီးစွာ ထားလာကြလေလေဖြစ်၏။ ခွေးရူးသည် ဝိုင်းရံပိတ်ဆို့မှုကို ဖောက်ထွက်ပြီး ချင်ရန်၊ ဟယ်ဝေတုန်နှင့် အခြားသူများကို တစ်ယောက်ပြီးတစ်ယောက် အပြတ်ရှင်းပစ်ရန် နည်းလမ်းမျိုးစုံ သုံးကြည့်ခဲ့သည်။

သို့သော်လည်း သူ လုံးဝမစွမ်းဆောင်နိုင်ပါလားဆိုသည်ကိုသာ သိမြင်လာခဲ့ရသည်။ ခွေးရူး၏နဖူးပြင်ထက်မှ ချွေးစေးများ တစိမ့်စိမ့် စီးကျလာတော့၏။ ထိုအခိုက်အတန့်တွင် သူသည် သေရေးရှင်ရေးတမျှ စိုးရိမ်ရသော အန္တရာယ်အကျပ်အတည်းကို ခံစားလိုက်ရသည်။ မျက်နှာချင်းဆိုင်ရှိ ထိုလူသည် သူ့အရာအားလုံးကို ကြိုတင်သိမြင်နေသည့်အလားဖြစ်ပြီး သူ ဘာပဲလုပ်လုပ် တစ်ဖက်လူတွင် ပြီးပြည့်စုံသောတုံ့ပြန်ကိုင်တွယ်မှုများရှိနေခဲ့သည်။

"ကျောက်ဟွိုင်ရှန့်ကိုလည်း ရှာမတွေ့သေးဘူး၊ အခုထိလည်း ဒီလူတွေနဲ့ပဲလုံးလည်ချာလည်လိုက်နေရတယ်၊ ဒီအတိုင်းသာဆက်သွားရင် တရုတ်ဘက်က လူအင်အားတွေ ထပ်မံစေလွှတ်လာမှာ သေချာတယ်၊ အဲဒီကျရင် ငါတို့ဘယ်လိုမှ ပြန်ခုခံနိုင်မှာ မဟုတ်တော့ဘူး”

ခွေးရူးမျက်ဝန်းများတွင် အဆုံးစွန်သော ရူးသွပ်မှုများ တဖြည်းဖြည်းပြည့်နှက်လာခဲ့သည်။

"ဒါဆိုရင်လည်း အားလုံးတူတူသေကြတာပေါ့ကွာ၊ သေစမ်း အားလုံးသေလိုက်ကြတော့”

ခွေးရူးသည် အောက်ထပ်ဟိုတယ်လော်ဘီ ဧည့်ခန်းမဆောင်အတွင်း ဓားစာခံများကို စောင့်ကြပ်နေသည့်လူနှစ်ဦးအား အကြောင်းကြားရန် စကားပြောစက်ဝေါ်ကီတော်ကီကို ကောက်ကိုင်လိုက်သည်။ သို့သော်လည်း ရလဒ်အနေဖြင့် ပိုစိတ်ပျက်အားငယ်စရာကောင်းသော အခြေအနေနှင့်သာ ရင်ဆိုင်လိုက်ရသည်။

သူသည် ဟိုတယ်လော်ဘီရှိစောင့်ကြပ်နေသူနှစ်ဦးထံသို့ လုံးဝဆက်သွယ်၍မရတော့ပေ။ ဤအချက်ကိုကြည့်ခြင်းအားဖြင့် အခြေအနေတစ်ခုလုံးသည် သူတို့ထိန်းချုပ်နိုင်စွမ်းမှ လုံးဝလွတ်ထွက်သွားပြီဖြစ်ကြောင်း ပြသနေသည်။ အကြောင်းမှာ ဟယ်ဝေတုန်သည် ဟိုတယ်အတွင်းသို့ မဝင်ရောက်မီကတည်းက အနောက်တောင်စခန်းရှိ အထက်လူကြီးများထံသို့ အခြေအနေကို တင်ပြကာ လူအင်အားထပ်မံစေလွှတ်ပေးရန် တောင်းဆိုခဲ့ပြီးဖြစ်သောကြောင့်ပင် ဖြစ်သည်။

လူအမြောက်အမြားကို ချင်ရန်က အပြတ်ရှင်းပစ်ခဲ့ပြီးဖြစ်သဖြင့် K2 အဖွဲ့အစည်းတွင် လူအင်အား လုံးဝပြတ်လပ်နေခဲ့ပြီဖြစ်သည်။ အနောက်တောင်စခန်း၏အထက်လူကြီးများကလည်း အထူးတပ်ဖွဲ့ နှစ်ဖွဲ့ကို ချက်ချင်းစေလွှတ်လိုက်ပြီး သူတို့ဝင်ရောက်လာသည်နှင့် အောက်ထပ်ဟိုတယ်လော်ဘီတွင် စောင့်ကြပ်နေသူနှစ်ဦးကို လျှပ်တပြတ်အတွင်း အသေပစ်ခတ်နှိမ်နင်းနိုင်ခဲ့ကြသည်။

ထို့နောက်တွင်မူ ဓားစာခံများကို တစ်ဦးပြီးတစ်ဦး ဘေးကင်းရာသို့ခေါ်ဆောင်ထုတ်နိုင်ခဲ့ကြသည်။ ယခုအချိန်၌ ထိုလူများသည် ဓားစာခံများကို ရွှေ့ပြောင်းပေးနေကြဆဲဟု ခန့်မှန်းရ၏။ ချင်ရန်နှင့် ဟယ်ဝေတုန်တို့၏တာဝန်မှာ ခွေးရူး၏လူစုအား တစ်ဖက်တွင်ဆွဲထားပြီး သူတို့အနေဖြင့် အစိုးရမှဆောင်ရွက်မည့် မည်သည့်အရာကိုမျှရိပ်မိမသွားစေရန် တားဆီးထားဖို့ပင်ဖြစ်သည်။

သို့သော်လည်း ခွေးရူးသည် မိုက်မဲသူမဟုတ်ရာ ဤအခြေအနေကိုကြိုတင်တွက်ဆထားပြီးသားဖြစ်၏။ အကယ်၍ စောင့်ကြပ်နေသူများနှင့် ဆက်သွယ်၍မရတော့ပါက သူတို့ အသတ်ခံလိုက်ရပြီဖြစ်ဖို့ များလှသည်။ ခွေးရူးသည် ရုတ်တရက် တိတ်ဆိတ်သွားခဲ့ပြီးနောက် သက်ပြင်းတစ်ချက်ချလိုက်၏။

“ဒီတစ်ကြိမ်တော့ ငါ တကယ်ပဲရှုံးနိမ့်တော့မှာလား၊ ပထမဆုံးအကြိမ်အဖြစ် စစ်ဆင်ရေးတာဝန်က မအောင်မြင်ခဲ့တဲ့အပြင် အခုတော့ ငါတို့ပါထွက်ပြေးဖို့ ဖိအားပေးခံနေရပြီ”

ခွေးရူးသည် ယခုအခြေအနေကို ပြောင်းပြန်လှန်ပစ်ရန် မည်သည့်အခွင့်အရေးမျှမရှိတော့ကြောင်း သိလိုက်၏။ သို့ဖြစ်ရာ မိမိတို့ဘက်မှ အကျအဆုံးကို အနည်းဆုံးဖြစ်အောင် လျှော့ချပြီး ဤနေရာမှ ဆုတ်ခွာထွက်ပြေးရန်သာ ရှိတော့သည်။

သူ့ကိုယ်ပိုင်တိုက်ခိုက်ရေးစွမ်းရည်မှာ K2 အဖွဲ့အစည်းအတွင်း ထိပ်တန်းအဆင့်ရှိပြီး K2 တိုက်ခိုက်ရေးသမားများ၏နည်းပြတစ်ဦးအနေဖြင့် အထူးတပ်ဖွဲ့ဝင်များနှင့် ရင်ပေါင်တန်းနိုင်သူလည်းဖြစ်သည်။ သူသည် တိုက်ခိုက်ရေးသမား မြောက်မြားစွာကို မွေးထုတ်ပေးခဲ့သူဖြစ်ရာ ဤနေရာတွင် မည်သို့မျှအရှုံးမခံနိုင်ပေ။ သို့မဟုတ်ပါက ရလဒ်အနေဖြင့် ဆုံးရှုံးမှုများက အလွန်အမင်းကြီးမားလှပေလိမ့်မည်။

"သွားကြမယ်၊ အခု ငါတို့ရဲ့တစ်ခုတည်းသောရည်ရွယ်ချက်က ဒီနေရာကနေ လွတ်မြောက်ဖို့ပဲ”

"စစ်ဆင်ရေးတာဝန် ကျရှုံးသွားပြီ”

ခွေးရူးက ကျန်ရှိနေသောနောက်ဆုံးအဖွဲ့ဝင်ငါးဦးကို အေးစက်စွာပြောလိုက်သည်။ ကျန်ရှိသော အဖွဲ့ဝင်ငါးဦးစလုံး၏ မျက်နှာထက်တွင်လည်း အမျိုးမျိုးသော အမူအရာများ ဖြစ်ပေါ်နေကြ၏။ သူတို့သည် စစ်ဆင်ရေးတာဝန်ပေါင်းတစ်ဆယ်ကျော်ကို ထမ်းဆောင်ဖူးပြီး တစ်ကြိမ်ချင်းစီတိုင်းကို ပြီးပြည့်စုံစွာ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ကြသူများဖြစ်သည်။

သို့သော် ယခုတစ်ကြိမ်တွင်မူ အကျအရှုံး အလွန်ဆိုးရွားလှသည့်အပြင် စစ်ဆင်ရေးလည်း မအောင်မြင်ဘဲ ထွက်ပြေးတိမ်းရှောင်ရန်ပါ ဖိအားပေးခံနေရပြီ ဖြစ်သည်။ ဤအရာအားလုံးသည် ထိုလူတစ်ယောက်ကြောင့်သာ ဖြစ်၏။ ခွေးရူးစိတ်ထဲတွင် အမုန်းတရားများဖြင့်သာ ပြည့်နှက်နေတော့သည်။

ထိုသူ့ကြောင့် K2 အဖွဲ့ဝင် တစ်ဆယ့်ငါးဦးအသက်ကို ဆုံးရှုံးခဲ့ရခြင်းဖြစ်ပြီး သူတို့၏ အင်အားကို ကြီးမားစွာ လျော့ပါးထိခိုက်သွားစေခဲ့သည်။ သူသည် ချင်ရန်အား လျှော့တွက်မိခဲ့ခြင်းဖြစ်၏။ ချင်ရန်ကို သာမန်တပ်ဖွဲ့ဝင်တစ်ဦးမျှသာဟု ထင်မှတ်ခဲ့သော်လည်း သူအထင်သေးခဲ့သည့် ထိုသူတစ်ဦးတည်းနှင့်ပင် K2 အဖွဲ့ဝင် တစ်ဆယ့်ငါးဦးကို အလဲသိပ်နိုင်လိမ့်မည်ဟု လုံးဝမျှော်လင့်မထားခဲ့ပေ။ ခွေးရူးဖြစ်သည့် သူ့ခန့်မှန်းချက်မှာ လုံးဝကို လွဲချော်သွားခဲ့ပြီ။

ဤကဲ့သို့သော စွမ်းဆောင်မှုကို ခွေးရူးကိုယ်တိုင်ပင်လျှင် မစွမ်းဆောင်နိုင်ချေ။ အခြားတစ်ဖက်တွင်မူ ချင်ရန်နှင့် ဟယ်ဝေတုန်တို့သည် ခွေးရူးဘက်မှတုံ့ပြန်မှုများ ရပ်တန့်သွားသည်ကို သတိပြုမိလိုက်ကြ၏။ သူတို့ အချင်းချင်းတစ်ချက် လှမ်းကြည့်လိုက်ကြရာ သူတို့သူငယ်အိမ်များ တစ်ပြိုင်နက်တည်းကျုံ့ဝင်သွားခဲ့သည်။ သူတို့သည်လည်း ဤအခါမှသာ ခွေးရူး၏ရည်ရွယ်ချက်ကို ရိပ်မိလိုက်ကြပြီ ဖြစ်၏။ သူသည် ဆက်လက်ခုခံရန် ရွေးချယ်တော့မည်မဟုတ်ဘဲ ဆုတ်ခွာပြီး ထွက်ပြေးရန်ပြင်ဆင်နေခြင်းဖြစ်ဖို့ များလှသည်။

ဤ K2 အဖွဲ့ဝင်များလက်ထဲတွင် အပြစ်မဲ့သူ မြောက်မြားစွာ၏သွေးများ စွန်းထင်နေခဲ့ပြီ ဖြစ်သည်။ ယခု ဟိုတယ်ပြန်ပေးဆွဲမှုအတွင်း၌လည်း အသက်အရွယ်မရွေး၊ ကျားမ မရွေး လူပေါင်းရာချီကို သတ်ဖြတ်ခဲ့ကြသေးသည်။ အကယ်၍ သူတို့ကိုသာ လွှတ်ပေးလိုက်မည်ဆိုပါက ဘယ်လောက်တောင် အရှက်ရစရာကောင်းလိုက်မည်နည်း။ ချင်ရန်သည် ချက်ချင်း မတ်တပ်ထရပ်လိုက်ပြီး လေးနက်သောလေသံဖြင့် ပြောလိုက်သည်။

"အဖွဲ့ခေါင်းဆောင်ဟယ် ဒီလူတွေက ထွက်ပြေးဖို့ ကြိုးစားနေကြပြီ၊ သူတို့လမ်းကြောင်းကို သွားပြီးဖြတ်တောက်ကြရအောင်"

ချင်ရန်၏အာရုံခံစနစ်အရ ခွေးရူးနှင့် အခြားလူငါးဦးသည် အမှန်တကယ်ပင် တဖြည်းဖြည်းဆုတ်ခွာနေကြပြီဖြစ်ကြောင်း သိရှိလိုက်သည်။ သို့သော်လည်း ထိုသူတို့လုံးဝမသိရှိထားသည်မှာ သူတို့၏လှုပ်ရှားမှုမှန်သမျှကို ချင်ရန်က အမြဲမပြတ်စောင့်ကြည့်နေခြင်းပင်ဖြစ်၏။ ချင်ရန်သည် သူတို့သွားမည့်လမ်းကြောင်းနှင့် မည်သည့်လမ်းဆုံလမ်းခွသို့ ရောက်ရှိနေသည်ကိုပါ အတိအကျ သိရှိနေသည်။

ကျန်ရှိနေသည့် K2 အဖွဲ့ဝင်ခြောက်ဦးစလုံး ဘေးကင်းစွာ ဆုတ်ခွာနိုင်ရေးအတွက် ခွေးရူးသည် သူတို့ကိုနှစ်ယောက်တစ်တွဲစီ ခွဲထုတ်လိုက်ပြီး လမ်းကြောင်းသုံးခုခွဲကာ စတင်ဆုတ်ခွာစေခဲ့သည်။ ဟယ်ဝေတုန်နှင့် သူ့အဖွဲ့သည် မူလက သတ်မှတ်ထားသော လမ်းဆုံတစ်ခုတွင် ပိတ်ဆို့ဖမ်းဆီးရန် စီစဉ်ထားသော်လည်း၊ ချင်ရန်က ခွေးရူး၏ရည်ရွယ်ချက်ကို ရိပ်မိသွားပြီးနောက် ချက်ချင်းပင် အကြံပြုချက်တစ်ခု ပေးလိုက်သည်။

“ကျွန်တော်တို့လည်း လူစုခွဲလိုက်တာ ပိုကောင်းလိမ့်မယ် ထင်တယ်၊ ခေါင်းဆောင် ဟယ် တစ်ဖက်လူတွေက သီးခြားစီခွဲပြီး လှုပ်ရှားနေကြပြီ၊ အကယ်၍ ကျွန်တော်တို့က အဖွဲ့တစ်ဖွဲ့တည်းနောက်ကိုပဲလိုက်မယ်ဆိုရင် ကျန်တဲ့လူတွေ လွတ်သွားလိမ့်မယ်"

မူလက ဟယ်ဝေတုန်သည် တစ်ဖက်လူက ထိုသို့လုပ်လိမ့်မည်မဟုတ်ဟုထင်မှတ်ထားခဲ့၏။ သို့သော်လည်း ချင်ရန်၏ပြတ်သားလှသော အကြံပြုချက်ကို ကြားလိုက်ရပြီးနောက် အကယ်၍ ချင်ရန်သာမရှိခဲ့ပါက မိမိ၏ဝံပုလွေစွယ်အဖွဲ့မှာ မကြာခင်အတွင်း အပြတ်ရှင်းခံရမည်ဖြစ်ကြောင်းကို သဘောပေါက်သွားခဲ့သည်။ ထို့ကြောင့် အမြော်အမြင်ရှိလှသည့် ချင်ရန်၏စကားကို နားထောင်ကာ အဖွဲ့သုံးဖွဲ့ခွဲရန် ဟယ်ဝေတုန် ဆုံးဖြတ်လိုက်တော့သည်။

ထို့အပြင် သူတို့သည် ခွေးရူးနှင့်သူ့အဖွဲ့ ထွက်ပြေးနိုင်မည့် လမ်းကြောင်းတိုင်းကို ကြိုတင်ပိတ်ဆို့ ဖြတ်တောက်လိုက်ကြ၏။ ချင်ရန့်စိတ်ကူးထဲတွင် ခွေးရူး ဆုတ်ခွာသွားသည့် လမ်းကြောင်းက အတိုင်းသားထင်ဟပ်နေပြီး သူ့နှုတ်ခမ်းဖျားတွင်လည်း အပြုံးတစ်ခုပေါ်ပေါက်လာခဲ့သည်။ သူသည် အထူးတပ်ဖွဲ့ဝင်တစ်ဦးကိုခေါ်ဆောင်ကာ ခွေးရူးရှိရာဆီသို့ တည့်တည့်မတ်မတ်လိုက်လံရှာဖွေတော့သည်။

ချင်ရန်သည် ဤ SS အဆင့် ရာဇဝတ်ကောင်ကြီးကို သေချာပေါက် လွတ်မြောက်ခွင့်ပေးမည်မဟုတ်ပေ။ ခွေးရူးနှင့် အခြား K2 အဖွဲ့ဝင်တစ်ဦးတို့သည် ပတ်ဝန်းကျင်ကို အကဲခတ်ရင်း ဆုတ်ခွာနေကြရာ သူတို့လှုပ်ရှားမှုမှာ အလွန်တိတ်ဆိတ်လှသဖြင့် တရုတ်ရဲများ တားဆီးလာနိုင်ခြေမရှိဟု ထင်မှတ်နေခဲ့ကြသည်။

သို့သော်လည်း ခွေးရူးနှင့် အခြားတစ်ဦး လမ်းဆုံတစ်ခုသို့ ရောက်ရှိလာသည့်အခိုက် ကျည်ဆန်များသည် မိုးပမာတဖွဲဖွဲ ရွာချလာလေတော့၏။ ထိုခဏချင်း၌ပင် ခွေးရူးဘေးရှိ K2 အဖွဲ့ဝင်မှာ ရင်ဘတ်ကိုကျည်ဆန်တည့်တည့်မှန်ကာ ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။

ခွေးရူးမျက်လုံးသူငယ်အိမ်များမှာ ဒေါသကြောင့် ချက်ချင်းပြူးကျယ်သွား၏။ သူရွေးချယ်ခဲ့သော လမ်းကြောင်းသည် အလွန်တရာလျှို့ဝှက်ကာ တရုတ်ဘက်က ရဲတပ်ဖွဲ့ဝင်များသည် အဘယ်ကြောင့် သူ့လမ်းကြောင်းကို အတိအကျသိနေရပါသနည်း။

တရုတ်နိုင်ငံက သူတို့အပေါ်တွင်ခြေရာခံစနစ်များတပ်ဆင်ထားခဲ့လေသလားဟုပင် တွေးတောမိနေ၏။ ခွေးရူးသည် လမ်းကြောင်းကို မရွေးချယ်မီကပင် လမ်းတစ်လျှောက်ရှိစောင့်ကြည့်ရေးကင်မရာအားလုံး ပျက်စီးသွားခြင်းရှိမရှိကို အကြိမ်ကြိမ် သေချာစစ်ဆေးခဲ့ဖူးသည်။

ထို့ကြောင့် သူတို့လမ်းကြောင်းကို မည်သူမျှ မြင်တွေ့နိုင်လောက်မည် မဟုတ်ချေ။

သို့သော် ယခုအချိန်တွင်မူ ထိုအကြောင်းရင်းများကို တွေးတောနေရန် အချိန်မရှိတော့ပါ။ သူ အသေအချာသိထားသည်မှာ တစ်စုံတစ်ဦးသည် မိမိတို့နောက်သို့မျက်ခြေမပြတ်စတမ်း လိုက်လံနေခြင်း ဖြစ်သည်ဟူသောအချက်သာ ဖြစ်၏။

သူသည် လက်ထဲရှိကာဘိုင်စက်သေနတ်ကို ကြည့်လိုက်ပြီး ကျည်အိမ်ကို ဆွဲထုတ်ကြည့်ရာ သေနတ်အတွင်း၌ ကျည်ဆန် ဆယ်တောင့်ပင် မပြည့်တော့သည်ကို တွေ့လိုက်ရသည်။ ထိုအခါ ခွေးရူး၏အကြည့်များ လေးနက်သွားပြီး စိတ်ထဲမှလည်း အပြင်းအထန်တွေးတောလိုက်၏။ တစ်ဖက်မှ လူဦးရေမှာ အလွန်အမင်းများပြားလှသည်တော့ မဖြစ်နိုင်ချေ။ သို့မဟုတ်ပါက သေနတ်သံများသည် ယခုထက်မက ပိုမိုပြင်းထန်နေပေလိမ့်မည်။

"တရုတ်က ဒီအမှိုက်ကောင်တွေကိုပြန်ချရမယ်”

ခွေးရူးသည် ထောင့်ချိုးတစ်ခုတွင် အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့သည်။ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေသော်လည်း တရုတ်ဘက်က လူများသည် သူ့ထံသို့ တဖြည်းဖြည်းတိုးကပ်လာနေကြောင်းကို သူ ရိပ်မိနေ၏။

ထိုအခိုက်အတန့်တွင် ခွေးရူးသည် လက်ထဲမှ ကာဘိုင်စက်သေနတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျက် အပြင်ဘက်သို့ လိမ့်ထွက်ကာ တရစပ်ပစ်ခတ်လိုက်လေတော့သည်။ သို့သော်လည်း သူ့အား လိုက်လံဖမ်းဆီးနေသူမှာ ချင်ရန်ဖြစ်နေခဲ့သည်။ ခွေးရူး၏လှုပ်ရှားမှုက အလွန်အမင်းမြန်ဆန်လှသော်လည်း ချင်ရန်က ထိုလှုပ်ရှားမှုကို ကြိုတင်အာရုံခံမိနေပြီဖြစ်သည်။

ချင်ရန်သည် သူ့ဘေးရှိအထူးတပ်ဖွဲ့ဝင်ကို ချက်ချင်းဘေးသို့တွန်းထုတ်လိုက်ပြီး နံရံကို အမှီပြုကာ ပုန်းကွယ်လိုက်သဖြင့် ခွေးရူးပစ်ခတ်လိုက်သော ကျည်ဆန်အားလုံးလွဲချော်သွားခဲ့ရ၏။ ခွေးရူးသည် သေနတ်မောင်းခလုတ်ကို ဆက်တိုက်ဆွဲနေသော်လည်း မည်သည့်ကျည်ဆန်မျှ ထွက်ပေါ်မလာတော့ပဲ ကျည်ဆန်ကုန်သွားပြီဖြစ်သည်။

ထိုအချိန်တွင်မှ ခွေးရူးသည် သူ့နောက်သို့ လိုက်လံဖမ်းဆီးသူများကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရတော့သည်။ တစ်ဦးမှာ တရုတ်အထူးတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အခြားတစ်ဦးမှာမူ သာမန်အရပ်ဝတ်လဲ လှယ်ထားသော်လည်း အဝတ်အစားများတွင် သွေးကွက်များဖြင့် နီရဲနေသော ချင်ရန်ပင်ဖြစ်လေတော့သည်။

All Chapters