အခန်း ၂၁၂
Vol. 22 Ch. 212
212
"မင်း မင်းပဲ”
ခွေးရူးမျက်လုံးအိမ်များမှာ ထိတ်လန့်တုန်လှုပ်မှုကြောင့် ကျယ်ပြန့်သွားခဲ့ရသည်။ ချင်ရန်သည် သူ၏အဆိုးရွားဆုံး ညအိမ်မက်တစ်ခု ဖြစ်လာခဲ့ပြီဟု သူ ခံစားလိုက်ရ၏။ မိမိ၏အဖွဲ့အင်အားထက်ဝက်ကျော်ကို သတ်ဖြတ်ခဲ့ရုံသာမက၊ ယခုအခါတွင်လည်း မိမိအား ဖမ်းဆီးရန် ကိုယ်တိုင်ကိုယ်ကျရောက်ရှိလာခဲ့ပြီပင်။
ယခုအခါတွင် မိမိသေနတ်ထဲတွင် ကျည်ဆန်များ ကုန်ဆုံးသွားခဲ့ပြီဖြစ်ရာ သူ ဘာများဆက်လုပ်နိုင်ပါဦးမည်နည်း။ ထိုခဏ၌ပင် ခွေးရူးပစ်ခတ်လိုက်သော ကျည်ဆန်များ လွဲချော်သွားသည့်အခါ၌ ချင်ရန့်တုံ့ပြန်မှုမှာ အလွန်အမင်း လျင်မြန်သွား၏။
ချင်ရန်သည် သေနတ်ပြောင်းဝကို ခွေးရူးထံသို့ ချက်ချင်းချိန်ရွယ်လိုက်ရာ ခွေးရူးသည် ရှောင်ရှားရန်အတွက် လိမ့်ထွက်ရန် ကြိုးပမ်းခဲ့သော်လည်း ချင်ရန်သည် ထက်ရှလှသော လက်ဖြောင့်သေနတ်သမားတစ်ဦး ဖြစ်ကြောင်းကိုမူ သူ မသိရှိထားပေ။
*ဒိုင်း၊ ဒိုင်း၊ ဒိုင်း၊ ဒိုင်း*
ပစ်မှတ်အား အလိုအလျောက်ချိန်သည့်စနစ် တပ်ဆင်ထားသည့်အလား ကျည်ဆန်လေးတောင့်သည် တရစပ် ထွက်ပေါ်သွားခဲ့ပြီး ခွေးရူး၏လက်ကောက်ဝတ်နှစ်ဖက်နှင့် ဒူးခေါင်းနှစ်ဖက်စလုံးကို အတိအကျထိုးဖောက်သွားခဲ့သည်။ တစ်ချိန်က မောက်မာရမ်းကားလှသော ခွေးရူးတစ်ယောက်သည် ချက်ချင်းပင် မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားခဲ့ရပြီး မည်သို့မျှ ပြန်လည်ခုခံနိုင်စွမ်း မရှိတော့ချေ။
လက်ထဲတွင် အပြစ်မဲ့ပြည်သူပေါင်းများစွာ၏အသက်သွေးများ စွန်းထင်နေခဲ့သော ဤ SS အဆင့် ရာဇဝတ်ကောင်ကြီးကို ချင်ရန်က အရှင်လတ်လတ်ဖမ်းဆီးနိုင်ခဲ့ပြီဖြစ်သည်။ စစ်ဆင်ရေးတာဝန်လည်း အောင်မြင်စွာဖြင့်ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
"ဟူး"
ချင်ရန်သည် အသက်ကိုပြင်းထန်စွာရှူသွင်းနေရပြီး ခေါင်းထဲတွင် မူးဝေရီဝေမှု ဝေဒနာများကို ခံစားလိုက်ရ၏။ မိမိကိုယ်အောက်သို့ ငုံ့ကြည့်လိုက်သည့်အခါတွင် သူ့ခန္ဓာကိုယ်မှ သွေးများ တရစပ် စီးကျနေသည်ကို တွေ့လိုက်ရသည်။
ချင်ရန်နှင့်အတူ ဝံပုလွေစွယ်အဖွဲ့မှ ဆေးတပ်သားလည်းရှိနေခဲ့ပြီး ခွေးရူးအား အောင်မြင်စွာဖြင့် ဖမ်းဆီးနှိမ်နင်းနိုင်ခဲ့သည်ကို မြင်လိုက်ရသည့်အခါမှသာ သူ လည်း သက်ပြင်းချနိုင်တော့သည်။
သို့သော် ချင်ရန်၏အခြေအနေမှာ မဟန်တော့သည်ကို သတိပြုမိလိုက်သဖြင့် ချင်ရန်ထံသို့ အပြေးအလွှားဖြင့် စစ်ဆေးပေးခဲ့သည်။ ချင်ရန်၏နှုတ်ခမ်းလွှာများမှာ စက္ကူကဲ့သို့ဖြူလျော်နေခဲ့ပြီး သူ့အတိစိတ်များမှာလည်း တဖြည်းဖြည်း ဝေဝါးလာခဲ့ပြီဖြစ်သည်။
"ရဲဘော် ရဲဘော် သတိထားပါဦး”
ဆေးတပ်သားများသည် ချင်ရန်အား အရေးပေါ် ဆေးကုသမှုများကို အလောတကြီး ပြုလုပ်ပေးကြသော်လည်း ချင်ရန်သည် မြေပြင်ပေါ်သို့ လဲကျသွားခဲ့ပြီဖြစ်သည်။ ထိုအခါ သူ့အကြည့်များက မြေပြင်ပေါ်တွင် ဝပ်စင်းနေလျက် အံကြိတ်ကာ နာကျည်းမုန်းတီးမှုများဖြင့် ကြည့်ရှုနေသော ခွေးရူး၏အကြည့်များနှင့် ဆုံစည်းသွားခဲ့သည်။
ချင်ရန်က အသာပြုံးလိုက်ပြီး ခွေးရူးအား အလွန်အမင်း အထင်အမြင်သေးလှသော အကြည့်တစ်ချက် ပေးလိုက်သည်။ နောက်တစ်ခဏ၌မူ ချင်ရန်၏သတိစိတ်များ လုံးဝပျောက်ကွယ်ကာ မေ့မြောသွားခဲ့တော့သည်။
အခြားတစ်ဖက်တွင်မူ ဟိုတယ်ဧည့်ခန်းမဆောင်အတွင်း၌ ပိတ်မိနေခဲ့သော ဓားစာခံ အယောက်နှစ်ရာခန့်စလုံးကို ဘေးကင်းစွာ ကယ်တင်နိုင်ခဲ့ပြီဖြစ်ရာကျန်းရှောင်ရှောင်သည်လည်း ထိုလူများထဲတွင် ပါဝင်နေခဲ့သည်။
ကျန်းရှောင်ရှောင်သည် ထိတ်လန့်ကာ ကြောက်ရွံ့မှု ခံစားနေရဆဲဖြစ်ပြီး ဟိုတယ်အတွင်းအပြင်၌ သွားလာနေကြသောလူများကို မပြတ်တမ်းကြည့်ရှုနေမိသည်။
သေဆုံးသွားခဲ့သော ရုပ်အလောင်း မြောက်မြားစွာကို အပြင်သို့ထမ်းထုတ်လာကြသည်ကို တွေ့ရပြီး ထိုအထဲတွင် သာမန်အရပ်သားများနှင့် သေနတ်ကိုင်ဆောင်ထားသူအချို့လည်း ပါဝင်နေသည်။
‘ချင်ရန် ဘယ်ရောက်နေတာလဲ သူ တစ်ခုခုများဖြစ်နေတာလား မသိဘူး’
ကျန်းရှောင်ရှောင် စိတ်ထဲမှမနေနိုင်ဘဲ တွေးတေကာပူပန်နေမိသည်။ သူမသည် အကြမ်းဖက်အဖွဲ့ဝင်များထံမှ အဖမ်းဆီးခံရစဉ်က ချင်ရန်သည် သူမအားလာရောက်ကယ်တင်လိမ့်မည်ဟု ထင်မှတ်ခဲ့သော်လည်း နောက်ဆုံးရောက်ရှိလာသူမှာ ချင်ရန်မဟုတ်ပဲ တရုတ်အစိုးရဘက်မှ စေလွှတ်လိုက်သော အထူးတပ်ဖွဲ့နှစ်ဖွဲ့ ဖြစ်နေခဲ့သည်။
အကယ်၍ ချင်ရန်သာ K2 အဖွဲ့အစည်းမှ အဖွဲ့ဝင်အများစုကို တစ်ဖက်တွင် အပိုင်ဆွဲထားခြင်း မရှိခဲ့ပါက ထိုအထူးတပ်ဖွဲ့ဝင်များအနေဖြင့် ဓားစာခံများကို ဤမျှလောက်လွယ်ကူချောမွေ့စွာ ကယ်ထုတ်နိုင်လိမ့်မည်မဟုတ်ကြောင်းကိုမူ ကျန်းရှောင်ရှောင်တစ်ယောက် လုံးဝမသိရှိခဲ့ချေ။
ရုပ်အလောင်းများကို တစ်ခုပြီးတစ်ခု သယ်ထုတ်လာကြစဉ် မြေပြင်တွင် သေဆုံးသွားကြသော လူများ၏သွေးများဖြင့် စွန်းထင်းနေကြသည့်အခြေအနေမှာ အလွန်အမင်း ထိတ်လန့်ဖွယ်ကောင်းလှသည်။
အသက်ဘေးမှ သီသီလေးလွတ်မြောက်လာခဲ့ကြသော ဓားစာခံများသည်လည်း မြေပြင်ပေါ်တွင် ဒူးထောက်ကာ အသည်းအသန် ငိုကြွေးနေကြသည်။ သေနတ်ပြောင်းဝအောက်တွင် ပိတ်မိနေခဲ့ရသောအချိန်သည် သူတို့အတွက် အလွန်အမင်းပင် ထိတ်လန့်ကာ ကြောက်မက်ဖွယ်ကောင်းလှသည်။
ယခုကဲ့သို့ သက်ဆိုင်ရာမှ လာရောက်ကယ်တင်ခြင်းခံလိုက်ရသည့် ခံစားချက်မှာ ဘဝသစ်တစ်ခုပြန်လည်ရရှိလိုက်သကဲ့သို့ ခံစားလိုက်ရပြီး ၎င်းမှာ သာမန်လူများမခံစားဖူးသော ခံစားချက်မျိုးပင် ဖြစ်သည်။
ထိုစဉ်မှာပဲ ဟိုတယ်အဝင်ဝဆီမှ ကျယ်လောင်သော အော်ဟစ်သံတစ်ခုက ရုတ်တရက်ကြီး ထွက်ပေါ်လာခဲ့သည်။
"ဆရာဝန် ဆရာဝန် မြန်မြန်လာပါဦး၊ ဒီမှာ အရေးပေါ် ဆေးကုသမှုခံယူဖို့ လိုအပ်နေတဲ့လူ ရှိတယ်၊ သူ့ကို အရင်ဆုံးကယ်တင်ရမယ်”
စစ်ဝတ်စုံဝတ်ဆင်ထားသော အထူးတပ်ဖွဲ့ဝင်အချို့သည် သွေးကွက်များဖြင့် နီရဲနေသောလူနာတင်သည့် ထမ်းစင်တစ်ခုကို သယ်ဆောင်လာကြသည်။ ကျန်းရှောင်ရှောင်အသံလာရာဘက်သို့ စပ်စပ်စုစုဖြင့် လှမ်းကြည့်လိုက်သည့်အခါ သူမသည် ချက်ချင်းပင်အံ့အားသင့် ထိတ်လန့်သွားခဲ့ရသည်။
လူနာတင်ထမ်းစင်ပေါ်တွင် လဲလျောင်းနေသူမှာ တခြားသူမဟုတ်ပဲ ချင်ရန်ဖြစ်နေသည်ပင်။ နောက်တစ်ခဏ၌ ချင်ရန်အားဆရာဝန်ရှိရာဆီသို့ အမြန်ဆုံး သယ်ဆောင်သွားခဲ့ကြပြီး အထူးတပ်ဖွဲ့ဝင်အချို့ကလည်း ဘေးမှနေ၍ စိုးရိမ်တကြီး စောင့်ကြည့်နေကြသည်။
ယခုဖြစ်ပွားခဲ့သောပြဿနာကို ဖြေရှင်းရာတွင် ချင်ရန်သည် အကြီးမားဆုံးသော အခန်းကဏ္ဌတွင်ပါဝင်ခဲ့ပြီး မည်သူမျှသူ့လောက် ပြောင်မြောက်စွာစွမ်းဆောင်နိုင်ခြင်းမရှိသည်ကို သူတို့အားလုံးသိရှိထားကြသည်။ အခြားအရာများကို ခဏဘေးဖယ်ထားဦးတော့ ဝံပုလွေစွယ်အဖွဲ့မှ ရဲဘော်များ၏အသက်ကိုပင် ချင်ရန်က ကယ်တင်ပေးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူတို့အားလုံးသည် ချင်ရန်အတွက် အလွန်အမင်းစိုးရိမ်ပူပန်နေကြခြင်းဖြစ်သည်။
"တော်သေးတာပေါ့ တော်သေးတယ်၊ သူ မသေသေးဘူး"
ကျန်းရှောင်ရှောင် သက်ပြင်းတစ်ချက်ချလိုက်ရင်း စိတ်ထဲမှတွေးနေမိသည်။ ထိုအခါသူမသည် ဆေးကုသမှုပြုလုပ်နေသည့်အနီးသို့ သွားရောက်ကြည့်ရှုလိုစိတ်များ တားမရဆီးမရပေါ်ပေါက်လာခဲ့သော်လည်း သွားရောက်ကြည့်ရှု့ခြင်းတော့မရှိခဲ့ပေ။
အကြောင်းမှာ ယခုလက်ရှိအခြေအနေသည် အနည်းငယ်အဆင်မပြေလှသဖြင့် ဆရာဝန်များသည် လူနာများကို လေဟာပြင်တွင်ပင် တိုက်ရိုက်ကုသပေးနေကြခြင်းဖြစ်ရာ ကျန်းရှောင်ရှောင်အနေဖြင့် အတိုင်းသားမြင်တွေ့နေရခြင်းကြောင့်ဖြစ်သည်။
ထို့နောက် ဆရာဝန်က ချင်ရန့်ခန္ဓာကိုယ်ပေါ်မှ ပတ်တီးစများကို ဖယ်ရှားလိုက်သည့်အခါ ကျန်းရှောင်ရှောင်တစ်ယောက် အံ့ဩမှင်သက်စွာဖြင့် ကြည့်ရှုနေမိတော့သည်။
‘ဘုရားသခင် သူ့ခန္ဓာကိုယ်ထဲမှာ ကျည်ဆန်တွေနဲ့ ဗုံးစတွေဘယ်လောက်တောင် များလိုက်သလဲ၊ ဒါတောင် သူက အခုထိ အသက်ရှူနေသေးတယ်ဆိုတော့ အံ့ဖွယ်ပဲ’
ဆရာဝန်သည် ချင်ရန့်ခန္ဓာကိုယ်၌ရရှိထားသော ဒဏ်ရာအရေအတွက်ကိုကြည့်ပြီး အတော့်ကို တုန်လှုပ်သွားခဲ့ရသည်။
သို့သော်လည်း တုန်လှုပ်နေသည့်စိတ်ကိုခဏဘေးဖယ်ထားပြီး နောက်တစ်ခဏ၌ ဆေးကုသမှုကို စတင်ခဲ့ကြသည်။ ဆရာဝန်သည် ကျွမ်းကျင်လှစွာဖြင့်
ချင်ရန့်ခန္ဓာကိုယ်အတွင်းမှ ကျည်ဆန်များနှင့် ဗုံးစများကို တစ်ခုပြီးတစ်ခု ဆွဲထုတ်ပေးခဲ့ကြသည်။
တစ်ချိန်တည်းမှာပင် ချင်ရန်သည် သွေးအလွန်အမင်းဆုံးရှုံးထားခဲ့သဖြင့် ဆရာဝန်များသည် သွေးအမျိုးအစား တူညီသူကို အလောတကြီးရှာဖွေကာ သွေးသွင်းပေးရန်အတွက် ပြင်ဆင်ကြတော့သည်။ ဘေးနားရှိ ကျန်းရှောင်ရှောင်မှမူ နှုတ်ခမ်းအစုံမှာ အနည်းငယ်ပွင့်ဟလျက်သားဖြစ်သွားခဲ့ရပြီး မျက်နှာတစ်ခုလုံး ထိတ်လန့်မှုများဖြင့်ပြည့်နှက်နေခဲ့သည်။
အကြောင်းမှာ ချင်ရန့်ခန္ဓာကိုယ်အတွင်း၌ ဗုံး အပိုင်းအစဆယ်ခုကျော်နှင့် ကျည်ဆန် ငါးတောင့်ထက်မကရှိနေခဲ့ခြင်းကို မြင်တွေ့လိုက်ရသောကြောင့်ဖြစ်သည်။ ဤအရာသည် တကယ်ကို ကြောက်မက်ဖွယ်ကောင်းလှ၏။
‘သူ ဘယ်လိုလုပ်ပြီး ဒီလောက်ထိတောင့်ခံထားနိုင်ရတာလဲ'
ဆေးကုသမှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်စဉ်မှာပင် ရုတ်တရက်ဆိုသလို မျက်ရည်ဝဲလျက်ဖြင့် လူတစ်ဦးကို စိုးရိမ်တကြီးရှာဖွေနေသော အမျိုးသမီးတစ်ဦး အပြေးအလွှားရောက်ရှိလာခဲ့သည်။ သူမမှာ အခြားသူမဟုတ်ဘဲ ရှကျဲ ပင်ဖြစ်သည်။
ချင်ရန် ထွက်ခွာသွားပြီးနောက် ရှကျဲသည် သန့်ရှင်းရေးအခန်းအတွင်း၌ ပုန်းအောင်းနေခဲ့သဖြင့် ဤတိုက်ခိုက်မှုဘေးမှလွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် သေနတ်သံများ ရပ်တန့်သွားသည့်အခါမှ အပြင်သို့ထွက်လာခဲ့ရာ မြေပြင်တစ်ခုလုံးတွင် ရုပ်အလောင်းများ ပြည့်နှက်နေသည်ကိုမြင်တွေ့ခဲ့ရပြီး သူမ အလွန်တရာထိတ်လန့်သွားခဲ့ရသည်။ သူမသည် ချင်ရန်လည်း ထိုရုပ်အလောင်းများထဲမှတစ်ခု ဖြစ်သွားခဲ့ပြီလားဟု ကြောက်ရွံ့စွာဖြင့် စိုးရိမ်ပူပန်နေခဲ့မိသည်။
သူမသည် ရူးသွားမတတ်ခံစားလိုက်ရပြီး အပြင်သို့ပြေးထွက်လာခဲ့ရာမှ ချင်ရန် အရေးပေါ် ဆေးကုသမှုခံယူနေရသည်ကို မြင်တွေ့လိုက်ရခြင်းဖြစ်သည်။
ထိုအခိုက်အတန့်တွင် ရှကျဲတစ်ယောက် ရှိုက်ကြီးတငင်ငိုကြွေးမိတော့သည်။ သူမ အလွန်အမင်း စိုးရိမ်ပူပန်နေမိသော်လည်း အနီးနားသို့အလွန်အကျွံတိုးကပ်မသွားခဲ့ပေ။ အကြောင်းမှာ ယခုအချိန်တွင် ဆရာဝန်၏ဆေးကုသမှုကို သူမအနေဖြင့် သွားရောက်မနှောင့်ယှက်သင့်ကြောင်း သိရှိထားသောကြောင့်ဖြစ်သည်။
"ချင်ရန် ရှင် ရှင်သေချာပေါက် ဘေးကင်းရမယ်နော်”
ရှကျဲသည် ဘာသာတိုင်း၏ဘုရားများကို စိတ်ထဲမှတိုင်တည်ကာ ချင်ရန်ဘေးကင်းလွတ်မြောက်ပါစေကြောင်း ဆုတောင်းမေတ္တာများ အထပ်ထပ် အဖန်ဖန်ပို့နေမိတော့သည်။
ပါရှားဒေသရှိ K2 အဖွဲ့အစည်း ဌာနချုပ်၌တွင်မူ K2 ၏အဆင့်မြင့်အရာရှိကြီးများ အားလုံးသည် အစည်းအဝေးခန်းမအလယ်ဗဟိုတွင် အစည်းအဝေးအား နောက်ထပ်တစ်ကြိမ် ပြန်လည် စုံညီစွာတက်ရောက်လာခဲ့ကြသည်။ သို့သော်လည်း ယခုအခါ ကျင်းပသော အစည်းအဝေးသည် အလွန်ကို တိတ်ဆိတ်ငြိမ်သက်နေပြီး ဖိနှိပ်ချုပ်ချယ်မှုအငွေ့အသက်များက လေထုအတွင်း ပျံ့လွင့်နေခဲ့သည်။
မှန်ပါသည်။ သူတို့အနေဖြင့် လျှိုဝှက်ကုတ်ရရှိရန်အတွက် ချစ်သူများကျွန်းသို့ မစ်ရှင်ထမ်းဆောင်ရန် သွားရောက်ခဲ့ကြသောတပ်ဖွဲ့ဝင်များနှင့် ဆက်သွယ်မှုလုံးဝ ပြတ်တောက်သွားခဲ့ပြီဖြစ်ရာခွေးရူးအပါအဝင် မည်သူ့ထံသို့မျှ ဆက်သွယ်၍ မရတော့ချေ။
ထို့အပြင် သူတို့၏ဌာနချုပ်သည် ခွေးရူးထံမှပေးပို့ရမည့် ကျောက်ဟွိုင်ရှန့်၏ လျှို့ဝှက်နံပါတ်ကိုလည်း လက်ခံရရှိခြင်း မရှိသေးချေ။ ဤအရာက ဘာကို သက်သေပြနေသနည်း။ စစ်ဆင်ရေးတာဝန်ကျရှုံးသွားခဲ့ရုံသာမက သူတို့တစ်ဖွဲ့လုံး အမြစ်ပြတ်သုတ်သင်ရှင်းလင်းခြင်းခံလိုက်ရပြီဆိုသည်ကို ပြသနေခြင်းပင်။
ဤရှုံးနိမ့်မှုသည် ယခင်တရုတ်နိုင်ငံ၌ လက်ခံကျင်းပခဲ့သော လူငယ်အားကစားပြိုင်ပွဲတုန်းက ရှုံးနိမ့်မှုထက်ပိုမိုဆိုးရွားလှ၏။ အတိအကျပြောရမည်ဆိုလျှင် တရုတ်နိုင်ငံ၌ကျင်းပခဲ့သောလူငယ်အားကစားပြိုင်ပွဲတုန်းက စေလွှတ်ခဲ့သောလူများမှာငါးစာလေးများမျှသာ ဖြစ်ပြီး ယခုတစ်ကြိမ် စေလွှတ်လိုက်သောလူများနှင့် လုံးဝနှိုင်းယှဉ်၍မရနိုင်ချေ။
ယခုတစ်ကြိမ်တွင်မူ စစ်ဆင်ရေးတာဝန် သွားရောက်ထမ်းဆောင်ခဲ့ကြသူများမှာ K2 ၏စစ်မှန်သော ထိပ်တန်းအထူးအယ်လစ်အဖွဲ့ဝင်များဖြစ်ကြသည်။ ဤအယ်လစ်အဖွဲ့ဝင်များမရှိတော့ပါက K2 ၏ အင်အားမှာ ကြီးကြီးမားမားအားနည်းသွားခဲ့ပြီဖြစ်ရာ ပါရှားဒေသအတွင်း၌ များစွာသောအရာများကို ဆက်လက်လုပ်ဆောင်နိုင်စွမ်းရှိတော့မည်မဟုတ်ပေ။
စုစုပေါင်း လူ ၃၇ ဦးဖြစ်သည်။ အထူးချွန်ဆုံးသော ထိုလူ ၃၇ ဦးထဲမှ တစ်ဦးချင်းစီကို လေ့ကျင့်ပျိုးထောင်ရန်အတွက် အမေရိကန်ဒေါ်လာ တစ်သန်းကျော်စီ ကုန်ကျခဲ့ရခြင်းဖြစ်သည်။ငွေကြေးပမာဏ အရတင်ပြောရမည်ဆိုလျှင် အမေရိကန်ဒေါ်လာ သန်းလေးဆယ်ကျော်မျှအကုန်အကျရှိခဲ့သည်။ ယခုအခါတွင် မည်သည့် ရလဒ်မှပြန်လည်မရရှိဘဲ ကြီးမားလှသော ဆုံးရှုံးမှုကိုသာ သူတို့သည် လက်ဝယ်ရင်ဆိုင်လိုက်ရခြင်းပင် ဖြစ်သည်။
"ခွေးရူးနဲ့ အခုထိဆက်သွယ်လို့ မရသေးဘူးလား”
အဆင့်မြင့် အမှုဆောင်အရာရှိတစ်ဦးက အက်ရှရှလေသံဖြင့် မေးမြန်းလိုက်သည်။
"ငါတို့ အခုအထိ သူ့ဆီကိုဆယ့်ကိုးကြိမ်တိုင်တိုင် ဆက်သွယ်ခဲ့ပြီးပြီ၊ ခွေးရူး သေသွားတာဖြစ်ဖို့များတယ်၊ မဟုတ်ရင် သူ သေချာပေါက်ပြန်တုံ့ပြန်မှာပါ"
အခြားအဆင့်မြင့်အရာရှိတစ်ဦးက လေးနက်တည်ကြည်သောလေသံဖြင့် ဆိုသည်။ လျှို့ဝှက်နံပါတ်ကိုလည်း မရရှိခဲ့ဘဲ လူအမြောက်အမြားကိုလည်း ဆုံးရှုံးခဲ့ရသည်။ K2 အဖွဲ့အစည်းမှာ လက်တွေ့တွင် လုံးဝလဲပြိုပျက်စီးလုနီးပါးဖြစ်သွားခဲ့ရပြီဖြစ်သည်။ ယခုအခါ သူတို့အနေဖြင့် ဘာများဆက်လုပ်နိုင်ပါဦးမည်နည်း။
"တရုတ်ရဲ့ အထက်လူကြီးတွေက ဇီဝဗေဒဆိုင်ရာ စမ်းသပ်ချက် အမှတ်စဉ် ၁က ဗိုင်းရပ်စ်အကြောင်းကို သိရှိသွားတာမျိုး ဖြစ်နိုင်မလား၊ အကယ်၍ သူတို့ တကယ်သိသွားခဲ့ပြီး K2 အနေနဲ့ ဒီဗိုင်းရပ်စ်ကို မဟာရှားနိုင်ငံအတွင်းဖြန့်ဝေဖို့ ရည်ရွယ်ထားတယ်ဆိုတာကိုပါ ရိပ်မိသွားရင် သူတို့ ငါတို့ကိုပြန်ကလဲ့စားချေ တုံ့ပြန်လာနိုင်တယ်”
ထိုအခိုက်အတန့်တွင် အမြော်အမြင်ကြီးမားလှသောအခြားအဆင့်မြင့် အမှုဆောင်အရာရှိတစ်ဦးက ရုတ်တရက် သတိပေးစကားဆိုလိုက်၏။