အခန်း ၂၁၃
Vol. 22 Ch. 213
213
K2 ၏ အဆင့်မြင့်အရာရှိကြီးများသည် တရုတ်ဘက်မှ ထပ်မံရောက်ရှိလာမည့် ကလဲ့စားချေတုံ့ပြန်မှုများကို အလွန်အမင်း စိုးရိမ်ထိတ်လန့်နေကြပြီး ကြီးစွာသော အကျပ်အတည်းနှင့် ရင်ဆိုင်နေရတော့သည်။
ထိုအခါ K2 ၏ အဆင့်မြင့်အရာရှိတစ်ဦးက
"ဒီကိစ္စက ငါတို့အတွက် ကိုင်တွယ်ရ တကယ်ကို ခက်ခဲသွားပြီ သူတို့ကို သွားရှာပြီး အကူအညီတောင်းကြရအောင”
K2 အဖွဲ့အစည်း၏ နောက်ကွယ်တွင်လည်း သူတို့ကိုပံ့ပိုးကူညီပေးနေသော အင်အားစုများ ရှိနေကြပြီး ထိုပံ့ပိုးသူများမှာ အမှန်တကယ်တော့ အလင်းဘက်တွင် ရှိနေကြသူများဖြစ်သည်။ သူတို့သည် မကောင်းမှုဒုစရိုက်များကို ဗြောင်ကျကျ မလုပ်ဆောင်နိုင်သဖြင့် ဤကဲ့သို့သော အမှောင်အဖွဲ့အစည်းများကိုသာ နောက်ကွယ်မှနေ၍ လျှို့ဝှက်ပံ့ပိုးပေးနေကြခြင်း ဖြစ်သည်။
အချိန်ဆိုသည်မှာ ကုန်လွန်ရလွယ်လှပေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်ရက်တာ အချိန်ကာလကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။ ဖိန်လင်မြို့တော်၊ ပထမပြည်သူ့ဆေးရုံကြီး၏ ရဲအရာရှိငါးဦးခြောက်ဦးခန့် တင်းကျပ်စွာစောင့်ကြပ်ထားသော ဆေးကုသဆောင်တစ်ခုအတွင်း၌မူ ဆေးကုသမှုခံယူလျက်ရှိနေသော
ချင်ရန်သည် မျက်လုံးများဖွင့်လိုက်သည့်အခါ၌ သူ့ခုတင်ဘေးတွင် အိပ်ပျော်နေသော ရှကျဲကို ချက်ချင်းမြင်တွေ့လိုက်ရသည်။
ထိုအခါ ချင်ရန့်ရင်ဘတ်တစ်ခုလုံး လှိုက်ခနဲ ဖြစ်သွားခဲ့သည်။ သူ မှတ်မိသလောက်ဆိုလျှင် သူပြင်းထန်သော နာကျင်မှုဝေဒနာကို ခံစားခဲ့ရပြီး သွေးအလွန်အမင်းဆုံးရှုံးခဲ့ရသဖြင့် သေဆုံးတော့မည်ဟု ထင်မှတ်ခဲ့သည်။ သို့သော် သူသည် ယခုကဲ့သို့ ပြန်လည်၍မျက်လုံးဖွင့်ကြည့်ခွင့်ရလိမ့်ဦးမည်ဟု လုံးဝ မျှော်လင့်မထားခဲ့ချေ။ ချင်ရန့်လက်ချောင်းများ အသာလှုပ်ရှားသွားခဲ့ရာ ဘေးနားတွင် သတိမပျက်စောင့်ကြည့်နေသော ရှကျဲက ချက်ချင်းပင် သတိပြုမိသွားခဲ့သည်။
လှုပ်ရှားမှုသေးသေးလေးတစ်ခုက ရှကျဲအား လန့်နိုးသွားစေခဲ့သည်။ သူမသည်
ချင်ရန်မျက်လုံးပွင့်လာသည်ကို မြင်လိုက်ရသည့်အခါ အတိုင်းမသိဝမ်းသာအားရဖြင့် အော်ဟစ်ရေရွတ်မိတော့သည်။
"ချင်ရန် ရှင်၊ ရှင် နောက်ဆုံးတော့ သတိရလာပြီပဲ
ရှကျဲသည် အလွန်အမင်း စိတ်လှုပ်ရှားသွားခဲ့ရ၏။ သူမသည် ချင်ရန့်ခုတင်ဘေးတွင် နှစ်ရက်တိုင်တိုင် မအိပ်ပဲ စောင့်ကြပ်နေခဲ့ပြီး သူ အမြန်ဆုံးသတိရလာပါစေကြောင်း အဆက်မပြတ် ဆုတောင်းမေတ္တာ ပို့နေခဲ့ခြင်းဖြစ်သည်။
"ရှောင်ကျဲ”
ချင်ရန်က သူမအားကြည့်ကာ အသာခေါင်းညိတ်ပြလိုက်သည်။ ထိုအခါ ရှကျဲမျက်ဝန်းများတွင် မျက်ရည်များ ဝေစည်လာခဲ့ပြီး ချင်ရန့်လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ရင်း ရှိုက်သံခပ်တိုးတိုးလေးထွက်လာ၏။
“ရှင် နောက်ခါကျရင် ဒီလိုမျိုးအန္တရာယ်တွေကို အသက်နဲ့လဲပြီး မစွန့်စားပါနဲ့တော့၊ ရှင့်မှာ ဒီလောက်ဒဏ်ရာတွေ ပြင်းထန်နေတာကို ဘာဖြစ်လို့ ဒီလို အန္တရာယ်များတဲ့အရာတွေကို ဇွတ်သွားလုပ်ရတာလဲ”
ကိုယ်ချစ်ရသူသည် အသက်မသေရုံလေးသာဖြင့် ဆေးရုံတွင် ဆေးကုသခံနေရသည့်ကို မြင်တွေ့လိုက်ရသသည့် ရှကျဲရင်ထဲက ဝမ်းနည်းမှုများသည် စကားလုံးများအဖြစ် ပြောင်းလဲသွားရသည်။
ထိုအချိန်က ဖြစ်ပျက်ခဲ့သော အခြေအနေအချို့ကို ဟယ်ဝေတုန်က ရှကျဲအား အသေးစိတ်ပြောပြထားခဲ့ပုံရသည်။
မိမိအတွက် ဝမ်းနည်းနေရသော ချစ်ရသူကိုကြည့်ကာ ချင်ရန်သည် ခပ်ဖွဖွလေး
အနည်းငယ် ပြုံးလိုက်သည်။
"နောက်ဆိုရင် ကိုယ် ပိုပြီးဂရုစိုက်ပါ့မယ်"
ချစ်ရသူ စိတ်အေးချမ်းစေဖို့ ကတိသာပေးလိုက်ရသည်။ နောင်အနာဂတ်တွင် ဤကဲ့သို့သောအခြေအနေမျိုးနှင့်ထပ်မံကြုံတွေ့ရပါကလည်း ချင်ရန်အနေဖြင့် သေချာပေါက် ဝင်ရောက်တိုက်ခိုက်ဦးမည်သာ ဖြစ်သည်။
ထို့နောက် ချင်ရန်က ရှကျဲအားချစ်သူများကျွန်းဖြစ်ရပ်၏နောက်ဆက်တွဲ ကိုင်တွယ်ဆောင်ရွက်မှု အခြေအနေများကို မေးမြန်းလိုက်သည်။ ထို့အခါ ရှကျဲကလည်း ချင်ရန်အား အကြောင်းအရာအားလုံးကို အသေးစိတ်ရှင်းပြခဲ့သည်။
တရုတ်ဘက်မှ ရဲတပ်ဖွဲ့ဝင်များသည် ကျောက်ဟွိုင်ရှန့် အပါအဝင် အခြား K2 အဖွဲ့ဝင်ငါးဦးနှင့် ခွေးရူးတို့ကို ဟိုတယ်အတွင်း၌ ရှာဖွေဖမ်းဆီးရမိခဲ့ကြသည်။
စုစုပေါင်း K2 အဖွဲ့ဝင် ၆ ဦးကို အရှင်လတ်လတ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး သူတို့အားလုံးကို ပေကျင်းမြို့တော်သို့ လူအင်အားအမြောက်အမြားဖြင့် တင်းကျပ်စောင့်ကြပ်ချုပ်နှောင်ထားကြပြီး လွှဲပြောင်းခေါ်ဆောင်သွားကြသည် ဖြစ်သည်။
ယခုအခါ ချစ်သူများကျွန်းဟိုတယ်သည် ဓားစာခံပေါင်း ၂၃၇ ဦးအထိ သေဆုံးခဲ့ရသော အကြီးစားအကြမ်းဖက်တိုက်ခိုက်မှုကြီးတစ်ခုဖြစ်ပွားခဲ့သည့်နေရာဖြစ်လာခဲ့ပြီး ၎င်းမှာ သမိုင်းတစ်လျှောက် အဆိုးရွားဆုံးနှင့် စက်ဆုပ်ရွံရှာဖွယ်အကောင်းဆုံး ထိတ်လန့်ဖွယ်ရာအကြမ်းဖက်မှုဖြစ်ရပ်တစ်ခု ဖြစ် သမိုင်းဝင်ခဲ့သည်။
တရုတ်နိုင်ငံတစ်ခုလုံးသည် ထိုသတင်းအားကြားလိုက်ရသည့်အခါ၌ တုန်လှုပ်ချောက်ချားသွားခဲ့ရပြီး နိုင်ငံတော်၏ အမြင့်ဆုံးအဆင့် နိုင်ငံ့ခေါင်းဆောင်ပိုင်းက ဤကိစ္စအားအောက်ခြေမှစ၍ သေချာစွာ စုံစမ်းစစ်ဆေးရန် တိုက်ရိုက် အမိန့်ပေးခဲ့သည်။
အစိုးရဘက်မှလည်း ခွေးရူး၏မူလအထောက်အထားကိုလည်း ဖော်ထုတ်နိုင်ခဲ့ပြီဖြစ်သည်။ သူသည် တစ်ချိန်က တရုတ်နိုင်ငံ၏အထူးတပ်ဖွဲ့ဝင်တစ်ဦး ဖြစ်ခဲ့ဖူးပြီး နောက်ပိုင်းတွင်မှ K2 အဖွဲ့အစည်းထံသို့ သစ္စာဖောက်ဘက်ပြောင်းသွားခဲ့သူဖြစ်သည်။
ယခုအချိန်အထိပင် ခွေးရူး၏လုပ်ဖော်ကိုင်ဖက်ဟောင်း အများအပြားသည် စစ်တပ်အတွင်း၌ တာဝန်ထမ်းဆောင်နေကြဆဲဖြစ်သည်။ သူသည် ငွေကြေးအတွက်ကြောင့်နှင့် တရုတ်နိုင်ငံတော်ကို သစ္စာဖောက်ဖျက်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် တရုတ်နိုင်ငံတော်သည် K2 အဖွဲ့အစည်း၏ အမှတ် ၁ ဇီဝဗေဒဓာတ်ခွဲခန်းမှ ဗိုင်းရပ်စ်ကို အသုံးပြု၍ တရုတ်နိုင်ငံအပေါ် တိုက်ခိုက်ရန် ကြံစည်ထားသည့် အစီအစဉ်ကိုလည်း အပြည့်အဝသိရှိသွားခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း ရှကျဲအနေဖြင့် ဤကဲ့သို့သော အဆင့်မြင့် နိုင်ငံလျှိုဝှက်ချက် အကြောင်းအရာများကိုမူ အသေးစိတ် သိရှိခြင်းမရှိချေ။ အကျဉ်းချုပ်ရလျှင် ဤဖြစ်ရပ်၏နောက်ဆက်တွဲရိုက်ခတ်မှုများမှာ အလွန်တရာ ကြီးမားလှသည်။ နိုင်ငံတော်အစိုးရ၏ အမြင့်ဆုံးအဆင့် ခေါင်းဆောင်ပိုင်းများက ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်စွက်ဖက်လိုက်ပြီး အမှတ် ၁ ဇီဝဗေဒဓာတ်ခွဲခန်း၏ နောက်ကွယ်တွင်ရှိနေသော နိုင်ငံအပေါ်သို့ ကြီးမားလှသော အပြည်ပြည်ဆိုင်ရာ ဖိအားများကိုပေးနေပြီဖြစ်ကြောင်း ကြားသိရသည်။
ဤအကျပ်အတည်းမှာ အမျိုးသားအဆင့် နိုင်ငံတကာအဆင့်အထိပင်မြင့်တက်သွားခဲ့ပြီ ဖြစ်သည်။ထိုနိုင်ငံများအကြားအားပြိုင်မှုများမှာ ယခုထက်ထိ ဆက်လက်ပြင်းထန်နေဆဲဖြစ်သည်ဟု ဆိုသည်။ သို့သော်လည်း အသေအချာ သိရှိထားသည့်အချက်တစ်ခုမှာ အချို့သောနိုင်ငံများ၏ မကောင်းသော ရည်ရွယ်ချက်များမှာ လုံးဝပျက်စီးသွားခဲ့ပြီဖြစ်ခြင်းပင်။
မိမိတို့နိုင်ငံသည် အားနည်းသောနိုင်ငံတစ်ခု လုံးဝမဟုတ်ပေ။အဆင့်မြင့်အရာရှိကြီးတစ်ဦးက အကယ်၍ တရုတ်နိုင်ငံအတွင်း လျှို့ဝှက်ဗိုင်းရပ်စ်တစ်မျိုးမျိုး ပေါ်ပေါက်လာခဲ့ပါက အမှတ် ၁ဇီဝဗေဒဓာတ်ခွဲခန်းတည်ရှိရာ ထိုနိုင်ငံအပေါ်သို့ ပြင်းထန်ပြတ်သားလှသော အကြွင်းမဲ့ တန်ပြန်တိုက်ခိုက်မှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ဗြောင်ကျကျကြေညာလိုက်သည်။
ထိုအကြောင်းအရာများကို ကြားပြီးနောက် ချင်ရန်အသာခေါင်းညိတ်လိုက်သည်။ ယခုတစ်ကြိမ် K2 ၏ ရည်ရွယ်ချက်က အလွန်အမင်းကြီးမားလွန်းလှသည်။ သူတို့သည် တရုတ်နိုင်ငံ၏အခြေခံအုတ်မြစ်ကြီးတစ်ခုလုံးကိုယိုင်နဲ့သွားအောင် လှုပ်ခါပစ်ချင်နေကြခြင်းပင်။
ရှကျဲက ထပ်ပြောလာခဲ့သည်။
"ပါရှားဒေသမှာရှိတဲ့ K2 ရဲ့ အခြေစိုက်စခန်းကြီးကိုလည်း စုံစမ်းရှာဖွေတွေ့ရှိသွားပြီလို့ကြားတယ်၊ အဲဒီနောက် အထက်လူကြီးတွေက K2 ရဲ့ စခန်းကြီးတစ်ခုလုံးကို အမြစ်ပြတ်တိုက်ခိုက်ချေမှုန်းဖို့ အမိန့်ပေးလိုက်ပြီတဲ့"
"အတိအကျ အသေးစိတ်ကိုတော့မသိရသေးပေမဲ့ K2 အဖွဲ့အစည်းတစ်ခုလုံး သေချာပေါက် လုံးဝပျက်စီးသွားတော့မှာပါ"
သူမ တွေးတွေးဆဆဖြင့် တွက်ဆချက်များကို ပြောပြခဲ့သည်။ ရှကျဲ၏ကောက်ချက်ချမှုကိုကြားပြီး ချင်ရန် အသာခေါင်းညိတ်လိုက်သည်။
‘ဒါက ဖြစ်သင့်ဖြစ်ထိုက်တာပဲလေ မဟုတ်ဘူးလား'
မကြာမီမှာပင် ချင်ရန်သတိရလာပြီဟူသောသတင်းမှာ အခြားသူများထံသို့လည်း ပျံ့နှံ့သွားခဲ့သည်။ ဖိန်လင်မြို့တော်ရဲဌာနချုပ်ရဲချုပ်ကြီး ရှီကျင်းစုန့်နှင့် အခြားသော အရေးကြီးပုဂ္ဂိုလ်တစ်ဦးတို့ အခန်းတွင်းသို့လျှောက်လှမ်းဝင်ရောက်လာခဲ့ကြသည်။
ဖိန်လင်မြို့သည် ကျင်းတုန်ပြည်နယ်အောက်တွင် တည်ရှိခြင်းဖြစ်ရာ ယခုတစ်ကြိမ်တွင် ကျင်းတုန်ပြည်နယ်၏ရဲဌာနချုပ် ညွှန်ကြားရေးမှူးချုပ် ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြည့်ရှုခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။ အရေးကြီးပုဂ္ဂိုလ်ကြီးနှစ်ဦးသည် အစောင့်အကြပ်အချို့နှင့်အတူ ခြံရံလျက် အခန်းတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်။
"လူငယ်လေး မင်း အဆင်ပြေရဲ့လား”
ရှီကျင်းစုန့်ဘေးတွင်ရပ်နေသော ပြည်နယ်အဆင့် ညွှန်ကြားရေးမှူးချုပ်က လှမ်းမေးမြန်းလိုက်သည့်အခါတွင် ချင်ရန် အသာခေါင်းညိတ်ပြလိုက်သည်။
"ဒီတစ်ကြိမ်တော့ ငါတို့မင်းအပေါ်မှာ အကြွေးတင်သွားခဲ့ပြီ"
ပြည်နယ်အဆင့် ဌာနချုပ်အရာရှိကြီးက လေးနက်တည်ကြည်စွာ ဆိုသည်။
"ကျွန်တော် အစွမ်းကုန်မဆောင်ရွက်နိုင်ခဲ့ပါဘူး၊ မဟုတ်ရင် လူအများကြီး ဒီလောက်အထိ ဆုံးရှုံးရမှာမဟုတ်ဘူး"
ချင်ရန် စိတ်မကောင်းစွာဖြင့် ရင်ဖွင့်မိသည်။ အဘယ်ကြောင့်ဆိုသော် ဟိုတယ်အတွင်း၌ လူပေါင်း ၂၃၇ ဦး အယောက်နှစ်ရာကျော်စလုံး သေဆုံးခဲ့ရပြီး ၎င်းမှာရေတွက်မရနိုင်သော မိသားစုများနှင့် လူပေါင်းမြောက်မြားစွာကို ထိခိုက်ကြေကွဲစေခဲ့ကြောင်း သူကြားသိခဲ့ရသောကြောင့် ဖြစ်သည်။
နှမြောစရာကောင်းလှသည်မှာ ထိုအချိန်က သူသည် တစ်ယောက်တည်းသာဖြစ်နေခဲ့သဖြင့် K2 ကို ချက်ချင်းလက်ငင်း အမြစ်ပြတ် မချေမှုန်းနိုင်ခဲ့ခြင်းပင် ဖြစ်သည်။
"ချင်ရန် မင်း ကိုယ့်ကိုကိုယ်အပြစ်မတင်ပါနဲ့၊ မင်း ဒီတစ်ကြိမ်မှာ တကယ့်ကို အနစ်နာခံပြီး ဆောင်ရွက်နိုင်ခဲ့တာပဲ၊ မင်း အပန်းဖြေခရီးထွက်နေရင်းနဲ့ ဒီလိုကိစ္စမျိုးနဲ့ကြုံတွေ့ရလိမ့်မယ်လို့ ငါလည်းလုံးဝ မျှော်လင့်မထားခဲ့ဘူး"
“လူငယ်လေး ကိုယ့်ကိုကိုယ်အပြစ်ရှိတယ်လို့ မခံစားပါနဲ့၊ ပြည်နယ်အဆင့် ခေါင်းဆောင်ပိုင်းရော နိုင်ငံတော်ရဲ့ အမြင့်ဆုံးအဆင့် ခေါင်းဆောင်ပိုင်းတွေပါ ချစ်သူများကျွန်းစစ်ဆင်ရေးမှာ မင်းရဲ့ စွမ်းဆောင်ရည်အပေါ် အတော့်ကို ကျေနပ်အားရနေကြတယ်”
"မင်း K2 အဖွဲ့ဝင်တစ်ဆယ့်ငါးဦးကို အသေဖမ်းဆီးနိုင်ခဲ့တယ်၊ နောက်ဆုံး ဒီစစ်ဆင်ရေးကို ဦးဆောင်လာတဲ့ ခေါင်းဆောင်ကိုပါ မင်းကအရှင်ဖမ်းဆီးပေးနိုင်သေးတယ်၊ ဒါမင်းရဲ့တကယ်ကို ကောင်းမွန်လှတဲ့ စွမ်းဆောင်ရည်တစ်ခုပဲလေ”
ပြည်နယ်အဆင့် ညွှန်ကြားရေးမှူးချုပ်၏ ချီးကျူးစကားကိုကြားရသောအခါ ချင်ရန် ခေါင်းအသာညိတ်၍ ကျေးဇူးတင်စကား ပြန်လည်ပြောဆိုလိုက်သည်။
"ဒီတစ်ကြိမ်မှာ ငါကပြည်နယ်အဆင့် ခေါင်းဆောင်ပိုင်းတွေကို ကိုယ်စားပြုပြီး မင်းကို လာကြည့်တာပါ၊ မင်း သတိရလာတာကို မြင်တွေ့ရတဲ့အတွက် ငါတကယ်ပဲ ဝမ်းသာမိပါတယ်"
ပြည်နယ်အဆင့် ညွှန်ကြားရေးမှူးချုပ်က ပြုံး၍ဆိုလိုက်ပြီး သူ့ဘေးနားရှိ အစောင့်အကြပ်အား အချက်ပြလိုက်ရာ ထိုသူက သေတ္တာတစ်ခုကိုချက်ချင်း လှမ်းပေးခဲ့သည်။ ချင်ရန် အနည်းငယ် အံ့အားသင့်သွားခဲ့ရပြီး သေတ္တာအားဖွင့်လိုက်သည့်အခါ ၎င်းအတွင်း၌ ပထမအဆင့်စွမ်းဆောင်ရည်ဆုတံဆိပ်နှင့်အတူ အဆင့်မြင့်အရာရှိကြီးတစ်ဦးက ကိုယ်တိုင်ကိုယ်ကျ ပေးအပ်ချီးမြှင့်ထားသော ပထမအဆင့်ထူးချွန်ဂုဏ်ပြုဆုတံဆိပ်နှင့် ပထမအဆင့် စံပြသူရဲကောင်းဆုတံဆိပ်တို့ရှိနေသည်ကို တွေ့လိုက်ရသည်။
ပြည်နယ်အဆင့် ညွှန်ကြားရေးမှူးချုပ်က ရင်းနှီးဖော်ရွေသောလေသံဖြင့် ဂုဏ်ယူစွာပြောလိုက်၏။
"ဒီလို အဆင့်မြင့်ဂုဏ်ပြုချီးမြှင့်မှုမျိုးကို အထက်လူကြီးတွေက ကိုယ်တိုင်ကိုယ်ကျ အတည်ပြုပေးခဲ့တာ၊ အတည်ပြုချက်က တကယ်မြန်ဆန်ဆန်ပဲကျလာလို့ ဆုတံဆိပ်တွေကို လေကြောင်းလိုင်းနဲ့ ဖျင်လင်မြို့ဆီကို တိုက်ရိုက်သယ်ဆောင်ပေးခဲ့တာပဲ၊ ပြီးတော့ ဒီဆုတွေနဲ့အတူ ဆုငွေယွမ်တစ်သိန်းလည်းပါတယ်"
ထိုစကားကို ကြားရသောအခါ ချင်ရန် အနည်းငယ် အံ့ဩဝမ်းသာသွားခဲ့ရသည်။ ယခုတစ်ကြိမ်တွင် သူသည် တကယ်ကို ကြီးမားလှသောဂုဏ်ပြုမှုများနှင့် ထိုက်တန်ခဲ့ပြီဖြစ်သည်။
ဤမျှများပြားလှသော ပထမအဆင့်ဆုတံဆိပ်များကို အမြင့်ဆုံးအဆင့် ခေါင်းဆောင်ပိုင်းများက အတည်ပြုပေးခဲ့ခြင်းဖြစ်ရာ ချင်ရန်သည် ထိပ်တန်းခေါင်းဆောင်ပိုင်းများအကြား နောက်ထပ်တစ်ကြိမ် ရေပန်းစားလူသိများသွားခဲ့ပြီဖြစ်သည်။
ယခုအချိန်မှစ၍ သူ့ရာထူးတိုးတက်မှု လမ်းကြောင်းမှာ အရှိန်အဟုန်ဖြင့်မြင့်တက်သွားတော့မည်ဖြစ်ပြီး
ဤအရာအားလုံးသည် သူနှင့် ထိုက်တန်လှပေသည်။ အကြောင်းမှာ ချင်ရန်သည် မိမိအသက်ကိုရင်း၍ စွန့်စားဆောင်ရွက်ခဲ့ခြင်းကြောင့် ဖြစ်သည်။
"ကျွန်တော့်ကို အသိအမှတ်ပြုပေးတဲ့အတွက် မိခင်နိုင်ငံတော်ကို ကျေးဇူးတင်ပါတယ်"
ချင်ရန်က ဆုတံဆိပ်များကို လေးနက်စွာဖြင့် လက်ခံရယူလိုက်သည်။
ထို့နောက်တွင်မူ ပြည်နယ်အဆင့် ညွှန်ကြားရေးမှူးချုပ်က အားပေးစကား အနည်းငယ် ထပ်မံပြောကြားပြီးနောက် ပြန်လည်ထွက်ခွာသွားခဲ့သည်။ သူ့တာဝန်မှာ ပြည်နယ်နှင့် အထက်လူကြီးများကို ကိုယ်စားပြု၍ ချင်ရန်အားလာရောက်ကြည့်ရှုရန်သာဖြစ်ပြီး ချင်ရန်ဘေးကင်းနေသည်ကို မြင်တွေ့လိုက်ရသဖြင့် စိတ်အေးသွားခဲ့ပြီဖြစ်သည်။
ချင်ရန်သည် မိမိလက်ထဲရှိ သေတ္တာကို ကိုင်ဆောင်ထားရင်း ၎င်းမှာအနည်းငယ် လေးလံနေသကဲ့သို့ ခံစားလိုက်ရသည်။
ဘေးတွင်ရပ်နေသော ရဲချုပ်ကြီးရှီကျင်းစုန့်က စိတ်လှုပ်ရှားစွာဖြင့် ပြောလေသည်။
"ချင်ရန် မင်းရဲ့အောင်မြင်မှုတွေအပေါ် ငါ အရမ်းဝမ်းသာတယ်၊ မင်းက မင်းရဲ့ အသက်ကိုပါ ဆုံးရှုံးရလုနီးပါးဖြစ်ခဲ့တဲ့အထိပေးဆပ်ခဲ့တာဆိုတော့ ဒီအရာအားလုံးနဲ့ တကယ်ထိုက်တန်ပါတယ်၊ မဟုတ်သေးဘူး ဒီထက်မကထိုက်တန်တာ ဟားးဟား”
"ပြည်သူ့အတွက် တာဝန်ထမ်းဆောင်တာပါ ရဲချုပ်ကြီးရယ်"
ချင်ရန်ပြုံး၍ ပြန်လည်ပြောဆိုလိုက်သည်။ ချင်ရန် သတိပြန်လည်ရရှိလာခဲ့ပြီ ဖြစ်သော်လည်း သူ့ခန္ဓာကိုယ်မှာ အလွန်အမင်း အားနည်းနေဆဲဖြစ်သဖြင့် နောက်ထပ် ရက်အနည်းငယ်ကြာ ဆေးရုံတွင် ဆက်လက်နေထိုင်ကာ စောင့်ကြည့်ကုသမှုခံယူရန် လိုအပ်နေသေးသည်။
သူ ဆေးရုံတက်နေရသည့် အတောအတွင်း လီတာ့ဝေ၊ ယန်ရှူအပြင် ပါလီမြစ်ရဲစခန်းမှ ဝမ်ရှောင်ရီနှင့် ချောင်ကျန့်ကျွင်းတို့ပါ သစ်သီးဝလံ အမြောက်အမြားသယ်ဆောင်၍ လူနာသတင်းမေးကာ အားပေးခဲ့ကြသဖြင့် လူစည်ကားနေခဲ့သည်။ တစ်ချိန်တည်းမှာပင် ဓားစာခံဖြစ်ခဲ့ရသူကျန်းရှောင်ရှောင် ကိုယ်တိုင်ပင် ချင်ရန်အား လာရောက်ကြည့်ရှုခဲ့သဖြင့် ချင်ရန် အနည်းငယ် အံ့အားသင့်သွားခဲ့ရသေးသည်။