အခန်း ၂၁၄
Vol. 22 Ch. 214
214
ကျန်းရှောင်ရှောင်ရောက်ရှိလာသည့်အခါ ရှကျဲမျက်ဝန်းများတွင် မကျေနပ်ရိပ်များ သိသိသာသာ ပြည့်နှက်နေခဲ့သည်။
ကျန်းရှောင်ရှောင်ကမူ ထိုအရာကိုဂရုမစိုက်ဘဲ သူ့ထံသို့ နှစ်ရက်ဆက်တိုက်လာရောက်ခဲ့ပြီး လာရောက်သည့်အခါတိုင်းတွင်လည်း အလွန်တရာတန်ဖိုးကြီးမားလှသော ကျန်းမာရေးအားဖြည့်ဟင်းလျာများကို သယ်ဆောင်လာခဲ့သည်။
ထိုဟင်းလျာများအားလုံးမှာ သူမ၏ ကိုယ်ပိုင်စားဖိုမှူးမှ လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ပေးထားခြင်းဖြစ်ပြီး ဟင်းတစ်ပွဲလျှင် ယွမ်တစ်သောင်းကျော် တန်ဖိုးရှိကြောင်း ကြားသိရသည်။
သို့သော်လည်း သံသယဖြစ်ဖွယ်ရာမရှိစေရန်အတွက် ချင်ရန်အနေဖြင့် ထိုအစားအစာများကို ရှကျဲအားသူ့ရှေ့တွင်ပင် စားသုံးစေခဲ့သည်။
ကျန်းရှောင်ရှောင်သည် ဤအရာကိုမြင်တွေ့ရသောအခါ စိတ်ပျက်အားလျော့သွားခြင်းလုံးဝမရှိဘဲ အနည်းငယ်ပင် ပြုံးပြလိုက်သေးသည်။
ချင်ရန်သည် ဆေးရုံတွင် နောက်ထပ် ခုနစ်ရက်ကြာ ဆက်လက်နေထိုင်ခဲ့ပြီး နောက်ဆုံးတွင် လုံးဝပြန်လည်ကျန်းမာ လာခဲ့ကာ ဆေးရုံမှဆင်းခွင့်ရရှိခဲ့တော့သည်။ ထိုနေ့တွင် ချင်ရန်ဆေးရုံဆင်းခြင်းကိုကြိုဆိုသည့်အနေဖြင့် လင်းကုဝေမှ သူ့အားလာရောက်ကြိုဆိုရန် လူတစ်ဦးကို ကိုယ်တိုင်ကိုယ်ကျစေလွှတ်ခဲ့သည်။
ရဲဌာနချုပ်သို့ ပြန်လည်ရောက်ရှိချိန်တွင် ချင်ရန်သည် ချိတ်ဆွဲထားသော စာတန်းရှည်ကြီးများကို မြင်တွေ့လိုက်ရသည်။
"စံပြသူရဲကောင်းချင်ရန်အား အိမ်မှ ပြန်လည်ကြိုဆိုပါ၏”
ထိုစာတန်းအားကြည့်ကာ ချင်ရန်ပြုံးလိုက်ပြီး ရှကျဲနှင့်အတူ ရဲဌာနချုပ်အတွင်းသို့ ဝင်ရောက်ခဲ့သည်။
ဌာနချုပ်ထဲသို့ ဝင်လာသည့်အခါ၌ လုပ်ဖော်ကိုင်ဖက် အများအပြားက သူ့အားလေးစားအားကျသောအကြည့်များ၊ ဂုဏ်ပြုသည့်စကား ချီးကျူးသည့်စကားများဖြင့် ဆီးကြိုနှုတ်ဆတ်ကြတော့သည်။
သူသည် နောက်ထပ်တစ်ကြိမ်ကြီးမားလှသော စွမ်းဆောင်ရည်ဆုကို ရရှိခဲ့ရုံမျှမက သေမင်းတွင်းဝမှပါ ရုန်းထွက်နိုင်ခဲ့ခြင်း ဖြစ်သဖြင့် တကယ်ကိုအံ့ဩချီးကျူးဖွယ်ရာကောင်းလှပေသည်။ ၎င်းနောက်တွင်မူ ချင်ရန့်ခန္ဓာကိုယ်ကျန်းမာရေးမှာလည်း အကောင်းဆုံး ထိပ်တန်းအခြေအနေသို့ပြန်လည်ရောက်ရှိလာခဲ့ပြီး သူသည် ပုံမှန်အတိုင်း ပြန်လည်အလုပ်လုပ်နိုင်ခဲ့သည်။
ရာဇဝတ်မှုနှိမ်နင်းရေး လုပ်ငန်းစဉ်များမှာ ဆက်လက်ပြီး အရှိန်အဟုန် ကောင်းကောင်းဖြင့် ချီတက်နေဆဲဖြစ်ကာ နောက်ကွယ်မှ ချုပ်ကိုင်ထားသည့် လက်မဲကြီးများအားလုံးကိုလည်း ပြင်းထန်စွာ နှိမ်နင်းကိုင်တွယ်နိုင်ခဲ့သည်။
ယခုအခါတွင်မူ အဓိကအားဖြင့် လမ်းဘေးလူမိုက်များနှင့် တက်သစ်စ ခိုးဆိုးလုနှိုက်များသာကျန်ရှိတော့သည်။ သူတို့အရေအတွက်မှာ အလွန်အမင်းများပြားလှသည်။ အုပ်စုဖွဲ့အရက်သောက်ပြီး လမ်းပေါ်တွင် ရုန်းရင်းဆန်ခတ်ပြဿနာရှာသူများအတွက် အချို့ပြည်သူများက ရဲတပ်ဖွဲ့ထံ ကိုယ်တိုင်ဖုန်းဆက်တိုင်ကြားကြရာ ချင်ရန်က ထိုလူများကို ဖမ်းဆီးပြီး ပြင်းထန်စွာ သတိပေးဆုံးမလွှတ်လေ့ရှိသည်။
သို့သော်လည်း လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း ဖိန်လင်မြို့တော်ရဲဌာနချုပ်သို့ ထူးဆန်းသောတိုင်ကြားမှုအချို့ရောက်ရှိလာခဲ့သည်။ အိမ်သာတံခါးအရှေ့ သို့မဟုတ် ပန်းခြံထဲရှိ သစ်ပင်များပေါ်တွင် ကတ်ပြားအသေးလေးတစ်ခု ကပ်ထားလေ့ရှိကြောင်း ဆိုသည်။ ထိုကတ်ပြားပေါ်တွင် မည်သည့် ထူးခြားသောစာမှ ရေးသားထားခြင်းမရှိပဲ "မသေမျိုးအဖြစ် အသက်ရှည်ခြင်း” ဟူသည့် လိုက်မမှီနိုင်သောစာများကိုသာ တွေ့ရှိရတက်သည်။
လင်းကုဝေက ဤအရာသည် တစ်စုံတစ်ဦးမှ ရည်ရွယ်ချက်ရှိရှိဖြင့် လူစုလူဝေးပြုလုပ်ကာ ဘာသာရေးအစွန်းရောက်မကောင်းဆိုးဝါးဂိုဏ်းပုံစံဖြင့်လူများကို ဦးနှောက်ဆေးခြင်းအား လုပ်ဆောင်နေခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ထားသည်။
ထို့အပြင် ဖိန်လင်မြို့တွင် တရုတ်နှစ်သစ်ကူးပွဲတော်သို့ရောက်ရန်မှာ တစ်လခန့်သာလိုတော့သဖြင့် လူတိုင်းသည် ပျော်ရွှင်မှုနှစ်ဆရှိနေကြသည့် အချိန်လည်း ဖြစ်ကြသည်။ ရဲဌာနချုပ်၏ အစည်းအဝေးခန်းမတစ်ခုအတွင်းဝယ် လင်းကုဝေသည်ကတ်ပြားအမြောက်အမြားပုံကျနေသော စာပွဲခုံကို လက်ဝါးဖြင့် ပြင်းထန်စွာရိုက်ချလိုက်၏။
“ဒုန်း”
အစည်းအဝေးခန်းမအတွင်း၌ စားပွဲအား ထုရိုက်သံမှအပ မည်သည့်အသံမှ မကြားရပဲ တိတ်ဆိတ်လွန်းလှ၏။
"ငါတို့က ဘယ်လိုခေတ်ကြီးထဲမှာ နေထိုင်နေကြတာလဲ၊ အခုထိ ဒီလိုအရာမျိုးတွေကိုလုပ်နေတဲ့သူတွေ ရှိနေသေးတာလား၊ တကယ်ပါပဲ အယူသီးလိုက်ကြတာ၊ ဘာတဲ့ ဒီကတ်ပြားပေါ်မှာ ချီကုန်းကိုကျင့်ရင် မသေမျိုးဖြစ်နိုင်တယ်တဲ့၊ ဒါလွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကတည်းက သုံးခဲ့တဲ့ လိမ်လည်လှည့်ဖြားမှုအဟောင်းကြီး ဆိုတာကို မသိကြဘူးလား”
စားပွဲခုံကိုရိုက်ကာ လင်းကုဝေစိတ်ပျက်လက်ပျက်ဖြင့်ပြောလိုက်သည်။ ထို့အပြင်
ကတ်ပြားပေါ်တွင် ဖုန်းနံပါတ်တစ်ခုပါရှိနေသေးသည်။ နှမြောစရာကောင်းသည်မှာ သူတို့စစ်ဆေးကြည့်ပြီးချိန်တွင် ထိုဖုန်းနံပါတ်မှာ ပြည်ပတွင်မှတ်ပုံတင်ထားခြင်းဖြစ်ကြောင်း ပေါ်ထွက်လာခဲ့သည်။
ဂိုဏ်းဂဏအသွင်ယူကာ မသိနားမလည်သည့်လူများအား ဦးနှောက်ဆေးကာ ပိုက်ဆံရှာနေသော ဤလူများသည် အတော်ပင် ကျွမ်းကျင်ပုံရ၏။ သူတို့တွင် စောင့်ကြည့်မှုကို စေ့စေ့စပ်စပ် လုပ်ဆောင်နိုင်ကြပြီး မည်သို့ပုန်းအောင်းရမည်ကိုပါ နားလည်ထားကြသည်။
လင်းကုဝေသည် ထိုကတ်ပြားများကို မည်သူက လိုက်လံဝေငှနေသလဲဆိုသည်ကို ရှာဖွေရန်အတွက်စောင့်ကြည့်ရေးကင်မရာများကို ယခင်ကတည်းက စစ်ဆေးခဲ့ဖူးသည်။ သို့သော်လည်း စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီးနောက်တွင်မူ ထိုကတ်ပြားများကို လူအစည်ကားဆုံးနေရာများတွင်သာ အမြဲတွေ့ရှိရလေ့ရှိပြီး ၎င်းဗီဒီယိုများကို ဘယ်နှစ်ကြိမ်ပဲပြန်ကြည့်ကြည့် မည်သူဝေငှသွားသည်ကိုမူ ရှာမတွေ့နိုင်ခဲ့ချေ။ ထို့ကြောင့် ဤအမှုမှာ အနည်းငယ် ရှုပ်ထွေးလှသည်။
လင်းကုဝေသည် ရဲဝန်ထမ်းတစ်ဦးအား အရပ်ဝတ်ဖြင့် လျှို့ဝှက်စုံစမ်းစစ်ဆေးမှု ကိုပါ ပြုလုပ်စေခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ကတ်ပြားပေါ်မှ ဖုန်းနံပါတ်ကိုခေါ်ဆိုသည့်အခါတွင်လည်း တစ်ဖက်မှလူသည် အလွန်တရာပါးနပ်လှပြီး သွယ်ဝိုက်သောမေးခွန်းများနှင့် စကားပြောဆိုမှုများမှတစ်ဆင့် မိမိတို့အား ရဲဝန်ထမ်းဟုတ်မဟုတ်ကို ခန့်မှန်းနိုင်စွမ်းရှိနေ၏။
ထို့ကြောင့် ပြဿနာ၏အရင်းအမြစ်ကို ရှာဖွေရန်မှာ တကယ်ကို မလွယ်ကူလှချေ။ ထို့ကြောင့် လင်းကုဝေတစ်ယောက် သိသိသာသာပင်ခေါင်းခဲနေခဲ့ရ၏။ ဖိန်လင်မြို့အတွင်းရှိ ယခင်အစွန်းရောက်ဘာသာရေး မကောင်းဆိုးဝါးဂိုဏ်းအမှုများကို လျင်မြန်စွာ ဖြေရှင်းနိုင်ခဲ့သော်လည်း ယခုအခါ ခေတ်ကာလများပြောင်းလဲလာသည်နှင့်အမျှ ဤလိမ်လည်သူများသည် ပိုမို၍ အရည်အချင်းရှိလာကြသည်။
ထိုအချိန်ဝယ်အစည်းအဝေးတက်ရောက်နေသူများအနက် လူတစ်ဦးသည် ကတ်ပြားကို သေသေချာချာစူးစိုက်စွာ ကြည့်ရှုနေခဲ့သည်။ အဆိုပါသူကတော့ အခြားသူမဟုတ်ဘဲ ချင်ရန်ပင် ဖြစ်သည်။ ချင်ရန် စားပွဲပေါ်ရှိကတ်ပြားကို တိတ်တဆိတ်စူးစိုက်ကြည့်နေသည်ကို မြင်သောအခါ လင်းကုဝေမနေနိုင်ဘဲမေးလိုက်၏။
"ချင်ရန် မင်း တစ်ခုခုသတိထားမိလို့လား”
"သတိထားမိတာလား”
ချင်ရန်သည် ကတ်ပြားများကိုလက်ထဲသို့ယူကာ တစ်ခုချင်းစီကို သူ့အာရုံခံစနစ်ဖြင့် စစ်ဆေးကြည့်လိုက်၏။
အကယ်၍ ကတ်ပြားများကို လိုက်လံဝေငှသူများထဲမှ တစ်ဦးဦးသည် ရာဇဝတ်ကောင်ဖြစ်နေခဲ့ပါက ရာဇဝတ်မှုစုံစမ်းစစ်ဆေးခြင်းကို သေချာပေါက် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ၎င်းမှတစ်ဆင့် ဤရာဇဝတ်မှုများ၏ အရင်းအမြစ်ကို ရှာဖွေနိုင်ပေလိမ့်မည်။
*ဝူး*
ရုတ်တရက်ဆိုသလို ချင်ရန့်စိတ်ထဲတွင် ခံစားချက်တစ်ခုပေါ်ပေါက်လာခဲ့ပြီး သူသည် အစွန်းအစတစ်ခုကို ရှာဖွေတွေ့ရှိသွားခဲ့သည်။ ချင်ရန် ပြုံးလိုက်၏။
"ချီကုန်းကျင့်တာ၊ မသေမျိုးဖြစ်တာနဲ့ ရောဂါပျောက်ကင်းစေတယ်ဆိုတဲ့ အရာမျိုးတွေကို သက်ကြီးရွယ်အိုတွေပဲ ယုံကြည်တတ်ကြတာပါ”
"အကယ်၍ ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော်တို့သက်ကြီးရွယ်အိုတွေ အများဆုံးစုဝေးလေ့ရှိတဲ့နေရာတွေကို သွားရောက်ရှာဖွေသင့်တယ်၊ အဲဒီမှာ သဲလွန်စအချို့ကို ရှာတွေ့နိုင်မလား မသိဘူး”
"မင်း တော်တော်ပါးနပ်တာပဲ ချင်ရန်၊ ဒါပေမဲ့ ဒါကို ငါတို့လည်းတွေးမိထားပြီးသားပါ၊ ပြီးခဲ့တဲ့ရက်ပိုင်းက သက်ကြီးရွယ်အိုတွေဖဲကစားတဲ့နေရာတွေ၊ မာကျောက်ကစားတဲ့အခန်းတွေနဲ့ စုပေါင်းပြီးရင်ပြင်အက ကကြတဲ့နေရာတွေကို လူလွှတ်ပြီး စစ်ဆေးခဲ့ပေမဲ့ ဘာသဲလွန်စမှ ရှာမတွေ့ခဲ့ဘူး"
ထိုအချိန်တွင် ရဲအရာရှိတစ်ဦးသည် အစည်းအဝေးအခန်းထဲသို့ ရုတ်တရက် လှမ်းဝင်လာပြီး လင်းကုဝေအနားသို့ ချဉ်းကပ်ကာ စကားအချို့ကို တိုးတိုးလေး ကပ်ပြောလိုက်သည်။ထိုအခါ
လင်းကုဝေ၏မျက်နှာအမူအရာ ချက်ချင်းပြောင်းလဲသွားခဲ့ရပြီး လေးနက်တည်ကြည်သော မျက်နှာထားဖြင့် အစည်းအဝေးခန်းမအတွင်းရှိ လူတိုင်းကို ကြည့်လိုက်သည်။
"နောက်ထပ် သတင်းတစ်ခုရောက်လာပြန်ပြီ၊ လူနေအိမ်ရာဝင်းတစ်ခုတည်း၊ အထပ်တစ်ခုတည်းမှာပဲ တစ်ချိန်တည်းအတွင်း လူလေးဦး ဆက်တိုက်ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်သွားခဲ့တယ်”
"လေးယောက်စလုံး ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်တာလား”
ချင်ရန် အနည်းငယ်အံ့အားသင့်ကာ မေးမြန်းလိုက်သည်။ ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်မှုများက အထပ်တစ်ခုတည်းတွင် တစ်ချိန်တည်း တစ်ပြိုင်နက်တည်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဤအရာနှစ်ခုအကြား မည်သို့သောဆက်စပ်မှုမျိုး ရှိနေသနည်း။
လင်းကုဝေသည် အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်စုံစမ်းစစ်ဆေးရန် ချက်ချင်းပြင်ဆင်တော့သည်။ ချင်ရန်လည်း အတူလိုက်ပါသွားခဲ့သည်။ မိနစ်နှစ်ဆယ်ခန့် ကြာပြီးနောက် သူတို့သည် အခင်းဖြစ်ပွားရာ လူနေအိမ်ရာဝင်းသို့ ရောက်ရှိလာခဲ့ကြသည်။ ကားအတွင်းမှနေ၍ ချင်ရန် တစ်ချက်လှမ်းကြည့်လိုက်ရာ ဆယ်ထပ်ခန့်မြင့်သော အဆောက်အအုံတစ်ခုထံမှ ပျစ်ခဲလှသော မီးခိုးနက်ကြီးများထွက်ပေါ်နေသည်ကို မြင်တွေ့လိုက်ရသည်။
သို့သော်လည်း မီးခိုးနက်များသည် ထိုအဆောက်အအုံ၏အထပ်တစ်ခုတည်းမှ ထွက်ပေါ်နေခြင်း မဟုတ်ဘဲ စုစုပေါင်း လေးထပ်မှနေ၍ ပြိုင်တူထွက်ပေါ်နေခြင်း ဖြစ်သည်။
"မီးလောင်နေတာလား”
"အဲဒီလူတွေ ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်ခဲ့တဲ့ပုံစံက ဒါဖြစ်နိုင်မလား”
ချင်ရန် ကြောက်မက်ဖွယ်ကောင်းလှသော အရာတစ်ခုကို တွေးတောမိသွားပြီး သူငယ်အိမ်များ ကျုံ့ဝင်သွားခဲ့ရသည်။
မကြာမီ လင်းကုဝေ၊ ချင်ရန်နှင့် ရဲအရာရှိတစ်စုအခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိလာခဲ့ကြပြီး မီးသတ်တပ်ဖွဲ့က ဤနေရာရှိ မီးပွားအားလုံးကိုငြှိမ်းသတ်ပေးထားပြီး ဖြစ်သည်။
ချင်ရန်သည် အခင်းဖြစ်ရာ ဤနေရာ၌ အရိုးစုအဆင့်အထိ လောင်ကျွမ်းပြာကျလုနီးပါးဖြစ်နေသော မီးလောင်ကျွမ်းထားသည့် ရုပ်အလောင်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ ထိုအခါ လင်းကုဝေသည် မျက်နှာပျက်သွားခဲ့ပြီး မှုခင်းဆေးဆရာဝန်ကို အလောတကြီးလှမ်းခေါ်ကာ ပြစ်မှုဖြစ်ပွားရာနေရာကို ဝိုင်းရံပိတ်ဆို့ရန် ပြင်ဆင်တော့သည်။
တစ်ချိန်တည်းမှာပင် အခြားသောမီးခိုးနက်များထွက်ပေါ်ခဲ့သည့် အထပ်သုံးထပ်ကိုလည်း သွားရောက်စစ်ဆေးခဲ့ကြရာ ၎င်းတို့အတွင်း၌လည်း အလားတူပင် မီးလောင်ကျွမ်းထားသော ရုပ်အလောင်းတစ်ခုစီကို ရှာဖွေတွေ့ရှိခဲ့ကြသည်။
ချင်ရန်သည် ဤနေရာ၌ဆက်လက်ရှိနေခဲ့ပြီး သူ့ပြစ်မှုနောက်ကြောင်းပြန်မြင်နိုင်သည့်စွမ်းရည်ကို အသုံးပြုရန် ပြင်ဆင်လိုက်သည်။
*ဝူးး*
အမှန်တကယ်ပြောရမည်ဆိုလျှင် ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်မှုဖြစ်သော်လည်း မိမိအသက်ကို သတ်ဖြတ်ခြင်းဖြစ်သဖြင့် 'လူသတ်မှု'အသွင်အပြင် ရှိနေခဲ့ရာပြစ်မှုခြေရာခံစနစ်ကို အသုံးပြုနိုင်ခြင်းဖြစ်သည်။ ထို့နောက် ချင်ရန်သည် အခြားသော အချိန်အပိုင်းအဆတစ်ခုသို့ ရောက်ရှိသွားခဲ့ပြီး ၎င်းအတွင်း၌ မူလကမီးလောင်ကျွမ်းခြင်းမရှိသေးဘဲ ကောင်းမွန်စွာတည်ရှိနေသော အိမ်ခန်းလေးကို မြင်တွေ့လိုက်ရသည်။
အဆိုပါ အခန်းလေးထဲတွင် အသက်ငါးဆယ်ကျော်ခန့်ရှိမည့် အမျိုးသမီးကြီးတစ်ဦးသည် ဆိုဖာပေါ်တွင်ထိုင်နေခဲ့ပြီးသူမမျက်ဝန်းများတွင်လည်း မျက်ရည်များဖြင့်ဝေ့သီနေခဲ့ကာ လက်ထဲတွင် အသက်ခုနစ်နှစ် ရှစ်နှစ်အရွယ် ကောင်လေးတစ်ဦး၏ဓာတ်ပုံဘောင်ကို တင်းကျပ်စွာပွေ့ပိုက်ထားသည်။
"မြေးလေး အဖွားရဲ့အိမ်ဖျက်သိမ်းမှုကရတဲ့ လျော်ကြေးငွေတွေအားလုံးကို နတ်ဘုရားတွေဆီ လွှဲပေးလိုက်ပြီနော်၊ အခု အဖွားသေပေးလိုက်ရုံနဲ့ မြေးလေးပြန်ရှင်လာတော့မှာပါ"
ထိုအမျိုးသမီးကြီးသည် မိမိဘာသာ ရေရွတ်ရင်း အိမ်အတွင်းမှဓာတ်ဆီပုံးကို ယူဆောင်ကာ အခန်းထောင့်စုံနေရာများနှင့် မိမိဦးခေါင်းပေါ်သို့ပါ သွန်းလောင်းလိုက်တော့သည်။ နောက်ဆုံးတွင် သူမမျက်ဝန်းများ၌ ပြတ်သားလှသော အကြည့်တစ်ချက်ပေါ်ပေါက်လာခဲ့ပြီး မီးခြစ်ကိုထုတ်ယူကာ ဓာတ်ဆီများကို ဘုန်းခနဲမြည်အောင် စတင်မီးရှို့လိုက်လေတော့သည်။
ချင်ရန်သည် ဤမြင်ကွင်းကိုစောင့်ကြည့်နေခဲ့မိရာ ထိုအမျိုးသမီးကြီး၏ ခန္ဓာကိုယ်မှာ မီးလောင်ကျွမ်းမှုဒဏ်ကြောင့် အသည်းအသန်တွန့်လိမ်နေခဲ့သော်လည်း အော်ဟစ်ငိုကြွေးခြင်းလုံးဝမပြုဘဲ "မြေးလေး မြေးလေး" ဟူ၍သာ မပြတ်တမ်း တိုးတိုးလေး ရေရွတ်နေခဲ့သည်။
ထိုအမျိုးသမီးကြီးအားကြည့်ပြီး ချင်ရန့်အကြည့်များမှာ အေးစက်သွားခဲ့ရသည်။ ထိုအမျိုးသမီးကြီး သေဆုံးရခြင်း၏ အကြောင်းရင်းက ရှင်းလင်းသွားခဲ့ပြီ ဖြစ်သည်။ သူမသည် စိတ်၏လိမ်လည်လှည့်ဖြားခြင်းကိုခံခဲ့ရပြီး သူမပိုင်ဆိုင်သမျှ ငွေကြေးအားလုံးဆုံးရှုံးခဲ့ရသည့်အပြင် နောက်ဆုံးတွင် မိမိအသက်ကိုပါ ပေးဆပ်သွားခဲ့လိုက်ရခြင်းဖြစ်သည်။
မိမိ၏အလိုလိုသိစိတ်အရ ချင်ရန်သည် အဆိုပါလူလေးဦးသေဆုံးရခြင်း၏ အကြောင်းရင်းအမှန်မှာ ထိုကတ်ပြားအသေးလေးပေါ်တွင် ရေးထိုးထားသော "မသေမျိုးအဖြစ် အသက်ရှည်ခြင်း” ဆိုသည့် အရာများနှင့် ပါဝင်ဆက်စပ်နေလိမ့်မည်ဟု သေချာပေါက်ယုံကြည်လိုက်၏။