← Chapters

အခန်း ၂၁၅

Vol. 22 Ch. 215

အခန်း ၂၁၅

Vol. 22 Ch. 215

215

မှုခင်းစုံစမ်းစစ်ဆေးရေးပညာရှင်သည်

သေဆုံးသူလေးဦး၏အထောက်အထားမျာနှင့် မည်သူမည်ဝါဖြစ်ကြောင်းကို မကြာမီမှာပင် လျင်မြန်စွာ ဖော်ထုတ်နိုင်ခဲ့သည်။ သူတို့မှာ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးဖြစ်ကြပြီး အားလုံးမှာ အသက်ငါးဆယ်ကျော်အရွယ်များ ဖြစ်ကြသည်။

သူတို့၏ တူညီသောဝိသေသလက္ခဏာတစ်ခုမှာအားလုံးသည် သားသမီးများနှင့် ခွဲခွာနေထိုင်ရသည့် သက်ကြီးရွယ်အိုများ ဖြစ်ကြပြီး သားသမီးလုံးဝမရှိသူများ သို့မဟုတ် သားသမီးဖြစ်သူက အိမ်သို့မပြန်လာတတ်သူများ ဖြစ်ကြသည်။ သေဆုံးသူများသည် မည်သူမည်ဝါ ဖြစ်ကြောင်းကိုပြသထားသော အစီရင်ခံစာကို နားထောင်ပြီးနောက် လင်းကုဝေ ခေတ္တမျှတွေးတောလိုက်သည်။

"သူတို့သေဆုံးရတဲ့ အခြေခံအကြောင်းရင်းက မီးလောင်လို့ပဲ၊ ဒါပေမဲ့ အသေးစိတ် စုံစမ်းစစ်ဆေးပြီးတဲ့နောက်မှာ ဒီမီးကို သူတို့ကိုယ်တိုင်ပဲရှို့ခဲ့တာ၊ ပြီးတော့ ပြင်ပလူတစ်ဦးတစ်‌ယောက်မှဝင်ရောက်စွက်ဖက်ခဲ့တဲ့ အရိပ်အယောင်လုံးဝမရှိဘူး"

လင်းကုဝေ ခဏစဉ်းစားပြီးနောက် သေဆုံးသူသက်ကြီးရွယ်အိုလေးဦး၏ လက်ကိုင်ဖုန်းများ၊ ဖုန်းခေါ်ဆိုမှု မှတ်တမ်းများနှင့်အခြားအချက်အလက်များကို ရှာဖွေစစ်ဆေးရန် နည်းပညာရှင်များကို ညွှန်ကြားလိုက်သည်။ ဤအမှုသည် လူ့ပတ်ဝန်းကျင်တစ်ခုလုံးတွင် ချက်ချင်းပင် ဂယက်ရိုက်ခတ်သွားခဲ့တော့သည်။

တစ်ချိန်တည်းမှာ လူလေးဦးမီးလောင်၍ သေဆုံးသွားခဲ့ခြင်းမှာ သေးငယ်သော ကိစ္စရပ်တစ်ခု လုံးဝမဟုတ်ချေ။

အနည်းဆုံးတော့ ထိုလူနေအိမ်ရာဝင်း၏ အိမ်ခြံမြေစီမံခန့်ခွဲရေးအဖွဲ့ မှာ မျက်ရည်ကျလုနီးပါး ဖြစ်နေရရှာသည်။ ဤနေရာတွင် လူအများအပြားသေဆုံးသွားခဲ့သဖြင့် ယခုအခါ သရဲခြောက်သောအိမ်ကြီးဟု အပြောခံနေရပြီဖြစ်ရာ အိမ်ခန်းများကို မည်သို့ဆက်လက်ရောင်းချနိုင်တော့မည်နည်း။

ထိုအချိန်တွင် ချင်ရန်သည် သေဆုံးသူ လေးဦးစလုံးအတွက် ရာဇဝတ်မှုနောက်ကြောင်းပြန် စုံစမ်းစစ်ဆေးခြင်း လုပ်ငန်းစဉ်တစ်ခုလုံးကို ပြီးဆုံးအောင် ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်။ သူတို့မည်သို့ သေဆုံးသွားခဲ့ကြသည်ကို ချင်ရန် ကိုယ်တိုင်ကိုယ်ကျမြင်တွေ့ခဲ့ရပြီး ဖြစ်သည်။

သူတို့အားလုံးသည် မိမိကိုကိုယ်မီးရှို့၍ အရှင်လတ်လတ် မီးလောင်ကျွမ်းခံခဲ့ကြခြင်းဖြစ်သည်။ ထို့အပြင် သူတို့သည် မသေဆုံးမီအချိန်အထိ နာကျင်စွာ အော်ဟစ်ငိုကြွေးခြင်း လုံးဝမရှိခဲ့ကြပဲ ဆန့်ကျင်ဘက်အနေဖြင့် သူတို့မျက်ဝန်းများမှာ ပြတ်သားပြီး စွဲလမ်းမှုများဖြင့် ပြည့်နှက်နေခဲ့ကာ သေဆုံးပြီးနောက် ကောင်းကင်ဘုံသို့ ရောက်ရှိသွားမည့်အလားခံစားချက်မျိုး ဖြစ်နေခဲ့ကြသည်။

'ဒီလို တစ်ယောက်တည်းနေထိုင်ကြတဲ့ သက်ကြီးရွယ်အိုတွေနဲ့ သားသမီးတွေက အိမ်မှာမရှိတာ နှစ်ပေါင်းများစွာကြာနေပြီဖြစ်တဲ့ သက်ကြီးရွယ်အိုတွေ၊ ဒါ့အပြင် သူတို့ကအသက်ကြီးပြီး အဖော်မဲ့နေကြတော့ သူတို့အတွေးအခေါ်တွေကသိပ်မသွက်လက်တော့သလို၊ အခုခေတ် လိမ်လည်လှည့်ဖြားမှုတွေကိုလည်း သိပ်ပြီး နားမလည်ကြဘူး'

'အဖွဲ့အစည်းတစ်ခုခုကသာ သူတို့ရဲ့မသိနားမလည်မှုကို အခွင့်ကောင်းယူပြီး၊ယ သက်ကြီးရွယ်အိုတွေရဲ့ ပိုက်ဆံတွေကို လိမ်လည်လှည့်ဖြားယူခဲ့ကြတာဖြစ်ဖို့ အများကြီး သေချာတယ်၊ ပြီးတော့ သူတို့‌တွေရဲ့လိမ်လည်မှုကို မပေါ်ရအောင်လို့ အစဖျောက်တဲ့အနေနဲ့ သက်ကြီးရွယ်အိုတွေကို ကိုယ့်ကိုကိုယ်သေကြောင်းကြံစည်အောင်ထပ်ပြီး စိတ်ကိုလှည့်စားခဲ့ကြသေးတယ်'

'ဒါပေမဲ့ အခုထိတော့ ခိုင်လုံတဲ့တခြား သဲလွန်စတွေကို ရှာမတွေ့သေးဘူး'

ချင်ရန်အနေဖြင့် ရာဇဝတ်မှုနောက်ကြောင်းပြန်စွမ်းရည်ကို အသုံးပြုခဲ့သော်လည်း ထိုလူများမသေဆုံးမီ အခြေအနေအထိသာ နောက်ကြောင်းပြန်ကြည့်နိုင်ခဲ့ခြင်းဖြစ်သည်။ သူတို့သည် မိမိတို့ဘာသာ အသက်ကုန်ဆုံးစေခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် အရာအားလုံးမှာ လက်တွေ့စုံစမ်းစစ်ဆေးမှုအပေါ်တွင်သာ မူတည်နေတော့၏။

နှစ်နာရီခန့်အကြာစုံစမ်းစစ်ဆေးပြီးသည့်နောက်တွင်သေဆုံးသူသက်ကြီးရွယ်အိုလေးဦး၏ မကြာသေးမီက ဖုန်းခေါ်ဆိုမှု မှတ်တမ်းများကို ရှာဖွေတွေ့ရှိခဲ့သည်။ သက်ကြီးရွယ်အိုများသည် စမတ်ဖုန်းများကို ကောင်းမွန်စွာမသုံးစွဲတတ်ကြသဖြင့်ဖုန်းခေါ်ဆိုရန်အတွက်သာ အဓိက အသုံးပြုကြခြင်းဖြစ်သည်။

ထို့ကြောင့် ဖုန်းခေါ်ဆိုမှုမှတ်တမ်းများကိုသာ ရှာဖွေတွေ့ရှိနိုင်ခဲ့ခြင်းဖြစ်သည်။

ဖုန်းခေါ်ဆိုမှု မှတ်တမ်းကိုကြည့်ရှုပြီးနောက် လင်းကုဝေမှာ ထိုမှတ်တမ်းတွင် ပါရှိသော ဖုန်းနံပါတ်သို့ ချက်ချင်း ပြန်လည်ခေါ်ဆိုရန် ရဲဝန်ထမ်းတစ်ဦးကို စေလွှတ်လိုက်သည်။ သို့သော်လည်းဖုန်းခေါ်ဆိုလိုက်သည့်အခါတွင်မူ ထိုနံပါတ်မှာ လိုင်းချိတ်ထားခြင်းမရှိ‌ချေ။

၎င်းမှာ စိတ်ကူးယဉ်အိမ်မက်နံပါတ်တစ်ခု ဖြစ်နေသည့်အလားပင် ဖြစ်နေ၏။ထိုအခါ လင်းကုဝေ၏မျက်နှာတစ်ပြင်လုံးမှာ မည်းမှောင်သွားခဲ့သည်။

"ဒါက တပ်ဆင်ထားခြင်းမရှိတဲ့ နံပါတ်တစ်ခုဖြစ်ဖို့များတယ်၊ တစ်ဖက်လူက မှတ်ပုံတင်မရှိတဲ့ နံပါတ်ကနေတစ်ဆင့် ဖုန်းခေါ်ဆိုခဲ့တာဖြစ်လို့ ကျွန်တော်တို့ဘက်ကပြန်ခေါ်လည်း အလကားပဲဖြစ်နေမှာ”

ထိုအခါ လင်းကုဝေ ပို၍ပင်ခက်ထန်သော မျက်နှာထားဖြင့် ခေါင်းညိတ်လိုက်၏။ ထိုအခိုက်တွင် အခြားသော စာရွက်စာတမ်းအစီရင်ခံစာ အထောက်အထားတစ်ခု ထပ်မံရောက်ရှိလာခဲ့သည်။ ထိုအစီအရင်ခံစာထဲတွင် သက်ကြီးရွယ်အိုလေးဦးတို့၏ဘဏ်အကောင့်များကို ဖော်ပြထားပြီး သူတို့အားလုံးသည် ယနေ့တွင် သူတို့၏ပိုင်ဆိုင်မှုငွေကြေးအားလုံးကို အကောင့်တစ်ခုထဲသို့ လွှဲပြောင်းခဲ့ကြခြင်းဖြစ်သည်။

သို့သော် ထိုဘဏ်အကောင့်များမှာ ပြည်ပတွင် ဖွင့်လှစ်ထားသော ဘဏ်အကောင့်ဖြစ်နေ၏။ ထိုဘဏ်အကောင့်ထဲသို့ လွှဲထားသည့် ငွေပမာဏမှာ စုစုပေါင်း ယွမ် ၂.၂၃ သန်းအထိရှိနေသဖြင့် အတော်ပင် ကြီးမားသောပမာဏဖြစ်ပေ၏။

"ဒါက ငွေကြေးလိမ်လည်မှုပဲ”

အဆိုပါ အစီရင်ခံစာကိုကြည့်ပြီးနောက် လင်းကုဝေ ကောက်ချက်ချလိုက်သည်။ ထိုပမာဏအားမြင်တွေ့ပြီးနောက် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ သို့သော်လည်း အခြားသော မေးခွန်းတစ်ခုလည်း ထပ်ရှိနေသေးသည်။

အဘယ်ကြောင့် ဤသက်ကြီးရွယ်အို လေးဦးသည် မိမိကိုယ်ကိုမီးရှို့မည့်လမ်းကို ရွေးချယ်ခဲ့ကြသနည်း။ အခင်းဖြစ်ပွားရာနေရာမှတွေ့ရှိရသော သက်သေများနှင့် စစ်ဆေးခဲ့သောစောင့်ကြည့်ရေးဗီဒီယိုများအရ ထိုသက်ကြီးရွယ်အိုလေးဦး၏ အခန်းတွင်းသို့ မည်သူမျှဝင်ရောက်ခဲ့ခြင်း မရှိချေ။

တစ်နည်းအားဖြင့်ဆိုရသော် သူတို့ကိုယ်တိုင်ပင် မီးရှို့မှုလုပ်ရပ်ကို ကိုယ်တိုင် လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ရန် အလွန်သေချာနေသည်။ ထိုအချိန် ချင်ရန်က ရုတ်တရက်လှမ်းမေးလိုက်သည်။

"အဖွဲ့မှူးလင်း ဒီနေ့မနက် ကျွန်တော်တို့ လုပ်ခဲ့တဲ့အစည်းအဝေးကို မှတ်မိသေးလား”

ထိုစကားကိုကြားရသောအခါ လင်းကုဝေ အနည်းငယ် အံ့အားသင့်သွားပြီးနောက် မျက်မှောင်ကြုတ်လိုက်မိသည်။

ထိုကတ်ပြားအသေးလေးများပေါ်တွင် ချီကုန်းကျင့်ခြင်းကမသေမျိုးဖြစ်စေနိုင်ကြောင်း ရေးသားထားသည်ကို သူ သေချာပေါက် မှတ်မိနေသေးသည်။ ဤအရာနှစ်ခုနှင့် ယခုသေဆုံးမှုဖြစ်စဉ်သည်ဆက်စပ်နေနိုင်လို့လား။

ချင်ရန် လေးနက်သောလေသံဖြင့် ပြောလာသည်။

"ဒီအရာနှစ်ခုက တစ်ခုနဲ့တစ်ခုဆက်စပ်နေဖို့ အများကြီးသေချာတယ်လို့ ကျွန်တော် ခံစားရတယ်"

ချင်ရန်သည် စတုတ္ထမြောက်သေဆုံးသူ၏အချိန်ခရီးသွား အပိုင်းအဆအတွင်းသို့ ဝင်ရောက်ခဲ့စဉ်က သူ့အိမ်၌ ကတ်ပြားအသေးလေးတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ သို့သော် ထိုကတ်ပြားမှာ မီးတောက်များအတွင်း ပြာကျပျက်စီးသွားခဲ့ပြီဖြစ်၏။

ထိုစကားကို ကြားလိုက်ရသည့်အခါ လင်းကုဝေ ရုတ်တရက် ခေတ္တမျှတိတ်ဆိတ်သွားခဲ့ပြီးနောက် တစ်ကိုယ်လုံးကြက်သီးများ ထသွားခဲ့ရသည်။ သူ သံသယစိတ်ဖြင့် ချင်ရန်အား မေးလိုက်သည်။

"မင်းပြောချင်တာ ဒါက ဘာသာရေးအစွန်းရောက် မကောင်းဆိုးဝါးဂိုဏ်းရဲ့ အမှုတစ်ခုပေါ့ ဟုတ်လား၊ ဒီသက်ကြီးရွယ်အိုတွေ သေဆုံးရတာကလည်း မကောင်းဆိုးဝါးဂိုဏ်းကြောင့်လို့ မင်းက ပြောချင်တာလား”

ထိုသို့ လင်းကုဝေမေးလိုက်ရာ ချင်ရန်က ခေါင်းညိတ်ပြလ်ိုက်သည်။

"ဖြစ်နိုင်ခြေ အများကြီးရှိတယ်”

ထိုအခါ လင်းကုဝေ ဒေါသများဆူဝေလာတော့၏။

"တောက် အောက်တန်းကျလိုက်တာ၊ အောက်တန်းကျလိုက်တဲ့ ကောင်တွေ၊ အသက်ကြီးတဲ့သူတွေကို ပိုက်ဆံလိမ်ရုံတင် မကဘူး၊ အသက်ကိုပါ လိမ်ယူသွားကြတာပဲ၊ ဒီကောင်တွေကွာ”

လင်းကုဝေမှာ ဒေါသတကြီးဖြင့်ကျိန်ဆဲလိုက်တော့သည်။

"သူတို့က သက်ကြီးရွယ်အိုတွေကို ကိုယ့်ကိုကိုယ်သေကြောင်းကြံစည်ခိုင်းတာက သက်သေတွေကို ဖျောက်ဖျက်ချင်လို့ဆိုတာ ဖြစ်ဖို့များတယ်၊ ကျွန်တော်တို့ ဒီကိစ္စအတွက် စုံစမ်းစစ်ဆေးရေးကို အရင်ထက်ပိုပြီးတင်းကျပ်ဖို့ လိုအပ်ပါတယ်"

ထိုအခါ လင်းကုဝေလေးနက်တည်ကြည်စွာသွား၏။

“ငါတို့ တရုတ် နိုင်ငံတော်က မကောင်းဆိုးဝါးဂိုဏ်းအမှုတွေနဲ့ပတ်သက်ရင် အမြဲတမ်းပြတ်ပြတ်သားသား ကိုင်တွယ်လေ့ရှိတယ်၊ ငါ အခုချက်ချင်းပဲ ညွှန်ကြားရေးမှူးချုပ်ဆီကို တင်ပြပြီး စုံစမ်းစစ်ဆေးဖို့ လူအင်အား ထပ်မံတောင်းခံလိုက်မယ်"

ဤသို့ဖြင့် ထိုအမှုအား မကောင်းဆိုးဝါးဂိုဏ်းအမှုအဖြစ် သတ်မှတ်လိုက်ကြတော့သည်။ တစ်ဖက်တွင်လည်း လင်းကုဝေ၏တင်ပြချက်ကြောင့် ရှီကျင်းစုန့်သည် ဤကိစ္စကို အလွန်တရာအရေးတကြီးသည့် အမှုတစ်ခုအဖြစ် သတ်မှတ်ခဲ့ပြီး ယခင်က မကောင်းဆိုးဝါးဂိုဏ်း အမှုပေါင်းများစွာကိုဖြေရှင်းခဲ့ဖူးသော ပြည်နယ်အဆင့်စုံစမ်းစစ်ဆေးရေး ပညာရှင်တစ်ဦးကို ချက်ချင်းလွှဲပြောင်းခေါ်ယူပေးခဲ့သည်။

ယနေ့ခေတ် လူ့အဖွဲ့အစည်းတွင် မကောင်းဆိုးဝါးဂိုဏ်းများသည် အလွန်ကို လျှို့ဝှက်စွာ ပုန်းအောင်းနေထိုင်လာကြသည်။ သူတို့သည် သူတို့အမည်နာမများကိုပင် ပြောင်းလဲပစ်ကြပြီး လျှိုဝှက် အစည်းအဝေးတိုင်းတွင် လျှို့ဝှက်ကုဒ်စကားလုံးများကိုသာ အစားထိုး အသုံးပြုလာကြသည်။

ပြည်နယ်အဆင့်မှ ရောက်ရှိလာသော စုံစမ်းစစ်ဆေးရေး ပညာရှင်များသည်လည်း အမှုကို ချက်ချင်းစတင်စုံစမ်းခဲ့ကြ၏။ သို့သော်လည်း နှမြောစရာကောင်းသည်မှာ ထိုပြည်နယ်အဆင့် ပညာရှင်များသည်ပင် အိမ်မီးလောင်၍ သေဆုံးခဲ့ရသော သက်ကြီးရွယ်အိုလေးဦး၏အမှုအတွက် မည်သည့် သဲလွန်စမျှ ရှာမတွေ့နိုင်ခဲ့ကြချေ။

အဘယ်ကြောင့်ဆိုသော် ကျန်ရစ်ခဲ့သော သဲလွန်စများက အလွန်အမင်း နည်းပါးလွန်းသောကြောင့် ဖြစ်သည်။

ဖုန်းနံပါတ်မှာ အတုဖြစ်နေသဖြင့် ဆက်သွယ်၍မရနိုင်ပေ။ ထို့အပြင် သူတို့သည် ထိုသက်ကြီးရွယ်အိုများ၏လက်ကိုင်ဖုန်းများကို ခြေရာခံရန် နည်းပညာရှင်များကို ငှားရမ်းခဲ့ကြသော်လည်း ကြောက်မက်ဖွယ်ကောင်းသော အချက်တစ်ချက်ကိုသာ ရှာဖွေတွေ့ရှိခဲ့ကြသည်။

ထိုလက်ကိုင်ဖုန်းများသည် သူတို့နေထိုင်ရာ အခန်းများအတွင်းမှတစ်ပါး အပြင်သို့ လုံးဝထွက်ခွာသွားခြင်းမရှိခဲ့ကြောင်း ပေါ်ထွက်လာခဲ့ရာ သက်ကြီးရွယ်အိုများသည် ထိုမကောင်းဆိုးဝါးဂိုဏ်းနှင့် သွားရောက်ထိတွေ့ချိန်တွင် လက်ကိုင်ဖုန်းများကို ယူဆောင်သွားခြင်းမရှိခဲ့ကြကြောင်း ကောက်ချက်ချနိုင်ပေသည်။

ထိုမကောင်းဆိုးဝါးဂိုဏ်း၏ နည်းလမ်းများမှာ အလွန်တရာပါးနပ်လှသည်ဟု ဆိုရမည်။ ပြည်နယ်အဆင့် စုံစမ်းစစ်ဆေးရေးပညာရှင်သည်လည်း ဤကိစ္စနှင့်ပတ်သက်၍ အတော်ပင်ခေါင်းခဲနေခဲ့ရသည်။ သူသည် မကောင်းဆိုးဝါးဂိုဏ်းအမှုများကို ဖြေရှင်းခဲ့ဖူးသည်ဆိုသော်လည်း အမှန်အတိုင်း ပြောရလျှင် ထိုအမှုများမှာ လွန်ခဲ့သည့်ငါးနှစ် ခြောက်နှစ်ခန့်ကဖြစ်ရပ်များ ဖြစ်သည်။

ထိုအချိန်တုန်းကမကောင်းဆိုးဝါးဂိုဏ်းများသည် လမ်းမများပေါ်တွင်ဗြောင်ကျကျ စည်းရုံးလှုံ့ဆော်ခဲ့ကြပြီးတန်ပြန်စောင့်ကြည့်မှုကို ရှောင်လွှဲသည့် နည်းလမ်းများကလည်း ယခုလောက် အဆင့်မမှီသေးသဖြင့် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

ယခုအခါတွင်မူ ဤမျှ အင်အားတောင့်တင်းပြီး ဦးနှောက်ဆေးခြင်းခံရသူများနှင့် အဆက်အသွယ်ပြုလုပ်ရာတွင် ခြေရာဖျောက်ကောင်းလွန်းလှသောမကောင်းဆိုးဝါးဂိုဏ်းနှင့် ရင်ဆိုင်နေရပြီဖြစ်ရာ သူတို့သည် မည်သို့ ရှေ့ဆက်၍ စုံစမ်းစစ်ဆေးရပါတော့မည်နည်း။

ယနေ့ရဲဌာနချုပ်၌ အစည်းအဝေးတစ်ခု ထပ်မံကျင်းပခဲ့သည်။ အကြောင်းမှာ နောက်ထပ်သက်ကြီးရွယ်အိုများများသည် ပိုက်ဆံများလွှဲပြောင်းပြီးနောက် မိမိကိုယ်ကိုသေကြောင်းကြံစည်မှု အမှုသုံးခုထပ်မံဖြစ်ပွားခဲ့ပြန်ပြီဖြစ်၏။

ဤအမှုသည် အလွန်အမင်းပြင်းထန်လှပြီး ယခုအခါ စုစုပေါင်းလူခုနစ်ဦးအထိ သေဆုံးသွားခဲ့ပြီဖြစ်သည်။ ထို့အပြင် ထိုလူခုနစ်ဦးစလုံး မသေဆုံးမီ လုပ်ဆောင်ချက်များမှာ ထပ်တူညီနေခဲ့ပြီး သူတို့အားလုံးသည် မိမိတို့ဘဏ်စုငွေများကို ပြည်ပအကောင့်များသို့ လွှဲပြောင်းခဲ့ကြခြင်းဖြစ်သည်။

ဤအကြောင်းကြောင့် ရှီကျင်းစုန့် ကိုယ်တိုင်ပြည်ပသို့ ငွေလွှဲပြောင်းမှုများကို ကန့်သတ်ချက်များချမှတ်ပေးရန် မြို့တော်အစိုးရအဖွဲ့ထံ ဆက်သွယ် တောင်းဆိုခဲ့ရသည်။

အစည်းအဝေးစာပွဲခုံပေါ်တွင် ရှီကျင်းစုန့်သည် ပင်ပန်းနွမ်းနယ်နေသော သူ့နဖူးကို လက်ဖြင့်ပွတ်သပ်ရင်း လေးနက်သော လေသံဖြင့်မေးလိုက်သည်။

"မကောင်းဆိုးဝါးဂိုဏ်းအမှုရဲ့ စုံစမ်းစစ်ဆေးမှုက အခုထိ ဘာရလဒ်မှထွက်မလာသေးဘူးလား”

"မထွက်လာသေးပါဘူး ရဲချုပ်ကြီး”

လင်းကုဝေ မတ်တပ်ရပ်၍ပြန်လည်ဖြေကြားလိုက်သည်။ သူသည် ဤအမှု၏ တာဝန်ခံဖြစ်သည်။ ထိုအခါ ရှီကျင်းစုန့်သည် တိတ်ဆိတ်သွားခဲ့ပြီး သူ့ဘယ်ဘက်သို့လှမ်းကြည့်လိုက်ရာ သူ့ဘယ်ဘက်တွင် ထိုင်နေသူမှာ ပြည်နယ်အဆင့်မှ လွှဲပြောင်းခေါ်ယူထားသော ပညာရှင်တစ်ဦး ဖြစ်သည်။

သူသည် မကောင်းဆိုးဝါးဂိုဏ်းအမှုများကို နှိမ်နင်းရာတွင် အထူးပြုသူဖြစ်ပြီး အမှုပေါင်းဆယ်ခုထက်မက ဖြေရှင်းခဲ့ဖူးသည့်အပြင် မကောင်းဆိုးဝါးဂိုဏ်းများအတွင်းသို့ ကိုယ်တိုင်ကိုယ်ကျထိုးဖောက်ဝင်ရောက်၍ ထိုလူများကို ကိုင်တွယ်ခဲ့ဖူးသူလည်း ဖြစ်သည်။

သို့သော်လည်း ယခုအခါတွင် သူသည်လည်း အတော်ပင်လမ်းစပျောက်ကာ သက်ပြင်းချနေရရှာသည်။ ရှီကျင်းစုန့် လှမ်းကြည့်လာသည်ကို မြင်သောအခါ ထိုမကောင်းဆိုးဝါးဂိုဏ်း စုံစမ်းစစ်ဆေးရေးပညာရှင်က ခေါင်းကိုအသာခါယမ်းလိုက်၏။

"ရဲချုပ်ကြီး တောင်းပန်ပါတယ်၊ ကျွန်တော် အရည်အချင်းမပြည့်မီခဲ့ပါဘူး၊ ကျန်ခဲ့တဲ့ သက်သေအထောက်အထားတွေက အလွန်နည်းပါးလွန်းသလို ဒီမကောင်းဆိုးဝါးဂိုဏ်းက အရမ်းကိုလျှို့ဝှက်လွန်းတဲ့အတွက် စုံစမ်းစစ်ဆေးဖို့ တကယ်ခက်ခဲလွန်းပါတယ်"

မတက်သာသည့်အဆုံးမှာ ပညာရှင်ကြီးမှ တည့်တိုးပြောလိုက်တော့သည်။

All Chapters