အခန်း ၂၁၆
Vol. 22 Ch. 216
216
ရှီကျင်းစုန့်တစ်ယောက် သက်ပြင်းခပ်လေးလေး ချလိုက်မိသည်။ ဤအမှုကို စုံစမ်းစစ်ဆေးရန် မည်မျှအထိ ခက်ခဲလိမ့်မည်ကို သူကောင်းစွာတွေးဆထားပြီးသားဖြစ်၏။ ထို့ကြောင့်လည်း ပြည်နယ်အဆင့်ပညာရှင်များကို အကူအညီတောင်းကာ အပြေးအလွှားဖိတ်ခေါ်ခဲ့ရခြင်းပင်။
ယခုလည်း အစည်းအဝေးတစ်ခုလုံးတွင် လမ်းစပျောက်နေသည့် ထိုအမှုကို မည်သို့ ဆက်လက်စုံစမ်းရမည်နည်းဟူ၍ အကျပ်ရိုက်ကာ ဆွေးနွေးနေကြစဉ်ပင် ရဲအရာရှိတစ်ဦးက အစည်းအဝေးခန်းတံခါးကိုခေါက်၍ ဝင်ရောက်လာပြီး ခေါင်းဆောင်များထံ လေးနက်သော လေသံဖြင့် သတင်းပို့လာလေတော့သည်။
“ရဲချုပ်ကြီး၊ ကပ္ပတိန်လင်း အလေးပြုပါတယ်၊ လူတစ်ယောက်က သူ့ဇနီးနဲ့ သမီးဖြစ်သူ ပျောက်ဆုံးနေတယ်လို့ လာရောက်တိုင်ကြားပါတယ်၊ ဒါတင်မကသေးဘူး၊ သူတို့အိမ်ထဲမှာ မကောင်းဆိုးဝါးဂိုဏ်းရဲ့ဝါဒဖြန့်စာစောင်တွေကိုလည်း တွေ့ရှိခဲ့ရတယ်လို့ တိုင်ကြားလာပါတယ်”
“ဘယ်လို”
“ဝါဒဖြန့်စာစောင်”
ထိုစကားကိုကြားလိုက်ရသည့်အခါတွင် ရှီကျင်းစုန့်၊ လင်းကုဝေနှင့် စုံစမ်းစစ်ဆေးရေးပညာရှင်တို့အားလုံး ဖြတ်ခနဲမတ်တပ်ရပ်မိသွားကြ၏။ အမှုကိုဆက်လက်စုံစမ်းရန် သဲလွန်စတစ်ခုကို နောက်ဆုံးတော့ ရှာဖွေတွေ့ရှိသွားခဲ့ပြီမဟုတ်ပါလား။
လင်းကုဝေနှင့် မှုခင်းစုံစမ်းစစ်ဆေးရေးပညာရှင်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ထိုတိုင်ကြားသူနှင့်တွေ့ဆုံရန် ချက်ချင်းပင် အခန်းထဲမှ ထွက်ခွာသွားကြတော့သည်။
ထိုအချိန်တွင်မူ စစ်ဆေးမေးမြန်းရေးအခန်းအတွင်း၌ ချင်ရန်သည် အမှုလာရောက်တိုင်ကြားသူနှင့် စကားပြောဆိုနေသည်။
"ရဲအရာရှိရယ် ကျွန်တော့်ဇနီးနဲ့ သမီး ပျောက်သွားတာ တော်တော်ကြာနေပါပြီ၊ ကျွန်တော် သူတို့အတွက် တကယ်ကို စိတ်ပူနေမိလို့ပါ၊ သူတို့ကိုကယ်ဆယ်ဖို့ ရဲတွေကို ဘယ်အချိန်မှာ စေလွှတ်ပေးမှာလဲ”
လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ချင်ရန်အား မျှော်လင့်ချက်အပြည့်၊ စိုးရိမ်တကြီးဖြင့် တောင်းပန်တိုးလျှိုးကာ မေးမြန်းနေရှာသည်။ ထိုအခါ ချင်ရန်က လေးနက်သောလေသံဖြင့်
"ခင်ဗျားအိမ်ထဲမှာ မကောင်းဆိုးဝါးဂိုဏ်းရဲ့ဝါဒဖြန့်ကတ်ပြားတွေကို တွေ့ခဲ့တယ်လို့ ပြောခဲ့တယ်မလား၊ အဲဒါ ကျွန်တော့်ကို ခဏလောက် ပြလို့ရမလား”
"ဟုတ်ကဲ့၊ ဟုတ်ကဲ့ပါ ရပါတယ်”
ပြောပြောဆိုဆိုဖြင့် ထိုအမျိုးသားက ခေါင်းကို အဆက်မပြတ်ညိတ်ရင်း တစ်ပါတည်းပါလာသည့် ကတ်ပြားအသေးလေးတစ်ခုကို အိတ်ကပ်ထဲမှ ထုတ်ပေးခဲ့သည်။
ချင်ရန်က ထိုကတ်ပြားအားသေချာစစ်ဆေးကြည့်လိုက်သည့်အခါတွင် ၎င်း၏ပုံစံဒီဇိုင်းမှာ ယခင်က သူတို့တွေ့ရှိခဲ့သောကတ်ပြားများနှင့်မတူညီဘဲ ဖုန်းနံပါတ်မှာလည်း ကွဲပြားနေသည်ကို သတိပြုမိလိုက်သည်။
သို့သော် အသေအချာသိရှိနိုင်သောအချက်မှာမူ ၎င်းမှာ အလားတူ မကောင်းဆိုးဝါးဂိုဏ်းတစ်ခုတည်းပင်
ဖြစ်ရန် အလွန်သေချာပြီး ရဲတပ်ဖွဲ့၏အမှုစုံစမ်းစစ်ဆေးမှုကို လမ်းလွဲစေရန်အတွက် ပုံစံအမျိုးမျိုးပြောင်းလဲအသုံးပြုနေခြင်းလည်း ဖြစ်နိုင်သည်။
ချင်ရန်သည် သူ့ရာဇဝတ်မှု နောက်ကြောင်းပြန် စုံစမ်းသည့်စွမ်းရည်ကို အသုံးပြုရန်ပြင်ဆင်လိုက်သည့်အချိန်မှာပင် လင်းကုဝေနှင့် စုံစမ်းစစ်ဆေးရေးပညာရှင်တို့သည် စစ်ဆေးရေးအခန်းတွင်းသို့ဝင်ရောက်လာခဲ့ကြသည်။
ထိုလူနှစ်ဦးဝင်လာသည်ကို မြင်သောအခါ ချင်ရန်မှာ အနည်းငယ် အံ့အားသင့်သွားသည်။ သူသည် လင်းကုဝေကို သိသော်လည်း ဘေးတွင်ပါလာသော စုံစမ်းစစ်ဆေးရေးပညာရှင်ကိုမူ မမှတ်မိချေ။ ထိုပညာရှင်က စစ်ဆေးရေးစားပွဲအနားသို့ ချဉ်းကပ်လာပြီး တည်ကြည်သောမျက်နှာထားဖြင့် မိတ်ဆက်လာ၏။
"အမှုလာတိုင်တဲ့သူက ဘယ်သူလဲ၊ ငါက မှုခင်းပညာရှင် လီချန်ရှုန်းပါ၊ မကောင်းဆိုးဝါးဂိုဏ်းအမှုတွေကို အထူးပြု ကိုင်တွယ်ဖြေရှင်းပေးနေတဲ့ ပညာရှင်တစ်ယောက်ပါ”
ထိုအခါ ချင်ရန့်စိတ်ထဲတွင် အတွေးတစ်ခု ဖျတ်ခနဲပေါ်လာခဲ့၏။ သူသည် ရုပ်မြင်သံကြားဖန်သားပြင်ပေါ်တွင် အထူးသဖြင့် မကောင်းဆိုးဝါးဂိုဏ်း ဆန့်ကျင်ရေး ဝါဒဖြန့်ချိမှုများပြုလုပ်ချိန်၌ လူထုအရှေ့သို့ထွက်၍ ထိုဂိုဏ်းများ၏လိမ်လည်လှည့်ဖြားမှု နည်းလမ်းများအား ရှင်းလင်းပြသလေ့ရှိသော လီချန်ရှုန်းဆိုသူဖြစ်နေကြောင်း သတိရသွားသည်။
"အော် ခင်ဗျားက ပညာရှင်လူကြီးမင်း လီချန်ရှုန်းကိုး”
ထိုအခါ အမှုလာရောက်တိုင်ကြားသည့် အမျိုးသားသည် ကယ်တင်ရှင်ကြီးအား တွေ့လိုက်ရသည့်အခါတွင် ဝမ်းသာအားရ ဖြစ်သွားပြီး လီချန်ရှုန်းနှင့် ချက်ချင်း စကားပြောဆိုတော့သည်။
သို့သော်လည်း သူပြောသမျှစကားဆယ်ခွန်းတွင် ကိုးခွန်းခန့်မှာ သူ့ဇနီးနှင့် သမီးဖြစ်သူကို ကယ်တင်ပေးရန် တောင်းပန်နေခြင်းသာဖြစ်၏။
အဘယ်ကြောင့်ဆိုသော် သူတို့သားအမိနှင့် အဆက်အသွယ်ပြတ်တောက်နေသည်မှာ သုံးရက်တိုင်တိုင်ရှိနေပြီဖြစ်သဖြင့် သူ့အတွက် အလွန်အမင်းစိုးရိမ်ပူပန်နေသောကြောင့်ဖြစ်ပေသည်။
လီချန်ရှုန်း မျက်မှောင်အနည်းငယ် ကြုတ်သွား၏။
"စိတ်မပူပါနဲ့၊ အကြောင်းအရာအားလုံးကို အသေးစိတ်ပြောပြပေးလို့ရမလား၊ ခင်ဗျားရဲ့ဇနီးက ဘယ်အချိန်ကစပြီး ပျောက်သွားတာလဲ၊ မပျောက်ခင်မှာ ထူးဆန်းတဲ့ အမူအရာမျိုးတွေလုပ်ခဲ့သေးလား၊ ပြီးတော့ ခင်ဗျားရဲ့သမီးအကြောင်းကိုလည်း အသေးစိတ်လေးပြောပြပါဦး”
လီချန်ရှုန်းက နှစ်သိမ့်ရင်း မေးမြန်းလိုက်သည်။ ထိုစကားကို ကြားရသောအခါ ထိုအမျိုးသားက အနည်းငယ်အနေခက်သွားဟန်ဖြစ်သွား၏။
"ကျွန်တော်က တစ်နှစ်ပတ်လုံး အပြင်မှာပဲ လှည့်အလုပ်လုပ်နေရတာဆိုတော့ သူတို့ ဘာတွေလုပ်နေလဲဆိုတာ သေချာမသိဘူး၊ ဒါပေမဲ့ သူတို့ပျောက်သွားတာ သုံးရက်ရှိပြီ၊ အဲဒီကတည်းက ဇနီးနဲ့ သမီးကို မတွေ့ရတော့တာပါ၊ သူတို့က တစ်ခါတလေ အဖွားဖြစ်သူအိမ်ကိုသွားတတ်ကြလို့ ကျွန်တော်လည်း အစက သိပ်ပြီးသတိမထားမိလိုက်ဘူး"
ထိုလူက သူသိသမျှကိုဖြေကြားခဲ့သည်။
ထိုအဖြေကြောင့် လီချန်ရှုန်းအနေဖြင့် ဤအမှုမှာ အတော်ပင်ကိုင်တွယ်ရခက်ခဲကြောင်း ခံစားလိုက်ရသည်။ ထိုအခိုက်တွင် လီချန်ရှုန်းသည် ချင်ရန့်လက်ထဲရှိ ကတ်ပြားကို လှမ်းမြင်လိုက်ရာ ၎င်းကို ဖျတ်ခနဲလှမ်း၍ ဆွဲလုယူလိုက်တော့သည်။
လီချန်ရှုန်းက မိမိလက်ထဲမှကတ်ကို ယူသွားသည့်တိုင်အောင် ချင်ရန်ကမူ စိတ်အေးလက်အေးပင်ရှိနေ၏။ လီချန်ရှုန်းကြည့်ရှုပြီးမှပဲ သူ့ရာဇဝတ်မှု နောက်ကြောင်းပြန်မြင်ယောင်သည့် စွမ်းရည်ကို အသုံးပြုရန်သာ ငြိမ်သက်စွာ စောင့်ဆိုင်းနေလိုက်သည်။
"ဒီကတ်ပြားက မကောင်းဆိုးဝါးဂိုဏ်းတွေဝါဒဖြန့်တဲ့ ပုံစံထဲကအတိုင်းပဲ"
လီချန်ရှုန်း တီးတိုးရေရွတ်လိုက်သည်။
"ကတ်ပြားအသေးလေးတွေသုံးပြီး ကြော်ငြာတာက ခေတ်မမှီတော့တဲ့ နည်းလမ်းဟောင်းကြီးပါ၊ ကျိုးကြောင်းဆင်ခြင်ကြည့်ရင် ကတ်ပြားတွေဝေငှတဲ့နေရာတွေကို သေချာစုံစမ်းစစ်ဆေးပြီး အဲဒီဂိုဏ်းရဲ့အဖွဲ့ဝင်တွေရှိနေသေးရင် သူတို့ကို အမြန်ဆုံးရှာဖွေတွေ့ရှိနိုင်ရမှာပေါ့၊ ခင်ဗျားတို့ ဘာဖြစ်လို့ရှာမတွေ့ခဲ့ကြတာလဲ"
လီချန်ရှုန်းသည် မျက်မှောင်ကြုတ်လျက် အပြစ်တင်သောလေသံဖြင့် လင်းကုဝေကို လှမ်းပြောလိုက်သည်။ သူ့အမြင်အရဆိုလျှင် ရဲအင်အားအမြောက်အမြား အသုံးပြုလိုက်ရုံဖြင့် ဤအရာကို ရှာဖွေရန် အလွန်လွယ်ကူသည်မဟုတ်ပါလား။
လင်းကုဝေက လီချန်ရှုန်းအားကြည့်ပြီး စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါလိုက်ရင်း
"အဲဒီကတ်ပြားတွေကို အများဆုံးတွေ့ရတတ်တာက လူတွေပြွတ်သိပ်နေတဲ့ ဈေးဝယ်စင်တာတွေနဲ့ ပန်းခြံတွေထဲမှာပဲ၊ သူတို့က အဲလိုနေရာမျိုးတွေမှာ လိုက်ဝေကြတာမို့ ဒီလောက်လူကြပ်ပိတ်သိပ်နေတဲ့နေရာမျိုးမှာ လူတိုင်းကို တစ်ယောက်ချင်းစီလိုက်စစ်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး”
"ဒါက ခင်ဗျားတို့ရဲ့စွမ်းဆောင်ရည် ညံ့ဖျင်းတာကို ဖော်ပြနေတာလည်းဖြစ်နိုင်တာပဲလေ”
လီချန်ရှုန်း လေးနက်သောလေသံဖြင့် ထပ်မံအပြစ်တင်လိုက်ပြန်သည်။ သူသည် ဖိန်လင်မြို့တော်ရဲတပ်ဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှု အရှိန်အဟုန်အပေါ် အတော်ပင် မကျေမနပ်ဖြစ်နေပုံရ၏။
လင်းကုဝေမျက်နှာတွင် အဆိုပါပညာရှင်အား မကျေနပ်သည့်အရိပ်အယောင်များ အနည်းငယ်ပေါ်ပေါက်သွားခဲ့သော်လည်း ဒေါသကို ပြန်မျိုချကာ ဘာမှပြန်မပြောခဲ့ပေ။ ဤကဲ့သို့သော မှုခင်းပညာရှင်ဆိုသူများသည် စကားကြီးစကားကျယ်များကိုပြောဆိုပြီး စာအုပ်ထဲမှသီအိုရီများကိုသာ လွယ်လွယ်ကူကူနှုတ်တိုက်ရွတ်ပြတတ်ကြသည့်လူမျိုးများ ဖြစ်ကြသည်။
သူတို့သည် တကယ့်လက်တွေ့မြေပြင်တွင် အမှုစုံစမ်းစစ်ဆေးရသည့် ခက်ခဲသောအခြေအနေများကိုမူ အမှန်တကယ် နားလည်ကြခြင်းမရှိချေ။ လင်းကုဝေသည် မူလက မှုခင်းပညာရှင်လီချန်ရှုန်းကဲ့သို့သော အတွေ့အကြုံရှိပညာရှင်တစ်ဦးထံမှ ပရော်ဖက်ရှင်နယ်ကျသည့် အကြံဉာဏ်ကောင်းအချို့ရရှိနိုင်လိမ့်မည်ဟု ထင်မှတ်ခဲ့သော်လည်း အမှန်တကယ်တွင်မူ မည်သည့်အသုံးဝင်သော အကြံပြုချက်တစ်ခုမျှ မရရှိခဲ့ချေ။
ထိုအချက်က ၎င်းမှုခင်းပညာရှင်သည် နှုတ်ဖြင့်သာ ပြောဆိုတတ်သည့် အပေါ်ယံဆရာကြီးတစ်ဦးသာ ဖြစ်ကြောင်းကို လင်းကုဝေအား သဘောပေါက်သွားစေခဲ့သည်။
ထို့နောက် လီချန်ရှုန်းက အမှုလာတိုင်တန်းသော ထိုအမျိုးသားဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"ကဲ သွားကြစို့၊ ခင်ဗျားတို့အိမ်ကိုသွားပြီး တစ်ချက်လောက် ကြည့်ရအောင်"
"ဟုတ်ကဲ့၊ ဟုတ်ကဲ့ပါခင်ဗျာ”
ထိုအမျိုးသားက ခေါင်းကို အဆက်မပြတ် ညိတ်လိုက်ကာ သဘောတူလိုက်၏။ ထိုလူသည် သူတို့အိမ်သို့ရဲများ သွားရောက်လိုက်ရုံဖြင့် သူ့ဇနီးနှင့် သမီးကို ချက်ချင်းရှာတွေ့နိုင်တော့မည့်အလား ပျော်ရွှင်နေပုံရသည်။
"ကျွမ်းကျင်ပညာရှင်ကြီး ခင်ဗျာ”
လီချန်ရှုန်းစစ်ဆေးမေးမြန်းရေးအခန်းအတွင်းမှ လှမ်းထွက်ခွာတော့မည့်အချိန်တွင်ပင် နောက်ကွယ်မှအသံတစ်သံက သူ့ကို တားဆီးလိုက်သည်။ လီချန်ရှုန်းလှည့်ကြည့်လိုက်သည့်အခါတွင် မိမိအား လှမ်းခေါ်လိုက်သူမှာ ချင်ရန်ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် မျက်မှောင်ကြုတ်သွား၏။
"ဘာကိစ္စလဲ”
"လူကြီးမင်းရဲ့လက်ထဲက ကတ်ပြားကို ကျွန်တော့်ကို ပေးခဲ့လို့ရမလား၊ အဲဒီကတ်ပြားတွေရဲ့ အရင်းအမြစ်ကိုရှာဖွေနိုင်မလားဆိုတာ ကျွန်တော်တစ်ချက်သွားစစ်ကြည့်ချင်လို့ပါ"
ချင်ရန်က လီချန်ရှုန်းလက်ထဲသို့ ညွှန်ပြကာ ပြောလိုက်သည်။ ထိုအခါမှ လီချန်ရှုန်းက မချင့်မရဲဖြင့် ကတ်ပြားကိုပြန်ပေးခဲ့သည်။
"ရော့ ခင်ဗျားကို ပြန်ပေးခဲ့မယ်၊ ဒါပေမဲ့ ငါတို့တွေ ဒီလောက်ကြာအောင်စုံစမ်းစစ်ဆေးခဲ့တာတောင် ဘာရလဒ်မှထွက်မလာတာဆိုတော့ ခင်ဗျားလည်း ဒီတစ်ကြိမ်မှာ ဘာထူးခြားတဲ့ရလဒ်မှထွက်လာလိမ့်မယ်လို့ ငါမထင်ဘူး"
လီချန်ရှုန်းက ခေါင်းကိုအသာခါယမ်းရင်း ဆိုလိုက်ပြီးနောက် စားပွဲခုံပေါ်သို့ ကတ်ပြားကို ပေါ့ဆစွာပစ်ချထားခဲ့ပြီး အခန်းပြင်သို့ ထွက်ခွာသွားတော့သည်။ လီချန်ရှုန်းအပြုအမူကို မြင်တွေ့လိုက်ရပြီးနောက် လင်းကုဝေ၏မျက်နှာထားမှာ အတော်ပင် မည်းမှောင်သွားခဲ့သည်။
အဆိုပါ မှုခင်းပညာရှင်လီချန်ရှုန်း ဤနေရာ၌ရှိနေစဉ်အတောအတွင်း ရှီကျင်းစုန့်ကိုယ်တိုင်က ထိုလူ့အားကြီးမားလှသည့် အမိန့်ပေးပိုင်ခွင့်အာဏာများကို ပေးအပ်ထားလေသည်။
အဘယ်ကြောင့်ဆိုသော် ထိုလူသည် ပြည်နယ်အဆင့်မှရောက်ရှိလာပြီး မကောင်းဆိုးဝါးဂိုဏ်းအမှုပေါင်းများစွာကို ဖြေရှင်းခဲ့ဖူးသည့် မှုခင်းပညာရှင်တစ်ဦးဖြစ်သောကြောင့်ပင် ဖြစ်သည်။
သို့သော်လည်း လီချန်ရှုန်း၏အမိန့်ပေးမှုအောက်တွင်အမှုမှာ မည်သည့်တိုးတက်မှုမျှလုံးဝမရှိခဲ့သည်မှာ မိမိမျက်မြင်ကိုယ်တွေ့ပင်ဖြစ်သည်။
ယခုအခါ လီချန်ရှုန်းက ဖိန်လင်မြို့တော် ရဲတပ်ဖွဲ့သည် အမှုအားကိုင်တွယ်ဖြေရှင်းရာတွင် အရည်အချင်းမရှိကြောင်း သွယ်ဝိုက်၍ ပြောဆိုသွားခဲ့သဖြင့် လင်းကုဝေအား အမှန်တကယ်ပင်ဒေါသထွက်သွားစေခဲ့သည်။
'ဇောက်ထိုးက ပြောင်းပြန်ကိုပြန်ပြီး လက်ညှိုးထိုးနေတယ်လို့ လခွီးပဲ တောက်'
သို့သော်လည်း လတ်တလောတွင်မူ မိမိတို့သည် ဤအမှုများကိုသာ အဓိကထား ကိုင်တွယ်နေရဆဲဖြစ်၏။ ချင်ရန်ထံသို့ လာရောက်အမှုတိုင်တန်းခဲ့သော အမျိုးသားသည်လည်း လီချန်ရှုန်းအား ကယ်တင်ရှင်ကြီးတစ်ဦးကဲ့သို့ သဘောထားကာ သူ့နောက်သို့ အလောတကြီး လိုက်ပါသွားခဲ့တော့သည်။
အမှန်တကယ်တွင်မူ ဤကဲ့သို့သော ဗဟုသုတနည်းပါးသည့် သာမန်ပြည်သူများအတွက်မူ အသက်အရွယ်ရပြီး တည်ငြိမ်ရင့်ကျက်ပုံပေါ်နေသော လူကြီးတစ်ဦးသည် အသက်ငယ်ရွယ်ပြီး အတွေ့အကြုံနည်းပါးပုံရသည့် ရဲအရာရှိငယ်လေးတစ်ဦးထက် အရည်အချင်းပိုရှိလိမ့်မည်ဟု ထင်မှတ်တတ်ကြသည်ပင်။
လူတိုင်း စစ်ဆေးရေးအခန်းထဲမှ ထွက်ခွာသွားပြီးနောက်တွင်မူ ချင်ရန်သည် ထိုကတ်ပြားကိုကောက်ယူလိုက်သည်။ လီချန်ရှုန်းနှင့် လင်းကုဝေတို့အတွက်မူ ဤကတ်ပြားသည် အမှုဖြေရှင်းရန်အတွက် အလွန်အမင်းအရေးကြီးသောအရာ လုံးဝမဟုတ်ခဲ့ပေ။
လင်းကုဝေ ပြောခဲ့သကဲ့သို့ပင် ဤကဲ့သို့သော ကတ်ပြားများမှာ ရေတွက်၍မရနိုင်အောင် များပြားလှသည်။ ဤနှစ်ရက်အတွင်းမှာပင် ရဲတပ်ဖွဲ့သည် ထိုကတ်ပြားပေါင်းထောင်ချီကို သိမ်းဆည်းရမိခဲ့သော်လည်း မည်သူက လိုက်လံဝေငှနေသည်ကို ယခုထိရှာမတွေ့ခဲ့ချေ။
အရှင်းဆုံးပြောရလျှင်မူ ၎င်းတို့ကို မည်သည့်နေရာတွင် ပုံနှိပ်ခဲ့သည်ကိုပင် စုံစမ်း၍ မရနိုင်သေးပေ။ သို့သော်လည်း အမှုမဖြေရှင်းနိုင်ခြင်းဆိုသည်မှာ သာမန်လူများဖြစ်ကြသော လီချန်ရှုန်းနှင့် လင်းကုဝေတို့နှင့်သာ သက်ဆိုင်သောအရာ ဖြစ်သည်။
ချင်ရန်ကမူ ထိုသူများနှင့် မတူညီပေ။ မိမိသည် ရာဇဝတ်မှုနောက်ကြောင်းပြန်မြင်ယောင်သည့်စွမ်းရည်ကို ပိုင်ဆိုင်ထားသူဖြစ်ရာ အနည်းငယ်မျှသော သက်သေအထောက်အထားရှိနေရုံမျှဖြင့် ထိုအချိန်က ဖြစ်ပွားခဲ့သော မြင်ကွင်းများဆီသို့ အချိန်နောက်ပြန်ဆုတ်၍ မြင်ယောင်နိုင်စွမ်း ရှိ၏။
သားကောင်ဖြစ်စေ၊ ပြစ်မှုကျူးလွန်သူဖြစ်စေ အချိန်ကို အပြည့်အဝ နောက်ကြောင်းပြန် လှည့်ပစ်နိုင်စွမ်း ရှိပေသည်။ ချင်ရန်သည် ကတ်ပြားကိုကိုင်ဆောင်လိုက်ရင်း ချက်ချင်းပင်အချိန်နောက်ပြန်ဆုတ်သွားသော အပိုင်းအစများအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။
ထို့နောက် ချင်ရန်သည် အတော်ပင်ရိုးရှင်းလှသောလူနေအိမ်ခန်းလေးတစ်ခုအတွင်းသို့ ရောက်ရှိသွားခဲ့တော့သည်။
အသက် ၄၀ ခန့် ရှိမည့် လူလတ်ပိုင်း အမျိုးသမီးတစ်ဦးသည် အမျိုးအမည်မသိသောအမှုန့်ထုပ်လေးတစ်ခုကို ကိုင်ဆောင်ထားရင်း ရေသန့်ပုလင်းတစ်လုံးကိုဖွင့်ကာ ၎င်းအတွင်းသို့ ထိုအမှုန့်များကို လျှို့ဝှက်စွာဖြင့် ခပ်ထည့်လိုက်၏။
ထိုအချိန်တွင် အခန်းတွင်းသို့ အသက် ၁၈ နှစ်ခန့်ရှိမည့် မိန်းကလေးငယ်တစ်ဦး လှမ်းဝင်လာခဲ့ပြီး အမှုန့်ခတ်ထားသော ထိုရေသန့်ပုလင်းကိုယူ၍ သောက်ရန် ပြင်ဆင်လိုက်သည်။
'သူတို့ ဘာလုပ်ဖို့ ကြံစည်နေကြတာလဲ'
ချင်ရန် အနည်းငယ်စူးစမ်းလိုစိတ်ဖြင့် စောင့်ကြည့်နေမိသည်။ ရေပုလင်းကို ယူသောက်ပြီးနောက် အသက် ၁၈ နှစ်အရွယ် မိန်းကလေး၏မျက်ဝန်းများမှာ ပုံမှန်မဟုတ်တော့ဘဲ ဝေဝါးမှုန်မှိုင်းသွား၏။
သို့သော် သူမသည် မလဲကျသွားဘဲ မတ်တပ်ရပ်နေဆဲသာဖြစ်သည်။ သေချာစူးစိုက်ကြည့်လိုက်သည့်အခါမူ ထိုမိန်းကလေးနှင့် အသက် ၄၀အရွယ် အမျိုးသမီးတို့မှာ ရုပ်ချင်းအလွန်ဆင်တူနေကြပြီး သူတို့သည် သားအမိများဖြစ်ပုံရသည်။
"သမီး အမေနဲ့အတူလိုက်ခဲ့ပါ၊ အမေ သမီးကို အရမ်းလှပပြီး အံ့ဩဖို့ကောင်းတဲ့နေရာတစ်ခုကို ခေါ်သွားမယ်၊ အဲဒီမှာ မသေမျိုး ဘုန်းတော်ကြီးတွေရှိတယ်၊ သူက သမီးရဲ့ခန္ဓာကိုယ်ထဲကို ကောင်းမွန်တဲ့စွမ်းအင်တွေ ထည့်သွင်းပေးပြီး သမီးရဲ့ခန္ဓာကိုယ်ကို သန့်စင်ပေးမယ့်အပြင် သမီးကို မသေမျိုးအဖြစ်အသက်ရှည်စေမှာ"
ထိုအမျိုးသမီးကြီးသည် သမီးဖြစ်သူ၏ခေါင်းကို ရင်ခွင်ထဲသို့ပွေ့ဖက်ထားရင်း တိုးညင်းသောလေသံဖြင့်ပြောဆိုလိုက်သည်။ ထို့နောက် သူမသည် လိုအပ်မည့်ပစ္စည်းများကို သိမ်းဆည်းကာထွက်ခွာရန် ပြင်ဆင်တော့၏။ ထိုမြင်ကွင်းကို ကြည့်နေရင်းဖြင့် ချင်ရန့်ရင်ဘတ်တစ်ခုလုံး လှိုက်ခနဲဖြစ်သွားခဲ့ရသည်။
'မသေမျိုးဘုန်းတော်ကြီး ဟုတ်လား'
ထိုဘုန်းတော်ကြီးက မကောင်းဆိုးဝါးဂိုဏ်းအမှုနှင့် သေချာပေါက်ဆက်စပ်နေရမည် ဖြစ်သည်။ ဤသားအမိနှစ်ဦးသည် ထိုမသေမျိုးဘုန်းတော်ကြီးဆိုသူနှင့် သွားရောက်တွေ့ဆုံကြတော့မည်လား။
ချင်ရန်သည် ချက်ချင်းပင်စိတ်ဝင်စားသွားခဲ့သည်။
သူသည် သူတို့သွားမည့်လမ်းကြောင်းကို မြင်တွေ့နိုင်သရွေ့ ထိုမကောင်းဆိုးဝါးဂိုဏ်းတည်ရှိရာနေရာကို ရှာဖွေတွေ့ရှိပြီး ၎င်းတို့ကို တစ်ပါတည်း အမြစ်ပြတ် ချေမှုန်းပစ်နိုင်တော့မည်ပင်။
ချင်ရန့်ဘက်တွင်မူ အမှုအတွက် ကြီးမားသော တိုးတက်မှုများရရှိနေပြီ ဖြစ်၏။ အခြားတစ်ဖက်တွင်ရှိသော လီချန်ရှုန်း၊ လင်းကုဝေနှင့်အတူ ရဲအရာရှိ ဆယ်ဦးထက်မကသည် ထိုအမှုတိုင်ကြားသူ အမျိုးသား၏အိမ်သို့ ရောက်ရှိသွားခဲ့ကြသည်။
သူတို့သည် အိမ်တွင်း၌ အဆင့်ဆင့်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြပြီး ထိုလူနေအိမ်ရာဝင်း၏ စောင့်ကြည့်ရေးဗီဒီယိုများကိုပါ သေချာစစ်ဆေးခဲ့ကြသည်။ သို့သော်လည်း မည်သည့်အရာကိုမျှ ရှာတွေ့ခဲ့ခြင်း မရှိကြပေ။
လီချန်ရှုန်းသည် တိုင်ကြားသူအိမ်သို့ ရောက်ရှိလာခဲ့သော်လည်း မည်သည့် သက်သေအထောက်အထားမျှ ရှာမတွေ့သဖြင့် အတော်ပင်စိုးရိမ်ပူပန်လာခဲ့သည်။
ဤကဲ့သို့သော အခြေအနေမျိုးဖြင့် သူသည် အမှုအား မည်သို့ ရှေ့ဆက်ဖြေရှင်းနိုင်ပါတော့မည်နည်း။ ထို့အပြင် ထိုသားအမိနှစ်ဦး၏ပုံရိပ်ကို စောင့်ကြည့်ရေးဗီဒီယိုများတွင်လည်း လုံးဝမြင်တွေ့ရခြင်းမရှိချေ။ သူတို့သည် ကင်မရာကွယ်ရာနေရာများမှနေ၍ ရည်ရွယ်ချက်ရှိရှိ ပုန်းကွယ်လျက် ထွက်ခွာသွားခဲ့ကြသည့်အလားပင်ဖြစ်သည်။