← Chapters

အခန်း ၂၁၇

Vol. 22 Ch. 217

အခန်း ၂၁၇

Vol. 22 Ch. 217

217

မှုခင်းပညာရှင် လီချန်ရှုန်း သည် လင်းကုဝေနှင့်အတူ မြေပြင်ကွင်းဆင်းစုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်နေခဲ့သည်။

မိမိတို့ လက်ရှိသိရှိထားသော သဲလွန်စအားလုံးကို စုစည်းထားသော်လည်း ၎င်းတို့အနေဖြင့် ရှေ့ဆက်ဘာလုပ်ရမည်ကို လုံးဝလမ်းစပျောက်နေခဲ့ကြသည်။

ဤမကောင်းဆိုးဝါးဂိုဏ်း၏ အခြေစိုက်စခန်း ဘယ်နေရာမှာရှိလဲ၊ သူတို့၏ ဝါဒဖြန့်စာစောင်များကို ဘယ်လိုလိုက်ဝေလဲ၊ သို့မဟုတ် ဦးနှောက်ဆေးခြင်းခံထားရသည့် သက်ကြီးရွယ်အိုများကို မည်သို့ ဆက်သွယ်စည်းရုံးသလဲ ဆိုသည်တို့နှင့် ပတ်သက်၍ လက်ရှိတွင် မည်သည့်သဲလွန်စမျှ မရှိချေ။

ဤအချိန် အတောအတွင်းတွင် လင်းကုဝေသည် လီချန်ရှုန်းအပေါ် အတော်ပင်မကျေမနပ်ဖြစ်‌နေမှ‌န်း တစ်စထက်တစ်စသိသာလာခဲ့သည်။ မိမိအမြင်အရ ဤမှုခင်းကျွမ်းကျင်ပညာရှင်ဆိုသူမှာ အမှုကိစ္စများကို အမှန်တကယ် နားလည်ခြင်းမရှိဘဲ နားလည်သယောင်ဖြင့် တက်ယောင်ကားဆရာကြီးလုပ်ချင်နေသူသာ ဖြစ်သည်။

သို့သော်လည်း ထိုသူမှာ ပြည်နယ်အဆင့်မှ စေလွှတ်ထားသူဖြစ်သောကြောင့် လင်းကုဝေအနေဖြင့် ထိုမှုခင်းပညာရှင် လီချန်ရှုန်း၏တောင်းဆိုချက်မှန်သမျှကို မလွှဲသာမရှောင်သာဖြင့်သာ လိုက်နာပေးနေရခြင်းဖြစ်သည်။

လီချန်ရှုန်းသည် ပျောက်ဆုံးနေသော သားအမိနှစ်ဦးအား သူမျှော်မှန်းထားသလိုရှာမတွေ့သည့်အခါ သူသည် လင်းကုဝေအား ချက်ချင်းပင်အမိန့်ပေးတော့သည်။

“ဒီပတ်ဝန်းကျင်က အိမ်ခြေတစ်ရာလုံးကို တစ်အိမ်တက် တစ်အိမ်ဆင်းလိုက်စစ်ဆေးပါ၊ ပြီးတော့ အဲဒီသားအမိရဲ့ ဆွေမျိုးတွေအားလုံးကိုပါ စုံစမ်း၊ ဒီလိုလုပ်ရင် တစ်နေ့မဟုတ်တစ်နေ့တိကျတဲ့သဲလွန်စက ထွက်လာမှာပဲ"

ထိုစကားကိုကြားရသောအခါ လင်းကုဝေ၏မျက်ခွံများ တွန့်သွားခဲ့ရသည်။ ဤမျှကြီးမားသော လူ‌နေအိမ်ရာဝင်းမှာ လီချန်ရှုန်းပြောသကဲ့သို့ တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်လံရှာဖွေပါက အချိန်များစွာ ကုန်ဆုံးစေမည့်အပြင် လူနေအိမ်ရာဝင်းအတွင်းရှိ နေထိုင်သူပြည်သူများအကြားတွင် ကြီးမားသောစိုးရိမ်ကြောင့်ကြမှုများဖြင့် လှုပ်ခက်မှုများကို ဖြစ်ပေါ်စေနိုင်သည်။

ထို့အပြင် ဤကဲ့သို့ လိုက်လံစုံစမ်းနေရုံဖြင့် သေချာပေါက်တိကျသည့်ရလဒ်ထွက်လာပါမည်လော။

လင်းကုဝေ၏အလိုမကျသော အမူအရာကို မြင်လိုက်ရသည့် လီချန်ရှုန်းက တည်ငြိမ်သော မျက်နှာထားဖြင့်မေးလိုက်သည်။

"ကပ္ပတိန်လင်း မင်း ငါ့ရဲ့အမိန့်အချို့အပေါ် သဘောထားကွဲလွဲချက်တွေ ရှိနေပုံရတယ်နော်”

ထိုသို့မေးလာပြီဖြစ်သဖြင့် လင်းကုဝေသည် ရှာဖွေမှု၏ ဖြစ်နိုင်ချေများကို ပြောလေတော့၏

"လူကြီးမင်းလီ အမှုစုံစမ်းတာက ဒီလိုနည်းလမ်းမျိုးနဲ့မဟုတ်ပါဘူး၊ အခု ကျွန်တော်တို့ဆီမှာ ဘာသက်သေမှမရှိဘဲ အိမ်နီးနားချင်းတွေကို လိုက်စစ်နေတော့ကော ဘာထူးလာမှာမလို့လဲ၊ အဲဒီလိုစုံစမ်းမယ့်အစား အနီးနားကလမ်းမကြီးတွေရဲ့ စောင့်ကြည့်ရေးဗီဒီယိုတွေကို ဆွဲထုတ်စစ်ဆေးတာက ပိုပြီးအသုံးဝင်ပါလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်”

ထိုအခါ လီချန်ရှုန်းက မျက်နှာသေဖြင့် ပြန်ကြည့်လာခဲ့၏။

"ကပ္ပတိန်လင်း ငါကမကောင်းဆိုးဝါးဂိုဏ်းအမှုကို စုံစမ်းစစ်ဆေးရာမှာ ခင်ဗျားတို့ကို ကူညီပေးဖို့လာခဲ့တာပဲ၊ ဟုတ်ပါပြီလေ ခင်ဗျားနယ်‌မြေဆိုတော့ ခင်ဗျားသဘောရှိသလို လုပ်နိုင်ပါတယ်၊ ဒါပေမဲ့ အမှုပေါ်တာ မပေါ်တာကတော့ ငါနဲ့မဆိုင်ဘူးနော်၊ နောက်မှ ငါ့အပေါ် လာပြီး အပြစ်မပုံချနဲ့"

တာဝန်ယူမှု တာဝန်ခံမှုမရှိသည့် လီချန်ရှုန်း၏စကားကိုကြားလိုက်ရသည့် တခဏ လင်းကုဝေမျက်လုံးများမှာ ဒေါသကြောင့် မည်းမှောင်သွား၏။

ဤလီချန်ရှုန်းမှာ အတော်ပင် အံ့ဩစရာကောင်းလှပေသည်။

‘ဘာလဲ အမှုပေါ်သွားရင်တော့ သူတစ်ယောက်တည်း ကောင်းကွက်ယူပြီး အမှုမပေါ်ရင်တော့ ရဲတပ်ဖွဲ့အပေါ်အပြစ်ပုံချမယ့် သဘောလား'

လင်းကုဝေသည် လီချန်ရှုန်းမျက်နှာကိုကြည့်ကာ ဒေါသများသိသိသာသာပင် တိုးပွားလာကာ မကျေမနပ်ဖြစ်စွာဖြင့် သူ့လူများအား အမိန့်ပေးလိုက်သည်။

“လူကြီးမင်းလီပြောတဲ့အတိုင်းပဲ လုပ်ကြဟေ့၊ အနီးနားက အိမ်ခြေတစ်ရာလုံးကို သွားပြီး အိမ်နီးချင်းတွေကို တစ်ယောက်ချင်းစီ သေချာမေးမြန်းကြ၊ မေးရင်းနဲ့ အိမ်ထဲတွေကိုပါ တစ်ချက်စီလှမ်းအကဲခတ်ကြ၊ အကယ်၍ အမှန်တရားကို ရှာဖွေတွေ့ရှိသွားခဲ့ရင် လူကြီးမင်းလီရဲ့ ပညာရှိဆန်ဆန် စုံစမ်းဖော်ထုတ်မှုကြောင့်ပဲ”

ထိုအမိန့်ပေးသံကြောင့် လီချန်ရှုန်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ လင်းကုဝေသည် မိမိအပေါ်၌မကျေမနပ် ဖြစ်နေသည်ကို သူသတိပြုမိခဲ့သည်မှာ ကြာပြီဖြစ်၏။ သို့သော်လည်း သူဂရုမစိုက်ချေ။

အဘယ်ကြောင့်ဆိုသော် သူ့အတွေ့အကြုံများအရ ဤမကောင်းဆိုးဝါးဂိုဏ်းဝင်များသည် အုပ်စုလိုက်စုဝေးနေထိုင်တတ်ကြသောကြောင့် ဖြစ်သည်။

အကယ်၍ ထိုဂိုဏ်းအဖွဲ့ဝင်တစ်ယောက်ကို တစ်နေရာရာ၌တွေ့ရှိရပါက ထိုပတ်ဝန်းကျင်တွင် အခြားသောဂိုဏ်းဝင်အများအပြားလည်း လျှို့ဝှက်စွာရှိနေနိုင်ခြေမှာ အလွန်များပြားလှသည်။ ထို့ကြောင့် လီချန်ရှုန်းက ဤနည်းလမ်းကို စဉ်းစားခဲ့ခြင်း ဖြစ်၏။

ထို့အပြင် သူ အဓိကထားစဉ်းစားနေသည်မှာ ထိုသားအမိနှစ်ဦး၏တည်နေရာကို ရှာဖွေရန်မဟုတ်ဘဲ ထိုမကောင်းဆိုးဝါးဂိုဏ်း၏ အခြေစိုက်စခန်းကြီးတည်ရှိရာနေရာကို ရှာဖွေရန်သာဖြစ်သည်။ ဒါမှသာလျှင် အမှန်တကယ်ကြီးမားလှသည့် အမှုကြီးတစ်ခုကို ဖော်ထုတ်နိုင်မည် မဟုတ်ပါလား။

လင်းကုဝေ၊ လီချန်ရှုန်းနှင့် ရဲအရာရှိတစ်သိုက်လုံးသည် လူနေအိမ်ရာဝင်းကြီးထဲတွင် အကြီးအကျယ် ပိုက်စိပ်တိုက်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြစဉ် ချင်ရန်ကမူ ယခုအခါ တစ်ဦးတည်း တစ်ကိုယ်တော် လှုပ်ရှားနေခဲ့ပြီ ဖြစ်သည်။

ယခင် ရာဇဝတ်မှုနောက်ကြောင်းပြန် မြင်ကွင်းမှ မှတ်မိနေသောလမ်းကြောင်းအတိုင်း ချင်ရန်သည် တစ်လှမ်းချင်း လျှောက်လှမ်းလာခဲ့သည်။ ငါးကီလိုမီတာနီးပါးခန့် လျှောက်လာပြီးသည့် နောက်တွင်မူ သူသည် မိမိမှတ်ဉာဏ်ထဲမှ နေရာသို့ နောက်ဆုံးတွင် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့တော့သည်။

ဤနေရာတွင် လူအမြောက်အမြားရှိနေကြ၏။ ၎င်းမှာ ဖိန်လင်မြို့တော်၏အကြီးဆုံးသော ခရစ်ယာန်ဘုရားကျောင်းကြီးပင် ဖြစ်သည်။ပုံမှန်ရက်များတွင်ပင် လူပေါင်းမြောက်မြားစွာ လာရောက်၍ အမွှေးတိုင်ထွန်းဆုတောင်းလေ့ရှိကြသည်။

အိမ်ထောင်ရေး အဆင်ပြေစေရန်နှင့် အေးချမ်းသာယာမှုရှိစေရန် ဆုတောင်းကြသူများအတွက် အထွတ်အမြတ်ထားရာနေရာတစ်ခုဟုလည်း ဆိုနိုင်သည်။

ထိုခန့်ညားထည်ဝါလှသော ဘုရားကျောင်းကြီးကို ချင်ရန် တည်ငြိမ်လေးနက်သောမျက်နှာထားဖြင့် ကြည့်နေမိသည်။

‘ဒီလောက်အထိ နက်ရှိုင်းလှတဲ့ မကောင်းဆိုးဝါးအမှောင်ထုကြီးက ဘုရားကျောင်းတစ်ခုရဲ့အတွင်းထဲမှာ ပုန်းအောင်းနေလိမ့်မယ်လို့ ဘယ်သူမှ တွေးမိမှာမဟုတ်ဘူး' ဟူ၍ တိုးတိုးလေး ရေရွတ်မိလိုက်သည်။

ထို့နောက် ချင်ရန် ဘုရားကျောင်း၏ ပရဝုဏ်ထဲသို့ လှမ်းဝင်လာခဲ့သည်။

ရာဇဝတ်မှုနောက်ကြောင်းပြန်မြင်ယောင်သည့် မြင်ကွင်းအတွင်း၌ ထိုသားအမိနှစ်ဦးသည် ဘုရားကျောင်းအတွင်းသို့ဝင်ရောက်သွားခဲ့ကြသည်ကို သူမြင်တွေ့ခဲ့ပြီးဖြစ်သည်။

အထူးသဖြင့် အလွန်လျှို့ဝှက်သော လမ်းကြောင်းတစ်ခုမှတစ်ဆင့် နောက်ဆုံးတွင် အလွန်မှောင်မိုက်သောနေရာတစ်ခုသို့ရောက်ရှိသွားခဲ့ကြသည်ကို သူမြင်ထား၏။

ထိုမှောင်မိုက်သောနေရာ၏ အလယ်ဗဟိုတည့်တည့်တွင် ကျောက်သားဖြင့် ထုဆစ်ထားသော လူရုပ်တုတစ်ခုရှိနေပြီး ၎င်း၏ ပုံသဏ္ဌာန်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းကာ ဆိုးယုတ်လှသောပုံသဏ္ဌာန် ရှိသည်။

ထိုနေရာမှာ ချင်ရန်သွားရောက်တော့မည့် နေရာဖြစ်ပြီး မကောင်းဆိုးဝါးဂိုဏ်း၏ အခြေစိုက်ဗဟိုဌာနချုပ်ပင်ဖြစ်သည်။

ထိုအချိန်၌ ဘုရားကျောင်း၏အနက်ရှိုင်းဆုံးသောနေရာတစ်ခုဝယ် လူပေါင်းသုံးရာကျော်ရှိနေကြပြီး အားလုံးသည် တူညီသောဝတ်စုံများနှင့် တူညီသောဦးထုပ်များကို ဆင်တူဝတ်ဆင်ထားကြ၏။

ထိုဂိုဏ်းဌာနချုပ်၏အတွင်းပိုင်း၌ အမြင့် နှစ်မီတာခန့်ရှိသော ကျောက်ရုပ်တုကြီးတစ်ခုရှိနေပြီး ၎င်းပေါ်တွင် စာသား ခြောက်လုံးကို ထွင်းထုထားသည်။

*အနန္တတန်ခိုးရှင် ဘုရင်ကြီး*

ထိုကျောက်ရုပ်တုမှာ သိသိသာသာပင် သက်တမ်းရင့်နေပြီဖြစ်ရာ နေရာအနှံ့အပြားတွင် အက်ကြောင်းများစွာ ထင်ကျန်နေခဲ့သော်လည်း ၎င်းကို အောက်ခြေရှိ လူအမြောက်အမြားက ကြည်ညိုသဒ္ဓါတရား ထက်သန်သော မျက်ဝန်းများဖြင့် ဝပ်တွားခစားပူဇော်နေကြခြင်းကို တားဆီးနိုင်ခြင်းမရှိချေ။

မကောင်းဆိုးဝါးဂိုဏ်းဌာနချုပ်အတွင်းရှိ အခန်းတစ်ခု၌မူ ချင်ရန်ရှာဖွေနေသော သားအမိနှစ်ဦးမှာ ထိုနေရာတွင်ရှိနေကြသည်။

ထိုအခန်းအတွင်း၌ စားပွဲတစ်လုံး၊ ကွန်ပျူတာတစ်လုံးနှင့် ကုတင်တစ်လုံးရှိနေသည်။အခန်းအပြင်ဘက်တံခါးပေါ်ရှိ ဆိုင်းဘုတ်တွင်မူ *သန့်စင်ရာမြေ*ဟု ရေးသားထားသည်။

ထိုသားအမိနှစ်ဦးသည် အခန်းထဲတွင်ရှိနေကြပြီး မိခင်ဖြစ်သူသည် သူမရှေ့တွင်ရှိနေသောလူတစ်ဦးအား ကြည်ညိုလေးစားသော မျက်နှာထားဖြင့်ကြည့်နေသည်။ ထိုလူသည် အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာတွင်အပြုံးတစ်ခုရှိနေသော်လည်း သူ့မျက်ဝန်းများအတွင်း၌မူ ဆိုးယုတ်သောအကြည့်များနှင့် ရမ္မက်များဖြင့်ပြည့်နှက်နေခဲ့သည်။

"သန့်စင်‌သော ဘုန်းတော်ကြီးရှင့်

ကျွန်မသမီးကို ခေါ်လာခဲ့ပါပြီ၊ သူမကို သန့်စင်ပေးတော်မူပါဦးရှင့်”

မိခင်ဖြစ်သူက အနီရောင်ဝတ်စုံဝတ် လူအား ရိုသေလေးစားစွာဖြင့်ပြောဆိုလိုက်သည်။

"ကောင်းပြီလေ မင်းရဲ့ဆန္ဒအတိုင်းပေါ့၊ မင်းက တကယ်ကောင်းကောင်း ဆောင်ရွက်ခဲ့တာပဲ၊ ငါ့ရဲ့မသေမျိုး တရားဒေသနာတွေကို ကောင်းကောင်းကြီး နားလည်သဘောပေါက်တာပဲ၊ မင်းရဲ့သမီးကလည်း နောင်အနာဂတ်ကျရင် မင်းကို သေချာပေါက်ကျေးဇူးတင်ပါလိမ့်မယ်"

အနီရောင်ဝတ်စုံနှင့် ဘုန်းတော်ကြီးမှပြုံးလျက် ပြောလိုက်ရာ မိခင်ဖြစ်သူမှာ အတိုင်းမသိ ဝမ်းမြောက်ဝမ်းသာဖြစ်သွားခဲ့ရသည်။

"ဒါဆိုရင် သန့်စင်သောဘုန်းတော်ကြီးရှင့် ကျွန်မရဲ့ကင်ဆာရောဂါအတွက်ရော ပြန်ကောင်းဖို့ မျှော်လင့်ချက်ရှိပါဦးမလား”

"သေချာပေါက် ကယ်တင်နိုင်တာပေါ့ကွယ်၊ မင်းရဲ့ခန္ဓာကိုယ်ထဲကို ကောင်းမွန်တဲ့စွမ်းအင်တွေ ထည့်သွင်းပေးပြီး ငါက သန့်စင်ပေးထားပြီးသားပါ"

အနီရောင်ဝတ်စုံနှင့် ဘုန်း‌တော်ကြီးက ပြောလိုက်သည်။ထိုအခါ မိခင်ဖြစ်သူသည် အနည်းငယ်ဝေခွဲမရဖြစ်သွားသည်။

"ဒါပေမဲ့ ကျွန်မ အခုထိနာကျင်မှုကို အနည်းငယ် ခံစားနေရတုန်းရှိသေးတယ်"

"ရောဂါဝေဒနာက မင်းရဲ့ခန္ဓာကိုယ်ထဲမှာ ဆက်ပြီးရှိမနေတော့ပါဘူး၊ ဒါပေမဲ့ မင်းအနေနဲ့ ဒီနာကျင်မှုကိုတော့ ဆက်ပြီး သည်းခံရဦးမယ်၊ ဒီနာကျင်မှုကို သည်းခံကျော်ဖြတ်နိုင်မှသာ အနန္တတန်ခိုးရှင် ဘုရင်ကြီးနဲ့ ဖူးတွေ့ခွင့်ရမှာဖြစ်တယ်"

အနီရောင်ဝတ်နှင့် ဘုန်းတော်ကြီးမှပြုံးလိုက်ကာ လှည့်စားပြောဆိုလိုက်သည်။

ထိုစကားကို ကြားလိုက်ရသောအခါ မိခင်ဖြစ်သူက အလွန်တရာနက်နဲလှသည်ဟု ခံစားရပြီး နားလည်သယောင်ဖြင့် ခေါင်းကို ညိတ်လိုက်တော့သည်။

"ကဲ သန့်စင်ခြင်းဆောင်ရွက်နေတဲ့

ဝတ်ပြုမှုကို ဘယ်သူမှ နှောင့်ယှက်လို့မရဘူး၊ မင်း အခုအပြင်ကို ခဏထွက်သွားနိုင်ပါပြီ"

အနီရောင်ဝတ်စုံနှင့် ဘုန်းတော်ကြီးက နှင်ထုတ်လိုက်သည်။

"ဟုတ်ကဲ့၊ ဟုတ်ကဲ့ပါရှင့်”

မိခင်ဖြစ်သူက ခေါင်းကို အဆက်မပြတ် ညိတ်ရင်း အပြင်သို့ထွက်ခွာသွားခဲ့ပြီး တံခါးကို အသာပြန်ပိတ်ပေးခဲ့သည်။

တံခါး ပိတ်သွားပြီးနောက် အခန်းအတွင်း၌ အသက်ဆယ့်ရှစ်နှစ်အရွယ် မိန်းကလေးငယ်နှင့် အနီရောင်ဝတ်စုံဝတ် လူတို့သာကျန်ရှိတော့သည်။

ယခုအခါတွင်မူ အနီရောင်ဝတ်စုံနှင့် ဘုန်းတော်ကြီးသည် သူ့ဟန်ဆောင်မှုအားလုံးကို လုံးဝဖယ်ခွာလိုက်သည်နှင့် တစ်ပြိုင်နက် သူ့မျက်ဝန်းများအတွင်း၌ ဆိုးယုတ်ကာ ရမ္မက်များထုံလွှမ်းနေသည့် လောဘဇောတိုက်နေသော အကြည့်များကို အထင်အရှားဖော်ပြလိုက်တော့သည်။

သူသည် မိမိရှေ့တွင် မျက်ဝန်းများဝေဝါးမှုံမှိုင်းလျက်ရပ်နေသော မိန်းကလေးငယ်၏ခန္ဓာကိုယ်တစ်ခုလုံးအား အပေါ်အောက် စူးစိုက်ကြည့်လိုက်သည်။

"ဆေးအရှိန်က ဒီလောက်တောင်ပြင်းတာလား၊ ဒီလောက်ကြာတာတောင် အရှိန်မပြယ်သေးဘူးပဲ၊ ကြည့်ရတာ ငါသန့်စင်ပေးနေတဲ့အချိန်အတွင်းမှာတော့ သူမ သေချာပေါက် နိုးလာလိမ့်မယ်ထင်တယ်”

အနီရောင်ဝတ်စုံဝတ်လူသည် သူ၏ အဝတ်အစားများကို ချွတ်လိုက်၏။

"ကွက်တိပဲ သူမသာ ရုတ်တရက်နိုးလာပြီး သူမလေးရဲ့အပေါ်က ငါ့ကိုမြင်သွားလို့ ကြောက်လန့်တုန်လှုပ်သွားမယ့် ပုံစံလေးကိုကြည့်ရမှာ ငါ တကယ်ကိုသဘောကျတာ ဟီးဟီး"

အနီရောင်ဝတ်ဘုန်းတော်ကြီးသည် ယုတ်မာစွာဖြင့် တီးတိုးရေရွတ်လိုက်သည်။ သူတို့သည် ဤကဲ့သို့သော ယုတ်မာမှုမျိုးကို အကြိမ်ကြိမ် လုပ်ဆောင်ဖူးသဖြင့် အလွန်အမင်း ကျွမ်းကျင်နေကြပုံရသည်။

ထို့နောက် အနီရောင်ဝတ်စုံနှင့် ဘုန်းတော်ကြီးသည်အပြာရောင်ဆေးလုံးအသေးလေးတစ်လုံးကို ထုတ်ယူကာ သောက်သုံးလိုက်ရာ ဆေးသောက်ပြီးသည်နှင့် ချက်ချင်းပင် သူ့ခန္ဓာကိုယ်အတွင်း၌ မီးတောက်များ ဆူပွက်လာသကဲ့သို့ ခံစားလိုက်ရသည်။

"မဟုတ်သေးဘူး ခဏလောက် ထပ်စောင့်ရဦးမယ်၊ ဆေးအရှိန်က အပြည့်အဝ တက်မလာသေးဘူး၊ လောလောဆယ်တော့ အောင့်အည်းထားရမယ်"

အနီရောင်ဝတ်စုံနှင့် ဘုန်းတော်ကြီး၏မျက်နှာတစ်ခုလုံးသည် နီမြန်းလို့လာခဲ့ပြီး သူသည် နှစ်မိနစ်ခန့်သာ ထပ်စောင့်ရန်ပြင်ဆင်လိုက်သည်။

တစ်ချိန်တည်းမှာပင် ချင်ရန်သည်

မိမိမှတ်ဉာဏ်ထဲမှ လမ်းကြောင်းအတိုင်း လိုက်ပါလာခဲ့၏။ ဘုရားကျောင်း၏ လျှို့ဝှက်လမ်းကြောင်းပေါင်း

မြောက်မြားစွာကို ဖြတ်ကျော်လာခဲ့ပြီး နောက်ဆုံးတွင် မကောင်းဆိုးဝါးဂိုဏ်း ဌာနချုပ်၏အဝင်ဝတံခါးအရှေ့သို့ ရောက်ရှိလာခဲ့တော့သည်။

သူ ဝင်ရောက်ရန်ပြင်ဆင်လိုက်သည်နှင့် တစ်ပြိုင်နက် တူညီသောအပြာရောင်ဝတ်စုံများကို ဝတ်ဆင်ထားသည့် လူအချို့သည် သူ့လမ်းကို ဝန်းရံပိတ်ဆို့လိုက်ကြသည်။

"ဒီနေရာက မြင့်မြတ်သန့်စင်တဲ့နေရာဖြစ်တယ်၊ ခင်ဗျားမှာ ဒီနယ်မြေထဲဝင်ဖို့ လမ်းညွှန်အဆက်အသွယ်ပါရဲ့လား”

အသက်သုံးဆယ်ခန့် ရှိမည့် လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးက မိမိထံသို့ လျှောက်လာပြီး အေးစက်စက်လေသံဖြင့် မေးမြန်းလိုက်သည်။ ထိုအခါ ချင်ရန်က သူမကိုတည်ငြိမ်အေးစက်စွာဖြင့် တစ်ချက်ကြည့်လိုက်သည်။

"ကျွန်တော့်မှာ ဘာလမ်းညွှန်မှ မပါဘူး၊ ကျွန်တော်က ရဲအရာရှိပဲ၊ ဒီကို လူဖမ်းဖို့ လာတာ"

ချင်ရန်ပြတ်သားစွာဖြင့် ခပ်မာမာပြောဆိုလိုက်လေသည်။

All Chapters