← Chapters

အခန်း ၂၁၈

Vol. 22 Ch. 218

အခန်း ၂၁၈

Vol. 22 Ch. 218

218

ချင်ရန့်စကားဆုံးသွားသည်နှင့် တစ်ပြိုင်နက် အပြာရောင်ဝတ်စုံဝတ် လူများအားလုံးဆွံ့အမှင်တက်သွားကြတော့သည်။

‘ရဲ ဟုတ်လား’

‘ရဲတွေက ဒီနေရာကို ဘယ်လိုလုပ်ရှာတွေ့နိုင်သွားတာလဲ၊ ပြီးတော့ သူတို့ဌာနချုပ်က ဒီလောက်ထိလျှို့ဝှက်ပြီး တည်ထောင်ထားတာကို ရဲတွေ ဘယ်လိုလုပ်ပြီးရှာတွေ့နိုင်သွားရတာလဲ’

‘ဒါတင်မကသေးဘူး၊ မိမိတို့ဂိုဏ်းဝင်များကလည်း အပြင်ထွက်ချိန်တိုင်းတွင် အလွန်အမင်း သတိထားကြပြီး ပတ်ဝန်းကျင်မှ စောင့်ကြည့်ရေးကင်မရာများအားလုံးကို ရှောင်ကွင်းသွားခဲ့ကြတာ ဖြစ်ရာ ဘယ်လိုလုပ်ပြီး ရဲတွေကခြေရာခံမိသွားတာလဲ'

ဤအဖြစ်အပျက်အားလုံးသည် သူတို့အတွက်တော့ မယုံနိုင်စရာကြီးဖြစ်နေခဲ့သည်။ ထိုအခိုက်တွင် ချင်ရန်က သာမန်အရပ်ဝတ်အဝတ်အစားများကိုသာ ဝတ်ဆင်ထားသဖြင့် အလွန်ထူးဆန်းနေသောကြောင့် သူတို့အနားသို့ လူပေါင်းမြောက်မြားစွာ ပိုမိုစုဝေးလာကြသည်။

ဤမြင့်မြတ်သောနေရာသို့ ဝင်ရောက်ရန်အတွက် အထူးကြပ်မတ်ထားသည်မှာ ဘာသာရေးဝတ်စုံကို မဖြစ်မနေဝတ်ဆင်ရမည်ဖြစ်သည်။

အကယ်၍ ထိုဝတ်စုံအားဝတ်ဆင်မထားပါက ပြစ်မှုကျူးလွန်သူအဖြစ် သတ်မှတ်ကာ သန့်စင်နယ်မြေထဲမှ နှင်ထုတ်ခြင်းခံရမည် ဖြစ်သည်။ ထို့ကြောင့် ချက်ချင်းပင် ရက်စက်ကြမ်းကြုတ်သောအကြည့်ပေါင်းများစွာက ချင်ရန်ထံသို့ ကျရောက်လာတော့သည်။

ချင်ရန်ကမူ စိုးရိမ်တုန်လှုပ်ခြင်းလုံးဝမရှိပဲ သူက ပတ်ဝန်းကျင်အားတစ်ချက်ဝေ့ကြည့်လိုက်သည်။

"ဒီနေရာမှာ ဘယ်သူက တာဝန်ရှိတဲ့လူလဲ”

"မင်းလိုကောင်က ဘုန်းတော်ကြီးကိုတွေ့ဖို့ အရည်အချင်းမရှိဘူး၊ မင်းဘာမင်း ရဲပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ငါဂရုမစိုက်ဘူး၊ ဒီသန့်စင်နယ်မြေထဲကို အခွင့်မရှိပဲ ဘယ်သူမှဝင်ထွက်ခွင့်မရှိဘူး၊ လာကြစမ်း ဒီလူကို ဖမ်းဆီးပြီး ဆရာတော်ကြီးဆီပို့ပြီး အပြစ်စီရင်ခိုင်းလိုက်ကြ”

ထိုအမျိုးသမီးသည် မကောင်းဆိုးဝါးဂိုဏ်းထဲသို့ နက်နက်ရှိုင်းရှိုင်းကျရောက်နေပြီဖြစ်သော်လည်း ရဲတပ်ဖွဲ့၏ အာဏာစက် မည်မျှထိပြင်းထန်ကြောင်းကိုမူသိရှိနေဆဲဖြစ်သည်။

ထို့ကြောင့် သူမရွေးချယ်မှုမှာ ချင်ရန်အား အရင်ဖမ်းဆီးပြီး ဘုန်းတော်ကြီးအား မည်သို့ကိုင်တွယ်မည်ကို နောက်မှ ဆုံးဖြတ်ခိုင်းရန် ဖြစ်သည်။

ချင်ရန်သည် မိမိထံသို့ တရဟောတိုးဝှေ့ဝင်ရောက်လာကြသော လူအုပ်ကြီးအား ကြည့်ကာ ခေါင်းကိုအသာခါယမ်းလိုက်မိသည်။

ဤလူအုပ်ကြီးမှာ အသက်အရွယ်ရနေပြီဖြစ်သော အဘိုးအို၊ အဘွားအိုများနှင့် အသက်အငယ်ဆုံးဆိုလျှင်ပင် သုံးဆယ်ကျော်အရွယ်များဖြစ်ကြသည်။

မည်သည့် ကိုယ်ခံပညာမျှတတ်မြောက်ထားကြသူများမဟုတ်ပဲ မိမိအား တိုက်ခိုက်ခြင်းက သူတို့ကိုယ်သူတို့ သေကြောင်းကြံစည်ခိုင်းသလိုဖြစ်သွားပေလိမ့်မည်။ သို့သော် ချင်ရန်အနေဖြင့် ဤလူများအား မတိုက်ခိုက်ချင်ပေ။ အကြောင်းမှာ သူတို့သည် ဦးနှောက်ဆေးခြင်းခံထားရသည့် သနားစရာဝေနဒနာသည်များသာဖြစ်ကြသည် မဟုတ်ပါလား။

ချင်ရန်သည် လူပေါင်းများစွာ၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းရင်း စိတ်အေးလက်အေးပင်ဖုန်းကိုထုတ်ကာ ဝီချက်မှတစ်ဆင့် လင်းကုဝေထံသို့ဖုန်းခေါ်ဆိုလိုက်သည်။

"ဟဲလို”

ဖုန်းခေါ်ဆိုမှုမှာ ချက်ချင်းပင်ချိတ်ဆက်သွားခဲ့သည်။ အခြားတစ်ဖက်ရှိ လင်းကုဝေ၏စိတ်ပျက်အားလျော့ကာ အလိုမကျသောလေသံကြီး ထွက်ပေါ်လာခဲ့သည်။

လီချန်ရှုန်း၏စေခိုင်းမှုကို ခံနေရသည်မှာ တကယ်ကို စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းလှပြီး လုပ်ပုံကိုင်ပုံများကိုလည်း

လုံးဝ သဘောမကျချေ။ လင်းကုဝေအနေဖြင့် မပြောသာလို့သာ နှုတ်ဆိတ်နေရခြင်းဖြစ်၏

ထိုအချိန်တွင်ကံကောင်းစွာဖြင့် ဖုန်းဆက်လာသူမှာ ချင်ရန်ဖြစ်နေ၍သာ တော်သေးသည်။ အကယ်၍ အခြားသူတစ်ဦးဦးသာ ဖြစ်ပါက လင်းကုဝေ ချက်ချင်းပင် ချုပ်တည်းထားသမျှဒေါသများသည် ပေါက်ကွဲမိတော့မည်ဖြစ်သည်။

"အဖွဲ့မှူးလင်း ဒီနေရာကို ရဲအင်အား ချက်ချင်းလွှတ်ပေးပါ”

ချင်ရန်သည် ဘေးဘက်က အပေါ်သို့ အကြိမ်အနည်းငယ် ဖျတ်ခနဲခုန်တက်လိုက်ရင်း မိမိအားဝိုင်းဝန်းတိုက်ခိုက်နေသောလူအုပ်ကြီးကို ရှောင်ကွင်းကာ အလယ်ဗဟိုတည့်တည့်ရှိ ကျောက်ရုပ်ထုကြီး၏ဦးခေါင်းထက်ဆီသို့ တိုက်ရိုက်ခုန်တက်ရန် ရပ်နားလိုက်တော့သည်။

မကောင်းဆိုးဝါးဂိုဏ်းအဖွဲ့ဝင်အုပ်စုကြီးသည် မိမိတို့ ကိုးကွယ်ယုံကြည်သော *အနန္တတန်ခိုးရှင် ဘုရင်ကြီး* ၏ရုပ်တု ဦးခေါင်းကို ချင်ရန်ကခြေထောက်ဖြင့် နင်းခြေထားသည်ကို မြင်လိုက်ရသည့်အခါ ဒေါသအလိပ်လိပ်ထွက်သွားကြပြီး ရုပ်ထု၏အောက်ခြေမှနေ၍ ချင်ရန်အား ဆဲဆိုကျိန်ဆဲမှုများမျိုးစုံ ပြုလုပ်ကြတော့သည်။

"အောက်ကို ဆင်းခဲ့စမ်း *သား”

"မင်း ငါတို့ဘုရားသခင်ကို စော်ကားလိုက်တာပဲ၊ ဘယ်လိုအကျိုးဆက်မျိုး ခံစားရမလဲဆိုတာ မင်းသိလား၊ မင်းရဲ့မိသားစုတစ်ခုလုံး ဒီညသေရလိမ့်မယ်ကွ”

နားမခံနိုင်လောက်သည့် ဆိုးယုတ်လှပြီး ရက်စက်လှသောကျိန်ဆဲသံမျိုးစုံတို့သည် ချင်ရန့်နားထဲသို့ ဝင်ရောက်လာခဲ့သော်လည်း သူကဂရုမပြုမိဟန်ဖြင့် တစ်ဖက်နားကဝင် တစ်ဖက်နားကထွက်ဟန်ဖြင့် ထိုစကားများကို လုံးဝဂရုမစိုက်ဘဲ လျစ်လျူရှုထားခဲ့သည်။

ဖုန်း၏အခြားတစ်ဖက်မှ လင်းကုဝေသည် ချင်ရန့်ဘက်မှဆူညံသံများကို ကြားလိုက်ရသည့်အခါ အံ့အားသင့်သွားရသည်။

"ချင်ရန် မင်း အခုဘယ်နေရာမှာလဲ၊ ဘာလို့ အဲလောက်‌တောင် ဆဲဆိုဆူညံနေတာပဲ"

"ကျွန်တော် မကောင်းဆိုးဝါးဂိုဏ်းရဲ့ ဌာနချုပ်ကို ရှာတွေ့ထားပြီးပြီ၊ အဖွဲ့မှူးလင်းဆီကို အခု တည်နေရာပို့ပေးမယ်၊ ဒီကို အမြန်ဆုံးသာလာခဲ့ပါတော့၊ ပြီးတော့ ရဲတွေကိုလည်း အလုံအလောက်ခေါ်လာခဲ့ဦးနော်၊ ဒီကလူအုပ်ကြီးကို ကျွန်တော် တစ်ယောက်တည်း မနိုင်တော့ဘူး”

"ဘယ်လို မကောင်းဆိုးဝါးဂိုဏ်းရဲ့ ဌာနချုပ်ကို မင်းရောက်နေတယ် ဟုတ်လား ချင်ရန်”

လင်းကုဝေမှာ ချက်ချင်းပင်ထိတ်လန့် တုန်လှုပ်သွားခဲ့ရသည်။ သူသည် နားရှိလို့သာ ကြားလိုက်ရခြင်းဖြစ်သည်။ ချင်ရန်က မကောင်းဆိုးဝါးဂိုဏ်းဌာနချုပ်ကို ရှာတွေ့သွားခဲ့ပြီတဲ့။

ထိုအချိန်တွင် မှုခင်းပညာရှင်လီချန်ရှုန်းသည် လင်းကုဝေအနားသို့ လျှောက်လာခဲ့၏။ သူသည် လင်းကုဝေဖုန်းပြောနေသည်ကိုမြင်သောအခါ လီချန်ရှုန်းက နှာခေါင်းရှုံ့လိုက်ရင်း စတင်ဝေဖန်တော့သည်။

"ကပ္ပတိန်လင်း အခုက အလုပ်လုပ်ချိန်နော်၊ အရေးမကြီးတဲ့ဖုန်းဆိုရင် ချက်ချင်းချလိုက်ပါ၊အခုချိန်မှာ အလုပ်က အရေးအကြီးဆုံးပဲ၊ ဒါက လူအများကြီးနဲ့ ပတ်သက်နေတဲ့ အမှုကြီးနော် မပေါ့ဆပါနဲ့”

လင်းကု‌ဝေသည် မိမိအား ဆရာကြီးလုပ်၍ပြောလာသော အဆိုပါမှုခင်းပညာရှင်ကြီးအားပြန်ကြည့်လိုက်ရင်း ချုပ်တည်းထားသမျှ ဒေါသများသည် ချိန်ကိုက်ဗုံးအလား အချိန်ကိုက်ထပေါက်ကွဲတော့သည်။

"မင်းအမေလင်ကိုပဲ သွားပြောချေ”

လင်းကုဝေသည် လီချန်ရှုန်းအား မကျေမနပ်ဖြစ်စွာဖြင့် စူးစိုက်ကြည့်ကာ ဆဲရေးလိုက်ရာ လီချန်ရှုန်းမှာ လန့်ဖြပ်သွားခဲ့ရကာ မျက်လုံးအပြူးသားနှင့် ရပ်ကြည့်နေမိ၏။

ထို့နောက် လင်းကုဝေက ဖုန်းထဲမှတစ်ဆင့် ချင်ရန်အား အကြိမ်ကြိမ်ပြောလိုက်သည်။

"ချင်ရန် အဲဒီမှာခဏစောင့်နေ၊ ငါတို့ အခုချက်ချင်း ရဲအင်အားစုပြီး အဲဒီနေရာကို လာခဲ့မယ်”

လီချန်ရှုန်း၏ကြောင်အမ်းကာ ဝေခွဲမရ ဖြစ်နေသောအကြည့်များအောက်တွင်ပင် လင်းကုဝေက သူ့လက်အောက်ငယ်သားများကို လက်ဝှေ့ယမ်းပြလိုက်ရင်း ထိုလူအား ဂရာမစိုက်စွာဖြင့်ပြောလိုက်သည်။

"အားလုံး ရပ်လိုက်ကြ၊ အခုလူတွေအားလုံးကို ပြန်ခေါ်လိုက်တော့၊

စုံစမ်းစစ်ဆေးတာတွေကို ချက်ချင်းရပ်လိုက်ကြ”

"တစ်ယောက်ယောက်က မကောင်းဆိုးဝါးဂိုဏ်းရဲ့ဌာနချုပ်ကို ရှာတွေ့ပြီလို့ သတင်းပို့လာပြီ၊ အဲဒါကြောင့် ဒီမှာဆက်ပြီး လိုက်စုံစမ်းနေစရာ ဘာအကြောင်းမှ မရှိတော့ဘူး”

ထိုသို့ပြောပြီးနောက် လင်းကုဝေသည် ဒေါသထွက်နေသော လီချန်ရှုန်းအား လျစ်လျူရှုထားခဲ့ကာ ရဲကားပေါ်သို့ တက်ရောက်ကာ ကိုယ်တိုင်မောင်းနှင်ပြီး ထွက်ခွာသွားတော့သည်။

လီချန်ရှုန်းသည် အံကိုတင်းတင်းကြိတ်လိုက်ရင်း ရဲချုပ်ကြီး ရှီကျင်းစုန့်ထံသို့ ကိုယ်တိုင်ဖုန်းဆက်လိုက်တော့သည်။

အဘယ်ကြောင့်ဆိုသော် လင်းကုဝေသည် စစ်ဆင်ရေးအတွင်း မိမိအမိန့်ကိုမနာခံရုံမျှမက မိမိအားဆဲရေးတိုင်းထွာသွားခဲ့သောကြောင့်ပင် ဖြစ်သည်။ မိမိသည် ပြည်နယ်အဆင့် မှုခင်းကျွမ်းကျင်ပညာရှင်ဖြစ်နေပါလျက်နှင့် အဘယ်ကြောင့် လင်းကုဝေလိုမြို့နယ်အဆင့်က လူတစ်ယောက်၏ဆဲဆိုခြင်းကို ခံရပါမည်နည်း။

"ရဲချုပ်ကြီးရှီ ခင်ဗျားရဲ့လက်အောက်က လင်းကုဝေက အ‌တော့်ကို

ရိုင်းစိုင်းလွန်းနေပြီ၊ ကျွန်တော့်ကိုလည်း အော်ဟစ်ဆဲဆိုတဲ့အပြင် ကျွန်တော့်ရဲ့ အမိန့်တွေကိုပါ လျစ်လျူရှုသွားတယ်၊ အခုလည်း သူကမကောင်းဆိုးဝါးဂိုဏ်းရဲ့ ဌာနချုပ်ကို ရှာတွေ့သွားပြီလို့ လျှောက်ပြောနေသေးတယ်”

"ကျွန်တော်တို့တွေ ဒီလောက်ရက်ပေါင်းများစွာ ပိုက်စိပ်တိုက်ရှာဖွေခဲ့တာတောင် သဲလွန်စတစ်ခုမှ မရခဲ့တာကို၊ သူကဖုန်းတစ်ချက်ပဲ လက်ခံရရှိပြီး ရှာတွေ့သွားပြီလို့ပြောနေတာက မရယ်ရဘူးလား ရဲချုပ်ကြီးရှီ”

လီချန်ရှုန်းသည် ဖုန်းထဲမှတစ်ဆင့် ရဲချုပ်ကြီးရှီကျင်းစုန့်အား မိမိအပေါ်ဆဲရေးသွားသော လင်းကုဝေအား ဒေါသတကြီးဖြင့် တိုင်တန်းတော့သည်။

ဖုန်းတစ်ဘက်ရှိ ရှီကျင်းစုန့်မှာမူ မျက်မှောင်အသာကြုတ်လိုက်မိပြီး

'လင်းကုဝေက ဒီလိုလူစားမျိုး ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ သူက လူမှုရေးကျင့်ဝတ်တွေကို ကောင်းကောင်း နားလည်တဲ့သူပဲဥစ္စာ' ဟု တွေးတောလိုက်မိသည်။ ထို့နောက် ရှီကျင်းစုန့်က

"လူကြီးမင်းလီ စိတ်အေးအေးထားပါဦး၊ ကျွန်တော် အခုချက်ချင်း လင်းကုဝေဆီ ဖုန်းဆက်ပြီး အသေးစိတ်ကိုမေးမြန်းလိုက်ပါ့မယ်"

ရှီကျင်းစုန့်က ချော့မော့ပြောဆိုလိုက်ရသည်။ သို့သော် သူသည် လင်းကုဝေထံသို့ ဖုန်းခေါ်ဆိုလိုက်သည့်အခါ လိုင်းမအားဘဲ ဖုန်းခေါ်ဆို၍မရနိုင်ကြောင်းသာ တွေ့ရှိခဲ့ရသည်။

အခြားတစ်ဖက်တွင်မူ လင်းကုဝေသည် ရဲကားကို အရှိန်ပြင်းစွာမောင်းနှင်ရင်း ရဲအရာရှိအုပ်စုလိုက်ကြီးကို ဦးဆောင်ကာ ချင်ရန်ပို့ပေးလိုက်သည့် တည်နေရာသို့ လျင်မြန်စွာ ဦးတည်မောင်းနှင်လာခဲ့သည်။

လင်းကုဝေသည် ချင်ရန်မျှဝေထားသော တည်နေရာမှာ ဘုရားကျောင်းတစ်ခုဖြစ်နေသည်ကို မြင်လိုက်ရသည့်အခါမှာတော့ အနည်းငယ်ကြောင်အမ်းသွားခဲ့ရသည်။ သူသည် ဤဘုရားကျောင်းသို့ ယခင်က ရောက်ဖူးခဲ့သည်။ ဤနေရာက အမှန်တကယ်ပဲ မကောင်းဆိုးဝါးဂိုဏ်းရဲ့ ဌာနချုပ်ဖြစ်နေနိုင်လို့လား။ ဆယ်မိနစ်ခန့် ကြာသွားပြီးနောက် လင်းကုဝေသည် ရဲအရာရှိအမြောက်အမြားနှင့်အတူ ဘုရားကျောင်းသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာခဲ့၏။

ဘုရားကျောင်းအတွင်း၌မူ အမွှေးတိုင်ထွန်းဆုတောင်းနေကြသော ကမ္ဘာလှည့်ခရီးသွားများနှင့် ဘုရားဖူးအုပ်စုကြီးသည် ရဲတပ်ဖွဲ့ဝင်အမြောက်အမြား ရောက်ရှိလာသည်ကိုမြင်သောအခါ အံ့အားသင့်သွားကြပြီး ဘာလာလုပ်တာလဲဟု သိလိုစိတ်ဖြင့်စောင့်ကြည့်နေကြသည်။

တစ်ချိန်တည်းမှာပင် ဘုရားကျောင်း၏ အနက်ရှိုင်းဆုံးသော မကောင်းဆိုးဝါးဂိုဏ်း ဌာနချုပ်အတွင်း၌မူ ချင်ရန်သည် မကောင်းဆိုးဝါးဂိုဏ်းဝင်များ၏ ဝိုင်းဝန်းပိတ်ဆို့မှုများကို ဖောက်ထွက်လိုက်ပြီး သန့်စင်ခြင်းဘုန်းတော်ကြီး၏အခန်းအား ရှာဖွေတွေ့ရှိသွားခဲ့သည်။

ထို့နောက် ချင်ရန်သည် ထိုတံခါးအား အားဖြင့်ကန်ဖွင့်ကာ အခန်းတွင်း၌ စော်ကားဖျက်ဆီးခြင်းခံရလုနီးပါးဖြစ်နေသော မိန်းကလေးငယ်လေးကို လက်မတင်လေး အချိန်မီကယ်တင်နိုင်ခဲ့ပြီ ဖြစ်သည်။ ထို့ပြင် သူသည်အနီရောင်ဝတ်စုံနှင့်သန့်စင်ခြင်းဘုန်းတော်ကြီးကိုလည်း ခြေကန်ချက်တစ်ချက်ပေးမြည်းလိုက်ကာ ဖမ်းဆီးထိန်းသိမ်းလိုက်၏။

ချင်ရန်သည် ထိုမကောင်းဆိုးဝါးဂိုဏ်း၏ အခရာတစ်ဖြစ်လဲ ဂိုဏ်းချုပ်ကြီးသန့်စင်ခြင်းဘုန်းတော်ကြီးကို ဓားစာခံအဖြစ် ဖမ်းဆီးထားသဖြင့် ထိုဂိုဏ်းအဖွဲ့ဝင်များမှာ ရှေ့ဆက်တိုက်ခိုက်ရန် အနည်းငယ် ဝေခွဲမရဖြစ်ကာ ရပ်တန့်သွားကြသည်။

အမှန်တကယ်တွင်မူ ဤသန့်စင်ခြင်းဘုန်းတော်ကြီးသည် ဤနေရာ၌အမြင့်ဆုံးသောရာထူးရှိသူဖြစ်ပြီး သူတို့၏ဆရာသခင်ကြီးလည်းဖြစ်သည်။

ချင်ရန်သည် သန့်စင်ခြင်းဘုန်းတော်ကြီး၏လည်ပင်းကို တင်းတင်းကျပ်ကျပ် ညှစ်ထားရင်း တည်ငြိမ်စွာဖြင့်ပြောလိုက်သည်။

"ဒါဆို မင်းက ဒီမကောင်းဆိုးဝါးဂိုဏ်းရဲ့ ခေါင်းဆောင်ပေါ့‌လေ၊ ဖိန်လင်မြို့တော်ထဲမှာ မကောင်းဆိုးဝါးဂိုဏ်းထောင်ရဲတယ်ဆိုတော့ မင်း တကယ်ပဲအသက်ရှင်ရတာ ငြီးငွေ့နေပြီထင်တယ်"

ချင်ရန်၏ရေခဲတုံးအလား အေးစက်စက်အသံကြောင့် သန့်စင်ခြင်းဘုန်းတော်ကြီးမှာ တစ်ကိုယ်လုံးတုန်ရင်လို့သွားသည်။ သူသည် ခုနကတင်ဆေးအရှိန်ကြောင့် သူ့ခန္ဓာကိုယ်အတွင်း၌ မီးတောက်များ ဆူပွက်ကာ အားအင်များပြည့်လျှံနေခဲ့ပြီး အကောင်းဆုံးအချိန်ကို ဆင်နွှဲရန် ပြင်ဆင်နေစဉ်မှာပင် ရုတ်တရက်ကြီး အခန်းတွင်းသို့ လူစိမ်းတစ်ယောက်သည် ဝုန်းခနဲပြေးဝင်လာပြီး ကောင်းမွန်

လှသော သူ့အချိန်ကိုဖြတ်တောက်လိုက်ရုံမျှမက သူ့ဆီးခုံနေရာကိုပါ အားပြင်းလှသော ခြေကန်ချက်ဖြင့် ကန်ထည့်လိုက်၏။

သူသည် ယခုတိုင်အောင် အလွန်အမင်း နာကျင်ဝေဒနာ ခံစားနေရဆဲဖြစ်သည်။

"မင်းက ဘယ်သူလဲ၊ ဒီမြင့်မြတ်တဲ့ နေရာကို မင်း ဘယ်လိုသတ္တိနဲ့ ကျူးကျော်ဝင်ရောက်ရဲတာလဲ”

သန့်စင်ခြင်းဘုန်းတော်ကြီးက အော်ဟစ်ကာ ပြောလိုက်သည်။

"ငါက ဒီမြို့ရဲ့ရဲအရာရှိပဲ"

ချင်ရန်ကလည်း အေးစက်စွာဖြင့် ပြန်ပြောလိုက်သည်။ သူ့စကားဆုံးသည်နှင့် တစ်ပြိုင်နက်သန့်စင်ခြင်းဘုန်း‌တော်ကြီး၏မျက်လုံးအိမ်များမှာ ချက်ချင်း ကျုံ့ဝင်သွားခဲ့ရသည်။

‘ဘာ ရဲ ဟုတ်လား၊

ရဲတွေက ဒီနေရာကို ဘယ်လိုနည်းနဲ့ ရှာတွေ့သွားတာလဲ၊ ဒါက ကျိုးကြောင်းဆင်ခြင်လို့ လုံးဝမရနိုင်တဲ့ကိစ္စပဲ'

သူတို့၏မကောင်းဆိုးဝါးဂိုဏ်းအဖွဲ့ဝင်များသည် အလွန်အမင်း လျှို့ဝှက်စွာ လှုပ်ရှားဆောင်ရွက်တတ်ကြပြီး အရာရာကို စေ့စပ်သေချာအောင်လုပ်ဆောင်လေ့ရှိကြသည်။

စာစောင်များ ဝေငှခြင်း၊ ဖုန်းခေါ်ဆိုခြင်း သို့မဟုတ် ငွေကြေးလွှဲပြောင်းခြင်း လုပ်ငန်းများအားလုံးကို သူတို့အပြစ်အနာအဆာမရှိအောင် လုပ်ဆောင်ခဲ့ကြသဖြင့် မိမိတို့ကိုရှာဖွေတွေ့ရှိရန်မှာ အလွန်တရာ ခက်ခဲလှပေသည်။

မိမိတို့ဌာနချုပ်ကိုပင် လျှိုဝှက်စွာဖြင့် ဤဘုရားကျောင်းကြီး၏အနက်ရှိုင်းဆုံးနေရာတွင် အခြေစိုက်ထားခဲ့ခြင်းမဟုတ်ပါလား။

မြို့တော်၏အကြီးဆုံးသော ဘုရားကျောင်းကြီးအတွင်း၌ ဤကဲ့သို့သော မကောင်းဆိုးဝါးဂိုဏ်း ခိုအောင်းနေလိမ့်မည်ဟု ဘယ်သူကမှတွေးမိမည်မဟုတ်ပေ။ ထိုကြောင့်လည်း မိမိတို့မှာ ရဲရဲတင်းတင်းတည်ထောင်ထားရဲခြင်းဖြစ်သည်။

"မင်း ဒီနေရာကို ဘယ်လိုသိပြီး ရောက်လာတာလဲ”

သန့်စင်ခြင်းဘုန်း‌တော်ကြီးက မမေးဘဲလဲ မနေနိုင်တော့ချေ။

ချင်ရန် ဘုန်းတော်ကြီး၏ မေးခွန်းအား ပြန်လည်မဖြေကြားရသေးမီမှာပင် လင်းကုဝေသည် ရဲအရာရှိအုပ်စုလိုက်ကြီးကို ဦးဆောင်ကာ အခန်းတွင်းသို့ ဝုန်းခနဲဝင်ရောက်လာခဲ့တော့သည်။

လူအုပ်စုကြီးဝင်လာသည်နှင့်တစ်ပြိုင်နက် လင်းကုဝေသည် ဤနေရာရှိထူးဆန်းပြီး ဆိုးယုတ်လှသော အငွေ့အသက်ကို ခံစားလိုက်ရပြီး သူ့စိတ်ထဲတွင်မူ အတိုင်းမသိ ဝမ်းမြောက်သွားခဲ့ရသည်။

အဘယ်ကြောင့်ဆိုသော် လင်းကုဝေသည် မိမိတို့လာရောက်သည့်နေရာ မှန်ကန်ကြောင်းသိရှိလိုက်ရသောကြောင့် ဖြစ်သည်။ ဤနေရာမှာ သူတို့ရက်ပေါင်းများစွာ ပိုက်စိပ်တိုက်လိုက်လံရှာဖွေနေခဲ့ရသည့် မကောင်းဆိုးဝါးဂိုဏ်း၏ အခြေစိုက်ဗဟိုဌာနချုပ်ကြီး အစစ်အမှန်ပင်ဖြစ်တော့၏။

All Chapters