← Chapters

အခန်း ၂၂၀

Vol. 22 Ch. 220

အခန်း ၂၂၀

Vol. 22 Ch. 220

220

ရဲချုပ်ကြီးရှီကျင်းစုန့်မှာလည်း အနည်းငယ် ခေါင်းခဲနေရသည်။ ဤမှုခင်းပညာရှင် လီချန်ရှုန်းက တကယ်ကို ကိုင်တွယ်ရခက်သောပညာရှင်တစ်ယောက်ဖြစ်နေသည်ကို သူမသိခဲ့ရပါလား။

“လူကြီးမင်းလီ ခဏလောက်စောင့်ပေးပါဦး၊ ကျွန်တော် အဖွဲ့မှူးလင်းကုဝေဆီ ဖုန်းလှမ်းဆက်ထားပေမယ့် ဖုန်းက

ဆက်သွယ်လို့မရသေးဘူးဖြစ်နေလို့ပါ၊ သူ အရေးကြီးတာ တစ်ခုခုလုပ်နေတာလည်း ဖြစ်နိုင်တာပဲလေ"

ရဲချုပ်ကြီး ရှီကျင်းစုန့်က တစ်ဖက်နှင့် တစ်ဖက် မျက်နှာမပျက်ရအောင်ညှိနှိုင်းပြောဆိုလိုက်သည်။ သို့သော် လီချန်ရှုန်းသည် အလျှော့မပေးပဲ ဒေါသတကြီးဖြင့် ပြန်တုံ့ပြန်လာ၏။

"ရဲချုပ်ကြီးရှီ ခင်ဗျားက ဒီကောင်းဆိုးဝါးဂိုဏ်းအမှုကိုစုံစမ်းဖို့ ကျွန်တော့်ကို ဒီစေလွှတ်ခဲ့တာလေ၊ ပြီးတော့ ကျွန်တော့်ရဲ့ကွပ်ကဲမှုအာဏာကိုပါ တိုးမြှင့်ပေးထားတယ်လို့လဲပြောခဲ့သေးတယ် ဟုတ်တယ်မလား၊ ဒါပေမဲ့ အခုတော့ ခင်ဗျားလူတွေအားလုံး ထွက်ပြေးကုန်ပြီ၊ ဘယ်သူမှလည်း ကျွန်တော့်စကားကို နားမထောင်ကြဘူး၊ အဲဒီလိုသာလုပ်နေကြရင် ကျွန်တော်က ဘယ်လိုလုပ်ပြီး စုံစမ်းစစ်ဆေးလို့ရမှာလဲ၊ ဒါကြောင့် ဒီအလုပ်ကို ကျွန်တော်ဆက်ပြီးမလုပ်နိုင်တော့ဘူး၊ ကျေးဇူးပြုပြီး ကျွန်တော့်ထက်ပိုပြီး အရည်အချင်းရှိတဲ့သူကိုပဲ ရှာလိုက်ပါတော့”

လီချင်ရှုန်းက ရဲချုပ်ကြီးအား ရွဲ့စောင်းပြောဆိုလိုက်သည်။ ထိုအခါ

ရှီကျင်းစုန့်တစ်‌ယောက်မျက်မှောင်ကို အသာကြုတ်လိုက်မိရင်း ဤပြဿနာကို မည်သို့ကိုင်တွယ်ရမည်နည်းကို တွေးတောနေမိသည်။

ထိုအချိန်တွင် ရုံးခန်းတံခါးအားလာခေါက်သည့်အသံကို ကြားလိုက်ရ၏။

‘တော်သေးတယ် အချိန်ကိုက်ပဲ’

"ဝင်ခဲ့ပါ”

ဝင်ခွင့်ပြုလိုက်သည်နှင့် ရဲအရာရှိတစ်ဦးသည် ချက်ချင်းပင် အခန်းတွင်းသို့ လျှောက်လာခဲ့သည်။ သေချာကြည့်ပါက အခန်းထဲသို့ဝင်လာသည့် ထိုသူ့မျက်နှာတွင် ထိတ်လန့်တုန်လှုပ်မှုများမှာ အထင်အရှားပေါ်လွင်နေသည်။

“ရဲချုပ်ကြီး အဖွဲ့မှူးလင်းက ဒီတစ်ခေါက် လူအမြောက်အမြားကို ဖမ်းဆီးလာခဲ့ပါတယ်၊ ကြားရသလောက်ဆိုရင် လူပေါင်း သုံးရာကျော်တောင်ရှိပြီး ကားအများကြီးနဲ့ သယ်ဆောင်လာတာပါ”

"ဒါတင်မကသေးဘူး၊ ဒီဖမ်းဆီးမှုက တော်တော်လေးကို ကြီးမားတဲ့ ဂယက်ရိုက်ခတ်မှုတစ်ခုဖြစ်ခဲ့ပါတယ် အဖွဲ့မှူးလင်းက ဖိန်လင်မြို့ရဲ့အထင်ကရနဖြစ်တဲ့ နာမည်ကြီးဘုရားကျောင်းတစ်ခုထဲအထိ သွားရောက်ဖမ်းဆီးခဲ့တာဖြစ်တဲ့အတွက် ဘုရားဖူးလာတဲ့ကမ္ဘာလှည့်ခရီးသွားတွေအားလုံးလိုလိုက ဖမ်းဆီးမှုကို မျက်ဝါးထင်ထင်မြင်တွေ့သွားကြပါတယ်၊ ဒါကြောင့် လူမှုပတ်ဝန်းကျင်အပေါ် ရိုက်ခတ်မှုက တကယ်ကို ပြင်းထန်လှပါတယ်"

အရာရှိက အ‌ခြေနေအရပ်ရပ်အား အစီရင်ခံလိုက်သည်။ ဤစကားကို ကြားလိုက်ရသည့်အခါတွင် လီချန်ရှုန်းက ဦးစွာနှာခေါင်းရှုံ့လိုက်ရင်း စတင်‌ဝေဖန်လေတော့သည်။

"ရဲချုပ်ကြီးရှီ ခင်ဗျားရဲ့ လက်အောက်ငယ်သားတွေက တကယ့်ကို သတ္တိကောင်းတာပဲဗျ၊ ကမ္ဘာလှည့်ခရီးသည်‌‌တွေရှိတဲ့ ဘုရားကျောင်းထဲကိုမှ သွားပြီး လူတွေကို ဘယ်လိုသတ္တိနဲ့ဖမ်းရဲတာလဲ၊ ဒါမှမဟုတ် ဘုန်းကြီးတွေကိုများ ဖမ်းတာလား၊ အခုက ဘယ်ခေတ်ကြီးမို့လို့လဲ၊ ရှေးခေတ်ကလိုမျိုး ဘုန်းကြီးတွေကို လိုက်ဖမ်းနေရအောင်”

လီချန်းရှုန်း လှောင်ပြောင်လိုက်သည်။ထိုအခါ ရှီကျင်းစုန့် မျက်မှောင်ကြုတ်ရင်းမေးမြန်းလိုက်သည်။

"ဘာတွေဖြစ်သွားတာလဲ၊ ဘာဖြစ်လို့ အဲလောက် လူ‌တွေအများကြီးကို ဖမ်းဆီးလာရတာလဲ”

ထိုအခါ ရဲအရာရှိမှထပ်မံပြောလာပြန်သည်။

“ရဲချုပ်ကြီး အဖွဲ့မှူးလင်းက အခုရဲဌာနချုပ်ရဲ့ဂိတ်ပေါက်ဝကို ရောက်ရှိနေပါပြီ”

ရှီကျင်းစုန့်သည် ဘာဖြစ်နေသည်အား သိရှိရန်အတွက် ချက်ချင်းပင် မတ်တတ်ထရပ်လိုက်၏။ လီချန်ရှုန်းကလည်း သူ့အားဆဲရေးသွားသည့် ပြိုင်ဘက်ဖြစ်သူ အရှက်ရနေမည့်မြင်ကွင်းကို သွားရောက်ကြည့်ရှုရန်အတွက် အတူတူထရပ်လိုက်၏။

မကြာမီမှာပင် သူတို့သုံးဦးသည် ရဲဌာနချုပ်အပြင်ဘက်သို့ ရောက်ရှိလာခဲ့ကြသည်။ အမှန်တကယ်ပင် ရဲဌာနချုပ်ဝင်းတစ်ခုလုံး၌ ကားအမြောက်အမြားမှာနေရာယူထားကြသည်ကို မြင်တွေ့လိုက်ရသည်။

ထိုအခါမှ ရှီကျင်းစုန့်သည် အံ့အားသင့်သွားခဲ့ရသည်။ လူပေါင်း ၃၀၀ကျော်အား အမှန်တကယ် ဖမ်းဆီးခြင်းခံထားရသည်ကို မျက်ဝါးထင်ထင်မြင်လိုက်ရသည့်အခါ သူ တကယ့်ကို ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။

ရှီကျင်းစုန့်သည် အခြေအနေကိုလိုက်လံကြည့်ရှုရင်း ကားပေါ်မှ ဆင်းလာကာ မျက်နှာတစ်ခုလုံးဝင်းပလျက် အမိန့်များ ပေးနေသော လင်းကုဝေကိုလှမ်းမြင်လိုက်ရ၏။

လင်းကုဝေမှာလည်း ရဲချုပ်ကြီးရှီကျင်းစုန့်အား လှမ်းမြင်လိုက်သည်နှင့် မိမိအနားတွင်ရပ်နေသော ချင်ရန့်ပခုံးကို ချက်ချင်း ပုတ်လိုက်ရင်း အတူတူသွားရောက်ကာ အစီရင်ခံရန် ခေါ်ဆောင်လာခဲ့သည်။

မကြာမီတွင် ချင်ရန်နှင့် လင်းကုဝေတို့သည် ရဲချုပ်ကြီးရှီကျင်းစုန့်ရှေ့မှောက်သို့ ရောက်ရှိလာခဲ့ကြကာ အလေးပြုလိုက်၏။ ထိုအခါ ရှီကျင်းစုန့်က တင်းမာသောလေသံဖြင့်မေးလေ၏။

"မင်းတို့ ဘာတွေလုပ်နေကြတာလဲ၊ လူတွေ ဒီလောက်အများကြီးကို ဘာလို့ ဖမ်းဆီးလာရတာလဲ၊ ဒါက ဘယ်အတိုင်းအတာထိ ဂယက်ရိုက်ခတ်မှုတွေ ဖြစ်သွားမယ်ဆိုတာကိုကော သိရဲ့လား၊ မကြာခင် မီဒီယာသတင်းထောက်တွေ ဒီကိုရောက်လာတော့မယ်ကွ၊ ဒီတော့ မင်းတို့ အခုလုပ်လာတဲ့ ဒီကိစ္စကို ဘယ်လိုကိုင်တွယ်ကြမလဲဆိုတာ မင်းတို့စဉ်းစားထားကြရဲ့လား”

"မင်းတို့ ဘုရားကျောင်းမှာလူတွေကို သွားပြီးဖမ်းဆီးခဲ့တယ်လို့ ငါကြားတယ်၊ အဲဒီတော့ လမ်းတစ်လျှောက်လုံးမှာ ဓာတ်ပုံရိုက်ထားတဲ့ ကမ္ဘာလှည့်ခရီးသွားတွေရှိနေမှာ အသေအချာပဲ၊ အဲဒီဓာတ်ပုံတွေသာ အင်တာနက်ပေါ်ရောက်သွားရင်တော့ နောက်ထပ်ဝုန်းဒိုင်းကြဲပြဿနာတွေ ထက်တက်လာဦးမှာပဲ”

ရဲချုပ်ကြီးက ခပ်အေးအေးနှင့် တည်ကြည်သောမျက်နှာထားဖြင့် ပြောလိုက်သည်။ သို့သော် လင်းကုဝေမှာမူ

အရယ်အမောမပျက်ခဲ့ပေ။

“ရဲချုပ်ကြီးရယ် အရမ်းလဲစိုးရိမ်မနေပါနဲ့၊ ကျွန်တော်ဖမ်းလာတဲ့ လူတွေအားလုံးက တကယ့်ကို အပြစ်ရှိပြီး ဖမ်းဆီးဖို့ ထိုက်တန်တဲ့လူတွေချည်းပါပဲ"

ထိုအခါ ဘေးတွင်ရပ်နေသော မှုခင်းစုံစမ်းရေးကျွမ်းကျင်ပညာရှင် လီချန်ရှုန်းက မကျေမနပ်ဖြစ်နေသောမျက်နှာထားဖြင့် အေးစက်စွာဝင်ရောက်ပြောဆိုလိုက်သည်။

“ရဲချုပ်ကြီးရှီ။ကျွန်တော် အခုပဲ နှုတ်ဆက်ပြီးပြန်ပါတော့မယ်၊ ကပ္ပတိန်လင်းဖန်တီးထားတဲ့ ပြက်လုံးတွေကို ကျွန်တော် ဆက်မကြည့်ချင်တော့လို့ပါ”

ထိုသို့ပြောပြီးနောက် လီချန်ရှုန်းသည် လှည့်ထွက်သွားရန် ပြင်ဆင်လိုက်၏။ ထိုအခါတွင် လင်းကုဝေက ထိုပညာရှင်လီချန်ရှုန်းအား လုံးဝဂရုမစိုက်ဘဲ နှာခေါင်းရှုံ့လိုက်ရင်း ရဲချုပ်ကြီးရှီကျင်းစုန့်အား တိုက်ရိုက်အစီရင်ခံလိုက်သည်။

"ဒီလူပေါင်း သုံးရာကျော်လုံးက မကောင်းဆိုးဝါးဂိုဏ်းရဲ့ဂိုဏ်းအဖွဲ့ဝင်တွေချည်းပါပဲ ရဲချုပ်ကြီး၊ ကျွန်တော်တို့ အဲဒီမကောင်းဆိုးဝါးဂိုဏ်းရဲ့ ဌာနချုပ်ကို ရှာဖွေတွေ့ရှိခဲ့ပါပြီ၊ ပြီးတော့ ခိုင်လုံတဲ့ သက်သေအထောက်အထားတွေနဲ့ ကျူးလွန်ထားတဲ့ တရားခံတွေကိုလည်း ဖမ်းဆီးရမိခဲ့ပါပြီ၊ ဒါကြောင့် အမှုကို အခုချက်ချင်းပဲ ပိတ်ပစ်လို့တောင်ရပါပြီ”

လင်းကုဝေစကားသံဆုံးသွားသည်နှင့် တစ်ပြိုင်နက် လှည့်ထွက်သွားရန်ပြင်နေသော လီချန်ရှုန်းသည် ချက်ချင်းဆွံ့အသွားခဲ့ရပြီး လင်းကုဝေထံသို့ အံ့အားသင့်စွာဖြင့်ပြန်လှည့်ကြည့်လာခဲ့သည်။

"ဘာလဲ မင်းက မကောင်းဆိုးဝါးဂိုဏ်းရဲ့ ဌာနချုပ်ကို ရှာတွေ့သွားခဲ့ပြီဟုတ်လား”

လင်းကုဝေက ထိုသူ့ကိုအေးစက်စွာတစ်ချက်ကြည့်လိုက်ပြီး မည်သည့်စကားမျှ ပြန်မပြောဘဲလျစ်လျူရှုထားခဲ့သည်။ဘေး၌ရပ်နေသော ရှီကျင်းစုန့်ကမူ အံ့အားသင့်သွားကာ တုန်လှုပ်စွာဖြင့် ရေရွတ်လိုက်မိသည်။

"ဒါ ဒါတကယ်ပဲလား၊ အဲဒီ မကောင်းဆိုးဝါးဂိုဏ်းရဲ့လူတွေက တကယ်ပဲ သုံးရာကျော်တောင်ရှိနေတာလား”

ရှီကျင်းစုန့်သည် ဤမကောင်းဆိုးဝါးဂိုဏ်း၏လူအင်အား ကြီးမားလှပုံကိုကြည့်ကာ မှင်တက်သွားခဲ့ရသည်။လင်းကုဝေ ခေါင်းညိတ်လိုက်ရင်း ရှင်းပြလေသည်။

“ဟုတ်ပါတယ်၊ လူပေါင်းသုံးရာကျော် ရှိပါတယ်၊ ပြီးတော့ ကျွန်တော်တို့လမ်းမှာ ကားမောင်းလာရင်းနဲ့ မကောင်းဆိုးဝါးဂိုဏ်းရဲ့အဓိကတရားခံဖြစ်တဲ့ ဘုန်းတော်ကြီးကို စစ်မေးခဲ့ရာကနေ တကယ့်ကို ကြောက်စရာကောင်းတဲ့အချက်အလက်အချို့ကို ကျွန်တော်တို့ကြားခဲ့ရပါတယ် ရဲချုပ်ကြီး၊ ဒါပေမဲ့ အဲဒီအကြောင်းကိုတော့ ကျွန်တော် းရဲချုပ်ကြီးကို သီးသန့်ပဲ အစီရင်ခံပါ့မယ်"

"အဓိက တရားခံခေါင်းဆောင်ကို ဖမ်းဆီးနိုင်ခဲ့ပြီဆိုရင်တော့ ဒီအမှုကို တကယ်ပဲ အောင်အောင်မြင်မြင်အဆုံးသတ်နိုင်ခဲ့ပြီပေါ့”

လင်းကုဝေထံမှ နောက်ထပ် အချက်အလက်တချို့အား ကြားသိလိုက်ရပြီးသည့်နောက် ရှီကျင်းစုန့်မှာ သက်ပြင်းအရှည်ကြီးသာချလိုက်မိတော့သည်။

လွန်ခဲ့သည့်ရက်အနည်းငယ်က ဤမကောင်းဆိုးဝါးဂိုဏ်းအမှုကြောင့် သူသည် အပြင်းအထန်ခေါင်းခဲနေခဲ့ရခြင်း ဖြစ်သည်။ အ‌ကြောင်းမှာ သူ့အထက်လူကြီးများသည် ဤကဲ့သို့သော ဘာသာရေးမကောင်းဆိုးဝါးဂိုဏ်း ကိစ္စများကို အလွန်အမင်းအထိမခံဘဲ အမြန်ဆုံး ရလဒ်ထွက်ပေါ်လာရန် သူ့ကိုစဉ်ဆက်မပြတ် ဖိအားပေးနေခဲ့ကြသောကြောင့် ဖြစ်သည်။

မျှော်လင့်မထားဘဲ ဤတစ်ကြိမ်တွင်တော့ နောက်ဆုံး၌ အောင်မြင်မှုရရှိခဲ့ပြီ ဖြစ်သည်။ လင်းကုဝေက ရုတ်တရက် ပြောလိုက်သည်။

“ရဲချုပ်ကြီး ဒီအမှုကိုအောင်အောင်မြင်မြင် အဆုံးသတ်နိုင်ခဲ့တာက တကယ်တော့ ချင်ရန့်ကျေးဇူးကြောင့်ပါပဲ၊ ကျွန်တော်ကတော့ ဘေးကနေဝင်ရောက်ကူညီပေးခဲ့ရုံသက်သက်ပါ၊ ချင်ရန်က မကောင်းဆိုးဝါးဂိုဏ်းရဲ့ဌာနချုပ်ကို ရှာတွေ့ပြီလို့ ဖုန်းဆက်လာတာနဲ့ ကျွန်တော် အဲဒီနေရာကို ချက်ချင်းပဲအင်အားအလုံးအရင်းနဲ့ လိုက်သွားခဲ့တာပါ"

ထိုစကားကိုကြားလိုက်ရသည့်အခါ ရှီကျင်းစုန့်က ချီးကျူးထောပနာပြုကာ အော်ဟစ်လိုက်မိတော့သည်။

“ဟားဟား ချင်ရန် မင်းပဲဖြစ်ပြန်ပြီပေါ့၊ ကောင်းပါ့ကွာ ငါ့ရဲ့ရဲဌာနချုပ်တစ်ခုလုံးမှာရှိတဲ့ ထောင်သောင်းချီတဲ့ရဲအရာရှိတွေအားလုံးပေါင်းလိုက်ရင်တောင် မင်းရဲ့ အမှုလိုက်နိုင်စွမ်းကို ဘယ်သူမှမမီတော့ဘူးပဲ”

“ရဲချုပ်ကြီးက ကျွန်တော့်ကိုမြှောက်လွန်းနေပါပြီ"

ဤကဲ့သို့ အလွန်အမင်းချီးကျူးခံရသဖြင့် ချင်ရန်မှာ အနည်းငယ်ပင် ရှက်ကိုးရှက်ကန်းဖြစ်သွားခဲ့ရသည်။

ဘေးတွင်ရှိနေသော မှုခင်းကျွမ်းကျင်ပညာရှင်လီချန်ရှုန်းတစ်ယောက်သာ ကြောင်အမ်းအမ်းဖြင့် မှင်တက်ကျန်ရစ်ခဲ့ရသည်။

သူသည် မိမိရှေ့မှ အသက်အရွယ်သိပ်မကြီးသေးသော လူငယ်လေးကို စိုက်ကြည့်နေမိ၏။ ယခင်က လီချန်ရှုန်းသည် ဤလူငယ်လေးအား အဆင့်မရှိသော အလုပ်သင်တစ်ဦးမျှသာဟု ထင်မှတ်ထားခဲ့ခြင်းဖြစ်သည်။

သို့သော် မည်သူကများတွေးမိမည်နည်း။ နောက်ဆုံးတွင် ဤအမှုကို အပြတ်အသတ် ဖြေရှင်းပေးနိုင်ခဲ့သူမှာ ဤလူငယ်လေး ဖြစ်နေခဲ့၏။

မှုခင်းကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်သည့် မိမိနှင့် ရဲအရာရှိပေါင်းမြောက်မြားစွာတို့မှာ ရက်ပေါင်းများစွာပင်ပန်းကြီးစွာဖြင့် ရှာဖွေခဲ့ရသော်လည်း မည်သည့် သဲလွန်စမျှရရှိခဲ့ခြင်းမရှိ‌ချေ။

မမျှော်လင့်စွာဖြင့် ထိုအလုပ်သင်ရဲအရာရှိလေးချင်ရန်ကမူ မကောင်းဆိုးဝါးဂိုဏ်း၏ဌာနချုပ်ကို အလွယ်တကူရှာဖွေတွေ့ရှိသွားခဲ့ခြင်းက တကယ်ကိုမယုံနိုင်စရာ ကောင်းလှပေသည်။

ထို့နောက် လီချန်ရှုန်းမျက်နှာတစ်ခုလုံးနီမြန်းသွားခဲ့ရ၏။ မှုခင်းကျွမ်းကျင်ပညာရှင်ဆိုသော သူ့ဂုဏ်ပုဒ်မှာ ယခုအခါ လုံးဝအသုံးမဝင်တော့သကဲ့သို့ ဖြစ်သွားခဲ့ရပြီဖြစ်သည်။ သူသည် ဤနေရာသို့ စုံစမ်းစစ်ဆေးရန် လာရောက်ခဲ့သော်လည်း အမှုကို သူကိုယ်တိုင်ဖြေရှင်းနိုင်ခြင်းမရှိခဲ့ရုံမျှမက မည်သူ့ကိုမျှ အထောက်အကူလည်းမပေးနိုင်ခဲ့ချေ။

ထိုအခိုက်တွင် ရဲချုပ်ကြီးရှီကျင်းစုန့်က တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်သည်။

“လူကြီးမင်းလီ အခုတော့ ဒီအမှုကပြီးသလောက်ဖြစ်သွားပြီဆိုတော့ အကယ်၍ လူကြီးမင်းမှာ တခြားအရေးကြီးတဲ့ အလုပ်ကိစ္စတွေရှိသေးရင် အမြန်ဆုံးပြန်လည်ထွက်ခွာနိုင်ပါပြီ၊ ပြီးတော့ အခုလိုလာရောက်ပေးလို့လဲ ကျေးဇူးတင်ပါတယ်”

ရဲချုပ်ကြီးရှီကျင်းစုန့်က မဆိုင်းမတွဘဲ စကားလုံးဖြင့် တိုက်ရိုက်ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်သည်။ ယခင်က အကယ်၍ မိမိလက်အောက်မှလင်းကုဝေသာ ဤအမှုကိုမဖြေရှင်းနိုင်ခဲ့ပါက သူ့အနေဖြင့် လင်းကုဝေအပေါ် ဒေါသထွက်မိမည်မှာသေချာ၏။

သို့သော် ယခုအခါတွင်မူ အမှုက ကောင်းမွန်စွာဖြင့် ပြီးဆုံးသွားခဲ့ပြီဖြစ်ရာ သူသည် မိမိလူဘက်မှသာ သဘာဝကျကျ ရပ်တည်ပေးလိုက်ခြင်းဖြစ်သည်။

မည်သို့ပင်ဆိုစေ လီချန်ရှုန်းသည် အပြင်လူတစ်ယောက်သာဖြစ်၏။

ရှီကျင်းစုန့်သည် ယခင်ကတည်းက လီချန်ရှုန်း၏ပညာမာန်ဝင့်ကာ ဆရာကြီးလုပ်ပြီး စကားပြောဆိုတတ်သော လေသံကို စိတ်အနှောင့်အယှက်ဖြစ်နေခဲ့ရခြင်း ဖြစ်သည်။

ယခုအခါတွင် မိမိတို့ဘက်ကလူမှ အမှုကို အောင်မြင်စွာဖြေရှင်းနိုင်ခဲ့ပြီဖြစ်ရာ အပြင်လူကို မျက်နှာသာပေးနေစရာ အကြောင်းမရှိတော့ချေ။ ထို့ပြင်ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်းတွင် ထိုလူနှင့် အတူတူအလုပ်လုပ်ခဲ့စဉ်ကပင် ဤပညာရှင်ဆိုသူ၏စွမ်းဆောင်ရည်အပေါ် မိမိအနေဖြင့် သံသယအမြောက်အမြား ဝင်နေခဲ့ရပြီးဖြစ်သည်။

"ကောင်းတယ် ကောင်းတယ် တကယ်ကို ကောင်းတာပေါ့”

လီချန်ရှုန်းသည် ဒေါသများထွက်ကာ မျက်နှာတစ်ခုလုံး နီမြန်းလျက် "ကောင်းပြီ"ဟု သုံးကြိမ်ဆက်တိုက် ရေရွတ်လိုက်ပြီးနောက် ချက်ချင်းပင်ခြေလှမ်းကျဲကြီးများဖြင့် သူတို့ရှေ့မှလှည့်ထွက်သွားတော့သည်။

လီချန်ရှုန်းသည် ယခုအခါတွင် လုံးဝ နှုတ်ဆိတ်သွားခဲ့ရပြီဖြစ်၏။ အကယ်၍ သူသာစကားလုံးများဖြင့် ဆက်လက်ပြောဆိုနေပါက မိမိကိုယ်ကိုပိုမိုအရှက်ခွဲသကဲ့သို့သာ ဖြစ်သွားပေလိမ့်မည်။

သူသည် ဖိန်လင်မြို့တော်သို့ရောက်ရှိလာခဲ့စဉ်ကတည်းက မည်သည့်နေရာမှအသုံးမှမဝင်ခဲ့ရုံမျှမက ယခုအခါတွင်လည်း အမှုကို မိမိအထင်သေးခဲ့သောလူငယ်လေးက ဖြေရှင်းသွားခဲ့ပြီဖြစ်သည်။ အကယ်၍ ဤနေရာတွင်သာ ဆက်နေနေပါက သူ့သိက္ခာမှာ လုံးဝပြာပုံအတိဖြစ်သွားပေလိမ့်မည်။

ထို့နောက်မှာတော့ ရှီကျင်းစုန့်သည် ဤအမှုကိစ္စအဝဝကို စနစ်တကျကိုင်တွယ်ဖြေရှင်းရန် ညွှန်ကြားလိုက်တော့သည်။

သူတို့အနေဖြင့် ဖမ်းဆီးရမိထားသူများမှာ မည်သူမည်ဝါဖြစ်ကြောင်း မီဒီယာများထံ တရားဝင်ထုတ်ဖော်ပြောကြားရန်လည်း လိုအပ်ပေသည်။ ဤသို့ဖြင့် မကောင်းဆိုးဝါးဂိုဏ်းအပေါ် တရားစီရင်မှုကြီး စတင်ခဲ့လေပြီ။

ဤမကောင်းဆိုးဝါးဂိုဏ်းအမှုတွင် လူပေါင်းမြောက်မြားစွာ ပါဝင်ပတ်သက်နေပြီး အတိအကျဆိုရသော် ဖမ်းဆီးရမိသူ သုံးရာကျော်ရှိခဲ့သည်။ ဤလူသုံးရာကျော်မှာ ဂိုဏ်းဌာနချုပ်တွင် အခြေစိုက်နေထိုင်သူများသာဖြစ်ပြီး ကျန်ရှိနေသော အခြားအဖွဲ့ဝင်အမြောက်အမြားမှာမူ အခြားနေရာများတွင် ပျံ့နှံ့နေကြဆဲ ဖြစ်၏။

သို့သော်လည်း မကောင်းဆိုးဝါးဂိုဏ်းသည် သူတို့အဖွဲ့ဝင်များ၏ အချက်အလက်အားလုံးကို အလွန်သေသပ်စွာသိမ်းဆည်းထားခဲ့ကြရာ ဤအရေးကြီးသောသက်သေခံအထောက်အထားများကို ရဲတပ်ဖွဲ့က အခန်းတွင်းမှ အလုံးစုံရှာဖွေသိမ်းဆည်းရမိခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့် နောက်တစ်ဆင့်အနေဖြင့် ဤအမှုကို ပိုမိုနက်ရှိုင်းစွာကွင်းဆက်မပြတ် စုံစမ်းစစ်ဆေးသွားမည်ဖြစ်သည်။ လင်းကုဝေသည် သန့်စင်ခြင်းဘုန်းတော်ကြီးထံမှ စစ်ဆေးသိရှိခဲ့ရသော တုန်လှုပ်ခြောက်ခြားဖွယ်သတင်းစကားကို ရှီကျင်းစုန့်အား လျှို့ဝှက်ပြောပြလိုက်သည်။

အမှန်တကယ်တွင်မူ ဤမကောင်းဆိုးဝါးဂိုဏ်းသည် ပြည်ပမှငွေကြေးထောက်ပံ့မှုများကို အလုံးအရင်းနှင့်ရရှိနေခြင်း ဖြစ်၏။ သူတို့သည် ဌာနချုပ်ကို ဖိန်လင်မြို့တွင်သာမက အခြားသောမြို့ကြီးများတွင်လည်း အခြေစိုက်တည်ထောင်ထားခဲ့ကြသည်။

ဤအကြောင်းကို သိရှိလိုက်ရသည့်အခါ ရှီကျင်းစုန့်မှာ အံ့သြထိတ်လန့်သွားရတော့သည်။ ဤကိစ္စမှာ သာမန်ကိစ္စရပ်တစ်ခုမဟုတ်တော့ချေ။ သူသည် ဤအရေးကြီးသောအခြေအနေကို နိုင်ငံတော်အဆင့်အထက်လူကြီးများထံသို့ ချက်ချင်းပင်အစီရင်ခံစာ တင်ပြရတော့မည်ဖြစ်သည်။

All Chapters