← Chapters

အခန်း ၂၂၁

Vol. 23 Ch. 221

အခန်း ၂၂၁

Vol. 23 Ch. 221

221

ဤအမှုသည် ဖိန်လင်မြို့တော်တစ်ခုတည်းတင်မကဘဲ အခြားသောဒေသများနှင့် ပြည်ပအင်အားစုများပါ ပါဝင်ပတ်သက်နေ၏။

ရဲချုပ်ကြီးရှီကျင်းစုန့်သည် ဤအကြောင်းအရာကို နိုင်ငံ၏အထက်လူကြီးများထံ အဆင့်ဆင့် အစီရင်ခံတင်ပြလိုက်ရာ အထက်မှလည်း အလွန်အမင်းအလေးအနက်ထားပြီး ဒေသအသီးသီးရှိရဲဌာနများသို့ ဤပြဿနာကို အထူးဂရုပြု ကိုင်တွယ်ရန် ညွှန်ကြားချက် စာချွန်လွှာများ ချက်ချင်းထုတ်ပြန်လိုက်တော့သည်။

မကောင်းဆိုးဝါးဂိုဏ်းအမှု၏ နောက်ဆက်တွဲ ကိုင်တွယ်ဖြေရှင်းခြင်းလုပ်ငန်းသည် ခုနစ်ရက်တိုင်တိုင်ကြာမြင့်ခဲ့သည်။ ထိုခုနစ်ရက်အတွင်း၌ အစိုးရ၏ အမြင့်ဆုံးအာဏာပိုင်အဆင့်မှနေ၍ မြို့‌တော်များအတွင်းရှိ ဘာသာရေးဆိုင်ရာအဆောပ်အအုံနှင့် ဆက်စပ်သည့်နေရာအားလုံးကိုပါ ပိုက်စိပ်တိုက် စစ်ဆေးရန် အမိန့်များကျရောက်လာခဲ့သည်။

တာအိုဘုရားကျောင်းများ၊ ခရစ်ယာန်ဘုရားကျောင်းများ၊ ဘုန်းကြီးကျောင်းများနှင့် အခြားသောဘာသာရေး အဆောက်အအုံများအားလုံးပါဝင်ပေသည်။

အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော ဘာသာရေးနယ်မြေများသည် မကောင်းဆိုးဝါးများ၏ခိုအောင်းရာ၊ ပုန်းကွယ်ရာနေရာဖြစ်သွားနိုင်သောကြောင့် ဖြစ်သည်။

အမှန်တကယ်တွင်မူ ဤမကောင်းဆိုးဝါးဂိုဏ်း'၏ အခရာဖြစ်သော သန့်စင်ခြင်ဘုန်းတော်ကြီးသည် ဖိန်လင်မြို့တော်၏အကြီးဆုံးသော ဘုရားကျောင်းမှ တာဝန်ရှိသူ(သို့မဟုတ်) ကျောင်းထိုင်ဘုန်းကြီးကို ငွေပေး၍ လာဘ်ထိုးခဲ့ခြင်းဖြစ်ရာ ထိုမှတစ်ဆင့် ဘုရားကျောင်းအတွင်း၌ မကောင်းဆိုးဝါးဂိုဏ်း၏လျှို့ဝှက်အခြေစိုက်စခန်းကို တည်ဆောက်ခဲ့ကြခြင်းဖြစ်သည်။

ငွေကြေးအတွက်ဆိုလျှင် အချို့သော ဘုန်း‌တော်ကြီးအမည်ခံများသည် မည်သည်ကိုမဆို လုပ်ဝံ့ကြသည်မဟုတ်ပါလား။

ထို့နောက် ခုနစ်ရက်တာအချိန်များ ကုန်လွန်သွားပြီးနောက်တွင်မူ

နိုင်ငံအနှံ့အပြားရှိ ထိုမကောင်းဆိုးဝါးဂိုဏ်း၏ပုန်းခိုရာနေရာ အမြောက်အမြားကို ထပ်မံဖော်ထုတ်နိုင်ခဲ့ကြသည်။

ဖိန်လင်မြို့တော်ရှိ ရဲဌာနချုပ်တွင်လည်း သန့်စင်ခြင်းဘုန်းတော်ကြီးကို ရက်ပေါင်းများစွာ ဆက်တိုက်စစ်ဆေးမေးမြန်းခဲ့ရာမှ အလွန်အသုံးဝင်သော အချက်အလက်အမြောက်အမြားကို စစ်ထုတ်ရရှိခဲ့သည်။

မကောင်းဆိုးဝါးဂိုဏ်းအပေါ် ၌ အဓိကထားပြီး နှိမ်နင်းမှုလုပ်ငန်းစဉ်ကြီးမှာ ပြီးဆုံးလုနီးပါးဖြစ်၏၊ ထိုဂိုဏ်းထဲမှအဖွဲ့ဝင် လူပေါင်းတစ်ထောင်ကျော်ကို ဖမ်းဆီးကာ ဥပဒေအရပြင်းထန်စွာ အရေးယူနိုင်ခဲ့ကြသည်။

ဖိန်လင်မြို့တော်တွင် ကျန်ရှိနေသော ဂိုဏ်းအဖွဲ့ဝင်များကိုမူ သူတို့မိသားစုဝင်များက လာရောက်ခေါ်ဆောင်သွားခဲ့ကြပြီး နောက်နောင် လမ်းမှားသို့ထပ်မံမရောက်ရှိစေရန်အတွက် မှန်ကန်သော အတွေးအခေါ်ပိုင်းဆိုင်ရာ လမ်းညွှန်မှုများကို နားလည်တက်ကျွမ်း‌သော ဆရာဝန်များဖြင့် တင်းတင်းကျပ်ကျပ် စနစ်တကျပြုလုပ်ပေးခဲ့ကြသည်။

ထိုနေ့တွင်မူ အခြားသတင်းကောင်းတစ်ခုလည်း ထွက်ပေါ်လာခဲ့ပြန်ရာ ထိုသတင်းသည် တရုတ်နိုင်ငံ၏ထိပ်တန်းအင်တာနက်ဖိုရမ်ဝက်ဘ်ဆိုက်ကြီးများတွင် ခေါင်းကြီးပိုင်းသတင်းအဖြစ် နေရာယူခဲ့သည်။

သတင်း၏အဓိကအချက်မှာ တရုတ်စစ်တပ်သည် ပါရှန်းဒေသတွင် နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးများကို ဆင်နွှဲခဲ့ပြီး ထိုဒေသ၌ ငြိမ်းချမ်းရေးထိန်းသိမ်းမှု ကူညီပံ့ပိုးပေးနေသော နိုင်ငံအချို့နှင့် နီးကပ်စွာ ပူးပေါင်းလျက် အကြမ်းဖက်သမားများ၏ပုန်းခိုရာစခန်း အမြောက်အမြားကို အောင်မြင်စွာ နှိမ်နင်းဖျက်ဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

ထိုအကြမ်းဖက်အဖွဲ့များထဲတွင် နိုင်ငံတကာ၌ နာမည်ဆိုးဖြင့်ကျော်ကြားလှသော K2 အဖွဲ့လည်း ပါဝင်သည်။ မူလက အင်အားထောင်ချီရှိခဲ့သော K2အဖွဲ့သည် ယခုအခါ သူတို့အခြေစိုက်စခန်းကြီး ပျက်စီးသွားခဲ့ပြီဖြစ်ရာ လက်ကျန်အင်အားမှာ လူတစ်ရာပင်မပြည့်တော့ဟု ခန့်မှန်းရသည်။

ထို့ပြင် 'အမှတ် ၁ဇီဝဗေဒဓာတ်ခွဲခန်း' ၏ လျှို့ဝှက်အကြံအစည်များကိုလည်း အာဏာပိုင်များက တရားဝင်ဖော်ထုတ်ချပြလိုက်သဖြင့် တရုတ်ပြည်သူလူထုတစ်ရပ်လုံး အလွန်အမင်းဒေါသထွက်ခဲ့ကြပြီး ထိုဓာတ်ခွဲခန်းအနေဖြင့် သူတို့ထုတ်လုပ်ထားသော ဗိုင်းရပ်စ်များကို ချက်ချင်းဖျက်ဆီးပစ်ရန် အပြင်းအထန် တောင်းဆိုခဲ့ကြသည်။

နိုင်ငံ A ဘက်တွင်လည်း ဤအရှုပ်တော်ပုံကြီးသည် လူသိရှင်ကြားပေါက်ကြားသွားခဲ့ရသဖြင့် နိုင်ငံ၏အဆင့်မြင့်အရာရှိကြီး အမြောက်အမြားရာထူးမှ ဖယ်ရှားခြင်းနှင့် အရေးယူခြင်းများကို ခံခဲ့ရလေသည်။

အကျဉ်းချုပ်ပြောရလျှင် ယခုအခါ နှစ်ဦးနှစ်ဖက်စလုံး အခြေအနေကို ကောင်းကောင်း သဘောပေါက်သွားကြပြီ ဖြစ်သည်။

အကယ်၍ ဗိုင်းရပ်စ်တစ်ခုခုက တရုတ်နိုင်ငံအတွင်းသို့ ရုတ်တရက်ကျူးကျော်ဝင်ရောက်လာခဲ့ပါက ပထမဆုံးသံသယဖြစ်ခံရမည့်သူမှာ နိုင်ငံ Aသာဖြစ်ပေလိမ့်မည်။ ထို့ကြောင့် နိုင်ငံနှစ်ခုကြားတွင် ထူးဆန်းသောငြိမ်းချမ်းရေးအခြေအနေတစ်ခု တည်ဆောက်မိသွားခဲ့သည်။

ပြောရမည်ဆိုလျှင် ချစ်သူများကျွန်း ဓားစာခံဖြစ်စဉ်သည် အပေါ်ယံတွင်တော့ အဖွဲ့အစည်းတစ်ခုတည်း၏ကိစ္စရပ်မျှသာဟုထင်ရသော်လည်း လက်တွေ့တွင်မူ အပြည်ပြည်ဆိုင်ရာ နိုင်ငံရေးအခြေအနေများနှင့်ပါ နက်နက်ရှိုင်းရှိုင်းပတ်သက်နေခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ဤနိုင်ငံတကာ ဂယက်ရိုက်ခတ်မှုကြီးတစ်ခုလုံးကို နောက်ကွယ်မှနေ၍ မွှေနှောက်လှုပ်ခတ်ပေးခဲ့သူမှာ ချင်ရန်ဆိုသည့် လူငယ်လေးတစ်ယောက်တည်းသာဖြစ်ကြောင်းကိုမူ သိရှိသူ အလွန်နည်းပါးလှပေသည်။

ရက်ရက်စက်စက် အေးစိမ့်လှသောနေ့သစ်တစ်ခု စတင်လာခဲ့ပြန်သည်။ ရာသီဥတုက တရွေ့ရွေ့နှင့် ပိုမိုအေးစိမ့်လာခဲ့ပြီဖြစ်ရာ ချင်ရန်သည် ထူထဲလှသော ဂွမ်းခံအင်္ကျီအနွေးထည်ကြီးကို ဝတ်ဆင်ထားရပြီဖြစ်သည်။

ပြင်ပအပူချိန်မှာ အနှုတ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်၏။ ဖိန်လင်မြို့တော်၏ အအေးဆုံးဆောင်းရာသီကာလများတွင် အပူချိန်ကအနှုတ် ၁၀ ဒီဂရီစင်တီဂရိတ်အထိ ကျဆင်းတတ်သဖြင့် တကယ်ကို ဖြတ်သန်းရခက်ခဲလှပေလိမ့်မည်။

လီတာ့ဝေ၊ ရှကျဲ၊ ယန်ရှုနှင့် အခြားသူများသည် ရဲဌာနချုပ်တွင် အလုပ်လုပ်ခဲ့ကြသည်မှာကြာပြီဖြစ်ရာ သူတို့စွမ်းဆောင်ရည်များမှာလည်း သိသိသာသာ တိုးတက်လာခဲ့ကြသည်။

အစောပိုင်းကာလများတုန်းက လင်းကုဝေသည် လီတာ့ဝေနှင့် ယန်ရှုတို့၏ကြံ့ခိုင်မှုပိုင်းမှာ အလွန်အမင်းအားနည်းလွန်းလှပြီး ချင်ရန်နှင့် လုံးဝနှိုင်းယှဉ်၍မရကြောင်း ခံစားမိခဲ့သည်။ ထို့ကြောင့် သူတို့၏ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုတိုးတက်လာစေရန်အတွက် နေ့စဉ်ရက်ဆက် ပြင်းပြင်းထန်ထန် လေ့ကျင့်ပေးခဲ့ခြင်း ဖြစ်သည်။

ဤကာလအတောအတွင်း ပြင်းထန်သော လေ့ကျင့်ခန်းများကြောင့် လီတာ့ဝေနှင့် ယန်ရှုတို့နှစ်ဦးစလုံး ကြွက်သားများ ထွက်လာပြီး ခန္ဓာကိုယ်များတောင့်တင်းခိုင်မာလာခဲ့ကြသည်။ယခုအခါ တရုတ်နှစ်သစ်ကူးကာလက ပိုမိုနီးကပ်လာခဲ့ပြီဖြစ်ရာ အားလပ်ရက်အပန်းဖြေရန်အတွက် နှစ်ပတ်မျှသာလိုပါတော့သည်။

ချမ်းစိမ့်လွန်းလှသည့် ထိုဆောင်းရာသီ၏ နေ့တစ်နေ့တွင် ထူးဆန်းသောလူတစ်ယောက်သည် ဖိန်လင်မြို့တော်ရဲဌာနချုပ်အတွင်းသို့ ရုတ်တရက်ရောက်ရှိလာခဲ့သည်။

ထိုလူသည် စုတ်ပြတ်သတ်နေသော အဝတ်အစားများကို ဝတ်ဆင်ထားပြီး ဖိနပ်လည်းပါမလာချေ။ သူ့လက်များနှင့် ခြေထောက်များတွင် ဆောင်းတွင်းအအေးဒဏ်ကြောင့်ဖြစ်တတ်သော ရက်စက်လှသည့် နှင်းကိုက်အနာပေါင်း ဆယ်ခုထက်မနည်း အပြင်းအထန်ပေါက်နေခဲ့သည်။

သူ့လက်ချောင်းများမှာ အအေးဒဏ်ကြောင့် တောင့်တင်းနေခဲ့ပြီး ခန္ဓာကိုယ်ကို တွန့်လိမ်ကွေးညွတ်ထားလျက် ရဲစခန်းအတွင်းသို့ တစ်လှမ်းချင်းတုန်တုန်ရီရီ လျှောက်လှမ်းဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။

သူ့ထံမှထွက်ပေါ်လာသော အနံ့အသက်ဆိုးမှာ လူတစ်ယောက်ကျင်ကြီးစွန့်ရာ အိမ်သာကျင်းဟောင်းထဲတွင် တစ်လပတ်လုံး နစ်မြုပ်နေခဲ့သကဲ့သို့ပြင်းထန်လှပေသည်။ ရဲဌာနချုပ်အတွင်းရှိ လူတိုင်းမှာ ထိုအနံ့ဆိုးကို မခံမရပ်နိုင်လောက်အောင်ရရှိလိုက်ကြသဖြင့် လူအမြောက်အမြားမှာ ဘာဖြစ်သည်ကိုသိရှိရန် ထွက်ကြည့်ကြတော့သည်။

ချင်ရန်နှင့် ရှကျဲတို့ အတူထွက်ကြည့်လိုက်သည့်အခါ သူတောင်းစားတစ်ဦးကဲ့သို့စုတ်ပြတ်နေသော လူတစ်ယောက်က ရုတ်တရက်ဒူးထောက်ချလိုက်သည်ကို မြင်တွေ့လိုက်ရပြီး ထိုသူက အက်ကွဲနေသောလေသံဖြင့် အကူအညီတောင်းတော့သည်။

"ကယ်ကြပါဦး ကျွန်တော့်ကိုကယ်ကြပါဦး"

ထိုလူက အားကိုးတကြီးဖြင့်အော်ဟစ်တောင်းပန်လာခဲ့သည်။ ထိုအသံကို ကြားလိုက်ရသည့်အခါ ချင်ရန့်ရင်ထဲတွင် လှိုက်ခနဲ တုန်လှုပ်သွားခဲ့ရ၏။ ဌာနချုပ်အတွင်းရှိ မည်သူမျှ ထိုသူ့အနားသို့မချဉ်းကပ်ရဲကြချေ။

အကြောင်းမှာ ထိုလူ့ခန္ဓာကိုယ်မှထွက်ပေါ်နေသော အနံ့ဆိုးမှာ အဆိပ်ငွေ့များလွင့်ပျံလာသကဲ့သို့ ပြင်းထန်လွန်းလှသဖြင့် သာမန်လူဆိုလျှင် မူးမေ့လဲသွားနိုင်လောက်သည်အထိ ဖြစ်သောကြောင့်ပင်။

ချင်ရန်ကမူ အသက်ကို ခပ်ပြင်းပြင်းတစ်ချက်ရှူလိုက်ရင်း ရှေ့သို့ ချက်ချင်းတိုးသွားကာ ထိုလူကို တွဲထူပေးလိုက်သည်။ ထို့နောက် ချင်ရန်က ထိုလူသောက်ရန် ရေနွေးပူပူ‌လေးတစ်ခွက် ကမ်းပေးလိုက်ပြီးနောက် ရဲစခန်း၏ယာယီနားနေခန်းအတွင်းသို့ ခေါ်ဆောင်သွားကာ ရေမိုးချိုး သန့်စင်စေလိုက်တော့သည်။

ထို့နောက် ထိုလူဝတ်ဆင်ရန်အတွက်လည်း အဝတ်အစားအချို့ကိုပါရှာဖွေပေးခဲ့သည်။ ဤကိစ္စရပ်များအားလုံး ပြီးမြောက်ရန် မိနစ်သုံးဆယ်ခန့်ကြာမြင့်ခဲ့၏။ နောက်ဆုံးတွင်တော့ ထိုလူ၏အခြေအနေမှာ အနည်းငယ် ပြန်လည်ကောင်းမွန်လာခဲ့ပြီး သူ့ခန္ဓာကိုယ်မှ အနံ့အသက်ဆိုးများမှာလည်း ယခင်လောက်မပြင်းထန်တော့ချေ။

ထိုလူသည် ရဲဌာနချုပ်၏စောင့်ဆိုင်းခန်းအတွင်းသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ထိုအခါ ရဲအရာရှိအမြောက်အမြားမှာလည်း သူ့ကိုစိတ်ဝင်တစားစောင့်ကြည့်နေကြ၏။ ထိုစဉ် လင်းကုဝေကပါ စောင့်ဆိုင်းခန်းထဲသို့ ဝင်လာခဲ့သည်။

"ချင်ရန် ဒါက ဘာဖြစ်တာလဲ”

လင်းကုဝေ သံသယဖြင့်မေးမြန်းလိုက်သည့်အခါတွင် ချင်ရန်သက်ပြင်းတစ်ချက် ချလိုက်မိ၏။

"သူက တစ်ကိုယ်လုံးနှင်းကိုက်အနာတွေအပြည့်နဲ့ ဌာနချုပ်ထဲ ရုတ်တရက်ကြီး ဇွတ်ဝင်လာတာ၊ ကြည့်ရတာ ဒီလူက ရက်ပေါင်းများစွာ အစာငတ်နေခဲ့တဲ့ပုံပဲ အဖွဲ့မှူး အခုလည်း ကျွန်တော် သူ့ကိုအသင့်စားခေါက်ဆွဲ နှစ်ပန်းကန်ကျွေးထားပါတယ်”

ချင်ရန်၏ရှင်းပြချက်ကြောင့် လင်းကုဝေ ခေါင်းကို အသာညိတ်လိုက်မိသည်။ ချင်ရန့်စိတ်ထဲတွင် ကရုဏာတရားနှင့် ကြင်နာတတ်သော နှလုံးသားရှိနေသည်ကို သူ သဘောကျမိ၏။ ထိုလူသည် ပူလောင်လှသောရေနွေးကို အငမ်းမရ အကြိမ်ကြိမ်မှုတ်သောက်နေသည်ကို မြင်တွေ့နေရသည်။ ၎င်းရေနွေးက အလွန်ပူသော်လည်း ထိုလူကမူ အပူဒဏ်ကိုလုံးဝ မခံစားရတော့သည့်အလား အငမ်းမရ သောက်နေရှာသည်။

အဆိုပါမြင်ကွင်းကြောင့် လင်းကုဝေမှာ သက်ပြင်းချလိုက်မိ၏။ ယခင်နှစ်များ၏ ဆောင်းရာသီကာလများနှင့် တရုတ်နှစ်သစ်ကူးနီးကပ်လာချိန်မျိုးတွင်လည်း အိုးမဲ့အိမ်မဲ့ လေလွင့်သူများနှင့် နယ်ဝေးမှ လာရောက်အလုပ်လုပ်ကိုင်ကြသော ရွှေ့ပြောင်းလုပ်သားအချို့သည် ရဲစခန်းသို့ မကြာခဏရောက်ရှိလာတတ်ကြသည်။

သူတို့လာရောက်ကြခြင်းမှာ အခြားကြောင့်မဟုတ်ဘဲ ရဲစခန်းတွင် ရေနွေးပူပူ အလကားရရှိနိုင်သောကြောင့်ဖြစ်ပြီး အကယ်၍ စိတ်ထားကောင်းသောရဲအရာရှိများနှင့်ကြုံကြိုက်ပါက စားစရာကောင်းကောင်းလေးများပါ အလကား ကပ်စားနိုင်သောကြောင့်ဖြစ်သည်။

ဤရွှေ့ပြောင်းလုပ်သားများနှင့် အိုးမဲ့အိမ်မဲ့ လေလွင့်သူများအားလုံးတွင် မည်သူမျှ မသိနိုင်သော လူမှုဒုက္ခမျိုးစုံရှိကြ၏။ မည်သူကရော နှစ်သစ်ကူးလိုအချိန်မျိုးမှာ နွေးနွေးထွေးထွေးနေပြီး ပူပူနွေးနွေး အစားအစာများကို မစားချင်ဘဲနေမည်နည်း။

မိမိရှေ့ရှိ ထိုလူသည် ရေနွေးကိုသောက်ပြီးနောက်တွင် ရုတ်တရက် ခေါင်းမော့လာခဲ့သည်။ ထိုသူသည် ချင်ရန်အား ကျေးဇူးတင်ရှိလှသောအကြည့်များဖြင့် စိုက်ကြည့်လိုက်ရင်း

"ရဲအရာရှိကြီးတို့ ကျွန်တော် ကျွန်တော်ဒီကိုလာတာ အမှုလာဖွင့်တာပါ”

ထိုလူသည် ခေါင်းကိုပြန်ငုံ့ကာ ထုတ်ဖော်ပြောဆိုလိုက်တော့သည်။

"အမှုလာဖွင့်တာ ဟုတ်လား”

ချင်ရန်နှင့် လင်းကုဝေတို့မှာ အံ့အားသင့်သွားခဲ့ရသည်။ ဤလူသည် အမှိုက်ကောက်ရင်းနှင့် လူသေအလောင်းတစ်ခုခုကိုများ တွေ့ရှိခဲ့တာလား။

ရဲစခန်းတွင် ယခင်ကလည်း အိုးမဲ့အိမ်မဲ့နှင့် လေလွင့်သူတစ်ဦးက အမှိုက်ပုံကို မွှေနှောက်ရှာဖွေရင်း လူသေအလောင်းကို တွေ့ရှိခဲ့သဖြင့် ရဲစခန်းသို့ လာရောက်အကြောင်းကြားခဲ့ခြင်းမျိုး ရှိခဲ့ဖူးသည်။ လင်းကုဝေသည်လည်း ထိုလူအားလှမ်းကြည့်လိုက်မိ၏။ အမှန်တကယ် အမှုလာဖွင့်ခြင်းဖြစ်ပါက မိမိတို့ ကိုင်တွယ်‌ဖြေရှင်းရမည့် အလုပ်တစ်ခုရှိလာခဲ့ပြီ ဖြစ်သည်။

"ကျွန်တော်က ဖိန်လင်မြို့တော်ရဲ့ ဒေသခံစစ်စစ်တစ်ယောက်ပါ၊ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်တုန်းက ကျွန်တော့်ရဲ့ ငယ်သူငယ်ချင်းလည်းဖြစ်၊ အိမ်နီးနားချင်းလည်းဖြစ်တဲ့သူက ရှီရှန်းပြည်နယ်မှာ ကြီးပွားချမ်းသာနိုင်မယ့် အခွင့်အရေးကြီးရှိတယ်လို့ ပြောလာခဲ့တယ်"

"အဲဒီအချိန်တုန်းက ကျွန်တော့်ရဲ့မိသားစုက တကယ့်ကိုဆင်းရဲမွဲတေနေခဲ့တာပါ၊ အဲဒါကြောင့် ငွေအများကြီးရှာနိုင်ဖို့အတွက် ကျွန်တော် ငယ်သူငယ်ချင်းရဲ့ စကားကိုယုံပြီး ရှီရှန်းပြည်နယ်ကို ထွက်သွားခဲ့မိပါတယ်၊ ဒါပေမဲ့ ကျွန်တော်ချိန်းဆိုထားတဲ့နေရာကို ရောက်တဲ့အချိန်မှာတော့..."

"အဲ့နောက်ကျ..."

ထိုလူ့မျက်နှာတွင် မျက်ရည်များစီးကျလာပြီး အလွန်အမင်းခါးသီးနာကျင်လှသောအရိပ်အယောင်များ ထင်ဟပ်လာခဲ့သည်။

"အဲဒီနောက် ကျွန်တော့်ရဲ့နောက်စေ့ကို ရိုက်ခံလိုက်ရပြီး မေ့လဲသွားခဲ့တယ်၊ ကျွန်တော် ပြန်နိုးလာတဲ့အခါကျတော့ လုံးဝအမှောင်ကျပြီး ပိတ်ဆို့နေတဲ့ ကျောက်မီးသွေးတွင်းအဟောင်းကြီးတစ်ခုထဲ ရောက်နေခဲ့တာ၊ အဲဒီနေရာက နေရောင်ခြည်တစ်စက်လေးတောင် မဝင်ဘူး၊ ပြီးတော့ အပြင်ကိုထွက်ပြေးဖို့ဆိုတာ လမ်းလည်းမရှိဘူး၊ လက်နက်ကိုင်ထားတဲ့လူတွေက ကျွန်တော်တို့ ပတ်ပတ်လည်မှာ စောင့်ကြပ်နေကြတာ အများကြီးပဲ”

ဤစကားကိုကြားလိုက်ရသည့်အခါ ချင်ရန်နှင့် လင်းကုဝေတို့နှစ်ဦးစလုံးမှာ အလွန်အမင်းထိတ်လန့်တုန်လှုပ်သွားခဲ့ကြပြီး ဘေးတွင်ရပ်နေသော ရှကျဲမှာလည်း ဆွံ့အမှင်တက်သွားခဲ့ရသည်။

ဤလူသည် ကြမ်းတမ်းရက်စက်လှသည့် ဖြစ်ရပ်ဆိုး၏သားကောင်ဖြစ်ခဲ့ရသည်ကို မိမိတို့အားလုံး ချက်ချင်းပင်ရိပ်မိလိုက်ကြသည်။ ဥပဒေစိုးမိုးမှုနှင့် စည်းဉ်းစည်းကမ်းများ တင်းကျပ်ခြင်းမရှိသေးသော အစောပိုင်းကာလများတွင် ရှီရှန်းပြည်နယ်၌ကျောက်မီးသွေးတွင်း လုပ်ငန်းများ အပြင်းအထန် ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။

ထိုနေရာရှိလူများသည် နယ်ဝေးမှ ဆင်းရဲသားများ၊ ဘဝအာမခံချက်မရှိသူများကို ဤကဲ့သို့ နည်းလမ်းမျိုးစုံဖြင့် လှည့်ဖြားခေါ်ဆောင်လေ့ရှိကြသည်။

၎င်းအိုးမဲ့အိမ်မဲ့လေလွင့်နေသူတို့သည် ဆွေမျိုးမိတ်ဆွေမရှိကြသဖြင့် ပျောက်ဆုံးသွားခဲ့လျှင်ပင် လိုက်လံရှာဖွေရန် အလွန်ခက်ခဲလှပေသည်။

ထိုခေတ်ကာလတုန်းက အပြစ်မဲ့ပြည်သူ အမြောက်အမြားသည် ဤကဲ့သို့သော ကျောက်မီးသွေးတွင်းများတွင် ကျွန်ပြုခြင်းခံခဲ့ကြရသည်။ သူတို့သည် မိမိတို့အလိုဆန္ဒမရှိဘဲ အတင်းအဓမ္မခိုင်းစေခြင်းခံခဲ့ကြရပြီး ဘဝတစ်ခုလုံးအမှောင်ကျခဲ့ရသည်။

သူတို့သည် ကမ္ဘာမြေအောက်၏အမှောင်ထုထဲရှိကျောက်မီးသွေးတွင်းများတွင် ဆယ်စုနှစ်ပေါင်းများစွာတိုင်အောင် သွေးချွေးမြောက်မြားစွာဖြင့် ပင်ပန်းကြီးစွာ လုပ်ကိုင်ပေးခဲ့ကြရသော်လည်း နေ့စဉ် အသက်ဆက်ရှင်ရုံအတွက် အစားအသောက် အနည်းငယ်မှလွဲ၍ မည်သည့် လုပ်အားခလစာငွေမျှရရှိခဲ့ကြခြင်း မရှိချေ။

ဤသို့သော လူမဆန်လှသည့်နည်းလမ်းဖြင့် ရက်စက်လှသောကျောက်မီးသွေးတွင်းပိုင်ရှင်များသည် မိမိတို့လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ်များကို အစွန်းကုန်လျှော့ချကာ အမြတ်ကြီးစားစီးပွားရှာခဲ့ကြခြင်းဖြစ်သည်။

All Chapters