အခန်း ၂၂၂
Vol. 23 Ch. 222
222
လင်းကုဝေသည် ထိုစကားကိုကြားလိုက်ရသည့်အခါ အလွန်အမင်းထိတ်လန့်တုန်လှုပ်သွားခဲ့ရ၏။ ယနေ့ခေတ် တရုတ်နိုင်ငံတော်ကြီးတွင် ဤကဲ့သို့သော လူမှောင်ခိုကျောက်မီးသွေးတွင်းကျွန်အမှုမျိုးမှာမရှိသလောက်နီးပါး ရှားပါးသွားခဲ့ပြီဖြစ်သည်။
သို့သော်လည်း ထိုခေတ်ကာလတုန်းက ကျူးလွန်ခဲ့ကြသော ရက်စက်လှသည့် အကြွေးဟောင်း၊ အမှုဟောင်းများကိုတော့ ဤအတိုင်းလျစ်လျူရှုပြီး မေ့ပစ်လိုက်၍မရပါချေ။
သို့သော် အတိတ်က အမှုဟောင်းများကို ပြန်လည်ခြေရာခံပြီး တရားစီရင်ရန်မှာမူ အခက်အခဲနှင့် အတားအဆီးမြောက်မြားစွာ ရှိနေသည်။ ထပ်လောင်းပြောရလျှင် ထိုခေတ်က အဓိကပြဿနာမှာစည်းမျဉ်းစည်းကမ်းနှင့် ကြီးကြပ်ကွပ်ကဲမှု အားနည်းလွန်းခြင်းကြောင့်ဖြစ်၏။
ထို့ပြင် ရှီရှန်းပြည်နယ်သည် မြေမျက်နှာသွင်ပြင်ကျယ်ပြောပြီး လူဦးရေကျဲပါးလှသည်။ နယ်ဝေးမှ အဆက်အသွယ်မရှိဘဲ လာရောက်အလုပ်လုပ်ကိုင်သော သူစိမ်းတစ်ယောက်သည် ဤနေရာတွင် ပျောက်ဆုံးသွားပါက ရဲတပ်ဖွဲ့အနေဖြင့်လည်း မည်သည့်နေရာမှစ၍ ရှာဖွေရမှန်းမသိ ဝေခွဲမရဖြစ်နိုင်ပေသည်။
"ဒါနဲ့ မင်းအဲဒီနေရာကနေ ဘယ်လိုလုပ်ပြီး ထွက်ပြေးလွတ်မြောက်လာတာလဲ”
ချင်ရန် သိလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။ အမှန်စင်စစ်တွင် ထိုကျောက်မီးသွေးတွင်းမှ စောင့်ကြပ်ကြည့်ရှုသူများသည် ထိုနေရာတွင် လုပ်ကိုင်နေကြသူများကို ကျွန်တစ်ဦးကဲ့သို့ သဘောထားကာ အလွန်တင်းကျပ်စွာ ထိန်းချုပ်ထားမည်မှာ သေချာလှပေသည်။ ထိုလူသည် အတိတ်ကိုပြန်တွေးမိကာ တစ်ကိုယ်လုံး တုန်တုန်ရီရီ ဖြစ်သွားရင်း
“ကျွန်တော် ကျွန်တော်တစ်ယောက်တည်းပဲ လွတ်မြောက်ခဲ့တာပါ၊ အဲဒီတုန်းက ကျွန်တော်နဲ့အတူတူ လှည့်စားခံရပြီး အဓမ္မခိုင်းစေခံရတဲ့ လုပ်ဖော်ကိုင်ဖက်အချို့နဲ့ပူးပေါင်းပြီး အတူတူထွက်ပြေးဖို့ အစီအစဉ်ဆွဲခဲ့ကြပါတယ်”
“တစ်နေ့မှာတော့ ကျွန်တော်တို့တွေ အစောင့်တွေရဲ့ပိတ်ဆို့မှုကို အတင်းဖောက်ထွက်ပြီး အပြင်ကိုဇွတ်ပြေးခဲ့ကြတာ၊ ကျွန်တော်တို့ စုစုပေါင်းကိုးယောက် ရှိတယ်၊ ဒါပေမဲ့ ကျွန်တော် တစ်ယောက်တည်းပဲ လွတ်မြောက်ခဲ့တယ်၊ ကျန်တဲ့ရှစ်ယောက်ကတော့ ပြန်ဖမ်းမိသွားပြီး အဲဒီထဲကနှစ်ယောက်ဆိုရင် ကျွန်တော့်မျက်စိရှေ့တင်ပဲ ရိုက်သတ်ခံလိုက်ရတယ်”
“ကျွန်တော်က စာလည်းမတတ်၊ အသိဉာဏ်လည်းမရှိတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘဲ ကြောက်လန့်သွားခဲ့တာ၊ ပြီးတော့ အဲဒီလူတွေကျွန်တော့်ကို ပြန်လာဖမ်းမှာကိုလည်း စိုးရိမ်လို့ ဘယ်သူ့ကိုမှလည်းမပြောရဲဘဲ အိုးမဲ့အိမ်မဲ့ လေလွင့်သူအဖြစ်ပဲ နေထိုင်ခဲ့ရတာပါ၊ လမ်းမှာတွေ့တဲ့သူတွေကို စုံစမ်းမေးမြန်းရင်းနဲ့ နောက်ဆုံးတော့ ဖိန်လင်မြို့တော်ကိုရောက်လာခဲ့ရတာပါပဲ”
ဤသို့ဖြင့် ထိုလူသည်စကားကို အဆုံးသတ်လိုက်၏။ ချင်ရန်သည် ထိုလူ့စကားကို ကြားပြီးနောက် ပိုမို၍ပင် အံ့အားသင့်သွားခဲ့ရသည်။ သတိပြုမည်မှာ ရှီရှန်းပြည်နယ်နှင့် ဖိန်လင်မြို့တော်တို့မှာ အလွန်ပင်ဝေးကွာလှရာ အကွာအဝေးအားဖြင့် ကီလိုမီတာ ၂,၀၀၀နီးပါးခန့်ရှိပေသည်။
ဤမျှဝေးကွာလှသော လမ်းခရီးကို ထိုလူသည် မည်မျှကြာအောင်လမ်းလျှောက်ခဲ့ရမည်နည်း။ လမ်းခရီးတွင်လည်း မည်ကဲ့သို့သောဆင်းရဲဒုက္ခမျိုးစုံကို ဖြတ်သန်းခဲ့ရမည်နည်းဆိုသည်ကို တွေးကြည့်ရုံနှင့်တင် သိနိုင်ပေသည်။
ရှကျဲသည်လည်း ဘေးမှနားထောင်ရင်း သနားစရာကောင်းလွန်းလှသဖြင့် စိတ်မကောင်းဖြစ်မိနေ၏။ တကယ့်ကို ဝမ်းနည်းစရာကောင်းလှသောဖြစ်ရပ်ဆိုးပင် ဖြစ်သည်။ သို့သော်လည်း ဤသည်မှာ နှစ်ပေါင်းများစွာကြာမြင့်သွားခဲ့ပြီဖြစ်ရာ ယခုအချိန်တွင် ထိုလူ့ကိုကူညီရန် သူမအနေဖြင့် မည်သည်မျှလုပ်ပေးနိုင်မည်မဟုတ်ချေ။
အမှုဟောင်းများကို ပြန်လည်လှန်ပြီး တရားစီရင်ချက်ကို ပြောင်းလဲပစ်ရန်ဆိုသည်မှာ ဖြစ်နိုင်ခြေအလွန်နည်းပါးလှ၏။ နှစ်ပေါင်းနှစ်ဆယ်ကုန်လွန်သွားခဲ့ပြီဖြစ်ရာ အရာရာတိုင်းသည် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ သူမတို့အရှေ့က ထိုလူကိုယ်တိုင်လည်း သူအလုပ်လုပ်ခဲ့သော နေရာ၏လိပ်စာကို မှတ်မိတော့မည် မဟုတ်ချေ။ ထိုစဉ် ဘေးတွင်ရပ်နေသော လင်းကုဝေက ရုတ်တရက်မေးလိုက်လေသည်။
"ဒါနဲ့ မင်းရဲ့နာမည်ကိုရော မင်းမှတ်မိသေးလား”
"ကျွန်တော့်နာမည်က နီတာ့ပေါင်ပါ"
“ငါ နေထိုင်မှုမှတ်တမ်းတွေကို သွားစစ်လိုက်ဦးမယ်၊ အကယ်၍ မင်းအဲဒီတုန်းက ပျောက်ဆုံးသွားခဲ့တာဆိုရင် အမှုဖွင့်မှတ်တမ်းရှိနေလိမ့်မယ်"
ထိုသို့ပြောပြီးနောက် လင်းကုဝေသည် ချက်ချင်းလှည့်ထွက်သွားကာ အချက်အလက်အချို့ကို သွားရောက်ရှာဖွေစိစစ်တော့သည်။ ဆယ်မိနစ်ခန့် ကြာပြီးနောက်တွင် သူပြန်လည်ရောက်ရှိလာခဲ့ပြီး သူ့လက်ထဲတွင် ဟောင်းနွမ်းနေသော စာရွက်စာတမ်းတစ်ခုကို ပရင်တာဖြင့်ထုတ်ယူလာခဲ့၏။
အဆိုပါ စာရွက်စာတမ်းပေါ်တွင် အနည်းငယ်ဝေဝါးကာ ဆေးသားဖျော့နေသော်လည်း အတော်လေးနုပျိုသော လူငယ်တစ်ဦး၏ဓာတ်ပုံ ပါရှိနေသည်။
"မင်း ပျောက်ဆုံးသွားတုန်းက မင်းမိဘတွေ ရဲစခန်းမှာလာပြီးလူပျောက်တိုင်ခဲ့ကြတယ်၊ ဒီမှာကြည့် ငါ့လက်ထဲမှာ မှတ်တမ်းရှိတယ်”
လင်းကုဝေလက်ထဲမှ မိတ္တူစာရွက်ကို ကြည့်ကာ ထိုလူသည် ချက်ချင်းပင်စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်ငိုယိုမိလိုက်တော့သည်။
"ရဲအရာရှိကြီး ဒါဆို ဒါဆို ကျွန်တော့်ရဲ့ မိဘတွေကို ရှာဖွေပေးဖို့ကူညီပေးနိုင်မလား”
ထိုအခါ၌ လင်းကုဝေသည် ခေတ္တမျှနှုတ်ဆိတ်သွားခဲ့ပြီးနောက် လေးနက်သောလေသံဖြင့် ပြောလိုက်သည်။
"ငါ မင်းအတွက် စစ်ဆေးပေးပြီးပြီ၊ မင်းရဲ့မိဘနှစ်ပါးစလုံးက ကွယ်လွန်သွားခဲ့တာကြာပြီ”
နီတာ့ပေါင်သည် ဤစကားကိုကြားလိုက်ရသည့်အခါတွင်မူ မျက်နှာမှာ ချက်ချင်းပင် ဆွံ့အအေးခဲသွားခဲ့ရသည်။ ထို့နောက်တွင်တော့ ယူကြုံးမရစွာဖြင့် အော်ဟစ်ငိုကြွေးပါတော့သည်။
သူသည် မိဘနှစ်ပါးအားမတွေ့ရသည်မှာ နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်ရာ အတိတ်ကိုပြန်လည်တွေးတောရင်း အတိုင်းအဆမရှိ နောင်တရမိနေခဲ့သည်။ အခြားသူများ၏မက်လုံးပေး ဖျားယောင်းမှုကိုယုံကြည်မိကာ မိဘများအား ဂရုမစိုက်ဘဲ စွန့်ခွာသွားခဲ့မိသည့် မိမိကိုယ်ကိုပြန်လည်အပြစ်တင်ရင်း အပြင်းအထန် နောင်တရကာ ငိုကျွေးနေမိခြင်းဖြစ်၏။
သူ ဤသို့လှည့်စားခေါ်ဆောင်ခြင်းခံရစဉ်တုန်းက မိုဘိုင်းဖုန်းဆိုသည်မှာပင် ခေတ်မစားသေးချေ။ သို့သော် ယခုအခါတွင်မူ လူတိုင်းစမတ်ဖုန်းကိုယ်စီ ကိုင်ဆောင်နေကြပြီဖြစ်သည်။ ထို့ကြောင့် သူသည် ဤကဲ့သို့သော တရားမဝင်ကျောက်မီးသွေးတွင်းဟောင်းထဲတွင် မိမိဘဝတစ်ခုလုံးကို နုံအစွာဖြင့်ပေးဆပ်ခဲ့ရခြင်းဖြစ်သည်။
"မင်း အဲဒီနေရာကနေ ဘယ်တုန်းကတည်းက လွတ်မြောက်လာခဲ့တာလဲ”
"လွန်ခဲ့တဲ့ငါးနှစ်၊ ခြောက်နှစ်လောက်ကတည်းကပါ၊ ဒါပေမဲ့ပြီးခဲ့တဲ့နှစ်တွေတုန်းက ကျွန်တော် ရဲစခန်းကို လုံးဝမလာရဲခဲ့ဘူး”
ဘေးမှရပ်ကြည့်နေသည့် ရှကျဲမမေးဘဲ မနေနိုင်တော့သဖြင့် လှမ်းမေးလိုက်မိသည်။
"ဘာဖြစ်လို့ မလာရဲတာလဲ”
ထိုအခါ နီတာ့ပေါင်က တုန်ရီနေသော လေသံဖြင့် ပြန်လည်ဖြေကြားလာခဲ့၏။
"ဘာဖြစ်လို့လဲဆိုတော့ အဲဒီတုန်းက ကျောက်မီးသွေးတွင်းထဲလူတွေ ပြောဖူးတယ်၊ ငါတို့တွေ ဘယ်နေရာမှာပဲ ရဲတိုင်တိုင် သူတို့ကပြန်ဖမ်းမိအောင်လုပ်ပြီး ရိုက်သတ်ပစ်တယ်တဲ့၊ ဒီတော့ ကျွန်တော်လည်း အသတ်ခံရမှာကြောက်လို့ ရဲစခန်းကို မလာရဲခဲ့တာပါ၊ ရဲတွေနဲ့ အဲဒီလူတွေက တစ်ဖွဲ့တည်းဖြစ်နေမှာကို ကျွန်တော် အရမ်းကြောက်ခဲ့တာ"
ထိုစကားကိုကြားလိုက်ရသည့်အခါ၌ လင်းကုဝေမှာ ခေတ္တမျှဆွံ့အကာ နှုတ်ဆိတ်သွားခဲ့ရသည်။ ဤမျှသနားစရာကောင်းလှသောလူသားသည် ကျောက်မီးသွေးတွင်း၌ ကျွန်အဖြစ်နှစ်ပေါင်းနှစ်ဆယ်တိုင်တိုင် နှိပ်စက်ညှဉ်းပန်းခြင်းခံခဲ့ရသဖြင့် သူ့အတွေးအခေါ်ပိုင်းမှာ အလွန်အကျွံဦးနှောက်ဆေးခံထားရခြင်း ဖြစ်၏။
ထို့ကြောင့်ပင် သူသည် ရဲစခန်းသို့အမှုလာမတိုင်ရဲလောက်အောင်ပင် အမြဲတစေ ကြောက်ရွံ့ထိတ်လန့်နေခဲ့ခြင်းဖြစ်သည်။
"ကျွန်တော် လွန်ခဲ့တဲ့နှစ်လကတည်းက ဒီရဲစခန်းကြီးကို မြင်နေခဲ့တာပါ၊ ဒါပေမဲ့ ကြောက်လွန်းလို့မဝင်ရဲဘဲ အပြင်မှာပဲ လှည့်ပတ်နေခဲ့ရတာ၊ ဒီနေ့မှပဲ သတ္တိမွေးပြီး ဝင်လာရဲတာပါ"
ထိုလူက ကြောက်ကြောက်လန့်လန့်ဖြင့် ပြောရှာသည်။ ထိုအခါ လင်းကုဝေသည် မျက်မှောင်ကျိုးလုမတတ် အပြင်းအထန် ကြုတ်လိုက်မိ၏။ ဤမျှသနားစရာကောင်းလောက်အောင် ကြောက်ရွံ့ထိတ်လန့်နေရှာသောလူကိုကြည့်ရင်း သူ ဘာမှ ဆက်မပြောနိုင်တော့ချေ။
မည်သို့ပင်ဆိုစေကာမူ နှစ်ပေါင်းနှစ်ဆယ်ကျော်တိုင်အောင် ကျွန်ပြုညှဉ်းပန်းခြင်း ခံခဲ့ရသည့်အတွက် အမှန်အတိုင်းပြောရလျှင် သူတို့သည် လူသားဆန်သော အတွေးအခေါ်များ ပျောက်ဆုံးသွားခဲ့ပြီး တိရစ္ဆာန်များကဲ့သို့ ခိုင်းဖတ်မျှသာ တွေးခေါ်နိုင်တော့သည့် အခြေအနေသို့ ရောက်ရှိနေခြင်းဖြစ်သည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် သူသည် သာမန်လူတစ်ယောက်ကဲ့သို့ ကျိုးကြောင်းဆင်ခြင် စဉ်းစားနိုင်စွမ်းလုံးဝမရှိတော့ချေ။
လင်းကုဝေသည် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး အချက်အလက်များကို ထပ်မံရှာဖွေရန် အပြင်သို့ထွက်သွားခဲ့ပြန်သည်။ ဆယ်မိနစ်ခန့် ကြာပြီးနောက် လင်းကုဝေ ပြန်လည်ရောက်ရှိလာခဲ့၏။ ဤတစ်ကြိမ်တွင်တော့ သူ့လက်ထဲ၌ အမှုတွဲ စာရွက်စာတမ်းများမြောက်မြားစွာပါရှိလာခဲ့သည်။
"ဒါတွေက မင်းနဲ့တစ်ချိန်တည်း တစ်နှစ်တည်းမှာတင် ပျောက်ဆုံးသွားခဲ့တဲ့လူတွေရဲ့ မှတ်တမ်းပဲ၊ မင်း သူတို့ကို မှတ်မိသေးလား ကြည့်စမ်းဦး”
လင်းကုဝေက စာရွက်စာတမ်းများကို ထိုလူ့အရှေ့သို့တိုးကာ ပြသလိုက်သည်။ ထိုအခါ၌ အဆိုပါလူသည် ၎င်းဓာတ်ပုံများကို မြင်လိုက်ရသည့်အခါ ချက်ချင်းပင် မျက်လုံးများပြူးကျယ်သွားခဲ့ရ၏။
"ကျွန်တော် ကျွန်တော် သူတို့ကိုသိတာပေါ့၊ သူတို့အားလုံးနီးပါးက ကျွန်တော်နဲ့အတူတူအလုပ်လုပ်ခဲ့ရတဲ့ လုပ်ဖော်ကိုင်ဖက်တွေချည်းပဲ၊ ဒါပေမဲ့ အဲဒီထဲကတစ်ယောက်ကတော့ အမိန့်ကို မနာခံလို့ဆိုပြီး ရိုက်သတ်ခံလိုက်ရတယ်၊ ပြီးတော့ သူ့အလောင်းကို ဂိတ်ပေါက်ဝက အစောင့်ခွေးအုပ်ကြီးဆီ ပစ်ကျွေးလိုက်ကြတယ်”
ဤစကားကိုကြားလိုက်ရသည့်အခါ လင်းကုဝေ၏မျက်နှာထားမှာ ချက်ချင်းပင် အလွန်တရာတည်ကြည်လေးနက်သွားခဲ့ရသည်။ ဤသို့ဆိုပါလျှင် ၎င်းအမှုသည် သာမန်အမှုတစ်ခု မဟုတ်တော့ချေ။
အမှန်တကယ်အားဖြင့် ယခင်ခေတ်ကာလများက ဖြစ်ပွားခဲ့သော လူပျောက်မှုပေါင်းများစွာတို့သည် ဤကဲ့သို့သော တရားမဝင်ကျောက်မီးသွေးတွင်းများတွင် ကျွန်ပြုခိုင်းစေရန် လှည့်ဖြားခေါ်ဆောင်ခြင်းခံခဲ့ရသည့် သားကောင်များ ဖြစ်နေပေလိမ့်မည်။
လင်းကုဝေ ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ချက်ချင်းပင် မေးမြန်းလိုက်ပြန်သည်။
"မင်း လွတ်မြောက်လာခဲ့တာ ငါးနှစ်ပဲရှိသေးတယ်ဆိုတော့ အဲဒီကျောက်မီးသွေးတွင်းက အခုထိဆက်ပြီးလည်ပတ်နေတုန်းပဲလား၊ မင်း လမ်းကြောင်းကိုရော မှတ်မိသေးလား”
"ကျွန်တော် ထွက်ပြေးလာတဲ့အချိန်တုန်းကတော့ သူတို့တွေဆက်လုပ်နေတုန်းပဲ၊ လမ်းကြောင်းကိုတော့ ကျွန်တော် သေသေချာချာ မမှတ်မိတော့ဘူး၊ အဲဒီနေရာက တကယ့်ကိုလူသူကင်းမဲ့ပြီး ကျယ်ပြောလွန်းတဲ့ ကုန်းပြင်မြင့်ကြီးတစ်ခုပဲ”
ထိုအခါ ချင်ရန်က လင်းကုဝေအားကြည့်ကာ ပြောလိုက်သည်။
“အဖွဲ့မှူးလင်း ဒီအမှုကိုတော့ ကျွန်တော်တို့ အမြစ်ပြတ်သေသေချာချာစုံစမ်းစစ်ဆေးဖို့ လိုအပ်လိမ့်မယ်၊ လွန်ခဲ့တဲ့ငါးနှစ်ဆိုတာ သိပ်ပြီးမကြာသေးတဲ့အချိန်ကာလတစ်ခုပဲ၊ ပြီးတော့ အဲဒီကျောက်မီးသွေးတွင်းက အခုထက်ထိတိုင်အောင် ဆက်လက်လည်ပတ်နေတာလည်း ဖြစ်နိုင်တယ်၊ ဒီလူလိုမျိုးသနားစရာကောင်းတဲ့ ဆင်းရဲသားအပြစ်မဲ့ပြည်သူတွေ ဘယ်လောက်တောင်ရှိနေလိုက်မလဲ၊ ရှိနေရင်တောင် ဆယ်စုနှစ်ပေါင်းများစွာတိုင်အောင် ကယ်ဆယ်ခြင်းမခံရဘဲ ကျွန်ပြုခြင်းခံနေရဦးမလဲဆိုတာ မသိနိုင်ဘူး”
ချင်ရန့်စကားများသည် လင်းကုဝေ၏အရှိုက်တည့်တည့်ကို ထိုးနှက်လိုက်သကဲ့သို့ ခံစားလိုက်ရသဖြင့် သူသည် အသက်ကို ခပ်ပြင်းပြင်းရှူလိုက်မိရင်း
"ငါ သိပါတယ်၊ ငါ အခုချက်ချင်းပဲ ရဲချုပ်ဆီသွားပြီး အစီရင်ခံလိုက်မယ်၊ ရှီရှန်းပြည်နယ်က ရဲတပ်ဖွဲ့နဲ့ဆက်သွယ်ခိုင်းပြီး တစ်ချိန်တည်းမှာပဲ ငါတို့ဘက်ကလူတွေကိုပါစေလွှတ်ပြီး အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ရလိမ့်မယ်”
ထိုလူ ပျောက်ဆုံးသွားသည့် နေ့တစ်ရက်တည်းမှာတင် လူပေါင်း ၁၁ဦးလည်း ပျောက်ဆုံးခဲ့ပြီး ထိုလူကပျောက်ဆုံးသွားသူအားလုံးကို သူ့လုပ်ဖော်ကိုင်ဖက်များအဖြစ် အတည်ပြုပေးခဲ့လေသည်။
ဤအချက်ကိုကြည့်ခြင်းအားဖြင့် ပျောက်ဆုံးသွားခဲ့သော ထိုလူအမြောက်အမြားသည် ယနေ့တိုင်အောင် အသက်ရှင်လျက်ရှိနေနိုင်သေးကြောင်းကို ညွှန်ပြနေ၏။
မည်သို့ပင်ဖြစ်စေ သူတို့ကိုမဖြစ်မနေ သွားရောက်ကယ်တင်ရမည်။ ဤကဲ့သို့သော တရားမဝင်လူမဆန်သည့် ကျောက်မီးသွေးတွင်းလုပ်ငန်းများကို အမြစ်ပြတ်ချေမှုန်းပစ်ရမည် ဖြစ်သည်။
ရုံးခန်းအတွင်း၌မူ လင်းကုဝေ၏အစီရင်ခံတင်ပြချက်ကို ကြားလိုက်ရသည့် ရဲချုပ်ကြီးရှီကျင်းစုန့်မျက်နှာထားမှာ ချက်ချင်းပင် အလေးအနက် ဖြစ်သွားခဲ့ရ၏။
"ကောင်းပြီ၊ ငါ အခုပဲ အမိန့်ပေးလိုက်မယ်၊ မင်း ချင်ရန်ကိုပါခေါ်သွား၊ ပြီးတော့ နောက်ထပ် ရဲအင်အားအချို့ကိုပါ စုစည်းပြီး အဲဒီသနားစရာအိုးမဲ့အိမ်မဲ့လေလွင့်နေသူကိုပါ လမ်းပြအဖြစ်ခေါ်သွားလိုက်၊ အဲဒီရှီရှန်းပြည်နယ်ကို ကိုယ်တိုင်ကိုယ်ကျ ကွင်းဆင်းစုံစမ်းစစ်ဆေးကြစမ်း”
"ငါ ရှီရှန်းပြည်နယ်က အာဏာပိုင်အကြီးအကဲတွေဆီ ဖုန်းဆက်ပြီး သူတို့ကို တရားဝင်ပူးပေါင်းကူညီပေးဖို့ တောင်းဆိုလိုက်မယ်"
"ဒီလိုလူမဆန်တဲ့ အမှုဟောင်းတွေကို အမြစ်ပြတ်ဖြေရှင်းရမယ်၊ ပြီးတော့ အထက်က ထိပ်တန်းခေါင်းဆောင်တွေကလည်း ပြီးခဲ့တဲ့အစည်းအဝေးတွေမှာ ဒီကိစ္စကိုအထူးအလေးပေးဖို့ မှာကြားထားပြီးသားပဲ၊ ဒါကြောင့် ငါတို့ကအမှုဟောင်းတွေကို ပြန်လည်ဖော်ထုတ်ရမယ်၊ ပြစ်မှုကျူးလွန်ခဲ့တဲ့သူတွေ လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ဆယ်၊ သုံးဆယ်ကပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် သူတို့သေဆုံးသွားခဲ့ပြီပဲဖြစ်ဖြစ် ဥပဒေအတိုင်းပဲ ဒင်းတို့ကိုသေချာပေါက် ပြစ်ဒဏ်ချမှတ်ရမယ်"
ပြောနေရင်းဖြင့် ရှီကျင်းစုန့်သည် ဒေါသအလိပ်လိပ်ထွက်နေတော့သည်။ ယနေ့ခေတ်ကဲ့သို့ တိုးတက်လှသော တရုတ်နိုင်ငံတော်ကြီး၏တစ်နေရာတွင် ဤကဲ့သို့သောလူမဆန်သည့် ဆိုးယုတ်လှသော ဖြစ်ရပ်ဆိုးကြီး တည်ရှိနေဆဲဖြစ်ကြောင်း ကြားလိုက်ရခြင်းက တကယ်ကို မယုံနိုင်စရာ ကောင်းလှပေသည်။ သူတို့ ဤကိစ္စကို အမြစ်ပြတ်အောင် စုံစမ်းစစ်ဆေးရမည်။
"အခု ရဲဌာနချုပ်ထဲမှာ မဖြေရှင်းရသေးတဲ့အမှုဟောင်းတွေ အများကြီးပုံနေတာပဲ၊ ငါတို့တတ်နိုင်သမျှ တစ်ခုပြီးတစ်ခု အပြတ်ရှင်းကြရမယ်"
ရှီကျင်းစုန့်သည် သူ့တရားဝင် စစ်ဆင်ရေးအမိန့်ကို ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။ ခေတ္တမျှကြာပြီးနောက် လင်းကုဝေသည် ရဲချုပ်ကြီးရုံးခန်းအတွင်းမှ ထွက်ခွာလာခဲ့ပြီး စောင့်ဆိုင်းခန်းအတွင်းသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
သူ့အကြည့်များသည် ချင်ရန့်အကြည့်များနှင့် တည့်တည့်ဆုံသွားခဲ့ကြရာ ချင်ရန်သည် ထိုအခိုက်အတန့်တွင်ပင် အခြေအနေကို ချက်ချင်းရိပ်မိလိုက်ပြီ ဖြစ်၏။
သူသည်လည်း ဤအမှုခရီးစဉ်တွင်မဖြစ်မနေ ပါဝင်ပတ်သက်ရတော့မည် ဖြစ်သည်။ သို့သော်လည်း လင်းကုဝေ လုံးဝသတိမထားမိသည်မှာ ချင်ရန်သည် ခုနကတင် ထိုသူ့ပြောစကားများမှတစ်ဆင့် ပြစ်မှုကျူးလွန်ရာ တရားမဝင် ကျောက်မီးသွေးတွင်းဆီသို့ ဦးတည်သော ကွင်းဆက်များကို စိတ်ထဲ၌ခြေရာခံမိသွားခဲ့ပြီဖြစ်ကြောင်းပင်။
အမှန်အတိုင်းပြောရလျှင် ချင်ရန့်ဦးနှောက်ထဲ၌ ထိုကျောက်မီးသွေးတွင်းဆီသို့ ဦးတည်သွားရမည့် ခရီးစဉ်လမ်းကြောင်းမြေပုံကို အတိအကျ ကြိုတင်ဖော်ထုတ်ရရှိထားပြီးဖြစ်သည်။