← Chapters

အခန်း ၂၂၃

Vol. 23 Ch. 223

အခန်း ၂၂၃

Vol. 23 Ch. 223

223

တရုတ်နှစ်သစ်ကူးကာလ နီးကပ်လာပြီဖြစ်သည့် အေးစိမ့်လှသော ဤဆောင်းရာသီရက်များတွင် ဖိန်လင်မြို့တော်မှ ရဲအရာရှိများသည် ခရီးအား စတင်၍ ထွက်ခွာခဲ့ကြပြီဖြစ်သည်။

သူတို့၏တစ်ခုတည်းသော ရည်ရွယ်ချက်မှာ နီတာ့ပေါင်ကိုခေါ်ဆောင်လျက် ရှီရှန်းပြည်နယ်သို့ သွားရောက်ရန်ဖြစ်၏။ နှစ်ပေါင်းများစွာ ကြာမြင့်သွားခဲ့ပြီဖြစ်ရာ ထို‌လေလွင့်သူအနေဖြင့် လမ်းကြောင်းများကို သေသေချာချာမှတ်မိတော့မည် မဟုတ်ပေ။

သို့သော် အကယ်၍ ထိုဒေသဝန်းကျင်သို့ ရောက်ရှိသွားပါက သူ့ဦးနှောက်ထဲတွင် အတိတ်က မှတ်ဉာဏ်များ ရုတ်တရက် ပြန်လည်နိုးထလာနိုင်သည် မဟုတ်ပါလား။

ယခုအကြိမ်တွင်မူ လင်းကုဝေသည် ချင်ရန် အပါအဝင် စုစုပေါင်း ရဲအရာရှိ ၁၂ ဦးကို ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး ကျန်ရှိသောသူများမှာလည်း တကယ့်ဝါရင့်ရဲအရာရှိကြီးများနှင့် ရှကျဲတို့ဖြစ်ကြသည်။

ဤကဲ့သို့သော နယ်ကျော်စုံစမ်းစစ်ဆေးရသည့်အမှုများတွင် ယေဘုယျအားဖြင့် အတွေ့အကြုံရင့်ကျက်သော ဝါရင့်ရဲအရာရှိများကိုသာလိုအပ်သဖြင့် လီတာ့ဝေနှင့် ယန်ရှုတို့လိုလူငယ်များမှာမူ လိုက်ပါရန် အရည်အချင်းမပြည့်မီသေးချေ။

သို့သော်လည်း ချွင်းချက်အနေဖြင့် ချင်ရန်၏ထူးခြားပြောင်မြောက်လှသော တစ်ဦးချင်းစွမ်းဆောင်ရည်များကြောင့် လိုက်ပါလာသူတိုင်းက သူသည် ဤခရီးတွင်လိုက်ပါရန် လုံးဝအရည်အချင်းပြည့်မီကြောင်း တညီတညွတ်တည်း လက်ခံထားကြသည်။

ချင်ရန်၊ လင်းကု‌ဝေနှင့် အခြားသူများသည် မြန်နှုန်းမြင့်ရထားကို စီးနင်းခဲ့ကြသည်။ တစ်ရက်နီးပါးခန့်ခရီးနှင်ခဲ့ပြီးနောက်တွင်မှ ရှီရှန်းပြည်နယ်သို့ရောက်ရှိလာခဲ့ကြ၏။ သူတို့ရထားဘူတာရုံမှ ထွက်လာပြီးနောက်တွင်မူ ရာသီဥတုက အလွန်အမင်းအေးစိမ့်နေသဖြင့် ချင်ရန်နှင့် လင်းကုဝေတို့သည် ချက်ချင်း အလုပ်မစနိုင်သေးဘဲ အနီးနားရှိဟိုတယ်တစ်ခုကိုရှာဖွေ၍ အခန်းယူကာ တည်းခိုလိုက်ကြရတော့သည်။

သူတို့အနေဖြင့် နောက်နေ့မှသာ ဤဒေသရှိရဲစခန်းနှင့် စတင်ဆက်သွယ် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ လမ်းလျှောက်နေစဉ်အတွင်း၌လည်း လင်းကုဝေသည် ထို‌အိမ်‌ခြေရာမဲ့အား လမ်းကြောင်းကို မှတ်မိခြင်းရှိမရှိ အဆက်မပြတ် မေးမြန်းနေခဲ့၏။

သို့သော်လည်း ထိုလူသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုပြီး ခေါင်းခါပြရှာသည်။

"ဒီနေရာက အများကြီးပြန်ပြုပြင်ထားတာမို့လို့ ကျွန်တော် လုံးဝမမှတ်မိတော့ဘူး”

ဤစကားကိုကြားလိုက်ရသည့်အခါ လင်းကုဝေ သက်ပြင်းချလိုက်မိသည်။ လေလွင့်နေသူတစ်ယောက်အနေဖြင့် အတိတ်က အချက်အလက်များကို အသေးစိတ် မှတ်သားထားနိုင်လိမ့်မည်ဟု တစ်ထစ်ချမျှော်လင့်၍မရချေ။

ဘေးတွင်ရှိနေသော ချင်ရန်ကမူ မိမိမှတ်ဉာဏ်ထဲ၌ရှိနေသော လမ်းကြောင်းကို လက်တွေ့မြင်ကွင်းတစ်ခုချင်းစီနှင့် တိတ်တဆိတ် နှိုင်းယှဉ်ကြည့်နေခဲ့ရာ လက်တွေ့တွင်မူ သူ့အရှေ့မှမြင်ကွင်းနှင့် မတူညီကြောင်း တွေ့ရှိရသည်။ ထို့ကြောင့် ဤနေရာသည် အခင်းဖြစ်ပွားရာနေရာ မဟုတ်သေးချေ။

နောက်တစ်နေ့နံနက်တွင်မူ ချင်ရန်၊ လင်းကုဝေနှင့် အခြားသူများသည် အနီးဆုံးရဲစခန်းသို့ သွားရောက်ကာ အချက်အလက်အချို့ကို တောင်းခံခဲ့ကြသည်။ ဤနေရာသည် ရှီရှန်းပြည်နယ်၏ ကျောက်မီးသွေးတွင်းများနှင့် အတော်လေး ဝေးကွာနေသေး၏။ အဆိုပါ ကျောက်မီးသွေးတွင်းများသည် ဤဒေသတွင် တည်ရှိ‌နေခြင်းမဟုတ်ချေ။

သက်ဆိုင်ရာရဲတပ်ဖွဲ့က လမ်းညွှန်ပြသပေးခဲ့သဖြင့် ချင်ရန်နှင့် လင်းကုဝေတို့သည် ကျေးဇူးတင်စကားပြောကြားပြီးနောက် သူတို့လူများကို ဦးဆောင်လျက် ကျောက်မီးသွေးတွင်းမြောက်မြားစွာရှိရာ ဒေသဆီသို့ ဆက်လက်ထွက်ခွာခဲ့ကြသည်။

ဤခရီးစဉ်သည် နောက်ထပ်တစ်ရက်တာမျှ ခရီးနှင်ခဲ့ရပြန်သည်။ အကြောင်းမှာ ရှီရှန်းပြည်နယ်သည် အလွန်အမင်းဝေးလံခေါင်သီလှသဖြင့် တက္ကစီစီးလျှင်ပင် အချိန်အကြာကြီးပေးရပြီး လမ်းခရီးတွင်လည်း လမ်းကြုံလိုက်ပါစီးနင်းနိုင်မည့် ကားမျိုးရှိမရှိကိုပါ စောင့်ကြည့်ရသောကြောင့်ဖြစ်၏။

နောက်ဆုံးတွင်မူ ချင်ရန်နှင့် လင်းကုဝေတို့အဖွဲ့သည် လိုရာခရီးသို့ရောက်ရှိလာခဲ့ကြပြီ ဖြစ်သည်။ ၎င်းနေရာသည် ရှီရှန်းပြည်နယ်၏အကြီးဆုံးသော ကျောက်မီးသွေးတွင်းဇုန်ကြီးဖြစ်ပြီး ပတ်ပတ်လည်တွင် တောင်တန်းကြီးများနှင့် ရေတွက်၍မရနိုင်သော ကျောက်မီးသွေးတွင်းများ ဝန်းရံလျက်ရှိသည်။

ချင်ရန်တို့ရောက်ရှိလာသည့်အချိန်သည် ညဉ့်နက်နေပြီဖြစ်ရာ လင်းကုဝေနှင့် အခြားသူများသည် တည်းခိုရန်ဟိုတယ်တစ်ခုတွင် အခန်းယူ၍ တစ်ညတာနားခိုခဲ့ကြသည်။

သို့သော်လည်း အခန်းအတွက် မှတ်ပုံတင်ခြင်းပြုလုပ်နေစဉ်အတွင်း ချင်ရန်သည် ဟိုတယ်ပိုင်ရှင်၏မျက်နှာအမူအရာမှာ တစ်စုံတစ်ခုပုံမှန်မဟုတ်ဘဲ လွဲချော်နေသည်ကို သိသိသာသာသတိပြုမိလိုက်သည်။

ထိုလူသည် မိမိတို့တစ်ယောက်ချင်းစီကို ခိုးကြောင်ခိုးဝှက် အကဲခတ်ကြည့်ရှုနေခဲ့၏။ ထို့ပြင် ဟိုတယ်ပိုင်ရှင်၏အကြည့်များသည် ချင်ရန့်နောက်တွင်ရှိနေသော ထိုအိမ်ခြေရာမဲ့ထံတွင် နှစ်စက္ကန့်ခန့်မျှ တန့်သွားခဲ့ပြီးမှ အခြေအနေမဟန်သည်ကို ရိပ်မိသွားဟန်ဖြင့် သူ့မျက်လုံးများကို ချက်ချင်း လွှဲဖယ်ပစ်လိုက်သည်။

ချင်ရန် ‌မျက်‌မှောင်အသာကြုတ်လိုက်မိ၏။ လင်းကုဝေနှင့် အခြားသူများသည် ပုံမှန်မဟုတ်သော မည်သည့်အရာကိုမျှ သတိမထားမိသော်လည်း ချင်ရန်ကမူ ၎င်းကို ကောင်းကောင်းသတိပြုမိလိုက်သည်။

ထို့အပြင် ချင်ရန်တွင် စိတ်ချင်းဖတ်နိုင်သောစွမ်းရည်ရှိနေသဖြင့် ထိုဟိုတယ်ပိုင်ရှင်၏စိတ်ထဲတွင် မည်သည်ကို တွေးတောနေသည်ကိုပါ အတိုင်းသား ဖတ်ရှုလိုက်နိုင်သည်။

'လူတွေ ဒီလောက်အများကြီးရောက်လာတာ ဘာကိစ္စရှိလို့လဲ ဒါမှမဟုတ် ရဲတွေများလား နေပါဦး အကုန်လုံးငွေပေးပြီးရှင်းထားပြီးသားပဲကို၊ ဘာဖြစ်လို့ ရဲတွေ ထပ်ရောက်လာရတာလဲ၊ ဒါမှမဟုတ် ဒီလူတွေက တခြားနယ်ကလာကြတာလား’

'နေဦး အနောက်ကလူကို ကြည့်ရတာ နည်းနည်းရင်းနှီးနေသလိုပဲ၊ လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက ထွက်ပြေးသွားခဲ့တဲ့ ကျောက်မီးသွေးတွင်းကျွန်နဲ့‌တော့ အတော့်ကို တူတယ်'

ချင်ရန်သည် ဟိုတယ်ပိုင်ရှင်၏စိတ်ကူးအတွေးအားလုံးကို အကုန်အစင် ကြားလိုက်ရသဖြင့် သူ့စိတ်ထဲတွင်တစ်ချက် တုန်လှုပ်သွားခဲ့ရ၏။ မိမိတို့သည် နေရာမှန်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ဤဟိုတယ်ပိုင်ရှင်သည် အတော်များများကို သိရှိထားပုံရပေသည်။

ဟိုတယ်ပိုင်ရှင်သည် ထိုတရားမဝင် ကျောက်မီးသွေးတွင်းများနှင့် မလွဲမသွေ ပတ်သက်နေရမည်။ မိမိတို့နှင့်အတူ ပါလာသော အိမ်ခြေရာမဲ့ကိုပင်သိရှိနေခြင်းမှာ ဖြစ်နိုင်ချေအလွန်များလှ၏။

ထို့နောက် သူတို့သည်အခန်းမှတ်ပုံတင်ခြင်းကိစ္စရပ်များ ပြီးဆုံးသွားပြီးနောက် လင်းကုဝေက သူ့နောက်ရှိလူများကို လက်ဝှေ့ယမ်းပြလိုက်သည်။

"ကဲ အားလုံးပဲ၊ အခုအချိန်က အရမ်းလည်း နောက်ကျနေပြီ၊ ရှီရှန်းပြည်နယ်ရဲ့ ညဦးပိုင်းတွေက တကယ့်ကိုအေးစိမ့်ပြီး မှောင်ကလည်း အတော့်ကိုမှောင်နေပြီ၊ ဒါကြောင့် အားလုံးအပေါ်ထပ်ကိုတက်ပြီး အနားယူလိုက်ကြဦး၊ မနက်ဖြန်မနက်ကျမှပဲ ငါတို့စုံစမ်းစစ်ဆေးမှုတွေကို စတင်ကြတာပေါ့"

"ဟုတ်ကဲ့ပါ အဖွဲ့မှူးလင်းပြောတဲ့အတိုင်း လုပ်ကြတာပေါ့"

ဝါရင့်ရဲအရာရှိကြီးများအဖွဲ့က ရယ်မောလိုက်ကြရင်း အအေးဒဏ်ကြောင့် တောင့်တင်းနေသော သူတို့လက်များကို ပွတ်သပ်လျက် အပေါ်ထပ်သို့တက်၍ အနားယူရန် ပြင်ဆင်ကြတော့သည်။

ချင်ရန်သည်လည်း အေးဆေးတည်ငြိမ်စွာဖြင့် အခန်းထဲသို့လိုက်ပါသွားခဲ့သော်လည်း အနောက်မှာကျန်ရစ်ခဲ့သော ဟိုတယ်ပိုင်ရှင်၏စိတ်ကူးအတွေးများကို တိတ်တဆိတ် ဆက်လက်စောင့်ကြည့်နေခဲ့၏။

'မဖြစ်သေးပါဘူး၊ ဒီကောင်တွေက ပြဿနာရှာဖို့ ရောက်လာကြတာထင်တယ်၊ ငါ အခုချက်ချင်း သူဌေးလီဆီ သွားပြီး သတင်းပို့ရမယ်'

ဟိုတယ်ပိုင်ရှင်၏စိတ်ထဲတွင် ထိုသို့ ကြံစည်လိုက်သည်။ ချင်ရန်၊ လင်းကုဝေနှင့် အခြားသူများ အပေါ်ထပ်ရှိအခန်းများဆီသို့ အကုန်တက်သွားကြပြီးနောက်တွင်မူ ဟိုတယ်ပိုင်ရှင်သည် အချိန်မဆိုင်းဘဲ အလျင်အမြန်ပင် ဟိုတယ်အပြင်သို့ ထွက်ခွာသွားခဲ့တော့သည်။

ဤအရာအားလုံးသည် ချင်ရန်၏စောင့်ကြည့်လေ့လာမှုအောက်တွင် မလွတ်ကင်းခဲ့ချေ။ ယခုအခါတွင် မိမိတို့သည် အခန်းအတွင်းသို့ ရောက်ရှိနေကြပြီဖြစ်ပြီး ထိုအခန်းထဲတွင် ချင်ရန်၊ လင်းကုဝေနှင့် ထို‌လေလွင့်နေသူနီတာ့ပေါင်တို့ သုံးဦးအတွက် ကုတင်သုံးလုံးရှိနေသည်။

လင်းကုဝေသည် ကုတင်ပေါ်တွင် လဲ‌လျောင်းရင်း တစ်ကိုယ်လုံးရှိအကြောများကို ဆန့်လိုက်ကာ အလွန်အမင်း မောပန်းနွမ်းနယ်နေဟန်ဖြင့်

"ပင်ပန်းလိုက်တာ၊ တကယ်ကို ပင်ပန်းတာပဲ၊ ရာသီဥတုကလည်း ဒီလောက်အေးနေတော့ လူကိုအိပ်ချင်စိတ်ပေါက်လွယ်စေတယ်၊ ကံကောင်းလို့ တရေးလောက် ကောင်းကောင်းလေး အိပ်လိုက်ရရင်တော့ဖြင့်....”

"ချင်ရန် မင်းကတော့ အခုထိတောင် တက်ကြွနေတုန်းပဲနော်၊ မင်းရဲ့မျက်လုံးထဲက ထက်မြက်တဲ့အရောင်အဝါတွေကိုကြည့်ပြီး ငါ တကယ်ပဲအိုမင်းသွားပြီဆိုတာကို တစ်နေ့တခြား ပိုပိုသတိထားမိလာတယ်”

လင်းကုဝေက ချင်ရန်အားကြည့်ကာ ညည်းတွားလိုက်၏။ ချင်ရန်ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် လင်းကု‌ဝေအား ပြောလာသည်။

“အဖွဲ့မှူး စောစောက ဟိုတယ်ပိုင်ရှင်ရဲ့ အမူအရာက နည်းနည်းထူးဆန်းနေတယ်လို့ မခံစားမိဘူးလား”

ထိုအခါ လင်းကုဝေ တစ်ချက်ဆွံ့အသွားခဲ့ရ၏။

"ထူးဆန်းတယ် ဟုတ်လား"

ထိုအချိန်တုန်းက လင်းကုဝေသည် အခန်းမှတ်ပုံတင်ခြင်းအချက်အလက်များကိုသာ အာရုံစိုက်နေခဲ့သဖြင့် ဟိုတယ်ပိုင်ရှင်အား သေသေချာချာကြည့်မနေခဲ့မိချေ။ အခြားသော ရဲအရာရှိများမှာလည်း ခရီးပန်းလာသဖြင့် ဂရုထားမိလောက်မည် မဟုတ်ချေ။

ချင်ရန်ထံမှ ထုတ်ဖော်ပြောဆိုလာမှသာ လင်းကုဝေ ဇဝေဇဝါဖြင့်ပြန်မေးလာသည်။

“ဟိုတယ်ပိုင်ရှင်မှာ ဘာပြဿနာရှိလို့လဲ"

"ခုနက ကျွန်တော်သတိထားမိတာ သူ့အကြည့်တွေက ကျွန်တော်တို့တစ်ယောက်ချင်းစီအပေါ်ကို သေချာ အကဲခတ်ပြီးကြည့်နေတာ၊ ပြီးတော့ ကျွန်တော်တို့နောက်က ဒီလူ့ကိုလည်း အကြည့်တွေက နှစ်စက္ကန့်ထက်ပိုပြီးစိုက်ကြည့်သွားသေးတယ်"

ဤစကားကိုကြားလိုက်ရသည့်အခါ လင်းကုဝေက ခပ်ဖွဖွရယ်မောလိုက်၏။

"ချင်ရန်ရာ မင်းကလဲတကယ်ပါပဲ၊ မင်း စဉ်းစားကြည့်လေ၊ မင်းသာဟိုတယ်ပိုင်ရှင်တစ်ယောက်ဖြစ်နေလို့ ရုတ်တရက် လူတစ်ဒါဇင်လောက် ဇွတ်ဝင်လာရင် မင်းရော သံသယမဖြစ်ဘဲနေမလား၊ စိတ်ထဲမှာတော့ ကြောက်ရွံ့ပြီး ဒီလူတွေက လူမိုက်တွေများလား ဘာလားဆိုပြီး စိုးရိမ်စိတ်နဲ့ သေသေချာချာ အကဲခတ်ကြည့်မိမှာပဲ မဟုတ်ဘူးလား”

"ပြီးတော့ ဒီသနားစရာလူကလည်း လူတွေရဲ့အကြည့်တွေကို အမြဲတမ်း ရှောင်လွှဲ‌နေပြီး ကြောက်လန့်တဲ့ပုံဖြစ်နေတော့ ပတ်ဝန်းကျင်ကလည်း အဲလို ကြောက်ရွံ့နေတဲ့သူမျိုးကို ပိုပြီး အာရုံစိုက်ကြည့်မိကြတာ သဘာဝပဲလေ"

လင်းကုဝေ၏ကျိုးကြောင်းဆင်ခြင်ချက်များမှာ သာမန်အားဖြင့် မှန်ကန်ပေသည်။ သို့သော်လည်း သူ လုံးဝမမျှော်လင့်ထားမိသည်မှာ ချင်ရန်တွင် စိတ်ချင်းဖတ်နိုင်သောစွမ်းရည်ရှိနေသဖြင့် လင်းကုဝေမသိရှိနိုင်သော နောက်ကွယ်က လျှို့ဝှက်ချက်များကို အကုန်လုံးသိမြင်နေခြင်းပင် ဖြစ်၏။

သာမန်ကာလျှံကာကြည့်လျှင်ပင် ဟိုတယ်ပိုင်ရှင်၏အကြည့်များမှာ လုံးဝ ပုံမှန်သာဖြစ်ပေလိမ့်မည်။ ဘေးနားရှိ ထိုလေလွင့်သူကလည်း တုန်တုန်ရီရီဖြင့်ဝင်ရောက်ပြောဆိုလေသည်။

"ကျွန်တော် ကျွန်တော်လည်း အကုန်လုံးက ပုံမှန်ပဲလို့ ခံစားရပါတယ်"

"မင်းရော ဒီနေရာကိုရင်းနှီးနေတယ်လို့ မခံစားရဘူးလား”

ချင်ရန် ထပ်မံမေးမြန်းလိုက်ပြန်သည်။

"မရှိပါဘူး မရှိပါဘူး"

ထိုလေလွင့်သူသည် ခေါင်းကို အဆက်မပြတ် ခါယမ်းလိုက်ရင်း အကြည့်များကို ကြမ်းပြင်သို့သာ လွှဲပြောင်းနှိမ့်ချထားခဲ့သည်။ မိမိသည် ရှီရှန်းပြည်နယ်အတွင်းသို့ ခြေချမိစဉ်ကတည်းက ဤနေရာအားမသိစိတ်မှ အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့နေခဲ့ဟန်တူပေသည်။

ချင်ရန့်မျက်ဝန်းအကြည့်များမှာ နက်ရှိုင်းလှသဖြင့် မည်သူမျှအတိအကျ ခန့်မှန်း၍မရချေ။ ထို့နောက် ချင်ရန်သည် မည်သည်ကိုမျှ ဆက်မပြောတော့‌ချေ။ အခြားသူများက မသိရှိကြသော်လည်း မိမိမှာမူ ဤဟိုတယ်ပိုင်ရှင်သည် သာမန်လူတစ်ယောက်လုံးဝမဟုတ်ကြောင်း အသေအချာ သိရှိထားသည်။

ထို့ပြင် ဟိုတယ်ပိုင်ရှင်သည် ဤတရားမဝင်ကျောက်မီးသွေးတွင်းများနှင့်လည်း အလွန်နက်ရှိုင်းသော ပတ်သက်မှုရှိရပေမည်။ ချင်ရန်စိတ်ထဲတွင်လည်း တိတ်တဆိတ် တွေးတော‌နေမိသည်။

'လောလောဆယ်တော့ ခဏထားလိုက်ဦးမယ်၊ ပြီးမှဖြစ်လာသမျှ ပြဿနာ‌တွေကို ကြည့်ကြပ်ပြီး ရင်ဆိုင်ရုံပဲရှိတော့တယ်၊ အခု ဟိုတယ်ပိုင်ရှင်က အပြင်ထွက်သွားပြီဆိုတော့ မနက်ဖြန် အချိန်ရတဲ့အခါကျမှပဲ သူ့ကိုတစ်ယောက်တည်း သီးသန့် စစ်ဆေးမေးမြန်းရမယ်'

ချင်ရန်သည် ဤကဲ့သို့စီစဉ်ထားခဲ့သည်။ သို့သော်လည်း သူ လုံးဝကြိုတင်မသိရှိနိုင်ခဲ့သည်မှာ ဟိုတယ်ပိုင်ရှင်သည် ကျောက်မီးသွေးတွင်းပိုင်ရှင်အစစ်အမှန်ထံသို့ သတင်းသွားရောက်ပေးပို့နေပြီ ဖြစ်ကြောင်းပင်။ ကြီးမားလှသော ဘေးအန္တရာယ်ဆိုးကြီးသည် မကြာမီ သူတို့ထံသို့ မရှောင်လွှဲနိုင်ဘဲကျရောက်လာတော့မည်ဖြစ်သည်။

ကျောက်‌မီးသွေးပိုင်ရှင်ထံသို့ သတင်းသွားရောက်ပေးပို့သည့် ဟိုတယ်ပိုင်ရှင်သည် သူ့ဗို့စ်ဝက်ဂွန်ကားလေးကို မောင်းနှင်လျက် ဆယ်ကီလိုမီတာခန့်ကွာဝေးသော အလွန်မှောင်မိုက်လှပြီး ဝေးလံခေါင်သီလှသည့် နေရာတစ်ခုဆီသို့ ဦးတည်သွားခဲ့သည်။

ကွေ့ကောက်လှသော လမ်းကွေ့မြောက်မြားစွာကို ဖြတ်သန်းပြီးနောက်တွင်မှ သူသည် လိုရာခရီးသို့ ရောက်ရှိခဲ့၏။ ထိုဟိုတယ်ပိုင်ရှင်ရောက်ရှိလာသည့် ဤနေရာတွင် စက်ရုံကြီးတစ်ခုတည်ရှိနေပြီး အဝေးမှ လှမ်းကြည့်လိုက်လျှင် စက်ရုံ၏မီးရောင်များမှာ အလွန်အမင်း ဝေဝါးမှိန်ဖျော့လှပေသည်။

အကယ်၍ သေသေချာချာမကြည့်ပါက ထိုမီးရောင်များသည် ညဉ့်မှောင်ထုကြီးအတွင်းသို့ လုံးဝတစ်သားတည်းနစ်မြုပ်ပျောက်ကွယ်နေသကဲ့သို့ ခံစားရလိမ့်မည်။

ဤနေရာကား တရားမဝင်လူမဆန်စွာ ဖွင့်လှစ်ထားသောကျောက်မီးသွေးတွင်းကြီးပင်ဖြစ်ပေသည်။ ကျောက်မီးသွေးတွင်း၏အတွင်းပိုင်း၌မူ တစ်နှစ်ပတ်လုံး အမှောင်ထုကြီးက စိုးမိုးထားပြီး ရေနံဆီမီးခွက်များဖြင့်သာ မှိန်ဖျော့ဖျော့ အလင်းရောင်ကို ရရှိကြသည်။

ထိုအချိန်တွင်ပင် အသက်လေးဆယ်ကျော်အရွယ်ရှိကြပြီဖြစ်သော အသက်ကြီးပိုင်း အလုပ်သမားများနှင့် လိမ်လည်လှည့်ဖျားကာ ခေါ်ဆောင်လာသည့် အပြစ်မဲ့ပြည်သူရာပေါင်းများစွာတို့သည် ထိုတရားမဝင်ကျောက်မီးသွေးတွင်း အမှောင်ထုထဲ၌ ပင်ပန်းကြီးစွာဖြင့် ငရဲဒုက္ခခံကာ အတင်းအဓမ္မခိုင်းစေခံနေကြရဆဲဖြစ်၏။

သူတို့သည် သာမန်အလုပ်သမားများ လုံးဝမဟုတ်ကြဘဲ တစ်နေ့တာအတွက် စားစရာအနည်းငယ်မျှဖြင့်သာ အသက်ဆက်နေကြရရှာသော ခေတ်သစ် လူသားကျွန်များသာဖြစ်ကြသည်။

All Chapters