အခန်း ၂၂၄
Vol. 23 Ch. 224
224
ဟိုတယ်ပိုင်ရှင်သည် စက်ရုံဝင်းအတွင်းသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာပြီး ကားကိုအထဲသို့ တန်းတန်းမတ်မတ်မောင်းနှင်ဝင်ရောက်ခဲ့သည်။
စက်ရုံ၏အဝင်ဂိတ်ဝတွင် သံတုတ်များကိုယ်စီကိုင်ဆောင်ထားကြသော အနက်ရောင်ဝတ်စုံဝတ် အမျိုးသားရှစ်ဦးသည် သတိမပျက်ဘဲ အနီးကပ်စောင့်ကြပ်လျက် ရှိနေကြ၏။ သူတို့သည် မိမိတို့စက်ရုံဝင်းထဲသို့ ကားတစ်စီး မောင်းနှင်ချဉ်းကပ်လာသည်ကို မြင်လိုက်ရသည့်အခါ ချက်ချင်းပင် သတိချပ်ကာ လက်ပြတားဆီးလိုက်ကြသည်။
"ရပ်စမ်း ဘယ်သူလဲ၊ ဘာလာလုပ်တာလဲ”
အော်ဟစ်ကာ တားမြစ်စစ်ဆေးလိုက်သည့်အသံကြောင့် ဟိုတယ်ပိုင်ရှင်သည် ကားပြတင်းပေါက်မှ ခေါင်းပြူထွက်လိုက်ရင်း
"ငါ ယိုယွမ်ဟိုတယ်ရဲ့ပိုင်ရှင် လျိုကျွမ်းရှီပါ၊ မင်းတို့ရဲ့သူဌေးနဲ့ အရေးကြီးကိစ္စ ဆွေးနွေးစရာရှိလို့လာခဲ့တာ"
ဟိုတယ်ပိုင်ရှင်က အလျင်အမြန်ပြောလိုက်ရသည်။ ထိုအခါ ကင်းစောင့်နေသော အနက်ရောင်ဝတ်စုံဝတ်အမျိုးသားက ခေါင်းကို အသာညိတ်လိုက်ပြီးနောက် ဝေါ်ကီတော်ကီကိုထုတ်ယူကာ တိုးညှင်းသောလေသံဖြင့် အခြေအနေကိုလှမ်းတင်ပြလိုက်၏။
မိနစ်ဝက်ခန့်ကြာပြီးနောက် ထိုအနက်ရောင်ဝတ်စုံဝတ်အမျိုးသားက ဟိုတယ်ပိုင်ရှင်အား ခေါင်းညိတ်ပြကာဝင်ခွင့်ပြုလိုက်သည်။
"ကောင်းပြီ လျိုကျွမ်းရှီ၊ မင်း အထဲကိုဝင်သွားလို့ရပြီ"
"ကောင်းပါပြီ"
ဟိုတယ်ပိုင်ရှင်လျိုကျွမ်းရှီသည် သူ့ကားကို တရားမဝင်ကျောက်မီးသွေးတွင်းဝင်းအတွင်းသို့ မောင်းဝင်လာခဲ့သည်။ သူသည် ဤနေရာသို့ မကြာခဏလာရောက်လေ့ရှိသဖြင့် စက်ရုံဝင်းတစ်ခုလုံးကို အလွန်အမင်း ကျွမ်းကျင်နှံ့စပ်နေခဲ့၏။
ဤစက်ရုံဝင်းကြီးမှာ မီတာ ၅၀၀ခန့်အထိ အတော်လေး ကျယ်ဝန်းလှသည်။ လျိုကျွမ်းရှီသည် ဆက်မောင်းနှင်လာခဲ့ပြီးနောက် သံတိုင်များဝန်းရံထားသော ဗီလာအိမ်ကြီးတစ်လုံးဆီသို့ ရောက်ရှိလာခဲ့သည်။ ထိုဗီလာအိမ်ကြီး၏ ပတ်ပတ်လည်တွင်လည်း အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသည့် လုံခြုံရေးအစောင့်အကြပ် အမြောက်အမြား ကင်းလှည့်နေကြသည်ကို မြင်တွေ့ရ၏။
လျိုကျွမ်းရှီသည် ကြိုတင်အကြောင်းကြားထားပြီးဖြစ်သဖြင့် အစောင့်များက သူ့ကိုမည်သည့်ပြဿနာမျှမရှာဘဲ အလွယ်တကူ ပေးဝင်လိုက်ကြသည်။ လျိုကျွမ်းရှီသည် ဗီလာအိမ်ကြီးအနီးတွင် ကားကိုရပ်နားလိုက်ပြီးနောက် ချက်ချင်းပင် ဗီလာအိမ်ကြီးအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။
ထိုဗီလာအိမ်ကြီး၏ အတွင်းပိုင်း၌လည်း အစောင့်အကြပ်များ ထူထပ်စွာရှိနေ၏။ ဤသည်ကိုကြည့်ခြင်းအားဖြင့် အဆိုပါ ဗီလာပိုင်ရှင်သည် တိုင်းပြည်အုပ်ချုပ်သည့် အရေးကြီးလူပုဂ္ဂိုလ်တစ်ဦးက ကိုယ်ရံတော်တပ်ဖွဲ့များဝန်းရံလျက် နေထိုင်နေသည့်အလား ခံစားရစေသည်။
ဗီလာအိမ်ကြီးထဲသို့ အဆင့်ဆင့်သော စစ်ဆေးမှုများကို ဖြတ်သန်းပြီးနောက်တွင်မှ လျိုကျွမ်းရှီသည် လင်းထိန်နေသော မီးရောင်များကို မြင်တွေ့လိုက်ရကာ မိမိသည် ဗီလာ၏ဧည့်ခန်းမကြီးအတွင်းသို့ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း သိလိုက်ရသည်။
ထိုဧည့်ခန်းမကြီးအတွင်းရှိ အလွန်အမင်း ထည်ဝါလှသော ဆိုဖာအကြီးကြီးပေါ်တွင် အရွယ်အားဖြင့် အသက်ခြောက်ဆယ်ခန့် ရှိပြီဖြစ်သော အသက်ကြီးပိုင်း အမျိုးသားတစ်ဦး ခြေချိတ်ထိုင်နေသည်ကို မြင်တွေ့လိုက်ရ၏။ ထိုအဖိုးကြီးသည် ခြေထောက်ချိတ်ထိုင်လျက် စီးကရက်ကို ခန့်ညားစွာသောက်နေပြီး လက်တစ်ဖက်တွင်လည်း စာအုပ်တစ်အုပ်ကို ဟန်ပါပါဖြင့် ဖတ်ရှုနေခဲ့သည်။
"သူဌေးကြီးလီ”
လျိုကျွမ်းရှီ ရောက်ရှိလာသည်နှင့်တစ်ပြိုင်တည်း ထိုအသက်ကြီးကြီး သူဌေးကြီးအား အရိုအသေပြုလိုက်သည်။
"ကျွန်တော် သူဌေးကြီးကို အထူးသတင်းလာပို့တာပါ၊ တကယ့်ကို အရေးကြီးတဲ့ ကိစ္စတစ်ခုပါ”
လျိုကျွမ်းရှီသည် ကပျာကယာဆိုလိုက်၏။
"ဘာကိစ္စလဲ”
သူဌေးကြီးလီသည် အသက်အရွယ်အရ အိုမင်းရင့်ရော်နေပြီဖြစ်သော်လည်း သူ့လေသံမှာမူ တည်ငြိမ်ထက်မြက်ဆဲ ဖြစ်သည်။ အဆိုပါသူဌေးကြီးသည် သူ့စာအုပ်ကို အကြည့်မပျက်၊ အဖတ်မပျက်ဘဲ လျိုကျွမ်းရှီအား မေးလိုက်ပေတော့သည်။
"သူဌေးကြီး ကျွန်တော့်ရဲ့ဟိုတယ်ကို စုစုပေါင်းလူတစ်ဆယ့်သုံးယောက် ဒီညပဲ ရောက်လာကြတယ်၊ ကျွန်တော် ထင်တာတော့ အဲဒါရဲတွေပဲဖြစ်ရမယ်"
ထိုအခါ သူဌေးကြီးလီ၏မျက်ဝန်းများ ချက်ချင်းပင် ကျဉ်းမြောင်းသွားခဲ့ရသည်။
"ရဲတွေ ရောက်လာတယ်ဟုတ်လား၊ ဒါ ဘာသဘောလဲ ငါတို့ဘက်ကပေးရမယ့် ထောက်ပံ့ငွေတွေကို အပြည့်အဝမပေးရသေးလို့လား၊ နေပါဦး ငါမှတ်မိသလောက်ဆိုရင်တော့ သက်ဆိုင်ရာဌာနဆိုင်ရာတွေကို ငွေတွေအလုံအလောက် ပေးပြီးသားပဲဥစ္စာ"
"ကျွန်တော်လည်း အစက အဲဒီလိုပဲတွေးမိတယ်၊ ဒါပေမဲ့ သူတို့စကားပြောပုံ အသံနေအသံထားကိုကြည့်ရတာ ဒီဒေသက ရဲတွေလုံးဝမဟုတ်ကြဘူး၊ ကျွန်တော် ခန့်မှန်းရသလောက်ဆိုရင် သူတို့က တခြားဒေသကနေ အမှုလာရောက် ကိုင်တွယ်စုံစမ်းတဲ့ ရဲတွေပဲဖြစ်ရမယ်”
"တခြားနယ်မြေက ရဲတွေပေါ့"
သူဌေးကြီးလီသည် ခေတ္တမျှစဉ်းစားခန်းဝင်သွားခဲ့၏။ ထိုအခါ လျိုကျွမ်းရှီက ထပ်မံဖြည့်စွက်ပြောကြားလာသည်။
"အဲဒီလူတစ်ဆယ့်သုံးယောက်ထဲမှာ တစ်ယောက်က ကြည့်ရတာ ကျွန်တော့်မျက်စိထဲ တော်တော်လေးရင်းနှီးနေတယ်လို့ ခံစားရတယ်”
"သူဌေးကြီးလီ အရင်တုန်းက သူဌေးကြီးရဲ့ကျောက်မီးသွေးတွင်းထဲမှာဖြစ်ပွားခဲ့တဲ့ လူထုရုန်းရင်းဆန်ခတ်မှုကြီးကိုမှတ်မိသေးတယ် မဟုတ်လား၊ အဲဒီတုန်းက ကျောက်မီးသွေးတွင်းထဲက ကျွန်တွေ တော်တော်များများဆန္ဒပြပြီး စက်ရုံကို စီးနင်းခဲ့ကြလို့ ကျွန်အချို့တောင် ထွက်ပြေးလွတ်မြောက်သွားခဲ့ကြတယ်လေ"
ဤစကားကိုကြားလိုက်ရသည့်အခါ သူဌေးလီ နှာခေါင်းတစ်ချက်ရှုံ့လိုက်ရင်း
"ငါက အဲဒါကို ဘာဖြစ်လို့ မမှတ်မိဘဲနေရမှာလဲ”
ထို့နောက် သူဌေးလီက လက်ထဲမှစာအုပ်ကို ချလိုက်ကာ လေသံခပ်အေးအေးဖြင့် မေးလိုက်သည်။
"မင်းပြောချင်တာက အခု မင်းမျက်စိထဲ မျက်မှန်းတည့်နေတဲ့သူက အဲဒီတုန်းက ထွက်ပြေးသွားခဲ့တဲ့ ကျောက်မီးသွေးတွင်းကျွန်တွေထဲက တစ်ယောက်ဖြစ်နေတယ်လို့ ပြောချင်တာလား၊ ပြီးတော့ အခု သူက ရဲတွေကိုခေါ်ပြီး ဒီကိုပြန်ရောက်လာတာပေါ့ အဲ့လိုလား”
ထိုအခါ လျိုကျွမ်းရှီချက်ချင်း ဖြေကြားလိုက်၏။
"ဟုတ်ပါတယ်၊ အဲဒီတုန်းက သူဌေးကြီးရဲ့ ကျောက်မီးသွေးတွင်းကျွန်တွေရဲ့ ဓာတ်ပုံမှတ်တမ်းတွေရှိသေးတယ် မဟုတ်လား”
"ရှိတာပေါ့၊ ငါ့လူတွေကို သွားရှာခိုင်းလိုက်မယ်"
သူဌေးကြီးလီက သူ့လက်အောက်ငယ်သားများကို မှတ်တမ်းများ သွားရောက်ရှာဖွေရန်ညွှန်ကြားလိုက်သည်။ ငါးမိနစ်ခန့်ကြာပြီးနောက် သူဌေးကြီး၏လူများက စာရွက်စာတမ်း အမြောက်အမြားကို ယူဆောင်လာခဲ့ကြ၏။
လျိုကျွမ်းရှီသည် ထိုစာရွက်စာတမ်းများကို ယူ၍ တစ်ရွက်ချင်း လှန်လှောကြည့်ရှုလိုက်ပြီးနောက် စာရွက်တစ်ရွက်ကို ဆွဲထုတ်လိုက်သည်။ ထို့နောက် သူသည် မိမိ၏စမတ်ဖုန်းကို ထုတ်ယူကာ ဟိုတယ်၏စောင့်ကြည့်ရေးကင်မရာမှတ်တမ်းများကို စတင်စစ်ဆေးတော့သည်။
အကြောင်းမှာ ဟိုတယ်၏လုံခြုံရေးကင်မရာစနစ်သည် သူ့မိုဘိုင်းဖုန်းနှင့် ချိတ်ဆက်ထားသဖြင့် မိမိကြိုက်သည့်အချိန်တွင် လှမ်းကြည့်ရှုနိုင်သောကြောင့်ဖြစ်၏။
လျိုကျွမ်းရှီသည် လုံခြုံရေးကင်မရာမှတစ်ဆင့် ချင်ရန်နှင့် အခြားသူများ ဟိုတယ်သို့ စတင်ဝင်ရောက်လာသည့် မြင်ကွင်းကို ရှာဖွေလိုက်သည်။ အဆိုပါ အုပ်စုနှင့်ပါလာခဲ့သည့် ထိုလေလွင့်သူ၏ ပုံသဏ္ဌာန်ကို မိမိလက်ထဲရှိ မှတ်တမ်းစာရွက်ထဲမှ ဓာတ်ပုံနှင့် နှိုင်းယှဉ်ကြည့်လိုက်ရာ သူတို့သည် အလွန်အမင်း ဆင်တူနေကြောင်းကို တွေ့ရှိလိုက်ရတော့သည်။
"ဟုတ်တယ် သူပဲ၊ သူက နီတာ့ပေါင်ပဲ တောက် ငါ ထင်တဲ့အတိုင်းဖြစ်နေတာပဲ”
လျိုကျွမ်းရှီသည် အသက်ကိုခပ်ပြင်းပြင်းတစ်ချက် ရှူလိုက်မိသည်။ လွန်ခဲ့သော နှစ်အနည်းငယ်က ထွက်ပြေးသွားခဲ့သော ကျောက်မီးသွေးတွင်းကျွန်သည် ယခုအခါတွင် ရဲများကိုယ်တိုင်က ခေါ်ဆောင်လျက် ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်၏။
သူတို့သည် ဤနေရာသို့ မည်သည့်အတွက်ကြောင့် လာရောက်ကြသည်ကို လူတိုင်းကောင်းကောင်းရိပ်မိနိုင်ကြပေသည်။ ဤတရားမဝင် ကျောက်မီးသွေးတွင်း၏ပုန်းကွယ်နေသော လူမဆန်သည့်ဖြစ်ရပ်များကို အမြစ်ပြတ်ချေမှုန်းရန်အတွက် စုံစမ်းစစ်ဆေးရန် ဖြစ်ပေသည်။
သတိပြုရမည်မှာ ဤမှောင်မိုက်လှသော ငရဲခန်းအတွင်း၌ လူသိမခံဝံ့သော ဒုစရိုက်မှုပေါင်း မြောက်မြားစွာရှိနေခြင်း ဖြစ်၏။ ဤအရာသည် သူဌေးကြီးလီ တစ်ယောက်တည်း၏တရားမဝင် ကျောက်မီးသွေးတွင်းမျှသာမဟုတ်ဘဲ အခြားသော လုပ်ငန်းရှင်များနှင့် ပူးပေါင်းထားသော တရားမဝင်တွင်းပေါင်းတစ်ဆယ်ကျော်အထိ ရှိနေခြင်း ဖြစ်သည်။
နှစ်ပေါင်းများစွာအတွင်း ဤတရားမဝင် ကျောက်မီးသွေးတွင်းများတွင် နှိပ်စက်ညှဉ်းပန်းခံရပြီး သေဆုံးသွားခဲ့ကြရသော အပြစ်မဲ့ပြည်သူများ၏ အရေအတွက်မှာ အနည်းဆုံး ၈,၀၀၀ခန့် သို့မဟုတ် သောင်းချီ၍ပင်ရှိနိုင်သည်။
ဤရာဇဝင်ဆိုးကြီး၏အချိန်ကာလကို ပြန်လည်ခြေရာခံမည်ဆိုပါက လွန်ခဲ့သော အနှစ် ၂၀အထိပင် ရှည်လျားလှပေတော့သည်။
သူဌေးကြီးလီသည် လျိုကျွမ်းရှီဖုန်းမျက်နှာပြင်မှ ကင်မရာမှတ်တမ်းကိုစိုက်ကြည့်လိုက်ပြီး စာရွက်စာတမ်းပေါ်ရှိ နီတာ့ပေါင်၏အမည်နှင့် နှိုင်းယှဉ်ကြည့်လိုက်သည့်အခါ သူ့မျက်ဝန်းများမှာ ချက်ချင်းပင် တင်းမာအေးခဲသွားခဲ့ရသည်။
ကြည့်ရသည်မှာ အခြေအနေက တကယ်ကို မလွယ်တော့ချေ။ ယခုဆိုလျှင် တခြားနယ်မြေမှရဲများ ရောက်ရှိလာခဲ့ပြီဖြစ်ရုံတင်မက သူတို့နှင့်အတူ ကျောက်မီးသွေးတွင်း၏ကျွန်ဟောင်းကိုပါ ခေါ်ဆောင်လာခဲ့ကြသည်။
နောက်နေ့ရောက်သည်နှင့် ထိုရဲများသည် ဤဒေသရှိကျောက်မီးသွေးတွင်းများကို ပိုက်ဆိပ်တိုက် စုံစမ်းစစ်ဆေးကြမည်မှာ သေချာလှပေသည်။ ထိုသို့ဆိုလျှင် ၎င်းတို့ လျှို့ဝှက်ဖွင့်လှစ်ထားသော ကျောက်မီးသွေးတွင်းကြီးမှာ ဖော်ထုတ်ခံရရန် ရာခိုင်နှုန်းအလွန်များပြားလှသည်။
"သူဌေးကြီးလီ အခု ကျွန်တော်တို့ဘာဆက်လုပ်ကြမလဲ”
လျိုကျွမ်းရှီက စိုးရိမ်တကြီးဖြင့်မေးမြန်းလိုက်၏။ လျိုကျွမ်းရှီသည် အပေါ်ယံတွင် ဟိုတယ်တစ်ခုကိုဖွင့်လှစ်ထားသည့် သူဌေးဟုဆိုသော်လည်း အမှန်စင်စစ်တွင်မူ မိမိသည် သူဌေးလီ၏နောက်ကွယ်က သတင်းပေးတစ်ဦးသာဖြစ်သည်။ မိမိသည် ပတ်ဝန်းကျင်၌ ထူးခြားမှုတစ်ခုခု ဖြစ်ပွားတိုင်း သူဌေးကြီးလီထံသို့ ချက်ချင်းပင် သတင်းပို့လေ့ရှိ၏။
ထို့အပြင် မိမိဟိုတယ်သို့ နယ်မြေခံ ဆွေမျိုးမိတ်ဆွေမရှိဘဲ လေလွင့်ကာ အထောက်အထားမဲ့နေသည့် ပြည်သူများ လာရောက်တည်းခိုသည့်အခါမျိုးတွင်လည်း သူသည်သူဌေးကြီးလီထံ တိတ်တဆိတ်သတင်းပေးပို့ကာ သူတို့အား အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်စေလျက် ကျောက်မီးသွေးတွင်းကျွန်အဖြစ် ရောင်းစားကာ ခိုင်းစေခဲ့သူဖြစ်သည်။
သူဌေးကြီးလီ၏မျက်ဝန်းများမှာ အလွန်ကို အေးစက်ခက်ထန်လွန်းလှ၏။ လျိုကျွမ်းရှီသည် ရေနံဆီမီးခွက်များ၏မှိန်ဖျော့လှသော အလင်းရောင်အောက်တွင် ယနေ့ထက်တိုင်အောင် ဒုက္ခခံကာပင်ပန်းကြီးစွာ လုပ်ကိုင်နေကြရဆဲဖြစ်သော ကျောက်မီးသွေးတွင်းကျွန်များကို စိတ်ထဲ၌မြင်ယောင်ရင်း သူ့နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်သည်။
"အကယ်၍ ရဲတွေက ငါ့ရဲ့ ကျောက်မီးသွေးတွင်းကျွန်တွေကိုတွေ့သွားခဲ့ရင် အကျိုးဆက်က တကယ်ကို ဘာနဲ့မှ တိုင်းတာလို့မရအောင်လဲပြိုသွားလိမ့်မယ်၊ အဲလိုဆိုရင် ငါတို့တွေ ရဲတွေရဲ့လက်ထဲမှာတင် သေနတ်ကျည်ဆန် အတောင့်တစ်ရာမက အပစ်ခံရပြီး သေဒဏ်ကျသွားနိုင်တယ်”
ထိုသို့ပြောလိုက်သည့် သူဌေးကြီးလီ၏စကားကို လျိုကျွမ်းရှီသည်လည်း ကြောက်ရွံ့စွာဖြင့် ခေါင်းညိတ်ထောက်ခံလိုက်မိသည်။
"အခု သူတို့ကမင်းရဲ့ဟိုတယ်ထဲမှာပဲရှိနေကြတုန်းလား”
"ဟုတ်ပါတယ် အခုထိ ရှိနေကြတုန်းပါ”
လျိုကျွမ်းရှီက ခေါင်းညိတ်ကာဖြေလေသည်။ သူဌေးကြီးလီသည် မိနစ်အနည်းငယ်ခန့် တိတ်ဆိတ်သွားကာ စဉ်းစားခန်းဝင်သွားခဲ့ပြီးနောက် ရုတ်တရက် ရက်စက်စွာရယ်မောလိုက်၏။
“ဟားဟား ရာသီဥတုက တကယ့်ကိုအေးစိမ့်နေတာပဲ၊ ဒီလိုဆောင်းတွင်းမှာ လေထုက ခြောက်သွေ့နေတာ သဘာဝပဲမဟုတ်လား၊ ဒီလိုခြောက်သွေ့တဲ့ ရာသီဥတုမျိုးမှာ မီးလောင်မှုတွေဖြစ်ပွားဖို့က ပိုပြီးတော့ လွယ်ကူတတ်တယ်လေ ဟုတ်တယ်မလား”
"ဒါနဲ့ မင်းရဲ့အိုမင်းစုတ်ပြတ်နေတဲ့ ဟိုတယ်အဟောင်းကြီးထဲမှာ မီးလောင်လွယ်တဲ့ပစ္စည်းတွေ အမြောက်အမြားရှိနေတုန်းပဲ မဟုတ်လား”
သူဌေးကြီးလီ၏စကားကို ကြားလိုက်ရပြီးနောက် လျိုကျွမ်းရှီ၏မျက်ဝန်းများထဲမှ ရက်စက်ယုတ်မာလှသောအကြည့်များ ထင်ဟပ်လာခဲ့သည်။
လျိုကျွမ်းရှီသည် တစ်ဖက်လူ ဘာကိုဆိုလိုသည်ကို ချက်ချင်းပင် ရိပ်မိကာ နားလည်သွားခဲ့တော့သည်။ တကယ့်ကို ရဲတင်းလွန်းလှသည့်အကြံတစ်ခုပင် ဖြစ်သည်။ ထိုသို့သောအကြံမျိုးကို သူဌေးလီတစ်ယောက်သာ ထုတ်နိုင်ပြီး အတိုင်းအဆမရှိ ရက်စက်ကာရဲတင်းလွန်းလှပေသည်။
ဒီလူ ဘာလုပ်ရန်ကြံစည်နေသနည်း။ တခြားနယ်မြေမှရောက်လာသော ရဲအရာရှိအဖွဲ့တစ်ခုလုံးကို မီးရှို့သတ်ပစ်ရန် ကြံစည်နေခြင်းပေလော။ ဤအကြံသည် တကယ်ကို ခြောက်ခြားစရာ ကောင်းလှပေ၏။ လျိုကျွမ်းရှီသည် တုန်ရီနေသောလေသံဖြင့် ပြောလေသည်။
“သူဌေးကြီးလီ ဒါ ဒါလုပ်ရတာ သိပ်ပြီး မလွယ်ကူလှဘူးထင်တယ်”
ထိုအခါ သူဌေးကြီးလီက ခက်ထန်စွာဖြင့် ပြန်ပြောလိုက်သည်။
“မင်းကလည်း တုံးအလိုက်တာ၊ မင်းက ဘာတွေများ ဒီလောက်အများကြီး စဉ်းစားနေဖို့လိုလို့လဲ၊ ဒီခေတ်ကြီးထဲမှာ မတော်တဆ ထိခိုက်မှုတစ်ခုခုဖြစ်ပွားသွားအောင် ဖန်တီးဖို့ဆိုတာ ဘာမှမခက်ခဲဘူး၊ အဲဒါကို ငါက အသေးစိတ်လိုက်သင်ပေးနေရဦးမလား”
ထို့နောက် သူဌေးကြီးလီသည် ထိုင်နေရာမှ ထရပ်လိုက်ရင်း
“တကယ်လို့ မင်းဘက်ကလုပ်ဖို့ လက်မဝံ့ဘူးဆိုရင် ငါ့ရဲ့လက်အောက်ငယ်သားတွေထဲက သစ္စာရှိတဲ့နှစ်ယောက်ကို မင်းနဲ့အတူထည့်ပေးလိုက်မယ်၊ သူတို့က မင်းကို မတော်တဆမီးလောင်မှုဖြစ်စဉ်တစ်ခု ဖြစ်ပွားအောင် ဘယ်လိုဖန်တီးရမလဲဆိုတာ လမ်းညွှန်ပေးလိမ့်မယ်”
ဤစကားကိုကြားလိုက်ရသည့်အခါ လျိုကျွမ်းရှီ တံတွေးကို အလိုလိုနေရင်းမျိုချလိုက်မိသည်။ နှစ်ပေါင်းများစွာ ကာလအတွင်းတွင် မိမိနှင့် သူဌေးလီတို့ ပူးပေါင်းကာ အပြစ်မဲ့ပြည်သူများ၏ သွေးချွေးမြောက်မြားစွာကို အဓမ္မခေါင်းပုံဖြတ်၍ ငွေအမြောက်အမြားကို အတူတူ ရှာဖွေခဲ့ကြခြင်းဖြစ်၏။ ယခုအခါ မိမိဘဏ်အကောင့်ထဲတွင် စုစုပေါင်း ယွမ် ၅သန်းကျော်ကိုပင် စုဆောင်းထားနိုင်သည်။ ယင်းငွေအားလုံးမှာ သူဌေးကြီးလီက သူ့အားဆုလာဘ်အဖြစ် ပေးအပ်ခဲ့ခြင်းဖြစ်သည်။
ယခုအခါတွင် ရဲများရောက်ရှိလာခဲ့ပြီဖြစ်ရာ သူတို့သည် ဤအကြောင်းအရာကို အမြစ်ပြတ်စုံစမ်းစစ်ဆေးတော့မည် ဖြစ်၏။ အကယ်၍ မိမိတို့အနေဖြင့် ဤရဲများကို မတားဆီးနိုင်ခဲ့ဘဲ နောက်ကွယ်က လျှို့ဝှက်ချက်များ အကုန်ပေါ်ပေါက်သွားခဲ့ပါက ကြံရာပါဖြစ်သည့် မိမိသည်လည်း ဥပဒေပြစ်ဒဏ်မှ လုံးဝလွတ်မြောက်နိုင်မည် မဟုတ်ချေ။
ထိုအချိန်ကျလျှင် သူသေဒဏ်မကျခဲ့လျှင်ပင် အနည်းဆုံး နှစ်ပေါင်းနှစ်ဆယ်ကျော် သို့မဟုတ် ထောင်ဒဏ်တစ်သက်တစ်ကျွန်းပြစ်ဒဏ်ကို မလွဲမသွေ ရင်ဆိုင်ရပေလိမ့်မည်။
လျိုကျွမ်းရှီသည် ယခုနှစ်တွင် အသက်လေးဆယ်ကျော်အရွယ်သို့ ရောက်ရှိနေပြီဖြစ်ရာ နောက်ထပ်အနှစ်နှစ်ဆယ်ကြာပြီးနောက်တွင် အသက်ခြောက်ဆယ်ကျော်၊ ခုနစ်ဆယ်နီးပါး ဖြစ်သွားပေလိမ့်မည်။ ထိုအချိန်ကျမှ မိမိသည် ထောင်ထဲက ထွက်လာပါက သူ့ဘဝတစ်ခုလုံးနှင့် အကောင်းဆုံးသော အချိန်ကာလများအားလုံးဆုံးရှုံးပျက်စီးသွားခဲ့ပြီ ဖြစ်သည်။
သူဌေးကြီးလီ၏စကားများက သူ့အား စိတ်ပိုင်းဆိုင်ရာ တွန်းအားပေးလိုက်ပြီးနောက်တွင်မူ လျိုကျွမ်းရှီသည် စွန့်စားရန်အတွက် ပြတ်သားသည့် ဆုံးဖြတ်ချက်ကို ချလိုက်တော့သည်။ သူ့မျက်ဝန်းများထဲတွင် ရက်စက်ယုတ်မာလှသော အရောင်အဝါများ ထင်ဟပ်လာခဲ့၏။
"ကောင်းပါပြီ သူဌေးကြီးလီ သူဌေးပြောတာ မှန်ပါတယ်၊ ကျွန်တော်တို့ဘက်က ဦးအောင် လက်ဦးမှုယူပြီး ရှင်းလင်းပစ်ရမယ်၊ ဒီလိုဝေးလံခေါင်သီပြီး ခြောက်သွေ့တဲ့ ရာသီဥတုမျိုးမှာ ဟိုတယ်တွေက မီးလောင်မှုဖြစ်ပွားတတ်တာက သဘာဝပဲမဟုတ်လား”
ထို့နောက်တွင်မူ သူဌေးကြီးလီသည် လျိုကျွမ်းရှီဘေးတွင် ကူညီဆောင်ရွက်ပေးရန်အတွက် ကျွမ်းကျင်သော လက်အောက်ငယ်သားနှစ်ဦးကို အဖော်အဖြစ်ထည့်ပေးလိုက်သည်။ သူတို့သည် မတော်တဆမီးလောင်မှုဖြစ်စဉ်တစ်ခု ဖြစ်ပွားအောင် ဖန်တီးရန်အတွက် ပြင်ဆင်ကြတော့၏။
မကြာမီအချိန်အတွင်း၌မူ လျိုကျွမ်းရှီတို့အဖွဲ့သည် ကားပေါ်သို့တက်ရောက်လိုက်ကြသည်။ ညဉ့်နက်သန်းခေါင်ယံအချိန်ကာလတွင် ဟိုတယ်အတွင်း၌ မတော်တဆမီးလောင်မှုဖြစ်စဉ်တစ်ခုကို ဖန်တီးကာ ရဲအရာရှိများအားလုံးကို အရှင်လတ်လတ် မီးမြိုက်သတ်ပစ်ရန်အတွက် အစီအစဉ်ဆွဲကာထွက်ခွာလာခဲ့ကြတော့သည်။