အခန်း ၂၂၅
Vol. 23 Ch. 225
225
တရားမဝင်ကျောက်မီးသွေးတွင်းတစ်ခုအတွင်း၌ အလုပ်သမားများဖြစ်သည့် အပြစ်မဲ့ပြည်သူရာပေါင်းများစွာသည် ယခုထက်တိုင်အောင် ပင်ပန်းကြီးစွာဖြင့် ငရဲဒုက္ခခံကာ အတင်းအဓမ္မလုပ်ကိုင်နေကြရဆဲဖြစ်သည်။ သူတို့မျက်နှာများမှာ ဖြူဖျော့ပြီး မကျန်းမမာဖြစ်နေကြကာ ပါးပြင်များမှာ ချိုင့်ဝင်နေပြီး မျက်လုံးများမှာလည်း မှုန်ဝါးကာ အသက်မဲ့နေကြရှာ၏။
ယခုအချိန်မှာ ည ၁၁ နာရီနီးပါးရှိနေပြီဖြစ်ပြီး ရာသီဥတုကလည်း အလွန်အမင်း အေးစိမ့်လှသော်လည်း ထိုအလုပ်သမားများသည် နားခွင့်မရဘဲ အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်နေကြရသည်။ ဤသို့ ဒုက္ခခံခဲ့ရသည်မှာ နှစ်ပေါင်းနှစ်ဆယ်ကျော်သွားခဲ့ပြီ ဖြစ်၏။
ဤမျှရှည်လျားလှသော နှစ်ကာလများအတွင်း သူတို့၏လူသားဆန်သော စိတ်ဓာတ်များနှင့် အတွေးအခေါ်များမှာ ရိုက်နှက်နှိပ်စက်မှုများအောက်တွင် အရည်ပျော်ပျက်စီးသွားခဲ့ရပြီဖြစ်ရာ သူတို့သိရှိနားလည်ထားသည်မှာ ခိုင်းသည့်အလုပ်ကိုသာ မနားတမ်းလုပ်ဆောင်ရန် သက်သက်သာဖြစ်တော့သည်။
ထိုအလုပ်သမားများ၏ဘေးနားတွင်လည်း လက်ထဲ၌တုတ်များကိုယ်စီကိုင်ဆောင်ထားကြသော လူမိုက်အမြောက်အမြားက အေးစက်ခက်ထန်စွာ စောင့်ကြည့်နေကြပြီး မည်သူမဆိုအလုပ်လုပ်ရာတွင် အနည်းငယ်နှေးကွေးကာ လေးလံသွားသည်နှင့် တစ်ပြိုင်တည်း ရက်ရက်စက်စက်ဝိုင်းဝန်းရိုက်နှက်ကြရန် အသင့်ပြင်ထားကြသည်။
ဤအလုပ်သမားရာပေါင်းများစွာထဲတွင် အများစု၏စိတ်ပိုင်းဆိုင်ရာမှာ လုံးဝကို ထုံထိုင်းအသက်မဲ့နေကြပြီဖြစ်၏။ သို့သော်လည်း အချို့သောသူများ၏ မျက်လုံးများကမူ ရံဖန်ရံခါတွင် ကောင်းကင်ယံကြီးဆီသို့ မော့ကြည့်လေ့ရှိကြပြီး သူတို့ကိုဤငရဲတွင်းမှ ကယ်တင်ပေးမည့် ကယ်တင်ရှင်တစ်ဦးဦးရောက်ရှိလာမလားဆိုသည်ကို မျှော်လင့်ချက်အနည်းငယ်ဖြင့် စောင့်စားနေတတ်ကြသည်။
အခြားတစ်ဖက်တွင်မူ ကားတစ်စီးသည် လမ်းပေါ်တွင် မောင်းနှင်နေခဲ့၏။ ထိုကားထဲတွင် ယိုယွမ်ဟိုတယ်၏ပိုင်ရှင်လျိုကျွမ်းရှီက သူဌေးကြီးလီ၏လက်အောက်ခံ လူမိုက်နှစ်ဦးကို တင်ဆောင်လျက် မောင်းနှင်နေခြင်းဖြစ်သည်။
ကားနောက်ဖုံးထဲတွင်မူ မီးလောင်လွယ်သော ပစ္စည်းအမျိုးမျိုးနှင့် လောင်စာဆီများကို အသင့်ပြင်ဆင်ယူဆောင်လာခဲ့ကြသည်။ သူတို့သုံးဦးသည် ကားမောင်းနေစဉ်အတွင်းတွင်လည်း ယင်းပြဿနာကို မည်သို့အချောမွေ့ဆုံးဖြေရှင်းရမလဲဆိုသည်ကို ကြံစည်ဆွေးနွေးနေကြသေး၏။
"ငါတို့ဖန်တီးမယ့် မီးလောင်မှုက မတော်တဆဖြစ်စဉ်တစ်ခုနဲ့တတ်နိုင်သမျှ အတူတူပဲဖြစ်နေအောင်လုပ်ရမယ်ဆိုတာကို မမေ့နဲ့ဦး၊ သူတို့က တခြားနယ်ကလာတဲ့ ရဲတွေကွ၊ တစ်ကယ်လို့ ငါတို့ဘက်က မတော်တဆမှုပုံစံမျိုးဖြစ်အောင် မဖန်တီးနိုင်ရင် အထက်ကနေ စုံစမ်းစစ်ဆေးမှုတွေက အကြီးအကျယ်ရောက်လာလိမ့်မယ်"
ကျန်ရှိသောလူမိုက်နှစ်ဦးက ချက်ချင်းပင် သဘောတူလိုက်ကြသည်။
"သူဌေးလျို ဘာမှ စိုးရိမ်မနေပါနဲ့၊ ကျွန်တော်တို့တွေက လူသတ်မီးရှို့တဲ့နေရာမှာ တကယ့် စီနီယာပရော်ဖက်ရှင်နယ်တွေပါ"
ထိုလူမိုက်နှစ်ယောက်က ကြွားလုံးထုတ်ကာ ပြောလိုက်သည်။ မိနစ်သုံးဆယ်ခန့် မောင်းနှင်ပြီးနောက်တွင်မူ သူတို့အဖွဲ့သည် ယိုယွမ်ဟိုတယ်သို့ပြန်လည်ရောက်ရှိ လာခဲ့ကြ၏။ ထိုအချိန်တွင် လျိုကျွမ်းရှီသည် ကားအတွင်းမှဟိုတယ်သို့လှမ်းကြည့်လိုက်သည့်အခါ ချင်ရန်နှင့်အခြားသူများတည်းခိုနေသော အခန်းကိုမြင်တွေ့လိုက်ရပြီး သူတို့အခန်းအတွင်း၌ မီးရောင်သည် ယခုအထိလင်းထိန်နေဆဲ ဖြစ်သည်။
"သူတို့တွေက မအိပ်သေးဘူးပဲ၊ ငါတို့ ကားထဲမှာ ခဏစောင့်နေကြရအောင်၊ သူတို့အိပ်ပျော်သွားပြီဆိုမှ အထဲဝင်ပြီး အစီအစဉ်တိုင်း မီးရှို့ကြမယ်”
လျိုကျွမ်းရှီ၏စကားကို ကျန်ရှိသောသူနှစ်ဦးကလည်း သဘောတူခေါင်းညိတ်လိုက်ကြသည်။ အချိန်သည် တစ်စက္ကန့်ချင်း တစ်စက္ကန့်ချင်းစီဖြင့် တိတ်တဆိတ် ကုန်လွန်သွားခဲ့၏။
ဟိုတယ်အခန်းအတွင်းရှိ ချင်ရန်သည် မိမိ၏စိတ်အာရုံစွမ်းရည်ဖြင့် ပတ်ဝန်းကျင်ကို အဆက်မပြတ်စောင့်ကြည့်စစ်ဆေးနေခဲ့သော်လည်း ဟိုတယ်ပိုင်ရှင်ပြန်လည်ရောက်ရှိလာသည်ကို မတွေ့ရသေးချေ။ ဟိုတယ်ပိုင်ရှင်ထွက်ခွာသွားသည်မှာ နှစ်နာရီခန့်ပင်ကြာမြင့်သွားခဲ့ပြီ ဖြစ်ရာ ပုံမှန်အားဖြင့် သတင်းသွားရောက်ပေးပို့ရုံမျှဆိုလျှင် ဤမျှ အချိန်မကြာမြင့်နိုင်ချေ။
'သူတို့ ဘာဖြစ်လို့ အခုထိပြန်မရောက်လာသေးတာလဲ'
ထိုအချိန်တွင် လင်းကုဝေက အနားယူရန် ပြောလာသည်။
"ကဲ တော်တော်လေး နောက်ကျနေပြီဆိုတော့ ငါတို့အိပ်ကြစို့၊ မနက်ဖြန်မနက် အစောကြီးထပြီး လုပ်စရာရှိတာတွေ သွားလုပ်ကြရမယ်”
ချင်ရန် အချိန်ကိုကြည့်လိုက်ရာ ညသန်းခေါင်ယံအချိန်သို့ ရောက်ရှိနေပြီဖြစ်သဖြင့် ခေါင်းကို အသာညိတ်ပြပြီး သဘောတူလိုက်၏။
*ဂျောက်*
အခန်းမီးခလုတ်ပိတ်လိုက်သံနှင့်အတူ အခန်းတစ်ခုလုံး အမှောင်အတိကျသွားတော့သည်။
ထို့နောက် သူတို့သည် အခန်းတွင်းရှိမီးများကို ချက်ချင်းပိတ်ပစ်လိုက်ကြတော့သည်။ ဟိုတယ်၏အပြင်ဘက် မလှမ်းမကမ်းတွင်ရပ်ထားသော ကားအတွင်းမှ အခန်းတွင်းမီးရောင်ကို စောင့်ကြည့်နေခဲ့ကြသော လျိုကျွမ်းရှီတို့အဖွဲ့သည် အခန်းမီးများပိတ်သွားသည်ကို မြင်လိုက်ရသည့်အခါ အတိုင်းအဆမရှိ ဝမ်းမြောက်ဝမ်းသာဖြစ်သွားကြ၏။
"ကောင်းပြီ သူတို့ မီးပိတ်လိုက်ကြပြီ”
"ညီအစ်ကိုတို့ သွားကြစို့၊ အဲဒီနေရာကို မီးရှို့ပြီး ပြာချပစ်လိုက်ကြစို့”
ထို့နောက် သူတို့သုံးဦးသည် ဟိုတယ်အတွင်းသို့ တိတ်တဆိတ် ခိုးကြောင်ခိုးဝှက်ဝင်ရောက်လာခဲ့ကြသည်။ ဟိုတယ်၏ဧည့်ကြိုကောင်တာ၌ရှိနေသူမှာ လျိုကျွမ်းရှီ၏ဇနီးဖြစ်ပြီး သူမသည် လက်ရှိအချိန်တွင် စားပွဲပေါ်၌ ခေါင်းမှောက်လျက်အိပ်ပျော်နေ၏။
လျိုကျွမ်းရှီလည်း သူ့ဇနီးနိုးမလာစေရန်အတွက် ခြေလှမ်းများကို ခပ်ဖွဖွနင်းလျက် အပေါ်ထပ်သို့တိတ်တဆိတ်တက်လှမ်းသွားခဲ့သည်။ သူသည် ဟိုတယ်အတွင်းရှိ အရေးပေါ်ထွက်ပေါက်များကို အကုန်အစင်လိုက်လံပိတ်ဆို့လိုက်ပြီး ဟိုတယ်အပြင်သို့ထွက်ခွာနိုင်မည့် လမ်းကြောင်းမှန်သမျှကိုပါ ပိတ်ဆို့ပစ်လိုက်၏။
ဤသို့ဖြင့် မီးလောင်မှုဖြစ်ပွားလာပါက ချင်ရန်နှင့် အခြားသူများသည် အချိန်တိုအတွင်း အပြင်သို့ လုံးဝထွက်ပြေးလွတ်မြောက်နိုင်မည် မဟုတ်ချေ။
ထို့နောက်တွင်တော့ လျိုကျွမ်းရှီနှင့် အခြားလူမိုက်နှစ်ဦးတို့သည် မီးရှို့ရန်အတွက် လောင်စာဆီများနှင့် စနစ်တကျ ပြင်ဆင်ထားသော မီးကူးလမ်းကြောင်းများကို စတင်တပ်ဆင်ကြတော့သည်။
သို့သော်လည်း သူတို့ လုံးဝကြိုတင်မသိရှိနိုင်ခဲ့သည်မှာ အပေါ်ထပ်ရှိ ချင်ရန်သည် ဤအရာအားလုံးကို အစအဆုံးအာရုံခံသိရှိနေခြင်းပင် ဖြစ်၏။ ချင်ရန်သည် ကုတင်ပေါ်တွင် လှဲလိုက်ကာမျှသာရှိသေးသော်လည်း ချက်ချင်းပင် အိပ်ရာမှ ဆတ်ခနဲထထိုင်လိုက်မိသည်။
သူသည် ဟိုတယ်ပိုင်ရှင်ပြန်လည်ရောက်ရှိလာသည်ကို အာရုံခံမိလိုက်ရုံသာမက သူနှင့်အတူ နောက်ထပ်လူမိုက်နှစ်ဦးပါရှိလာသည်ကိုပါ သိရှိလိုက်ရခြင်း ဖြစ်သည်။ ချင်ရန်သည် သူ့မျက်ဝန်းများကို ကျဉ်းမြောင်းလိုက်ရင်း ထိုသုံးဦး၏လှုပ်ရှားမှုများကို စိတ်ထဲမှနေ၍ သေသေချာချာ စောင့်ကြည့်နေခဲ့သည်။
ထိုသုံးဦးက ထွက်ပြေးလွတ်မြောက်မည့် လမ်းကြောင်းများကို လိုက်လံပိတ်ဆို့နေပြီး မီးလောင်လွယ်သော လောင်စာဆီ အမြောက်အမြားကို သယ်ဆောင်လာကြသည်ကို မြင်လိုက်ရသည့်အခါ ချင်ရန် ချက်ချင်းပင် အခြေအနေကို သဘောပေါက်သွားခဲ့တော့သည်။
ဤလူယုတ်မာများသည် တကယ့်ကို အတင့်ရဲလွန်းလှပေ၏။ သူတို့သည် ရဲများကို အရှင်လတ်လတ်မီးမြိုက်သတ်ပစ်ရန်အထိ တွေးဝံ့ရဲကြခြင်းဖြစ်သည်။
လက်ရှိဟိုတယ်တွင် တည်းနေကြသည့် မိမိတို့လူများထဲတွင် လင်းကုဝေ အပါအဝင် ရဲအရာရှိ စုစုပေါင်းတစ်ဆယ့်နှစ်ဦးနှင့် ကယ်ထုတ်လာသည့် လေလွင့်သူ နီတာ့ပေါင်တို့ရှိနေကြသည်။
ဤမျှများပြားလှသော အသက်ပေါင်းများစွာအပြင် သူတို့သည် တရားဥပဒေကို စောင့်ထိန်းသော ရဲအရာရှိများဖြစ်ကြသည်ကို သိထားပါလျက် ဤဟိုတယ်ပိုင်ရှင်သည် မည်ကဲ့သို့သောသတ္တိမျိုးဖြင့် ဤမျှယုတ်မာလှသော ရာဇဝတ်မှုကြီးကို ကျူးလွန်ဝံ့ရသနည်း။ သူတို့သည် သာမန်ဒုစရိုက်ဂိုဏ်းများထက်ပင် ပိုမိုဆိုးရွားလှသော လူသတ်ဂိုဏ်းကြီးဖြစ်နေပေပြီ။
ချင်ရန့်မျက်ဝန်းများမှာ အေးစိမ့်သွားခဲ့ရပြီး စိတ်ထဲကနေ တိတ်တဆိတ်ရေရွတ်လိုက်မိသည်။
'ကြည့်ရတာ ရှီရှန်းပြည်နယ်ရဲ့ဒုစရိုက်မှုတိုက်ဖျက်ရေးနဲ့ ရာဇဝတ်မှုနှိမ်နင်းရေးလုပ်ငန်းတွေက ထိရောက်မှုအများကြီး လိုအပ်နေသေးတာပဲ'
ချင်ရန်သည် သူ့ဘေးနားရှိ လင်းကုဝေအားလှမ်းကြည့်လိုက်ရာ သူသည် ဟောက်သံပင် ထွက်ပေါ်နေခဲ့ပြီ ဖြစ်သည်။ သူသည် အိပ်ရာပေါ်တွင်လှဲလျောင်းလိုက်သည်မှာ နှစ်မိနစ်ခန့်သာရှိသေးသော်လည်း ချက်ချင်းအိပ်ပျော်သွားခဲ့ခြင်းဖြစ်ရာ ခရီးပန်းလာသဖြင့် အလွန်အမင်းပင်ပန်းနေသည်မှာ ထင်ရှားလှပေသည်။
ထိုလေလွင့်သူနီတာ့ပေါင်ကမူ စောင်ကို ခေါင်းအစခြေအဆုံးခြုံလျက် တစ်ကိုယ်လုံးတုန်ရီနေခဲ့ပြီး သူသည် မည်သည်ကို ဤမျှလောက်ကြောက်ရွံ့နေသည်ကိုမူ မသိရချေ။ ချင်ရန်သည် လင်းကုဝေနိုးမလာစေရန်အတွက် ကုတင်ပေါ်မှအသာဆင်းလိုက်ပြီး အခန်းအပြင်ဘက်သို့ ဖြေးညင်းစွာဖြင့် ထွက်ခွာလာခဲ့တော့သည်။
ဟိုတယ်၏အောက်ထပ်ဧည့်ကြိုကောင်တာတွင်မူ လျိုကျွမ်းရှီနှင့် အခြားလူမိုက်နှစ်ဦးတို့သည် မီးရှို့မည့်ကိရိယာများနှင့် မီးကူးလမ်းကြောင်းအားလုံးကို ဟာကွက်မရှိ ပြီးပြည့်စုံအောင် စီမံထားခဲ့ကြပြီ ဖြစ်သည်။
မီးစတင်ရှို့လိုက်သည်နှင့် တစ်ပြိုင်နက် ချင်ရန်နှင့် အခြားသူများ၏အခန်းသည် ခဏချင်းအတွင်း မီးဟုန်းဟုန်းတောက်ကာ ပြာကျသွားမည်ဖြစ်၏။ အထူးသဖြင့် ထွက်ပြေးလွတ်မြောက်မည့် လမ်းကြောင်းများပါ အကုန်ပိတ်ဆို့ထားပြီးဖြစ်ရာ မီးတောက်များ စတင်တောက်လောင်လာသည်နှင့်အမျှ ဤရဲအားလုံးလည်း တစ်ပြိုင်တည်း ဘဝဆုံးကြရတော့မည် ဖြစ်သည်။ ထိုအခါ လျိုကျွမ်းရှီက ရက်စက်စွာပြုံးရင်း ရေရွတ်လိုက်သည်။
"မင်းတို့သေရတာကို တခြားသူဆီအပြစ်မတင်ကြနဲ့၊ မင်းတို့ဘက်က သူများကိစ္စကိုဝင်ပါပြီး ဒီဝေးလံခေါင်သီတဲ့နေရာအထိ အမှုလာစုံစမ်းတဲ့ ကိုယ့်ကိုကိုယ်သာ အပြစ်တင်ကြပေတော့”
"သူဌေးလျို အချိန်ဆွဲမနေနဲ့တော့၊ အခုချက်ချင်းမီးရှို့လိုက်တော့၊ ဒီရဲတွေကို အကုန်မီးမြိုက်သတ်ပစ်ပြီးရင် ငါတို့တွေ အမြန်ပြန်ပြီး သူဌေးကြီးဆီသတင်းပို့ရမယ်၊ မြန်မြန်လုပ်တော့”
လူမိုက်များက အလျင်စလိုတိုက်တွန်းလိုက်ကြ၏။
"ကောင်းပြီ”
လျိုကျွမ်းရှီ ခေါင်းညိတ်လိုက်ရင်း မီးခြစ်ဆံတစ်ခုကို ထုတ်ယူကာခြစ်လိုက်ပြီးနောက် ထွက်ပေါ်လာသည့် မီးတောက်ကို လောင်စာဆီများဆီသို့ ဦးတည်ကာ ပေါ့ပေါ့ပါးပါးလေး ပစ်ချလိုက်တော့သည်။
မီးခြစ်ဆံလေးသည် အောက်သို့လွင့်ပျံသွားခဲ့ပြီး လောင်စာဆီများနှင့် ထိတွေ့တော့မည့်ဆဲဆဲ.....
သို့သော် ထိုမီးခြစ်ဆံလေးသည် အောက်ခြေသို့လုံးဝကျရောက်မသွားခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် လေထဲတွင်တင် လူတစ်ယောက်၏ဖမ်းကိုင်လိုက်သည်ကို ခံလိုက်ရသောကြောင့် ဖြစ်၏။
ချင်ရန်သည် ထိုမီးခြစ်ဆံကိုလက်ဖြင့် ဖမ်းဆွဲကာ ဖျစ်ညှစ်ပစ်လိုက်ရာ မီးတောက်လေးမှာ တစ်ခဏချင်းအတွင်း လုံးဝငြိမ်းသတ်ကာ ပျောက်ကွယ်သွားခဲ့ရတော့သည်။
လျိုကျွမ်းရှီနှင့် အခြားသူများသည် ခဏတာမျှ ကြောင်အသွားကြ၏။ အလွန်အမင်း မှောင်မိုက်လှသော ဟိုတယ်ထဲ၌ အဆိုပါ မီးတောက်လေးကြောင့် စက္ကန့်ပိုင်းမျှ လင်းထင်းသွားခဲ့သော်လည်း အဆိုပါ မီးခြစ်ဆံလေးငြိမ်းသွားသည်နှင့် တစ်ပြိုင်တည်း ပတ်ဝန်းကျင်တစ်ခုလုံး ပိုမှောင်မိုက်သွားခဲ့ရပြန်သည်။
ထိုအခါမှ လျိုကျွမ်းရှီနှင့် လူမိုက်နှစ်ဦးတို့မှာ ထိတ်လန့်တုန်လှုပ်သွားပြီး ဆွံ့အသွားခဲ့ကြရသည်။
"ဘယ်သူလဲ”
လျိုကျွမ်းရှီသည် အနောက်သို့ နှစ်လှမ်းခန့် ဆုတ်လိုက်မိ၏။ သူ့တစ်ကိုယ်လုံးသည်လည်း ခြောက်ခြားသွားကာ သရဲတစ္ဆေနှင့်တိုးနေပြီဟုပင် ထင်မှတ်လိုက်မိသည်။
*ဂျောက်*
ချင်ရန်သည် နံရံပေါ်ရှိမီးခလုတ်ကို အလွယ်တကူ ရှာဖွေတွေ့ရှိသွားခဲ့ပြီး မီးကို ဖွင့်လိုက်၏။ ထိုအခါမှသာ သူတို့အဖွဲ့သည် အချင်းချင်း သေသေချာချာမြင်တွေ့လိုက်ကြရတော့သည်။
လျိုကျွမ်းရှီသည် ချင်ရန်၏ရုပ်သွင်ကို မြင်လိုက်ရသည့်အခါ သူ့မျက်လုံးများမှာ ကြေးခေါင်းလောင်းကြီးများကဲ့သို့ အံ့ဩတကြီး ပြူးကျယ်သွားခဲ့ရတော့၏။
"မင်း မင်း ဘယ်လိုလုပ်ပြီးနိုးနေတာလဲ၊ မင်းတို့တွေ အိပ်ပျော်နေကြပြီမဟုတ်ဘူးလား”
လျိုကျွမ်းရှီသည် စိတ်လှုပ်ရှားစွာဖြင့် မသိစိတ်ကနေ မေးမြန်းလိုက်မိသည်။ ထိုအခါ ချင်ရန်တည်ငြိမ်အေးဆေးစွာဖြင့် ပြန်ပြောလေသည်။
“ငါ မင်းရဲ့အမူအရာတွေ အစကတည်းက မူမမှန်ဘူးဆိုတာကို သတိထားမိပြီးသား၊ မင်း ငါတို့ကို အရှင်လတ်လတ်မီးရှို့သတ်ပစ်ဖို့အထိ သတ္တိတွေရှိနေတာပေါ့လေ၊ တကယ့်ကို သတ္တိကောင်းလှပါပေတယ်၊ ငါတို့တွေကရဲတွေမှန်း သိလျက်နဲ့တောင် မင်းက ဒီလိုအမှုမျိုးကိုကျူးလွန်ဝံ့တယ်ပေါ့”
အေးစက်စက်လေသံကြောင့် လျိုကျွမ်းရှီတစ်ကိုယ်လုံးမှာ ကြောက်ရွံ့တုန်ရီသွားခဲ့ရသည်။ မိမိသည် ပြစ်မှုကျူးလွန်နေစဉ် လက်ပူးလက်ကျပ်မိသွားခြင်းဖြစ်သဖြင့် သူ့စိတ်ထဲတွင် အတိုင်းအဆမရှိ ခြောက်ခြားနေခဲ့ပြီ ဖြစ်၏။
သို့သော်လည်း လျိုကျွမ်းရှီ၏ နောက်ကွယ်မှ လူမိုက်နှစ်ဦးကမူ အချင်းချင်း မျက်စိတစ်ချက်မှိတ်ပြလိုက်ကြပြီး မည်သို့မျှတုံ့ဆိုင်းခြင်းမရှိဘဲ ချင်ရန်ထံသို့ တည့်တည့်ပြေးဝင်ကာ ဝိုင်းဝန်းတိုက်ခိုက်ကြတော့သည်။
သူတို့ တွေးတောလိုက်သည်မှာ မိမိတို့၏လျှို့ဝှက်ချက် ပေါ်ပေါက်သွားခဲ့ပြီ ဖြစ်သော်လည်း တစ်ဖက်လူက တစ်ယောက်တည်းသာ ရှိနေခြင်းဖြစ်ရာ သူသည် မတော်တဆနိုးလာခြင်းဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ဤကောင်စုတ်ကို အရင်ဆုံးရှင်းလင်းပစ်လိုက်လျှင် မိမိတို့၏မီးရှို့မည့် စီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်၍ ရနိုင်သေးသည်ဟူ၍ပင်။
*ခွပ်၊ ခွပ်*
သို့သော်လည်း စိတ်မကောင်းစရာကောင်းလှသည်မှာ ချင်ရန့်လက်သီးချက် နှစ်ချက်အောက်တွင်တင် ထိုလူမိုက်နှစ်ဦးစလုံးသည် ကြမ်းပြင်ပေါ်သို့ ပြိုလဲကျသွားခဲ့ကြရပြီး လုံးဝပြန်လည်မလှုပ်ရှားနိုင်တော့ချေ။ ဤကဲ့သို့သော သာမန်လူမိုက်မျိုးသည် အရေအတွက်မည်မျှပင် လာပါစေဦးတော့ ချင်ရန့်အတွက်မူ တစ်ချက်တည်းနှင့် အပြတ်ရှင်းရန်မှာ အလွန်လွယ်ကူလှပေသည်။
ချင်ရန်သည် ထိုလူမိုက်နှစ်ဦးကို ကြမ်းပြင်ပေါ်သို့ လဲကျသွားအောင် ရိုက်နှက်လိုက်ပြီးနောက် လျိုကျွမ်းရှီအား တစ်ချက်စိုက်ကြည့်လိုက်၏။ ထို့နောက် သူသည် ကြမ်းပြင်ပေါ်တွင် ခင်းကျင်းထားသော မီးကူးလမ်းကြောင်းများကို ကြည့်ရှုလိုက်သည်။
ထိုအခါ ချင်ရန့်မျက်ဝန်းများမှာ အေးစက်ကာ တင်းမာသွား၏။ အကယ်၍ သူသာ အခန်းအပြင်ဘက်သို့ကြိုထွက်မလာခဲ့ပါက လျိုကျွမ်းရှီသည် မီးကိုတကယ် ရှို့လိုက်မည်ဖြစ်ရာ မီးတောက်ကြီးမှာ ခဏချင်းအတွင်း ဟုန်းဟုန်းတောက်လောင်သွားပေလိမ့်မည်။
ထိုအချိန်ကျလျှင် သူတို့အဖွဲ့သည် ဟိုတယ်အပြင်သို့ ထွက်ပြေးလွတ်မြောက်ရန်မှာ အလွန်အမင်းခက်ခဲသွားပေလိမ့်မည်။ လျိုကျွမ်းရှီသည် ကြောက်လန့်လွန်းလှသဖြင့် တစ်ကိုယ်လုံးတုန်ရီနေခဲ့ပြီး မသိစိတ်ကနေ လှည့်ပတ်ကာ ထွက်ပြေးရန်ကြိုးစားလိုက်သည်။
သို့သော်လည်း သူသည် ချင်ရန့်လက်ထဲမှ မည်ကဲ့သို့ လွတ်မြောက်နိုင်ပါမည်နည်း။ ချင်ရန်၏ခြေကန်ချက် တစ်ချက်အောက်တွင်တင် လျိုကျွမ်းရှီသည် ကြမ်းပြင်ပေါ်သို့ အရှိန်အဟုန်ဖြင့် ပြိုလဲကျသွားခဲ့ရပြီး လုံးဝ မလှုပ်ရှားနိုင်တော့ချေ။
ထို့နောက်တွင်တော့ ချင်ရန်သည် လင်းကုဝေအားနှိုးရန်အတွက် ဖုန်းခေါ်ဆိုလိုက်ပါတော့၏။