အခန်း ၂၂၆
Vol. 23 Ch. 226
226
လင်းကုဝေသည် အိပ်ချင်မူးတူးဖြင့် ဖုန်းကိုင်လိုက်ပြီး ပြန်ထူးလိုက်၏။
"ဟဲလို"
"အဖွဲ့မှူးလင်း၊ ဟိုတယ်အောက်ကို ခဏလောက် ထွက်လာခဲ့ပါဦး၊ ကျွန်တော် လူတစ်ချို့ကို ဖမ်းဆီးထားလို့ပါ"
ချင်ရန် ဖုန်းထဲမှ ပြောလိုက်သည်။
"အမ်”
လင်းကုဝေသည် ဖုန်းထဲကချင်ရန်၏ အသံကိုမှတ်မိသွားပြီးနောက် အိပ်ချင်မူးတူးဖြင့် တွေးတောလိုက်မိသည်။
'ချင်ရန်က ဒီအခန်းထဲမှာ အိပ်ပျော်နေတာ မဟုတ်ဘူးလား၊ ဘယ်လိုလုပ်ပြီး အပြင်ကနေ ဖုန်းလှမ်းဆက်နိုင်ရတာလဲ'
သူ့စိတ်ထဲတွင် တွေးလိုက်မိသည့် တခဏ ကြက်သီးများထသွားပြီး သရဲတစ္ဆေဝတ္ထုတစ်ပုဒ်ကို ဖတ်နေရသည့်အလား ခံစားလိုက်ရသည်။ သို့သော်လည်း လင်းကုဝေသည် ချင်ရန့်ကုတင်ဘက်သို့ လှည့်ကြည့်လိုက်သည့်အခါ ကုတင်မှာဗလာကျင်းနေသည်ကို တွေ့ရှိလိုက်ရသဖြင့် ချင်ရန် အပြင်သို့ရောက်ရှိနေပြီဖြစ်ကြောင်း ချက်ချင်း သဘောပေါက်သွားတော့သည်။
"မင်း အခု ဘယ်နေရာမှာလဲ”
လင်းကုဝေ လှမ်မေးလိုက်၏။
ထို့နောက် သူသည် အဝတ်အစားများကို ကပျာကယာကောက်စွပ်လိုက်ရင်း အခြားရဲအရာရှိများကိုပါ ချက်ချင်း လိုက်လံနှိုးကာ ချင်ရန်ရှိရာနေရာသို့ ရောက်ရှိလာကြသည်။
ဟိုတယ်အောက်ထပ်သို့ရောက်သည့်အခါ ကြမ်းပြင်ပေါ်တွင် လဲကျနေသော လူသုံးဦးကို မြင်တွေ့လိုက်ရသဖြင့် ထိတ်လန့်အံ့ဩသွားခဲ့ရသည်။
"ချင်ရန် ဒီလူတွေက ဘယ်သူတွေလဲ”
လင်းကုဝေ မေးလိုက်သည်။ အခြားသော ရဲများမှာမူ အိပ်ရေးမဝသေးဘဲ မျက်လုံးများ မှုန်ဝါးနေကြဆဲဖြစ်၏။ သူတို့သည် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေစဉ် ရုတ်တရက် အလန့်တကြား ယနှိုးခြင်းခံလိုက်ရခြင်းဖြစ်သည်။
"ဒီလူတွေက ကျွန်တော်တို့ရဲတွေမှန်း ကောင်းကောင်းသိကြပေမဲ့ သိလျက်နဲ့ကို ကျွန်တော်တို့အားလုံးကို မီးရှို့သတ်ဖို့ ကြံစည်ခဲ့ကြတာပါ၊ အဖွဲ့မှူး ကြမ်းပြင်ပေါ်က မီးကူးလမ်းကြောင်း အမှတ်အသားတွေကို ကြည့်လိုက်ပါဦး၊ တကယ်လို့ သူ့ဘက်က မီးကိုသာစရှို့နိုင်ခဲ့ရင် ကျွန်တော်တို့အဖွဲ့ထဲက အနည်းဆုံး လူတစ်ဝက်ကျော်လောက်က ဒီမီးထဲမှာ အရှင်လတ်လတ် သေဆုံးသွားနိုင်ပါတယ်"
ထိုအခါမှ လင်းကုဝေနှင့် အခြားရဲအရာရှိများအားလုံး အိပ်ချင်စိတ်များပျောက်ကာ တစ်ချက်ဆွံ့အသွားခဲ့ကြရသည်။
ထို့နောက် သူတို့သည် ကြမ်းပြင်ပေါ်ရှိ မီးရှို့ရန် ပြင်ဆင်ထားသော လောင်စာဆီနှင့် အမှတ်အသားများကိုမြင်လိုက်ရသည်။ ထို့အပြင် မီးလွတ်ရာကို ရှောင်တိမ်းကာပြေးလို့ရမည့် လမ်းကြောင်းအားလုံးကိုပါ အကုန်အစင် ပိတ်ဆို့ခံထားရသည်ကို တွေ့ရှိသွားခဲ့ကြသည်။
တွေးကြည့်ရုံမျှဖြင့်တင် သူတို့သည် အသက်ဘေးအန္တရာယ်နှင့် စက္ကန့်ပိုင်းမျှသာလွဲချော်ခဲ့ရကြောင်းသိရှိပြီး ကျောချမ်းသွားခဲ့ကြရသည်။ ထပ်မံကြည့်ရှုလိုက်သည့်အခါတွင်မူ ချင်ရန့်ခြေထောက်ဖြင့် ဖိနင်းထားသောသူမှာ အခြားသူမဟုတ်ဘဲ သူတို့တည်းခိုနေသည့်ဟိုတယ်၏ ပိုင်ရှင်ဖြစ်နေကြောင်း လင်းကုဝေ တွေ့ရှိသွားသည်။
ဤသည်ကမအိပ်ခင်၌ ချင်ရန်ပြောကြားခဲ့သောဟိုတယ်ပိုင်ရှင်၏ ပုံမှန်မဟုတ်သည့်အမူအရာကို ပြန်လည်သတိရစေခဲ့သည်။ ထိုစဉ်က လင်းကုဝေကိုယ်တိုင်ပင် ချင်ရန့်စကားများကို စိုးရိမ်လွန်နေခြင်းသာဖြစ်သည်ဟုဆိုကာ ပယ်ချခဲ့ခြင်းဖြစ်သည်။
သို့သော် ယခုလက်ရှိအချိန်တွင်တော့ လင်းကုဝေသည် အသက်ကိုပြင်းပြင်းတစ်ချက်ရှူလိုက်မိပြီး တစ်ကိုယ်လုံး အေးစိမ့်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ခုနကတင် သူတို့အားလုံးသည် သေမင်းနှင့် လက်တစ်ကမ်းအကွာအဝေးမှ သီသီလေး လွတ်မြောက်ခဲ့ရခြင်းဖြစ်သည်။
"တောက် ခွေးမသားတွေ”
လင်းကုဝေမှာ ချက်ချင်းပင် အမျက်ဒေါသများ ချောင်းချောင်းထွက်လာတော့သည်။
"ငါတို့တွေ အိပ်ပျော်နေတုန်း အရှင်လတ်လတ် မီးရှို့သတ်ဖို့ကြံစည်ရဲတယ်ပေါ့”
"ဒီဟိုတယ်က တကယ့်ကိုလူသတ်တဲ့ ဟိုတယ်ပဲ”
ပြောပြောဆိုဆိုဖြင့် လင်းကုဝေကကျန်ရှိသော ရဲအရာရှိများကို လဲကျနေသောထိုလူသုံးဦးစလုံးအား ကြိုးဖြင့်တုတ်နှောင်ထားရန် ညွှန်ကြားလိုက်သည်။ ထို့ပြင် ရဲအရာရှိတစ်ဦးကိုစေလွှတ်၍ ဧည့်ကြိုကောင်တာတွင် အိပ်ပျော်နေသော ဟိုတယ်ပိုင်ရှင်၏ဇနီးကိုပါ သွားရောက် ထိန်းသိမ်းစေလိုက်သည်။
"ပြောစမ်း မင်းတို့ ဘာဖြစ်လို့ ငါတို့ကို မီးရှို့သတ်ဖို့ လုပ်ရတာလဲ”
လင်းကုဝေက ဒေါသတကြီးဖြင့် အော်ဟစ်စစ်ဆေးလိုက်သည်။
"ချက်ချင်းပြောစမ်း"
ဟိုတယ်ပိုင်ရှင်သည် မည်သည့်စကားမှထွက်မလာပဲ အံကိုခပ်တင်းတင်းကြိတ်ထား၏။ သူသည် အမှန်တရားအားလုံးကို ထုတ်ဖော်ပြောဆိုသင့်မပြောသင့် စိတ်ထဲတွင် ဒွန်တွဲနေခဲ့သည်။
ထိုအချိန်တွင် ဘေးနား၌ရှိနေသော ချင်ရန်က
"အဖွဲ့မှူး ကျွန်တော့်စိတ်ထဲမှာ မကောင်းတဲ့အငွေ့အသက်တစ်ခုကို ခံစားနေရတယ်၊ အစတုန်းက ဒီဟိုတယ်ပိုင်ရှင်က ကျွန်တော်တိုနဲ့အတူပါလာတဲ့ နီတာ့ပေါင်ကို စိုက်ကြည့်နေခဲ့တယ်လို့ပြောခဲ့တာ မှတ်မိတယ် မဟုတ်လား၊ ဒါကြောင့် သူတို့က အဲဒီတရားမဝင်ကျောက်မီးသွေးတွင်းတွေနဲ့ မလွဲမသွေပတ်သက်နေလိမ့်မယ်လို့ ကျွန်တော်သံသယရှိတယ်”
ချင်ရန်က သူ့အမြင်ကိုထုတ်ဖော်ပြောဆိုလိုက်သည်။ ထိုအခါ လင်းကုဝေကလည်း ခေါင်းညိတ်လိုက်သည်။
“ဖြစ်နိုင်ခြေများတယ်"
ချင်ရန်သည် ကြမ်းပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး လျိုကျွမ်းရှီအား အေးစက်စွာစိုက်ကြည့်လိုက်၏။
“အချိန်ဖြုန်းမနေနဲ့တော့၊ မင်း ငါတို့နဲ့ ပါလာတဲ့ နီတာ့ပေါင်ကိုသိတယ်မဟုတ်လား၊ ပြီးတော့ မင်းနဲ့ အဲဒီတရားမဝင် ကျောက်မီးသွေးတွင်းတွေကြားထဲမှာ ပက်သက်မှူက အတော်လေးနက်နက်ရှိုင်းရှိုင်း ရှိနေပုံရတယ်နော်"
ချင်ရန် မေးခွန်းထုတ်လိုက်သည်။ထိုအခါ လျိုကျွမ်းရှီမျက်လုံးများမှာ ဟိုဟိုဒီဒီ လျှောက်ကြည့်ကာ သူ့အမေးအားမကြားလိုက်သလို ပြုမူနေ၏။ သို့သော် လျိုကျွမ်းရှီစိတ်ထဲတွင်တော့ အတော်လေးလန့်ဖြန့်နေခဲ့ပြီဖြစ်ရာ သူဘာပြောရမှန်းမသိသဖြင့် အချိန်ဆွဲရန်သာကြိုးစားနေခဲ့သည်။
'ငါ ဘာလုပ်ရမလဲ၊ ဘာလုပ်ရမလဲ သူတို့ကို အကုန်လုံးဖွင့်ပြောလိုက်ရမလား၊ ဒါပေမဲ့ အဲဒီလိုပြောလိုက်ရင် အခြေအနေက အကြီးအကျယ်ပျက်စီးသွားလိမ့်မယ်၊ သူဌေးကြီးလီကတော့ အခုထိ ဘာမှသိဦးမှာမဟုတ်ဘူး”
ချင်ရန်သည် လျိုကျွမ်းရှီ၏စိတ်ကူးအတွေးအားလုံးကို ကောင်းကောင်းကြီး ကြားသိလိုက်ရသည့်အပြင် သူဌေးကြီးလီဆိုသော အဓိကသော့ချက်စကားလုံးကို ထပ်မံကြားသိလိုက်ရပြန်သည်။
ဤသူဌေးကြီးလီဆိုသောသူသည် ထိုတရားမဝင်ကျောက်မီးသွေးတွင်း၏ ပိုင်ရှင်အစစ်အမှန်ဖြစ်နိုင်ပြီး ဟိုတယ်ပိုင်ရှင်မှာမူ သူ့လက်အောက်ခံတစ်ဦးသာ ဖြစ်ပေလိမ့်မည်။
လင်းကုဝေ ခက်ထန်စွာဖြင့် ဝင်ပြောလိုက်သည်။
"ရဲအရာရှိတွေကို မီးရှို့သတ်ဖို့ကြံစည်တာ၊ လူပေါင်း တစ်ဆယ့်လေးယောက်ရဲ့ အသက်ကို ရန်ရှာတာက သေဒဏ်ကျနိုင်တဲ့ အမှုကြီးကွ၊ တကယ်လို့ မင်းဘက်က စောစောစီးစီး အပြစ်ရှိကြောင်း ဝန်ခံတယ်ဆိုရင်တော့ ပြစ်ဒဏ်လျှော့ပေါ့ပြီး အသက်ချမ်းသာခွင့်ရနိုင်တဲ့ အခွင့်အရေး ရှိကောင်းရှိလိမ့်မယ်"
ထိုအချိန်တွင် ချင်ရန်သည် လျိုကျွမ်းရှီဘေးနားသို့တိုးကပ်သွားပြီး သူ့နားနားသို့ တိုးညှင်းစွာ ကပ်ပြောလိုက်သည်။
"မင်းရဲ့ သူဌေးကြီးလီနဲ့ပတ်သက်တဲ့ အကြောင်းအရာအားလုံး ငါ့ကိုအကုန်ဖွင့်ပြောလိုက်စမ်းပါ၊ တကယ်လို့ မင်းက မျက်မြင်သက်သေလုပ်ပေးမယ်ဆိုရင် မင်းအသက်ဆက်ရှင်သန်ခွင့်ရာခိုင်နှုန်း အများကြီးရှိတယ်"
ချင်ရန့်နှုတ်မှ ၎င်းစကားလုံးများထွက်ပေါ်လာသည့်အခါတွင်
လျိုကျွမ်းရှီတစ်ကိုယ်လုံးမှာ တဆတ်ဆတ် တုန်ရီသွားခဲ့ရတော့သည်။
‘သူဌေးကြီးလီ ဘာလို့ ဒီရဲကသူဌေးကြီးလီရဲ့အကြောင်းကိုပါ သိနေရတာလဲ’
အခြားနယ်မြေမှရဲများသည် ဒီဒေသသို့ ရောက်ရှိလာခြင်းမှာ အကြောင်းမဲ့သက်သက်မဟုတ်ဘဲ သူတို့လက်ထဲတွင် ခိုင်မာသောသဲလွန်စအချို့ရှိနေခဲ့ခြင်း ဖြစ်ရမည်။ထို့ကြောင့် မိမိဘက်မှ ဆက်လက်ရုန်းကန်နေခြင်းမှာ အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။
မည်သို့ပင်ဖြစ်စေကာမူ ယခုအချိန်တွင် မိမိသည် လက်ပူးလက်ကျပ်မိထားပြီး ဖြစ်သည်။ အကယ်၍သူဌေးကြီးလီကို မဖမ်းဆီးနိုင်ခဲ့လျှင်ပင် မိမိကိုယ်တိုင်ကမူ ရဲအရာရှိများကို မီးရှို့သတ်ရန် ကြံစည်မှု၊ လူပေါင်း တစ်ဆယ့်လေးယောက်၏ အသက်ကို ရန်ရှာမှုများဖြင့် အပြင်းထန်ဆုံးပြစ်ဒဏ်စီရင်ခြင်းခံရမည်မှာ သေချာလှပေသည်။
ထို့ကြောင့် ယခုအချိန်တွင် အမှန်အတိုင်း ဖွင့်ပြောလိုက်ခြင်းကသာ မိမိပြစ်မှုကို အနည်းငယ်လျှော့ပေါ့ပေးနိုင်မည် ဖြစ်သည်။ ကြီးမားလှသော စိတ်ပိုင်းဆိုင်ရာဖိအားများနှင့် ဘဝပျက်မည့် အခြေအနေများအောက်တွင် လျိုကျွမ်းရှီသည် အံကိုတင်းတင်းကြိတ်လိုက်ရင်း မိမိတို့အစီအစဉ်အကြောင်းအရာများအားလုံးကို အစအဆုံးဖွင့်ဟဝန်ခံလိုက်တော့သည်။
သူဌေးကြီးလီ၏နောက်လိုက်လူမိုက်နှစ်ဦးမှာမူ လျိုကျွမ်းရှီမှ သူဌေးကြီးလီကျူးလွန်ခဲ့သော ယုတ်မာမှုမှန်သမျှကို တစ်ခုမကျန် ထုတ်ဖော်ပြောဆိုနေသည်ကိုကြားလိုက်ရသည့်အခါ စိတ်ထဲတွင် အတိုင်းအဆမရှိ ဒေါသထွက်နေခဲ့ကြသော်လည်း မည်သည်မျှမတတ်နိုင်ကြချေ။
ဤလျိုကျွမ်းရှီသည် တကယ့်ကိုပါးစပ်မစောင့်နိုင်သော ကောင်စုတ်ပင်ဖြစ်ပေ၏။ ထုတ်ဖော်ပြောဆိုလာသည့် အကြောင်းအရာအားလုံးကို နားထောင်ပြီးနောက် ချင်ရန်နှင့် လင်းကုဝေတို့သည် အချင်းချင်းမျက်စိတစ်ချက်စောင်းကြည့်လိုက်ကြပြီး ဘေး၌ရှိနေသော ရဲအရာရှိများအားလုံး၏မျက်လုံးများထဲတွင် အမျက်ဒေါသများ လောင်မြိုက်လာခဲ့သည်။
ဤလူမဆန်သော လူယုတ်မာသူဌေးများသည် အပြစ်မဲ့ပြည်သူများကို လူကဲ့သို့သဘောမထားဘဲ ကျွန်များကဲ့သို့ရက်ရက်စက်စက်နှိပ်စက်ညှဉ်းပန်းခဲ့ကြခြင်းဖြစ်သည်။
ချင်ရန်က အေးစက်စွာမေးလိုက်ပြန်သည်။
“ဒါဆို အဲဒီသူဌေးကြီးလီရဲ့စက်ရုံထဲမှာ အခုထိ ကျောက်မီးသွေးတွင်းကျွန်တွေက ရာပေါင်းများစွာရှိနေတုန်းပဲပေါ့”
"ဟုတ်ပါတယ် ဟုတ်ပါတယ်၊ သူတို့အားလုံးက လွန်ခဲ့တဲ့ဆယ်စုနှစ်တွေတုန်းက ဖမ်းဆီးခေါ်ဆောင်ခံထားရတဲ့သူတွေပါ၊ လွန်ခဲ့တဲ့ တစ်ဆယ့်ငါးနှစ်အတွင်းမှာတော့ ကျွန်တော်တို့လူအသစ်တွေထပ်မဖမ်းတော့ပါဘူး"
လျိုကျွမ်းရှီက တုန်တုန်ရီရီဖြင့်ထပ်မံဝန်ခံပြောဆိုလာ၏။
"အစပိုင်းတုန်းကတော့ သူဌေးလီရဲ့ စက်ရုံမှာ ကျောက်မီးသွေးတွင်းကျွန် ပေါင်း တစ်ထောင်ကျော်အထိရှိခဲ့တာပါ၊ ဒါပေမဲ့ နှစ်တွေကြာလာတဲ့အခါ အများစုက ရောဂါဝေဒနာတွေကြောင့်ရောအလုပ်ပင်ပန်းလွန်းလို့တာကြောင့်ရော သေဆုံးကုန်ကြပါပြီ"
ထိုအခါ လင်းကုဝေလက်များမှာ ဒေါသကြောင့် အနည်းငယ်တုန်ရီနေခဲ့သည်။၎င်းစက်ရုံကြီး၏ အောက်ခြေမြေပြင်အောက်တွင် အပြစ်မဲ့ပြည်သူတို့၏အရိုးများအား မည်မျှများပြားစွာ မြှုပ်နှံခြင်းခံထားရပြီလည်းဆိုတာကို မည်သူမျှမသိနိုင်တော့ချေ။
ထို့နောက် လင်းကုဝေ နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း အေးစက်စွာပြောလိုက်သည်။
"ကောင်းပြီ၊ အခု ငါအခြေအနေကို နားလည်ပြီ"
ပြောပြောဆိုဆိုဖြင့် လင်းကုဝေသည် သူတို့နှင့်ပါလာသည့် နီတာ့ပေါင်ကိုအပြင်သို့ ခေါ်ဆောင်လာခဲ့ရန် အခြားအရာရှိများအား အမိန့်ပေးလိုက်သည်။ ထို့နောက် သူသည် ကျောက်မီးသွေးတွင်း၏တကယ့်အခြေအနေကို အတည်ပြုရန်အတွက် ချက်ချင်းသွားရောက်ဖို့ ပြင်ဆင်တော့သည်။
"ကျွန်တော်တို့ အခုဘာဆက်လုပ်ကြမလဲ၊ မနက်မိုးလင်းတဲ့အထိစောင့်ပြီးမှ ဒီဒေသခံ ရဲစခန်းကို ဆက်သွယ်ကြမလား၊ ဒါမှမဟုတ် တခြားနည်းလမ်းသုံးမလား”
ချင်ရန်က အေးစက်စက်ဖြင့် မေးမြန်းလိုက်သည်။ထိုအခါ လင်းကုဝေ၏မျက်လုံးများမှာ ကျဉ်းမြောင်းသွားခဲ့သည်။
"အခုအချိန်မှာ ဒီဒေသခံရဲတွေကို သွားဆက်သွယ်လိုက်ရင် ငါတို့ရဲ့သတင်းတွေ ပေါက်ကြားသွားပြီး တစ်ဘက်က ကြိုတင်ရိပ်မိသွားနိုင်တယ်၊ ဒါကြောင့် အဲဒီနေရာကို ငါတို့ကိုယ်တိုင်တိုက်ရိုက်သွားပြီး သူတို့ထက်အရင်လက်ဦးမှုယူပြီး လှုပ်ရှားကြတာက ပိုပြီးကောင်းလိမ့်မယ်၊ ပြီးတော့ သူပြောတဲ့သူဌေးကြီးလီဆိုတဲ့ ပုဂ္ဂိုလ်ကို အဓိကထားပြီး အမိအရ ဖမ်းဆီးထိန်းချုပ်ထားရမယ်”
"ကောင်းပါပြီ အဖွဲ့မှူး”
ချင်ရန် ခေါင်းညိတ်ထောက်ခံလိုက်သည်။ ထို့နောက် ချင်ရန်သည် လျိုကျွမ်းရှီအား စိုက်ကြည့်လိုက်သည်။
“ဒီဒေသတစ်ဝိုက်မှာ သူဌေးကြီးလီလိုမျိုး သူဌေးတွေနဲ့ အဲလိုစက်ရုံမျိုး ဘယ်နှခုလောက်ရှိသေးလဲ၊ ပြီးတော့ ကျောက်မီးသွေးတွင်းကျွန်တွေက ဘယ်လောက်အထိ အဓမ္မဖမ်းဆီးချုပ်နှောင်ခံထားရသေးလဲ”
ချင်ရန် ထပ်မံမေးမြန်းလိုက်သည့်အခါလျိုကျွမ်းရှီ တုန်တုန်လှုပ်လှုပ်နှင့်ပြန်ဖြေလေသည်။
"အနည်းဆုံးတော့ စက်ရုံပေါင်းဆယ်ရုံလောက်ရှိနိုင်တယ်၊ ပြီးတော့ အဲဒီကျောက်မီးသွေးတွင်းကျွန်အရေအတွက်ကတော့ စုစုပေါင်းတစ်ထောင်ကျော်လောက် ရှိနိုင်ပါတယ်"
ထိုအဖြေကိုကြားလိုက်ရသည့်အခါ ချင်ရန့်မျက်ခုံးများ တစ်ချက်ပင့်တက်သွားခဲ့ရသည်။ ဤဒေသ၏ ဒုစရိုက်မှုတိုက်ဖျက်ရေးအခြေအနေမှာ အပေါ်ယံမျှသာဖြစ်ပြီး ထိထိရောက်ရောက်အရေးယူကာ အမြစ်ပြတ်နှိမ်နင်းထားခြင်းမျိုး လုံးဝမရှိသေးချေ။
ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် လင်းကုဝေသည် ခေတ္တမျှငြိမ်သက်ကာ စဉ်းစားပြီးနောက်တွင် သူသည် ရှီကျင်းစုန့်ထံသို့ ဖုန်းထပ်မံခေါ်ဆိုလိုက်တော့သည်။
လင်းကုဝေသည် လက်ရှိအခြေအနေကို ရှီကျင်းစုန့်အား တင်ပြလိုက်၏။ အဘယ်ကြောင့်ဆိုသော် ရှီကျင်းစုန့်၏ရာထူးအဆင့်အတန်းမျိုးဖြင့်သာ ဤဒေသရှိ အဆင့်မြင့်အာဏာပိုင်များနှင့် တိုက်ရိုက်ဆက်သွယ်ညှိနှိုင်းနိုင်သောကြောင့်ဖြစ်သည်။
ထို့အပြင် ရှီရှန်းပြည်နယ်အစိုးရအနေဖြင့် ဤဒေသခံ ဒုစရိုက်ဂိုဏ်းများကို အပြင်းထန်ဆုံးနှင့် အထိရောက်ဆုံးနှိမ်နင်းအရေးယူရန် ဖိအားပေးတိုက်တွန်းနိုင်မည်ဖြစ်သောကြောင့်လည်း ဖြစ်သည်။
ဖုန်းခေါ်ဆိုမှုပြီးဆုံးသွားသည်နှင့်
နီတာ့ပေါင်လည်း အပြင်သို့ရောက်ရှိလာခဲ့သည်။ သူသည် ချင်ရန်တို့အနား လျှောက်လာစဉ်မှာပင် တစ်ပြိုင်နက် ကြမ်းပြင်ပေါ်တွင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သူဌေးကြီးလီ၏နောက်လိုက် လူမိုက်နှစ်ဦးကို မြင်တွေ့လိုက်ရာ သူ့မျက်နှာတွင် အတိုင်းအဆမရှိကြီးမားလှသော ထိတ်လန့်ကြောက်ရွံ့မှု အရောင်အဝါများသည် ချက်ချင်းပင် အတိုင်းအဆမရှိကြီးမားလာခဲ့သည်။
"သူ သူတို့ပဲ၊ သူတို့က ကျွန်တော်အလုပ်လုပ်နေတုန်း နေ့တိုင်းရက်ရက်စက်စက် ရိုက်နှက်ခဲ့ကြတာ၊ ဟုတ်တယ် သူတို့ပဲ၊ ပြီးတော့ အဲဒါတင်မကသေးဘူး၊ ကျွန်တော့်ရဲ့ထမင်းပန်းကန်ကို ခြေထောက်နဲ့ ကန်ပြီး ပစ်ကျွေးတယ်၊ ပြီးတော့ ဖိတ်ကျသွားတဲ့ထမင်းတွေကိုလဲ ကျွန်တော့်ကို မြေပြင်ပေါ်မှာ ဒူးထောက်ခိုင်းပြီးတော့ လျှာနဲ့ယက်ပြီး စားခိုင်းခဲ့ကြသေးတယ် အီးအီးအီး"
နီတာ့ပေါင်သည် တုန်ရီရင်း ရှိုက်ကြီးတငင်ဖြင့် ငိုယိုကာ ပြောရှာသည်။ သူသည် ထိုလူမိုက်နှစ်ဦးကို သေသေချာချာကို မှတ်မိနေခဲ့ခြင်း ဖြစ်သည်။
လင်းကုဝေ မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုလူမိုက်များ၏လုပ်ရပ်မှာ တကယ့်တိရစ္ဆာန်များထက်ပင် ဆိုးရွားလှပေ၏။ သူသည် ထိုလူနှစ်ဦးအား ဤနေရာတွင်တင် ချက်ချင်းရိုက်သတ်ပစ်ချင်စိတ် ပေါက်သွားခဲ့ရသည်။
သို့သော်လည်း သူတို့ကို ဥပဒေအရသာ စနစ်တကျပြစ်ဒဏ်စီရင်ရမည်ဖြစ်သဖြင့် မိမိစိတ်ကိုသာ ထိန်းချုပ်လိုက်ရသည်။
ထို့နောက် အချိန်ခဏအကြာပြီးတွင် အရာအားလုံးကို ပြင်ဆင်ပြီးစီးသွားခဲ့ပြီ ဖြစ်၏။ ချင်ရန်၊ လင်းကုဝေနှင့် အခြားသော ဝါရင့်ရဲအရာရှိကြီးများအဖွဲ့သည် နီတာ့ပေါင်ကို ခေါ်ဆောင်လျက် သူဌေးကြီးလီ၏စက်ရုံအတွင်းသို့ တိတ်တဆိတ်ဝင်ရောက်စီးနင်းကာ သူ့အားအမိအရ ဖမ်းဆီးရန်အတွက် အချိန်မဆွဲတော့ပဲ အလွန်တရာအေးစိမ့်ကာ မှောင်မိုက်လှသော ဤညဉ့်နက်သန်းခေါင်ယံအချိန်ကာလတွင်ပင် စတင်ထွက်ခွာခဲ့ကြ၏။