အခန်း ၂၂၇
Vol. 23 Ch. 227
227
ညဉ့်နက်သန်းခေါင်ယံအချိန်တွင်မူ
ချင်ရန်၊ လင်းကုဝေနှင့် အခြားသူများသည် လျိုကျွမ်းရှီလမ်းညွှန်ပြသည့် လမ်းကြောင်းအတိုင်း သူဌေးကြီးလီ၏ ကျောက်မီးသွေးတွင်းစက်ရုံဝင်းဆီသို့ လူစုခွဲကာ ဦးတည်ထွက်လာခဲ့ကြသည်။
ယခုအချိန်သည် မနက် ၁နာရီကျော်နေပြီဖြစ်ရာ စက်ရုံတစ်ခုလုံး၏မီးများလည်း ပိတ်ထားခဲ့ပြီ ဖြစ်သည်။ ထိုကျောက်မီးသွေးတွင်းကျွန်များသည်လည်း အိပ်စက်အနားယူနေကြပြီဖြစ်ပေလိမ့်မည်။
သူဌေးလီတစ်ယောက်လည်း အိပ်ပျော်နေမည်လားကို မသိချေ။ ချင်ရန်သည် သူ့ခြေလှမ်းများကို ဖွဖွလေး
နင်းလျက် ဝေးကွာလှသောနေရာမှ လှမ်းမျှော်ကာ ကြည့်ရှုလိုက်သည်။ သူသည် ဘေးနားရှိ လျိုကျွမ်းရှီဘက်သို့လှည့်ကာ တိုးညှင်းသောလေသံဖြင့် မေးမြန်းလိုက်သည်။
"သူတို့တွေ အခုအိပ်နေကြပြီလား”
"ဟုတ်ပါတယ် ဟုတ်ပါတယ်၊ သူတို့တွေက သန်းခေါင်ယံရောက်မှအိပ်ခွင့်ရကြတာပါ၊ မနက် ၆ နာရီရောက်တာနဲ့ အချိန်ပိုဆင်းဖို့အတွက် ပြန်ထကြရပါတယ်”
လျိုကျွမ်းရှီက ရိုသေစွာဖြေကြားလိုက်သည်။ ဤစကားအားကြားလိုက်ရသည့်အခါတွင်မူ လင်းကုဝေစိတ်ထဲမှ အမျက်ဒေါသများမှာ ပိုမိုပြင်းထန်လာခဲ့ရတော့သည်။ ဤသည်မှာ လူသားများကို တိရစ္ဆာန်ကဲ့သို့ ရက်ရက်စက်စက်ခိုင်းစေနေခြင်းဖြစ်ပြီး အနားယူချိန်ကိုလည်း တစ်ရက်လျှင် ခြောက်နာရီမျှသာ အိပ်စက်ခွင့်ပေးထားခြင်းဖြစ်သည်။
“အရှေ့ကနေ လမ်းပြစမ်း"
ချင်ရန် အေးစက်စွာပြောလိုက်သည်။ထိုအခါ လျိုကျွမ်းရှီခေါင်းညိတ်ပြလိုက်ပြီးနောက် ရှေ့ကနေဦးဆောင်ကာ လမ်းပြခဲ့သည်။ မကြာမီအချိန်အတွင်း ချင်ရန်နှင့် အဖွဲ့သားများသည် စက်ရုံ၏ အဝင်ပေါက်ဂိတ်ဝအနီးသို့ ရောက်ရှိလာခဲ့ကြသည်။ ချင်ရန်သည် ဂိတ်ဝ၌အနက်ရောင်ဝတ်စုံဝတ်အမျိုးသားအချို့ ကင်းစောင့်နေသည်ကို လှမ်းမြင်လိုက်ရသည်။
ထို့နောက် ချင်ရန်ရှေ့သို့ တစ်လှမ်းတိုးလိုက်ရင်း ပြောလေသည်။
“သူတို့ကို ကျွန်တော်သွားရှင်းလိုက်မယ်၊ ဘာအသံမှ ထွက်လာစေရဘူး"
နောက်တစ်စက္ကန့်တွင်မူ ချင်ရန်ခွဲထွက်လိုက်ပြီး ကျားသစ်တစ်ကောင်ကဲ့သို့ အရှိန်အဟုန်ဖြင့် ဝှစ်ကနဲပြေးဝင်သွားခဲ့တော့သည်။ ဂိတ်ဝတွင် ကင်းစောင့်နေကြသော အနက်ရောင်ဝတ်စုံဝတ်အမျိုးသားလေးဦးသည် ချင်ရန့်လှုပ်ရှားမှုကို ခံစားမိလိုက်သည့်အချိန်တွင်မူ အရာအားလုံးက နောက်ကျသွားခဲ့ပြီဖြစ်သည်။
ချင်ရန်၏အားပြင်းလှသောလက်သီးချက်များသည် ထိုသူများ၏မျက်နှာပေါ်သို့တူကြီးကဲ့သို့ အရှိန်ပြင်းပြင်းကျရောက်သွားခဲ့ပြီဖြစ်သည်။ ထိုလေးဦးစလုံးသည် ခပ်ကြိတ်ကြိတ်ညည်းတွားသံများနှင့်အတူ ကြမ်းပြင်ပေါ်သို့ ပျော့ခွေကာ လဲကျသွားခဲ့ကြရတော့သည်။
လင်းကုဝေနှင့် အခြားသူများသည်လည်း အနောက်မှ ချက်ချင်းအမီလိုက်လာခဲ့ကြသည်။ ထို့နောက် သူတို့သည် ကင်းစောင့်လေးဦးစလုံးကို အမိအရထိန်းချုပ်လိုက်ကြသည်။ ကျန်ရှိသော အဖွဲ့သားများကမူ စက်ရုံအတွင်းပိုင်းသို့ ဆက်လက်ဝင်ရောက်ခဲ့ကြပြီး သူဌေးကြီးလီနေထိုင်ရာ ဗီလာအိမ်ကြီးဆီသို့ ဦးတည်ကာ လျှောက်လှမ်းသွားကြသည်။
လျိုကျွမ်းရှီ၏လမ်းပြမှုနှင့်အတူ ချင်ရန်နှင့် အဖွဲ့သားများသည် ဗီလာအိမ်ကြီး၏ အပြင်ဘက်သို့ရောက်ရှိလာခဲ့ကြသည်။
ထိုအချိန်တွင် ဗီလာအတွင်း၌ မီးရောင်အချို့လင်းထိန်နေဆဲဖြစ်သည်ကို မြင်တွေ့ရလိုက်ရ၏။
အဆိုပါမီးရောင်များမှာလည်း အဆက်မပြတ် လင်းလက်တုန်ခါနေသဖြင့် အတွင်း၌ မည်သည်များဖြစ်ပျက်နေသည်ကိုမူ အပြင်မှနေ၍သေသေချာချာမသိရချေ။
ချင်ရန်သည် ဗီလာ၏တည်ဆောက်ပုံနှင့် အစောင့်အကြပ်များ၏ အနေအထားကို စူးစိုက်ကာ အကဲခက်ကြည့်ရှုလိုက်ရင်း သူ့မျက်လုံများမှာ အနည်းငယ်မျှသော အေးစက်မှုများ ယှက်သန်းသွားခဲ့ရသည်။
ထို့နောက် သူသည် အခွင့်အရေးအား စောင့်ဆိုင်းကာ အထဲသို့တန်းဝင်ရောက်စီးနင်းရန် ပြင်ဆင်လိုက်တော့သည်။ ထိုစဉ် ဗီလာအိမ်ကြီးအတွင်းပိုင်းရှိ
သူဌေးကြီးလီ၏အိပ်ခန်းအတွင်း၌မူ အဝတ်အစားအနည်းငယ်မျှသာ ဝတ်ဆင်ထားကြသော ဆွဲဆောင်မှုရှိသည့် ယူနီဖောင်းဝတ်အမျိုးသမီးလေးဦးက တဏှာရာဂစိတ်ကို နှိုးဆွစေမည့်အကအလှများဖြင့် ဆွဲဆောင်မှုရှိရှိကပြဖျော်ဖြေနေကြသည်။
သူဌေးကြီးလီသည်လည်း ဝိုင်နီကိုတစ်ငုံချင်းစီအရသာခံသောက်သုံးရင်း အဆိုပါ ဆွဲဆောင်မှုရှိလှသည့်မြင်ကွင်းကို ဇိမ်ရှိရှိ ကြည့်ရှုခံစားနေခဲ့ပြီး သူ့မျက်နှာမှာလည်း အရက်ရှိန်ကြောင့် အနည်းငယ်နီမြန်းနေခဲ့သည်။
ဤကဲ့သို့သော ဘဝမျိုးသည် တကယ်ကို နတ်ပြည်၌ စံစားနေရသကဲ့သို့ အတိုင်းအဆမရှိသာယာလှပေ၏။
သူတို့သည် ဤဗီလာအိမ်ကြီးအတွင်း၌ နေ့စဉ်နေထိုင်နေကြလျက်ရှိပြီး လိုချင်သမျှ အရာအားလုံးကို အလွယ်တကူရရှိနေခဲ့ကြသည်။ သူဌေးကြီးလီတစ်ယောက် စိတ်ထဲကနေ တိတ်တဆိတ်တွေးတောလိုက်မိသည်။
'ငါ နောက်နှစ်နှစ်လောက်ပဲ ဆက်လုပ်ပြီးရင်ရလာတဲ့ငွေတွေကို အကုန်လုံး သိမ်းကျုံးယူပြီး ဒီနေရာရဲ့အဝေးဆုံးကို သွားရမယ်၊ မဟုတ်လို့ရှိရင် သတင်းရတဲ့ ခွေးတွေက အနောက်ကနေလိုက်လာမှာ၊ အခုတောင် ရောက်လာကြပြီ၊ တော်သေးတာပေါ့ ငါ့ဘက်က အရင်လက်ဦးမှု့ယူထားလို့’
ရုတ်တရက် သူဌေးကြီးလီသည် တစ်စုံတစ်ခုအား သတိရသွားခဲ့သည်။ မိမိသည် လျိုကျွမ်းရှီအား ထိုတခြားနယ်ကရဲများကို မီးရှို့သတ်ရန်အတွက် ညွှန်ကြားထားခဲ့သော်လည်း လက်ရှိတွင် အခြေအနေ ဘယ်လိုရှိနေပြီလဲဆိုသည်ကို အခုထိမသိရသေးချေ။
သူသည် မိမိဖုန်းကို ထုတ်ယူလိုက်ပြီး လျိုကျွမ်းရှီဖုန်းနံပါတ်သို့ ခေါ်ဆိုလိုက်သည်။
သို့သော် သူဌေးကြီးလီမှာ ကံဆိုးခဲ့လေပြီဖြစ်သည်။
သူဌေးကြီးလီသည် လျိုကျွမ်းရှီထံသို့ ဖုန်းခေါ်ဆိုလိုက်သည့်တပြိုင်နက် မိမိဗီလာအိမ်ကြီးအတွင်းပိုင်း၏တစ်နေရာမှ ဖုန်းမြည်သံတစ်ခု ထွက်ပေါ်ခဲ့လာသည်ကို အတိုင်းသားကြားလိုက်ရ၏။
ထိုအသံမှာ မိမိနှင့် အလွန်နီးကပ်လှသော နေရာမှ ထွက်ပေါ်လာခြင်းဖြစ်သည်။
သူဌေးကြီးလီသည် တစ်ချက်မျှဆွံ့အသွားခဲ့ရသည်။
‘လျိုကျွမ်းရှီရဲ့ဖုန်းမြည်သံက ဘာဖြစ်လို့ ငါ့ဗီလာထဲမှာကြားနေရတာလဲ
ဒါမှမဟုတ် လျိုကျွမ်းရှီက မီးရှို့သက်တဲ့ ကိစ္စကိုလုံးဝပြီးပြည့်စုံအောင် အချောသတ်ပြီးလို့ သတင်းကောင်းနဲ့
ငါ့ဆီပြန်လာတာလား’
*ဒုန်း*
အတိအကျပင် ထိုအချိန်၌ မိမိရှိနေသည့် အခန်း၏တံခါးမကြီးမှာ အပြင်ဘက်မှနေပြင်းထန်လှသောခြေကန်ချက်တစ်ခုကြောင့် ဝုန်းခနဲ ပွင့်ထွက်သွားခဲ့ရတော့သည်။
ဤသို့ ရုတ်တရက်ထွက်ပေါ်လာသော အသံကြီးကြောင့် ကပြဖျော်ဖြေနေကြသောအမျိုးသမီးလေးဦးစလုံးသည် ထိတ်လန့်တုန်လှုပ်သွားကြရပြီး ဘေးဘက်သို့ ကပျာကယာကုန်းကုန်းကွကွဖြင့် ဝင်ရောက်ပုန်းကွယ်လိုက်ကြသည်။
သူဌေးကြီးလီသည်လည်း အလန့်တကြား ဖြစ်သွားခဲ့ရပြီးနောက် ကုတင်ပေါ်မှ ချက်ချင်းထရပ်လိုက်ရင်း တံခါးဝဆီသို့ စိုက်ကြည့်လိုက်တော့သည်။
ထိုစဉ် လူငယ်တစ်ဦးသည် မည်သည့်လက်နက်မျှ ကိုင်ဆောင်ထားခြင်းမရှိဘဲ အခန်းတွင်းသို့ တည်ငြိမ်စွာဖြင့်လှမ်းဝင်လာခဲ့ပြီး သူ့နောက်ကွယ်တွင်မူ အစိုးရရဲအရာရှိအမြောက်အမြားလည်း ခြံရံလျက်လိုက်ပါလာခဲ့ကြသည်။
ထိုအခါ သူဌေးကြီးလီသည် တစ်ကိုယ်လုံးတုန်လှုပ်သွားခဲ့ရပြီး မသိစိတ်ကနေ ဒေါသတကြီး အော်ဟစ်လိုက်မိသည်။
"အစောင့်တွေ ဘယ်ရောက်ကုန်ကြတာလဲ၊ ဒီမှာ လူစိမ်းတွေ ငါ့ဗီလာထဲကိုအခွင့်မရှိပဲဝင်လာတာကို မင်းတို့မသိကြဘူးလား၊ မင်းတို့တွေက ကောင်းကောင်းကြီး မစောင့်ကြပ်နိုင်ကြဘူးပဲ”
သူဌေးကြီးလီသည် အထိတ်ထိတ်အလန့်လန့်ဖြင့်ပါးစပ်ထဲရှိရာ လျှောက်အော်ရင်း ရုတ်တရက် သူရင်းနှီးနေသော မျက်နှာတစ်ခုကို မြင်တွေ့လိုက်ရသည်။
လျိုကျွမ်းရှီသည် ထိုရဲများ၏အနောက်တွင် ကလေးငယ်တစ်ဦးအလား ကြောက်ရွံ့တုန်ရီစွာဖြင့် မတ်တတ်ရပ်နေခဲ့သည်။
ထိုအခါ သူဌေးကြီးလီ၏မျက်လုံးများ ချက်ချင်းကျဉ်းမြောင်းသွားခဲ့ရပြီး အခြေအနေအားလုံးကို ရိပ်မိသွားခဲ့သည်။
သူဌေးလီ၏ဒေါသတကြီး အော်ဟစ်သံကိုကြားလိုက်ရသည့် ချင်ရန်က အေးဆေးတည်ငြိမ်စွာဖြင့် ပြောလာခဲ့၏။
“ခင်ဗျား လျှောက်အော်မနေပါနဲ့၊ ခင်ဗျားရဲ့လက်အောက်ခံ လူမိုက်တွေအားလုံးကို ငါတို့ အမိဖမ်းဆီးထားပြီးပြီ၊ ခင်ဗျားက ဘယ်သူ့ကို ထပ်ခေါ်ချင်သေးလို့လဲ”
လွန်ခဲ့သောအချိန်အတွင်း၌ပင် ချင်ရန်၊ လင်းကုဝေနှင့် အခြားသောရဲအရာရှိကြီးများသည် ပူးပေါင်းလှုပ်ရှားခဲ့ကြပြီး ဗီလာအပြင်ဘက်ရှိ လူမိုက်ဆယ်ယောက်ကျော်စလုံးကို အလွယ်တကူနှိမ်နင်းကာ ဖမ်းဆီးနိုင်ခဲ့ကြခြင်းဖြစ်သည်။
ယခုအခါတွင် သူဌေးကြီးလီအနေဖြင့် မည်သူ့ကိုမျှလှမ်း၍ အကူအညီတောင်းခံနိုင်တော့မည်မဟုတ်ချေ။
"မင်း မင်းတို့က ဘယ်သူတွေလဲ”
သူဌေးကြီးလီသည် မိမိစိတ်ထဲမှ အဖြေကို သိရှိထားပြီးဖြစ်သော်လည်း မချိတင်ကဲဖြင့် မေးမြန်းလိုက်မိသည်။
“ငါတို့က ရဲတွေပဲ”
လင်းကုဝေသည် အရှေ့သို့တစ်လှမ်းတက်လိုက်ရင်း သူ့ရဲအရာရှိသက်သေခံကတ်ပြားကိုထုတ်ယူကာ သူဌေးကြီးလီမျက်နှာရှေ့တွင် သေသေချာချာပြသလိုက်သည်။
သူဌေးကြီးလီ၏တစ်ကိုယ်လုံး ဆတ်ဆတ်ခါတုန်ရီသွားခဲ့ရပြီး ထိုအခါမှသာ သူသည် အရာအားလုံးကို သဘောပေါက်သွားခဲ့ပြီဖြစ်သည်။
လျိုကျွမ်းရှီသည် မူလက ထိုရဲများကို မီးရှို့သတ်ရန်သွားခဲ့ခြင်းဖြစ်သော်လည်း ယခုအခါ အခြေအနေက ပြောင်းပြန်ဖြစ်သွားခဲ့ရပြီး ရဲများနှင့်အတူပါရှိလာခဲ့ခြင်း ဖြစ်ရာ မိမိတို့အကြံအစည်များ ပေါ်ပေါက်သွားခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ရဲများက မိမိအားတိုက်ရိုက်ဖမ်းဆီးရန် ရောက်ရှိလာခဲ့ကြခြင်းဖြစ်ပေသည်။
ထိုအချိန်၌ပင် နီတာ့ပေါင်၏မျက်နှာသည်လည်း သူဌေးကြီးလီမျက်စိထဲသို့ တိုးဝင်လာခဲ့သည်။
ဤသူသည် လွန်ခဲ့သောနှစ်အနည်းငယ်က မိမိတို့လက်ထဲမှထွက်ပြေးလွတ်မြောက်သွားခဲ့သော ကျောက်မီးသွေးတွင်းကျွန်ဟောင်းဖြစ်နေသည်ပင်။
တစ်ဖက်မှ နီတာ့ပေါင်သည်လည်း ဤစက်ရုံဝင်းအတွင်းသို့ ခြေချမိကတည်းက သူသည်ကြောက်ရွံ့မှုများကြောင့် တစ်ကိုယ်လုံး တုန်ရီနေခဲ့ရှာသည်။
ဤနေရာသည် မိမိအတွက်မူ အိမ်မက်ဆိုးများဖြင့် ပြည့်နှက်နေသောငရဲခန်းကြီး ဖြစ်ပေသည်။ အတိတ်ကခါးသီးလှသော အမှောင်မိုက်ဆုံး အမှတ်တရမှန်သမျှသည် သူ့ဦးနှောက်အတွင်းသို့ အရှိန်အဟုန်ဖြင့် ပြန်လည်တိုးဝင်လာခဲ့သည်။
"ဖမ်းလိုက်ကြစမ်း”
လင်းကုဝေက လက်ဝှေ့ယမ်းကာ အမိန့်ပေးလိုက်သည်။ ချင်ရန် ရှေ့သို့ခြေလှမ်း ကျဲကျဲဖြင့် လှမ်းဝင်သွားခဲ့သည်။ ထိုအခါ သူဌေးကြီးလီသည် ကြောက်ရွံ့မှုကြောင့် တဂတ်ဂတ်ဖြင့်မေးရိုက်နေပြီး ထိုနေရာမှ ထွက်ပြေးရန် ကြိုးစားလိုက်သည့်အခါမှာတော့
*ခွပ်*
*အင့်*
ချင်ရန်သည် မည်သည့်ကရုဏာမျှပြသခြင်းမရှိဘဲ သူဌေးကြီးလီ၏ဝမ်းဗိုက်သို့ အားပြင်းလှသော ခြေကန်ချက်တစ်ချက် ကျွေးလိုက်ရာ သူဌေးလီသည် ကြမ်းပြင်ပေါ်သို့ ဖားပျံတစ်ကောင်အလား လဲကျသွားခဲ့သည်။ ထို့နောက် သူ့အား ချက်ချင်းပင် လက်ထိပ်ခတ်လိုက်တော့သည်။
"ကဲ ငါတို့တွေ စက်ရုံအတွင်းပိုင်းထဲသွားပြီးတော့ ဒုက္ခရောက်နေတဲ့ ကျောက်မီးသွေးတွင်းကျွန်တွေကို သွားကယ်ထုတ်ကြစို့"
ထို့နောက် သူတို့သည် ဗီလာအိမ်ကြီးအတွင်း၌ သူဌေးလီနှင့်အခြားသူများကို စောင့်ကြပ်ရန်အတွက် ရဲအရာရှိလေးဦးကို ချန်ထားခဲ့ကြသည်။ကျန်ရှိသောအဖွဲ့သားများအားလုံးသည် ဗီလာအိမ်ကြီးမှ ထွက်ခွာလာခဲ့ကြပြီး စက်ရုံအတွင်းရှိ ကျောက်မီးသွေးတွင်းကျွန်များ အိပ်စက်အနားယူရာနေရာဆီသို့ ဦးတည်သွားခဲ့ကြသည်။
မိမိတို့ ထိုနေရာသို့ရောက်ရှိသွားသည့်အခါတွင်မူ ဤနေရာသည် လူသားများ အိပ်စက်အနားယူရန်အတွက် ဖန်တီးထားသောနေရာ လုံးဝမဟုတ်ကြောင်းတွေ့ရှိလိုက်ရသဖြင့် ရင်ထဲ၌ မချိတင်ကဲဖြစ်သွားခဲ့ကြရသည်။
ဤနေရာ၏ပုံစံသည် ဝက်ခြံကြီးတစ်ခုနှင့် အလားသဏ္ဌာန်တူလှပြီး အလုပ်သမားရာပေါင်းများစွာသည် ကောက်ရိုးပုံကြီးများပေါ်တွင် စုပြုံလျက် အိပ်စက်နေကြရရှာသည်။ တံခါးမကြီး၏ အပြင်ဘက်တွင်မူ သံကြိုးကြီးများဖြင့် ရစ်ပတ်ကာ သော့အထပ်ထပ်ခတ်ထားခဲ့ကြရာ တကယ့်ထောင်ကြီးတစ်ခုကဲ့သို့ ဖြစ်ပေသည်။
ထိုအကျဉ်းထောင်ကြီး၏အပြင်ဘက်တွင်မူ ကင်းစောင့်ရန်အတွက် အမဲလိုက်ခွေးကြီးနှစ်ကောင်ကို မွေးမြူထားခဲ့ကြသည်။ သာမန်အားဖြင့် ထိုခွေးကြီးများသည် လူစိမ်းများကိုမြင်တွေ့ရပါက ဟောင်ကြလိမ့်မည်ဖြစ်သော်လည်း ချင်ရန်ရောက်ရှိလာသည့်အခါတွင်မူ ထိုခွေးကြီးနှစ်ကောင်စလုံးမှာ အလွန်အမင်း လိမ်မာယဉ်ကျေးသွားကြပြီး မြေပြင်ပေါ်တွင်ဝပ်လျက် ငြိမ်သက်သွားခဲ့ကြရှာသည်။
ဤလူမဆန်သော အကျဉ်းထောင်ကြီးကို မြင်တွေ့လိုက်ရသည့်အခါ လင်းကုဝေသည် အမျက်ဒေါသများအချောင်းချောင်းထွက်သွားခဲ့ရပြီး သူ့လက်အောက်ငယ်သားများကို သော့အားအမြန်ဆုံးဖျက်ဆီးပြီးဖွင့်ရန် ညွှန်ကြားလိုက်တော့သည်။
*ဂျောက်*
အကျဉ်းထောင်အတွင်း၌ အိပ်ပျော်နေကြသော အလုပ်သမားများအားလုံး ချက်ချင်းပင် လန့်နိုးလာခဲ့ကြရပြီး သူတို့မျက်နှာများပေါ်တွင် ထိတ်လန့်ကြောက်ရွံ့မှုများထင်ဟပ်နေခဲ့သည်။
သူတို့ တွေးတောလိုက်မိသည်မှာ ရက်စက်လှသောသူဌေးကြီးက သူတို့အား ညသန်းခေါင်ယံအချိန်ကာလကြီးတွင်အတင်းအဓမ္မအလုပ်ထလုပ်ခိုင်းရန် လာရောက်နှိုးခြင်းဖြစ်ရမည်ဟု ထင်မှတ်လိုက်ကြခြင်းဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် အတိတ်တုန်းကလည်း သူတို့၏နာခံမှုနှင့် အကြောက်တရားကို လေ့ကျင့်ပေးရန်အတွက် ဤကဲ့သို့ညဉ့်နက်သန်းခေါင်ယံတွင် အတင်းအဓမ္မထခိုင်းကာ အလုပ်လုပ်ခိုင်းလေ့ရှိသောကြောင့် ဖြစ်သည်။
ထိုအချိန်၌ ရုတ်တရက်ကြီးလူအချို့သည် အခန်းအတွင်းသို့ လှမ်းဝင်လာခဲ့ကြသော်လည်း ပတ်ဝန်းကျင်ကမှောင်မိုက်လွန်းလှသဖြင့် ရဲများ၏မျက်နှာကို သေသေချာချာမမြင်ရရှာချေ။
"ဒီလောက် ညဉ့်နက်နေပြီကို အလုပ်လုပ်ရဦးမှာလား”
"ဟူး အမြန်ထကြ၊ အမြန်ထပြီး အလုပ်လုပ်ဖို့ ပြင်ကြစို့"
ကျောက်မီးသွေးတွင်းကျွန်များအားလုံး သက်ပြင်းကိုယ်စီ ချလိုက်ကြသည်။ သို့သော် မထင်မှတ်ထားသည်မှာ သူတို့ထဲမှ မည်သူတစ်ဦးတစ်ယောက်မျှ ငြိုငြင်ခြင်း (သို့မဟုတ်) ပြန်လည်တော်လှန်ခြင်းအမူအရာမျိုး လုံးဝမပြဝံ့ကြချေ။
အဘယ်ကြောင့်ဆိုသော် သူတို့အနေဖြင့် အနည်းငယ်မျှ ပြန်လည်ခုခံမိပါက ရက်ရက်စက်စက်ဝိုင်းရိုက်နှက်ခံရမည်ကို ကောင်းကောင်းကြီး သိရှိထားကြသောကြောင့် ဖြစ်သည်။
ထိုသို့ရိုက်နှက်ခံရပြီးနောက်တွင်မူ သူတို့အားလုံးနာခံတတ်သော ကျွန်များအဖြစ်သို့ ပြန်လည်ရောက်ရှိသွားကြရမြဲ ဖြစ်သည်။
နှစ်ပေါင်းများစွာကာလအတွင်း ရိုက်နှက်နှိပ်စက်ခံခဲ့ရသော ဒဏ်ရာဒဏ်ချက်များက သူတို့အားပြန်လည်မခုခံဝံ့အောင်စိတ်ပိုင်းဆိုင်ရာ ရိုက်သွင်းထားခဲ့ခြင်းဖြစ်ပြီး ပြန်လည်ခုခံပါက ပိုမိုဆိုးရွားသောရိုက်နှက်မှုများရရှိမည်ဖြစ်ကာ အသက်ပင် သေဆုံးသွားနိုင်ကြောင်း သူတို့သိရှိထားကြသည်။
"ငါတို့က မင်းတို့ကိုလာနှိပ်စက်တဲ့သူတွေ မဟုတ်ဘူး”
ထိုဒုက္ခသည်များ၏စကားများကို ကြားလိုက်ရသည့်အခါ ချင်ရန်သည် စိတ်မကောင်းစွာဖြင့် သက်ပြင်းတစ်ချက်ချလိုက်မိရင်း
"ငါတို့တွေက ရဲအရာရှိတွေပါ၊ မင်းတို့ကို ဒီငရဲတွင်းကနေ ကယ်တင်ဖို့အတွက်လာခဲ့ကြတာပါ”
သို့သော်လည်း ချင်ရန့်စကားဆုံးသွားသည်နှင့် တပြိုင်တည်း အလုပ်သမားများထဲမှ မည်သူတစ်ဦးတစ်ယောက်မျှ ဤစကားကို မယုံကြည်ကြချေ။
နှစ်ပေါင်းများစွာကာလအတွင်း သူတို့သည် ရဲများလာရောက်ကယ်တင်မည့် နေ့ရက်ကို နေ့စဉ်နှင့်အမျှမျှော်လင့်ခဲ့ကြဖူးသည်။ သို့သော်လည်း တစ်ရက်ပြီးတစ်ရက်၊ တစ်နှစ်ပြီးတစ်နှစ်မှသည် ဆယ်စုနှစ်များစွာကုန်လွန်သွားခဲ့သော်လည်း မည်သည့်ကယ်တင်ရှင်မျှ ရောက်ရှိမလာခဲ့ချေ။
သူတို့သည် မိမိတို့ကိုယ်ကိုကမ္ဘာကြီးက ပစ်ပယ်ထားခဲ့ပြီဟု အခိုင်အမာယုံကြည်နေခဲ့ကြပြီဖြစ်သည်။ ပြင်ပကမ္ဘာတွင်လည်း သူတို့ကိုသေဆုံးသွားခဲ့ပြီဟု သတ်မှတ်ထားကြလောက်ပြီပင်။
"ငါက ဖိန်လင်မြိုကရဲအရာရှိကြီးလင်းကုဝေပါ၊ ငါ မင်းတို့ကို ကယ်တင်ဖို့ ရောက်လာတာပါ၊ မင်းတို့ထဲမှာဖိန်လင်မြို့ကနေ ဖမ်းဆီးခေါ်ဆောင်ခြင်းခံထားရတဲ့သူများ ပါသလား”
လင်းကုဝေသည်လည်း ဒုက္ခသည်များအနားသို့တိုးကပ်သွားရင်း စာနာစိတ်အပြည့်ဖြင့် ကြင်နာစွာမေးမြန်းလိုက်၏။