အခန်း ၂၂၈
Vol. 23 Ch. 228
228
ထိုအခါ ကျောက်မီးသွေးတွင်းကျွန်များသည် အံ့ဩမှင်သက်စွာဖြင့် တစ်ဦးကိုတစ်ဦးလှမ်းကြည့်လိုက်ကြသည်။
သူတို့သည် အိမ်မက်များမက်နေသည့်အလားပင် ခံစားနေကြရရှာသည်။
ထိုလူများသည် တကယ်ရဲအရာရှိများဖြစ်နေသည်လား၊ သူတို့ကို ကယ်တင်ဖို့ တကယ်ရောက်လာကြသည်လား။ ထို့ပြင် ဖိန်လင်မြို့ဟူသောစကား....
ထိုကျွန်အလုပ်သမားအများစုမှာ ဖိန်လင်မြို့မှမဟုတ်ကြသဖြင့် သူတို့ကိုယ်တိုင် မည်သည့်နေရာသို့ရောက်ရှိနေသည်ကိုပင် ကောင်းကောင်းမသိရှိကြတော့ချေ။
သို့သော်လည်း ထိုလူအုပ်ကြီးထဲမှလူနှစ်ဦးမှာမူ တစ်ကိုယ်လုံးတဆတ်ဆတ်ခါ တုန်ရီလာခဲ့ကြပြီး သူတို့မျက်ဝန်းများထဲတွင် အတိုင်းအဆမရှိသောစိတ်လှုပ်ရှားမှုများပြည့်နှက်လာကာ မျက်ရည်များဝဲတက်လာခဲ့ကြတော့သည်။
"ဖိန် ဖိန်လင်မြို့လား”
“ကျောင်းတုန်ပြည်နယ်ထဲကမြို့ကို ပြောတာလား”
အလုပ်သမားတစ်ဦးက တုန်ရီနေသော လေသံဖြင့် ကပျာကယာလှမ်းမေးလိုက်သည်။ ထိုအခါ ချင်ရန်ခေါင်းညိတ်ပြလိုက်သည်။
"မှန်တယ် အတိအကျပဲ”
ထိုအခါမှသာ အလုပ်သမားနှစ်ဦးသည် လူအုပ်ထဲမှတိုးထွက်လာခဲ့ကြပြီး သူတို့မျက်ဝန်းများထဲတွင် ဝမ်းသာမျက်ရည်များ စီးကျလာခဲ့ကြတော့သည်။
"ကျွန်တော်တို့က ဖိန်လင်မြို့ကပါ၊ ဒါပေမဲ့ လွန်ခဲ့တဲ့ဆယ်စုနှစ်တွေတုန်းက ဒီနေရာကို အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရတာပါ၊ ဘယ်နှကြိမ်ပဲ ထွက်ပြေးဖို့ ကြိုးစားကြိုးစား လုံးဝမလွတ်မြောက်ခဲ့ပါဘူး၊ ကျွန်တော်တို့တွေရဲ့ဘဝမှာ မွေးရပ်မြေကဆွေမျိုးသားချင်းတွေကို ဘယ်တော့မှ ပြန်မတွေ့ရတော့ဘူးလို့ ထင်ထားခဲ့တာ"
ထိုသူသည် ဝမ်းနည်းစွာဖြင့် စတင်ငိုယိုကာ ပြောလေတော့သည်။လင်းကုဝေလည်း စိတ်မကောင်းစွာဖြင့်သက်ပြင်းတစ်ချက် ချလိုက်မိ၏။
"အားလုံးပဲ အပြင်ကို အမြန်ထွက်လာခဲ့ကြပါ၊ ဒီတရားမဝင်ကျောက်မီးသွေးတွင်းရဲ့ပိုင်ရှင် သူဌေးယုတ်ကို ကျွန်တော်တို့ အမိအရဖမ်းဆီးထားပြီးပါပြီ"
လင်းကုဝေ ထပ်မံပြောကြားလိုက်သည်။
ရဲအရာရှိများ၏စိတ်ရှည်သည်းခံစွာဖြင့် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးပေးမှုများ ပြုလုပ်ပေးပြီးနောက်တွင်တော့ ထိုကျွန်အလုပ်သမားများသည် အကျဉ်းထောင်ကြီးအတွင်းမှ တစ်ဦးပြီးတစ်ဦး တုန်တုန်ရီရီဖြင့် တစ်ဦးကို တစ်ဦး ဖေးမကာ လှမ်းထွက်လာခဲ့ကြတော့သည်။
သူတို့သည် ကနဦးပိုင်းက သံသယစိတ်များနှင့် ကြောက်ရွံ့မှုများရှိနေခဲ့ကြသော်လည်း ချင်ရန်နှင့် အခြားသူများသည် သူတို့ကို ရိုက်နှက်ခြင်း၊ ဆဲဆိုခြင်းများလုံးဝမပြုလုပ်ဘဲ ကြင်နာစွာဆက်ဆံသဖြင့် သူတို့အားလုံးမှာ တကယ့်ရဲအစစ်အမှန်များဖြစ်ကြောင်း ဖြည်းဖြည်းချင်း ခံစားသိရှိလာခဲ့ကြသည်။
အဘယ်ကြောင့်ဆိုသော် အတိတ်တုန်းက ထိုရက်စက်လှသော ကင်းစောင့်လူမိုက်များသည် မိမိတို့အလုပ်သမားများကို နာခံတတ်စေရန်အတွက် ရဲအယောင်ဆောင်ကာ အပြင်သို့ထွက်ခိုင်းလေ့ရှိပြီး ထွက်လာသောသူမှန်သမျှကို ရက်ရက်စက်စက်ဝိုင်းဝန်းရိုက်နှက်လေ့ရှိသောကြောင့်ဖြစ်သည်။
သို့သော်လည်း ယခုအခါတွင် အလုပ်သမားများသည် မိမိတို့သူဌေးကြီး လီဖြစ်သူအား လက်ထိပ်ခတ်လျက် ရာဇဝတ်ကောင်တစ်ဦးကဲ့သို့ ဖမ်းဆီးခေါ်ဆောင်လာသည်ကို ကောင်းကောင်းကြီး မြင်တွေ့လိုက်ရသည့်အခါမှသာ အခြေအနေအားလုံးကို အကြွင်းမဲ့ ယုံကြည်သွားခဲ့ကြတော့သည်။
အပြစ်မဲ့လူသားများကို တိရစ္ဆာန်ကဲ့သို့ သဘောထားကာ ရက်ရက်စက်စက် နှိပ်စက်ခဲ့သော ထိုမိစ္ဆာကောင်ကြီးသူဌေးလီသည် ယခုအခါအဖမ်းခံလိုက်ရပြီ ဖြစ်သည်။
ယခုအချိန်အထိပင် အလုပ်သမားများသည် ဤမြင်ကွင်းကိုအိမ်မက်တစ်ခုအလားခံစားနေရဆဲဖြစ်ပြီး တကယ့်ကိုမယုံနိုင်စရာ ဖြစ်နေခဲ့ကြသည်။ သူတို့စိတ်ကူးထဲတွင် အကြိမ်ပေါင်းထောင်သောင်းမက တမ်းတမျှော်လင့်ခဲ့ဖူးသော အဆိုပါမြင်ကွင်းသည် နှစ်ပေါင်းနှစ်ဆယ်ကျော်နောက်ကျပြီးမှသာ လက်တွေ့ ဖြစ်ပေါ်လာခဲ့ရတော့သည်။
ချင်ရန်သည် နီတာ့ပေါင်အားခေါ်ယူလိုက်ပြီး ဖိန်လင်မြို့မှထိုအလုပ်သမားနှစ်ဦးနှင့် တွေ့ဆုံပေးလိုက်သည်။
အံ့ဩစရာကောင်းလှသည်မှာ သူတို့သုံးဦးစလုံးမှာ အတိတ်တုန်းကအချင်းချင်း ကောင်းကောင်းသိကျွမ်းကြသော တစ်ရွာတည်းသားသူငယ်ချင်းများဖြစ်နေကြခြင်းပင်ဖြစ်သည်။ သူတို့သုံးဦးစလုံးသည် အချင်းချင်းဖက်လဲတကင်းဖက်ဆွဲကာ ဝမ်းသာဝမ်းနည်းမျက်ရည်များစီးကျလျက် အားရပါးရငိုကြွေးလိုက်ကြတော့သည်။ သူတို့ဖြတ်သန်းခဲ့ရသော ဒုက္ခများမှာ တကယ့်ကိုကြီးမားလွန်းလှပေသည်။
ဤမြင်ကွင်းကို စောင့်ကြည့်နေခဲ့သော လင်းကုဝေသည်လည်း စိတ်လှုပ်ရှားစွာဖြင့် အလွန်အမင်း စာနာမိသွားခဲ့ရသည်။
ထိုအခါမှသာ သူသည် ဒေသခံရဲစခန်းထံသို့ဖုန်းခေါ်ဆို၍ သတင်းပို့လိုက်တော့သည်။
အဘယ်ကြောင့်ဆိုသော် ဤအမှုကြီးမှာ အလွန်အမင်းကြီးမားကျယ်ပြန့်လှသဖြင့် ဒေသခံရဲဌာနအနေဖြင့်လည်း ချက်ချင်းပင် ရဲအရာရှိအမြောက်အမြားကို အရေးပေါ် စေလွှတ်ခဲ့တော့သည်။
ရဲချူပ်ကြီးရှီကျင်းစုန့်သည်လည်း ကြိုတင်၍ အထက်လူကြီးများနှင့် အဆင်ပြေအောင် ညှိနှိုင်းဆက်သွယ်ပေးထားခဲ့ပြီးဖြစ်သဖြင့် ဒေသခံရဲတပ်ဖွဲ့ဝင်များရောက်ရှိလာမှုမှာ အလွန်အမင်း မြန်ဆန်လှပေသည်။
ဒေသခံ ရဲအရာရှိများ ဤနေရာသို့ရောက်ရှိလာသည့်အခါ ဤမျှဆိုးရွားလှသော တရားမဝင်ကျောက်မီးသွေးတွင်းငရဲခန်းကြီးရှိနေသည်ကို မြင်တွေ့လိုက်ရသဖြင့် အလွန်အမင်း တုန်လှုပ်ခြောက်ခြားသွားခဲ့ကြရသည်။
သူတို့သည် မိမိတို့ရှီရှန်းပြည်နယ်အတွင်း၌ ဤမျှအထိယုတ်မာရက်စက်လှသော ဒုစရိုက်မှုများနှင့် အပြစ်မဲ့ကျွန်အလုပ်သမား အမြောက်အမြားကို ဖုံးကွယ်မွေးမြူထားလိမ့်မည်ဟု အိမ်မက်ပင် မက်ဖူးခြင်းမရှိကြချေ။
သူဌေးလီ၊ လျိုကျွမ်းရှီနှင့် အခြားသော လက်အောက်ခံလူမိုက်မှန်သမျှကို အကုန်လုံးကို ဒေသခံရဲတပ်ဖွဲ့မှ လက်ထိပ်ခတ်ကာ ဖမ်းဆီးထိန်းသိမ်းလိုက်ကြတော့သည်။
လင်းကုဝေနှင့် လာရောက်တွေ့ဆုံသောသူမှာ မြို့ပြရဲဗျူရို၏အကြီးအကဲဖြစ်ပြီး အဆင့်မြင့်အာဏာပိုင်တစ်ဦးလည်း ဖြစ်သည်။ ထိုသူ့မျက်နှာအမူအရာမှာမူ အလွန်အမင်းတည်ကြည်လေးနက်နေခဲ့ပြီး သူသည် လင်းကုဝေ၏လက်အား တင်းတင်းဆုပ်ကိုင်ကာ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်စကားဆိုလိုက်သည်။
"ဒီအမှုကြီးကို ဖော်ထုတ်ပေးပြီး ဒုက္ခရောက်နေတဲ့ အပြစ်မဲ့ပြည်သူအမြောက်အမြားကို ကယ်တင်ပေးခဲ့တဲ့အတွက် မင်းတို့အဖွဲ့ကို တကယ်လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်”
"ရှီရှန်းပြည်နယ်ရဲ့ပြည်သူလူထုအားလုံးကို ကိုယ်စားပြုပြီး မင်းတို့ကို အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားပါရစေ”
ထိုဗျူရိုအကြီးအကဲသည် လေးနက်တည်ကြည်စွာဖြင့် ဂါရဝပြုခေါင်းညိတ်ပြလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့မျက်ဝန်းများထဲ၌ ခိုင်မာပြက်သားလှသော အရောင်အဝါများဖြတ်သန်းသွားခဲ့သည်။
"ကျွန်တော် ဒီရာထူးနေရာကိုရောက်လာတာ တစ်နှစ်ကျော်လောက်ပဲရှိသေးတော့ ဒီဒေသရဲ့နောက်ကွယ်က အမှောင်ထုတွေကို အကုန်အစင်မသိရသေးဘူးဖြစ်နေတာ၊ ဒါပေမဲ့ ဒီနေ့ကစပြီး ကျွန်တော့်အနေနဲ့ အစွမ်းကုန်စုံစမ်းစစ်ဆေးသွားမှာပါ၊ ပြီးတော့ ကျွန်တော်တို့ရဲ့ရဲတပ်ဖွဲ့အတွင်းပိုင်းထဲမှာ ဒီဒုစရိုက်သမားတွေနဲ့ ပူးပေါင်းနေတဲ့သစ္စာဖောက်လောက်ကောင်တွေရှိနေသလားဆိုတာကို အမြစ်ပြတ် ဖော်ထုတ်သွားမှာပါ”
ခိုင်မာလှသော ထိုအကြီးအကဲ၏စကားကို လင်းကုဝေခေါင်းညိတ်ကာ ထောက်ခံလိုက်သည်။ ထို့နောက် လင်းကုဝေတို့သည် ရာဇဝတ်ကောင်များနှင့် အမှုတွဲများအားလုံးကို ဒေသခံရဲတပ်ဖွဲ့ထံသို့ စနစ်တကျလွှဲပြောင်းပေးအပ်လိုက်ကြသည်။
သို့သော်လည်း လင်းကုဝေနှင့်အခြားသူများသည် ဤဒေသမှချက်ချင်း ထွက်ခွာခြင်းမရှိသေးချေ။ လွန်ခဲ့သော နှစ်များဆီကဖိန်လင်မြို့မှ ပျောက်ဆုံးသွားခဲ့သော ပြည်သူလူထုအရေအတွက်ကို တွက်ချက်ကြည့်လိုက်လျှင် ဤဒေသရှိ အခြားသောတရားမဝင် ကျောက်မီးသွေးတွင်းများထဲ၌လည်း ထိုလူများသည် ဒုက္ခခံနေရဆဲဖြစ်နိုင်လောက်၏။
ယခု တရားမဝင်ကျောက်မီးသွေးတွင်းတစ်ခုကို ဖြိုခွင်းနိုင်ခဲ့ပြီဖြစ်သော်လည်း ဤတောင်တန်းထူထပ်သောဒေသ၌ အခြားသော ငရဲတွင်းများစွာလည်းရှိနေဦးမည်မှာ အသေအချာပင်ဖြစ်သည်။
ထို့ကြောင့် ဤနေရာတွင် တည်းခိုနေထိုင်စဉ်အတွင်း ချင်ရန်၊ လင်းကုဝေနှင့် အခြားသူများသည် စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်ခဲ့ကြသည်။
သူတို့မျှော်လင့်ထားသည့်အတိုင်းပင် နောက်ထပ်တရားမဝင်ကျောက်မီးသွေးတွင်းတစ်ခုကို ထပ်မံဖော်ထုတ်တွေ့ရှိခဲ့ပြန်သည်။ ဤစက်ရုံမှာ ယခင်စက်ရုံထက်ပင် ပိုမိုကြီးမားလှပြီး ဒုက္ခသည်ကျွန်ပေါင်း စုစုပေါင်းသုံးရာကျော်အထိ ရှိနေခဲ့သည်။
ထိုစက်ရုံ၏ပိုင်ရှင်မှာလည်း အလွန်အမင်းချမ်းသာကြွယ်ဝလှသောသူဖြစ်ပြီး ရှီရှန်းပြည်နယ်၏ အဆင့်၂၀ ဝင် အချမ်းသာဆုံးသူဌေးဖြစ်ရာ မြောက်မြားစွာသောပိုင်ဆိုင်မှုများလည်း ရှိနေခဲ့သည်။
ထိုသူဌေးကြီးသည် အစောပိုင်းကာလများတွင် တရားမဝင်ကျောက်မီးသွေးတွင်းများဖွင့်လှစ်ကာ စီးပွားရှာရင်းဖြင့် သူ့စီးပွားရေးများကို အခြေတည်လာခဲ့ခြင်းဖြစ်သည်။ ယခုအခါ အလွန်အမင်း ချမ်းသာကြွယ်ဝနေခဲ့ပြီဖြစ်သော်လည်း ဤတရားမဝင်ငရဲတွင်းလုပ်ငန်းကို မစွန့်လွှတ်နိုင်သေးဘဲ အပြစ်မဲ့ပြည်သူများကိုကျွန်ပြုကာ ဆက်လက်စီးပွားရှာနေခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း စိတ်မကောင်းစရာကောင်းလှသည်မှာ ချင်ရန်တို့သည် သူတို့တည်နေရာကို ဖော်ထုတ်လိုက်သည်နှင့် တပြိုင်နက် ထိုငရဲတွင်းကြီးတစ်ခုလုံးမှာလည်း တစ်ကွက်တည်းနှင့် အပြတ်အသတ် ပြာချဖြိုခွင်းခြင်းခံလိုက်ရတော့သည်။
ထိုတရားမဝင် ကျောက်မီးသွေးတွင်းပိုင်ရှင်သူဌေးကြီးမှာလည်း ချက်ချင်းပင် ဖမ်းဆီးခြင်းခံလိုက်ရပြီး ပတ်သက်ဆက်နွှယ်သူအားလုံးကို ဥပဒေအရ အရေးယူရန် ထိန်းသိမ်းလိုက်ကြတော့သည်။
ချင်ရန်နှင့် သူ့အဖွဲ့သားများသည် ဤဒေသ၌ စုစုပေါင်းလေးရက်တိုင်တိုင် တည်းခိုနေထိုင်ခဲ့ကြသည်။ ဤလေးရက်တာကာလအတွင်း သူတို့သည် ကွင်းဆက် ဒုစရိုက်မှုကြီးများကို အပြတ်အသတ် ဖော်ထုတ်နိုင်ခဲ့ကြပြီး တရားမဝင်ကျောက်မီးသွေးတွင်းများနှင့် လူမဆန်သောစက်ရုံအမြောက်အမြားကို ဖြိုခွင်းနိုင်ခဲ့ကြသည်။
ဤဖြစ်စဉ်များအတွင်း ကယ်တင်နိုင်ခဲ့သော ကျောက်မီးသွေးတွင်းကျွန် စုစုပေါင်းမှာ တစ်ထောင်ကျော်အထိရှိခဲ့ပြီး ပတ်သက်ဆက်နွှယ်နေသောသူဌေးကြီးအမြောက်အမြားကိုပါ ဖမ်းဆီးနိုင်ခဲ့သည်။
ချင်ရန်သည် ထူးခြားလှသော သူ့စိတ်အာရုံစွမ်းရည်များကို အသုံးချလျက် ဤကြီးမားလှသော ကွင်းဆက်အမှုကြီးများကို အလွန်ကိုလွယ်ကူချောမွေ့စွာဖြင့် တစ်ခုပြီးတစ်ခု ဖော်ထုတ်ပေးခဲ့ခြင်းဖြစ်ပေသည်။
ထို့အပြင် ချင်ရန်နှင့် သူ့အဖွဲ့သားများသည် မယုံနိုင်စရာကောင်းလောက်အောင် ထူးချွန်လှသည့်အရည်အချင်းများကြောင့် ဤကဲ့သို့သော ကြီးမားလှသည့် အမှုအခင်းလုပ်ငန်းပမာဏကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်သည်။
လေးရက်တာကာလ ကုန်လွန်သွားခဲ့ပြီးနောက်တွင်မူ စုံစမ်းစစ်ဆေးမှုလုပ်ငန်းအားလုံးကို အောင်မြင်စွာအဆုံးသတ်နိုင်ခဲ့သဖြင့် ချင်ရန်နှင့် အခြားသူများသည် အဆိုပါပြည်နယ်မှ ပြန်လည်ထွက်ခွာရန် ပြင်ဆင်ခဲ့ကြသည်။
သို့သော်လည်း သူတို့မထွက်ခွာမီအချိန်တွင် ရှီရှန်းပြည်နယ်ရဲတပ်ဖွဲ့၏ ညွှန်ကြားရေးမှူးချုပ်ကိုယ်တိုင် တကူးတကရောက်လာခဲ့ပြီး ချင်ရန်နှင့် အဖွဲ့သားများအား နှုတ်ဆက်ရန်အတွက် လာရောက်ခဲ့သည်။
ပြောရမည်ဆိုလျှင် ချင်ရန်နှင့်အခြားသူများရောက်ရှိလာခြင်းသည် မိမိတို့ပြည်နယ်အတွက် ဆယ်စုနှစ်ပေါင်းများစွာဖြေရှင်းနိုင်ခြင်းမရှိခဲ့သော သမိုင်းဝင် ကိစ္စရပ်ကြီးတစ်ခုကို အပြီးအပိုင် ရှင်းလင်းပေးခဲ့ခြင်းဖြစ်ပေသည်။
အတိတ်တုန်းက ရဲအင်အားမလုံလောက်မှု၊ တောင်တန်းထူထပ်နေသော မြေပြင်အနေအထားများကြောင့် ဤကဲ့သို့သော လျှို့ဝှက်ငရဲတွင်းများကို စုံစမ်းစစ်ဆေးရန်မှာ အလွန်အမင်းခက်ခဲခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် မိမိတို့၏အဓိကပြဿနာမှာ ပျောက်ဆုံးသွားခဲ့သော ပြည်သူအများစုကို သေဆုံးသွားခဲ့ပြီဟု ယူဆထားကြသဖြင့် မည်သူတစ်ဦးတစ်ယောက်မျှ လာရောက်တိုင်ကြားခြင်းမရှိကြချေ။
မည်သူမျှ လာရောက်တိုင်ကြားခြင်း (သို့မဟုတ်) အမှုလိုက်ခြင်းမရှိသဖြင့် ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုအရှိန်အဟုန်မှာလည်း သဘာဝအတိုင်းဖြည်းဖြည်းချင်းလျော့နည်းကာ ပျောက်ကွယ်သွားခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း ချင်ရန်တို့အဖွဲ့ ရောက်ရှိလာခဲ့ပြီးနောက်တွင်မူ ၎င်းသည်တရားမဝင် ကျောက်မီးသွေးတွင်း အမြောက်အမြားကို ဆက်တိုက်ဖြိုခွင်းပေးခဲ့ပြီး အပြစ်မဲ့ပြည်သူတစ်ထောင်ကျော်ကို အသက်ဘေးမှကယ်တင်ပေးခဲ့သည်။
အနာဂတ်နေ့ရက်များတွင် ရှီရှန်းပြည်နယ် အစိုးရအနေဖြင့် ဤသို့ကယ်တင်ခြင်းခံလိုက်ရသော ပြည်သူတစ်ထောင်ကျော်၏ နောက်ဆက်တွဲ လူမှုဘဝ ပြန်လည်ထူထောင်ရေးကိစ္စရပ်များအတွက် အလုပ်အမြောက်အမြားကို ဆက်လက်လုပ်ဆောင်ရဦးမည် ဖြစ်သည်။
ရှီရှန်းပြည်နယ် ညွှန်ကြားရေးမှူးချုပ်က လင်းကုဝေအားကြည့်ကာ လေးနက်တည်ကြည်စွာဖြင့် ပြောလေသည်။
"မင်းတို့ကို ကျွန်တော့်အနေနဲ့ တကယ့်ကိုပဲ အတိုင်းအဆမရှိလှိုက်လှိုက်လှဲလှဲနဲ့ တကယ့်ကို ကျေးဇူးတင်ပါတယ်”
လင်းကုဝေက အဆိုပါကျေးဇူးတင်ခြင်းကိုလက်ခံလိုက်ပြီးနောက် သူသည် ချင်ရန်ရှိရာဘက်သို့ မသိမသာလေးလှမ်းကြည့်လိုက်မိသည်။
အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သောရက်အနည်းငယ်အတွင်း၌ ချင်ရန်သည်အနံ့ခံအကောင်းဆုံးသော ကမ္ဘာ့အဆင့်မြင့်စူပါအမဲလိုက်ခွေးကြီးတစ်ကောင်အလား လှုပ်ရှားခဲ့ခြင်းဖြစ်ပြီး သူ့နောက်သို့ လိုက်ပါသွားရုံမျှဖြင့် ထိုလျှို့ဝှက်လှသော တရားမဝင်ကျောက်မီးသွေးတွင်းများကို အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်ခဲ့ခြင်းပင် ဖြစ်သည်။
သို့သော် ချင်ရန်အတွက်မူ ဤအရာအားလုံးမှာ ရဲအရာရှိတစ်ဦးအနေဖြင့် မိမိတာဝန်ကို ထမ်းဆောင်ခြင်းမျှသာ ဖြစ်ပေသည်။ ညွှန်ကြားရေးမှူးချုပ်က ဆက်လက်၍ တည်ငြိမ်စွာဖြင့်ပြောလာပြန်သည်။
"ဒီအောင်ပွဲက မင်းတို့အတွက်တော့ ကြီးမားတဲ့ဂုဏ်ယူစရာဖြစ်ပေမဲ့ ကျွန်တော်တို့ ရှီရှန်းပြည်နယ်ရဲတပ်ဖွဲ့တစ်ခုလုံးအတွက်တော့ တကယ့်ကိုအရှက်ရစရာ ဖြစ်ရပ်တစ်ခုပါပဲ”
"ကျွန်တော်တို့တွေရဲ့ ရဲတပ်ဖွဲ့အတွင်းပိုင်းကို ချက်ချင်းပဲအကြီးအကျယ်ပြုပြင်ပြောင်းလဲမှုတွေ စတင်လုပ်ဆောင်သွားမှာပါ၊ ဘာလို့ဆို ကျွန်တော်တို့လူတွေရဲ့ အမှုအခင်းဖြေရှင်းနိုင်စွမ်းက တကယ့်ကိုပဲညံ့ဖျင်းလွန်းနေလို့ပဲ"
ထိုအကြီးအကဲ၏မျက်နှာမှာ အနည်းငယ် ဖြူဖျော့ အရှက်ရနေခဲ့ရှာသည်။
အဘယ်ကြောင့်ဆိုသော် မိမိတို့သည် ဤအမှုဟောင်းများကို နှစ်ပေါင်းများစွာ စုံစမ်းစစ်ဆေးခဲ့ကြသော်လည်း မည်သည့်ရလဒ်မျှ ထွက်ပေါ်မလာခဲ့ဘဲ ယခုအခါ အခြားပြည်နယ်မှရဲအရာရှိအနည်းငယ်ရောက်ရှိလာရုံမျှဖြင့် ဤမျှကြီးမားလှသော အောင်မြင်မှုကို ရရှိသွားခဲ့ခြင်းဖြစ်ရာ မိမိတို့၏သိက္ခာနှင့် မာန်မာနများမှာ မြေခသွားခဲ့ရပြီမဟုတ်ပါလား။
ယင်းဖြစ်ရပ်မှာ မိမိတို့ရဲတပ်ဖွဲ့ဝင်များမှာ အသုံးမကျသူများဖြစ်ကြောင်း သက်သေပြလိုက်သကဲ့သို့ ဖြစ်နေခဲ့သည်။ ထို့ပြင် ဤအမှုကြီးမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အကြီးအကျယ် ဟိုးလေးတကျော်သွားခဲ့ပြီဖြစ်ရာ အထက်လူကြီးများနှင့် ဗဟိုအာဏာပိုင်များကပါ အခြေအနေကိုစိုးရိမ်တကြီး ဖြင့် စုံစမ်းစစ်ဆေးနေကြပြီဖြစ်သည်။
"မင်းတို့ရဲ့ စွမ်းဆောင်ရည် အကျိုးအမြတ်နဲ့ ပတ်သက်လို့တော့ ကျွန်တော်တို့ဘက်က လုံးဝလျှော့ပေါ့ပေးမှာ မဟုတ်ပါဘူး၊ စိတ်ချပါ ကျွန်တော်ကိုယ်တိုင်အထက်ဗဟိုအစိုးရဆီကို တိုက်ရိုက်တင်ပြပြီး မင်းတို့အတွက် အမြင့်ဆုံးဂုဏ်ပြုဆုတွေလျှောက်ထားပေးမှာပါ၊ ကျွန်တော်တို့ ရှီရှန်းပြည်နယ်အနေနဲ့ ဒီတရားမဝင်ကျောက်မီးသွေးတွင်းတွေကို နှိမ်နင်းရာမှာရရှိတဲ့ ဂုဏ်ပြုမှုမှန်သမျှကို တစ်ပြားသားမျှယူဆောင်မှာမဟုတ်ပါဘူး"
ရှီရှန်းပြည်နယ် ညွှန်ကြားရေးမှူးချုပ်က အခိုင်အမာ ကတိပြုပြောကြားလိုက်သည်။ ရှီရှန်းပြည်နယ် ရဲညွှန်ကြားရေးမှူးချုပ်ကိုယ်တိုင်သည် လင်းကုဝေတို့အဖွဲ့အား ဘူတာရုံအထိ လိုက်လံပို့ဆောင်ခဲ့ပြီး ချင်ရန်နှင့် အခြားသူများ ဖိန်လင်မြို့သို့ပြန်လည်ထွက်ခွာမည့်အမြန်ရထားကြီးပေါ်သို့ တက်လှမ်းသွားသည်အထိ စောင့်ကြည့်ကာ နှုတ်ဆက်ခဲ့ကြသည်။
အမြန်ရထားကြီးပေါ်တွင်မူ ချင်ရန်နှင့် အခြားသောရဲအရာရှိကြီးများအပြင် ဖိန်လင်မြို့၌အိမ်ထောင်စုစာရင်းမှတ်ပုံတင်ရှိထားကြသော ဒုက္ခသည်ပြည်သူကိုးဦးပါ အတူတကွလိုက်ပါလာခဲ့ကြသည်။
သူတို့သည် အတိတ်တုန်းက ဤဒေသသို့ လှည့်ဖြားခေါ်ဆောင်ခြင်းခံခဲ့ရသော ကျောက်မီးသွေးတွင်းကျွန်များဖြစ်ကြပြီး ယခုအခါ သူတို့မွေးရပ်ဌာနီသို့ပြန်လည်ခေါ်ဆောင်သွားရန် အကောင်းဆုံး အချိန်အခါသမယဖြစ်သည်။
ထိုအချိန်၌ ဤဒုက္ခသည်ကျွန်များ အားလုံးသည် ဝမ်းသာလွန်းလှသဖြင့် မျက်ရည်များ တဖြိုင်ဖြိုင်စီးကျနေခဲ့ကြရရှာသည်။ နှစ်ပေါင်းနှစ်ဆယ်ကျော်အောင် ကြီးမားလှသော ဒုက္ခငရဲခန်းကြီးကို ဖြတ်သန်းပြီးနောက် ယခုအခါ မိမိတို့သည် နောက်ဆုံးတော့ မိမိတို့အိမ်သို့ ပြန်လည်ရောက်ရှိနိုင်ခဲ့ကြပြီဖြစ်သည်။