← Chapters

အခန်း ၂၃၁

Vol. 24 Ch. 231

အခန်း ၂၃၁

Vol. 24 Ch. 231

231

"ကယ်ကြပါဦး ကယ်ကြပါဦး”

စူးရှတုန်ရီနေသော အမျိုးသမီးတစ်ဦး၏ အော်ဟစ်သံကြီးတစ်ခုသည် ရုတ်တရက်ကြီးထွက်ပေါ်လာခဲ့ရာ ဘူတာရုံအတွင်းရှိ ခရီးသွားပြည်သူ အမြောက်အမြားမှာ ထိုအသံလာရာဘက်သို့ ချက်ချင်းပင် ဝိုင်းဝန်းကြည့်ရှုလိုက်ကြတော့သည်။

ချင်ရန်လည်း မျက်မှောင်တစ်ချက် ကြုတ်လိုက်မိပြီး ထိုအော်သံထွက်ပေါ်ရာ နေရာဆီသို့ တန်းဦးတည်ခဲ့သည်။

ထိုအချိန်၌ အမျိုးသမီးငယ်တစ်ဦးသည် အမျိုးသားနှစ်ဦး၏အတင်းအဓမ္မဆွဲခေါ်ခြင်းကို ခံနေရပြီး သူတို့သည် ထိုမိန်းကလေးအား တစ်နေရာရာသို့အလိုမတူပဲခေါ်ဆောင်သွားရန် ကြိုးစားနေကြပုံရသည်။

ထိုအမျိုးသားနှစ်ဦး၏မျက်နှာအမူအရာမှာ အလွန်အမင်းတည်ကြည်လေးနက်နေကြပြီး ကြည့်ရသည်မှာ လူဆိုးများနှင့် လုံးဝမတူချေ။ ဆွဲခေါ်ခြင်းခံနေရသော မိန်းကလေးမှာမူ အသက် ၂၀ကျော်အရွယ်ခန့်သာရှိသေးပြီး တက္ကသိုလ်မှ ဘွဲ့ရခါစမိန်းကလေးငယ်တစ်ဦးနှင့်ပင် ပိုတူလှသည်။

ချင်ရန် ထိုနေရာသို့ရောက်ရှိသွားသည့်အခါတွင်မူ အချင်းချင်းလုံးထွေးသတ်ပုတ်ကာ ဆွဲခေါ်နေကြသော ထိုသူများကိုကြည့်ရှုရင်း မျက်မှောင်ကြုတ်သွားမိ၏။

ထိုအချိန်တွင် သူ့ဦးနှောက်ထဲရှိ ‘’ရာဇဝတ်ကောင်ရှာဖွေရေးရေဒါ’မှ ချက်ချင်းပင်ပြင်းထန်သော သတိပေးချက်တစ်ရပ်အား ထုတ်ပြန်လိုက်တော့သည်။

"ဒင်! B-အဆင့်ရှိ ရာဇဝတ်ကောင်နှစ်ဦးကို ရှာဖွေတွေ့ရှိရပါသဖြင့် ပိုင်ရှင်ထံသို့ တည်နေရာလမ်းညွှန်ချက်များ ပေးအပ်လိုက်ပါပြီ”

ထိုအခါ ချင်ရန့်စိတ်အာရုံများမှာ အတော်လေးကိုလှုပ်ခတ်သွားခဲ့ရပြီး ထိုအမျိုးသားနှစ်ဦးအား စေ့စေ့စပ်စပ် လေ့လာအကဲခက်ကာ စိုက်ကြည့်လိုက်သည်။

ဤလူနှစ်ဦးမှာ စနစ်မှသတ်မှတ်ပေးလိုက်သော B-အဆင့်ရှိ ရာဇဝတ်ကောင်အစစ်အမှန်များဖြစ်နေကြခြင်းပင်။

‘ဒီနှစ်ကောင် အခုဘာလုပ်ဖို့ကြိုးစားနေကြတာလဲ၊ ဘာဖြစ်လို့ အပြစ်မဲ့ အမျိုးသမီးငယ်တစ်ယောက်ကို အတင်းအဓမ္မ လိုက်ဆွဲနေကြရတာလဲ'

ထိုအခိုက်တန့်တွင် အမျိုးသားနှစ်ယောက်၏အတင်းဆွဲခေါ်ခြင်းခံနေရသော အမျိုးသမီးငယ်လေးက အသည်းအသန်အော်ဟစ်နေ၏။

"ကျွန်မ သူတို့နှစ်ယောက်လုံးကို လုံးဝမသိပါဘူးရှင် ကယ်ကြပါဦး ကယ်ကြပါဦး”

ထိုအခါ အမျိုးသားနှစ်ဦးကလည်း ဒေါသတကြီးဖြင့် ပြန်လည်အော်ဟစ်လာကြသည်။

“မင်းက ငါတို့ကို မသိဘူးဟုတ်လား”

"ဒီမှာ ကျားကျားဆိုတဲ့မိန်းကလေး၊ မင်းက နွေဦးခရီးသွားရာသီရဲ့လူစည်ကားမှုကို အခွင့်ကောင်းယူပြီး သူများပစ္စည်းကို ခိုးခဲ့တာမဟုတ်ဘူးလား”

"မင်း ခိုးသွားတာက ဟိုအဘွားသေလုအောင် အပင်ပန်းခံရှာဖွေထားတဲ့ ငွေသား စုစုပေါင်းယွမ်ထောင်နဲ့ချီတဲ့ ပိုက်ဆံတွေကွ”

"လာစမ်းပါ ငါတို့နဲ့အတူရဲစခန်းကို အခုချက်ချင်းလိုက်ခဲ့တော့၊ ဒါမှ မင်းခိုးတယ် မခိုးဘူးဆိုတာကို သိလိမ့်မယ်”

ထိုသူများ၏ပြောဆိုနေပုံမှာ အလွန်အမင်းကို ရဲတင်းလှပေသည်။ ချင်ရန်မျက်မှောင်ကြုတ်လိုက်မိ၏။

'စောစောက ဒီလူနှစ်ယောက် ဘာပြောလိုက်တယ်၊ ရဲစခန်းကို သွားမယ်ဟုတ်လား'

ထိုလူနှစ်ယောက်သည် သူတို့ကိုယ်တိုင် ရဲအရာရှိကြီးများအလား အပိုအလိုမရှိ သရုပ်‌ဆောင်နေမှုသည်မှာ မသိလျှင်တစ်ကယ့်ရဲအစစ်များလားဟုတောင် ထင်မှတ်ရနိုင်၏။

စိတ်ဝင်စားဖို့တော့ ကောင်းလှပေသည်။

တကယ့်ရဲအစစ်အမှန်ဖြစ်သော ချင်ရန်သည် ယခုအခါတွင် ဤနေရာရှိ ရဲအတုနှစ်ကောင်နှင့် လက်ပူးလက်ကြပ် ပက်ပင်းတိုးနေခဲ့ပြီပင်။

ထိုလူနှစ်ဦးသည် ရဲအရာရှိအယောင်ဆောင်ကာ မိန်းကလေးကို အတင်းအဓမ္မဆွဲခေါ်နေကြခြင်းဖြစ်ရာ သူတို့သည် ရည်ရွယ်ချက်ကောင်းများရှိနေကြသည်မှာ လုံးဝမဖြစ်နိုင်ချေ။

"ကျွန်မ မခိုးပါဘူး၊ တကယ်ပါ ကျွန်မ ဘာမှမလုပ်ရပါဘူး၊ ကျွန်မ ဘာပစ္စည်းမှ မခိုးခဲ့ပါဘူး"

အမျိုးသမီးငယ်လေးက တုန်ရီနေသောလေသံဖြင့် အသည်းအသန်ငြင်းဆန်ကာ မိမိကိုယ်ကိုကာကွယ်ပြောဆိုနေရှာသည်။

သို့သော်လည်း ထိုအချိန်တွင် အသက် ၆၀ခန့်အရွယ်ရှိအဖွားအိုတစ်ဦးသည် လူအုပ်ထဲမှ ထွက်လာခဲ့ပြီး မျက်ရည်များ တဖြိုင်ဖြိုင်စီးကျလျက် တကယ့်ကို ပီပြင်လှသောသရုပ်ဆောင်ချက်များနှင့် ငိုယိုကာ လူအများအားတိုင်တည်တော့သည်။

"ငါက အသက်ကြီးကြီးမိန်းမအိုကြီးတစ်ယောက်ပါသမီးရယ်၊ ဘာဖြစ်လို့ ငါ့ပစ္စည်းတွေကို ရက်ရက်စက်စက်ခိုးယူရက်ရတာလဲ၊ တကယ်လို့ ဒီအရာရှိကြီးနှစ်ဦးသာမရှိရင် ငါ့မှာနှစ်သစ်ကူးဖို့အတွက် ပိုက်ဆံတစ်ပြားမှရှိတော့မှာ မဟုတ်ဘူး၊ ပြီးတော့ ငါ့အိမ်ကိုတောင် ပြန်နိုင်တော့မှာ မဟုတ်ပါဘူး"

ထိုအဖွားအို၏သနားစဖွယ် ငိုယိုပြောနေသည့်ပုံမှာ တကယ့်ကိုအစစ်အမှန်အလားဟုပင် ထင်မှတ်ရ‌လောက်ပေသည်။ သူတို့ ဘေးပတ်ဝန်းကျင်မှ ဝိုင်းဝန်းကြည့်ရှုနေကြသောခရီးသည်များသည်လည်း သူတို့အချင်းချင်း လက်ညှိုးထိုးကာ တီးတိုးပြောဆိုလာကြသည်။

ထိုအဖွားအို၏ငိုယိုမှုမှာ အတုအယောင် မဟုတ်ပုံရသလို ရဲအရာရှိနှစ်ဦး၏ အပြုအမူမှာလည်း တကယ့်ရဲအစစ်များအတိုင်းပင်ဖြစ်ပေသည်။

ချင်ရန်သည်လည်း ဘေးဘက်မှနေ၍ အခြေအနေတစ်ခုလုံးကို အသေအချာ စောင့်ကြည့်လေ့လာလိုက်ပြီးနောက်တွင်မူ သူသည်နောက်ကွယ်က အမှန်တရားကို ကောင်းကောင်းကြီး သဘောပေါက်သွားခဲ့တော့သည်။

ထိုအဖွားအိုကြီးသည် သက်လက်ပိုင်းအရွယ်အမျိုးသားနှစ်ဦးနှင့် ကြံရာပါတစ်ဖွဲ့တည်း ဆက်စပ်နေခြင်းဖြစ်သည်။

"ကျွန်မမှာ တကယ်အပြစ်မရှိပါဘူး၊ ကျွန်မကို မတရားအကွက်ဆင်ပြီး စွပ်စွဲနေကြတာပါ၊ တကယ်ပါ အရာရှိကြီးတို့ရယ် ကျွန်မကိုယုံပေးကြပါ”

အမျိုးသမီးငယ်လေးမှာ စိုးရိမ်တကြီးဖြင့် အော်ဟစ်ကာငိုယိုနေရှာသည်။

ယခုအချိန်အထိ ထိုမိန်းကလေးငယ်ကိုယ်တိုင်ကပင် အဆိုပါအမျိုးသားနှစ်ဦးအား ရဲအစစ်များဟုပင်ထင်မှတ်နေခဲ့ရှာသည်။ ပြဿနာ၏တကယ့်အဓိကဇစ်မြစ်မှာ ထိုအဖွားအို၏မတရားစွပ်စွဲမှုကြောင့်ဟု သူမယူဆနေခဲ့ခြင်းဖြစ်သည်။

"မင်း အပြစ်ရှိမရှိဆိုတာကိုတော့ ငါတို့နဲ့အတူ ရဲစခန်းကိုလိုက်ခဲ့ပြီးမှပဲ အသေအချာ စုံစမ်းစစ်ဆေးမှုခံယူပြီးမှ သိလိမ့်မယ်”

သက်လက်ပိုင်းအမျိုးသားတစ်ဦးက အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။ အမျိုးသမီးငယ်လေးမှာမူ အလွန်တရာကြောက်လန့်ကာ စိုးရိမ်သောကရောက်နေရသဖြင့် မျက်ရည်များမှာ တဖြိုင်ဖြိုင်စီးကျကာ နောက်ဆုံးတွင်တော့ သူမသည် အခြားရွေးချယ်စရာမရှိတော့သဖြင့် အလျှော့ပေးလိုက်ရရှာ၏။

"ကျွန်မမှာ တကယ့်ကိုအပြစ်မရှိပါဘူး၊ ကောင်းပါပြီ ကောင်းပါပြီ၊ ကျွန်မ ရှင်တို့နဲ့အတူ ရဲစခန်းကိုလိုက်ခဲ့ပါ့မယ် ဟုတ်ပြီလား”

မိန်းကလေးငယ်လေးသည် ခေါင်းငုံ့၍သဘောတူလိုက်ရာ ထိုအခါတွင် အမျိုးသားနှစ်ဦး၏မျက်ဝန်းများထဲတွင် အောင်နိုင်သူအလား ကောက်ကျစ်လှသောအပြုံးရိပ်များ ဖြတ်သန်းသွားခဲ့တော့သည်။

'သရုပ်ဆောင်မှုကတော့ ကွက်တိပဲ’

ထိုမိန်းကလေးသည် မိမိတို့နှင့်အတူ လိုက်ပါရန်သဘောတူလိုက်ပြီဖြစ်ရာ ဘူတာရုံကြီး၏အပြင်ဘက်သို့ ရောက်သည်နှင့်တပြိုင်တည်း မိမိတို့သည် ထိုမိန်းကလေးအား ဆေးခတ်ကာ သတိမေ့သွားအောင်ပြုလုပ်ကြတော့မည်ဖြစ်သည်။

မိမိတို့၏အပေါင်းအပါသူငယ်ချင်းများမှာလည်း ဘူတာရုံပြင်ပတွင် ကားဖြင့် ကြိုတင်စောင့်ဆိုင်းနေကြပြီဖြစ်သဖြင့် ကားပေါ်သို့ တင်ခေါ်သွားပြီးသည်နှင့် တပြိုင်နက် မည်သည့်သဲလွန်စမျှမချန်ဘဲ ဤဒေသမှ ပျောက်ကွယ်သွားနိုင်မည် ဖြစ်သည်။

သူတို့သည် သာမန်ခိုးယူကြသူများ မဟုတ်ကြပဲ အမျိုးသမီးများနှင့် ကလေးသူငယ်များကို အဓိကထားပြန်ပေးဆွဲကာ နယ်စပ်ဖြတ်ကျော်၍ပြည်ပနိုင်ငံများသို့ မြင့်မားလှသောငွေများဖြင့် ရောင်းစားတတ်သော'လူမှောင်ခိုဂိုဏ်း'တစ်ခုပင်ဖြစ်သည်။

သူတို့သည် အသက် ၅ နှစ် သို့မဟုတ် ၆ နှစ်အရွယ် ကလေးငယ်များနှင့် အသက် ၂၀ကျော်အရွယ်ရှိဝေဖန်ပိုင်းခြားနိုင်စွမ်း အားနည်းသေးသော တက္ကသိုလ်ကျောင်းသူငယ်လေးများကို အဓိကပစ်မှတ်ထား၍ လှည့်ဖြားဖမ်းဆီးလေ့ရှိကြသည်။

ထိုသက်လက်ပိုင်းအမျိုးသားနှစ်ဦးသည် အမျိုးသမီးငယ်လေးအား ဘူတာရုံအပြင်ဘက်သို့ခေါ်ဆောင်သွားရန် ပြင်ဆင်လိုက်ကြသော်လည်း လူငယ်တစ်ဦးက သူတို့ရှေ့၌ တည်ငြိမ်စွာဖြင့် ပိတ်ဆို့ကာ ရပ်တန့်‌စေလိုက်၏။

ထိုအခါ အသက်လတ်ပိုင်းအမျိုးသားနှစ်ဦး ချက်ချင်းပင် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်ကြ၏။

“မင်း ဒါဘာလုပ်တာလဲ၊ ရဲတွေအမှုကိစ္စ ဆောင်ရွက်နေတာကွ၊ ငါတို့အရှေ့ကနေ အမြန်ဖယ်စမ်း”

"ဟုတ်တယ် လမ်းအမြန်ဖယ်စမ်း၊ ငါတို့ရဲ့ လုပ်ငန်းတာဝန်တွေကို လာပြီးမနှောင့်ယှက်နဲ့”

ထိုလူနှစ်ဦးစလုံးက ချင်ရန်ကို ငေါက်ငမ်းလိုက်ကြသည်။ ချင်ရန်ကမူ ခပ်ဖွဖွပြုံးလိုက်မိသည်။ ဤဒုစရိုက်သမားနှစ်ဦး၏ သရုပ်ဆောင်ချက်မှာ တကယ့်ကို ပီပြင်လွန်းလှပေသည်။ သူတို့ကိုယ်တိုင်ကိုက တကယ့်ရဲအစစ်များဟု စိတ်ကူးယဉ်နေကြခြင်းဖြစ်နေနိုင်မလား။

ချင်ရန်သည် ထိုမိန်းကလေးငယ်အား လှည့်ကြည့်လိုက်၏။

"ညီမလေး သူတို့စကားကို လုံးဝမယုံနဲ့၊ သူတို့က ရဲတွေမဟုတ်ဘူး၊ အစ်ကိုရဲ့စုံစမ်းစစ်ဆေးချက်အရ သူတို့တွေက အမျိုးသမီးတွေကို ပြန်ပေးဆွဲပြီးရောင်းစားကြတဲ့ လူမှောင်ခိုဂိုဏ်းဝင်တွေပဲ ဖြစ်ရမယ်"

ချင်ရန် အေးဆေးပင်ပြောလိုက်သည်။ ထိုစကားကိုကြားလိုက်ရသည့်အခါ အမျိုးသားနှစ်ဦး၏မျက်နှာအမူအရာများမှာ ချက်ချင်းပင်ပျက်ယွင်းသွားခဲ့ရတော့သည်။

အမျိုးသမီးငယ်လေးသည်လည်း သူမစိတ်ထဲသံသယစိတ်များ ချက်ချင်းဝင်ရောက်လာခဲ့သည်။ ထိုအချိန်တွင်

ထိုလူနှစ်ယောက်ထဲမှတစ်ဦးက ဇွတ်အတင်း အော်ဟစ်ဟန့်တားလာသည်။

"ငါတို့က တကယ့်ရဲတွေကွ၊ မင်းက ငါတို့ကို မတရားစွပ်စွဲပြီး ငါတို့ရဲ့အမှုစစ်ဆေးမှုကို လာပြီးနှောင့်ယှက်နေတာလား”

ချင်ရန် မျက်နှာအမူအရာမရှိဘဲ တည်ငြိမ်စွာပြောလိုက်သည်။

“ငါကမှ တကယ့်ရဲအစစ်အမှန်ပဲ၊ မင်းတို့ လူမှောင်ခိုသမားနှစ်ကောင် ဘယ်ကနေ ရောက်လာကြတာလဲ၊ နေ့ခင်းကြောင်တောင်ကြီးမှာ အပြစ်မဲ့ မိန်းကလေးတွေကို ပြန်ပေးဆွဲဖို့ကြံစည်နေကြတာလား၊ မင်းတို့တွေကတော့ တကယ့်ကို သေဒဏ်နဲ့ထိုက်တန်တဲ့ကောင်တွေပဲ"

ချင်ရန် အေးစက်စွာဖြင့်စကားကို တစ်လုံးချင်း ပြောလိုက်သည်။ ဤမျှပြတ်သားလှသောစကားကို ကြားလိုက်ရသည့်အခါ ထိုလူနှစ်ဦး၏မျက်နှာများမှာ သွေးဆုတ်ကာ ဖြူလျော်သွားခဲ့ရတော့သည်။

‘သွားပြီ သွားပြီ၊ ငါတို့တွေ တကယ့်ရဲအစစ်နဲ့ တည့်တည့်တိုးမိသွားပြီ’

"မင်းက ရဲဟုတ်လား၊ ကြည့်ရတာ ရဲနဲ့လည်း လုံးဝမတူပါဘူး”

"တကယ်လို့ မင်းက ရဲအရာရှိဖြစ်နေရင်တောင် ငါတို့ရဲ့အလုပ်ကို လာမနှောင့်ယှက်နဲ့၊ ငါတို့လည်း ရဲတွေပဲ၊ ဒီမိန်းကလေးကို ဆက်စစ်ဆေးဖို့ ရဲစခန်းကို ခေါ်သွားရမှာမလို့ လမ်းဖယ်ပေးစမ်း"

အခြားတစ်ဦးက မျက်လုံးဇွတ်မှိတ်၍ လိမ်လည်ပြောဆိုနေခဲ့၏။ ထိုအခါ

ချင်ရန်လည်း စိတ်အနှောင့်အယှက်ဖြစ်သွားခဲ့ရသည်။

"မင်းတို့ရဲ့အလိမ်အညာစကားတွေကို အများကြီးပြောနေတာ တော်လောက်ပြီပေါ့”

ထို့နောက် ချင်ရန်သည် သူ့လက်များကို ဖြတ်ကနဲလှုပ်ရှားလိုက်ပြီး တပြိုင်တည်း လက်ထဲ၌ ငွေရောင်လက်ထိပ်နှစ်ခုလုံးမှာ ဂျောက်ခနဲဆိုသည့်အသံနှင့်အတူ အဆင်သင့် ပေါ်ပေါက်လာခဲ့တော့သည်။

ထိုအခါ အဆိုပါလူနှစ်ဦးသည်အ‌ခြေအနေမဟန်တော့ဘူးဆိုသည်ကို သိလိုက်ရသည်နှင့် တစ်ပြိုင်နက်

မျက်နှာများတင်းမာသွားခဲ့ရပြီး အနောက်သို့လှမ်း၍ ပြန်လည်ဆုတ်ခွာရန် ပြင်ဆင်လိုက်ကြသည်။

"မင်းတို့ လူမှောင်ခိုသမားနှစ်ကောင် ဘာဖြစ်လို့ ရဲအယောင်ဆောင်ပြီး လိမ်လည်နေကြတာလဲ”

"သွားပြီ အမြန်ပြေးကြစို့၊ ဒီမှာအချိန်ဆက်ဆွဲနေရင် အခြားရဲတွေထပ်ရောက်လာလိမ့်မယ်"

ထိုလူနှစ်ဦးသည် အချင်းချင်းအကြည့်များ ဖလှယ်လိုက်ကြပြီးနောက် ချက်ချင်းပင် ထိုမိန်းကလေးငယ်အား လွှတ်ပေးလိုက်ကာ လမ်းခွဲ၍မတူညီသော လမ်းကြောင်းများအတိုင်း အသည်းအသန်ထွက်ပြေးကြတော့သည်။

ချင်ရန်ကမူ ခပ်ဖွဖွပြုံးလိုက်မိ၏။၊ ထို့နောက် သူ့လှုပ်ရှားမှုအရှိန်အဟုန်မှာ လျှပ်စီးလက်သွားသည့်အလား မြန်ဆန်လွန်းလှသဖြင့် နောက်တစ်စက္ကန့်အတွင်းမှာပင် ထွက်ပြေးနေသောလူတစ်ဦး၏အနောက်သို့ ရောက်ရှိသွားခဲ့သည်။

ထိုမှတစ်ဆင့် ထိုသူ့ခြေထောက်ကို အနောက်မှကန်ချလိုက်ပြီး မြေပြင်ပေါ်သို့ မှောက်လျက်လဲကျသွားစေပြီးနောက် သူသည် လက်ထိပ်ကိုထုတ်ကာချက်ချင်း ခတ်လိုက်တော့သည်။

ထို့နောက် သူသည်အခြားတစ်ဖက်သို့ ထွက်ပြေးနေသော နောက်ထပ်လူတစ်ဦးအနောက်သို့ စက္ကန့်ပိုင်းအတွင်း အမီလိုက်ကာ ထိုသူ့ကိုပါ မြေပြင်ပေါ်သို့ အရှိန်ဖြင့် ကန်ချလိုက်ပြီး လက်ထိပ်ကို စနစ်တကျ ခတ်ပစ်လိုက်ပြန်သည်။

ဤလူနှစ်ဦးကို ဖမ်းဆီးနှိမ်နင်းရသည်မှာ ချင်ရန်အတွက်မူ ကလေးကစားစရာမျှသာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဘူတာရုံအတွင်း၌ လူများပြည့်နှက်နေသဖြင့် သူတို့အနေဖြင့် မည်သို့မျှ လွတ်မြောက်အောင် ထွက်ပြေးနိုင်ခြင်းမရှိသောကြောင့်ဖြစ်သည်။

"မင်းတို့နှစ်ယောက် ငါနဲ့အတူ အေးအေးဆေးဆေးလိုက်ခဲ့တော့”

ချင်ရန် တည်ငြိမ်စွာပြောလိုက်သည်။

အမျိုးသမီးငယ်လေးမှာ ထိုအမျိုးသားနှစ်ဦးအသည်းအသန် ထွက်ပြေးသွားကြသည်ကိုမြင်တွေ့လိုက်ရသည့် အခိုက်အတန့်မှသာ အခြေအနေအားလုံးကို ကောင်းကောင်းကြီးသဘောပေါက်သွားခဲ့ရှာတော့သည်။

အကယ်၍ သူတို့သာ ရဲအစစ်များဖြစ်‌နေကြပါက အဘယ်ကြောင့် အထိတ်တလန့်ဖြင့် ထွက်ပြေးကြပါမည်နည်း။ ကြည့်ရသည်မှာ သူတို့အားလုံးသည် ရက်စက်လှသောလူမှောင်ခိုသမားများသာဖြစ်နိုင်ပေ၏။

ထိုအခါ အမျိုးသမီးငယ်လေးသည် ကြောက်ရွံ့တုန်ရီသွားခဲ့ရရှာ၏။ ယခုလို ခေတ်တွင် လူမှောင်ခိုသမားများသည် ဤမျှအထိရက်စက်လှသောနည်းလမ်းများကို အသုံးချကာ ရဲအရာရှိများအဖြစ်ပင် ဟန်ဆောင်ဝံ့ကြလိမ့်မည်ဟု သူမ လုံးဝမထင်မှတ်ထားခဲ့ချေ။

‘ဒါဆိုရင်... ခုနကငိုပြနေတဲ့ အဖွားကြီးက သူတို့နဲ့ တစ်ဖွဲ့တည်းပဲပေါ့'

ချင်ရန်သည် ထိုလူမှောင်ခိုသမားနှစ်ဦးအား ဖမ်းဆီးခေါ်ဆောင်လာခဲ့ပြီးနောက် အနောက်မှလိုက်ပါလာသော လုပ်ဖော်ကိုင်ဖက်များထံသို့ ဥပဒေအရ ဆက်လက်အရေးယူရန် လွှဲပြောင်းပေးအပ်လိုက်သည်။

ထို့ပြင် ဘူတာရုံအပြင်ဘက်တွင်လည်း သူတို့၏ကြံရာပါအဖွဲ့ဝင်များရှိနေနိုင်သဖြင့် ထိုအဖွဲ့ကိုပါ အမြစ်ပြတ်စုံစမ်းစစ်ဆေးရန် ရဲများကို သတိပေးလိုက်သေးသည်။

ထိုလူမှောင်ခိုသမားများကို ပို့ဆောင်ပြီးနောက်တွင်တော့ အမျိုးသမီးငယ်လေးသည် ဝမ်းသာလွန်း၍ မျက်ရည်များစီးကျလာခဲ့ရပြီး ချင်ရန်အားအကြိမ်ကြိမ်အခါခါ လှိုက်လှိုက်လှဲလှဲကျေးဇူးတင်စကားပြောနေ၏။

ချင်ရန်ကမူ လက်ကိုခါယမ်းပြလိုက်ရင်း နောင်အနာဂတ်တွင် ခရီးသွားလာသည့်အခါ ဤကဲ့သို့သောလူစိမ်းများ၏စကားကို အလွယ်တကူမယုံကြည်ရန်နှင့် အစဉ်အမြဲသတိရှိကြရန် နွေးထွေးစွာသတိပေးနှိုးဆော်လိုက်သည်။

မိန်းကလေးမှာလည်း ဤမျှကြီးမားလှသောသင်ခန်းစာကို ရရှိသွားခဲ့ပြီဖြစ်သဖြင့် သူမသည် စိတ်ချရသောအနေအထားသို့ ရောက်ရှိသွားခဲ့ပြီး ပတ်ဝန်းကျင်ကို သေသေချာချာ သတိထားလျက် ဘူတာရုံအတွင်းသို့ မြန်မြန်ဆန်ဆန်ဝင်သွားခဲ့တော့သည်။

ချင်ရန်မှာမူ သူရောက်ရှိလာခဲ့သော လမ်းကြောင်းအတိုင်း အနောက်သို့ ပြန်လှည့်ပတ်ထွက်လာခဲ့ပြီး စောစောကမတရားသောနည်းလမ်းဖြင့် သရုပ်ဆောင်ကာ မျက်ရည်ချူ၍ စွပ်စွဲချက်များပြုလုပ်ခဲ့သည့် အဆိုပါအဖွားအိုကြီးအား ရှာဖွေလိုက်တော့သည်။

ဤအဖွားအိုသည် ထိုလူမှောင်ခိုဂိုဏ်း၏အဓိကအဖွဲ့ဝင် မဟုတ်စေဦးတော့ သူမသည် ငွေကြေးအနည်းငယ်ရရှိရန်အတွက် ဒုစရိုက်သမားများနှင့် ပူးပေါင်းကာ အပြစ်မဲ့ပြည်သူများကိုမတရားသက်သက် အမှုဆင်စွပ်စွဲပေးခဲ့ခြင်းဖြစ်ပေသည်။

ဤကဲ့သို့သော သက်ကြီးရွယ်အိုအချို့မှာ ငွေကြေးအပေါ်တွင် မက်မောလွန်းလှသဖြင့် မည်သည့်ကိုယ်ကျင့်တရားနှင့် လူမှုရေးစံနှုန်းများမျှ လုံးဝမရှိကြရှာချေ။

ချင်ရန် ထိုအဖွားအိုကြီးရှေ့မှောက်သို့ ရုတ်တရက် ရောက်ရှိသွားသည့်အခါတွင် ထိုအဖွားအိုသည် ကြောက်လန့်လွန်းသဖြင့် တစ်ကိုယ်လုံးတုန်ရီသွားခဲ့ရရှာသည်။

ထိုအခါ ချင်ရန်က သူမအားအေးစက်စွာ စိုက်ကြည့်လိုက်၏။

"အဖွားကြီး ငွေမျက်နှာတစ်ခုတည်းနဲ့ ဒုစရိုက်သမားတွေဘက်ကနေ မတရားသဖြင့် သရုပ်ဆောင်စွပ်စွဲပေးခဲ့တယ်‌နော်၊ ဒါဆို အခုချက်ချင်းပဲ ငါတို့နဲ့အတူ ရဲစခန်းကိုလိုက်ခဲ့တော့”

ဤသို့ဖြင့် ချင်ရန်သည် သရုပ်ဆောင် ကောင်းမွန်လှသော ထိုအဖွားအိုကြီးအား ဘူတာရုံအတွင်းရှိ ယာယီထိန်းသိမ်း‌ရေး

စခန်းထံသို့ တိုက်ရိုက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့တော့၏။

All Chapters