← Chapters

အခန်း ၂၃၂

Vol. 24 Ch. 232

အခန်း ၂၃၂

Vol. 24 Ch. 232

232

ဤနွေဦးခရီးသွားရာသီ၏ ပထမဦးဆုံးသောနေ့တွင် ချင်ရန်သည် နေရာအနှံ့ ရွေ့လျားသွားလာနိုင်သော လူပျံတော်ရဲအရာရှိကြီးတစ်ဦး အသွင်ပြောင်းလဲလျက် သူခြေချရာနေရာတိုင်းရှိ ဒုစရိုက်သမားမှန်သမျှကို အမိအရဖမ်းဆီးနှိမ်နင်းခဲ့တော့သည်။

လင်းကုနှင့် လီတာ့ဝေတို့အပါအဝင် အခြားရဲအရာရှိများမှာမူ တစ်ကိုယ်လုံး အရိုးများကြေမတတ် ပင်ပန်းကြီးစွာဖြင့် ကြိုးစားပမ်းစားလိုက်လံရှာဖွေခဲ့ကြသော်လည်း သူခိုးအနည်းငယ်မျှကိုသာ ဖမ်းဆီးနိုင်ခဲ့ကြသည်။

သို့သော်လည်း ချင်ရန်အတွက်မူ သူခိုးမှန်သမျှကို အလွယ်တကူလက်ပူးလက်ကြပ် ဖမ်းဆီးကာ ဘူတာရုံအတွင်းရှိ ယာယီထိန်းသိမ်းရေးစခန်းနှင့် ရဲစခန်းထံသို့ တစ်သုတ်ပြီးတစ်သုတ် စနစ်တကျ ပို့ဆောင်ပေးခဲ့သည်။

ချင်ရန်၏ အံ့မခန်းစွမ်းဆောင်ရည်ကြောင့် ရဲစခန်းအတွင်း၌ ဖမ်းဆီးခံထားရသူ ရာဇဝတ်ကောင်များဖြင့် ပြည့်နှက်လုနီးပါးဖြစ်နေခဲ့ရတော့သည်။

ညနေခင်းအချိန်ကာလသို့ ဖြည်းဖြည်းချင်းရောက်ရှိလာခဲ့ပြီးနောက် ပတ်ဝန်းကျင်တစ်ခုလုံးမှာလည်း မှောင်မိုက်လာလို့လာခဲ့ပြီး ညဉ့်နက်ပိုင်းသို့ ကူးပြောင်းလာခဲ့ပြီဖြစ်သည်။

ချင်ရန်နှင့် အခြားရဲအရာရှိများအားလုံးသည် ယနေ့အတွက် လုပ်ငန်းဆောင်တာများကို အဆုံးသတ်ကာ အိမ်ပြန်ရန်ပြင်ဆင်လိုက်ကြတော့သည်။

ထို့‌နောက် ချင်ရန်နှင့် အဖွဲ့သားများအားလုံးသည် အစည်းအဝေးခန်းမအတွင်းသို့ ပြန်လည်စုရုံးရောက်ရှိလာခဲ့ကြသည်။ထိုအခါ လင်းကုဝေသည် မိမိရှေ့မှောက်တွင်ရှိနေကြသော ရဲအရာရှိ ငါးဆယ်ကျော်ခန့်ကို ကြည့်ရှုလိုက်ရာ သူတို့ထဲမှ အများစုမှာ ယနေ့တွင် မည်သည့် ရလဒ်မျှထွက်ပေါ်လာခြင်းမရှိကြသည်ကို တွေ့ရှိလိုက်ရသည်။

အချို့သောရဲအရာရှိများ သူခိုးဖမ်းဆီးနိုင်ခဲ့လျှင်ပင် သူတို့ဖမ်းမိခဲ့သည်မှာ အတွေ့အကြုံမရှိဘဲ အူကြောင်ကြောင်နိုင်လှသော သူခိုးလက်သစ်တစ်ဦးစ နှစ်ဦးစမျှသာဖြစ်သည်။

သို့သော်လည်း ချင်ရန်ဟူသော ထူးခြားဆန်းပြားလှသည့် ဤလူငယ်ကမူ ယနေ့တစ်ရက်တည်းအတွင်းမှာတင် အနည်းဆုံးသူခိုးအယောက် ငါးဆယ်ကျော်ကို အမိအရဖမ်းဆီးနိုင်ခဲ့သည့်အပြင် နှာဘူးကောင်များနှင့် လူမှောင်ခိုသမားများကိုပါ လက်ရဖမ်းဆီးနိုင်ခဲ့၏။

ယနေ့ သူခိုးဖမ်းဆီးသည့်စီမံချက်အတွင်း၌ပင် ကြီးမားလှသောလူမှောင်ခိုဂိုဏ်းတစ်ခုလုံးကိုပါ အမြစ်ပြတ်ဖြိုခွင်းနိုင်ခဲ့ခြင်းဖြစ်သည်။

ချင်ရန်၏အစောပိုင်းတုန်းက ဖမ်းဆီးခဲ့သော ထိုသက်လတ်ပိုင်းအမျိုးသားနှစ်ဦးကို လင်းကုဝေနှင့် သူ့လက်အောက်ခံရဲအရာရှိများက စနစ်တကျစစ်ဆေးမေးမြန်းခဲ့ကြသည်။ ဘူတာရုံပြင်ပတွင် သူတို့အား ကားဖြင့်စောင့်ဆိုင်းနေကြသော ကြံရာပါအဖွဲ့ဝင်များရှိနေသေးကြောင်း သိရှိလိုက်ရသည့်အခါတွင်မူ လင်းကုဝေသည် ချက်ချင်းပင် ရဲအင်အား အမြောက်အမြားစေလွှတ်၍ ထိုလျှို့ဝှက်ကားကို ဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးခိုင်းတော့သည်။

နောက်ဆုံးတွင်တော့ သူတို့သည် သံသယရှိဖွယ်ရာ ဗန်ကားတစ်စီးကို ဘူတာရုံအပြင်ဘက်၌ အမိအရ ဝိုင်းဝန်းပိတ်ဆို့နိုင်ခဲ့ကြသည်။

ထိုဗန်ကားအတွင်း၌မူ လူမှောင်ခိုဂိုဏ်း၏ ကြံရာပါအဖွဲ့ဝင်များသာမက သူတို့၏ ဆေးခတ်ဖမ်းဆီးခြင်းကိုခံထားရသည့် သတိမေ့မြောနေကြရှာသော ကလေးငယ်နှစ်ဦးနှင့် တက္ကသိုလ်ကျောင်းသူ မိန်းကလေးငယ်တစ်ဦးတို့ကိုပါ ထပ်မံတွေ့ရှိခဲ့ရသည်။

အကယ်၍ ချင်ရန်အနေဖြင့် ဘူတာရုံအတွင်းရှိ ထိုလူမှောင်ခိုသမားနှစ်ဦးအား မျက်စိလျင်လျင်ဖြင့် ကြိုတင်ဖမ်းဆီးနိုင်ခြင်းမရှိခဲ့ပါက ဤဗန်ကားအတွင်း၌ ဆေးခတ်ခံထားရရှာသော အပြစ်မဲ့ပြည်သူသုံးဦးစလုံးမှာ လူမဆန်လှသည့် လူမှောင်ခိုသမားများ၏ ခေါ်ဆောင်သွားခြင်းကိုခံလိုက်ရမည်မှာ အသေအချာပင် ဖြစ်သည်။

ထိုသို့ဆိုလျှင် သူတို့၏ရှေ့ဆက်ရမည့် ကံကြမ္မာဆိုးမှာ မည်မျှအထိ ရင်လေးဖွယ်ရာကောင်းလိမ့်မည်ကို မည်သူမျှမခန့်မှန်းနိုင်တော့ချေ။

ထို့ကြောင့် ယနေ့ရရှိခဲ့သော အောင်မြင်မှုရလဒ်မှာ အလွန်အမင်းကြီးမားကျယ်ပြန့်လှသည်ဟု ဆိုရပေမည်။ သို့သော်လည်း လင်းကုဝေအနေဖြင့် ဤနွေဦးခရီးသွားရာသီ၏ စိုးရိမ်ဖွယ်ရာဆိုးကျိုးများကို ကောင်းကောင်းကြီး သဘောပေါက်ထားသည်။

အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော လူစည်ကားလှသည့်အချိန်အခါမျိုးကို အခွင့်ကောင်းယူကာ ဒုစရိုက်အမှု ပြုကျင့်လိုကြသော လူယုတ်မာများမှာ နေရာအနှံ့အပြားတွင် ရှိနေကြသောကြောင့်ဖြစ်သည်။

လင်းကုဝေသည် အစည်းအဝေးခန်းမအတွင်းရှိ ရဲအရာရှိများအားလုံးကို တည်ကြည်လေးနက်စွာဖြင့် စိုက်ကြည့်လိုက်၏။

“ဒီနေ့ ငါတို့ရဲ့ရဲတပ်ဖွဲ့အနေနဲ့ ရာဇဝတ်ကောင် စုစုပေါင်း ၅၉ဦးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်၊ ဒါပေမဲ့ အဲဒီအထဲကမှ ရဲဘော်ချင်ရန်တစ်ယောက်တည်းကတင် ရာဇဝတ်ကောင် ၅၀ကို ဖမ်းဆီးပေးခဲ့တာဖြစ်ပြီး ကျန်တဲ့ကျွန်တော်တို့ ရဲအရာရှိအားလုံး စုပေါင်းဖမ်းဆီးနိုင်ခဲ့တာက ၉ ဦးပဲရှိပါတယ်”

"ဒါတင်မကသေးပါဘူး၊ ဒီနေ့ ခရီးသည်တွေဆီကနေ တက်လာတဲ့ခိုးမှုတိုင်ကြားချက်ပေါင်း ၇၀ကတော့ အခုအချိန်အထိ တရားခံမပေါ်ဘဲ မဖြေရှင်းနိုင်သေးတဲ့ အခြေအနေမှာရှိနေပါသေးတယ်”

"ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ရဲဘော်ချင်ရန်ကလွဲလို့ ကျန်တဲ့ခင်ဗျားတို့အားလုံးရဲ့ အမှုစုံစမ်းစစ်ဆေးနိုင်စွမ်း စွမ်းဆောင်ရည်ဟာ တကယ့်ကိုပဲညံ့ဖျင်းလွန်းတယ်”

"ချင်ရန်တစ်ယောက်တည်းကတင် ဒီလောက်များတဲ့ ရာဇဝတ်ကောင်တွေကို ဖမ်းဆီးနိုင်ခဲ့တဲ့အချိန်မှာ ခင်ဗျားတို့တွေ ဘာတွေလုပ်နေကြလဲ၊ ရဲအရာရှိအယောက်ငါးဆယ်လုံး ပူးပေါင်းတာတောင် သူ့တစ်ယောက်တည်းရဲ့ စွမ်းဆောင်ရည်ကိုမီအောင် မစွမ်းဆောင်နိုင်ကြတော့ဘူးလား”

လင်းကုဝေ ဒေါသတကြီးဖြင့် ရဲအရာရှိများကို ကြိမ်းမောင်းလိုက်တော့သည်။ အစည်းအဝေးခန်းမအတွင်းရှိ ဝါရင့်ရဲအရာရှိကြီးများအားလုံးသည်လည်း မိမိတို့ဘေးတွင်ထိုင်နေသည့် လူထူးဆန်းကြီး ချင်ရန်အား မချိတင်ကဲကြည့်ရှုလိုက်ကြ၏။

‘ငါတို့တွေကရော အလုပ်ထဲမှာ အပျင်းထူပြီး အချိန်ဖြုန်းနေတာတွေ့လို့လား တကယ်ပါပဲ’

ကောင်းကင်ဘုံကိုတိုင်တည်၍ သစ္စာဆိုရဲပါ၏။ မိမိတို့ထဲမှ မည်သူတစ်ဦးတစ်ယောက်မျှသည် အလုပ်အားပေါ့ဆခဲ့ခြင်းမရှိကြဘဲ အစွမ်းကုန်ကြိုးစားခဲ့ကြခြင်းသာ ဖြစ်သည်။

သို့သော်လည်း အတွေ့အကြုံရှိဝါရင့်သူခိုးကြီးများကို လူအုပ်ကြီးအတွင်း၌ လက်ပူးလက်ကြပ်မိအောင် ဖမ်းဆီးရသည်မှာ တကယ့်ကိုမလွယ်ကူလှသော ကိစ္စရပ်တစ်ခုပင်ဖြစ်သည်။

ချင်ရန်ဟူသော ထိုပါရမီရှင်လူထူးလူဆန်းကြီးက မည်သည့်နည်းလမ်းများကို အသုံးပြု၍ ဤမျှများပြားလှသော သူခိုးများကို ဖမ်းဆီးနိုင်ခဲ့သည်ကိုမူ မိမိတို့မှာ ဘယ်လိုမှ တွေးတော၍မရနိုင်တော့ချေ။

"မနက်ဖြန်လည်း နွေဦးခရီးသွားရာသီရဲ့ တာဝန်တွေကို ငါတို့တွေ ဆက်ထမ်းဆောင်ကြရဦးမှာဖြစ်လို့ လုံးဝသတိကို ပေါ့ဆလိုက်လို့မရဘူး”

"ပြီးတော့ ချင်ရန်ကလွဲလို့ ကျန်တဲ့သူတွေအားလုံး ခင်ဗျားတို့ရဲ့ နှစ်ပေါင်းများစွာ စုဆောင်းထားခဲ့တဲ့ ရဲအရာရှိ အတွေ့အကြုံတွေကို အစွမ်းကုန်အသုံးချပြီး ဒုစရိုက်သမားတွေကို ရှာဖွေဖမ်းဆီးကြစမ်း၊ နားလည်ကြလား”

"နားလည်ပါပြီ”

ထိုအခါ ရဲအရာရှိများအားလုံးသည် ညီညာစွာပြန်ဖြေလိုက်ကြသည်။

သို့သော်လည်း လူတိုင်းစိတ်ထဲတွင်မူ ချင်ရန်ကဲ့သို့သော ပါရမီရှင်တစ်ဦးကသာ ထိုသို့စွမ်းဆောင်နိုင်ခြင်းဖြစ်ပြီး မိမိတို့ သာမန်လူသားများအနေဖြင့်မူ မည်သို့မျှ မစွမ်းဆောင်နိုင်ဟုသာ တွေးတောနေကြတော့သည်။

အမှန်စင်စစ်တွင်မူ ယနေ့ဖြစ်ပျက်ခဲ့သော အခြေအနေများမှာ ရဲတပ်ဖွဲ့အတွက်သာမကပဲ ဤမြို့ကြီးအတွင်းသို့ ခိုးယူရန် ရောက်ရှိလာကြသော သူခိုးဂိုဏ်းများ အတွက်လည်း ကြီးမားလှသော ထိုးနှက်ချက်တစ်ရပ်ဖြစ်ခဲ့ရသည်။

ယနေ့တစ်ရက်တည်းအတွင်းမှာတင် သူခိုးလောကရှိ နာမည်ကြီးသူခိုးဂိုဏ်းအမြောက်အမြားမှာ လက်ထိပ်ခတ်၍ ဖမ်းဆီးခြင်းခံလိုက်ကြရသည်။

ဤသို့ဖမ်းဆီးခံလိုက်ရသော ဂိုဏ်းများထဲ၌ သူခိုးလောက၌ အလွန်အမင်း နာမည်ကျော်ကြားလှပြီး ပါးနပ်လှသော ခိုးယူခြင်းအတတ်ပညာများရှိကြသည့် ဝါရင့်ဂိုဏ်းကြီးများစွာလည်း ပါဝင်နေသည်။

သို့သော်လည်း သူတို့တွင် မည်မျှပင် ကျွမ်းကျင်လှသော အတတ်ပညာများရှိနေပါစေမူ ချင်ရန့်မျက်စိအောက်မှ သူတို့လွတ်မြောက်အောင် မပြေးနိုင်ခဲ့ကြဘဲ နောက်ဆုံး ချင်ရန်၏ဖမ်းဆီးခြင်းကိုသာ ခံလိုက်ကြရသည်။

ကံကောင်းထောက်မစွာဖြင့် ယနေ့တွင် ဖမ်းဆီးခြင်းမှ ကင်းလွတ်ခဲ့ကြသော အခြားသော သူခိုးဂိုဏ်းဝင်များမှာမူ ရင်ထဲ၌ အလွန်အမင်းအံသြထိတ်လန့်တုန်လှုပ်သွားခဲ့ကြသည်။

ဖိန်လင်မြို့ရှိ အခြေအနေများမှာ လုံးဝမဟန်တော့ကြောင်းကို သူတို့ ကောင်းကောင်းကြီး သိရှိသွားခဲ့ကြရ၏။

ဖိန်လင်မြို့ဆိုသည်မှာ တကယ့်ကို နာမည်ကျော်ကြားမှုနှင့်ထိုက်တန်လှပေသည်။

မိမိတို့သူခိုးလောကထိပ်သီးဂိုဏ်းကြီးဖြစ်သည့် 'ချန်ရှန့်ကုမ္ပဏီ'၏လူများကိုတင်မကဘဲ အခြားသောဝါရင့်ထိပ်သီး ခေါင်းဆောင်ကြီးများကိုပါ အကုန်အစင် ဖမ်းဆီးနိုင်ခဲ့ကြသည်။

ထိုအချိန်တွင် ဖိန်လင်မြို့ရှိ အဆင့်နိမ့်မိုတယ်တစ်ခု၏အခန်းကျယ်ကြီးအတွင်း၌ အမျိုးသားငါးဦးသည် စုရုံးရောက်ရှိနေခဲ့ကြသည်။ သူတို့ထဲမှ အသက် ၅၀ခန့်အရွယ်ရှိအမျိုးသားကြီးတစ်ဦးမှာ ထိုအုပ်စု၏ခေါင်းဆောင်ဖြစ်ပုံရ၏။ ကျန်ရှိသော အသက် ၃၀ခန့်အရွယ် အမျိုးသားလေးဦးမှာမူ ထိုသူ့အားရိုသေစွာဖြင့် ဝန်းရံထားကြသည်။

ထိုစုဝေးနေသည့်အဖွဲ့မှာ သူခိုးလောကတွင် အလွန်အမင်းကျော်ကြားလှပြီး ရှေးကျလှသော 'လက်တစ်‌ထောင်ဂိုဏ်း’ဟု ခေါ်ဆိုသော ဝါရင့်သူခိုးဂိုဏ်းကြီး ဖြစ်ပေသည်။

လွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ်ကျော် သူတို့ဂိုဏ်း၏အထွတ်အထိပ်ကာလများ၌မူ တစ်နိုင်ငံလုံး၏နေရာအနှံ့အပြားမှ လူအမြောက်အမြားသည် သူတို့ဂိုဏ်း၏ ထူးခြားလှသောခိုးယူမှု အတတ်ပညာများကို လာရောက်သင်ယူလေ့လာခဲ့ကြဖူးသည်။

သို့သော်လည်း ခေတ်ကာလအခြေအနေများ ပြောင်းလာသည်နှင့်အမျှ ပြည်သူလူထု၏လုံခြုံရေး သတိရှိမှုများ မြင့်တက်လာခြင်း၊ နေရာအနှံ့အပြားတွင် လုံခြုံရေးကင်မရာများ တပ်ဆင်လာခြင်းနှင့် ရဲတပ်ဖွဲ့များ၏ စွမ်းဆောင်ရည်များ တိုးတက်လာခြင်း၊ ယခင်လို လွတ်လပ်မှုများမရှိခြင်းတို့ကြောင့် ထိုဂိုဏ်းအဖွဲ့ဝင်များသည် ဂိုဏ်းထဲမှပျောက်ကွယ်သွားခဲ့ကြသဖြင့် ဤ 'လက်တစ်ထောင်ဂိုဏ်း' ကြီးမှာလည်းအတိတ်ကကဲ့သို့ အင်အားကြီးမားခြင်းမျိုး မရှိတော့ချေ။

ထို့ကြောင့် ယနေ့ခေတ်တွင်မူ သူတို့ဂိုဏ်း၌ ဆက်ခံသူငါးဦးတည်းသာ နောက်ဆုံးအဖြစ် ကျန်ရှိတော့သည်။

သို့သော်လည်း ကျန်ရှိနေသော ဤလူငါးဦးစလုံးမှာမူ သူခိုးလောက၏ထိပ်တန်း အဆင့်မြင့် အထူးချွန်ဆုံးဝါရင့်ဂိုဏ်းဝင်များဖြစ်ကြသည်။ သူတို့၏ ပါးနပ်လှသော ခိုးယူမှုအတတ်ပညာများမှာ သာမန်လူသားများအနေဖြင့် မည်သို့မျှ လိုက်မမီနိုင်လောက်အောင်ကို အတုမဲ့ အဆင့်သို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။

ထိုလူစုထဲမှ အသက် ၅၀ကျော်အရွယ်ရှိ ခေါင်းဆောင်ကြီးက ရုတ်တရက် လေးနက်စွာ ပြောလိုက်သည်။

"ဒီနေ့တစ်ရက်တည်းအတွင်းမှာတင် ငါတို့တွေနဲ့ ရင်နှီးကျွမ်းဝင်တဲ့သူခိုးဂိုဏ်း အနည်းဆုံး ငါးဂိုဏ်းလောက်အဖမ်းခံလိုက်ရပြီ၊ ဒီဖိန်လင်မြို့ကြီးထဲမှာ စီးပွားရှာနိုင်ဖို့ ကြိုးစားနေကြတဲ့လူတွေက သာမန်လူတွေမဟုတ်ကြဘူး"

"ပြီးတော့ ဖိန်လင်မြို့ရဲ့ရဲတွေကလည်း အသုံးမကျတဲ့ အူကြောင်ကြောင်တွေလုံးဝမဟုတ်ကြဘူးနော်”

ဤအသက် ၅၀ကျော်အမျိုးသားကြီးသည် လက်ရှိ 'လက်တစ်ထောင်ဂိုဏ်း' ၏ ဂိုဏ်းချုပ်ကြီးဖြစ်ပြီး သူ့ခိုးယူမှု အတတ်ပညာမှာ သူတို့အဖွဲ့အစည်း အတွင်း၌ အစွမ်းထက်ဆုံးနှင့် အမြင့်မားဆုံးအဆင့်တွင်ရှိ၏။

သူသည် ငယ်စဉ်ကလေးဘဝတည်းက မိဘမဲ့တစ်ဦးဖြစ်ကာ လမ်းဘေးတွင် လေလွင့်နေခဲ့စဉ်အတွင်း လက်တစ်ထောင်ဂိုဏ်းမှ ယခင်ဂိုဏ်းချုပ်ကြီး၏ ကယ်တင်ခြင်းကိုခံခဲ့ရပြီး ထိုအချိန်မှစ၍ သူခိုးအတတ်ပညာများကို အပတ်တကုတ် လေ့ကျင့်သင်ယူခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်း ၄၀ခန့်က ခေတ်ကာလကြီးမှာ အလွန်အမင်း ရှုပ်ထွေးဆိုးရွားလှပြီး ပြည်သူလူထု အများစုမှာ ဆင်းရဲမွဲတေလွန်းလှသဖြင့် ‘’လက်တစ်‌ထောင်ဂိုဏ်း’အနေဖြင့် အသုံးမကျသောလူများကို အလကားထမင်းကျွေး၍ မမွေးမြူခဲ့ချေ။

သူတို့သည် လမ်းဘေးမှမိဘမဲ့ကလေးငယ်များကို အဓိကထားရှာဖွေခေါ်ဆောင်လာခဲ့ပြီး ခိုးယူမှုအတတ်ပညာများကိုမဖြစ်မနေ လေ့ကျင့်ခိုင်းလေ့ရှိရာ ပါရမီရှိသောကလေးများကိုသာ ထမင်းကျွေး၍ ဆက်လက်မွေးမြူကာ ပါရမီမရှိသော ကလေးများကိုမူ ဂိုဏ်းအတွင်မှ ရက်စက်စွာ မောင်းထုတ်လေ့ရှိသည်။

ယခုလက်ရှိ ဂိုဏ်းချုပ်ကြီးမှာ ထိုစဉ်က ပါရမီအရှိဆုံးနှင့် အထူးချွန်ဆုံးကလေးငယ်များထဲမှ တစ်ဦးဖြစ်ခဲ့၏။

သူသည် သူခိုးလောကအတွင်း၌ နှစ်ပေါင်း ၄၀ကျော်တိုင်တိုင် ကျင်လည်ခဲ့ပြီးဖြစ်ရာ လျှို့ဝှက်စွာစုဆောင်းထားသော သူ့ဓနပစ္စည်းကြွယ်ဝမှုပမာဏမှာ ယွမ်သန်းပေါင်း ၁၀၀ကျော်အထိရှိနေခဲ့ပြီ ဖြစ်သည်။

အစောပိုင်းကာလတုန်းက အဝေးပြေးဘတ်စ်ကားကြီးများပေါ်တွင် သူခိုး၊ ခါးပိုက်နှိုက်သမားများ အလွန်အမင်း သောင်းကျန်းခဲ့ကြသော ခေတ်ရေစီးကြောင်းကြီးမှာ ဤ 'လက်တစ်ထောင်ဂိုဏ်း'က အစပြုခဲ့ခြင်းဖြစ်ပေသည်။

"ဆရာကြီး ကျွန်တော်မှတ်မိသလောက်ဆိုရင် မနှစ်နွေဦးခရီးသွားရာသီတုန်းက ဖိန်လင်မြို့မှာ ဒီလောက်အထိ ဖမ်းဆီးခံရတဲ့ သူခိုးဂိုဏ်းတွေမရှိခဲ့ပါဘူး၊ အခုကျမှ ဘာဖြစ်လို့ အခြေအနေတွေက ဒီလောက်အထိ ပြောင်းလဲသွားရတာလဲ”

ဂိုဏ်းသားတစ်ဦးက မချိတင်ကဲမေးမြန်းလိုက်သည်။

"အဲဒီကိစ္စကို ငါကိုယ်တိုင်လည်း သေသေချာချာ စဉ်းစားနေတာပဲကွ”

လက်တစ်ထောင်ဂိုဏ်းချုပ်ကြီးသည် မျက်မှောင်ကြုတ်လျက် အလေးအနက် တွေးတောနေခဲ့သည်။ မိမိတို့သည် မည်သည့်မြို့သို့မဆို ခိုးယူရန် မထွက်ခွာမီအချိန်တွင် ထိုဒေသ၏အာဏာပိုင်ရဲတပ်ဖွဲ့၏ အမှုအခင်းဖြေရှင်းနိုင်စွမ်းနှင့် စွမ်းဆောင်ရည်များကို အမြဲတမ်း ကြိုတင်၍ စုံစမ်းစစ်ဆေးလေ့ရှိကြသည်။

မိမိတို့စုံစမ်းသိရှိထားသမျှအရဆိုလျှင် ဖိန်လင်မြို့ရဲတပ်ဖွဲ့သည် နွေဦးခရီးသွားရာသီအတွင်းဖြစ်ပွားလေ့ရှိသော ခိုးမှု၊ နှိုက်မှုများကို ဖြေရှင်းရာတွင် အလွန်အမင်း စွမ်းဆောင်ရည်ညံ့ဖျင်းကြပြီး ခရီးသည်အမြောက်အမြား၏ပြစ်တင်ဝေဖန်မှုများကို ခံနေရခြင်းဖြစ်သည်။

ထို့ကြောင့်သာ မိမိတို့ငါးဦးသည် ယခုနှစ် နွေဦးခရီးသွားရာသီအတွင်း၌ ဤဖိန်လင်မြို့ကြီးသို့ လာရောက်ကာ အကြီးအကျယ် စီးပွားရှာရန် ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။

သို့သော်လည်း လက်တွေ့တွင်ဖြစ်ပေါ်လာသော အခြေအနေများမှာ မိမိတို့ကြားသိထားရသောသတင်းများနှင့် လုံးဝဥဿုံ ဆန့်ကျင်ဘက်ဖြစ်နေခဲ့သည်။

ပထမဦးဆုံးသော နေ့ရက်မှာတင် မြို့တွင်းရှိ သူခိုးဂိုဏ်းများ၏သုံးပုံတစ်ပုံခန့်မှာ အစအနမကျန်အောင် အဖမ်းခံလိုက်ရပြီဖြစ်၏။

"ဒါပေမဲ့ ဆရာကြီး ကျွန်တော်တို့တွေအတွက်တော့ ဒီနေ့ကံကောင်းတဲ့နေ့တစ်နေ့ပဲ မဟုတ်ဘူးလား၊ ရဲတွေက ကျွန်တော်တို့တွေကို လုံးဝ အရိပ်အယောင်တောင်မမိနိုင်ခဲ့ပါဘူး"

"ဆရာကြီးက အရမ်းတွေးပူနေတာဖြစ်ပါလိမ့်မယ်၊ ကျွန်တော့်အထင်တော့ ဒီနေ့အဖမ်းခံလိုက်ရတဲ့ကောင်တွေက ပညာရည် မပြည့်ဝဘဲ ညံ့ဖျင်းလွန်းလို့ ဖမ်းခံလိုက်ရတာနေမှာပါ"

အခြားသော ဂိုဏ်းသားတစ်ဦးက ရယ်မောကာပြောလိုက်သည်။ မိမိတို့ငါးဦးစလုံးသည် ယနေ့တွင် အလွန်ကို အောင်မြင်ခဲ့ကြပြီး ခရီးသည်များထံမှ ခိုးယူနှိုက်ယူခဲ့သော ပစ္စည်းနှင့် ငွေကြေးတန်ဖိုး စုစုပေါင်းမှာ ယွမ်သန်းချီ၍ရခဲ့သဖြင့် အခြေအနေမှာ အထူးကောင်းမွန်နေခဲ့သည်။ လက်တစ်ထောင်ဂိုဏ်းချုပ်ကြီးသည်လည်း ခေါင်းကိုဖြည်းဖြည်းချင်းညိတ်လိုက်ရင်း ထောက်ခံလိုက်၏။

"အမှန်ပဲ ငါကိုယ်တိုင်က တွေးပူနေမိတာလည်း ဖြစ်နိုင်ပါတယ်"

ထို့နောက် သူသည် ကျန်ရှိသောလူလေးဦးအား စိုက်ကြည့်ရင်း ပြောလိုက်သည်။

"ဒါက ငါတို့အဖွဲ့အတွက်နောက်ဆုံးအကြိမ်လုပ်ကိုင်မယ့် လုပ်ငန်းပဲကွ၊ ငါလည်း အသက်ကရလာပြီဆိုတော့ ဒီတစ်ကြိမ်ခိုးယူမှုပြီးဆုံးသွားရင်တော့ နောင်ဒီလုပ်ငန်းကို ငါလုံးဝလုပ်ကိုင်တော့မှာ မဟုတ်ဘူး၊ ငါ ဒီကရတဲ့ပိုက်ဆံတွေနဲ့ နေရပ်ဇာတိကိုပြန်ပြီး ဇနီးတစ်‌ယောက်လောက်ရှာ အေးအေးဆေးဆေးပဲဘဝကို ဖြတ်သန်းတော့မယ်၊ မင်းတို့တွေမှာလည်း ပိုက်ဆံအများကြီးရနေပြီပဲ၊ အိမ်ထောင်ပြုပြီး အခြေတကျနေထိုင်ကြတော့"

"ဟုတ်ကဲ့ပါ ဆရာကြီး”

သူတို့လေးဦးစလုံး၏ မျက်နှာထက်တွင် ပျော်ရွှင်လှသော အပြုံးရိပ်များဖြင့်ပြည့်နှက်သွားခဲ့ကြတော့သည်။ ဤတစ်ကြိမ်တွင်မူ သူတို့သည် ဤလုပ်ငန်းကြီးကို အောင်မြင်စွာအဆုံးသတ်ပြီးသည်နှင့် တပြိုင်တည်း ဤဒုစရိုက်လောကမှ အပြီးအပိုင်အနားယူရန် အမှန်အကန် ဆုံးဖြတ်ထားကြခြင်းဖြစ်သည်။

နှစ်ပေါင်းများစွာခိုးခဲ့ကြသဖြင့် သူတို့ စုဆောင်းမိထားသော ငွေကြေးပစ္စည်း ပမာဏမှာ အလွန်အမင်းများပြားလှပေသည်။ မိမိတို့၏ လက်ရှိပိုင်ဆိုင်မှုများအရဆိုလျှင် နိုင်ငံ၏ထိပ်တန်းမြို့ကြီးများတွင်ပင် အိမ်တစ်လုံးကိုလက်ငင်းငွေချေ၍ အလွယ်တကူဝယ်ယူနိုင်စွမ်းရှိကြ၏။ ထို့ကြောင့် မိမိတို့နေရပ်ဇာတိတွင် အိမ်ထောင်ပြုရန်မှာမူ ကလေးကစားစရာမျှသာဖြစ်ပေသည်။

သို့သော်လည်း သူတို့၏စည်းစိမ်ပစ္စည်းများဆိုသည်မှာ အပြစ်မဲ့ပြည်သူလူထု၏ ချွေး၊ သွေးစွန်း၍ရှာထားသော လုပ်ခလစာငွေကြေးများကို မတရားသောနည်းလမ်းဖြင့်ခိုးယူထားခဲ့ကြခြင်းဖြစ်ပေသည်။

သူတို့ထံတွင် မည်သည့်စာနာသနားမှု၊ ကိုယ်ကျင့်တရားနှင့် စံနှုန်းများလုံးဝမရှိကြသည့် ဗလာနတ္ထိသူခိုးများသာဖြစ်ကြသည်။

ယခုအခါတွင် ထိုလက်တစ်‌ထောင်ဂိုဏ်းမှ ဤလူငါးဦးစလုံးသည် မနက်ဖြန်တွင် သူတို့ဒုစရိုက်ဘဝ၏ နောက်ဆုံးနေ့ရက် အဆုံးသတ်သို့ရောက်ရှိတော့မည်ဖြစ်ကြောင်းကိုမူ အိမ်မက်ပင်မက်ဖူးကြမည် မဟုတ်ချေ။

အာရုံဦး၏နေ့အလင်း‌ရောင်သည်

နောက်တစ်နေ့ နေ့ရက်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။

ရဲဌာနချုပ်ရှိ ချင်ရန်သည် ထုံးစံအတိုင်း ရဲတပ်ဖွဲ့ဝင်များနှင့်အတူ ဖိန်လင်တောင်ပိုင်းဘူတာရုံကြီးဆီသို့ ပြန်လည်ရောက်ရှိလာခဲ့ပြန်သည်။

ဤတစ်ကြိမ်တွင်မူ ရဲတပ်ဖွဲ့၏လုံခြုံရေးအင်အားမှာ ယခင်နေ့ကထက် နှစ်ဆခန့် ပိုမိုတိုးမြှင့်ထားခဲ့ရာ ရဲအရာရှိ စုစုပေါင်းမှာ အယောက်တစ်ရာခန့်အထိရှိနေခဲ့ပြီဖြစ်သည်။

All Chapters