← Chapters

အခန်း ၂၃၃

Vol. 24 Ch. 233

အခန်း ၂၃၃

Vol. 24 Ch. 233

233

ချင်ရန်သည် ခေါင်းမော့ ရင်ကော့လျက် ဖိန်လင်တောင်ပိုင်းဘူတာရုံကြီးဆီသို့ ခန့်ညားစွာ ရောက်ရှိလာခဲ့သည်။

ယနေ့တွင်မူ မိမိမျက်စိရှေ့မှောက်၌ မည်မျှအထိ ရဲတင်းလွန်းသောသူခိုးများ မည်ကဲ့သို့ လာရောက်ကာ ပြဿနာရှာဝံ့ကြဦး မည်နည်းဆိုသည်ကို သူ သေသေချာချာ စောင့်ကြည့်လိုပေသည်။

ရဲအရာရှိပေါင်း အယောက်တစ်ရာခန့်အထိ ရောက်ရှိလာခဲ့ကြသဖြင့် ဖိန်လင်တောင်ပိုင်းဘူတာရုံကြီးတစ်ခုလုံးမှာ ယမန်နေ့ကထက်ပင် ပိုစည်ကားနေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ယခုရက်ပိုင်းတွင်းရှိ နွေဦးခရီးသွားရာသီ၏ အရှိန်အဟုန်သည် အမြင့်မားဆုံးကာလဖြစ်သဖြင့် ခရီးသည်ပမာဏမှာ အလွန်အမင်း ထင်ထားသည်ထက်ပို၍ များပြားလှသောကြောင့်ဖြစ်သည်။

အခြားသော ရဲအရာရှိများအားလုံးသည်လည်း မျက်စိဖွင့်၊ နားများကိုစွင့်လျက် သံသယရှိဖွယ်ရာလူမှန်သမျှကို အမိအရ ဖမ်းဆီးနိုင်ရန်အတွက် အစွမ်းကုန် အာရုံစိုက်နေခဲ့ကြသည်။

ယမန်နေ့တုန်းက သင်ခန်းစာများအရ ဤကဲ့သို့သော ခရီးသွားရာသီ အချိန်အခါမျိုးတွင် ပစ္စည်းများခိုးယူတတ်သော သူခိုးများသာမက၊ ကလေးနှင့် အမျိုးသမီးများကို အဓိကပစ်မှတ်ထားကြသည့် လူမှောင်ခိုသမားများနှင့် နှာဘူးကောင်များအစရှိသူတို့သည် ပတ်ဝန်းကျင်အား နှောက်ယှက်တတ်သဖြင့် ကဏ္ဍစုံကို သတိကြီးစွာဖြင့်စောင့်ကြည့်ရမည်ဖြစ်၏။

ချင်ရန်သည် ထိုဘူတာရုံအတွင်း၌ မိနစ်အနည်းငယ်ခန့် ဖြည်းည်းချင်း လှည့်ပတ်လျှောက်လှမ်းခဲ့သည်။ ထိုအချိန်အတွင်းမှာတင် ချင်ရန့်လက်ချက်ဖြင့် နောက်ထပ် ဒုစရိုက်သမားအယောက် နှစ်ဆယ်ခန့်မှာ ဘူတာရုံ၏ယာယီရဲကင်းစခန်းထံသို့ ထပ်မံဖမ်းဆီးပို့ဆောင်ခြင်း ခံလိုက်ရပြန်သည်။

ဘူတာရုံရှိ ယာယီထိန်းသိမ်းရေးစခန်းတွင် တာဝန်ကျနေသော ရဲအရာရှိများမှာမူ အလွန်အမင်းအံ့ဩမှင်သက်နေကြရသည်။ ဤလူငယ်သည် ယမန်နေ့တုန်းကလည်း ရာဇဝတ်ကောင်အမြောက်အမြားကို ဖမ်းဆီးပေးခဲ့ပြီးဖြစ်ရာ ယနေ့တွင်လည်း ထပ်မံ၍ မည်သို့‌သောနည်းလမ်းများဖြင့် ဤမျှများပြားလှသော သူခိုးများကို ထပ်မံဖမ်းဆီးနိုင်ရပါသနည်း။

သူတို့ကိုယ်တိုင်ကပင် ချင်ရန်တစ်ယောက် လူအုပ်စုကြီးထဲမှ အပြစ်မဲ့ပြည်သူများကို ဇွတ်အတင်းလျှောက်ဖမ်းလာခြင်းများဖြစ်မလားဟုပင် သံသယဝင်မိကြတော့သည်။

သို့သော်လည်း ထူးဆန်းလှသည်မှာ ထိုသို့ဖမ်းဆီးခြင်းခံလာရသောသူခိုးများသည် မည်သူတစ်ဦးတစ်ယောက်မျှ ငြင်းဆန်ခြင်းမရှိကြဘဲ မိမိတို့ပြစ်မှုများကိုသာ နာခံစွာ ဝန်ခံနေကြခြင်းဖြစ်သည်။

ဖမ်းဆီးရမိထားသော သူခိုးများကို ယာယီထိန်းသိမ်းရေးစခန်းထံသို့ စနစ်တကျ လွှဲပြောင်းပေးအပ်ပြီးနောက် ချင်ရန်သည် ဘူတာရုံအတွင်းပိုင်းဆီသို့ အေးအေးလူလူ ဆက်လျှောက်ခဲ့ကြသည်။

သူ့အနောက်ကွယ်တွင်မူ ဖမ်းဆီးခြင်းခံလိုက်ရသော သူခိုးအမြောက်အမြားသည် ဆွံ့အမှင်သက်နေသော မျက်နှာအမူအရာများဖြင့် ချင်ရန်အားကြည့်ရှု့ကာ ကျန်ရစ်နေခဲ့ကြ၏။

သူတို့သည် လမ်းဘေး၌အချိန်ဖြုန်းနေကြသော သာမာန်သူခိုးအဆင့်နိမ့်များ မဟုတ်ကြ‌ပေ။ သူတို့၏ ခိုးယူမှုအတတ်ပညာမှာ အလွန်အမင်းမြင့်မားလှသဖြင့် သာမန်လူများအနေဖြင့် ရိပ်မိရန် မဆိုထားနှင့် လုံးဝကိုသတိမထားမိနိုင်ကြချေ။

သို့သော်လည်း ယနေ့တွင်မူ သူတို့အလွန်အမင်း ဂုဏ်ယူဝင့်ကြွားနေခဲ့ကြသော အဆိုပါခိုးယူမှုအတတ်ပညာများအားလုံးသည် ချင်ရန်ဟူသောလူငယ်၏ မျက်စိရှေ့မှောက်တွင် တန်ဖိုးမရှိသော သာမန် ကလေးကစားစရာမျှသာဖြစ်နေခဲ့ရ၏။

ချင်ရန်သည် ဘူတာရုံအတွင်းသို့ လျှောက်လှမ်းဝင်ခဲ့ပြီးနောက် ပတ်ဝန်းကျင်တစ်ခုလုံးအား စေ့စေ့စပ်စပ် ရှာဖွေစစ်ဆေးနေခဲ့သည်။

ရုတ်တရက်ဆိုသလို သူ့စိတ်အာရုံထဲရှိ

စနစ်၏သတိပေးသံကြီး ထပ်မံထွက်ပေါ်လာခဲ့ပြန်သည်။

"A-အဆင့် ရှိသော ရာဇဝတ်ကောင်လေးဦးကို တစ်ပြိုင်တည်း ဖော်ထုတ်တွေ့ရှိရပါသဖြင့် ပိုင်ရှင်ထံသို့ တည်နေရာ လမ်းညွှန်ချက်များ ပေးအပ်လိုက်ပါပြီ”

နောက်တစ်ခဏတွင် ချင်ရန်၏စူးရှလှသော အမြင်အာရုံများသည် စနစ်မှပေးပို့လာသော တည်နေရာရှိ အဆိုပါ A-အဆင့် ရာဇဝတ်‌ကောင် လူလေးဦးရှိရာဆီသို့ ကွက်တိကျရောက်သွားခဲ့တော့သည်။

ထိုရာဇဝတ်‌ကောင်လူလေးဦး၏အုပ်စုတွင် အသက် ၅၀ကျော်အရွယ်ခန့် ရှိသော အမျိုးသားကြီးအားကြည့်ရသည်မှာ ခေါင်းဆောင်ဖြစ်ပုံရ၏။ သူ့ဘေးတွင်မူ အသက် ၃၀ကျော်အရွယ်ရှိ အမျိုးသားသုံးဦးက ရိုသေစွာဝန်းရံလျက်လိုက်ပါလာကြသည်။

‘A-အဆင့် ရာဇဝတ်ကောင်တွေ ဟုတ်လား၊ ကြည့်ရတာတော့ တစ်နိုင်ငံလုံးအဆင့်မှာ နာမည်ကြီးနေတဲ့ သူခိုးကြီးတွေဖြစ်ရမယ်'

ချင်ရန် ခပ်ဖွဖွပြုံးလိုက်မိ၏။သူသည် ထိုလူလေးဦးရှိရာဆီသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းသွားခဲ့သည်။ သူခိုးလောကတွင် အစွမ်းအထက်ဆုံးအဖြစ် ကျော်ကြားခဲ့ကြသော 'လက်တစ်‌ထောင်ဂိုဏ်း' ၏ ထိပ်သီးဝါရင့်ဒုစရိုက်သမားကြီးငါးဦးထဲမှ လေးဦးသည် ယခုအခါ ဤနေရာ၌ စုစည်းမိနေကြခြင်းဖြစ်သည်။

ဤလူများသည် ယခုလက်ရှိ ဖိန်လင်တောင်ပိုင်း ဘူတာရုံကြီးတစ်ခုလုံးတွင် အဆင့်အမြင့်မားဆုံးနှင့် အပါးနပ်ဆုံးသောသူခိုးကြီးများလည်း ဖြစ်ကြသည်။

အတတ်ပညာပိုင်းအရဆိုရလျှင် သူတို့ထက်သာလွန်သောသူ ဤဘူတာရုံအတွင်း၌ လုံးဝမရှိချေ။

သူတို့သည် အဆိုပါခိုးယူမှုအတတ်ပညာကို ဆယ်စုနှစ်ပေါင်းများစွာတိုင်အောင် အပတ်တကုတ် ကြိုးစားလေ့ကျင့်လာခဲ့ကြခြင်းဖြစ်သည်။ သူတို့၏အဓိကထား၍လုပ်ဆောင်ကြသည်မှာ အဖွဲ့လိုက် စနစ်တကျ ပူးပေါင်းဆောင်ရွက်ကြခြင်း ဖြစ်သည်။

တစ်ဦးချင်းစီ၏ ခိုးယူမှု နည်းစနစ်များမှာ အလွန်အမင်းသပ်ရပ်သေသပ်လွန်းလှသဖြင့် ခေတ်မီအဆင့်မြင့်လုံခြုံရေးကင်မရာများဖြင့်ပင် သူတို့၏လုပ်ဆောင်ပုံ အမှားအယွင်းကို ရှာဖွေနိုင်ရန် အလွန်ခဲယဉ်းလှပေသည်။

'လက်တစ်ထောင်ဂိုဏ်း’၏ ဤထိပ်သီး သူခိုးကြီးလေးဦးသည် တစ်နိုင်ငံလုံးရှိ နေရာအနှံ့အပြားသို့ လှည့်လည်ကာ သူတို့၏အတွဲညီလှသော အဖွဲ့လိုက်ခိုးယူမှုအတတ်ပညာဖြင့် မတရားသဖြင့် ဓနပစ္စည်းအမြောက်အမြားကို စုဆောင်းခဲ့ကြပြီးဖြစ်သည်။

ဝါရင့်သူခိုးကြီးများပီပီ သူတို့အတွက် အရေးအကြီးဆုံးအချက်မှာ အကဲခတ်သည့် မျက်စိပညာဖြစ်သော လျှင်မြန်ခြင်း ဖြစ်သည်။ သူတို့အနေဖြင့် ယနေ့တွင် ရဲအင်အား ယမန်နေ့ကထက် နှစ်ဆမျှပိုမိုများပြားလာသည်ကိုကြိုတင်ရိပ်မိကြသော်လည်း မိမိတို့အတတ်ပညာအပေါ် အလွန်အမင်းယုံကြည်မှုလွန်ကဲနေကြသဖြင့် ဇွတ်အတင်း စွန့်စား၍ဆက်လက် ခိုးယူနေကြခြင်းဖြစ်သည်။ မည်သည့်ခရီးသည်သွားဧည့်သည် တစ်ဦးတစ်ယောက်မှ သူတို့၏ခိုးယူနေမှုအား လုံးဝ ရိပ်မိကြခြင်းမရှိကြချေ။

ထို့ကြောင့် သူခိုးကြီးလေးဦးမှာလည်း တစ်စထက်တစ်စ ပိုမိုထောင်လွှားလာခဲ့ကြပြီး မည်သူ့ကိုမျှဂရုမစိုက်တော့ချေ။

လက်တစ်ထောင်ဂိုဏ်းချုပ်ကြီးကလည်း သူ့စိတ်ထဲကနေ ကျေနပ်စွာတွေးတောလိုက်မိသည်။

‘ကြည့်ရတာ ငါကိုယ်တိုင်ကိုက တွေးပူနေခဲ့တာဖြစ်ရမယ်၊ မနေ့တုန်းက အဖမ်းခံလိုက်ရတဲ့ကောင်တွေက ပညာမပြည့်ဝတဲ့ ငဖျင်းတွေမို့လို့သာ ဖမ်းခံလိုက်ရတာနေမှာပါ'

သူသည် စိတ်ထဲမှကျေနပ်နေစဉ်အတွင်းမှာပင် မိမိရှေ့မှောက်ရှိ အဆင့်မြင့်ရုံးဝန်ထမ်းဝတ်စုံဝတ် အမျိုးသားတစ်ဦး၏ လက်ဆွဲအိတ်အတွင်းမှ ဖုန်းကိုခိုးယူရန်အတွက် လျှို့ဝှက်လှသောသူ့လက်ကို ဆန့်ထုတ်လိုက်တော့သည်။

သို့သော်လည်း သူ့လက်သည် အိတ်အတွင်းသို့ ထိတွေ့ခွင့်ပင်မရရှိသေးခင် အချိန်မှာပင် သံညှပ်ကြီးတစ်ခုအလား အလွန်အမင်းအင်အားကြီးမားလှသော လက်တစ်ဖက်က သူ့လက်ကောက်ဝတ်ကို ဘေးဘက်မှနေ၍ တင်းကျပ်စွာဖမ်းဆုပ်လိုက်ခြင်းခံလိုက်ရ၏။

ထိုအခါ လက်တစ်ထောင်ဂိုဏ်းချုပ်ကြီး၏မျက်နှာအမူအရာမှာ ချက်ချင်းပင် ပျက်ယွင်းသွားခဲ့ရတော့သည်။

သူသည် စက်ရုပ်တစ်ရုပ်အလား မိမိအနောက်သို့ ဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်ရာ မိမိအားပြုံးလျက် စိုက်ကြည့်နေသော လူငယ်တစ်ဦး၏မျက်နှာကို မြင်တွေ့လိုက်ရတော့သည်။

"ဒီလက်ကတော့ တကယ့်ကိုပဲ တစ္ဆေတစ်ကောင်ရဲ့အရိပ်လို မြန်ဆန်လွန်းတာပဲ”

ချင်ရန်သည် နှုတ်မှဖွင့်ကာချီးကျူးလိုက်မိသည်။ အဆိုပါ ဂိုဏ်းချုပ်ကြီး၏ခိုးယူမှုနည်းပညာမှာ အတိတ်တုန်းက သူဖမ်းဆီးခဲ့ဖူးသော မည်သည့်ဝါရင့်သူခိုးကြီးများထက်မဆို ပိုမိုသပ်ရပ်မြန်ဆန်လှပေသည်။

သို့သော်လည်း ချင်ရန်၏သိမြင်နိုင်စွမ်း အာရုံအောက်တွင်မူ မည်သူမျှ လွတ်မြောက်နိုင်ခြင်း မရှိခဲ့ချေ။

ဤလူများသည် အခြားသူများကို မည်မျှပင် ဆရာစားမချန်ပဲလေ့ကျင့်ပေးခဲ့ပါစေဦးတော့ သူတို့ကိုယ်တိုင်မှာမူ သာမန်လူသားများသာဖြစ်ကြသည်။

"မင်းက ဘယ်သူလဲ၊ ဘာလို့ ငါ့လက်ကို ကိုင်ထားတာလဲ”

လက်တစ်ထောင်ဂိုဏ်းချုပ်ကြီးသည် တံတွေးတစ်ချက်ကို အနိုင်နိုင်မျိုချလိုက်မိရင်း မေးမြန်းလိုက်သည်။ ချင်ရန်ကမူ မည်သည့်စကားမျှပြန်လည်မပြောကြားဘဲ လက်ကို ဖြတ်ကနဲ လှုပ်ရှားလိုက်ရာ ဂျောက်ခနဲဆိုသည့် မြည်သံတစ်ခုထွက်ပေါ်လာခဲ့သည်။

ထို့နောက် ဂိုဏ်းချုပ်ကြီး၏လက်ကောက်ဝတ်တွင် စနစ်တကျလက်ထိပ်ခတ်ခြင်းခံလိုက်ရပြီဖြစ်သည်။ထိုအခါ လက်တစ်ထောင်ဂိုဏ်းချုပ်ကြီး၏မျက်နှာတစ်ခုလုံးမှာ သွေးဆုတ်ဖြူလျော်သွားခဲ့ရတော့သည်။

‘ရဲ ဒီလူက ရဲအရာရှိပဲ၊ သူက ငါခိုးနေတာကို လက်ပူးလက်ကြပ်မြင်တွေ့သွားတာလား၊ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ၊ ငါ့ရဲ့ လက်အရှိန်က အထွတ်အထိပ်ကိုရောက်နေတာလေ'

နှစ်ပေါင်းလေးဆယ်ကျော် သူ့သူခိုးသက်တမ်းတစ်လျှောက်တွင် သူသည် တစ်ကြိမ်တစ်ခါမျှ မအောင်မြင်ခဲ့ဖူးခြင်း မရှိခဲ့ချေ။ သို့သော်လည်း ယနေ့တွင်မူ အသက်ငယ်ငယ်ရွယ်ရွယ်သာရှိသေးသော ရဲအရာရှိငယ်လေးတစ်ဦး၏လက်အောက်တွင် သူသည် အစအနမကျန်အောင်ရှုံးနိမ့်သွားခဲ့ရပြီ ဖြစ်၏။

"အေးအေးဆေးဆေးပဲ ငြိမ်ငြိမ်လေးနေစမ်းပါ”

ချင်ရန်က တည်ငြိမ်စွာနှင့်ပြောလိုက်သည်။ နောက်တခဏတွင်မူ သူသည် 'လက်တစ်သောင်း’ဂိုဏ်းချုပ်ကြီး၏ ဘေးတွင်ရှိနေကြသော ကျန်ရှိ‌နေသည့် နောက်လိုက်သူခိုးကြီးသုံးဦးထံသို့ လျှပ်စီးလက်သည့်အလား တိုးဝင်သွားခဲ့၏။

*ဂျောက်*

* ဂျောက်*

*ဂျောက်*

ပြတ်သားလှသော လက်ထိပ်ခတ်သံသုံးချက် ဆက်တိုက်ထွက်ပေါ်လာခဲ့ပြီးနောက် သူတို့သုံးဦးစလုံးမှာလည်း ရုန်းကန်ခွင့်ပင်မရလိုက်ဘဲ လက်ထိပ်ခတ်ခံလိုက်ရရှာတော့သည်။

ထို့နောက်တွင်တော့ ချင်ရန်သည် သူတို့ လေးဦးစလုံးကို တစ်နေရာတည်းတွင် စုစည်းလိုက်၏။ ‘လက်တစ်ထောင်’ဂိုဏ်း၏ ထိပ်သီးဝါရင့်သူခိုးကြီးလေးဦးစလုံးသည် အချင်းချင်းမယုံကြည်နိုင်သော မျက်ဝန်းများဖြင့် စိုက်ကြည့်နေမိကြ၏။

ထို့နောက် သူတို့စိတ်ထဲမှ အံ့ဩတုန်လှုပ်နေမှုများကိုမထိန်း‌နိုင်တော့ပဲ ဂိုဏ်းသားတစ်ဦးက မေးလိုက်၏။

"ဆရာကြီးပါ ဘယ်လိုလုပ်အဖမ်းခံလိုက်ရတာလဲ”

ထိုလူက တိုးညှင်းစွာမေးမြန်းလိုက်၏။

ဤမေးခွန်းမှာ ကျန်ရှိသောသူခိုးကြီးများအားလုံးလည်း သိလိုနေကြသောအရာ ဖြစ်သည်။ အကြောင်းမှာ သူတို့လေးဦးစလုံးမှာ တစ်ပြိုင်တည်း အဖမ်းခံလိုက်ရခြင်း‌ကြောင့်ဖြစ်၏။

ပို၍ထူးဆန်းသည်မှာ သူတို့လေးဦးစလုံးကိုလူငယ်တစ်ဦးကသာ လက်ရဖမ်းဆီးခဲ့ခြင်း‌ကြောင့်ဖြစ်သည်။ ထို့နောင် သူတို့‌လေးဦးစလုံး၏အကြည့်များမှာ ချင်ရန့်ကိုယ်ပေါ်သို့ စုပြုံကာ ကျရောက်သွားခဲ့ကြ၏။

"မင်းတို့တွေ ဒီမြို့ကိုလာပြီးခိုးဖို့ကြံစည်ကြတာ တကယ့်ကို ဦးနှောက်မရှိတဲ့လူတွေပဲ”

ချင်ရန်သည် သူ့ခေါင်းကို ဖြည်းဖြည်းချင်း ခါယမ်းလိုက်ရင်း ထိုလက်တစ်‌ထောင်ဂိုဏ်း၏နာမည်ကြီး သူခိုးကြီးလေးဦးစလုံးကို ဘူတာရုံ၏ယာယီထိန်းသိမ်း‌ရေး ရဲကင်းစခန်းထံသို့ တိုက်ရိုက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့တော့၏။

ထိုလက်တစ်‌ထောင်ဂိုဏ်း၏ ထိပ်သီး သူခိုးကြီးလေးဦးမှာ ယာယီထိန်းသိမ်းရေး ရဲကင်းစခန်းအတွင်းသို့ ဖမ်းဆီးခြင်းခံရလျက် ဝင်ရောက်လာခဲ့ကြသည့် အခိုက်အတန့်၌ စခန်းအတွင်းရှိနေကြသော အဆင့်နိမ့်သူခိုးများအားလုံးမှာ အလွန်အမင်းကို ထိတ်လန့်တုန်လှုပ်သွားခဲ့ကြရသည်။

တရုတ်နိုင်ငံတစ်ခွင်လုံးတွင် အစွမ်းအထက်ဆုံးနှင့် ဝါအရင့်ဆုံးဟု ကျော်ကြားလှသော လက်တစ်ထောင်ဂိုဏ်း၏ ထိပ်သီးခေါင်းဆောင်ကြီးများပင် ယခုအခါ လက်ထိပ်ခတ်လျက် အဖမ်းခံလိုက်ရပြီပင်။

‘အိုး တကယ့်ကိုပဲ၊ ဒါ ဟိုလူငယ်ရဲအရာရှိကြီးရဲ့လက်ချက်ပဲ ဖြစ်ရမယ်’

ဖမ်းဆီးခြင်းခံထားရသည့် သူခိုးမှန်သမျှသည် ချင်ရန့်မျက်နှာကို နောင်ဘဝတိုင်အောင် ဘယ်တော့မှ မေ့လျော့နိုင်ကြတော့မည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် သူတို့၏နှစ်ပေါင်းများစွာရှိသော ဒုစရိုက်သက်တမ်းတွင် ပထမဦးဆုံးအကြိမ်အဖြစ် ရှုံးနိမ့်မှုကိုပေးအပ်ခဲ့သူမှာ ဤချင်ရန်ဟုခေါ်သော ရဲတစ်ယောက်ကြောင့်ပင်ဖြစ်သည်။

"ကဲ ဟုတ်ပြီ၊ မင်းတို့တွေ ဒီမှာပဲ အေးအေးဆေးဆေးနေခဲ့ကြတော့နော်”

သူခိုးလောက၏ထိပ်ခေါင်သက်တမ်းရင့် သူခိုးကြီးလေးဦးစလုံးကို ဖမ်းဆီးနိုင်ခဲ့သော်လည်း ချင်ရန့်စိတ်ထဲတွင်မူ ဂုဏ်ယူဝင့်ကြွားမှုများ လုံးဝရှိမနေခဲ့ချေ။

သို့သော်လည်း သူခိုးလောကအတွင်း၌မူ ဤသူခိုးကြီးလေးဦးမှာ တကယ့်နတ်ဘုရားများအလား ကိုးကွယ်ခြင်းခံထားရသူများဖြစ်ပြီး ယမန်နှစ်တုန်းက ဖမ်းဆီးခြင်းခံခဲ့ရသော 'ချန်ရှန့်ကုမ္ပဏီ'ထက်ပင် အဆပေါင်းများစွာ ပိုမိုအစွမ်းထက်လှသူများဖြစ်ကြသည်။

ချင်ရန်သည် ဘူတာရုံအတွင်းပိုင်းဆီသို့ ထပ်မံ၍ အေးဆေးခြေလှမ်းလှည့်ခဲ့ပြန်သည်။ သူ့အတွက်မူ သူခိုးဖမ်းရသည်မှာ ရေသောက်ရသည်ထက်ပင် ပိုမိုလွယ်ကူရိုးရှင်းလှသော ကိစ္စရပ်တစ်ခုသာဖြစ်နေ၏။

ဘူတာရုံ၏ အခြားတစ်ဖက်တွင်မူ

လီတာ့ဝေ၊ ယန်ရှူနှင့် လင်းကုဝေတို့အဖွဲ့သားများသည် ဘူတာရုံအတွင်း၌ အဖွဲ့ဝင် ခုနစ်ဦးပါဝင်သော သူခိုးဂိုဏ်းကြီးတစ်ခုကို အောင်မြင်စွာဖမ်းဆီးနိုင်ခဲ့ကြသဖြင့် သူတို့သည် စိတ်လှုပ်ရှားတက်ကြွစွာဖြင့် ယာယီထိန်းသိမ်းရေး ရဲကင်းစခန်းသို့ ပြန်လည်ရောက်ရှိလာခဲ့ကြသည်။

သို့သော်လည်း ယာယီထိန်းသိမ်းရေး ရဲကင်းစခန်းအတွင်းရှိ မြင်ကွင်းကြီးကို မြင်တွေ့လိုက်ရသည့်အခါတွင်မူ သူတို့အားလုံးမှာ အံ့ဩလွန်းသဖြင့် စကားလုံးများပင်ပျောက်ကွယ်ကာ ဆွံ့အသွားခဲ့ကြရ၏။

သူတို့ကိုယ်တိုင်ပင် ဤထိန်းသိမ်း‌ရေးစခန်းနေရာ၌ အပိုလူများဖြစ်နေသလားဟုပင် ကိုယ့်ကိုကိုယ်ထင်မှားသံသယများ ဝင်သွားရသည်။ သူတို့နှင့်အတူ လိုက်ပါလာကြသော အခြားရဲအရာရှိများအားလုံးသည်လည်း ဤထိန်းသိမ်း‌ရေးရဲကင်းစခန်းအတွင်းမှ ပြန်လည်ထွက်ခွာရန်ပင် ဝန်လေးနေခဲ့ကြရသည်။

ထိုအခါ လင်းကုဝေမ‌နေနိုင်တော့ဘဲ စခန်းတာဝန်ခံအား မေးမြန်းလိုက်သည်။

"ဒါဆို ဒီမှာရှိနေတဲ့လူတွေအားလုံးကို ချင်ရန်တစ်ယောက်တည်းကပဲ ဖမ်းခေါ်လာခဲ့တာပေါ့ ဟုတ်လား”

ထိုအခါ စခန်းတာဝန်ခံရဲအရာရှိက လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။

လင်းကုဝေရင်ထဲ၌ ကြီးမားလှသော ထိတ်လန့်တုန်လှုပ်မှုများနှင့်အတူ တကယ့်ကိုအတိုင်းအဆမရှိလှသော ဆုံးရှုံးမှုဝေဒနာကြီးကို ခံစားလိုက်ရရှာသည်။

သူသည် ရဲအရာရှိဘဝဖြင့် နှစ်ပေါင်းများစွာတိုင်အောင် တာဝန်ထမ်းဆောင်လာခဲ့သော်လည်း သူခိုးဖမ်းဆီးသည့်စွမ်းဆောင်ရည်ပိုင်းတွင်မူ သူသည် ချင်ရန်၏ စွမ်းဆောင်ရည်ဆယ်ပုံတစ်ပုံကိုပင် မမီနိုင်ခဲ့ချေ။

ထိုအခါ လင်းကုဝေ မချိတင်ကဲပြုံးလိုက်မိ၏။ မိမိသည် ကိုယ့်ကိုကိုယ် ဤပါရမီရှင်လူထူးဆန်းကြီးချင်ရန်နှင့် သွားရောက်၍ မနှိုင်းယှဉ်မိစေရန်သာ စိတ်ထဲကနေ အမြန်ဆုံးသတိပေးနေရသည်။

ယန်ရှုနှင့် လီတာ့ဝေတို့သည်လည်း အချင်းချင်းအကြည့်များ ဖလှယ်လိုက်ကြပြီးနောက် အားကိုးရာမဲ့စွာဖြင့်ပြုံးလိုက်မိကြသည်။ သူတို့နှစ်ဦးမှာ ချင်ရန်၏ပါရမီရှင်စွမ်းရည်များကို အကြိမ်ကြိမ် ခံစားဖူးကြပြီးဖြစ်ရာ ယခုအခါတွင်မူ သာမန်ဟုသာခံစားရပြီး အလွန်အမင်းထိတ်လန့်‌နေခြင်းမျိုးမရှိတော့ချေ။

ဤသို့ဖြင့် နောက်နေ့ရက်တစ်ရက်မှာလည်း အမြန်ဆုံးဖြင့်ကုန်လွန်သွားခဲ့ပြန်သည်။ လင်းကုဝေနှင့် သူ့ရဲအဖွဲ့သားများသည် ဖမ်းဆီးရမိထားသော သူခိုးများအားလုံးကို ရဲဌာနချုပ်ကြီးသို့ခေါ်ဆောင်သွားခဲ့ပြီး စနစ်တကျစစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြသည်။

စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေစဉ်အတွင်းမှာလည်း လင်းကုဝေ ထပ်မံ၍ အလွန်အမင်း အံ့ဩသွားခဲ့ရပြန်သည်။

အဘယ်ကြောင့်ဆိုသော် ဤဖမ်းဆီးခံထားရသူများထဲ၌ သူခိုးလောကတွင် အလွန်ကို နာမည်ကြီးလှသော ထိပ်သီး သူခိုးကြီးများစွာ ပါဝင်နေသောကြောင့်ပင် ဖြစ်သည်။

အထူးသဖြင့် ချင်ရန် ဖမ်းဆီးပေးခဲ့သော ထို လက်တစ်ထောင်ဂိုဏ်းချုပ်ကြီးမှာဆိုလျှင် အတိတ်ကာလတုန်းကတည်းက ငွေစုဘဏ်ကြီးများ၏အပြင်ဘက်တွင် ရဲရဲတင်းတင်းထိုင်လျက် ငွေထုတ်လာသူများထုတ်လာသည့် ပိုက်ဆံများအား ရဲရဲတင်းတင်းခိုးယူနှိုက်ဝံ့သည်အထိ အလွန်ကို ရဲတင်းခဲ့သူဖြစ်သည်။

သူတို့၏အထွတ်အထိပ်ကာလများ၌မူ တစ်ရက်တည်း၌တွင် ခိုးယူရရှိသော ငွေကြေးပမာဏမှာ ယွမ်သန်းချီ၍ရှိခဲ့သည်။ ဤကဲ့သို့သော ထိပ်သီး ရာဇဝတ်ကောင်ကြီးများကို ဥပဒေအရ ပြစ်ဒဏ်ချမှတ်ရမည်ဆိုလျှင် အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ အနှစ်၂၀အထိ ကျခံရမည်ဖြစ်သည်။

ယခုတစ်ကြိမ်တွင်မူ ဤမျှကြီးမားလှသော ဒုစရိုက်ငါးကြီးများကို အမိအရ ဖမ်းဆီးနိုင်ခဲ့သဖြင့် အတိတ်ကာလတုန်းက မဖြေရှင်းနိုင်ခဲ့ဘဲကြန့်ကြာနေခဲ့ရသည့် ခိုးမှုအဟောင်းအမြောက်အမြားကိုပါ တစ်ပြိုင်တည်း အမှုမှန်ဖော်ထုတ်နိုင်ခဲ့ပြီဖြစ်သည်။

နွေဦးခရီးသွားရာသီ၏ နောက်ဆက်တွဲ ရက်အနည်းငယ်အတွင်း၌မူ ဘူတာရုံအတွင်းရှိ သူခိုးများ၊ ခါးပိုက်နှိုက်များ အရေအတွက်မှာ တစ်နေ့ထက်တစ်နေ့ သိသိသာသာလျော့နည်းသွားခဲ့ရတော့သည်။

အဘယ်ကြောင့်ဆိုသော် 'လက်တစ်‌ထောင်ဂိုဏ်း'၏ထိပ်သီးသူခိုးကြီးလေးဦးစလုံးသည် လက်ရဖမ်းဆီးခြင်းခံလိုက်ရပြီဟူသော သတင်းဆိုးကြီးမှာ ဒုစရိုက်သူခိုးလောကအတွင်းသို့ အချိန်မဆိုင်းပဲ တောမီးအလားပျံ့နှံ့သွားခဲ့သောကြောင့်ဖြစ်သည်။

အခြားသော သူခိုးဂိုဏ်းဝင်များစွာမှာလည်း မိမိတို့လွတ်မြောက်ရန်အတွက် အလွန်ကို ထိတ်လန့်သွားခဲ့ကြရပြီး နောင်ကို ဖိန်လင်မြို့အတွင်း၌ လုံးဝမခိုးဝံ့ကြတော့ချေ။ သူတို့သည် မိမိတို့၏ကံကြမ္မာကိုသာအရှုံးပေးလျက် ယခုနှစ် နှစ်သစ်ကူးကာလအတွင်း မည်သည့်ဒုစရိုက်မှုကိုမျှမပြုလုပ်ဘဲ ငြိမ်ငြိမ်လေးနေထိုင်ရန်သာ ဆုံးဖြတ်လိုက်ကြ၏။

All Chapters