အခန်း ၂၃၅
Vol. 24 Ch. 235
235
ဖုန်းချသွားပြီးနောက်တွင်လည်း ယုချန်၏စိတ်အာရုံထဲ၌ ချင်ရန့်မျက်နှာသာ တဝဲလည်လည် ရှိနေခဲ့သည်။ နှမြောစရာကောင်းသည်မှာ ဖုန်းပြောချိန်မှာ ကန့်သတ်ချက်ရှိနေသဖြင့် ချင်ရန်နှင့်ပိုမိုကြာရှည်စွာ စကားမပြောလိုက်ရခြင်းပင် ဖြစ်သည်။
သို့သော်လည်း သူမအနေဖြင့် အလွန်ကို အရေးကြီးလှသောအမှုကိစ္စကြီးကို ချင်ရန်အား သတင်းပေးပြောပြနိုင်ခဲ့ပြီ ဖြစ်သည်။ သူမအနေဖြင့် ချင်ရန်သည် ဖိန်လင်မြို့အမျိုးသမီးအကျဉ်းထောင်ထံသို့ အမြန်ဆုံးအကြောင်းကြားပေးလိမ့်မည်ဟု အကြွင်းမဲ့ယုံကြည်ထား၏။
ထိုအချိန်ကျလျှင် ဤမျှအထိကြီးမားလှသော အမှုထမ်းကောင်းအောင်မြင်မှုဂုဏ်သတင်းမှာလည်း ချင်ရန့်လက်ထဲသို့ ရောက်ရှိသွားမည်ဖြစ်၏။ အကျဉ်းထောင်တွင်း၌ ပိတ်လှောင်ခံထားရသည့်တိုင်အောင် ယုချန်ရင်ထဲ၌ ချင်ရန်တစ်ဦးတည်းကိုသာ အစဉ်အမြဲတမ်းတနေခဲ့ရ၏။
သူမသည် ထောင်စောင့်ရဲမေများ၏ လိုက်ပါစောင့်ကြပ်မှုဖြင့် မိမိအကျဉ်းခန်းဆောင်ဆီသို့ ပြန်လည်လျှောက်လှမ်းလာခဲ့သည်။ ယုချန်သည် သာမန်အကျဉ်းခန်းများထက် သုံးဆခန့် ပိုမိုကျယ်ဝန်းလှသော သီးသန့်အခန်းကြီးတစ်ခုရှေ့မှ ဖြတ်သန်းသွားရစဉ်အတွင်း သူမခြေလှမ်းများမှာ ရုတ်တရက်ဆိုသလို သိသိသာသာမြန်ဆန်သွားခဲ့ရသည်။
အဘယ်ကြောင့်ဆိုသော် ဤအခန်းကြီးမှာ ထောင်တွင်းရှိအကျဉ်းသူအားလုံး ခေါင်းငုံ့ရိုသေကြရသော သာ့ကျဲဆိုသည့် ဘုရင်မကြီးစိုးစံရာ အခန်းဖြစ်သောကြောင့်ဖြစ်သည်။
ယုချန်ရင်ထဲ၌မူ အကြောင်းရင်းမရှိဘဲ စိုးရိမ်စိတ်ဖြင့် အပြစ်မကင်းသလိုခံစားလိုက်ရသည်။ ထိုကျယ်ဝန်းလှသော အခန်းကြီး၏အတွင်း၌မူ အကျဉ်းသူ ထောင်သောင်းချီတို့၏ ခေါင်းဆောင်ကြီးအဖြစ် သတ်မှတ်ခြင်းခံထားရသော အသက် ၄၀ခန့် အရွယ်ရှိသည့် အမျိုးသမီးကြီး၏မျက်နှာထက်တွင် အလှကုန်ပစ္စည်းများကို ထူထဲစွာလိမ်းခြယ်ထားသဖြင့် အသက်အရွယ်ကြီးရင့်ပုံမပေါ်ချေ။
သူမခန္ဓာကိုယ်တစ်ခုလုံးတွင် ဒုစရိုက်လောက၏ ဂိုဏ်းချုပ်ကြီးတစ်ဦးကဲ့သို့ သြဇာအာဏာအရှိန်အဝါများဖြင့် ပြည့်နှက်နေပြီး သူမမျက်ဝန်းအစုံအတွင်း၌မူ ရက်စက်ကြမ်းကြုတ်လှသော သတ်ဖြတ်လိုသည့် အရိပ်အယောင်များ ဖြတ်သန်းသွားခဲ့သည်။
သူမသည် သာမန်အကျဉ်းသူဝတ်စုံကိုသာ ဝတ်ဆင်ထားသော်လည်း သူမကိုယ်ပေါ်တွင် အကျဉ်းသားတစ်ဦး၏ အငွေ့အသက်မျိုး လုံးဝမရှိချေ။
ဤဧရာမအခန်းကြီးအတွင်း၌ အခြားသော အကျဉ်းသူအမျိုးသမီးခြောက်ဦးလည်းရှိနေခဲ့ပြီး သူတို့အားလုံးမှာ သူမထံအသက်ပေးကာ သစ္စာခံထားကြသော အနီးကပ်လက်ပါးစေများဖြစ်ကြသည်။
သူတို့သည် ကိုယ်ခန္ဓာထွားကြိုင်းသန်မာကြသူများ သို့မဟုတ် ဆူဖြိုးထွားကြိုင်းသူများဖြစ်ကြ၏။ ဤအမျိုးသမီး အကျဉ်းသူတို့သည် ထောင်တွင်း၌အုပ်စုဖွဲ့ အနိုင်ကျင့်ရိုက်နှက်နှိပ်စက်ခြင်းနှင့် စည်းကမ်းထိန်းသိမ်းခြင်းများတွင် အလွန်အမင်းကျွမ်းကျင်ကြသူများဖြစ်ကြသည်။
"နင်တို့တွေအားလုံး ခုနဖုန်းထဲက စကားတွေကို အကုန်ကြားလိုက်ရတယ်မလား”
သာ့ကျဲသည် မည်သည့်နေရာမှထုတ်ယူလိုက်သည်မသိသော စီးကရက်တစ်လိပ်ကို နှုတ်ခမ်းတွင်ခဲကာ မီးညှိလိုက်ရင်း မီးခိုးငွေ့များကို အဝိုင်းလိုက် ခပ်အေးအေးမှုတ်ထုတ်ပြီးမှ စကားစလိုက်သည်။
ကျန်ရှိနေသော အမျိုးသမီးခြောက်ဦးစလုံးကလည်း အေးစက်စက် မျက်နှာထားများဖြင့် ခေါင်းညိတ်ပြကြသည်။
"ငါတို့ရဲ့လျှို့ဝှက်ထောင်ဖောက်မယ့် စီမံကိန်းကြီးကို ထောင်ထဲကကောင်မတစ်ကောင် ကြိုသိသွားလိမ့်မယ်လို့ ငါ လုံးဝမထင်ထားခဲ့ဘူး၊ ဒါတင်မကသေးဘူး၊ အဲဒီကောင်မက ပြင်ပလူတစ်ယောက်ဆီကိုပါ သစ္စာဖောက်ပြီး ချက်ချင်းသတင်းပေးလိုက်သေးတယ် ထွီ”
"ထောင်ဖောက်မယ့်အစီအစဉ်ကို အခုချက်ချင်းစတင်ရမယ်၊ နောက်ဘယ်လိုနည်းနဲ့မှ အချိန်ဆွဲလို့မရတော့ဘူး”
သာ့ကျဲသည် တည်ငြိမ်အေးဆေးလှသော လေသံဖြင့် အမိန့်ပေးလိုက်သည်။
ကျန်ရှိသော အနီးကပ်လက်ပါးစေ ခြောက်ဦးစလုံး၏မျက်နှာထက်တွင် ရိုသေကာ နာခံလှသောအမူအရာများ ပေါ်ပေါက်လာခဲ့သည်။ သူတို့အနက်မှ တစ်ဦးက မေးမြန်းလိုက်သည်။
"သာ့ကျဲ ကျွန်မတို့တွေ အခုချက်ချင်းပဲ မူလစီမံကိန်းအတိုင်း လှုပ်ရှားကြတော့မလား”
သာ့ကျဲက ခေါင်းညိတ်ကာသဘောတူလိုက်သည်။
"ဒါပေါ့ မူလစီမံကိန်းအတိုင်းကို ပြက်ပြက်သားသားလှုပ်ရှားကြမယ်၊ ဒါပေမဲ့ အဲဒီမတိုင်ခင်မှာ ငါတို့တွေအရင်ဆုံး လူတစ်ယောက်ကို ရှင်းပစ်ဖို့လိုလိမ့်မယ်”
ထိုအခါ၌ သူမမျက်ဝန်းအစုံအတွင်းမှ ရက်စက်ကြမ်းကြုတ်လှသော သတ်ဖြတ်လိုသည့် အငွေ့အသက်များ ချက်ချင်း ထွက်ပေါ်လာခဲ့တော့သည်။ သူမသည် အတိတ်ကာလတုန်းက လူသတ်မှုများစွာကိုကျူးလွန်ခဲ့ဖူးသူဖြစ်ရာ သူမစိတ်ထဲ၌ သတ်ဖြတ်လိုစိတ်ပေါ်ပေါက်လာသည့် အခါတိုင်းတွင် သူမမျက်ဝန်းများသည် မြင်ရသူအပေါင်းကို တုန်လှုပ်ခြောက်ခြားစေရလောက်အောင်ပင် ကြောက်မက်ဖွယ်ကောင်းလှ၏။
"ကောင်းပါပြီ သာ့ကျဲ”
ကျန်ရှိသော အမျိုးသမီးခြောက်ဦးစလုံး၏မျက်နှာထက်တွင် ရက်စက်လှသောအပြုံးများ ပေါ်ထွက်လာခဲ့သည်။
ယခုအချိန်တွင် မည်သူ့အားရှင်းလင်းပစ်ရမည်နည်း။ ဤသည်မှာ မေးနေရန်ပင်မလိုဘဲ လျှို့ဝှက်ချက်ကို ပြင်ပသို့ပေါက်ကြားအောင်ပြုလုပ်ခဲ့သော သစ္စာဖောက် ယုချန်သာလျှင် ဖြစ်ပေ၏။
အမှန်အတိုင်းဆိုရလျှင်မူ သာ့ကျဲအနေဖြင့် ဤအကျဉ်းထောင်အတွင်း၌ မည်သည့်လူသတ်မှုမျိုးကိုမျှ ကျူးလွန်ရန်အစီအစဉ်မရှိခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် သူမသည် ထောင်ဖောက်ပြေးရန်သာ အဓိကရည်ရွယ်ထားပြီး မလိုအပ်ဘဲ အမှုအခင်းကြီးများ ထပ်မံမဖြစ်ပွားစေလိုသောကြောင့်ဖြစ်သည်။
သို့သော်လည်း ယခုအခါတွင်မူ အခြေအနေများက ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။ အကျဉ်းသူတစ်ယောက်က ရဲတင်းလှစွာဖြင့် သူတို့ထောင်ဖောက်ပြေးမည့်အစီအစဉ်အား ပြင်ပသို့ပေါက်ကြားအောင်ပြုလုပ်ခဲ့ခြင်းကြောင့်ဖြစ်သည်။
*ဂျောက်*
သာ့ကျဲ၏နောက်လိုက်လက်ပါးစေ အမျိုးသမီးတစ်ဦးသည် အိတ်ကပ်အတွင်းမှ ကိရိယာကိုထုတ်ယူကာ အကျဉ်းခန်းတံခါးမကြီးကို ကျွမ်းကျင်စွာ ဖွင့်လှစ်လိုက်တော့သည်။
ဤအမျိုးသမီးသည် အတိတ်ကာလတုန်းက သူခိုးလောကတွင် နာမည်ကျော်ကြားလှသော ဝါရင့်သူခိုးမကြီးတစ်ဦးဖြစ်ခဲ့ပြီး သော့မှန်သမျှကို လွယ်ကူစွာဖွင့်လှစ်နိုင်သည့် သော့ဖွင့်ပညာတွင် အလွန်အမင်း ကျွမ်းကျင်လှရာ ထောင်တွင်းရှိသံတံခါးကြီးများသည်ပင် သူမအားတားဆီးနိုင်ခြင်းမရှိချေ။
ထို့နောက် သာ့ကျဲအပါအဝင် အကျဉ်းသူ ခုနစ်ဦးတို့သည် မိမိတို့နေထိုင်ရာ အကျဉ်းခန်းအတွင်းမှနေ၍ ဝင့်ကြွားစွာထွက်ခွာလာခဲ့ကြတော့သည်။ ထိုစဉ်
အခြားသောအကျဉ်းခန်းများအတွင်းရှိ အကျဉ်းသူများသည် ဤလူစုကြီးအခန်းပြင်သို့ထွက်လာသည်ကို မြင်တွေ့လိုက်ရသည့်အခါ အလွန်တရာထိတ်လန့်တုန်လှုပ်သွားကြရသော်လည်း မည်သူမှ စကားတစ်လုံးမျှမဟရဲကြချေ။
အကယ်၍သာ သူတို့အနေဖြင့် အသံတစ်ချက်ပြုလုပ်မိပါက သို့မဟုတ် ထောင်စောင့်များကို သွားရောက်အကြောင်းကြားမိလ်ိုက်ပါက သူတို့နောင်ရေးမှာ မတွေးဝံ့စရာကောင်းလောက်အောင် ဆိုးရွားသွားမည်ဖြစ်သဖြင့် မည်သူမျှ မလိုအပ်ဘဲပြဿနာကို ရင်မဆိုင်လိုကြချေ။
အထူးသဖြင့် ထောင်တွင်း၌ပြစ်ဒဏ်ကျခံနေရသူများအဖို့ မိမိတို့ပြစ်ဒဏ်ကာလကို အေးအေးဆေးဆေးကုန်လွန်စေပြီး ထောင်မှ အမြန်ဆုံးလွတ်မြောက်ရန်သာ ဆန္ဒရှိနေကြသောကြောင့် ဖြစ်သည်။
အခြားသော အကျဉ်းခန်းတစ်ခုအတွင်း၌ ယုချန်သည် သူမကိုယ်ပိုင်အကျဉ်းခန်းဆောင်ထဲတွင်ရှိနေခဲ့ပြီး သူမသည် အိမ်သာသို့သွားရောက်ပြီးနောက် အိပ်ရာဝင်ရန် ပြင်ဆင်နေခဲ့သည်။
သို့သော်လည်း ရုတ်တရက်ဆိုသလို အရိပ်မည်းကြီးတစ်ခုက သူမအခန်းတံခါးဝကို ပိတ်ဆို့လိုက်တော့သည်။
ယုချန်၏အခန်းဖော်အကျဉ်းသူမှ မျက်လုံးပင့်ကြည့်လိုက်ရာ ထိုသူမှာ မိမိတို့အကျဉ်းထောင်၏ဘုရင်မကြီးဖြစ်သော သာ့ကျဲဖြစ်နေသည်ကို တွေ့ရှိလိုက်ရသဖြင့် ချက်ချင်းပင်တစ်ကိုယ်လုံး တုန်လှုပ်ခြောက်ခြားသွားကာ စောင်ကိုခေါင်းမြီးခြုံလျက် အပြင်သို့လုံးဝမကြည့်ရဲတော့ချေ။
ထိုနည်းတူစွာ ယုချန်၏မျက်နှာတစ်ခုလုံးသည်လည်း ချက်ချင်းပင်သွေးဆုတ်ကာ ဖြူလျော်သွားခဲ့ရတော့သည်။
*ဂျောက်*
ထို့နောက် ယုချန်ရှိနေသော အကျဉ်းခန်း တံခါးမကြီးသည်လည်း လွယ်ကူစွာဖွင့်လှစ်ခြင်းခံလိုက်ရ၏။ ထို့နောက်
အကျဉ်းသူခုနစ်ဦးတို့သည် အခန်းတွင်းသို့ တဖြည်းဖြည်းချင်း ချဉ်းကပ်ဝင်ရောက်လာခဲ့ကြသည်။
ယုချန်မှာမူ အခန်းထောင့်စွန်းဆီသို့ နောက်ဆုတ်သွားခဲ့ရာ သူမသည် လွတ်မြောက်ရန် လမ်းစမရှိတော့ချေ။
"နင် နင်တို့ ဘာလုပ်မလို့လဲ”
သူမသည် ကြောက်လန့်ကာ တုန်ရီလှသောလေသံဖြင့် မေးမြန်းလိုက်၏။
ယုချန်သည် သာမန်မိန်းကလေးတစ်ဦးဖြစ်ရာ ခန္ဓာကိုယ်မှာလည်း သေးသွယ်ပိန်ပါးသူဖြစ်သည်။ မိမိရှေ့တွင်ရှိနေကြသော သာ့ကျဲအပါအဝင် အမျိုးသမီး ခြောက်ဦးစလုံး၏ကိုယ်ခန္ဓာများမှာမူ ထွားကြိုင်းလှကာ ဟဲဗီးဝိတ်ဝါရင့်လူမိုက်ကြီးများဖြစ်ကြသဖြင့် မြင်ရုံမျှဖြင့်ပင် အလွန်အမင်း ခြောက်ခြားဖွယ်ကောင်းလှသည်။
သာ့ကျဲသည် ခြေလှမ်းနှစ်လှမ်းခန့်ရှေ့သို့ တိုးကပ်လာခဲ့ပြီးနောက် အေးစက်စက် လေသံဖြင့် အေးအေးဆေးဆေးပြောလိုက်သည်။
"ငါ ထောင်ဖောက်ပြေးမယ့်ကိစ္စကို အပြင်ကလူတွေကို သစ္စာဖောက်ပြီး သတင်းပေးဖို့ နင့်မှာ ဘယ်လိုသတ္တိမျိုးတွေရှိနေတာလဲဆိုတာ ငါ တကယ်ပဲသိချင်မိတယ်”
သာ့ကျဲစကားကြောင့် ယုချန်၏သူငယ်အိမ်များ ချက်ချင်းပင် ကျုံ့ဝင်သွားခဲ့ရတော့သည်။
'ဒါ ဒါကို သူမ သူမ ဘယ်လိုလုပ်ပြီးသိသွားရတာလဲ”
သို့သော်လည်း မိမိအနေဖြင့် ခပ်ကြာကြာတွေးတောရန် အချိန်မရလိုက်ချေ။ ထို့နောက် သာ့ကျဲမှ လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် တပြိုင်တည်း သူမဘေးရှိ လက်ပါးစေဝါရင့်အမျိုးသမီးကြီးနှစ်ဦးသည် ယုချန်၏ပါးပြင်နှစ်ဖက်ဆီသို့ ရက်စက်လှသောလက်ဝါးစောင်းများဖြင့် အဆက်မပြတ်ရိုက်နှက်လိုက်တော့သည်။
*ဖြောင်း ဖြောင်း*
ကျယ်လောင်လှသော ပါးရိုက်သံကြီးများနှင့်အတူ ယုချန်၏မျက်နှာတစ်ခုလုံးသည် ချက်ချင်းပင်ဖူးရောင်ညိုမည်းသွားခဲ့ရတော့သည်။ သူမ၏အတိတ်ကာလတုန်းက စင်ကြယ်လှပလှသောမျက်နှာလေးမှာ ယခုအခါတွင် လုံးဝကိုပျက်စီးသွားခဲ့ရပြီး မျက်လုံးနှစ်ဖက်စလုံးပင် သွေးကြေများဥကာ ပိတ်ဆို့သွားခဲ့ရသည်။
*ဒုန်း*
*အင့်*
ထိုအချိန်တွင်ပင် သာ့ကျဲကိုယ်တိုင်က ပြင်းထန်လှသော ခြေကန်ချက်တစ်ခုဖြင့် ယုချန်၏ဝမ်းဗိုက်ကို ကန်ထည့်လိုက်ရာ ယုချန်သည် ကြမ်းပြင်ပေါ်သို့အရှိန်ဖြင့် လဲပြိုကျသွားခဲ့ကာ အောင့်တက်လာသော ဝမ်းဗိုက်ကိုကိုင်လျက် ပုဇွန်ထုပ်ကွေးသလိုကွေးကာ ကြမ်းပြင်ပေါ်သို့လဲကျသွား၏။
"နောင်ဘဝကျရင်တော့ နင့်ပါးစပ်ကို စောင့်စည်းဖို့ သင်ခန်းစာရသွားတာပေါ့၊ နင်တို့နှစ်ယောက်ယူလာတဲ့ ညှပ်ကဘယ်မှာလဲ၊ ဒီကောင်မရဲ့လျှာကို အမြစ်ကနေ ဆွဲထုတ်ပစ်ပြီး အရင်းကနေကပ်ညှပ်ပစ်လိုက်စမ်း၊ တော်တော်ရှည်တဲ့လျှာကို သင်ခန်းစာပေးရမယ်”
သာ့ကျဲက ကမ္ဘာပျက်မည့်အမိန့်ကို အေးအေးဆေးဆေး ညွှန်ကြားလိုက်သည်။ ဤစကားလုံးများသည် ကြမ်းပြင်ပေါ်တွင် သွေးအိုင်ထဲလဲလျောင်းနေရရှာသော ယုချန်၏နားစည်အတွင်းသို့ ရောက်ရှိလာသည့်အခါ ငရဲဘုံ၏အနက်ရှိုင်းဆုံးနေရာမှ ထွက်ပေါ်လာသော မိစ္ဆာကောင်ကြီး၏အသံအလား ခံစားသွားရ၏။
ထိုအချိန်တွင် ရှကျဲအိမ်၌ ညစာစားပွဲ ဆင်နွှဲနေခဲ့သော ချင်ရန်မှာမူ အမျိုးသမီးအကျဉ်းထောင်အတွင်း၌ဖြစ်ပွားနေခဲ့သော ဤမျှအထိဆိုးရွားလှသည့် အသက်အန္တရာယ်ချိန်းခြောက်မှု
ကိစ္စရပ်များကို လုံးဝသိရှိမထားခဲ့ချေ။
သူသည် ဖုန်းချလိုက်ပြီးနောက် သူ့မျက်နှာအမူအရာမှာ အတည်ငြိမ်ဆုံးနှင့် အလေးနက်ဆုံးပုံစံသို့ ပြောင်းလဲသွားခဲ့သည်။ ချင်ရန်၏အမူအရာပျက်ယွင်းသွားသည်ကိုမြင်တွေ့လိုက်ရသည့်အခါ လင်းကုဝေက စိုးရိမ်စိတ်ဖြင့်မေးမြန်းလိုက်သည်။
"ဘာဖြစ်လို့လဲ ချင်ရန် အရေးကြီးကိစ္စ တစ်ခုခုရှိလို့လား”
ချင်ရန် ခေတ္တမျှစဉ်းစားလိုက်ပြီးနောက် လင်းကုဝေအား အလေးအနက်ထားကာ ပြောလိုက်သည်။
"ကျွန်တော့်ဆီကို အကျဉ်းသူတစ်ယောက်က လျှို့ဝှက်သတင်းပေးလာပါတယ်၊ အခု ဖ်ိန်လင်မြို့အမျိုးသမီး အကျဉ်းထောင်ရဲ့အတွင်းမှာ လူတစ်စုက ထောင်ဖောက်ပြေးဖို့စနစ်တကျကြံစည်နေကြတယ်လို့ လျှို့ဝှက်တိုင်ကြားလာတယ်”
ထိုအခါ လင်းကုဝေ၏မျက်နှာအမူအရာမှာလည်း ချက်ချင်းပင်ထိတ်လန့်သွားခဲ့ရသည်။
“ထောင်ဖောက်ပြေးမယ် ဟုတ်လား၊ တရုတ်နှစ်သစ်ကူးရဲ့အကြိုနေ့ညကြီးမှာ ထောင်ဖောက်ဖို့ ကြံစည်ရဲတယ်ပေါ့၊ တကယ့်ကို ရဲတင်းလွန်တာပဲ၊ ဒီသတင်းက တကယ်ပဲ ယုံကြည်စိတ်ချရရဲ့လား ချင်ရန်”
"ရာနှုန်းပြည့် ယုံကြည်စိတ်ချရပါတယ် ဦးလေးလင်း”
ချင်ရန် ခေါင်းကိုအခိုင်အမာငြိမ့်လိုက်ပြီး အာမခံလိုက်သည်။ ထိုအခါ လင်းကုဝေ၏မျက်နှာမှာ တည်ကြည်သွားခဲ့ရပြီး သူသည် ချက်ချင်းပင် သူ့လက်ကိုင်ဖုန်းကိုကောက်ကိုင်ကာ မြို့တော်ရဲချုပ်ကြီး ရှီကျင်းစုန့်ထံသို့ ဖုန်းခေါ်ဆိုလိုက်တော့သည်။
အဘယ်ကြောင့်ဆိုသော် သူသည်အမျိုးသမီးအကျဉ်းထောင်၏ တာဝန်ခံ ညွှန်ကြားရေးမှူး၏ဖုန်းနံပါတ်ကို တိုက်ရိုက်မသိသဖြင့် ရဲချုပ်ရှီကျင်းစုန့်သာလျှင် ထိုနံပါတ်ကိုသိရှိနိုင်သောကြောင့်ဖြစ်သည်။
ထိုအချိန်တွင် ချင်ရန်မတ်တတ်ရပ်လိုက်ရင်း ဆက်လက်ပြောကြားသည်။
"အခုအချိန်က နှစ်သစ်ကူးကာလဖြစ်နေတာကြောင့် အကျဉ်းထောင်ရဲ့ထောင်စောင့်ရဲမေအများစု အားလပ်ရက် ယူထားကြမှာသေချာတယ်၊ ဒီတော့
အကျဉ်းထောင်တွင်းမှာက လုံခြုံရေး အင်အားနည်းပါးနေတဲ့ အခြေအနေလည်းဖြစ်နိုင်တယ်"
"ဒါကြောင့်မို့ ဒုစရိုက်သမားတွေ ဒီအချိန်ကိုအခွင့်ကောင်းယူပြီး ထောင်ဖောက်ဖို့ ကြံစည်ရဲတာပဲ၊ ဒါကလည်း သူတို့အတွက် အခွင့်အရေးကောင်းရသွားတာနဲ့ အတူတူပဲပေါ့"
"ဦးလေးလင်း ကျွန်တော်ကိုယ်တိုင် အဲဒီနေရာကို အခုချက်ချင်းသွားချင်တယ်၊ အမျိုးသမီးအကျဉ်းထောင်က ထောင်စောင့်တွေအနေနဲ့ ဒီအခြေအနေဆိုးကြီးကို ဘယ်လိုမှထိန်းချုပ်နိုင်မှာမဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်”
ချင်ရန်က သူ့စိတ်ထဲမှ စိုးရိမ်စိတ်များကို ပွင့်ပွင့်လင်းလင်းထုတ်ဖော်ပြောကြားလိုက်သည်။ တစ်ပြိုင်တည်းမှာပင် လင်းကုဝေသည် ရဲချုပ်ကြီးရှီကျင်းစုန့်ထံသို့ အခြေအနေအရပ်ရပ်ကို အကျဉ်းချုပ်၍ အမြန်ဆုံးရှင်းလင်းပြောကြားလိုက်ရာ ရဲချုပ်ကြီးသည်လည်း ချက်ချင်းပင် အမျိုးသမီးအကျဉ်းထောင်၏တာဝန်ခံထံသို့ တိုက်ရိုက်ဖုန်းဆက်သွယ်ရန် ပြင်ဆင်လိုက်တော့သည်။
ဖုန်းကောပြီးဆုံးသွားခဲ့ပြီးနောက်
လင်းကူဝေသည်လည်း ချက်ချင်း မတ်တတ်ရပ်လိုက်ရင်း လေးနက်လှသော မျက်နှာထားဖြင့် သူ့အားပြောလာသည်။
“မင်းပြောတာ တကယ်မှန်တယ် ချင်ရန်၊ ဒီလိုအချိန်အခါမျိုးမှာ အကျဉ်းထောင်ရဲ့ လုံခြုံရေးအကာအကွယ်က တကယ့်ကို အားနည်းနေတာသေချာတယ်၊ တကယ်လို့ ငါတို့တွေသာ သူတို့ရဲ့တာဝန်ခံကို ဖုန်းဆက်ပြီး အကြောင်းကြားရုံတင်ပြုလုပ်မယ်ဆိုရင် ထောင်ဖောက်မယ့်သူတွေရိပ်မိသွားပြီး အားလုံးနောက်ကျသွားလိမ့်မယ်”
"ချင်ရန် ငါတို့တွေ အရင်သွားကြစို့၊ ငါ မင်းနဲ့အတူတူလိုက်ခဲ့မယ်”
အမှန်အတိုင်းဆိုရလျှင်မူ အကျဉ်းထောင်များ၏စီမံခန့်ခွဲမှုမှာ သူတို့ရဲတပ်ဖွဲ့၏ တိုက်ရိုက်တာဝန်ယူမှု နယ်ပယ်အတွင်း၌ မရှိချေ။ သို့သော်လည်း ထိုနေရာရှိ ရာဇဝတ်ကောင်အများစုမှာ ဤရဲအရာရှိကြီးများကပင် အသက်နှင့်လဲ၍ တစ်ဦးချင်းစီဖမ်းဆီးနှိမ်နင်းပေးထားခဲ့ခြင်းဖြစ်ရာ သူတို့အနေဖြင့် ထိုရာဇဝတ်ကောင်များကို ဥပဒေအပြင်ဘက်သို့ ဘယ်လိုနည်းဖြင့်မျှလွတ်မြောက်သွားခွင့်မပြုနိုင်ချေ။
ချင်ရန်သည် သူ့ဘေးတွင်ရှိနေသော ရှကျဲနှင့် သူမမိခင်အားကြည့်ကာ တောင်းပန်လိုက်သည်။
“ရှကျဲ၊ အန်တီ ကျွန်တော်တို့ ဒီညစာစားပွဲကြီးကို ဆက်မသုံးဆောင်နိုင်တော့လို့ တောင်းပန်ပါတယ်၊ အကျဉ်းထောင်ရဲ့ အခြေအနေတွေကို အရေးတကြီး သွားရောက်စစ်ဆေးထိန်းချုပ်ဖို့ လိုအပ်လာလို့ပါ"
ထိုအခါ ရှကျဲသည် သူမနှုတ်ခမ်းကို တင်းကျပ်စွာကိုက်လိုက်မိရင်း လေသံခပ်တိုးတိုးလေးဖြင့် ပြောရှာသည်။
"အမြန်ဆုံး ပြန်လာခဲ့နော်၊ ကျွန်မ ရှင်တို့ပြန်လာပြီး နှစ်သစ်ကူးညစာအတူတူစားဖို့အတွက် စောင့်နေပါ့မယ်”
ရှကျဲ၏မိခင်ကလည်း သက်ပြင်းတစ်ချက်ချလိုက်ရင်း နားလည်စွာဖြင့်ပြောလာ၏။
"ရှကျဲရဲ့အဖေတုန်းကလည်း ဒီအတိုင်းပါပဲကွယ်၊ နှစ်သစ်ကူးကာလကြီးမှာတောင် တာဝန်ရှိလာရင် ချက်ချင်းအပြင်ကိုပြေးထွက်သွားရတာပဲ၊ သားတို့အမြန်သွားကြပါ၊ အန်တီတို့ သားတို့အတွက် ဟင်းတွေကို သေသေချာချာသိမ်းထားပြီး စောင့်နေပါ့မယ်၊ တကယ်လို့ အေးသွားရင်လည်း ပြန်နွှေးပေးမှာပေါ့”
ချင်ရန်နှင့် လင်းကုဝေတို့သည် မိမိတို့မိသားစုဝင်နှစ်ဦးအား နှုတ်ဆက်လိုက်ပြီးနောက် အိမ်ပြင်သို့ အပြေးထွက်ကာ ရဲတပ်ဖွဲ့သုံးမော်တော်ကားအတွင်းသို့ ချက်ချင်း ဝင်ရောက်လိုက်ကြ၏။
အမျိုးသမီးအကျဉ်းထောင်သည် ယခု သူတို့ရှိနေသောနေရာနှင့် အတန်ငယ် ကွာဝေးလှပြီး အကွာအဝေးအားဖြင့် ၇ ကီလိုမီတာခန့်ရှိပေသည်။
ထို့အပြင် နှစ်သစ်ကူးအကြိုနေ့ညဖြစ်သောကြောင့် လမ်းမများပေါ်တွင်လည်း မော်တော်ယာဉ်များဖြင့် အလွန်အမင်း ပိတ်ဆို့ကြပ်ညက်နေခဲ့သည်။
လင်းကုဝေသည် အခြားရွေးချယ်စရာမရှိတော့သဖြင့် ရဲတပ်ဖွဲ့၏အရေးပေါ်အချက်ပြမီးကို ကားအရှေ့တွင် ချက်ချင်းချိတ်ဆွဲလိုက်ပြီးနောက် အရှိန်ကို အမြင့်ဆုံးသို့မြှင့်တင်ကာ အမျိုးသမီးအကျဉ်းထောင်ဆီသို့ တစ်ဟုန်ထိုးမောင်းနှင်သွားခဲ့တော့သည်။
ဤအချိန်၌ ဖိန်လင်မြို့အမျိုးသမီးအကျဉ်းထောင်အတွင်း၌မူ
ထောင်တွင်း၌ အနည်းငယ်မျှသောကျန်ရှိနေသော လုံခြုံရေးထောင်စောင့်ရဲမေများအားလုံးမှာ သာ့ကျဲလက်ပါးစေများ၏ အလစ်အငိုက်တိုက်ခိုက်မှုကြောင့် သတိမေ့မြောသွားခဲ့ကြရပြီး ကြိုးများဖြင့် တင်းကျပ်စွာတုတ်နှောင်ခြင်းခံထားရလေပြီဖြစ်သည်။
သာ့ကျဲသည် ထောင်လွှားလှသောလေသံဖြင့် သူမလက်ပါးစေများအားလုံးကို အမိန့်ပေးလိုက်၏။
"အကျဉ်းခန်းတံခါးမှန်သမျှအားလုံးကို အခုချက်ချင်း အကုန်ဖွင့်ပစ်လိုက်စမ်း”