အခန်း ၂၃၇
Vol. 24 Ch. 237
237
နှစ်သစ်ကူးနွေဦးရာသီပွဲတော်ကြီးသည်
သာမန်ပြည်သူများအပေါင်းတို့အဖို့တော့
မိသားစုများနှင့်အတူ ပျော်ရွှင်ချမ်းမြေ့စွာ အနားယူအပန်းဖြေရမည့် နှစ်သစ်ကူး မင်္ဂလာနေ့ရက်ကြီးဖြစ်ပေသည်။
သို့သော်လည်း တစ်တိုင်းပြည်လုံးကို လှုပ်ခတ်စေနိုင်သည့် အဆင့်မြင့်ထိပ်တန်းရာဇဝတ်ကောင်ကြီးတစ်ဦး ထောင်ဖောက်ပြေးမှုကြောင့် အားလုံးမှာ မငြိမ်မသက်ဖြစ်ကာ စိုးရိမ်ကြောင်းကြမှုများ ဖြစ်သွားခဲ့ရတော့သည်။
ဖိန်လင်မြို့တော်ရဲချုပ်ကြီး ရှီကျင်းစုန့်သည်လည်း မိမိအိမ်၌ နှစ်သစ်ကူးဆင်နွှဲနေခြင်းကို ချက်ချင်းရပ်တန့်ကာ ရဲဗဟိုဌာနချုပ်ရုံးဆီသို့ အရေးပေါ်ထွက်ခွာလာခဲ့ရသည်။
သူ့ထံမှဆေးလိပ်နံ့များနှင့် အရက်နံ့အချို့မှာ ယခုအချိန်အထိမပြယ်လွင့်သေးချေ။
သူသည် အိမ်၌စပျစ်ဝိုင်အချို့ကို သောက်သုံးထားခဲ့သဖြင့် မျက်နှာတစ်ခုလုံး အနည်းငယ်ရဲတွတ်နေပြီး စိတ်လှုပ်ရှားတုန်လှုပ်နေသည့် အရိပ်အယောင်များ ပေါ်လွင်နေခဲ့သည်။
ဗဟိုဌာနချုပ်သို့ရောက်ရှိလာသည်နှင့် တပြိုင်တည်း ရှီကျင်းစုန့်သည် အရေးပေါ် စစ်ဆင်ရေးများကို စတင်ကွပ်ကဲညွှန်ကြားတော့သည်။ သူသည် ရုံးတွင်တာဝန်ကျကာ ကျန်ရှိနေသောရဲအရာရှိများကို အခြေအနေ အရပ်ရပ်နှင့်ပတ်သက်၍ လေးနက်စွာဖြင့် အသေးစိတ်လိုက်လံစ စ်ဆေးမေးမြန်းနေခဲ့သည်။
ထိုအခါ ရဲအရာရှိတစ်ဦးက မတ်တတ်ရပ်ကာ လေးစားစွာပြန်လည်ဖြေကြားလိုက်သည်။
"အခု ထောင်ဖောက်ပြေးသွားတဲ့ ရာဇဝတ်ကောင်ရဲ့အမည်က လင်းကျင့်ယာပါ၊ သူမက အရင်တုန်းကဟောင်ကောင်ရဲ့အချမ်းသာဆုံး သူဌေးကြီးတစ်ဦးရဲ့ဇနီးဖြစ်ခဲ့ဖူးပြီး အဲဒီသူဌေးကြီး ကွယ်လွန်သွားပြီးနောက်မှာတော့ လင်းကျင့်ယာက သူဌေးကြီးရဲ့ပိုင်ဆိုင်မှု အမွေအနှစ်အားလုံးကို တရားမဝင် သိမ်းပိုက်ခဲ့တယ်၊ ပြီးတော့ ဟောင်ကောင်ဒေသတစ်ခုလုံးမှာ အာဏာပါဝါတွေသုံးပြီး ဒုစရိုက်မှုပေါင်းစုံကို ရဲရဲဝံဝံကျူးလွန်ခဲ့တာပါ"
"သူမလက်ထဲမှာ သေဆုံးသွားခဲ့ရတဲ့ အသက်ပေါင်း အနည်းဆုံးဆယ်ဂဏန်းမကရှိခဲ့ပါတယ်၊ ဒါတင်မကသေးဘဲ အဆိုးရွားဆုံးအမှုတွေကတော့ စီးပွားရေးဆိုင်ရာ ရာဇဝတ်မှုတွေဖြစ်ပြီး သာမန် အခြေခံပြည်သူအမြောက်အမြားရဲ့ ချွေးနဲစာငွေတွေကိုမတရားသဖြင့် နည်းလမ်းမျိုးစုံနဲ့ လိမ်လည်အမြတ်ထုတ်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်၊ သူမစရိုက်က အရမ်းကို ရမ်းကားရိုင်းစိုင်းလွန်းပြီး သူမ ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေကိုသာ အကုန်ချရေးမယ်ဆိုရင် နေ့ဝက်မကကြာမြင့်သွားနိုင်ပါတယ်”
ရဲအရာရှိက သူ့ရှင်းလင်းတင်ပြမှုကို အဆုံးသတ်လိုက်သည်။ထိုအခါမှာ
ရှီကျင်းစုန့်မျက်ဝန်းအစုံအတွင်း၌ ထိတ်လန့်တုန်လှုပ်မှု အရိပ်အယောင်များ ဖြတ်သန်းသွားခဲ့သည်။
လင်းကျင့်ယာ
ထိုအမည်ကို သူ ဘာကြောင့်မသိဘဲနေမည်နည်း။ သူမအား ဖျင်လင်မြို့အတွင်း၌ ဖမ်းဆီးရမိစဉ်က ရဲချုပ်ကြီးဖြစ်သော သူကိုယ်တိုင်ပင် အဓိက ဦးဆောင်ကွပ်ကဲခဲ့ပြီး တစ်မြို့လုံးရှိ ရဲအင်အားတစ်ထောင်နီးပါးကို အသုံးပြုကာ စစ်ဆင်ရေးကြီးဆင်နွှဲခဲ့ရခြင်းကြောင့် သူမနှင့် သူမနာမည်အား တရေးနိုးမေးရင်အောင် သူအလွတ်ပြောနိုင်၏။
အဘယ်ကြောင့်ဆိုသော် ဤအမျိုးသမီးသည် နောက်ကွယ်၌ အလွန်ကို တောင့်တင်းလှသော အင်အားစုများ၏ ပါဝါများရှိနေသည့် 'မဟာဒုစရိုက်ခေါင်းဆောင်ကြီး'တစ်ဦး ဖြစ်နေသောကြောင့်ပင်ဖြစ်သည်။မိမိသည်
သူမအား ဖမ်းဆီးရမိပြီးနောက် တရားရုံးတော်နှစ်ခုက လင်းကျင့်ယာ၏ရာဇဝတ်မှုများကို အသေးစိတ်စစ်ဆေးစီရင်ခဲ့ကြပြီး နောက်ဆုံးတွင် သူမအားချွင်းချက်မရှိ သေဒဏ်ချမှတ်ကာ အမျိုးသမီးအကျဉ်းထောင်အတွင်းသို့ စနစ်တကျ ပိတ်လှောင်ထားခဲ့ခြင်းဖြစ်သည်။
လင်းကျင့်ယာ၏သေဒဏ်စီရင်မည့် ရက်စွဲကို လာမည့် ဧပြီလတွင် သတ်မှတ်ထားခဲ့ပြီးဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုရသော် သူမအနေဖြင့် ယခုကဲ့သို့ ထောင်ဖောက်ပြေးခြင်းမပြုလုပ်ခဲ့ပါက သူမတွင် အသက်ရှင်ရန်အတွက် အချိန် နှစ်လကျော်မျှသာ ကျန်ရှိတော့ခြင်းဖြစ်ပေသည်။
ထိုစဉ်က သူမ အကျဉ်းထောင်အတွင်းသို့ ဝင်ရောက်သွားသည်ကိုကြည့်ရှုပြီးနောက် ရှီကျင်းစုန့်ကိုယ်တိုင် အမျိုးသမီးအကျဉ်းထောင်၏ညွှန်ကြားရေးမှူးထံသို့ တိုက်ရိုက်သွားရောက်ကာ ဤရာဇဝတ်ကောင်ကြီးကို အမြင့်ဆုံးအဆင့် လုံခြုံရေးဖြင့် အထူးကြပ်မတ်စောင့်ကြပ်ရန် မှာကြားခဲ့ဖူးသည်။
သို့သော်လည်း ယခုအခါတွင်မူ သူမသည် လွယ်ကူစွာထောင်ဖောက်ပြေးသွားခဲ့ပြီ ဖြစ်ရာ ထောင်တွင်းရှိတာဝန်ရှိသူများ ဘက်မှ ကြီးမားလှသောအမှားအယွင်းတစ်ခုကို ကျူးလွန်လိုက်ကြပြီ ဖြစ်ကြောင်းထင်ရှားလှသည်။
သို့သော် ရဲချုပ်ရှီကျင်းစုန့်မသိရှိခဲ့သည့် အချက်တစ်ချက်လည်းရှိသေးသည်။ လင်းကျင့်ယာသည် အကျဉ်းထောင်အတွင်း၌ ပိတ်လှောင်ခံထားရသည့်တိုင်အောင် သူမနောက်ကွယ်ရှိသြဇာအာဏာစက်များနှင့် ဆက်သွယ်ရေး ကွန်ရက်များမှာ ပျက်စီးသွားခြင်းမရှိဘဲ အားကောင်းမောင်းသန်ရှိနေဆဲပင် ဖြစ်သည်။
သူမသည် အတိတ်ကာလတုန်းက ဆင်းရဲသားရပ်ကွက်မှ ရိုးရိုးမိန်းကလေး ဘဝမှနေ၍ ဟောင်ကောင်ဒေသ၏ ဒုစရိုက်လောကဘုရင်မကြီးအဖြစ်အထိ တက်လှမ်းနိုင်ခဲ့ခြင်းကပင် သူမ၏ကိုယ်ပိုင်သြဇာနှင့် ဆွဲဆောင်မှုစွမ်းအား မည်မျှကြီးမားကြောင်း သက်သေပြနေခဲ့သည်။
ထောင်တွင်းရှိ သေဒဏ်ကျခံနေရသော အကျဉ်းသူအမြောက်အများမှာလည်း သူမ၏ ၎င်းစွမ်းရည်များကြောင့် သစ္စာခံ လက်ပါးစေများဖြစ်လာခဲ့ကြသည်။
ဒါတင်မကသေးဘဲ ထောင်တွင်းသို့ ရောက်ရှိနေသည့်တိုင်အောင် လင်းကျင့်ယာသည် ပြင်ပရှိ သူမ၏အဆက်အသွယ်များကို အသုံးပြု၍ ဧရာမဒုစရိုက်လုပ်ငန်းစဉ်များကိုလည်း လှုပ်ရှားစေခဲ့သည်။
ထောင်တွင်းသို့ ရောက်ရှိလာသော လျှို့ဝှက်ဖုန်းကော အမြောက်အများမှာ ထောင်ပိုင်ချုပ်ကြီးထံသို့ တိုက်ရိုက် ဦးတည်ခဲ့ပြီး လင်းကျင့်ယာအား ထောင်တွင်း၌ ကောင်းမွန်စွာပြုစုစောင့်ရှောက်ရန်နှင့် အထူးအခွင့်အရေးများနှင့် မျက်နှာသာပေးမှုများပြုလုပ်ပေးရန်အတွက် ဖိအားပေးစေခိုင်းခဲ့ကြသည်။
နောက်ကွယ်မှ လျှို့ဝှက်ဆန်းကြယ်လှသော ဖုန်းခေါ်ဆိုမှုပေါင်းစုံ၏ဖိအားများအောက်တွင် အမျိုးသမီးအကျဉ်းထောင်၏ စီမံခန့်ခွဲသူများသည်လည်း မတတ်သာတော့ဘဲ လင်းကျင့်ယာအားထောင်တွင်းစည်းကမ်းများကို ချိုးဖောက်ခွင့်ပြုကာ လွတ်လပ်ခွင့်အချို့ကို ပေးအပ်ခဲ့ရတော့သည်။
သို့သော်လည်း ထောင်တွင်းအာဏာပိုင်များ လုံးဝမျှော်လင့်မထားခဲ့မိသည့် အချက်မှာမူ လင်းကျင့်ယာသည် ဤအခွင့်အရေးကို အသုံးချကာ အပြတ်အသတ် ထောင်ဖောက်ပြေးလိမ့်မည်ဆိုသည့် အချက်ပင်ဖြစ်သည်။
ယခုအချိန်တွင်မူ ဤအမှုကို တာဝန်ယူထားရသော အကျဉ်းထောင်ညွှန်ကြားရေးမှူးမှာ ထိတ်လန့်တုန်လှုပ်လွန်းသဖြင့် တစ်ကိုယ်လုံး ချွေးစေးများပျံနေလောက်ပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လင်းကျင့်ယာ၏အဆင့်အတန်းမှာ အလွန်အမင်း အရေးကြီးလှပြီး သူမ ကျူးလွန်ခဲ့သော ရာဇဝတ်မှုများမှာလည်း နိုင်ငံတော်အဆင့်အထိ ကြီးမားလှသဖြင့် တကယ်လို့သာ သူမအားသေဒဏ်မစီရင်နိုင်ဘဲ လွတ်မြောက်သွားစေခဲ့ပါက ပြည်သူလူထု၏ဒေါသတရားကို ဘယ်လိုနည်းနဲ့မှဖြေဖျောက်နိုင်လိမ့်မည်မဟုတ်သောကြောင့်ဖြစ်သည်။
*တောက် တောက်”
ကွန်ပျူတာခလုတ်များ ကျွမ်းကျင်စွာနှိပ်နေစဉ်အတွင်းမှာပင် အရေးပေါ်လိုင်းဖုန်းတစ်ခုသည် ချက်ချင်းမြည်ဟီးလာခဲ့သည်။ ရှီကျင်းစုန့်သည် ဖုန်းကို ချက်ချင်း ကောက်ကိုင်၍ နားထောင်လိုက်ရာ ဖုန်း၏အခြားတစ်ဘက်မှနေ၍ တည်ငြိမ်လေးနက်လှပြီး သြဇာအာဏာအပြည့်ရှိသောအသံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။
“ကျင်းစုန့် လင်းကျင့်ယာအကျဉ်းထောင်ကနေ ထောင်ဖောက်ပြေးသွားတယ်ဆိုတာ တကယ်ပဲလား”
ဤအသံကိုကြားလိုက်ရသည့် တပြိုင်တည်း ရှီကျင်းစုန့်ခန္ဓာကိုယ်တစ်ခုလုံးမှာ ဓာတ်လိုက်သွားသကဲ့သို့ တုန်ခါသွားခဲ့ရတော့သည်။ ဤအသံပိုင်ရှင်သည် ဒေသတွင်းမှ ဧရာမအကြီးဆုံးအာဏာပိုင် အထက်လူကြီး၏အသံပင်ဖြစ်၏။
ရှီကျင်းစုန့်သည် ဤအသံကိုကြားရုံမျှဖြင့်ပင် ထိုသူမှာ မည်မျှအထိသြဇာကြီးမားလှသော ပုဂ္ဂိုလ်ကြီးဖြစ်ကြောင်း ချက်ချင်း သိရှိလိုက်သည်။ ဤမျှအထိ မြင့်မားလှသော အဆင့်အတန်းရှိသည့် ပုဂ္ဂိုလ်ကြီးတစ်ဦးက ဤအမှုအတွက် ကိုယ်တိုင်ဖုန်းဆက်သွယ်လာလိမ့်မည်ဟု သူ လုံးဝမျှော်လင့်မထားခဲ့မိချေ။
ရှီကျင်းစုန့် ကပျာကယာဖြင့်ရိုသေစွာ ပြန်လည်ဖြေကြားလိုက်သည်။
"ဟုတ်ပါတယ် အကြီးအကဲ၊ သူမ တကယ်ပဲ ထောင်ဖောက်ပြေးသွားတာပါ၊ ဒါပေမဲ့ အခုအချိန်မှာ ဖိန်လင်မြို့တော်ရဲ့ ရဲအရာရှိအားလုံးကို အသုံးပြုပြီး မြို့လုံးကျွတ် အရေးပေါ်ပိတ်ဆို့ရှာဖွေမှုတွေကို အပြတ်အသတ်စတင်နေပါပြီ၊ ရဲတပ်ဖွဲ့ဝင်အမြောက်အများလည်း မိသားစုနှစ်သစ်ကူး ဆုံဆည်းပွဲတွေကို စွန့်လွှတ်ပြီး ရာဇဝတ်ကောင်ကို ဖမ်းဆီးဖို့အတွက် လမ်းမတွေပေါ်မှာ အပတ်တကုတ်လှုပ်ရှားနေကြပါတယ်”
"အဲဒီအတိုင်း တကယ်ပဲဖြစ်ပါစေ"
ဖုန်းအနောက်ဘက်မှနေ၍ တိတ်ဆိတ်မှုကြီးသည် အတန်ကြာသည်အထိ ဖြတ်သန်းသွားခဲ့သည်။ ထို့နောက် အထက်လူကြီးကြီးက ဆက်အမိန့်ထုတ်လာခဲ့သည်။
"လင်းကျင့်ယာရဲ့အဆင့်အတန်းနဲ့ နောက်ကွယ်ကိစ္စရပ်တွေက တကယ့်ကို ထူးခြားလွန်းလှတယ်၊ တကယ်လို့ သူမသာလွတ်မြောက်သွားခဲ့မယ်ဆိုရင် ဖိန်လင်မြို့ရဲ့ရဲချုပ်ကြီးဖြစ်တဲ့ မင်းကိုယ်တိုင်ရာထူးကနေ ဆင်းပေးရရုံတင်မကဘဲ ဥပဒေအရပါ အပြင်းအထန် တာဝန်ယူရလိမ့်မယ် နားလည်လား”
"အပြည့်အဝ နားလည်ပါတယ်”
ရှီကျင်းစုန့် သတိဆွဲလျက် လေးနက်စွာ ဖြေကြားလိုက်သည်။
"ငါအခု ဖုန်းဆက်ရတဲ့ အကြောင်းရင်းက ဒီအမှုကိစ္စကို အထက်လူကြီးတွေအမြောက်အမြားကပါ မျက်စိဒေါက်ထောက်စောင့်ကြည့်နေကြလို့ပဲ၊ အခုအချိန်ကစပြီး မင်းတို့ဘယ်လိုနည်းလမ်းမျိုးကိုပဲသုံးသုံး ငါ စိတ်မဝင်စားဘူး၊ အကျိုးအကြောင်းတွေကိုလည်း နားမထောင်ချင်ဘူး၊ တစ်ခုပဲ လင်းကျင့်ယာကို အမိအရ ပြန်ဖမ်းခေါ်လာရမယ် ကြားလား”
အကြီးအကဲလူကြီး၏လေသံမှာ ရုတ်တရက်ဆိုသလို အလွန်အမင်း ပြတ်သားတင်းမာသွားခဲ့သည်။
"မလွဲမသွေ ဖမ်းဆီးခေါ်ဆောင်လာပါ့မယ်”
ရှီကျင်းစုန့် ခိုင်မာပြတ်သားလှသော စိတ်ဓာတ်ဖြင့် ကတိပြုလိုက်ရသော်လည်း သူ့ကျောပြင်တစ်ခုလုံးတွင်မူ ချွေးအေးများ ဒလဟောစီးကျလာခဲ့လေပြီ ဖြစ်သည်။ ထို့နောက် ဖုန်းကောပြီးဆုံးသွားခဲ့သည်။
ဘေးတွင် မတ်တတ်ရပ်နေသော ရဲအရာရှိငယ်လေးသည် ရဲချုပ်ကြီးရှီကျင်းစုန့်၏ နဖူးပြင်ထက်တွင် ချွေးစေးများဖြင့်ပြည့်နှက်နေသည်ကို မြင်တွေ့လိုက်ရသဖြင့် စိတ်ထဲ မသိမသာတွေးနေမိ၏။
'ဖုန်းဆက်လိုက်တဲ့သူက ဘယ်လိုလူမို့လို့ ငါတို့ရဲ့ ရဲချုပ်ကြီးကို ဒီလောက်ထိ ထိတ်လန့်တုန်လှုပ်သွားအောင် ခြိမ်းခြောက်နိုင်ရတာလဲ'
"လင်းကျင့်ယာ မင်းငါ့မျက်စိအောက်ကနေ ဖိန်လင်မြို့ပြင်ကို ဘယ်လိုနည်းနဲ့မှ လွတ်မြောက်သွားခွင့်မရစေရဘူးကွ”
ရှီကျင်းစုန့်သည် သူ့လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရင်း စားပွဲခုံကို ဒုန်းခနဲမြည်အောင် ဒေါသတကြီး ထုရိုက်လိုက်တော့သည်။
ရုတ်တရက်ဆိုသလို ထိုအခိုက်အတန့်တွင် အခြားသော ရဲအရာရှိတစ်ဦးသည် အခန်းတွင်းသို့ ကပျာကယာပြေးဝင်လာခဲ့ပြီး ရှီကျင်းစုန့်ကိုမြင်သည်နှင့် အမောတကော ဆိုလိုက်သည်။
"ရဲချုပ်ကြီး ရဲချုပ်ကြီး”
"ဘာဖြစ်လို့လဲ အေးအေးဆေးဆေးပြောစမ်း”
ရှီကျင်းစုန့် ငေါက်ငမ်းလိုက်သည်။
"အဖွဲ့မှူးလင်းနဲ့ ချင်ရန်တို့ အခုဝရမ်းပြေးတရားခံရဲ့အနောက်ကိုထပ်ကြပ်မကွာ လိုက်လံဖမ်းဆီးနေကြပါတယ်”
"ကျွန်တော်တို့ ဗဟိုဌာနချုပ်ကနေလည်း သူတို့ဆီကို စစ်ကူအဖြစ် ရဲကားအမြောက်အများစေလွှတ်ပေးထားခဲ့ပါတယ်"
"ဒါပေမဲ့ ဘာကြောင့်လဲမသိဘူး၊ လမ်းမတွေပေါ်မှာ ပုံစံတူကားတွေ ရုတ်တရက် ထွက်လာပြီး ရမ်းကားမောင်းနှင်ရင်း ယာဉ်တိုက်မှုပေါင်းစုံကို တမင်ဖန်တီးနေကြတာမလို့ ကျွန်တော်တို့ရဲကားတွေရဲ့ လိုက်လံဖမ်းဆီးရေးစစ်ဆင်ရေး အရမ်းနှောင့်နှေးကြန့်ကြာနေရပါတယ်”
ရဲအရာရှိ၏တင်ပြချက်ကြောင့် ရှီကျင်းစုန့်မျက်နှာတစ်ခုလုံး မည်းမှောင်သွားခဲ့ရသည်။ လင်းကျင့်ယာကဲ့သို့သော ဒုစရိုက်လောကဘုရင်မကြီးတစ်ဦး ထောင်ဖောက်ပြေးမှုနောက်ကွယ်တွင် ပြင်ပမှ အင်အားစုပေါင်းစုံက စနစ်တကျ ပါဝင်ပတ်သက်နေမည်မှာ ဧကန်မလွဲပင် ဖြစ်သည်။
သူမသည် ဤသို့ထွက်ပြေးမည့် လမ်းကြောင်းများနှင့် အတားအဆီးအားလုံးကို ကြိုတင်၍သေသေချာချာ တွက်ချက်ထားခဲ့ခြင်းဖြစ်ရမည်။
"တောက် တကယ့်ကို ယုတ်မာလွန်းတယ်"
ရှီကျင်းစုန့် ဒေါသတကြီးတောက်ခေါက်လိုက်မိသည်။ သို့သော်လည်း ရုတ်တရက်ဆိုသလို သူ့စိတ်ထဲ၌ အလင်းတန်းတစ်ခု ဖျက်ကနဲ ဖြတ်သန်းသွားခဲ့ပြီး ထိုရဲအရာရှိငယ်အား ကပျာကယာမေးမြန်းလိုက်သည်။
“မင်း ခုနက ဘာပြောလိုက်တယ်၊ ချင်ရန်နဲ့ လင်းကုဝေဟုတ်လား၊ သူတို့နှစ်ယောက်က အခုအဲဒီထောင်ပြေးတရားခံနောက်ကိုလိုက်ဖမ်းနေတာ ဟုတ်လား”
ရှီကျင်းစုန့်အနေဖြင့် လင်းကုဝေ၏စွမ်းဆောင်ရည်များအပေါ်တွင် ထူးထူးခြားခြား ခံစားချက်မျိုးမရှိချေ။ သို့သော်လည်း သူသည် ချင်ရန်၏ထူးခြားလှသော စုံထောက်စွမ်းရည်များနှင့် အမှုလိုက်ပညာရပ်များကိုမူ အလွန်အမင်း အထင်ကြီးလေးစားထားခဲ့သူဖြစ်သည်။
တကယ်လို့သာ ဤလိုက်လံဖမ်းဆီးရေး စစ်ဆင်ရေး၏ရှေ့တန်းတွင် ချင်ရန် ကိုယ်တိုင်ရှိနေခဲ့ပါက လင်းကျင့်ယာကို အမိအရပြန်လည်ဖမ်းဆီးနိုင်ရန်အတွက် ကြီးမားလှသော မျှော်လင့်ချက်ရှိနေဆဲပင်ဖြစ်သည်။
"အခုချက်ချင်း လင်းကုဝေရဲ့ဖုန်းလိုင်းကို ငါ့ဆီ တိုက်ရိုက်ချိတ်ဆက်ပေးစမ်း”
ရှီကျင်းစုန့် ကျယ်လောင်စွာဖြင့် အမိန့်ပေးလိုက်သည်။ ဆက်သွယ်ရေးအဖွဲ့မှ အရာရှိတစ်ဦးက သူ့ညွှန်ကြားချက်အတိုင်းချက်ချင်း ဆောင်ရွက်ပေးလိုက်တော့သည်။
အခြားတစ်ဖက်တွင်မူ လင်းကုဝေစီးနင်းလာသော ကားအတွင်း၌
ဖုန်းမြည်သံတစ်ခု ထွက်ပေါ်လာခဲ့ရာ ၎င်းမှာ ရဲချုပ်ကြီးရှီကျင်းစုန့်၏ဖုန်းဖြစ်နေခဲ့သည်။ထိုအခါ လင်းကုဝေက ကပျာကယာဖြင့် ပြန်လည်ဖြေကြားလိုက်သည်။
"ဟုတ်ကဲ့ပါ ရဲချုပ်ကြီး”
"မင်းတို့ အခု ဘယ်လမ်းကိုရောက်နေပြီလဲ”
ရှီကျင်းစုန့် အလျင်အမြန်မေးလိုက်သည်။
"ကျွန်တော်တို့ အခုလေဆိပ်ကိုဦးတည်တဲ့ လမ်းမကြီးပေါ်ကိုရောက်နေပါပြီ”
"ဘယ်လမ်းကြောင်းလဲ၊ ငါ အခုချက်ချင်း မင်းတို့ဆီကို ရဲတပ်ဖွဲ့သုံးရဟတ်ယာဉ် တစ်စီးကို စစ်ကူအဖြစ်စေလွှတ်ပေးမယ်”
ရှီကျင်းစုန့်က မဆိုင်းမတွဘဲအမိန့်ပေးလိုက်သည်။ လင်းကုဝေက သူတို့ မောင်းနှင်နေသော လမ်းကြောင်းအမည်ကို တိကျစွာပြောပြလိုက်သည်။ ယခုအချိန်တွင် သူတို့သည် လေဆိပ်နှင့် အလွန်အမင်း နီးကပ်နေခဲ့ပြီဖြစ်ရာ အကွာအဝေးအားဖြင့် ၅ ကီလိုမီတာခန့်သာ လိုအပ်တော့သည်။ ဤပင်မလမ်းမကြီးထက်တွင် ၅ကီလိုမီတာ အကွာအဝေးကို အရှိန်ပြင်းစွာမောင်းနှင်ပါက မိနစ်ပိုင်းအတွင်း ရောက်ရှိသွားမည်ဖြစ်သည်။
"ချင်ရန်ရော ဘယ်မှာလဲ”
ရှီကျင်းစုန့် ထပ်မံမေးမြန်းလိုက်သည်။
ချင်ရန်က ဖုန်းကိုအနီးသို့ဆွဲလိုက်ရင်း တည်ငြိမ်စွာပြန်လည်ဖြေကြားလိုက်သည်။
"ကျွန်တော် ဒီမှာရှိပါတယ် ရဲချုပ်ကြီး”
"ချင်ရန် အဲဒီထောင်ပြေးတရားခံရဲ့ အဆင့်အတန်းက တိုင်းပြည်အတွက် အရမ်းအရေးကြီးတယ်၊ ငါ မင်းကို အခု တရားဝင်တိုက်ရိုက်အမိန့်ပေးလိုက်မယ်၊ မင်း ဘယ်လိုနည်းလမ်းမျိုးကိုပဲ သုံးသုံး မင်းရဲ့စွမ်းဆောင်ရည်အားလုံးကို အဆုံးထိထုတ်ဖော်ပြီး အဲဒီရာဇဝတ်ကောင်ကို ဥပဒေရဲ့ရှေ့မှောက်ဆီ အမိအရပြန်ဖမ်းခေါ်လာရမယ် နားလည်လား”
ရှီကျင်းစုန့် ပြတ်သားလှသောလေသံဖြင့် တိုက်တွန်းလိုက်သည်။
"ဟုတ်ကဲ့ပါ၊ ကျွန်တော် အစွမ်းကုန်ကြိုးစားပါ့မယ်”
ချင်ရန် ခေါင်းကို အခိုင်အမာငြိမ့်လိုက်ကာ ကတိပေးလိုက်သည်။
သူသည် မိမိရှေ့တည့်တည့်တွင် မောင်းနှင်နေသော ကျည်ကာဖောက်စ်ဝက်ဂွန် ကားကြီးကို စိုက်ကြည့်လိုက်ရာ မိမိတို့ စီးနင်းလာသောကားမှာ ရန်သူ့ကားနှင့် ပိုနီးကပ်လာခဲ့ပြီဖြစ်သည်။
သို့သော်လည်း တစ်ပြိုင်တည်းမှာပင် သူတို့သည် လေဆိပ်ကြီးနှင့်လည်း ပိုနီးကပ်လာခဲ့ပြီဖြစ်သည်။ အဆက်အသွယ်မပြတ်စေရန်အတွက် လင်းကုဝေသည် ဖုန်းလိုင်းကိုချပစ်ခြင်းမရှိဘဲ ဆက်လက် ဖွင့်ထားခဲ့သည်။ အချိန်များသည် တစ်စက္ကန့်ချင်းစီကို လေးပင့်စွာဖြင့်ကုန်လွန်သွားခဲ့သည်။
လေဆိပ်ကြီး၏ ဧရာမအဆောက်အဦး အသွင်သဏ္ဌာန်မှာ ချင်ရန့်မျက်စိရှေ့မှောက်သို့ တဖြည်းဖြည်းချင်း အထင်အရှားပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။ထိုအခါ သူ့မျက်ဝန်းအစုံမှာ ရုတ်တရက်ဆိုသလို စူးရှတောက်ပသွားခဲ့ရသည်။
သူသိရှိလိုက်သည်မှာ ဤမော်တော်ကား လိုက်လံဖမ်းဆီးရေးပြိုင်ပွဲကြီးမှာ မကြာခင်မှာပင် အဆုံးသတ်တော့မည်
ဖြစ်ကြောင်းပင်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် အရှေ့ကားမှာ လေဆိပ်သို့ ရောက်ရှိတော့မည်ဖြစ်သဖြင့် ရပ်တန့်ရတော့မည်ဖြစ်သောကြောင့်ဖြစ်သည်။
အကြောင်းမှာ မိမိတို့အရှေ့တွင် ကားတစ်စီးတည်းသာရှိနေခဲ့ပြီး ကားအတွင်း၌ရှိနေသော သက်တော်စောင့်အနည်းငယ်မျှကိုမူ မိမိ၏ကိုယ်ပိုင်အစွမ်းဖြင့် အလွယ်တကူ နှိမ်နင်းနိုင်လိမ့်မည်ဟု ချင်ရန်အနေဖြင့် ရာနှုန်းပြည့်ယုံကြည်မှုရှိနေခဲ့သည်။
သို့သော်လည်း ထိုအခိုက်အတန့်တွင်ပင် လင်းကုဝေ ကိုင်ဆောင်ထားသော ဖုန်းလိုင်းအတွင်းမှနေ၍ ရဲချုပ်ကြီးရှီကျင်းစုန့်၏တုန်လှုပ်ခြောက်ခြားလှသော အသံကြီး ထပ်မံထွက်ပေါ်လာခဲ့ပြန်တော့သည်။
"ချင်ရန် အရေးပေါ်ထူးခြားတဲ့သတင်းဆိုးတစ်ခု အခုတင်ထပ်ရောက်လာခဲ့ပြီ၊ မင်းတို့ အခုသွားနေတဲ့ လေဆိပ်ကြီးကို ဘယ်သူဘယ်ဝါမှန်းမသိရတဲ့ လက်နက်ကိုင်ဒုစရိုက်သမား အမြောက်အများက အတင်းအဓမ္မဝင်ရောက်စီးနင်းပြီး သိမ်းပိုက်လိုက်ကြပြီ၊ အခုအချိန်လေဆိပ်တစ်ခုလုံးက ရာဇဝတ်ကောင်တွေရဲ့ထိန်းချုပ်ခံထားရတယ်”