← Chapters

အခန်း ၂၃၈

Vol. 24 Ch. 238 - final

အခန်း ၂၃၈

Vol. 24 Ch. 238 - final

238[End]

ဖုန်း၏အခြားဘက်မှ ပြောကြားချက်များကိုကြားလိုက်ရသည့်အခါ ချင်ရန်နှင့် လင်းကုဝေတို့ နှစ်ဦးစလုံးမှာ အလွန်အမင်း အံ့ဩတုန်လှုပ်သွားကြရတော့သည်။

တကယ့်ကိုကြောက်မက်ဖွယ်ကောင်းလှသည့် မိန်းမသားပါလား။ သူမသည် အကျဉ်းထောင်အတွင်းမှနေ၍ ပြင်ပရှိ လူဆိုးများကို စနစ်တကျအမိန့်ပေးစေခိုင်းနိုင်ရုံတင်မကဘဲ ယခုအခါ လေဆိပ်ကြီးတစ်ခုလုံးကိုပါ အတင်းအဓမ္မ ဝင်ရောက်စီးနင်းပြီး ထိန်းချုပ်ထားနိုင်ခဲ့သည် မဟုတ်ပါလား။

ဤသို့ဆိုလျှင် လင်းကျင့်ယာအဖို့ တိုင်းပြည်ပြင်ပသို့ ထွက်ပြေးလွတ်မြောက်ရန်မှာ ပိုလွယ်ကူချောမွေ့သွားတော့မည်ဖြစ်၏။

"ချင်ရန် အခု ငါတို့တွေဘာဆက်လုပ်ကြမလဲ”

လင်းကုဝေ၏မျက်နှာထက်တွင် သေရေးရှင်ရေးတမျှ လေးနက်မှုများစိုးမိုးသွားခဲ့၏။ ထိုနည်းတူစွာပင်

ချင်ရန့်မျက်နှာတစ်ခုလုံးလည်း မည်းမှောင်သွားခဲ့ရပြီး သူသည် အေးစက်စွာဖြင့် ပြောလိုက်သည်။

"ထောင်ဖောက်ပြေးတဲ့တရားခံကို အမိအရဖမ်းဆီးနိုင်သရွေ့ ကျန်တဲ့ပြဿနာအားလုံးကို အလွယ်တကူရှင်းလင်းနိုင်လိမ့်မယ်”

"အရှိန်မြှင့်လိုက်ပါ၊ ကားကိုအမြင့်ဆုံးအရှိန်နဲ့တိုးမောင်းပစ်၊ ကျွန်တော်တို့ အဲဒီထောင်ပြေးကို ရအောင်ဖမ်းကြမယ်”

ချင်ရန်ပြတ်သားကျယ်လောင်စွာဖြင့် ယတိပြတ်ဆုံးဖြက်ကာ အော်ဟစ်လိုက်သည်။ ဤစကားကို ကြားလိုက်ရသည့်အခါ လင်းကုဝေလည်း အခြားရွေးချယ်စရာမရှိတော့ဘဲ ချင်ရန်ပြောသည့်အတိုင်းသာ ထောင်ပြေးရာဇဝတ်‌ကောင်ကို ဖမ်ဆီးရန် လီဗာကို အဆုံးထိ ဖိနင်းလိုက်တော့သည်။

သူသည် မည်သည့်အရာကိုမဆို စွန့်လွှတ်ကာ ဤထောင်ပြေးတရားခံကြီးကို အမိအရ ဖမ်းဆီးရန်ဆုံးဖြတ်ထားခဲ့၏။ အဘယ်ကြောင့်ဆိုသော် သူမကိုဖမ်းဆီးနိုင်ခဲ့ပါက ရှုပ်ထွေးနေသောပြဿနာများစွာကို တစ်ခါတည်း ဖြေရှင်းပြီးသားဖြစ်သွားမည်ဖြစ်သောကြောင့်ပင်။

"ချင်ရန် လင်းကုဝေ အခုအချိန်မှာ စစ်တပ်ဘက်ကလည်း အလျင်အမြန် တုံ့ပြန်ဆောင်ရွက်လိုက်ပြီမလို့ ဒီအမှုကို နှိမ်နင်းဖို့အတွက် အထူးစစ်ဆင်ရေးတပ်ဖွဲ့တစ်ခုကို လေဆိပ်ဆီချက်ချင်း စေလွှတ်လိုက်ပြီ၊ မင်းတို့ရဲ့ပထမဆုံးနဲ့ အဓိကအကျဆုံးတာဝန်က အသက် ၄၀ ဝန်းကျင်ရှိတဲ့ ထောင်ပြေးတရားခံလင်းကျင့်ယာကို အမိအရဖမ်းဆီးဖို့ပဲ”

ရဲချုပ်ရှီကျင်းစုန့်အသံက ဖုန်းထဲမှထွက်ပေါ်ခဲ့ရာ ချင်ရန်လေးနက်စွာ ခေါင်းငြိမ့်လိုက်သည်။ ယခုအချိန်တွင် မော်တော်ကားနှစ်စီး၏ အကွာအဝေးမှာ အလွန်အမင်းနီးကပ်လာခဲ့ပြီဖြစ်ရာ မီတာ ၂၀ ခန့်သာ ကွာဝေးတော့သည်။

ထို့နောက် သူတို့ကားနှစ်စီးသည် လေဆိပ်အဝင်ဝသို့ ရှေ့ဆင့်နောက်ဆင့် ဆိုက်ရောက်လာခဲ့ကြပြီဖြစ်သည်။

အရှေ့ကျည်ကာကားကြီးအတွင်း၌မူ

လင်းကျင့်ယာသည် သူမ၏တည်ငြိမ်လှသော မျက်နှာအမူအရာကိုထိန်းသိမ်းထားဆဲဖြစ်သော်လည်း မျက်မှောင်ကတော့ ကြုတ်ထားမြဲကြုတ်ထားဆဲ ဖြစ်သည်။

“ဒီကောင်တွေက တကယ့်ကိုဇွဲကောင်းလွန်းတယ်၊ လေဆိပ်ထဲက ငါတို့လူအချို့ကို အပြင်လွှတ်လိုက်ပြီး အဲဒီလူနှစ်ယောက်ကို တစ်ခါတည်းအပြတ်ရှင်းပစ်လိုက်စမ်း”

"ဟုတ်ကဲ့ပါ သာ့ကျဲ”

သက်တော်စောင့်တစ်ဦးက အေးစက်စက်ဖြင့်ပြန်လည်ဖြေကြားလိုက်သည်။

*ကျွီ*

မော်တော်ကားသည် လေဆိပ်အဝင်ဝ၌ အရှိန်ပြင်းစွာဖြင့် ရုတ်တရက်ကြီး ဘရိတ်အုပ်ကာ ရပ်တန့်သွားခဲ့သည်။

ကားတံခါးပွင့်သွားခဲ့ပြီးနောက် တစ်ပြိုင်နက်တည်း လင်းကျင့်ယာသည် ကားအတွင်းမှနေ၍ အေးဆေးတည်ငြိမ်စွာ လှမ်းထွက်လာခဲ့သည်။

ထို့နောက် သူမသည် ကျော့ရှင်းလှသော ခြေလှမ်းများဖြင့် လေဆိပ်အတွင်းသို့ ဦးတည်လျှောက်လှမ်းသွားခဲ့သည်။

ထိုအချိန်တွင်ပင် လေဆိပ်အဝင်ဝအတွင်းမှနေ၍ အနက်ရောင်ဝတ်စုံဝတ် သစ္စာခံသက်တော်စောင့် အမြောက်အများ တစ်ဟုန်ထိုးပြေးထွက်လာခဲ့ကြသည်။

သူတို့လက်ထဲတွင်လည်း သေနတ်များ ကိုင်ဆောင်ထားခြင်းမရှိကြသော်လည်း ထက်မြက်လှသော ဓားရှည်များကိုမူ ကိုင်ဆောင်ထားကြဟည်။ ထိုဓားဖျားများထက်တွင်မူ လတ်ဆတ်သောသွေးစက်များပင် စီးကျနေခဲ့သည်။

ချင်ရန်နှင့် လင်းကုဝေတို့ စီးနင်းလာသော တက္ကစီကားမှာလည်း ချက်ချင်းရပ်တန့်သွားခဲ့သည်။ လူငယ်နှင့် လူကြီးနှစ်ဦးစလုံး၏မျက်နှာများမှာ လေးနက်အုံ့မှိုင်းသွားခဲ့ရသည်။

သူတို့သည် ထိုလူများလက်ထဲမှဓားဖျားများထက်ရှိ သွေးစက်များကို မြင်တွေ့လိုက်ရသည့်အခါ လေဆိပ်အတွင်းရှိ အပြစ်မဲ့ပြည်သူအချို့မှာ ထိုဒုစရိုက်သမားများ၏ရက်ရက်စက်စက် သတ်ဖြတ်ခြင်းခံလိုက်ရပြီဖြစ်ကြောင်း ပိုသေချာသွားခဲ့တော့သည်။

ချင်ရန်နှင့် လင်းကုဝေတို့သည် ကားအတွင်းမှ လှမ်းထွက်လာခဲ့ကြပြီး

သူတို့ရှေ့မှောက်တွင်မူ အနက်ရောင်ဝတ်စုံဝတ် သက်တော်စောင့်အင်အား ၂၀ ကျော်ခန့်ရှိသော လူမိုက်အဖွဲ့ကြီးက သူတို့အား ဆီးကြိုနေခဲ့သည်။

လင်းကျင့်ယာမှာမူ သက်တော်စောင့်နှစ်ဦး၏အနီးကပ် ခြံရံစောင့်ရှောက်မှုဖြင့် လေဆိပ်အတွင်းပိုင်းသို့ ဘေးမသီရန်မခပဲ အေးဆေးစွာဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။

"မင်းတို့က တကယ်အသက်ကို မ‌နှမြောပဲ သေမင်းကို လက်ယက်ခေါ်နေကြတာပဲ၊ အခု မင်းတို့ဒီနေရာကို ရောက်လာတာက ကိုယ့်ကိုကိုယ် သတ်သေတာနဲ့အတူတူပဲ”

သက်တော်စောင့်ခေါင်းဆောင်တစ်ဦးက အေးစက်စွာပြောလိုက်ရင်း ချင်ရန်နှင့် လင်းကုဝေတို့ရှိရာဆီသို့ တဖြည်းဖြည်းချင်းတိုးကပ်လာခဲ့ကြသည်။ သူတို့သည် ကြီးမားသည့် ဝိုင်းရံပိတ်ဆို့မှုကြီးတစ်ခုကို ဖန်တီးလိုက်ကြတော့သည်။

သူတိ့ရှေ့တွင် ဝန်းရံပိတ်ဆို့ထားသော လူဦး‌ရေမှာ လူပေါင်း၂၀ကျော်ရှိနေခဲ့ပြီး အားလုံးလက်ထဲတွင် ဓားများကိုယ်စီ ကိုင်ထားကြသည်။ သူတို့သည် သာမန် လမ်းဘေးလူမိုက်များမဟုတ်ကြဘဲ အထူးလေ့ကျင့်ထားသော ပရော်ဖက်ရှင်နယ် သက်တော်စောင့်များဖြစ်ကြသဖြင့် တိုက်ခိုက်ရေးစွမ်းရည်မှာ အလွန်အမင်း မြင့်မားလှပေသည်။

ချင်ရန်သည် သူ့ဘေးနားတွင်ရှိသော လင်းကုဝေကိုကြည့်လိုက်ရင်း လေးနက်စွာ ပြောလေသည်။

“ဦးလေးလင်း ဒီ‌နေရာကလူတွေကို ကျွန်တော် တစ်ယောက်တည်းရှင်းလိုက်မယ်၊ ဦးလေးလင်းကတော့ လင်းကျင့်ယာနောက်ကိုပဲ အမြန်ဆုံးအမိအရ လိုက်ဖမ်းတော့”

"ဘယ်လိုဖြစ်နိုင်မှာလဲ”

လင်းကုဝေအနေဖြင့် ဤအချက်ကို လုံးဝ လက်မခံနိုင်ဖြစ်သွားခဲ့ရသည်။ ချင်ရန် တစ်ဦးတည်းနှင့် ဤမျှအထိများပြားလှသော လူမိုက်များကို တစ်ယောက်တည်း ရင်ဆိုင်ရန်မှာ လုံးဝမဖြစ်နိုင်သောကိစ္စတစ်ခုမဟုတ်ပါလား။

"ဦးလေးလင်း ဒီမှာရှိနေရင် ကျွန်တော့်အတွက် ဝန်ထုတ်ဝန်ပိုးဖြစ်ပြီး စွမ်းရည်တွေကို အပြည့်အဝထုတ်ဖော်နိုင်မှာ မဟုတ်ဘူး”

ချင်ရန် တိုးညှင်းပြတ်သားစွာပြောလိုက်သည်။ ထိုအခါ လင်းကုဝေအံ့ဩမှင်တက်သွားခဲ့ရပြီး မျက်နှာတစ်ခုလုံး နီမြန်းသွားခဲ့ရသည်။ မိမိ၏စွမ်းရည်နည်းပါးမှုကို လူငယ်လေးက ထိထိမိမိ ကွက်ကွက်ကွင်းကွင်း ထောက်ပြလိုက်သကဲ့သို့ ခံစားလိုက်ရသောကြောင့်ဖြစ်သည်။

သို့သော်လည်း ချင်ရန်၏ခိုင်မာပြတ်သားကာ ယုံကြည်ချက်အပြည့်ရှိသော မျက်ဝန်းအစုံဖြင့် စိုက်ကြည့်ခြင်းခံလိုက်ရသည့်အခါတွင်မူ လင်းကုဝေအနေဖြင့် ငြင်းဆန်ရန် စကားလုံးရှာမရတော့ချေ။

အဘယ်ကြောင့်ဆိုသော် ချင်ရန်၏ကိုယ်ပိုင်တိုက်ခိုက်ရေးစွမ်းရည်မှာ မိမိထက် အဆပေါင်းများစွာသာလွန်မြင့်မားကြောင်း သူကိုယ်တိုင်ကပင် ကောင်းမွန်စွာ သိရှိထားသောကြောင့်ပင် ဖြစ်သည်။

"ဦးလေးလင်း အမြန်သွားလိုက်၊ ဒါမှ ထောင်ဖောက်ပြေးတဲ့တရားခံကို အချိန်မီ ပြန်ဖမ်းဆီးလို့ရမှာ ဒီလူတွေကိုကြည့်ကြပ်ပြီး ကျွန်တော်ရှင်းပစ်လိုက်မယ်”

ချင်ရန် ပြတ်သားသောလေသံဖြင့် ဆိုလိုက်သည်။ ထိုအချိန်မှာတော့

လင်းကုဝေလည်း မည်သို့မျှမတက်နိုင်တော့ပဲ သူ့သွားများကို တကျစ်ကျစ်ပါအောင် ကြိတ်လိုက်ရင်း ခိုင်မာစွာ ဆုံးဖြတ်လိုက်သည်

"ကောင်းပြီ၊ ဒါဆိုရင် ငါသွားမယ်၊ မင်း ဒီမှာ ဘယ်လိုပဲဖြစ်ဖြစ် တောင့်ခံထားရမယ်နော်”

လိုအပ်သည့်စကားများပြောပြီးသည်နှင့် တပြိုင်တည်း လင်းကုဝေသည် လမ်းကြောင်းကို ချက်ချင်းပြောင်းလဲလိုက်ပြီး လေဆိပ်အတွင်းသို့ အတင်းအဓမ္မဝင်ရောက်ရန် ပြင်ဆင်လိုက်တော့သည်။

သို့သော်လည်း အနက်ရောင်ဝတ်စုံဝတ် သက်တော်စောင့်နှစ်ဦးက လင်းကုဝေ၏လမ်းကို ပိတ်ဆို့လိုက်ရင်း လက်ထဲရှိ ဓားများဖြင့် ရက်ရက်စက်စက်လှမ်းတိုက်ခိုက်လိုက်ကြသည်။

ဤမြင်ကွင်းကိုမြင်လိုက်ရသည့်အခါတွင် ချင်ရန်သည် လင်းကုဝေနှင့်ထိုလူနှစ်ယောက်ထံသို့ လျှပ်စီးလက်သည့်အလား တစ်ဟုန်ထိုး ပြေးဝင်သွား‌တော့သည်။ ထို့နောက် သူ့ခြေထောက်နှစ်ဖက်ကို လေထဲတွင် ဝှေ့ယမ်းလိုက်ရာ ခြေကန်ချက်များမှာ ဝေဝါးလှသောအရိပ်အယောင်များအလားဖြစ်သွားခဲ့ပြီး ထိုလူနှစ်ဦး၏ မျက်နှာတည့်တည့်ဆီသို့ သံမဏိတူကြီးများအလား ပြင်းထန်စွာကျရောက်သွားခဲ့တော့သည်။

*ဖုန်း ဖုန်း*

ကျယ်လောင်လှသော ရိုက်ခတ်သံနှစ်ချက်ထွက်ပေါ်လာခဲ့ပြီးနောက် လင်းကုဝေအား ဓားဖြင့်ခုတ်ရန်ပြင်ဆင်ခဲ့သော လူမိုက်နှစ်ဦးမှာ အော်ဟစ်ချိန်ပင်မရဘဲ လေဆိတ်လမ်းမကြီးပေါ်သို့ လွင့်စင်သွားခဲ့ကြပြီး ချက်ချင်းပင်သတိလစ် မေ့မြောသွားခဲ့ကြတော့သည်။

ချင်ရန်သည် မည်သည့်ကရုဏာတရားမျိုးကိုမျှ ပြသခဲ့ခြင်းမရှိချေ။ ဤခြေကန်ချက်နှစ်ချက်မှာ သူတို့အား သေမင်းနိုင်ငံဆီသို့ တိုက်ရိုက်ပို့ဆောင်လိုက်သည်နှင့် အတူတူပင်ဖြစ်သည်။

“ဒီကောင်က တကယ်စွမ်းတာပဲ"

ကျန်ရှိနေသောသက်တော်စောင့်များအားလုံး ထိတ်လန့်တုန်လှုပ်သွားခဲ့ကြရသည်။ ဤလူငယ်မှာ အတော့်ကိုကြောက်စရာကောင်းလှပေသည်။ ခြေကန်ချက် နှစ်ချက်တည်းဖြင့် မိမိတို့၏အဆင့်မြင့် လုပ်ဖော်ကိုင်ဖက်နှစ်ဦးကို အသက်ပျောက်လုနီးပါးဖြစ်အောင် ချေမှုန်းပစ်လိုက်သည်မဟုတ်ပါလား။

ထိုအချိန်တွင် အခြားသက်တော်စောင့်အချို့က လင်းကုဝေအနောက်သို့ လိုက်လံဖမ်းဆီးရန် ပြင်ဆင်လိုက်ကြပြန်သည်။ သို့သော်လည်း ချင်ရန်သည် အဆိုပါသက်တော်စောင့်အဖွဲ့ကြီး၏ ဗဟိုချက်ဆီသို့ လျှပ်တပြက်ဝင်ရောက်သွားခဲ့ပြီး ပြင်းထန်လှသော လက်သီးချက် နှစ်ချက်တည်းဖြင့် သူတို့အား ထပ်မံလဲပြိုသွားစေခဲ့ပြန်သည်။

ထို့‌နောက်တွင်တော့

သက်တော်စောင့်အဖွဲ့ကြီးတစ်ခုလုံးသည် လင်းကုဝေအား လိုက်လံဖမ်းဆီးခြင်းကို လုံးဝစွန့်လွှတ်လိုက်ကြရပြီး သူတို့အာရုံစိုက်မှုအားလုံးကို ချင်ရန်တစ်ဦးတည်းဆီသို့သာ စုစည်းလိုက်ကြရတော့သည်။

“ဒီကောင့်ရဲ့အစွမ်းက ငါတို့တွေ တစ်သက်လုံးကြုံဖူးသမျှထဲမှာ လူ‌တွေထဲမှာ အသန်မာဆုံးပဲ၊ အားလုံးပြိုင်တူတက်ပြီး သူ့ကိုအပြတ်ရှင်းကြစို့”

သက်တော်စောင့်တစ်ဦးက အေးစက်စက် လေသံဖြင့် ဟစ်အော်လိုက်သည်။

ကျန်ရှိနေသော သက်တော်စောင့် များသည် ချင်ရန်ရှိရာဆီသို့ ဓားများကိုယ်စီဖြင့် ဝိုင်းအုံ၍ ပြိုင်တူပြေးဝင်သွားခဲ့ကြတော့သည်။

ထို့နောက် ပြင်းထန်လွန်းလှသည့် သွေးစွန်းသောတိုက်ပွဲကြီးတစ်ခုသည် အချိန်အတန်ကြာအောင် ဖြစ်ပွားခဲ့သည်။

အခြားတစ်ဖက်တွင်မူ လင်းကုဝေသည် ချင်ရန် ဖန်တီးပေးခဲ့သောအခွင့်အရေးကြောင့် အတားအဆီးအားလုံးကို ဖောက်ထွက်နိုင်ခဲ့ပြီး လင်းကျင့်ယာအနောက်သို့ လျှို့ဝှက်စွာဖြင့် ထပ်ကြပ်မကွာလိုက်ပါလာခဲ့သည်။

လေဆိပ်အတွင်းပိုင်းသို့ ရောက်ရှိလာသည့်အခါတော့ လေဆိပ်ထဲရှိ ယနေရာအနှံ့အပြားတွင် ကမောက်ကမများ ဖြစ်ပွားနေပြီး သာမန်ပြည်သူအမြောက်အများမှာမူ အသက်ဘေးမှလွတ်မြောက်ရန်အတွက် အရူးများအလားဥဒဟိုပြေးလွှားနေကြသည်ကို မြင်တွေ့လိုက်ရသည်။

ဤနေရာရှိ ရာဇဝတ်ကောင်များ၏လက်ထဲတွင် သေနတ်များမရှိကြဘဲ ထက်မြက်လှသော လူသတ်ဓားများသာရှိနေကြသည်။ လင်းကုဝေသည် လူအုပ်ကြီးကြားထဲမှနေ၍ လင်းကျင့်ယာ၏အသွင်သဏ္ဌာန်ကို ချက်ချင်းပင်ရှာဖွေတွေ့ရှိလိုက်သည်။

ထိုအချိန်တွင် သူသည် လေဆိပ်ထဲရှိ ကြမ်းပြင်ပေါ်တွင် လဲနေကြသော သာမန်အရပ်သားများ၏အလောင်းများကို ဂရုစိုက်နေရန် သူ့တွင်အချိန်မရှိတော့ချေ။

ထို့ကြောင့် ပထမဆုံးသော သူ့ရည်မှန်းချက်မှာ လင်းကျင့်ယာကို ဘယ်လိုနည်းနဲ့မဆို အမိအရဖမ်းဆီးနှိမ်နင်းရန်ပင်ဖြစ်သည်။

သူသည် သွားကိုကျစ်ကျစ်ပါအောင် ကြိတ်လိုက်ရင်း လင်းကျင့်ယာ၏နောက်ကျောဆီသို့ ရုတ်တရက်ဆိုသလို တစ်ဟုန်ထိုးပြေးဝင်သွားခဲ့တော့သည်။ သူမအနီးနားသို့ ရောက်ရှိရန် မီတာအနည်းငယ်မျှသာ လိုအပ်တော့သည့်အချိန်တွင်မူ လင်းကျင့်ယာ၏ဘေးရှိ သစ္စာခံသက်တော်စောင့်နှစ်ဦးက ရိပ်မိသွားကြပြီး ရုတ်တရက်တိုက်ခိုက်လိုက်ကြ၏။

*ဖုန်း*

သက်တော်စောင့်တစ်ဦးက လင်းကုဝေရင်ဘတ်တည့်တည့်ဆီသို့ ပြင်းထန်လှသော ခြေကန်ချက်တစ်ခုဖြင့် ကန်ထုတ်လိုက်ရာ လင်းကုဝေ၏ခန္ဓာကိုယ်ကြီးသည် လေထဲသို့လွင့်စင်သွားခဲ့ရပြီး ကြမ်းပြင်ပေါ်သို့ ပြင်းထန်စွာလဲပြိုသွားခဲ့ရတော့သည်။

လင်းကျင့်ယာသည်လည်း ခြေလှမ်းများကို ရပ်တန့်လိုက်ရင်း အနောက်သို့လှည့်ကြည့်လိုက်ရာ အနည်းငယ်အံ့ဩသွားခဲ့ရသည်။

"အပြင်ကလူတွေက ဒီကောင့်ကိုဘယ်လိုဖြစ်လို့ အတွင်းထဲထိလွှတ်ပေးလိုက်ရတာလဲ၊ ဒီလူကို ချက်ချင်းအပြတ်ရှင်းပစ်လိုက်စမ်း”

လင်းကျင့်ယာက ဘာမထီဟန်ဖြင့် ခပ်အေးအေးလေးလက်ဝေ့ယမ်းပြလိုက်သည်။ ထိုအခါ သက်တော်စောင့်တစ်ဦးသည် သူ့ခါးကြားမှ ထက်မြက်လှသော ဓားမြှောင်တစ်စင်းကို ဆွဲထုတ်လိုက်ရင်း မြေပြင်ပေါ်ရှိ လင်းကုဝေ၏နှလုံးတည့်တည့်ဆီသို့ ရက်ရက်စက်စက်လှမ်းစိုက်ချလိုက်တော့သည်။

ထိုလူသတ်ဓား၏အသွားမှာ လင်းကုဝေ၏မျက်ဝန်းအစုံအတွင်း၌ တဖြည်းဖြည်းချင်း နီးကပ်လာခဲ့သည်။လင်းကုဝေသည် သူ့အသက်ဘေးမှာ ယနေ့တွင် လုံးဝလွတ်မြောက်နိုင်တော့မည်မဟုတ်ကြောင်း တွေးတောရင်း မျက်စိမှိတ်ချလိုက်မိသည့် အခိုက်အတန့်တွင်

*ဝှစ်*

ဝေဝါးလှသောအရိပ်တစ်ခုသည် လျှပ်စီးလက်သည့်အလား သူတို့ကြားထဲသို့ ဖြတ်သန်းဝင်ရောက်လာခဲ့၏။

သူသည် ကောင်းကင်ဘုံမှဆင်းသက်လာခဲ့သော စစ်နတ်ဘုရားတစ်ပါးအလား စွမ်းအားအပြည့်ဖြင့် ပေါ်ပေါက်လာခဲ့ပြီး ပြင်းထန်လှသော ခြေကန်ချက်နှစ်ချက်တည်းဖြင့် လင်းကျင့်ယာ၏အဆင့်မြင့် သက်တော်စောင့်နှစ်ဦးလုံးကို လေထဲသို့ လွင့်စင်သွားအောင် ကန်ထုတ်ပစ်လိုက်တော့သည်။

ချင်ရန်ရောက်ရှိလာခဲ့ပြီဖြစ်ရာ

ခြေကန်ချက် နှစ်ချက်တည်းဖြင့်ပင် လင်းကျင့်ယာအား အနီးကပ်ကာကွယ်ပေးထားသော အဆင့်မြင့်သက်တော်စောင့် နှစ်ဦးစလုံးမှာ ရင်ဘတ်များကြေမွသွားခဲ့ရပြီး ချက်ချင်းပင်အသက်ပျောက်သွားခဲ့ကြရသည်။

လင်းကျင့်ယာ၏မျက်နှာတစ်ခုလုံးသည် သွေးဆုတ်ဖြူလျော်သွားခဲ့ရပြီး အလွန်တရာ ထိတ်လန့်တုန်လှုပ်သွားခဲ့ရသည်။ ချင်ရန်က သူ့အဝတ်အစားများပေါ်ရှိ ဖုန်မှုန့်များကို အသာခါထုတ်လိုက်ရင်း အေးဆေးပြောလိုက်သည်။

“ဒီခွေးမသားတွေက တစ်ကယ်အပြေးမြန်လွန်းတယ်"

ထိုသို့စကားပြောနေစဉ်အတွင်းမှာပင် သူသည် လင်းကျင့်ယာရှိရာဆီသို့ ဖြည်းဖြည်းချင်းတိုးကပ်လာခဲ့သည်။

ယခုအချိန်တွင်မူ လင်းကျင့်ယာ၏စိတ်ဝိညာဉ်နှင့် နှလုံးသားတစ်ခုလုံးမှာ လုံးဝ ပြိုလဲပျက်စီးသွားခဲ့ရလေပြီဖြစ်သည်။

သူမအနေဖြင့် လေဆိပ်အပြင်ဘက်တွင်ရှိနေသော အထူးလေ့ကျင့်ထားသည့် သစ္စာခံသက်တော်စောင့်လူမိုက် ၂၀ကျော်ကိုပင် ချင်ရန်တစ်ဦးတည်းက မည်သို့ ခြေမှုန်းပစ်လိုက်ပြီး မိမိအနောက်သို့ ဤမျှအထိမြန်ဆန်လှသော အရှိန်အဟုန်ဖြင့် လိုက်လံဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်းကို လုံးဝ တွေးတော၍မရနိုင်တော့ချေ။

သူမ၏ သက်တော်စောင့်ဖြစ်သည့် လူ ၂၀ကျော်သည် ကမ္ဘာ့အဆင့်မီ သက်တော်စောင့်များဖြစ်ကြသော်လည်း ချင်ရန်တစ်ဦးတည်းကိုပင် တစ်မိနစ်မျှ တောင့်ခံတားဆီးနိုင်ခြင်းမရှိခဲ့ကြ‌ချေ။

လင်းကျင့်ယာသည် ပြင်းထန်သည့် ရှင်သန်လိုသည့်စိတ်ဖြင့် ကပျာကယာ ဟစ်အော်လိုက်သည်။

"မင်း ငါ့မှာမကုန်ခမ်းနိုင်တဲ့ ငွေကြေးဓနတွေရှိတယ်၊ အခု ငါ့နောက်ကိုလိုက်ခဲ့ပြီး ငါ့ရဲ့ကိုယ်ပိုင်သက်တော်စောင့်ချုပ်ကြီး လုပ်စမ်းပါ၊ ငါ မင်းကိုတစ်နှစ်ဒေါ်လာသန်းပေါင်းများစွာတန်ကြေးရှိတဲ့လစာကို ပေးမယ်လေ၊ ပြီးတော့ ငါ့ရဲ့သီးသန့်လေယာဉ်ကလေဆိပ်ရဲ့အရှေ့ဘက်မှာ အဆင်သင့်ရှိနေပြီ၊ ငါတို့တွေ အဲဒီကို ရောက်တာနဲ့တပြိုင်တည်း တိုင်းပြည်ပြင်ပကို ချက်ချင်းပျံသန်းထွက်ခွာသွားလို့ရပြီ”

"စကားတွေများလိုက်တာကွာ’

ချင်ရန် သူမအနီးသို့လှမ်းလျှောက်သွားခဲ့ပြီး လက်ကိုလွှဲလိုက်ရင်း လင်းကျင့်ယာ၏ပါးပြင်တည့်တည့်ဆီသို့ ပြင်းထန်လှသောပါးရိုက်ချက်တစ်ခု *ဖြန်း*ခနဲမြည်အောင်ပေးလိုက်တော့သည်။

ထို့နောက် ချင်ရန်သည် သူမဝတ်ဆင်ထားသော အဝတ်အစားများကို လက်ဖြင့်ဆွဲဖြဲလိုက်ပြီး သံမဏိကြိုးများအလား ကျစ်လစ်လှသော ပိတ်စရှည်များအဖြစ် ပြုလုပ်ကာ လင်းကျင့်ယာ၏လက်နှစ်ဖက်နှင့် ခြေနှစ်ဖက်ကို အစအနမကျန် အမိအရ တင်းကျပ်စွာတုပ်နှောင်ပစ်လိုက်တော့သည်။

"အား”

ထို့နောက်တွင် လင်းကျင့်ယာ၏စိတ်အာရုံများမှာ ဝေဝါးသွားခဲ့ရသည်။

သူမသည် ဒုစရိုက်လောက၏ဘုရင်မကြီးဘဝသို့ရောက်ရှိလာခဲ့သည့် ဆယ်စုနှစ်များစွာအတွင်း မည်သူတစ်ဦးတစ်ယောက်၏ပါးရိုက်ခြင်းကိုမျှ မခံခဲ့ရဖူးချေ။

ယနေ့တွင်မူ ဤလူငယ်လေး၏ရက်စက်လှသောပါးရိုက်ခြင်းကို ခံလိုက်ရသဖြင့် သူမမာနတရားများအားလုံး ကြေမွသွားခဲ့ရတော့သည်။

"ချင်ရန် မင်း မင်းကတော့ တကယ့်ကိုပဲ"

မြေပြင်ပေါ်လဲလျောင်းနေသော လင်းကုဝေမှာမူ ယခုအချိန်အထိ မှင်တက် တုန်လှုပ်နေဆဲပင်ဖြစ်သည်။ ထိုမျှအထိ များပြားလှသော လူသတ်သမားများ ဝိုင်းရံထားခြင်းကိုခံခဲ့ရသည့်တိုင်အောင် ချင်ရန်အနေဖြင့် သူတို့အားလုံးကို အလွယ်တကူခြေမှုန်းပစ်လိုက်ရုံတင်မကဘဲ မိမိ၏အသက်ကိုပါ အချိန်ကိုက် ကယ်တင်နိုင်ခဲ့ခြင်းကို သူလုံးဝမယုံကြည်နိုင် ဖြစ်နေခဲ့ရသည်။

ထိုလူငယ်၏ကိုယ်ပိုင်စွမ်းအားဆိုသည်မှာ တစ်ယောက်တည်းဖြင့် ရန်သူအင်အားသောင်းဂဏန်းကို အေးဆေးစွာ ရင်ဆိုင်နိုင်သည့် ဧရာမစစ်သူရဲကောင်းကြီးတစ်ဦးအလား ထင်မှတ်ရ‌လောက်ပေသည်။

အကယ်၍သာ အတိတ်ကာလများတွင် ဆိုပါက ချင်ရန်သည် သမိုင်းဝင်စစ်သူရဲကောင်းကြီးများဖြစ်ကြသည့် ရှန့်ယွီ သို့မဟုတ် လွီပုတို့ထက်ပင် ပိုကြောက်မက်ဖွယ်ကောင်းလှသော ပုဂ္ဂိုလ်ကြီးဖြစ်နေပေလိမ့်မည်။

ချင်ရန်သည် ကြိုးတုပ်ထားသော လင်းကျင့်ယာအား လင်းကုဝေလက်ထဲသို့ စနစ်တကျလွှဲပြောင်းပေးအပ်လိုက်ပြီးနောက် သူကိုယ်တိုင်ကမူ လေဆိပ်အတွင်းပိုင်းသို့ ဆက်ဝင်ရောက်သွားခဲ့ပြီး နေရာအနှံ့တွင် အရပ်သားများကို လိုက်လံသတ်ဖြတ်နေကြသော ကျန်ရှိနေသည့် သက်တော်စောင့်လူမိုက်များကို တစ်ဦးချင်းစီ လိုက်လံနှိမ်နင်းတော့သည်။

လေဆိပ်တွင်းသို့ စစ်တပ်၏အထူးစစ်ဆင်ရေးတပ်ဖွဲ့ကြီးဆိုက်ရောက်လာခဲ့သည့် အချိန်တွင်မူ လေဆိပ်အတွင်းရှိ အခြေအနေအရပ်ရပ်မှာ လျှပ်တပြက်အတွင်းပြောင်းလဲသွားခဲ့ရတော့သည်။

အဘယ်ကြောင့်ဆိုသော် လူမိုက်အများစုမှာ ချင်ရန်၏လက်ချက်ကြောင့် ခြေလက်

များကျိုးပဲ့ကာ မလှုပ်နိုင်အောင်ဖြစ်နေကြပြီဖြစ်သောကြောင့်ပင်။ ချင်ရန်သည် အသက်ဘေးမှ လွတ်မြောက်ရန် ကြိုးပမ်းနေကြသော အပြစ်မဲ့အရပ်သား အမြောက်အများ၏ အသက်ကိုလည်း အချိန်မီကယ်တင်နိုင်ခဲ့သည်။

ထို့နောက် ထောင်ပြေးတရားခံကြီးလင်းကျင့်ယာမှာလည်း ဥပဒေ၏လက်အောက်သို့ လုံခြုံစွာဖြင့် ပြန်လည်ရောက်ရှိသွားခဲ့ရလေပြီဖြစ်၏။

ယခုအချိန်သည် ညဉ့်သန်းခေါင်ယံ အချိန် ၃နာရီခန့်ရှိနေခဲ့ပြီဖြစ်သည်။

ဖိန်လင်မြို့အတွင်းရှိ ထောင်သောင်းမကသောအိမ်ခြေများ၏ မီးရောင်စုံများမှာမူ လှပစွာလင်းထိန်နေဆဲပင်ဖြစ်သည်။

သို့သော်လည်း ဖိန်လင်မြို့၏ရဲအရာရှိ အမြောက်အများမှာမူ ယခုအချိန်ထိ အိပ်စက်နိုင်ခြင်းမရှိကြသေးချေ။

အကြောင်းမှာ ၎င်းတို့အားလုံးသည် တိုင်းပြည်အတွက် အန္တရာယ်ကြီးမားလှသော ထောင်ပြေးတရားခံလင်းကျင့်ယာအားလိုက်လံဖမ်းဆီးရန်အတွက် တစ်ညလုံး ရုန်းကန်ခဲ့ကြရခြင်းဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် ထောင်ပြေးတရားခံလင်းကျင့်ယာကို အောင်မြင်စွာ ဖမ်းဆီးနိုင်ခဲ့ပြီဖြစ်၏။ လင်းကျင့်ယာအား ဖမ်းဆီးပြီးနောက် ရဲအရာရှိများမှာ သူမအား တိုင်းပြည်ပြင်ပသို့ ထပ်မံထွက်မပြေးနိုင်စေရန်အတွက် ၂၄နာရီပတ်လုံး အလှည့်ကျစနစ်ဖြင့် တင်းကြပ်သောစည်းကမ်းများအတိုင်း လစ်ဟင်းမှုမရှိ အထူးကြပ်မတ်စောင့်ကြပ်ကြတော့သည်။

၎င်းအမိန့်သည် ရဲချုပ်ကြီးရှီကျင်းစုန့်ကိုယ်တိုင်ချမှတ်ထားသော တင်းကျပ်လှသောအမိန့်တစ်ခုဖြစ်သည်။

ထို့ကြောင့် သူမအား တစ်စက္ကန့်မျှမျက်စိအောက်မှအပျောက်မခံဘဲ စောင့်ကြည့်ရမည်ဖြစ်သည်။

ဤမျှကြီးမားလှသော မဟာဗျူဟာမြောက် ထောင်ဖောက်ပြေးမှုကြီးကို အောင်မြင်စွာ နှိမ်နင်းနိုင်ခဲ့ခြင်းကြောင့် ချင်ရန်သည် ရဲချုပ်ရှီကျင်းစုန့်၏ကိုယ်ပိုင်ချီးမြှင့်မှုဖြင့် 'နိုင်ငံတော်အဆင့် ပထမတန်းစားရဲဝန်ထမ်းကောင်းတံဆိပ်'ကို ရရှိရန်မှာ သေချာသွားခဲ့တော့သည်။

ချင်ရန် သူ့စိတ်အခြေအနေမှာ အထူးကောင်းမွန်စွာရှိနေခဲ့သည်။ ဤမျှအထိ ကြီးမားလှသော ဂုဏ်ထူးဆောင်တံဆိပ်ကြီးကိုရရှိခဲ့ခြင်းနောက်ကွယ်တွင် အကျဉ်းသူလေးယုချန်၏အသက်ပေး၍ လျှို့ဝှက်သတင်းပေးမှုမှာမရှိမဖြစ် လိုအပ်ခဲ့သော အဓိကသော့ချက်ကြီးတစ်ခုဖြစ်‌နေခဲ့သည်ကို သူကိုယ်တိုင်အသိပင်ဖြစ်သည်။

အချိန်များသည် လျင်မြန်စွာဖြင့်ကုန်ဆုံးသွားခဲ့ပြီး နောက်တစ်နေ့သို့ လျှပ်တစ်ပြက်ဆိုသလို ရောက်ရှိသွားခဲ့၏။

ယနေ့မနက်သည်တရုတ်နှစ်သစ်ကူးနွေဦးမင်္ဂလာကာလ၏ ပထမဦးဆုံးသောနေ့ရက်ကြီးဖြစ်ပေသည်။

လင်းကျင့်ယာအားပြန်လည်ဖမ်းဆီးရမိခြင်းနှင့်ပတ်သက်၍ မြို့အတွင်းရှိ သတင်းလှုပ်ခတ်မှုများနှင့် ငြင်းခုံမှုများမှာမူ ယာယီအားဖြင့်ငြိမ်သက်သွားခဲ့ပြီ ဖြစ်သည်။

ချင်ရန်သည် မိမိဇာတိမြေ၏ရိုးရာအရသာများပြည့်နှက်နေသော နှစ်သစ်ကူးလက်ဆောင်ပစ္စည်း အမြောက်အများကိုဝယ်ယူလိုက်ရင်း အမျိုးသမီးအကျဉ်းထောင်ဆီသို့ တစ်ဦးတည်းထွက်ခွာလာခဲ့သည်။

သူသည် ထောင်စောင့်များအားယုချန်ဟု အမည်ရသော အကျဉ်းသူလေးနှင့် တွေ့ဆုံလိုကြောင်း တရားဝင် တင်ပြလိုက်ရာ မကြာခင်မှာပင် သူသည်အကျဉ်းထောင်၏ သီးသန့်တွေ့ဆုံရေးအခန်းတစ်ခုဆီသို့ ဦးဆောင်ခေါ်ဆောင်ခြင်းခံခဲ့ရသည်။

ခေတ္တမျှကြာမြင့်ပြီးနောက် ကျောပြင်လေးကုန်းနေပြီး ခေါင်းကိုအောက်သို့ အမြဲတမ်းငုံ့ထားတတ်သော မိန်းကလေးငယ်တစ်ဦးသည် ခန္ဓာကိုယ်ကလေး တုန်တုန်ရင်ရင်ဖြင့် တွေ့ဆုံရေးအခန်းတွင်းသို့ နှေးကွေးသောခြေလှမ်းများဖြင့် ဒယီးဒယိုင်လှမ်းဝင်လာခဲ့သည်။

သူမကား အခြားသူမဟုတ် ချင်ရန်၏ ကျေးဇူးရှင်မလေး ယုချန်ပင်ဖြစ်သည်။

သို့သော်လည်း ချင်ရန်သည် သူမအားမြင်လိုက်ရသည့် ထိုပထမဆုံးသောစက္ကန့်ပိုင်းအတွင်းမှာပင် သူ့နှလုံးသားတစ်ခုလုံး ဓားဖြင့်အမွှန်းခံလိုက်ရသကဲ့သို့ ပြင်းထန်စွာ နာကျင်သွားခဲ့ရတော့သည်။

အဘယ်ကြောင့်ဆိုသော် သူသည် ယွီချန်၏မျက်နှာလေးကို ကွက်ကွက်ကွင်းကွင်း ပထမဦးဆုံးမြင်တွေ့လိုက်ရသောကြောင့်ဖြစ်သည်။

ဟိုယခင်က နုပျိုလှပခဲ့ဖူးသော မျက်နှာပြင်ထက်တွင်မူ ထောင်ပြေး ရာဇဝတ်ကောင်ကြီး၏လက်ချက်ကြောင့် ဖြစ်ပေါ်လာခဲ့သော ဓားဒဏ်ရာအမာရွတ်ပေါင်း ၅၀ကျော်ခန့်သည် နေရာယူကာ ပြည့်နှက်နေခဲ့ရရှာသည်။

ထိုဒဏ်ရာများမှာ အလွန်အမင်းသေးငယ်လှပြီး အရေပြားအတွင်းပိုင်းအင်္ဂါများကို ပျက်စီးစေခြင်းမရှိခဲ့သော်လည်း ဤမျှအထိ ဆိုးရွားလှသော ဓားရာအမာရွတ်များမှာမူ ယခုခေတ်ဆေးပညာအရ ဘယ်လိုနည်းနဲ့မှ မူလအတိုင်းပြန်လည် ကုသပျောက်ကင်းနိုင်တော့မည်မဟုတ်ချေ။

ထို့နောက် ထောင်စောင့်အမျိုးသမီးသည် ယုချန်အား အသာတွဲခေါ်လာခဲ့ရင်း ချင်ရန့်ဘေးနားတွင် တိုးညှင်းလှသောလေသံဖြင့် အသ်ိပေးပြောရှာ‌လေသည်။

“ဒီမိန်းကလေးရဲ့ဘဝက တကယ့်ကို သနားစရာကောင်းလွန်းလှပါတယ် ရဲအရာရှိကြီးရယ်၊ သူမက တကယ်ဆိုရင် နောက်လအနည်းငယ်အတွင်းမှာပဲ ထောင်ကနေ လွတ်မြောက်ရတော့မှာ၊ဒါပေမဲ့ မနေ့က ထောင်ဖောက်ပြေးတဲ့ ရာဇဝတ်ကောင်ကြီးက ထွက်ပြေးခါနီးမှာ ဒီကလေးမလေးရဲ့လျှာကို ရက်ရက်စက်စက်ညှပ်ဖြတ်ပစ်ခဲ့တဲ့အပြင် ကောင်မလေးရဲ့မျက်နှာတစ်ခုလုံးကိုလည်း ဓားနဲ့အကြိမ်ပေါင်းများစွာ မညှာမတာမွှန်းပစ်ခဲ့တယ်လေ၊ အခုတော့ ကောင်မလေးကစိတ်ဒဏ်ရာကြီးကြီးမားမားရသွားရှာပြီ”

"ဒါတင်မကသေးဘဲ သူမလျှာအဖြတ်ခံလိုက်ရလို့ စကားလည်းမပြောနိုင်တော့ဘူး၊ လူအတစ်ဦးလို လုံးဝဖြစ်သွားခဲ့ရပြီ၊ ရှေ့ဆက်ပြီး သူမဘဝလေး ဘယ်လိုအင်အားနဲ့များ ရပ်တည်နိုင်ပါတော့မလဲ”

ထောင်စောင့်ရဲမေ၏စကားများသည် သူ့နားထဲသို့ သံရည်ပူအလား တစ်စက်ချင်းဆီစီးဝင်နေခဲ့ကာ ချင်ရန့်ခန္ဓာကိုယ်တစ်ခုလုံး ကျောက်ရုပ်တစ်ရုပ်အလား အေးခဲသွားခဲ့ရတော့သည်။

သူသည် မိမိရှေ့မှောက်ရှိ သနားစရာကောင်းလွန်းလှသော အဆိုပါမိန်းကလေးကို မယုံကြည်နိုင်လွန်းလှသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေမိခဲ့သည်။

အတိတ်တုန်းက သူမသည် အရမ်းကို တက်ကြွလန်းဆန်းပြီး နုပျိုလှပခဲ့ဖူးသည်ပင်။ ယခုအခါတွင်မူ သူမမျက်ဝန်းအစုံမှာ ကြောက်ရွံ့မှုများဖြင့်ပြည့်နှက်နေပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှစိုက်မကြည့်ရဲဘဲ ခန္ဓာကိုယ်ကလေးမှာလည်း အဆက်မပြတ် တုန်ယင်နေခဲ့ရရှာသည်။

သူမသည် မိမိ၏ရှည်လျားလှသော ဆံပင်အုပ်ကြီးဖြင့် မျက်နှာရှိအမာရွတ်များကို ဖုံးအုပ်ထားခဲ့ရင်း ဤကမ္ဘာလောကကြီးပေါ်ရှိ မည်သည့်အရာကိုမျှဂရုမစိုက်နိုင်တော့သည့်အလား ခေါင်းကိုသာအောက်သို့ အမြဲတမ်းငုံ့ထားခဲ့ရှာသည်။

ချင်ရန်သည် ယုချန်အား စိုက်ကြည့်လိုက်ရင်း နှုတ်မှနေ၍ နှစ်သိမ့်စကားအချို့ကို ပြောကြားလိုသော်လည်း မိမိစကားလုံးများက သူမ၏စိတ်ဒဏ်ရာကို ပိုနာကျင်သွားမည်ကိုလည်း စိုးရိမ်မိပြန်သည်။

ထိုအခိုက်အတန့်တွင် ချင်ရန့်ရင်ထဲ၌ အလွန်အမင်းဝေခွဲမရဘဲ စိတ်ဆင်းရဲခြင်းကြီးစွာဖြစ်နေခဲ့ရတော့သည်။

နောက်ဆုံးတွင်မူ ချင်ရန်သည်နေရာမှ ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်ရင်း ဘေးရှိထောင်စောင့်ထံသို့ တိုးညှင်းစွာ မှာကြားလိုက်သည်။

"ဒီလက်ဆောင်ပစ္စည်းတွေအားလုံးကို သူမအတွက် ထားရစ်ပေးခဲ့ပါရစေ၊ ကျွန်တော် သူမကို ဘာစကားဆက်ပြောရမှန်း တကယ်မသိတော့လို့ ကျွန်တော့်ကို ပြန်ခွင့်ပြုပါဦး”

ထိုစကားပြောပြီးနောက် ချင်ရန်သည်တွေ့ဆုံရေးအခန်းအတွင်းမှနေ၍ လေးလံလှသောခြေလှမ်းများဖြင့် လှည့်ထွက်သွားခဲ့တော့သည်။

သို့သော် ချင်ရန်လုံးဝမသိရှိခဲ့သည့် အချက်မှာမူ သူအခန်းတံခါးပြင်ပသို့ လှမ်းထွက်သွားခဲ့သည့် ထိုစက္ကန့်ပိုင်းအတွင်းမှာပင် အကြည့်များအောက်ပို့ထားသော ယုချန်၏မျက်ဝန်းကလေးမှာ အသာလှုပ်ခတ်သွားခဲ့ရပြီး ပူနွေးလှသော မျက်ရည်စက်များမှာ သူမပါးပြင်ထက်ရှိ ဓားရာများပေါ်သို့ တားဆီး၍မရဘဲစီးကျလာခဲ့သည်။

သူမတွင် ယခုအချိန်၌ ဆိုးရွားလှသော စိတ်ဝေဒနာများရှိနေသည်မှာ မှန်ကန်သော်လည်း သူမဘဝတွင် အလေးနက်ဆုံးတန်ဖိုးထားခဲ့ရသော ချင်ရန်ကို မည်သို့မျှ မမှတ်မိဘဲနေမည်နည်း။

သူမသည် ချင်ရန်ကို ရာနှုန်းပြည့် တိကျစွာမှတ်မိနေခဲ့ပါသော်လည်း နှမြောစရာကောင်းလှသည်မှာမူ သူမသည် စကားမပြောနိုင်သော အ,အတစ်ဦးဖြစ်သည့်အပြင် မျက်နှာထက်တွင်လည်း ကြောက်မက်ဖွယ်ကောင်းသော

ဓားအရာများ ၅၀ကျော်ရှိနေခဲ့သဖြင့် သရဲတစ္ဆေတစ်ကောင်အလား ရုပ်ပျက်ဆင်းပျက်ဖြစ်နေခဲ့ပြီဖြစ်၏။

အမှန်စင်စစ်တွင်မူ သူမသည် မိမိ၏ ယခုကဲ့သို့သော ရုပ်ပျက်ဆင်းပျက် အခြေအနေမျိုးဖြင့် ချင်ရန့်မျက်နှာကို ဆက်လက်ရင်ဆိုင်ရန်အတွက် အလွန်ကို ရှက်ရွံ့အားနာနေခဲ့ရှာခြင်းဖြစ်သည်။

ချင်ရန်အခန်းတွင်းမှ လှည့်ထွက်သွားသည်ကို ငေးကြည့်လိုက်ရင်း ယုချန်သိရှိလိုက်သည်က ဤဘဝတွင် သူမသည် ချင်ရန်ကို နောက်ဆုံးအကြိမ်မြင်တွေ့ခွင့်ရလိုက်ခြင်းဖြစ်ပြီး နောင်ဘဝဆက်ဆက်တွင်လည်း သူ့အား ထပ်မံတွေ့ဆုံခွင့်ရတော့မည်မဟုတ်ကြောင်းပင်ဖြစ်သည်။

ထို့နောက်တွင်မူ ချင်ရန်အဖို့ နေ့ရက်ကောင်းများ ဆိုက်ရောက်လို့လာခဲ့လေသည်။ သူ့တစ်နှစ်တာ ရဲဝန်ထမ်းစမ်းသပ်ကာလမှာ တရားဝင်ပြီးဆုံးသွားခဲ့ပြီဖြစ်ရာ ယခုအခါတွင် ကြီးကျယ်ခမ်းနားလှသော ရဲရာထူးခန့်အပ်ခြင်း အခမ်းအနားကြီးကို စနစ်တကျကျင်းပပြုလုပ်ခဲ့ကြသည်။

သူ၏တိုင်းပြည်နှင့် ပြည်သူအပေါ်ထားရှိသော ပြောင်မြောက်လှသည့် စွမ်းဆောင်ရည်များနှင့် ထူးကဲလှသောအမှုလိုက်စွမ်းရည်များကြောင့် ချင်ရန်သည် သာမန်လုပ်ထုံးလုပ်နည်းများကို ကျော်လွန်၍ 'အဆင့်-၁ ရဲစုံထောက်ကြီး'တစ်ဦးအဖြစ် အထူးရာထူးတိုးမြှင့်ခြင်းခံခဲ့ရသည်။

ဒါတင်မကသေးဘဲ သူ့တရားဝင်ရာထူးမှာလည်း 'မြို့ပြရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးတပ်ဖွဲ့၏ ဒုတိယတပ်ဖွဲ့မှူး'ဖြစ်လာခဲ့ပြီး အဖွဲ့မှူးကြီးလင်းကုဝေ၏ လက်အောက်ရှိ အဓိကအားအထားရဆုံးသောလက်ရုံးကြီးတစ်ဆူလည်း ဖြစ်လာခဲ့တော့သည်။

ရာထူးအာဏာအပ်နှင်းခြင်းခံရသော နေ့ရက်တွင် ချင်ရန်သည် ပြတင်းပေါက်ပြင်ပရှိ တောက်ပလင်းထိန်နေသော နေရောင်ခြည်ကြီးကို ငေးမော့ကြည့်လိုက်ရင်း မိမိပုခုံးထက်ရှိ ရဲတံဆိပ်များ၏ လေးလံလှသော တာဝန်ဝတ္တရားများကို လေးနက်စွာ ခံစားလိုက်ရသည်။

သူ သိရှိလိုက်သည်မှာ မိမိဘဝခရီးလမ်းနှင့် မဟာဗျူဟာမြောက်မစ်ရှင်များမှာ ယခင်ကထက် ပိုကြီးမားကျယ်ပြန့်လာခဲ့ပြီဖြစ်ကြောင်းပင်ဖြစ်သည်။ သူသည် ပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ်ကို အသက်ပေးကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ပြီး တိုင်းပြည်အတွင်းရှိ ဒုစရိုက်သမားများနှင့် ရာဇဝတ်ကောင်များအားလုံးကို အမြစ်ပြတ်ချေမှုန်းသွားမည်ဟုလည်း ရင်ထဲ၌ တိတ်တဆိတ် သစ္စာဓိဋ္ဌာန် ပြုလိုက်တော့သည်။

အချိန်များသည် လေအဟုန်အလား တရိပ်ရိပ်ကုန်လွန်သွားခဲ့၏။ အချိန်များသည်လည်း နောက်ထပ်ခြောက်လခန့်ကို လျင်လျင်မြန်မြန်ဖြတ်သန်းကုန်ဆုံးသွားခဲ့ပြန်သည်။

ချင်ရန်နှင့် စုံထောက်မလေးရှကျဲတို့သည် စေ့စပ်ထားခဲ့ကြရုံတင်မကဘဲ ယခုအခါတွင်မူ မင်္ဂလာလက်ထပ်ပွဲကြီးကိုပါ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ကြတော့မည်ဖြစ်သည်။

သူတို့၏မင်္ဂလာဧည့်ခံပွဲသို့ ထိပ်တန်းပုဂ္ဂိုလ်များနှင့် မိတ်ဆွေဟောင်းများစွာ တက်ရောက်ချီးမြှင့်ခဲ့ကြသည်။ ထိုသူများထဲတွင် ပါလီမြစ်ရဲစခန်း၏ရဲစခန်းမှူးကြီးဝမ်‌ရှောင်ရီ၊ ချန်ဟောင်၊ ချောင်ကျန့်ကျွင်းနှင့် အခြားသောချင်ရန်နှင့် ရှကျဲတို့နှင့်အတူ ရဲသင်တန်းဘဝဖြတ်သန်းမှုအတွင်းမှ အခင်အမင်မပြတ်ရင်းနှီးခဲ့ကြရသော မိတ်ဆွေဟောင်းကြီးများအားလုံး စုံစုံလင်လင် ပါဝင်ခဲ့ကြသည်။

မင်္ဂလာပွဲအတွင်း၌ ချင်ရန်သည် ခန့်ညားထည်ဝါလှသော သတို့သားဝတ်စုံအဖြူရောင်ကို ဝတ်ဆင်ထားခဲ့ပြီး ရှကျဲမှာမူ ဖြူစင်သန့်ရှင်းလှသော သတို့သမီး မင်္ဂလာဝတ်စုံဖြူကြီးကို ဆင်မြန်းလို့ ထားခဲ့သည်။ သတို့သားနှင့် သတို့သမီး နှစ်ဦးစလုံးသည် လက်ချင်းယှက်ချိတ်ထားကြရင်း တစ်ဦးကိုတစ်ဦး အလွန်အမင်းကြင်နာမြတ်နိုးလှသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေကြသည့် ကြည်နူးစရာမြင်ကွင်းကလေးမှာ လူတိုင်း၏အားကျစရာ မြင်ကွင်းတစ်ခုဖြစ်နေခဲ့သည်။

သို့သော်လည်း မင်္ဂလာခန်းမကြီး၏ အစွန်ဆုံးဘက်မှောင်ရိပ်ကျလှသော ထောင့်စွန်းတစ်ခုတွင်မူ ဦးခေါင်းတွင် ဘေ့စ်ဘောဦးထုပ်တစ်လုံးကို ခပ်ငိုက်ငိုက်ဆောင်းထားခဲ့ပြီး မျက်နှာတွင် နှာခေါင်းစည်းတစ်ခုကို တပ်ဆင်ထားကာ မျက်လုံးတွင်လည်း နေကာမျက်မှန်အမည်းဝတ်ဆင်ထားသော ခန္ဓာကိုယ် အနည်းငယ်ကုန်းနေရှာသည့် အမျိုးသမီးငယ်တစ်ဦးသည် တိတ်ဆိတ်စွာဖြင့် မတ်တတ်ရပ်ကာ အဆိုပါမင်္ဂလာပွဲအား တိတ်တဆိတ်ဂုဏ်ပြုပေးနေခဲ့သည်။

သူမသည် အခြားသူမဟုတ်ဘဲ ယုချန်ပင်ဖြစ်သည်။ သူမ၏နေကာမျက်မှန်အနောက်ကွယ်ရှိ မျက်ဝန်းအစုံအတွင်း၌မူ ဝမ်းနည်းခြင်း၊ ကြည်နူးခြင်းများနှင့် ရှုပ်ထွေးလှသောခံစားချက်များပေါင်းစုံကာပြည့်နှက်နေခဲ့ရရှာသည်။

သူမသည် အမာရွတ်များဖြင့်ပြည့်နှက်နေသော မိမိမျက်နှာလေးကို လက်ဖြင့် အသာထိတွေ့လိုက်မိစဉ် ပူနွေးလှသော မျက်ရည်တစ်စက်သည် ပါးပြင်ထက်မှနေ၍ တားဆီးမရဘဲစီးကျလာခဲ့ရသည်။ ထို့နောက် သူမသည် တွန့်ဆုတ်ခြင်းမရှိပဲ ရဲဝံ့သောခြေလှမ်းများဖြင့် ခန်းမအတွင်းမှလှည့်ထွက်သွားခဲ့တော့၏။

သူမသည် ဖိန်လင်မြို့တော်ကြီးအတွင်း၌ ယနေ့မှစ၍ နောင်ဘဝဆက်ဆက်ထိ ဘယ်လိုနည်းနဲ့မှ ထပ်မံထွက်ပေါ်လာတော့မည်မဟုတ်ဘဲ ထာဝရဝေးကွာရာဆီသို့ တစ်ဦးတည်းအဖော်မဲ့စွာ ထွက်ခွာသွားခဲ့တော့သည်။

{T/N - သောက်ကျိုးနည်းလို့ပဲပြောချင်လိုက်တော့တယ်။ ဇာတ်လိုက်နှစ်ကောင် သာယာခိုင်းချင်လဲ ဒီအတိုင်းသာယာခိုင်းရ‌နေတာကို အလကားနေရင်း မိန်းက‌လေးတစ်ယောက်ကို အသည်းကွဲခိုင်းတဲ့အပြင် ရုပ်ပျက်ဆင်းပျက်နဲ့ နာလန်မထူနိုင်အောင်လုပ်ခဲ့သေးတယ် ရက်စက်ပါ့ဟယ်(⁠ノ⁠ಠ⁠益⁠ಠ⁠)⁠ノ⁠彡⁠┻⁠━⁠┻ }

All Chapters