← Chapters

အခန်း (၂၂၂၉-၂၂၃၀)

Vol. 223 Ch. 2229-2230

အခန်း (၂၂၂၉-၂၂၃၀)

Vol. 223 Ch. 2229-2230

အခန်း (၂၂၂၉) အသက်ချမ်းသာပေးပါ၊ ကျွန်တော့်ကို မသတ်ပါနဲ့

ချင်လွမ်းမှာ ဖန့်ချန် ရှိနေသည်ကို အခုမှ သတိပြုမိသွားပုံရကာ အမြန်ပင် လက်ယှက်၍ နှုတ်ဆက်လိုက်သည်။

“ကျွန်တော်က ချင်လွမ်း၊ ဟော်ဆွေ့ ချင်မျိုးနွယ်စုဝင်ပါ။ အကြီးတန်းအစ်ကိုကို နှုတ်ဆက်ပါတယ်”

“ကျွန်တော်တို့လည်း အကြီးတန်းအစ်ကိုကို နှုတ်ဆက်ပါတယ်”

လူသားမျိုးနွယ်စုမှ သူတော်စင်တစ်ပိုင်းများမှာလည်း အသီးသီး လက်ယှက်၍ နှုတ်ဆက်ကြပြီး ဖန့်ချန်ကို ကြည့်သည့် မျက်လုံးများထဲတွင် သိလိုစိတ်များ အနည်းငယ် ပါဝင်နေသည်။

“ဒီလောက်ထိ အားနာစရာ မလိုပါဘူး”

ဖန့်ချန်က ပြုံး၍ ခေါင်းညိတ်လိုက်သည်။

ချင်လွမ်းက စကားစပြန်ပြောသည်။

“အကြီးတန်းအစ်ကို သိအောင် ပြောပြရရင်၊ ဒီလူသုံးယောက်က နန်းတော်ကိုးခုက တပည့်တွေပါ၊ ကျွန်တော်တို့နဲ့ မတူဘူး”

သူက ရှဲ့အာမန်၊ ပိုင်ချန်းမင်း နှင့် ဟွမ်ချင်းကျူ တို့ကို လက်ညှိုးထိုးပြလိုက်သည်။

သူတို့သုံးယောက်၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားပြီး တိတ်ဆိတ်နေကြသည်။

“သာမန် အရည်အချင်းရှိရင် နန်းတော်ကိုးခုကို ဘာလို့ သွားပြီး ကျင့်ကြံနေဦးမှာလဲ။ နန်းတော်ကိုးခု တပည့် ဖြစ်တယ်ဆိုတာက သူတို့ရဲ့ အရည်အချင်းက ကျွန်တော်တို့ထက် အများကြီး အားနည်းတယ်လို့ ဆိုလိုတာပဲ။ ရွှေဟွေး ပညာသင်ကျောင်းတော်ကို ရောက်လာတာကတော့ ကံကောင်းလို့ပဲ ဖြစ်ရမယ်”

ချင်လွမ်းက ဆက်ပြောသည်။

“ဒါပေမဲ့ ဒီလူသုံးယောက်က ကိုယ့်အရည်အချင်းကိုယ် မသိဘဲ စကားပြော အပြုအမူတွေက သိပ်ကို မောက်မာလွန်းတယ်”

“နန်းတော်ကိုးခုက တပည့်ဆိုရင် ဘာဖြစ်လဲ၊ မင်းတို့နဲ့အတူတူပဲ ကျောင်းတော်ရဲ့ တပည့်ဖြစ်လာတာပဲ မဟုတ်လား”

ပိုင်ချန်းမင်းက တိုးတိုးလေး ရေရွတ်လိုက်သည်။

“တူနိုင်ပါ့မလား မင်းတို့ အသက် ဘယ်လောက်ရှိပြီလဲဆိုတာ ပြောရဲလား”

ချင်လွမ်းမှာ ဒေါသထွက်ပြီး ရယ်မောလိုက်သည်။

ထိုစကား ထွက်လာသည်နှင့် ရှဲ့အာမန်တို့ သုံးယောက်၏ အမူအရာမှာ ချက်ချင်း ပြောင်းလဲသွားသည်။

“မပြောရဲတော့ဘူးလား မင်းတို့သာ အသက်ငါးရာမတိုင်ခင် သူတော်စင်တစ်ပိုင်း ဖြစ်လာနိုင်ရင် နန်းတော်ကိုးခုကို သွားပြီး ကျင့်ကြံဖို့ လိုပါ့မလား ဒီနေရာကို ရောက်နေမှာပေါ့”

ချင်လွမ်းက လှောင်ပြောင်လိုက်သည်။

“မင်းတို့ သုံးယောက် အသက်ဘယ်လောက်ရှိပြီလဲ”

ဖန့်ချန်က မေးလိုက်သည်။

အကြီးတန်းအစ်ကိုက အခုလို မေးလိုက်သဖြင့် ရှဲ့အာမန်က အမူအရာမဲ့စွာ ပြောသည်။

“တစ်ထောင့်ငါးရာ နီးပါးလောက် ရှိပြီထင်တယ်၊ အတိအကျတော့ မမှတ်မိတော့ဘူး၊ မတွက်ကြည့်ခဲ့ဘူး”

“ကျွန်တော်လည်း အဲဒီလောက်ပါပဲ”

“ဟုတ်တယ်၊ ကျွန်တော်လည်း တစ်ထောင်ကျော်ပြီ”

“တစ်ထောင်ကျော်ပြီ”

လူအများက သူတို့သုံးယောက်ကို ကြည့်သည့်အကြည့်မှာ ပို၍ ထူးဆန်းလာသည်။

ဖန့်ချန်က ရယ်မော၍ ပြောသည်။

“သက်တမ်းကတော့ နည်းနည်း ကြီးသွားပြီပေါ့……”

သူတို့သုံးယောက်၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားသည်။ ကျောင်းတော်ကို စရောက်ရောက်ချင်းမှာပင် အကြီးတန်းအစ်ကိုက မနှစ်မြို့သည့်ပုံစံ ဖြစ်နေသဖြင့် ရှေ့ဆက်ရမည့် လမ်းအတွက် စိုးရိမ်မိသွားသည်။

ချင်လွမ်းက ဖန့်ချန်က သူ့ဘက်က ရပ်တည်နေသည်ဟု ထင်ကာ ကျေနပ်စွာ ပြုံးလိုက်သည်။ သူသည် ‘ချင်’ ဟု နာမည်တွင်ထားသဖြင့် ယခုကဲ့သို့ ယုံကြည်မှု ရှိနေခြင်းဖြစ်သည်။

“ဒါပေမဲ့ ကျောင်းတော်ရဲ့ စည်းမျဉ်းတွေကတော့ အားလုံးအတွက် တူညီပါတယ်။ အသက်ဘယ်လောက်မှာ သူတော်စင်တစ်ပိုင်း ဖြစ်လာတယ်ဆိုတာက အရေးမကြီးဘူး၊ အရေးကြီးတာက မင်းတို့ရဲ့ အတွင်းကမ္ဘာ အဆင့်အတန်းပဲ”

“နန်းတော်ကိုးခုကနေ အကြံပြုပြီး ရောက်လာတာ ဖြစ်သလို ကျောင်းတော်ကလည်း လက်ခံလိုက်ပြီဆိုတော့ မင်းတို့သုံးယောက်မှာ ကျောင်းတော်မှာ ကျင့်ကြံဖို့ အရည်အချင်း ရှိနေတယ်လို့ ဆိုလိုတာပဲ”

“အဲဒီတော့ ဘယ်သူကများ နောက်ထပ် စကားရှည် ပြောဦးမှာလဲ”

ဖန့်ချန်က ပြုံး၍ ပြောသည်။

ရှဲ့အာမန်တို့ သုံးယောက်မှာမှ သူတို့ရှေ့က အကြီးတန်းအစ်ကိုက သူတို့ဘက်ကနေ ကာကွယ်ပြောဆိုပေးနေမှန်း သိလိုက်ကြသည်။

ပိုင်ချန်းမင်းက အမြန်ပင် ပြောသည်။

“အကြီးတန်းအစ်ကို ပြောတာ မှန်ပါတယ်”

“မင်း ငါ့ကို ဘယ်လို ခေါ်လိုက်တာလဲ”

“အကြီးတန်းအစ်ကို လေ”

ပိုင်ချန်းမင်း အနည်းငယ် မှင်သက်သွားသည်။

“အင်း”

ဖန့်ချန်က ပြုံး၍ ခေါင်းညိတ်လိုက်ပြီးနောက် အမူအရာ တောင့်တင်းသွားသော ချင်လွမ်းကို ကြည့်လိုက်သည်။

“ချင်လွမ်း၊ မင်းက ချင်မျိုးနွယ်စုဝင် ဖြစ်ပေမဲ့လို့ လောကရှိ လူသားမျိုးနွယ်တွေကို အထင်မသေးပါနဲ့။ သူတို့သုံးယောက်က ဒီနေ့ မင်းနဲ့အတူတူ ဒီနေရာမှာ ရပ်တည်နေနိုင်တာကပဲ သူတို့က မင်းနဲ့ အတူတူပဲ ဆိုတာကို ပြနေတာပဲ။ ဘယ်သူက ပိုမြင့်မြတ်တယ်ဆိုတာ မရှိပါဘူး။ ငါတို့ လူသားများ ကျောင်းတော်က ဒီလိုမျိုး ခွဲခြားဆက်ဆံတာကို မကြိုက်ဘူး။ အပြင်က နာမည်ဂုဏ်သတင်းတွေက ဒီနေရာမှာ ဘာမှ အသုံးမဝင်ဘူး။ နှစ်တစ်ထောင် ပညာသင်ကာလကို မပြီးမြောက်နိုင်ရင် ‘ချင်’ ဆိုတဲ့ နာမည်က ရှိနေပါစေ၊ နာမည်နောက်မှာ စာလုံးတစ်လုံးပိုနေပါစေ၊ ကျောင်းတော်ကနေ ထုတ်ပယ်ခံရမှာပဲ။ မင်း နားလည်လား”

“……”

ချင်လွမ်း၏ အမူအရာမှာ ပြောင်းလဲသွားသည်။ စိတ်ထဲတွင် ဒေါသထွက်နေသော်လည်း ယခုအချိန်တွင် မဖော်ပြရဲသဖြင့် စိတ်ကို ထိန်းချုပ်ကာ တိုးတိုးလေး ပြောသည်။

“ချင်လွမ်း နားလည်ပါတယ်”

“နားလည်ရင် ပြီးတာပဲ။ ငါ ဒီနေရာကို မင်းတို့ကို လှည့်ပတ်ပြမယ်၊ ဒီနေရာရဲ့ စည်းကမ်းတွေကိုလည်း ပြောပြမယ်”

ဖန့်ချန်က ရယ်မော၍ ပြောသည်။

ချင်လွမ်းမှာ ဖန့်ချန်၏ နောက်က လိုက်သွားရင်း မျက်လုံးထဲတွင် မကျေနပ်မှုများ ပေါ်လာသည်။ သူသည် ကျောင်းတော်မှ အကြီးတန်းအစ်ကိုက သူ့အဆင့်အတန်းကို သိပြီး သူ့ဘက်က ရပ်တည်ပေးလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း၊ ဖန့်ချန်က နန်းတော်ကိုးခုမှ တပည့်များဘက်က ရပ်တည်ပေးကာ သူ့ကိုပါ အပြစ်ပေးလိုက်သည်။ ဤအချက်က ချင်မျိုးနွယ်စုဝင်တစ်ဦး၏ ဂုဏ်သိက္ခာကို ဘယ်နေရာမှာ ထားရမည်နည်း။

မကြာမီပင် ဖန့်ချန်သည် လူအုပ်စုကို ခေါ်ဆောင်ကာ လူသားများ ကျောင်းတော်သို့ ရောက်ရှိလာပြီး လမ်းတစ်လျှောက်တွင် သူတို့ သိသင့်သိထိုက်သည့် လျှို့ဝှက်ချက်များကို ပြောပြသည်။ အထူးသဖြင့် ‘ကောင်းကင်ငါးခု’ အကြောင်းမှာ သူတို့အတွက် ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်ပြီး ချင်လွမ်းကဲ့သို့ ချင်မျိုးနွယ်စုဝင်များပင် မကြားဖူးသဖြင့် အလွန်အံ့အားသင့်သွားကြသည်။

“ကောင်းကင်ငါးခု ဆိုတာ ရှိလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး…… ငါက ချင်းမင်း မဟာမိတ်အဖွဲ့ကပဲ ဒီလောကရဲ့ တစ်ခုတည်းသော ကောင်းကင်လို့ ထင်ခဲ့တာ……”

ပိုင်ချန်းမင်းက ရေရွတ်လိုက်သည်။

ဟွမ်ချင်းကျူက သူ့ကို တစ်ချက်ကြည့်လိုက်ရာ မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုများ ပေါ်လာသည်။

“ဒါဆိုရင် လောကမှာ ကျောင်းတော် ခုနစ်ခု ရှိသေးတယ်ပေါ့။ ငါတို့က ကောင်းကင်ငါးခု စစ်မြေပြင်မှာ သူတို့နဲ့ ယှဉ်တိုက်ခိုက်ပြီး လေ့ကျင့်နိုင်မယ်။ ဒီလို အခွင့်အရေးမျိုးက ရွှေဟွေး ကျောင်းတော်ကို မရောက်လာရင် ဒီဘဝမှာ ကြုံရဖို့ မလွယ်ဘူး”

“ကောင်းတာတော့ မဟုတ်လောက်ဘူး၊ အကြီးတန်းအစ်ကို ဖန့် ပြောတာက ကောင်းကင်ငါးခု စစ်မြေပြင်မှာ သေဆုံးနိုင်ခြေ ရှိတယ်တဲ့။ ရိုးရိုးရှင်းရှင်း ယှဉ်တိုက်တာမျိုး မဟုတ်ဘူး။ အချိန်တော်တော်များများက ကောင်းကင်ငါးခု ကြားက စစ်တုရင်ကစားပွဲလိုပဲ။ တပ်ဖွဲ့တွေထဲမှာ တိုက်ခိုက်တာ မဟုတ်သလို စစ်သည်တွေ အများကြီး သေစရာလည်း မလိုဘူး။ ကျောင်းတော်က ကျောင်းသားတွေရဲ့ အသက်ကိုပဲ သုံးတာ”

ရှဲ့အာမန်က ထိုနှစ်ယောက်ကို အေးစက်စက် သတိပေးလိုက်သည်။

ထိုအချိန်တွင် အတွင်းကမ္ဘာကို အသုံးပြု၍ လျင်မြန်စွာ ရောက်လာသည့် ပုံရိပ်တစ်ခုမှာ မရောက်သေးခင်မှာပင် အသံက အရင် ရောက်လာသည်။

“ညီလေး၊ အစ်ကို ရောက်လာပြီ”

တစ်ခဏအတွင်းမှာပင် ချင်ကွမ်း သည် အတွင်းကမ္ဘာမှ ခုန်ထွက်လာပြီး ချင်လွမ်းကို ပျော်ရွှင်စွာ ကြည့်လိုက်သည်။

“အစ်ကို”

ချင်လွမ်းမှာ သူ့အစ်ကိုကို မြင်လိုက်ရသဖြင့် ပျော်ရွှင်သွားပြီး မျက်လုံးထဲတွင် ဂုဏ်ယူဝံ့ကြွားမှုများ ပေါ်လာသည်။ အနီးနားရှိ ကျောင်းသားများမှာ ဤမြင်ကွင်းကို ကြည့်ရင်း ချင်မျိုးနွယ်စုဝင်ဆိုတာ မထူးဆန်းတော့ပါပေ၊ ကျောင်းတော်ထဲမှာပင် လာကြိုမည့်သူ ရှိနေသည်မှာ သူတို့၏ အခြေခံအုတ်မြစ်မှာ အလွန်နက်နဲလွန်းသည်။

“အကြီးတန်းအစ်ကို ဖန့်၊ ကျွန်တော့်အစ်ကိုကို သိမှာပါ။ သူက ချင်ဝူဆန့် ဆရာရဲ့ လက်အောက်မှာ ကျင့်ကြံနေတာ၊ အနာဂတ်မှာ အကန့်အသတ်မရှိ တိုးတက်မှာ”

ချင်လွမ်းက ဖန့်ချန်ကို ဂုဏ်ယူစွာဖြင့် ကြည့်၍ ပြောသည်။ သူ၏ စကားထဲတွင် ဂုဏ်ယူခြင်း များ ပါဝင်သလို ဖန့်ချန်၏ အပြုအမူကို မကျေနပ်သည့် အရိပ်အယောင်များလည်း ပါဝင်နေသည်။

ချင်ဝူဆန့်

တက်ရောက်နေသည့် သူတော်စင်တစ်ပိုင်းများမှာ ချင်မျိုးနွယ်စု၏ စည်းကမ်းကို သိကြသည်။ နာမည်နှစ်လုံးဆိုလျှင် တကယ့်အရင်းအမြစ်မှ ဖြစ်သည်မှာ သေချာသည်။ ပိုင်ချန်းမင်း နှင့် ဟွမ်ချင်းကျူ တို့မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး လေးနက်သော အရိပ်အယောင်များကို မြင်လိုက်ကြသည်။

ချင်ကွမ်း မှာ ဖန့်ချန်ကို မသိဘဲ မနေနိုင်ပေ။ ဖန့်ချန်က ချင်ဝူဆန့်ကို ဗောဓိသီး ပေးရန် ငြင်းဆန်ခဲ့သည်ကို မမေ့နိုင်သေးသဖြင့် မဲ့ပြုံးပြုံး၍ ပြောသည်။

“အကြီးတန်းအစ်ကို ဖန့်၊ ဒီတစ်ခေါက်လည်း ကျောင်းသားသစ်တွေကို ကြိုဆိုနေတာလား”

ဖန့်ချန်က သူ့ကို တစ်ချက်ကြည့်၍ ခေါင်းညိတ်လိုက်သည်။

“ငါ ပြောစရာရှိတာ မပြီးသေးဘူး။ မင်း ချင်လွမ်းနဲ့ စကားပြောချင်ရင် သူ ဆရာ ကို အရိုအသေပေးပြီးမှ ပြောကြပေါ့”

“ဒီလောက် ရှုပ်မနေပါနဲ့။ ဆရာက ချင်လွမ်းကို သူ့လက်အောက်မှာ သင်ကြားပေးမယ်လို့ ပြောထားလို့၊ ငါ အရင် လာခေါ်တာပါ”

ချင်ကွမ်း က တည်ငြိမ်စွာ ပြောသည်။

“စည်းကမ်းကို မဖျက်ရဘူး။ ငါ ကြိုဆိုရမှာဆိုတော့ ဘယ်ကို သွားရမယ်၊ ဘယ်ကို မသွားရဘူးဆိုတာ ငါပဲ ဆုံးဖြတ်မယ်။ ဘယ်သူမှ ဝင်မစွက်နဲ့”

ဖန့်ချန်က ခေါင်းခါလိုက်ပြီး လူအုပ်ကို အမိန့်ပေးကာ ကရုဏာတောင် ဘက်သို့ ပျံသန်းသွားသည်။

ဒီလောက်ဆိုလျှင် မျက်စိကန်းသူတောင် ဖန့်ချန် နှင့် ချင်ကွမ်း တို့ကြားတွင် ရန်ငြိုး ရှိနေသည်ကို မြင်နိုင်သည်။ အားလုံး အံ့အားအသင့်ဆုံး ဖြစ်ရသည်မှာ ဒီအကြီးတန်းအစ်ကို ဖန့်က ချင်မျိုးနွယ်စုရဲ့ မျက်နှာကိုတောင် မထောက်ထားတာလား။

“ဖန့်ချန်၊ မင်း အရမ်း မလွန်းနဲ့ "

ချင်ကွန်းမှာ ဒေါသပေါက်ကွဲသွားသည်။

သို့သော် နောက်တစ်ခဏတွင် နေမင်းကဲ့သို့ တောက်ပသော အလင်းရောင်များ တောက်ပလာသည်။ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များက ချင်ကွမ်းကို မြေပေါ်သို့ ပိကျသွားစေသည်။ သူသည် အသက်ရှုကျပ်ပြီး သေတော့မည်ဟု ခံစားလိုက်ရသည်။

ချင်ကွမ်းက ကြောက်လန့်တကြား အော်ဟစ်သည်။

“အသက်ချမ်းသာပေးပါ၊ ကျွန်တော့်ကို မသတ်ပါနဲ့”

လူအများမှာ ကြက်သေသေသွားကြသည်။ သူတို့မှာ ဖန့်ချန်၏ ပုံရိပ်ကိုတောင် မမြင်ရတော့ဘဲ၊ တောက်လောင်နေသော နေမင်းကြီး တစ်လုံးကိုသာ မြင်လိုက်ရသလို ဖြစ်သွားသည်။

အခန်း (၂၂၃၀) ကြေမွသွားအောင် ထုချေလိုက်ခြင်း

“ကောင်း…… တကယ်ကို ကြောက်ဖို့ကောင်းတာပဲ……”

ပိုင်ချန်းမင်းမှာ ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေသည်။ ထိုအငွေ့အသက်မှာ သူ့ကို ပစ်မှတ်ထားခြင်း မဟုတ်ဘဲ ချင်ကွမ်းကိုသာ ပစ်မှတ်ထားခြင်း ဖြစ်သော်လည်း သူကမူ ခန္ဓာကိုယ်တစ်ခုလုံး ကြက်သီးမွှေးညှင်းများ ထသွားကာ၊ ထိုတောက်ပသောအလင်းရောင်နှင့် ထိမိလိုက်သည်နှင့် ဝိညာဉ်များ ကြေမွပျက်စီးသွားတော့မည့် ခံစားချက်မျိုးကို ခံစားနေရသည်။

သူ့အပြင် နေရာတွင် ရှိနေသော လူသားမျိုးနွယ်စုမှ သူတော်စင်တစ်ပိုင်း (၆၀၀) ကျော်တို့သည်လည်း အားလုံး ထိုနည်းတူပင် ဖြစ်ကြသည်။

ချင်လွမ်းမှာမူ လုံးဝ ကြက်သေသေသွားသည်။ သူသည် အသစ်ရောက်လာသော ကျောင်းသားများကို ကြိုဆိုသည့် အကြီးတန်းအစ်ကို၏ စွမ်းအားမှာ ဤမျှလောက်ထိ ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

ထိုမျှသာမက၊ တစ်ဖက်လူက သူ့အစ်ကိုဖြစ်သူ ချင်ကွမ်းကို တိုက်ရိုက် အစွမ်းပြလိမ့်မည်ဟုလည်း မထင်ထားခဲ့ပေ။

တစ်ဖက်လူမှာ လူသားမျိုးနွယ်စုမှ မဟုတ်တာလား။ လူသားမျိုးနွယ်စုက ချင်မျိုးနွယ်စုဝင်ကို တွေ့လျှင် ရိုသေလေးစားမှု အပြည့်ဖြင့် ဆက်ဆံရမည် မဟုတ်ဘူးလား။

လူသားမျိုးနွယ်စု၏ တစ်ဦးတည်းသော ကောင်းကင်အရှင် သူတော်စင်၊ သမာဓိခုံရုံး မှ ဂုဏ်ထူးဆောင် ကောင်းကင်ဘုံ သူတော်စင်သည်ပင်လျှင် ဟော်ဆွေ့ ချင်မျိုးနွယ်စုမှ ဆင်းသက်လာခဲ့သည် မဟုတ်ပါလား။

ချင်ကွမ်း၏ အသက်ချမ်းသာပေးရန် တောင်းဆိုသံကို ကြားလိုက်ရသည့်အခါ ချင်လွမ်း၏ အမူအရာမှာ လုံးဝ ပြောင်းလဲသွားသည်။

သူ့စိတ်ထဲတွင် နောက်ဆုံး ကျန်ရှိနေသည့် ဂုဏ်ယူဝံ့ကြွားမှုအစိုင်အခဲမှာလည်း ကြေမွသွားကာ၊ ထုချေခံလိုက်ရသလို ဖြစ်သွားရသည်။

သူသည် မည်သို့လုပ်ရမည်ကို မသိတော့ဘဲ နေရာတွင် ရပ်နေမိသည်။ အကြီးတန်းအစ်ကို ဖန့်ကို အတူတူ အသက်ချမ်းသာပေးရန် တောင်းဆိုရမလား၊ သို့မဟုတ်……

“အကြီးတန်းအစ်ကို ဖန့်၊ ချင်ကွမ်းက မိုက်မဲသွားတာပါ။ ကျွန်မတို့ အရင်က အကြီးတန်းအစ်ကိုဆီမှာပဲ သင်ယူခဲ့ကြတာကို ထောက်ထားပြီး ချင်ကွန်းကို တစ်ကြိမ်လောက် လွှတ်ပေးလိုက်ပါ ”

နောက်ထပ် အတွင်းကမ္ဘာ တစ်ခုမှာ ရုတ်တရက် ရောက်ရှိလာသည်။ ချင်ယွဲ့သည် လေးနက်သော အကြည့်ဖြင့် ဖန့်ချန်ကို ဦးညွှတ်၍ လက်ယှက်ကာ တောင်းပန်လိုက်သည်။

သူမသည် ဖန့်ချန်၏ ယခုလက်ရှိ မျက်နှာကို မမြင်ရဘဲ၊ မျက်လုံးထဲတွင် ကိုယ့်မျက်စိရှေ့မှ နေမင်းကြီး တစ်လုံးနှင့် တူနေသည်ဟုသာ မြင်နေရသည်။

ယခု ‘နေမင်း’ ကြီး ထုတ်လွှတ်လိုက်သော ပြင်းထန်သည့် အလင်းရောင်ကြောင့် သူမသည်ပင် အနီးသို့ ကပ်ရန် မရဲတော့ပေ။ အတွင်းကမ္ဘာထဲသို့ အလင်းရောင် အနည်းငယ်မျှ စိမ့်ဝင်သွားရုံနှင့် အတွင်းကမ္ဘာတစ်ခုလုံး ပြိုကွဲသွားတော့မည်ကို စိုးရိမ်နေရသည်။

ဤသူမှာ လက်ရှိ နေမင်းခုနှစ်ပါး ခန်းမတွင်၊ စွမ်းအင်စုစည်းခြင်း အစောပိုင်း အဆင့် သူတော်စင်များထဲ၌ အဆင့် (၅၀) မြောက် အင်အားအကြီးဆုံး ပုဂ္ဂိုလ် ဖြစ်သည်။

တစ်ကျောင်းလုံးတွင် စွမ်းအင်စုစည်းခြင်း အစောပိုင်း အဆင့် သူတော်စင်များထဲ၌ အသိအမှတ်ပြုခံထားရသည့် နံပါတ် (၁) ပုဂ္ဂိုလ် ဖြစ်သည်။

ဖန့်ချန်က စကားမပြောဘဲ ချင်ယွဲ့ကိုသာ ကြည့်နေသည်။

ဖန့်ချန်၏ အကြည့်ကို သတိပြုမိသွားပုံရသဖြင့် ချင်ယွဲ့က အလျင်အမြန်ပင် ပြောသည်။

“ချင်ကွမ်း ဒီကို ရောက်လာတာက ဆရာရဲ့ အမိန့်ကြောင့်ပါ။ ဒါပေမဲ့ သူ့စိတ်နေသဘောထားက ထူးဆန်းနေလို့၊ သူတစ်ခုခု ဖြစ်သွားမှာ စိုးရိမ်တာနဲ့ ကျွန်မ လိုက်လာတာပါ။ သူ တကယ်ပဲ အကြီးတန်းအစ်ကို ဖန့်ကို ပြစ်မှားမိသွားတာပါ။ အကြီးတန်းအစ်ကို ဖန့် လက်ကို လျှော့ပေးဖို့ တောင်းပန်ပါတယ်။ ကျွန်မတို့ ချက်ချင်းပဲ ပြန်သွားတော့မယ်……”

သူမသည် ဖန့်ချန်က ချင်ကွမ်း၏ အသက်ကို တကယ်တမ်း မသတ်နိုင်ကြောင်း သိသည်။

သို့သော် ကျောင်းတော်၏ တပည့်တစ်ယောက်အနေဖြင့် အတွင်းကမ္ဘာ၏ အခြေခံအုတ်မြစ်မှာ အလွန်အရေးကြီးသည်။

အနည်းငယ်မျှ အစွန်းအထင်း ရှိသွားလျှင်ပင် အနာဂတ် လမ်းကြောင်းကို ထိခိုက်နိုင်သည်။

ယခုကဲ့သို့ ပြိုင်ဆိုင်မှု ပြင်းထန်သော ပတ်ဝန်းကျင်တွင်၊ အနည်းငယ်သော ထိခိုက်မှုသည်ပင် ဂရုစိုက်သင့်သော ကိစ္စဖြစ်သည်။

အလင်းရောင်များမှာ ဖြည်းဖြည်းချင်း လွင့်ပျယ်သွားပြီး လူအများ၏ စိတ်ထဲတွင် ဖိအားပေးထားသော ကြောက်မက်ဖွယ် ဖိအားများမှာလည်း ပျောက်ကွယ်သွားသည်။

ကျောင်းသားသစ်များမှာ ဖန့်ချန်ကို ကြည့်သည့် အကြည့်များမှာ ယခင်နှင့် မတူတော့ပေ။

“သွားကြတော့”

ဖန့်ချန်က တည်ငြိမ်စွာ ပြောသည်။

ချင်ယွဲ့သည် ကြောက်လန့်တကြား ဖြစ်နေသော ချင်ကွမ်းကို ချက်ချင်း တွဲမလိုက်ပြီး ဖန့်ချန်ကို နောက်တစ်ကြိမ် လက်ယှက်၍ နှုတ်ဆက်ကာ သူတို့နှစ်ဦးကို ခေါ်ဆောင်၍ ဤနေရာမှ လျင်မြန်စွာ ထွက်ခွာသွားသည်။

“ဒီ ချင်ကွမ်းဆိုတဲ့သူက အရင်နှစ်က ကျောင်းသား ဖြစ်ပြီးတော့မှ အကြီးတန်းအစ်ကို ဖန့်ကိုတောင် ဒီလောက်ထိ ရိုင်းပြရဲတာလား ကောင်းကင်ငါးပါးစစ်မြေပြင်ဆိုရင် သူ သေနေပြီ၊ သူ့နောက်က ဘယ်သူပဲ ရှိနေပါစေ အလကားပဲ”

“ဒီတစ်ခေါက် ကြုံလိုက်ရတော့ သူ့စိတ်နေသဘောထား နည်းနည်း ပြောင်းသွားလောက်ပြီ။ အရင်က ဒီကောင်နဲ့ အကြိမ်အနည်းငယ် ဆုံဖူးတယ်၊ မောက်မာလိုက်တာ လွန်ရောပဲ။ ငါတို့လို အကြီးတန်းတွေကိုတောင် ရိုသေလေးစားမှု မရှိဘူး”

“အဲဒီလိုဆိုရင်လည်း ငါလည်း ဒီအတိုင်းပဲ။ မင်းလို အကြီးတန်းက ဘာကို ရိုသေလေးစားရမှာလဲ၊ အခုတော့ အားလုံးက ကျောင်းတော်ကနေ ထွက်သွားရတော့မှာ မဟုတ်ဘူးလား”

အချိန်ကို မသိလိုက်ရဘဲ အနီးနားတွင် လူသားမျိုးနွယ်စုမှ သူတော်စင်တစ်ပိုင်း အုပ်စုတစ်ခု ရောက်ရှိလာပြီး ခုနက ဖြစ်ပျက်သွားသည့်အကြောင်းကို အကျယ်တဝံ့ ပြောဆိုနေကြသည်။

ကျောင်းသားသစ်များမှာ သူတို့ကို မသိစိတ်ဖြင့် ကြည့်လိုက်ရာ မျက်လုံးထဲတွင် သိလိုစိတ်များ ပေါ်လာသည်။

ထို့နောက်တွင်တော့ လူသားမျိုးနွယ်စု သူတော်စင်တစ်ပိုင်းများမှာ ဖန့်ချန်ရှေ့သို့ ပျံသန်းလာပြီး လက်ယှက်၍ နှုတ်ဆက်ကြသည်။

“ကျွန်တော်တို့ အကြီးတန်းအစ်ကို ဖန့်ကို နှုတ်ဆက်ပါတယ်”

ဖန့်ချန်က ခေါင်းညိတ်၍ ပြုံးပြီး ပြောသည်။

“ပညာသင်ကာလကို မဖြတ်ကျော်နိုင်ဘူးလား”

ဤသူတော်စင်အုပ်စုမှာ ဝမ်ချုံစန်း နှင့် တစ်နှစ်တည်းတက်ခဲ့သည့် ကျောင်းသားများ ဖြစ်ကြသည်။

ယခုအခါ အနှစ် (၁၀၀၀) နီးပါး ကုန်ဆုံးသွားခဲ့ပြီး စွမ်းအင်စုစည်းခြင်း အစောပိုင်း အဆင့်သို့ မတက်လှမ်းနိုင်သေးသဖြင့် ကျောင်းတော်မှ ထွက်ခွာကာ အပြင်လောကတွင် အသက်မွေးဝမ်းကျောင်း ပြုရတော့မည် ဖြစ်သည်။

“ဟုတ်ပါတယ်၊ မကျော်ဖြတ်နိုင်တော့ပါဘူး”

“အရင်က ကျောင်းတော်ကို စရောက်ခါစက အနှစ် (၁၀၀၀) ပညာသင်ကာလဆိုတာ အလကားပါလို့ ထင်ခဲ့မိတာ။ အခုတော့ တခြားသူငယ်ချင်းတွေက တစ်ယောက်ပြီး တစ်ယောက် စွမ်းအင်စုစည်းခြင်း အဆင့်ကို တက်လှမ်းသွားကြတာကို မြင်တော့မှ၊ ကိုယ်တွေက သူတော်စင်တစ်ပိုင်း အဆင့်မှာပဲ အချိန်ကုန်နေရတာကို သိလိုက်ရတယ်။ ကျောင်းတော်က သတ်မှတ်ထားတဲ့ ပညာသင်ကာလဆိုတာ စစ်ထုတ်တဲ့ အဆင့်သစ်တစ်ခုပါပဲ။ ကျွန်တော်တို့ကတော့ အရွေးမခံရတာပေါ့”

“ထွက်သွားရမှာကို နှမြောပေမဲ့ စည်းကမ်းက ဒီအတိုင်းဆိုတော့ လက်ခံရမှာပဲလေ”

“အကြီးတန်းအစ်ကို ဖန့်၊ ကျွန်တော်တို့ ထွက်သွားရင်တော့ လမ်းခွဲကြရတော့မှာပဲ။ နောက်တစ်ခါ ပြန်ဆုံရင် အကြီးတန်းအစ်ကို လို့ ခေါ်ရင် အစ်ကိုက ပြန်ဖြေပေးမှာလား”

“မင်းတို့က ငါ့ကို အကြီးတန်းအစ်ကိုလို့ သတ်မှတ်ရင်၊ ငါကလည်း မင်းတို့ကို ညီငယ်၊ ညီမငယ်တွေလို့ သတ်မှတ်မှာပဲ။ ဘယ်နေရာ ရောက်ရောက် ဒီအတိုင်းပဲ ဖြစ်ရမယ်”

ဖန့်ချန်က ပြုံး၍ ပြောသည်။

ဤသူတော်စင်တစ်ပိုင်းများမှာ အားတင်းထားရသူများ ဖြစ်သော်လည်း ယခုအခါ ဖန့်ချန်၏ စကားကြောင့် တကယ်ပင် ဝမ်းသာသွားကြသည်။ အားလုံးက အကြီးတန်းအစ်ကိုဟု ကျယ်လောင်စွာ ခေါ်ဆိုလိုက်ပြီး ပိုင်ချန်းမင်းတို့ဘက်ကို လက်ပြနှုတ်ဆက်ကာ ပျော်ရွှင်စွာဖြင့် ထွက်ခွာသွားကြသည်။

ကျောင်းသားသစ်များမှာ ထိုအကြီးတန်းများကို တိတ်ဆိတ်စွာ ကြည့်နေကြပြီး၊ ခုနက စကားအနည်းငယ်မှ သူတို့ သိလိုက်သည်မှာ ဤအကြီးတန်းများမှာ ပညာသင်ကာလကို မကျော်ဖြတ်နိုင်သောကြောင့် စည်းကမ်းအရ ရွှေဟွေး ပညာသင်ကျောင်းတော်မှ ထွက်ခွာရတော့မည်ဖြစ်ပြီး ကျောင်းသားအခွင့်အရေးများ မရရှိတော့ပေ။

အရင်က သူတို့ ရွှေဟွေး ပညာသင်ကျောင်းတော်ကို တက်ခွင့်ရသည့်အတွက် ဂုဏ်ယူနေခဲ့ကြသည်။

သို့သော် ဤအကြီးတန်းများမှာလည်း အရင်က သူတို့ကဲ့သို့ပင် ရည်မှန်းချက်ကြီးခဲ့သူများ ဖြစ်ပြီး၊ ယခုမူ ပညာသင်ကာလကို မကျော်ဖြတ်နိုင်၍ ထွက်ခွာရမည့် အခြေအနေကို မြင်လိုက်ရသောအခါ သူတို့၏ ဂုဏ်ယူမှုများလည်း ပျောက်ကွယ်သွားရသည်။

“အကြီးတန်းအစ်ကို ဖန့်၊ အနှစ် (၁၀၀၀) ပညာသင်ကာလက တကယ်ပဲ ဒီလောက် ခက်ခဲတာလား”

ရှဲ့အာမန်က ရုတ်တရက် လက်ယှက်၍ မေးလိုက်သည်။

လူတိုင်းက ဖန့်ချန်ကို စူးစိုက်ကြည့်နေကြသည်။ ခုနက စိတ်ဓာတ်ကျနေပြီး စိတ်ထဲတွင် မကျေနပ်မှုများ ရှိနေသော ချင်လွမ်းပင်လျှင် ဖန့်ချန်ကို ကြည့်ကာ အဖြေကို စောင့်နေသည်။

“မခက်ဘူးလို့ ပြောရရင်၊ တစ်နှစ်ချင်းစီမှာ ပညာသင်ကာလကို ဖြတ်ကျော်နိုင်သူက တစ်ဝက်တောင် မရှိဘူး။ ခက်တယ်လို့ ပြောရရင်လည်း တချို့ကျောင်းသားတွေက နှစ် (၃၀၀-၅၀၀) လောက်နဲ့တင် စွမ်းအင်စုစည်းခြင်း အဆင့်ကို တက်လှမ်းသွားကြတယ်။

တကယ်တမ်းတော့ မင်းတို့ တစ်ယောက်ချင်းစီတိုင်းက စွမ်းအင်စုစည်းခြင်း အဆင့်ကို တက်လှမ်းနိုင်ကြပါတယ်။ အချိန်ကသာ ပြဿနာပါ။ ပညာသင်ကာလကို သတ်မှတ်ထားတာက ခုနက အကြီးတန်းတွေ ပြောသလိုပါပဲ”

“ဒါက ကျောင်းတော်က စစ်ထုတ်တဲ့ လုပ်ငန်းစဉ်ပါ။ မင်းတို့ရဲ့ အရည်အချင်းက မြင့်မားတယ်၊ အတွင်းကမ္ဘာ အဆင့်က အားကောင်းတယ်၊ ဒါမှ ရွှေဟွေး ပညာသင်ကျောင်းတော်ကို ရောက်လာတာ။ ဒါပေမဲ့ ဒါက အစပဲ ရှိသေးတယ် ”

“အတွင်းကမ္ဘာ ပိုအားကောင်းလေ၊ အခြေခံအုတ်မြစ် ပိုနက်လေ၊ စွမ်းအင်စုစည်းခြင်း အစောပိုင်း အဆင့်ကို တက်လှမ်းဖို့ ခက်လေပဲ။ အနှစ် (၁၀၀၀) အတွင်းမှာ တက်လှမ်းနိုင်ရင်တော့ ကျောင်းတော်ရဲ့ အခွင့်အရေးကို ဆက်ခံဖို့ အရည်အချင်း ရှိတယ်၊ တခြားသူတော်စင်တွေ မရတဲ့ အရင်းအမြစ်တွေကို ရရှိမယ်။”

“အနာဂတ်မှာ ချင်းမင်း မဟာမိတ်အဖွဲ့ရဲ့ အဓိက ကျောရိုး ဖြစ်လာမှာပဲ။ အကယ်၍ မအောင်မြင်ရင်တော့ ကျောင်းတော်ရဲ့ အရင်းအမြစ်တွေကို မင်းတို့အတွက် ဖြုန်းတီးပစ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် အထင်သေးစရာ မလိုပါဘူး၊ ကျောင်းတော်က ထွက်သွားရင်လည်း မင်းတို့က ကောင်းကင်ငါးပါမှာ အဆင့်တစ်ခုအဖြစ် ရှိနေဦးမှာပါ ”

“ငါ့စီနီယာအစ်ကို ကျန်းတောက်ယွဲ့က တစ်ခါတုန်းက ငါ့ကို ဥပမာအချို့ ပြောပြဖူးတယ်။ ကျောင်းတော်ကနေ ထုတ်ပယ်ခံလိုက်ရတဲ့ ကျောင်းသားတွေက မဟာမိတ်အဖွဲ့မှာ တာဝန်ထမ်းဆောင်ရင်း အဆင့်တွေ တက်သွားကြတယ်။ တချို့ဆိုရင် သံတမန်တွေတောင် ဖြစ်သွားကြတယ် ”

ဖန့်ချန်က ပြုံး၍ ပြောသည်။

“ ချင်းမင် သံတမန် ဆိုတာ သိကြတယ်မလား”

“သိပါတယ်၊ သိပါတယ်၊ အဲဒါက ကောင်းကင်နိမိတ် သူတော်စင်တွေမှသာ တာဝန်ယူနိုင်တဲ့ ရာထူး၊ ချင်းမင် မဟာမိတ်အဖွဲ့အတွက် တစ်လောကလုံးကို လှည့်လည်စစ်ဆေးရတဲ့ ရာထူးလေ”

ကျောင်းသားသစ်များမှာ ခေါင်းညိတ်ရင်း မျက်လုံးများထဲတွင် မျှော်လင့်ချက် ရောင်ခြည်များ ပေါ်လာသည်။

“အကြီးတန်းအစ်ကို ဖန့်၊ ဒါဆိုရင် ပညာသင်ကာလကို ဖြတ်ကျော်ပြီး ကျောင်းတော်မှာ နေတဲ့သူတွေက ချင်းမင် သံတမန် ဖြစ်ဖို့ ပိုလွယ်တာပေါ့နော်”

တစ်ယောက်ယောက်က တိုးတိုးလေး မေးလိုက်သည်။

ဖန့်ချန်က သူ့ကို တစ်ချက်ကြည့်၍ ပြုံးကာ ခေါင်းညိတ်လိုက်သည်။

“သဘာဝကျတာပေါ့၊ ဒါကြောင့် ဘာပဲဖြစ်ဖြစ် ကျောင်းတော်မှာ ဆက်နေနိုင်ဖို့ကတော့ အကောင်းဆုံး ရွေးချယ်မှုပဲပေါ့”

“……”

All Chapters