အခန်း ၇၂၁
Vol. 49 Ch. 721
အခန်း (၇၂၁) - ကိုယ့်တပည့်အရင်းက ဒီလိုလုပ်ခဲ့တာလား (အပိုင်း ၁)
ဒါက ဗုဒ္ဓဂိုဏ်းမှ ပေါ်ထွက်လာသော သောကကင်းစင် မဟာလွတ်မြောက်ခြင်းကျမ်း ဟု အမည်ရသည့် ဗုဒ္ဓကျမ်းစာ တစ်စောင်ပင် ဖြစ်၏။ ၎င်း၏ ကြီးမြတ်လှသော ရည်မှန်းချက်မှာ ဗုဒ္ဓဂိုဏ်းအတွင်း၌ သုခဘုံတစ်ခုကို တည်ဆောက်ရန် ဖြစ်ပေ၏။ ရုတ်တရက် ကြည့်လိုက်မည် ဆိုပါက ဤကျမ်းစာတွင် မသင့်တော်သော အချက်များ လုံးဝ မရှိသကဲ့သို့ ထင်မှတ်ရမည်။
သို့ဖြစ်သော်ငြားလည်း စုယွီက ရွှေပုစဉ်းရင်ကွဲကျင့်စဉ်ကို အသုံးပြု၍ ထပ်မံ အကဲခတ်လိုက်သောအခါ ကျမ်းစာထဲတွင် ဖော်ပြထားသည့် ခမ်းနားထည်ဝါပြီး မွန်မြတ်လှသော ဗုဒ္ဓနိုင်ငံတော်၏ ရှုခင်းများမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွားခဲ့လေတော့သည်။
ထိုအရာများ၏ အစား သူ၏ မျက်စိရှေ့မှောက်တွင် ငရဲပြည်နှင့် တူသော ဗုဒ္ဓနိုင်ငံတော် တစ်ခုက အစားထိုး ပေါ်လာခဲ့လေ၏။
အကြောင်းမူကား ဗုဒ္ဓဂိုဏ်း၏ သုခဘုံ ဆိုသည်မှာ ဝိညာဉ်များကို ဗုဒ္ဓကျမ်းစာမှ ဖန်တီးထားသော နာမ်ပိုင်းဆိုင်ရာ ကမ္ဘာတစ်ခုအတွင်းသို့ နစ်မြုပ်သွားစေခြင်းပင် ဖြစ်တော့သည်။ ထိုအခါ သူတို့သည် အရာအားလုံးကို မေ့လျော့သွားကြပြီး ထိုသုခဘုံအတွင်း၌ ဗုဒ္ဓကျမ်းစာများကို တစ်သက်တာလုံး ရွတ်ဆိုနေကြကာ ဤနိုင်ငံတော် အရှင်သခင်၏ သစ္စာရှိသော ကိုးကွယ်ယုံကြည်သူများ အဖြစ် အစေခံကြရတော့သည်။
ဤသည်က လူများကို ဝိညာဉ်အဆင့်ထိတိုင်အောင် ကျွန်ပြုထားခြင်းပင် ဖြစ်၏။ ဤအရာသည် မိစ္ဆာဆန်လှသော ဗုဒ္ဓကျမ်း တစ်အုပ်ပင်။
သောကကင်းစင် မဟာလွတ်မြောက်ခြင်းကျမ်းကို လေ့ကျင့်ရန် အမြန်ဆန်ဆုံး နည်းလမ်းမှာ ကျင့်စဉ်များကို အမွေဆက်ခံပြီး အမွှေးတိုင် ပူဇော်မှုများနှင့် ကံကြမ္မာ အထောက်အပံ့များကို စုပ်ယူခြင်းပင် ဖြစ်သည်။
ဒုတိယ နည်းလမ်းမှာမူ လင်းလုံ ကုန်သွယ်ရေးအသင်း၏ လုပ်ရပ်နှင့် ဆင်တူပေ၏။ ၎င်းမှာ ကျင့်ကြံသူများ သို့မဟုတ် မိစ္ဆာမျိုးနွယ်စုများကို ကျွန်ပြုပြီး သောကကင်းစင် မဟာလွတ်မြောက်ခြင်းကျမ်းအတွက် လိုအပ်သော ဝိညာဉ်စွမ်းအားများကို တဖြည်းဖြည်းချင်း စုဆောင်းရခြင်း ဖြစ်တော့သည်။
သောကကင်းစင် မဟာလွတ်မြောက်ခြင်းကျမ်း၏ စွမ်းအားအောက်တွင် ကျင့်ကြံသူများမှာ အရာအားလုံးကို မေ့လျော့သွားကြပြီး ထိန်းချုပ်ခံထားရသော ကျွန်များ အဖြစ်သို့ ရောက်ရှိသွားကြသည်။
ဤ သောကကင်းစင် မဟာလွတ်မြောက်ခြင်းကျမ်းတွင် အဆင့်ငါးဆင့် ပါဝင်ပြီး ၎င်း၏ ရောက်ရှိနိုင်သော အမြင့်ဆုံးအဆင့်မှာ ဝိညာဉ်ခွဲထွက် အဆင့်နှင့် နှိုင်းယှဉ်နိုင်စွမ်း ရှိပေသည်။
နောက်ဆုံး နည်းလမ်းမှာမူ တစ်ကိုယ်တည်း တံခါးပိတ် ကျင့်ကြံခြင်း ဖြစ်၏။ ဒါက ဤကျမ်းစာကို ဖန်တီးခဲ့သော ဗုဒ္ဓဂိုဏ်းမှ ကြီးမြတ်လှသည့် ကျင့်ကြံသူကြီးများ၏ မူလရည်ရွယ်ချက် ဖြစ်သော်ငြား ရလဒ်ထွက်ပေါ်မှုမှာ အလွန်နှေးကွေးလှ၏။ နောင်နှောင်းကာလများတွင် ဤကျမ်းစာသည် မိစ္ဆာတာအို လမ်းစဉ် လိုက်စားသူများ၏ လက်ထဲသို့ ကျရောက်သွားသောအခါ မိစ္ဆာဆန်သော ကျင့်ကြံခြင်း နည်းလမ်းများစွာကို မွေးဖွားပေးခဲ့လေတော့သည်။
၎င်းမှာ ကျင့်ကြံခြင်း အရှိန်အဟုန် ပိုမို မြန်ဆန်လာရုံသာမက စွမ်းအားပိုင်းတွင်လည်း ပိုမို အစွမ်းထက်လာခဲ့ပေသည်။
ဤအရာကို မြင်တွေ့လိုက်ရချိန်တွင် စုယွီ၏ မျက်နှာသွင်ပြင်မှာ လေးနက်တည်ကြည်သွားတော့၏။ ဤကျမ်းစာသည် လင်းလုံ ကုန်သွယ်ရေးအသင်း၏ သိုလှောင် လက်စွပ်အတွင်းမှ သူ တွေ့ရှိခဲ့သော အမွေအနှစ်တစ်ခု ဖြစ်သော်လည်း လင်းလုံ ကုန်သွယ်ရေးအသင်းသည် အနက်ရောင် ဒေါသစစ်သည်တော်နှင့် တိုက်ခိုက်ခဲ့စဉ်က ဤကျမ်း၏ စွမ်းအားများကို တစ်ခါမျှ ထုတ်ဖော် အသုံးပြုခဲ့ခြင်း မရှိပါချေ။
သို့ဆိုလျှင် လင်းလုံ ကုန်သွယ်ရေးအသင်းထဲတွင် မည်သူက ဤကျမ်းစာကို အမှန်တကယ် လေ့ကျင့်နေခဲ့သနည်း လော။
အတန်ကြာ စဉ်းစားတွေးတောပြီးနောက် စုယွီသည် ထိုကျမ်းကို သိမ်းဆည်းလိုက်သည်။ လောလောဆယ်တွင် သူသည် ဗုဒ္ဓတရားတော်များကို လေ့ကျင့်ရန် ရည်ရွယ်ချက် မရှိသေးသလို ထိုသို့ ပြုလုပ်ရန်လည်း မလိုအပ်သေးပါချေ။
ထို့နောက် သူသည် လင်းလုံ ကုန်သွယ်ရေးအသင်းကို ရှင်းလင်းပြီးနောက် ရရှိလာသော အခြား အကျိုးအမြတ်များဆီသို့ အာရုံ ပြောင်းလိုက်တော့သည်။
ဝိညာဉ်ကျောက်တုံးများနှင့် ပတ်သက်၍မူ အရေအတွက်မှာ သိပ်မများလှပေ။ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး စုစုပေါင်း ရှစ်သန်းကျော်သာ ရှိသော်ငြား အဆင့်မြင့် ဝိညာဉ်ကျောက်တုံးများမှာ အံ့သြဖွယ်ကောင်းလောက်အောင် တစ်ရာကျော်အထိ ရှိနေခဲ့လေ၏။
ဤ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်ရာကျော်၏ တန်ဖိုးမှာ သေးငယ်လှသည်တော့ မဟုတ်ပါချေ။
ထို့အပြင် မူလဝိညာဉ် အဆင့် ကျင့်စဉ်ပေါင်း လေးဆယ်နီးပါးခန့်ကိုလည်း သိမ်းဆည်းရမိခဲ့ပြီး ၎င်းတို့အနက်မှ ကျင့်စဉ် အခုနှစ်ဆယ်ကျော်မှာ မြေကမ္ဘာအင်မော်တယ်နန်းတော်၏ ကျင့်စဉ်များနှင့် ထပ်တူကျခြင်း မရှိပါချေ။
ဤကျင့်စဉ်များကို မူလဝိညာဉ် အဆင့်တွင် ဓာတ်ကြီးငါးပါး ကျင့်စဉ်နှင့် ပေါင်းစပ်ကာ ဓာတ်ကြီးငါးပါး ကျင့်စဉ်၏ အုတ်မြစ်ကို ပိုမို ခိုင်မာလာစေရန် မြှင့်တင်နိုင်ပေသည်။
ဝိညာဉ်ခွဲထွက် အဆင့် ကျင့်စဉ်များမူ လုံးဝ မရှိခဲ့ပေ။ ဤကဲ့သို့သော အဆင့်မြင့် ကျင့်စဉ်မျိုးကို အင်မော်တယ် ဂိုဏ်းအသီးသီးကပင် ပြင်ပသို့ ပျံ့နှံ့ခွင့် ပြုမည် မဟုတ်ပါလော။
ထို့ကြောင့် သဘာဝကျစွာပင် လင်းလုံ ကုန်သွယ်ရေးအသင်း ကဲ့သို့သော အင်အားစုများ အနေဖြင့် ဝိညာဉ်ခွဲထွက် အဆင့် ကျင့်စဉ်များကို ရောင်းချခြင်း သို့မဟုတ် ဖြန့်ဝေခြင်းများ ပြုလုပ်နိုင်စွမ်း မရှိခဲ့ပါချေ။
အခြားသော ကုန်ကြမ်းပစ္စည်းများမှာလည်း မရေမတွက်နိုင်အောင် ရှိနေသေး၏။ အဆင့်နိမ့် ကုန်ကြမ်း အများစုကို နဂါးမည်း တာအိုဆရာထံသို့ စီမံခန့်ခွဲရန် လွှဲပြောင်းပေးထားပြီး ဖြစ်သည်။ လင်းလုံ ကုန်သွယ်ရေးအသင်း၏ ကုန်ကြမ်းများနှင့် ပစ္စည်းများ၏ စုစုပေါင်း တန်ဖိုးမှာ အနည်းဆုံး အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး သန်းနှစ်ဆယ် သို့မဟုတ် သန်းသုံးဆယ်ကျော်ခန့် ရှိနိုင်ပေသည်။
အကြောင်းမူကား မှော်ရတနာများ၊ စတုတ္ထအဆင့် ပျံသန်းရေး လှေပျံများနှင့် အခြားသော အဖိုးတန် ပစ္စည်းများကို ထည့်မတွက်လျှင်ပင် အချို့သော အဆင့်မြင့် ကုန်ကြမ်းပစ္စည်းများ၏ တန်ဖိုးမှာ များပြားလွန်းလှသောကြောင့် ဖြစ်၏။
ဤတစ်ကြိမ် လင်းလုံ ကုန်သွယ်ရေးအသင်းအား ဝင်ရောက် ရှင်းလင်းခဲ့မှုက စုယွီကို အပြည့်အဝ ကျေနပ် အားရစေခဲ့လေတော့သည်။
ယခင်က အင်မော်တယ်ယွဲ့ မျှော်စင်ကို ဖွံ့ဖြိုးတိုးတက်စေရန် အရင်းအမြစ်များစွာ ပြတ်လပ်နေခဲ့သော်ငြား ယခုအခါတွင်မူ ထောက်လှမ်းရေး ကွန်ရက်များကို အပြည့်အဝ တိုးချဲ့နိုင်ပြီ ဖြစ်သလို လုပ်ငန်းစဉ်အတွင်း၌ လင်းလုံ ကုန်သွယ်ရေးအသင်း တစ်ခုလုံးကိုပါ ဝါးမြိုပစ်နိုင်ခဲ့ပြီ ဖြစ်ပေသည်။
ဤအရာများက အရှင်သခင် ဆယ်ပါး အင်မော်တယ် မြို့တော်၏ နယ်မြေအတွင်း အမြစ်တွယ် ခြေကုပ်ယူနိုင်ရန် လုံလောက်လှပေ၏။
ပြင်ပနယ်မြေများသို့ တိုးချဲ့ရန်အတွက်ပင် ပိုလျှံသော အင်အားများ ရှိနေနိုင်သေးသည် မဟုတ်ပါလော။
ယခုအခါ သူ့အတွက် အရင်းအမြစ်များ လုံးဝ ပြတ်လပ်ခြင်း မရှိတော့ပါချေ။
နောက်တစ်ဆင့် အနေဖြင့် ဆေးလုံးများ၊ အဆောင်လက်ဖွဲ့များ၊ အခင်းအကျင်းများ၊ ရုပ်သေးများ စသည့် အရင်းအမြစ်များကို စစ်ဆေးကြည့်လိုက်၏။ လင်းလုံ ကုန်သွယ်ရေးအသင်း၏ ဘဏ္ဍာတိုက် အတွင်း၌ စတုတ္ထအဆင့် ကုန်ကြမ်းများစွာကိုလည်း သိမ်းဆည်းထားသေးပေသည်။ စုယွီက စာရင်းကောက်ကြည့်လိုက်ရာ စတုတ္ထအဆင့် အလယ်အလတ် အဆောင်လက်ဖွဲ့ ကုန်ကြမ်း နှစ်ထောင်ကျော်ခန့်နှင့် စတုတ္ထအဆင့် အဆင့်မြင့် အဆောင်လက်ဖွဲ့ ကုန်ကြမ်း တစ်ထောင်နီးပါးခန့် ရှိနေကြောင်း တွေ့လိုက်ရသည်။
ဆေးဖော်စပ်ရန် ကုန်ကြမ်းများမှာမူ ပို၍ပင် များပြားလှပြီး အဆောင်လက်ဖွဲ့ ကုန်ကြမ်းများထက် ရာခိုင်နှုန်း ငါးဆယ်ခန့် ပိုများနိုင်ပေသည်။
ရုပ်သေး ကုန်ကြမ်းများနှင့် ပတ်သက်၍မူ အဓိက အူတိုင်ပစ္စည်းများကို ဖယ်ထားလိုက်လျှင်ပင် စတုတ္ထအဆင့် အဆင့်နိမ့် ရုပ်သေး သုံးလေးခုခန့်နှင့် စတုတ္ထအဆင့် အလယ်အလတ် ရုပ်သေး တစ်ခုခန့်ကို ဖန်တီးနိုင်မည်ဟု စုယွီက ခန့်မှန်းတွက်ချက်မိတော့သည်။
သူသည် စတုတ္ထအဆင့် အဆင့်မြင့် ရုပ်သေး ကုန်ကြမ်း အမြောက်အမြားကိုလည်း အသုံးပြုနိုင်သေး၏။
စုယွီသည် လက်ထဲရှိ ကုန်ကြမ်းများကို စုစည်းရင်း သူ၏ ကိုယ်ပိုင် ရုပ်သေး အမွေအနှစ်များကို ပြန်လည် အမှတ်ရလာကာ ရင်တွင်း၌ တိတ်တဆိတ် တွေးတောလိုက်သည်။
... ငါ ကောင်းကင်ယံ အနီရောင်ဖီးနစ် ရုပ်သေး တစ်ခုလောက် ဖန်တီးကြည့်ရမယ် ...
လင်းလုံ ကုန်သွယ်ရေးအသင်း၏ ဘဏ္ဍာတိုက်အတွင်း၌ စတုတ္ထအဆင့် အဆင့်မြင့် ကြေးနီရောင် အကြေးခွံ သလင်းကျောက် အမြောက်အမြား ရှိနေသည်။ ဤသလင်းကျောက်များထဲတွင် ခမ်းနားကြီးကျယ်ပြီး သန့်စင်လှသော မီးတောက်စွမ်းအားများ ကိန်းအောင်းနေကာ မီးတောက်စွမ်းအားများ ပေါက်ကွဲထွက်စေရန်အတွက် များစွာ သင့်တော်လှပေ၏။
ရုပ်သေး အမွေအနှစ်များထဲတွင် မီးဓာတ်ပါဝင်သော စတုတ္ထအဆင့် အဆင့်မြင့် ရုပ်သေးများအတွက် အမွေအနှစ် ငါးခု ရှိနေပြီး ၎င်းတို့ထဲတွင် မီးနဂါး၊ လူပုံစံ ရုပ်သေးနှင့် ကောင်းကင်ယံ အနီရောင်ဖီးနစ် ရုပ်သေး တို့လည်း ပါဝင်သည်။
ကောင်းကင်ယံ အနီရောင်ဖီးနစ် ရုပ်သေးသည် အဘက်ဘက်မှ အစွမ်းအထက်ဆုံးဖြစ်ပြီး အမြန်နှုန်းပိုင်းတွင်လည်း အလွန်တရာ ထူးချွန်လှပေသည်။
အကယ်၍ နောင်တစ်ချိန်တွင် စုယွီ ကိုယ်တိုင် ဤရုပ်သေးကို အသုံးမပြုဖြစ်လျှင်တောင် ယွီခယ်အာ သို့မဟုတ် သူ၏ လက်အောက်ငယ်သားများကို ပေးအပ်နိုင်သေးသည် မဟုတ်ပါလော။
လက်ရှိ အချိန်တွင် စုယွီ၏ ကျင့်ကြံခြင်း အဆင့်မှာ မူလဝိညာဉ် စတုတ္ထအဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်၏။
သူသည် စတုတ္ထအဆင့် အဆင့်မြင့် အဆောင်လက်ဖွဲ့များ ရေးဆွဲရန်၊ စတုတ္ထအဆင့် အဆင့်မြင့် ဆေးလုံးများ ဖော်စပ်ရန်နှင့် စတုတ္ထအဆင့် အဆင့်မြင့် အခင်းအကျင်းများကို နားလည်သဘောပေါက်ရန် စတင် ပြင်ဆင်နေခဲ့ပြီ ဖြစ်တော့သည်။
ထို့ကြောင့် သဘာဝကျစွာပင် စတုတ္ထအဆင့် အဆင့်မြင့် ရုပ်သေး ဖန်တီးခြင်းကိုလည်း နောက်ကောက်မကျစေဘဲ လိုက်ပါ လုပ်ဆောင်ရမည်ဖြစ်ကာ လိုအပ်သော ကုန်ကြမ်းများကိုလည်း ကြိုတင် ပြင်ဆင်ထားရမည် ဖြစ်လေ၏။
စုယွီက ရင်တွင်း၌ တိတ်တဆိတ် စဉ်းစားတွေးတောလိုက်သည်။
... လင်းလုံ ကုန်သွယ်ရေးအသင်းက ရလာတဲ့ ကုန်ကြမ်းတွေ ရှိနေတာမလို့... ငါက နောက်ထပ် ကုန်ကြမ်း အနည်းအကျဉ်းနဲ့ အဓိက အူတိုင်ပစ္စည်း တစ်ခုလောက် စုဆောင်းနိုင်ရင်ကို စမ်းသပ် ဖန်တီးလို့ ရနေပြီ ...
... အင်မော်တယ် ဂိုဏ်းကို ပြန်ရောက်သွားရင် အရေးကိစ္စ နန်းတော်ကို အကူအညီတောင်းပြီး အဲဒီပစ္စည်းတွေကို ရှာခိုင်းလို့ ရတာပဲ ...
ထိုအတွေးများကို ခေတ္တ ဖယ်ထားလိုက်ပြီးနောက် စုယွီသည် ကျင့်စဉ်များနှင့် ပတ်သက်၍ ပြန်လည် အမှတ်ရလာခဲ့သည်။
လက်ရှိ အချိန်တွင် သူ၏ အဓိက ကျင့်စဉ်မှာ ဓာတ်ကြီးငါးပါး ကျင့်စဉ် ဖြစ်ပြီး အင်မော်တယ် ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဉ်၊ အထက်ဘုံ ကောင်းကင် သန့်စင်သော နိယာမနှင့် ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်တို့ကို အရန်အဖြစ် တွဲဖက် လေ့ကျင့်နေခြင်း ဖြစ်ပါ၏။
ဓာတ်ကြီးငါးပါး ကျင့်စဉ်၏ အခြေခံ အစပြုကျင့်စဉ် တစ်ခုဖြစ်သော အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ်တွင် အကွင်းငါးကွင်း၌ အလှည့်အကြိမ် လေးဆယ့်ငါးကြိမ်အထိ ပါဝင်ပြီး စုယွီအား ဝိညာဉ်ခွဲထွက် အဆင့် (၉) အထိတိုင်အောင် လေ့ကျင့်နိုင်ရန် လုံလောက်သော အထောက်အပံ့များ ပေးစွမ်းနိုင်ပေသည်။
သို့ဖြစ်သော်ငြားလည်း ရွှမ်မင် မြေကမ္ဘာကျင့်စဉ်၊ကောင်းကင် ဖီးနစ် နိဗ္ဗာန် ကျင့်စဉ်၊ ကန်းကျင်း ကောင်းကင်ဓား ကျင့်စဉ် စသည့် အခြားသော ရှေးဟောင်း ကျင့်စဉ်များအတွက်မူ စုယွီသည် မူလဝိညာဉ် အဆင့် လေ့ကျင့်ရန် အမွေအနှစ်များကိုသာ ရှာဖွေတွေ့ရှိထားခဲ့လေတော့၏။