← Chapters

အခန်း ၇၂၂

Vol. 49 Ch. 722

အခန်း ၇၂၂

Vol. 49 Ch. 722

အခန်း (၇၂၂) - ကိုယ့်တပည့်အရင်းက ဒီလိုလုပ်ခဲ့တာလော (အပိုင်း ၂)

လင်းလုံကုန်သွယ်ရေးအသင်း၏ ဘဏ္ဍာတိုက်အတွင်း၌ပင် ဤကျင့်စဉ်များ၏ အရိပ်အယောင်မျှကို သူ မတွေ့ရှိခဲ့ရချေ။

ထိုကိစ္စကို တွေးမိသောအခါ စုယွီက မျက်မှောင်အနည်းငယ်ကြုတ်လိုက်ပြီး တီးတိုးရေရွတ်လိုက်၏။

'ဒီကျင့်စဉ်တွေကို ရအောင်ရှာဖို့ ငါ အစွမ်းကုန် ကြိုးစားရမယ်... ဒီကျင့်စဉ်တွေရဲ့ ဆက်ခံသူတွေကို ရှာဖွေဖို့ လိုအပ်တယ်... အနည်းဆုံးတော့ ပိုမအားနည်းတဲ့ တူညီတဲ့ ဓာတ်သဘာဝရှိတဲ့ ကျင့်စဉ်တစ်ခုကို ရှာရမယ်... ပြီးတော့ အဲဒါက ဝိညာဉ်ခွဲထွက်အဆင့်အထိ ကျင့်ကြံနိုင်တဲ့ အရာဖြစ်ရမယ်'

ထိုအရာက အနည်းငယ်တော့ ခက်ခဲလှပေ၏။

အဘယ်ကြောင့်ဆိုသော် ဝိညာဉ်ခွဲထွက်အဆင့်သို့ ရောက်ရှိလာသည်နှင့်အမျှ တာအိုအမွေအနှစ်ကို ကျင့်ကြံနိုင်သည်ဖြစ်စေ၊ မကျင့်ကြံနိုင်သည်ဖြစ်စေ ၎င်းသည် အလွန်တရာ တန်ဖိုးကြီးမားလှပြီး အလွယ်တကူ ပေါက်ကြားခံမည် မဟုတ်သောကြောင့်ပင်။

ဒါက ဝိညာဉ်ခွဲထွက်အဆင့် ကျင့်ကြံမှုမျှသာ ရှိသေး၏။ အကယ်၍ ဝိညာဉ်ခွဲထွက်အဆင့်၏ အထက်ဖြစ်သော ပကနိ ဟင်းလင်းပြင်၊ တာအို ပေါင်းစည်း သခင် နယ်ပယ်များသို့ ရောက်ရှိသွားမည်ဆိုပါက ၎င်းတို့မှာ ပို၍ပင် ရှားပါးသွားတော့မည် ဖြစ်သည်။

"ငါသာ ကျင့်စဉ်တွေကို မရှာတွေ့နိုင်ဘူး ဒါမှမဟုတ် မလုယူနိုင်ဘူးဆိုရင် တခြားအင်အားစုတွေနဲ့ ကုန်သွယ်မှုလုပ်ဖို့ စဉ်းစားရတော့မယ်... ဒါကလည်း အခွင့်အရေးတွေ ရှာဖွေဖို့ လိုအပ်သေးတယ်"

စုယွီ တီးတိုးရေရွတ်လိုက်လေ၏။

သေသေချာချာ ရှင်းလင်းသိမ်းဆည်းပြီးနောက် စုယွီသည် လျှို့ဝှက်အခန်းအတွင်းမှ ထွက်ခွာလာကာ အပြင်ဘက်သို့ ဦးတည်သွားတော့သည်။

ယွီခယ်အာ၊ မာထျန်းလင်၊ လင်းချင်းရှား၊ လင်းပင်း၊ ယန်ယွီမင်နှင့် စုဇီတို့အပြင် တာ့ယွဲ့မျှော်စင်၏ ဘိုးဘေးကြီးဖြစ်သော နတ်မိမယ် လျူရွှီး၊ နန်းတော်သခင်မ ကုယွဲ့နှင့် အရက်ကြမ်း တာအိုဆရာမလေးတို့ အားလုံးသည် ဤ ပိုင်ဟွာ အင်မော်တယ်နန်းတော်အတွင်း၌ ကျင့်ကြံနေကြလေ၏။

အကြောင်းမူကား ဤနေရာရှိ ကျင့်ကြံခြင်း ပတ်ဝန်းကျင် အခြေအနေများက တာ့ယွဲ့နယ်မြေထက် များစွာ ပိုမို ကောင်းမွန်နေသောကြောင့်ပင်။

နတ်မိမယ် လျူရွှီး၊ သခင်မ ကုယွဲ့နှင့် အရက်ကြမ်း တာအိုဆရာမလေးတို့သည် တစ်ခါတစ်ရံ ဤနေရာသို့ လာရောက်တတ်ကြပြီး ရုပ်ဖျက်ကာ တာ့ချန် ကျင့်ကြံခြင်းကမ္ဘာ၏ စည်ကားလှသော ဗဟိုနယ်မြေဆီသို့ အသိပညာနှင့် အမြင်သစ်များ ရရှိရန် တိတ်တဆိတ် ထွက်ခွာသွားတတ်ကြသည်။

သို့ဖြစ်သော်ငြားလည်း ယခုအခါတွင်မူ ပိုင်ဟွာ အင်မော်တယ်နန်းတော်ကြီးမှာ အမှန်တကယ်ပင် သက်ဝင်လှုပ်ရှားကာ စည်ကားနေတော့၏။

စုယွီ ထွက်လာသည်ကို မြင်တွေ့လိုက်ရသောအခါ လင်းချင်းရှားက လျင်မြန်စွာ မတ်တတ်ရပ်လိုက်ပြီး ရိုသေလေးစားစွာဖြင့် နှုတ်ခွန်းဆက်လာတော့သည်။

"ဆရာ"

စုယွီက ခေါင်းအနည်းငယ် ညိတ်ပြလိုက်ပြီး စုဇီဘက်သို့ လှည့်ကာ မေးမြန်းလိုက်၏။

"အစ်မဇီ... အဲဒီ အဘိုးကြီးတွေရဲ့ နောက်ကြောင်းတွေကို ရှင်းရှင်းလင်းလင်း စစ်ဆေးပြီးပြီလားဗျ"

စုဇီမှာ အတော်လေး အသက်အရွယ် ရလာခဲ့ပြီ ဖြစ်သည်။ သူမ၏ ရုပ်ရည်သွင်ပြင်မှာ ယခင်ကနှင့် နှိုင်းယှဉ်လျှင် များစွာ ပြောင်းလဲသွားခဲ့ပြီး အိမ်ထောင်ရှင်မကြီး တစ်ဦးနှင့် ပိုမို တူလာခဲ့ချေပြီ။ သူမ၏ အလှအပ ထိန်းသိမ်းခြင်း ကျင့်စဉ်နှင့် ဆေးလုံးများ ရှိနေသော်ငြားလည်း အိုမင်းရင့်ရော်မှုနှင့် ရင့်ကျက်မှု လက္ခဏာများကို သူမထံတွင် မြင်တွေ့နေရဆဲ ဖြစ်ပေ၏။

စုဇီက ခေါင်းညိတ်ပြလိုက်သည်။

"စစ်ဆေးပြီးပါပြီ... ဒါပေမဲ့ လူတစ်စုလောက်ကပဲ ငါတို့ရဲ့ တာ့ချန် ကျင့်ကြံခြင်းကမ္ဘာက ဖြစ်ပြီး အများစုက တခြားနယ်မြေတွေကနေ အဖမ်းခံလာရတဲ့ သူတွေပါ"

စုယွီက မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး ခေတ္တမျှ စဉ်းစားတွေးတောပြီးနောက် ညွှန်ကြားလိုက်၏။

"အကယ်၍ သူတို့က အင်အားကြီး ဂိုဏ်းတစ်ခုခုက ဆိုရင်တော့ အင်မော်တယ်ယွဲ့မျှော်စင်ကနေ သူတို့ကို ပြန်ပို့ပေးလိုက်ပါ... မိတ်ဆွေဖွဲ့တဲ့ သဘောပေါ့"

"ကျန်တဲ့သူတွေနဲ့ မိစ္ဆာမျိုးနွယ်စုတွေကိုတော့ ပိုင်ဟွာဂိုဏ်းရဲ့ အင်အားကို တိုးချဲ့ဖို့ အားလုံးကို သိမ်းထားလိုက်ပါ"

စုဇီက ပြန်လည် တုံ့ပြန်လိုက်သည်။

"အင်းပါ"

ထိုအခိုက်အတန့်အပြီးတွင် စုယွီသည် စုဇီ၊ ယွီခယ်အာနှင့် အခြားသူများနှင့်အတူ တာ့ယွဲ့နန်းတော်၊ ပိုင်ဟွာဂိုဏ်းနှင့် အခြားသော အင်အားစုများ၏ ဖွံ့ဖြိုးတိုးတက်မှု အကြောင်းကို ဆွေးနွေးတိုင်ပင်လေတော့သည်။ ပိုင်ဟွာဂိုဏ်းသည် တဖြည်းဖြည်း ပြောင်းလဲလာခဲ့ပြီး ပိုမို သိုဝှက်လာကာ နောက်ကွယ်မှ လျှို့ဝှက်အင်အားစု တစ်ခုအဖြစ်သို့ ဖြည်းညင်းစွာ ကူးပြောင်းလာခဲ့လေ၏။

စုယွီသည် လင်းလုံကုန်သွယ်ရေးအသင်းထံမှ သူရရှိခဲ့သော တာအိုအမွေအနှစ် ပုံတူပွားတစ်စောင်ကို ပိုင်ဟွာဂိုဏ်း၊ တာ့ယွဲ့နန်းတော်နှင့် စုမိသားစုတို့ထံ ချန်ထားရစ်ခဲ့ပြီး သူတို့၏ အုတ်မြစ်များကို ပိုမို ခိုင်မာတောင့်တင်းလာစေရန် ပြုလုပ်ပေးခဲ့ပါသည်။

ဤအုတ်မြစ်များနှင့်ဆိုလျှင် သူတို့၏ အင်အားစုများသည် အနာဂတ်တွင် သေချာပေါက် ပိုမို ကြီးမားလာပြီး မြန်ဆန်သော ဖွံ့ဖြိုးတိုးတက်မှုများကို ရရှိလာပါလိမ့်မည်။

ရက်အနည်းငယ် ကြာပြီးနောက်။

အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော်ဘက်မှ မည်သည့်သတင်းမျှ ထွက်ပေါ်လာခြင်း မရှိခဲ့ပါချေ။

စုယွီက လီကျုံးနှင့် ချင်ခယ်ရှင်းတို့ကို ခေါ်ယူလိုက်၏။ ထို့နောက် သူတို့နှင့်အတူ မာထျန်းလင်၊ အနက်ရောင် ဒေါသစစ်သည်တော်တို့ ပူးပေါင်းကာ အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော်၏ နေရာရွှေ့ပြောင်း အခင်းအကျင်းကို အသုံးပြု၍ ကြယ်ခူးမျှော်စင်ဆီသို့ ထွက်ခွာသွားကြလေတော့သည်။

လင်းလုံကုန်သွယ်ရေးအသင်းမှာ ဒုက္ခရောက်နေခဲ့ပြီ ဖြစ်ကာ အင်မော်တယ်တစ်သောင်း နန်းတော်၏ အာရုံစိုက်မှု အားလုံးသည်လည်း အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော်ဆီသို့သာ ရောက်ရှိနေသင့်ပေသည်။

ဒါက ကြယ်ခူးမျှော်စင်နှင့် လီကျုံး သွားရောက်ကာ တာအိုမိတ်ဆွေ မာ၏ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးရန်အတွက် အကောင်းဆုံး အချိန်အခါကောင်းပင် ဖြစ်လေ၏။

ထိုစဉ် အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော် အတွင်း၌။

ဝိညာဉ်ခွဲထွက်အဆင့်သို့ ရောက်ရှိနေသော တာအိုဆရာ သုံးပါးသည် အင်မော်တယ်တစ်သောင်း နန်းတော်မှ ဆင်းသက်လာသော ဘိုးဘေးကြီး တစ်ပါးနှင့်အတူ အင်မော်တယ်တစ်သောင်း နန်းတော်မှ ဧည့်သည်များကို ဧည့်ခံရန်အတွက် သူတို့၏ တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်ပေါ်လာခဲ့ကြသည်။

"တိတိကျကျ ပြောရမယ်ဆိုရင် စည်းကမ်းတွေကို အရင်ဆုံး ချိုးဖောက်ခဲ့တာက လင်းလုံကုန်သွယ်ရေးအသင်းပဲ... သူတို့က မှောင်ခိုဈေးကွက်ထဲမှာ ယွင်ရှောင် ဆေးလုံးစံအိမ်က လူတွေကို ဖမ်းဆီးခဲ့တာ"

"နောက်တော့ ယွင်ရှောင် ဆေးလုံးစံအိမ်က လူတွေက လင်းလုံကုန်သွယ်ရေးအသင်းကို ပြန်လည် တိုက်ခိုက်ခဲ့တယ်... ကျွန်တော်တို့ အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော် အနေနဲ့ ဝင်ရောက်စွက်ဖက်ဖို့ အကြောင်းပြချက် ရှာမတွေ့ခဲ့ပါဘူး"

"တာအိုမိတ်ဆွေ ဟော့... ကျွန်တော်တို့လည်း အရမ်းကို အနေရခက်ပါတယ်"

ပထမဆုံး တာအိုဆရာက အင်မော်တယ်တစ်သောင်း နန်းတော်၏ ဘိုးဘေးကြီးအား ထိတ်လန့်စိုးရိမ်မှုများကို ပြသလျက် ရှင်းပြလိုက်သည်။

အင်မော်တယ်တစ်သောင်း နန်းတော်မှ ထိုပုဂ္ဂိုလ်သည် လူငယ်သူဌေးသား တစ်ဦးနှင့် ခွဲခြား၍မရအောင်ပင် လူငယ်ဆန်ကာ ချောမောခန့်ညားလှပေ၏။ ဤစကားကို ကြားလိုက်ရသောအခါ သူက မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ မျက်လုံးအိမ်များမှာ အနည်းငယ် ကျဉ်းမြောင်းသွားလျက် ထိုတာအိုဆရာကို စိုက်ကြည့်လိုက်သည်။

ဤအချက်က သတင်းအချက်အလက် များစွာကို ဖော်ပြနေပေသည်။

ပထမအချက်အနေဖြင့် အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော်သည် ဝင်ရောက်စွက်ဖက်ရန် ဆန္ဒမရှိခြင်း သို့မဟုတ် ကြောက်ရွံ့နေခြင်းပင် ဖြစ်၏။

ဒုတိယအချက်မှာ အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော်က စည်းကမ်းချက် ကိစ္စကို ထုတ်ဖော်ပြောဆိုလာခြင်းက တစ်ဖက်ရန်သူ၏ အဆင့်အတန်းသည် အင်မော်တယ်တစ်သောင်း နန်းတော်နှင့် တန်းတူညီမျှ ရှိနေရမည်ဆိုသည်ကို ပြသနေပေသည်။ အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော်သည် မည်သူ့ကိုမျှ မျက်နှာလိုက်မည် မဟုတ်ပါချေ။

တတိယအချက်မှာ အကယ်၍ ၎င်းသည် စည်းကမ်းချက်နှင့် သက်ဆိုင်သော ကိစ္စရပ် ဖြစ်နေပါက အင်မော်တယ်တစ်သောင်း နန်းတော် အနေဖြင့် အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော်၏ ပိုင်နက်နယ်မြေပေါ်တွင် ပြဿနာ ရှာခွင့်ရှိမည် မဟုတ်ပေ။

အရှင်သခင် ဟော့သည် အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားခဲ့၏။ သူ၏ မျက်နှာထက်တွင် အံ့အားသင့်မှုများ ပေါ်လွင်နေသော်ငြား ဒေါသအရိပ်အယောင်မျှ မရှိခဲ့ချေ။ ထို့နောက် သူက မေးမြန်းလိုက်သည်

"အဲဒီလူက ဘယ်သူလဲ"

အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော်၏ တာအိုဆရာက ခေါင်းယမ်းလိုက်သည်

"ကျွန်တော်တို့လည်း သေချာ မသိပါဘူး... ဒါပေမဲ့ အချိန်တိုလေးအတွင်းမှာ အဲဒီလူက လင်းလုံကုန်သွယ်ရေးအသင်းကို ပျက်စီးသွားစေခဲ့တယ်... ပြီးတော့ ခေါင်းဆောင်တောင်မှ လွတ်မြောက်အောင် မပြေးနိုင်ခဲ့ဘူး... ဒီလိုလူမျိုးက ဘယ်လိုလုပ်ပြီး ရိုးရှင်းနေနိုင်မှာလဲ"

"အဲဒီလူမှာ ပြောပြလို့မရနိုင်တဲ့... ဖမ်းဆုပ်ရခက်တဲ့ စွမ်းအားတစ်မျိုး ရှိနေတယ်"

"အင်မော်တယ်နန်းတော်ရဲ့ လက်ရှိ အခြေအနေကို ထည့်သွင်းစဉ်းစားရမယ်ဆိုရင် ကျွန်တော်တို့ အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော်ကနေ စေတနာနဲ့ အကြံပေးချင်တာကတော့ မလှုပ်ရှားခင်မှာ သုံးခါလောက် သေချာ စဉ်းစားသင့်တယ် ဆိုတာပါပဲ"

"ဘာပဲဖြစ်ဖြစ် ဒီလောကကြီးထဲမှာ ကျွန်တော်တို့ အရှင်သခင်တွေတောင်မှ ထိန်းချုပ်လို့ ၊ ကြိုးကိုင်ခြယ်လှယ်လို့ မရနိုင်တဲ့ အရာတွေ အများကြီး ရှိနေသေးတယ်လေ"

အရှင်သခင် ဟော့၏ နှလုံးသားမှာ ပြင်းထန်စွာ တုန်လှုပ်သွားရပြီး သူ၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားလျက် ထိုလူကို စိုက်ကြည့်လိုက်တော့၏။

သည်စကားများက ဘာကို ဆိုလိုနေခြင်းလဲ။

ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်များပင်လျှင် ဤအခြေအနေကို ကိုင်တွယ်ဖြေရှင်းရန် စွမ်းဆောင်နိုင်စွမ်း မရှိဘူးဟု ဆိုလိုနေခြင်းလော။

အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော်၏ အရှင်သခင်သည် ဘာမှ မပြောသကဲ့သို့ ရှိသော်ငြား တစ်စုံတစ်ရာကို သွယ်ဝိုက် ညွှန်ပြနေသကဲ့သို့ ရှိနေကာ အရှင်သခင် ဟော့၏ စိတ်အာရုံထဲတွင် အတွေးပေါင်းများစွာကို အပင်ပေါက်လာစေခဲ့လေတော့သည်။

သူ၏ ရင်တွင်း၌ ကြောက်ရွံ့ထိတ်လန့်မှုများက ဝင်ရောက် ရိုက်ခတ်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ပိုမို သတိထားကာ စောင့်ကြပ်ကြည့်ရှုလာခဲ့တော့၏။

အကယ်၍ သူ သို့မဟုတ် အခြားသော အရှင်သခင်များပင်လျှင် ဤကိစ္စကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း မရှိခဲ့ပါက ၎င်းသည် ဝိညာဉ်ခွဲထွက်အဆင့်ထက် ပိုမို မြင့်မားသော အဆင့်အတန်းရှိသည့် ပုဂ္ဂိုလ်များ ပါဝင်ပတ်သက်နေကြောင်းကို ဆိုလိုနေခြင်း မဟုတ်ပါလော။

ထို့အပြင် စကားပြောသူက 'ဒီလောကကြီး' ဟု သုံးနှုန်းသွားသည့် အခါတွင် သူသည် တာ့ချန် ကျင့်ကြံခြင်းကမ္ဘာ သို့မဟုတ် အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော်ကို တိတိကျကျ ရည်ညွှန်းသွားခြင်း မဟုတ်ပါချေ။

မျက်စိတစ်မှိတ်အတွင်းမှာပင် အရှင်သခင် ဟော့သည် သူတို့စကားများ၏ သွယ်ဝိုက်သော အဓိပ္ပာယ်များကို နားလည်သဘောပေါက်သွားခဲ့လေပြီ။

ဤကိစ္စတွင် ပါဝင်ပတ်သက်နေသူများမှာ တာ့ချန် ကျင့်ကြံခြင်းကမ္ဘာမှ ဒေသခံများ မဟုတ်ကြပေ။

'တခြားနယ်မြေတွေက လူတွေ... ဝိညာဉ်ခွဲထွက်အဆင့်ထက် မြင့်မားတဲ့ ပုဂ္ဂိုလ်တွေ... တာအိုသခင်တွေလား'

အရှင်သခင် ဟော့၏ မျက်လုံးအိမ်များမှာ အပ်ပေါက်အရွယ်ခန့်အထိ ကျဉ်းမြောင်းသွားရပြီး သူ၏ နှလုံးသားမှာ ဂနာမငြိမ်မှုများဖြင့် ပြည့်နှက်သွားတော့၏။

အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော်၏ မှောင်ခိုဈေးကွက်ထဲမှ သေးငယ်သော ဆေးလုံးစံအိမ်လေး တစ်ခုက ဤမျှများပြားလှသော လျှို့ဝှက်ချက်များကို သိုဝှက်ထားလိမ့်မည်ဟု သူ တစ်ခါမျှ မမျှော်လင့်ထားခဲ့ပါချေ။

ပို၍ ဆိုးရွားသည်မှာ သူ၏ အင်မော်တယ်နန်းတော်သည် ဤဆေးလုံးစံအိမ်နှင့် မရည်ရွယ်ဘဲ ထပ်မံ၍ အဖုအထစ် ဖြစ်သွားခဲ့ရခြင်းပင်တည်း။

လင်းလုံ ကုန်သွယ်ရေးအသင်းသည် အင်မော်တယ်နန်းတော်အတွက် အရေးပါသော ငွေရှာပေးသည့် နေရာတစ်ခု ဖြစ်ပြီး ပြင်ပမှ အရင်းအမြစ်များကို ရိတ်သိမ်းရန်အတွက် လမ်းကြောင်း တစ်ခု အဖြစ်လည်း ဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။

ယခုအခါတွင်မူ ဤငွေတွင်းကြီးမှာ ဖျက်ဆီးခံလိုက်ရချေပြီ။

မေးခွန်းထုတ်ဖွယ် မလိုအောင်ပင် ဤအရာက အင်မော်တယ်နန်းတော်၏ လက်ရှိ အခြေအနေကို ပိုမို ဆိုးရွားသွားစေခဲ့ပြီး အင်မော်တယ်နန်းတော်၏ စွမ်းအားများ ပြန်လည် နိုးထလာရေးအပေါ် ရှောင်လွှဲ၍ မရနိုင်သော သေးငယ်သည့် သက်ရောက်မှုများကို ဖြစ်ပေါ်စေမည်မှာ အသေအချာပင်။

သို့ဖြစ်သော်ငြားလည်း အရှင်သခင် ဟော့သည် အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော်ထံမှ ရိုးသားသော်လည်း သွယ်ဝိုက်သော အကြံပြုချက်ကိုလည်း ကြားနာခဲ့ရသည်။

သူတို့က အင်မော်တယ်နန်းတော်အား စစ်မကြေညာရန် အကြံပေးနေကြခြင်း ဖြစ်တော့၏။

အကြောင်းမူကား လောလောဆယ်တွင် ၎င်းသည် အင်မော်တယ်နန်းတော်နှင့် မည်သို့မျှ သက်ဆိုင်ခြင်း မရှိသော လင်းလုံ ကုန်သွယ်ရေးအသင်း တစ်ခုတည်းသာ ပါဝင်ပတ်သက်နေပြီး အရာအားလုံးမှာ ထိန်းချုပ်မှုအောက်တွင် ရှိနေဆဲ ဖြစ်သောကြောင့်ပင်။

သို့သော် အကယ်၍ အင်မော်တယ်နန်းတော်သာ ဝင်ရောက် ပတ်သက်လာမည် ဆိုပါက အခြေအနေများမှာ ပြောင်းလဲသွားပေလိမ့်မည်။

ထို့ကြောင့် အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် အရှင်သခင် ဟော့က အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော်မှ အရှင်သခင် သုံးပါးအား ပြောဆိုလိုက်သည်။

"အရှင်သခင်တို့ သုံးပါးအနေနဲ့ ယွင်ရှောင် ဆေးလုံးစံအိမ်နဲ့ ဆက်သွယ်ပေးလို့ ရနိုင်မလား... သူတို့ဆီက အဆင့်မြင့် ဆေးလုံးတချို့ကို ကျွန်တော်တို့ဆီ တစ်နှစ်ကို အနည်းဆုံး သုံးထောင်လောက် ထောက်ပံ့ပေးဖို့ သဘောတူမယ်ဆိုရင် အတိတ်က ကိစ္စတွေအတွက် သူတို့ကို တာဝန်မခံခိုင်းဘူးလို့ ပြောပေးပါ"

"သူတို့ကို ဈေးကွက်ပေါက်ဈေး အတိုင်းပဲ ကုန်သွယ်လို့ ရပါတယ်"

မကြာမီမှာပင် အရှင်သခင် ဟော့သည် အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော်မှ ထွက်ခွာသွားပြီး နန်းတော်သခင်နှင့် ဤကိစ္စကို ဆွေးနွေးတိုင်ပင်ရန် အင်မော်တယ်နန်းတော်ဆီသို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။

သူက ဤကိစ္စကို ဆက်လက် မလုပ်ဆောင်တော့ဘူးဟု ပြောဆိုခဲ့သော်ငြား အင်မော်တယ်နန်းတော်သည် ယွင်ရှောင် ဆေးလုံးစံအိမ်၏ နောက်ကွယ်တွင် မည်သူ ရှိနေသနည်း ဆိုသည်နှင့် အဘယ်ကြောင့် သူတို့က အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော်ကို ဤမျှလောက်အထိ စိုးရိမ်ထိတ်လန့်အောင် ပြုလုပ်နိုင်စွမ်း ရှိရသနည်း ဆိုသည်ကို သေချာပေါက် စုံစမ်းစစ်ဆေးမည်သာ ဖြစ်ပေ၏။

သူတို့သည် ယခုအချိန်တွင် ဤအကြွေးအတွက် စာရင်းရှင်းမည် မဟုတ်သော်ငြား အနာဂတ်တွင်လည်း လုပ်ဆောင်မည် မဟုတ်ဟု မဆိုလိုပါ။

တဆက်တည်း၌ အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော်မှ အရှင်သခင်၏ စကားများကလည်း အဓိပ္ပာယ် ရှိနေပေသည်။ လက်ရှိ အင်မော်တယ်နန်းတော်သည် နောက်ထပ် ပြဿနာများကို ထပ်မံ၍ မဖြေရှင်းနိုင်တော့ဘဲ သည်းခံရန်သာ တတ်နိုင်တော့၏။

ထိုစဉ် အခြားတစ်ဖက်တွင်မူ စုယွီက မာထျန်းလင်နှင့်အတူ ထွက်ခွာသွားပြီးနောက် ကိုးမြီးမြေခွေး အရှင်သခင်ကြီး၏ ခံစားချက်မှာ အနည်းငယ် ထူးဆန်းနေသကဲ့သို့ ရှိသည်။

'မကြာသေးခင်ကမှ ဒီလူငယ်လေးက ငါ့ဆီလာပြီး လင်းလုံ ကုန်သွယ်ရေးအသင်းနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် တချို့ကို လာမေးသွားခဲ့တယ်... အဲဒီနောက် သိပ်မကြာခင်မှာပဲ လင်းလုံက မှောင်ခိုဈေးကွက်ထဲကနေ တစ်ယောက်ယောက်က အမြစ်ပြတ် တူးထုတ်ပစ်လိုက်သလိုမျိုး ဘေးဒုက္ခနဲ့ ကြုံတွေ့ခဲ့ရပြီး လူသူကင်းမဲ့သွားခဲ့တယ်... သူတို့ရဲ့ မူလဝိညာဉ် အရှင်သခင်ကြီးလည်း သေဆုံးသွားခဲ့ရတယ်'

'ဒီဟာတွေ အကုန်လုံးကို ဒီလူငယ်လေးက လုပ်ခဲ့တာများလား... အဲဒီ ယွင်ရှောင် ဆေးလုံးစံအိမ်က...'

ဤအတွေးများ ဝင်ရောက်လာသည်နှင့်အမျှ အရှင်သခင်ကြီး၏ မျက်နှာမှာ သိမ်မွေ့စွာ ပြောင်းလဲသွားပြီး သူသည် အင်မော်တယ် ဂိတ်တံခါးဆီသို့ လျင်မြန်စွာ ပြန်သွားကာ တာ့ယွဲ့ တောင်ထွတ်ဆီသို့ အပြေးအလွှား တက်သွားပြီးနောက် တာအိုဆရာ ထျန်းယွီနှင့် တွေ့ဆုံလိုက်တော့သည်။

ဤ မဆင်မခြင်နှင့် စိတ်လိုက်မာန်ပါ လုပ်တတ်သော ကောင်လေး။

၎င်းမှာ အင်မော်တယ်နန်းတော်က နောက်ကွယ်မှ ကျောထောက်နောက်ခံ ပြုပေးထားသည့် လင်းလုံ ကုန်သွယ်ရေးအသင်းပင်။

အကယ်၍ အင်မော်တယ်နန်းတော်သာ ဒေါသထွက်ပြီး ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင် တစ်ပါးကို စေလွှတ်လိုက်မည် ဆိုပါက သူ မည်သို့ တုံ့ပြန်မည်နည်း။

ကိုးမြီးမြေခွေး အရှင်သခင်ကြီးသည် ရုတ်တရက် အာရုံကြော တိုက်ခိုက်ခံရသကဲ့သို့ ထိတ်လန့်သွားပြီး ဤကိစ္စကို ဆွေးနွေးတိုင်ပင်ရန်အတွက် တာအိုဆရာ ထျန်းယွီထံသို့ အလျင်စလို ရှာဖွေသွားရောက်ခဲ့လေတော့သည်။

တာ့ယွဲ့ တောင်ထွတ်ပေါ်တွင် ကိုးမြီးမြေခွေး အရှင်သခင်ကြီးက တာအိုဆရာ ထျန်းယွီအား သူ၏ ဂူစံအိမ်အတွင်းမှ ဆွဲထုတ်လာခဲ့ပြီး မြေခွေးကြီးက အဖြစ်အပျက် အစီအစဉ် တစ်ခုလုံးကို ပြန်လည် ပြောပြနေချိန်တွင် သူက နားမလည်နိုင်သော အမူအရာဖြင့် နားထောင်နေခဲ့၏။

လင်းလုံ ကုန်သွယ်ရေးအသင်းမှာ သူ၏ တပည့်ဖြစ်သူ၏ အမြစ်ပြတ် ချေမှုန်းခံလိုက်ရခြင်းကြောင့် ကျဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း ကြားလိုက်ရသောအခါ တာအိုဆရာ ထျန်းယွီမှာ သူ၏ ရင်ဘတ်ကို ဖိဆုပ်ထားလိုက်ပြီး ထိတ်လန့်တုန်လှုပ်စွာဖြင့် ကြည့်နေမိတော့သည်။

သူ့စကားများကို နားထောင်ရသည်မှာ အဓိပ္ပာယ်မဲ့လွန်းလှသည်ဟု ခံစားရပေသည်။

မိမိ၏ တပည့်ဖြစ်သူက သည်အရာကို အမှန်တကယ် လုပ်ခဲ့တာလော။ ဒါက လုံးဝ မဖြစ်နိုင်ပါချေ။

All Chapters