← Chapters

အခန်း ၇၂၆

Vol. 49 Ch. 726

အခန်း ၇၂၆

Vol. 49 Ch. 726

အခန်း (၇၂၆) - တိုက်ဆိုင်စွာဖြင့် ရရှိခဲ့သော သိုင်းကျမ်းလိပ်အပိုင်းအစ (အပိုင်း ၂)

အခြေခံအဆင့်တွင်ပင် အဆင့်မြင့် ဟင်းလင်းပြင်နှင့် အချိန် တာအိုနယ်ပယ်များကသာလျှင် အချင်းချင်း ခုခံနိုင်စွမ်း ရှိပေလိမ့်မည်။

ဖြစ်နိုင်ရုံမျှသာ ဖြစ်၏။

ဤအချက်ကပင် ဟင်းလင်းပြင်နှင့် အချိန် တာအိုနယ်ပယ်တို့၏ ကြောက်မက်ဖွယ်ကောင်းသော သဘာဝကို သက်သေပြနေတော့သည်။

အာရုံခံစားမှု အဆုံးသတ်သွား၏။

ရုတ်တရက် လညွှန်နန်းတော်မှ အမျိုးသမီးအကြီးအကဲ၏ ကျောဘက်၌ စုယွီ ပေါ်လာသည်။ တခဏချင်း၌ ဓာတ်ကြီးငါးပါး တာအိုနယ်ပယ်၊ ခန္ဓာကိုယ်ခွန်အား တာအိုနယ်ပယ်၊ အချိန်တာအိုနယ်ပယ်၊ ဟင်းလင်းပြင်တာအိုနယ်ပယ်နှင့် ပုံရိပ်ယောင် နယ်ပယ်တို့ အားလုံးက အမျိုးသမီးအကြီးအကဲထံသို့ ဖိနှိပ်ဆင်းသက်လာတော့၏။

“ဝုန်း”

အမျိုးသမီးအကြီးအကဲ၏ ခန္ဓာကိုယ်ပေါ်ရှိ ဝိဉာဉ်အတားအဆီးနှင့် တာအိုနယ်ပယ်စွမ်းအားတို့ မျက်စိတစ်မှိတ်အတွင်း တစ်စစီကွဲကြေသွားတော့သည်။

စုယွီက သူ၏ အထက်ဘုံ သန့်စင်သော မူလတာအို နိယာမနှင့် ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ် ကျင့်စဉ်တို့ကို အသက်သွင်းလိုက်သည့် အခိုက်အတန့်၌ သူ၏ သွေးဝေလငါး လမင်းမြို အတွင်းအားများ ပေါက်ကွဲထွက်လာလေ၏။

သွေးဝေလငါး လမင်းမြိုကျင့်စဉ် ပေါက်ကွဲထွက်လာမှုနှင့်အတူ စုယွီ၏ ခန္ဓာကိုယ်ခွန်အားက မျက်စိတစ်မှိတ်အတွင်း လေးဆမျှ တိုးလာတော့သည်။

ထိုအခိုက်အတန့်၌ စုယွီသည် သူ၏ခန္ဓာကိုယ်က တကယ့်ရှေးဟောင်း သားရဲကြီး တစ်ကောင်အဖြစ် ပြောင်းလဲသွားသကဲ့သို့ ခံစားလိုက်ရပြီး သူ၏ခန္ဓာကိုယ်တွင်းရှိ ရိုင်းစိုင်းကြမ်းတမ်းသော ခွန်အားများက ကောင်းကင်ယံကိုပင် တုန်လှုပ်သွားစေ၏။

သူက အမျိုးသမီးအကြီးအကဲထံသို့ လက်ဝါးဖြင့် ရိုက်ချလိုက်ရာ ထိုခန္ဓာကိုယ်ခွန်အားကြောင့် သူ၏လက်ဝါးအောက်ရှိ ဟင်းလင်းပြင်ထဲတွင် လှိုင်းဂယက်များပင် ထသွားတော့သည်။

“ဘန်း”

အမျိုးသမီးအကြီးအကဲ၏ အဆင့်နိမ့် မှော်ချပ်ဝတ်က အကောင်းပကတိ ရှိနေသေးသော်ငြားလည်း ၎င်းအောက်ရှိ သူမ၏ခန္ဓာကိုယ်ကမူ ကြီးမားလှသော ခွန်အားကြီးကြောင့် တစ်စစီ ကွဲကြေသွားလေပြီ။ သူ၏ ရိုက်ချလိုက်သော လက်ဝါးခွန်အားက သူမ၏ ခန္ဓာကိုယ်ကို ပေါက်ကွဲထွက်မတတ် ဖိချေပစ်လိုက်၏။

အမျိုးသမီးအကြီးအကဲ၏ မျက်လုံးများက ပြူးထွက်လာပြီး မျက်ခွံများထဲမှ သွေးများ ယိုစီးကျလာသည်။ သူမက ငယ်ရွယ်လွန်းသော်လည်း တည်ငြိမ်အေးဆေးလှသော စုယွီဆိုသည့် လူငယ်လေးကို မယုံကြည်နိုင်စွာဖြင့် ခေါင်းလှည့်ကြည့်လိုက်တော့သည်။

“မင်း”

'တာအိုနယ်ပယ် စွမ်းအား ဘယ်နှခုတောင် ပေါက်ကွဲထွက်လာတာလဲ... ဒါ လူရော ဟုတ်သေးရဲ့လား'

နောက်တစ်စက္ကန့်၌ စုယွီက နောက်ထပ် လက်ဝါးတစ်ချက် ရိုက်ချလိုက်ပြန်၏။

“ဘုန်း”

အမျိုးသမီးအကြီးအကဲ၏ နူးညံ့လှပသော မျက်နှာလေးမှာ စုယွီကြောင့် မျက်စိတစ်မှိတ်အတွင်း ပေါက်ကွဲသွားပြီး သူမ၏ ဦးခေါင်းပါ တစ်စစီကွဲကြေသွားသည်။ အမျိုးသမီးအကြီးအကဲ၏ မူလဝိညာဉ်က အဆက်မပြတ် အော်ဟစ်သံများနှင့်အတူ သူမ၏ခန္ဓာကိုယ်ထဲမှ ထွက်ပြေးလွတ်မြောက်သွားတော့၏။

ထိုစဉ် စုယွီသည် သူ၏ဝိညာဉ်ကို စားသုံးဖျက်ဆီးရန် ကြိုးစားနေသော ညှို့ငင်ဖမ်းစားမှု စွမ်းအားတစ်မျိုးကို ခံစားလိုက်ရသကဲ့သို့ ရှိသည်။ သို့သော်ငြားလည်း ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်၏ ပြသမှုအောက်တွင် စုယွီ၏ နတ်ဘုရားပင်လယ်ကို ရွှေရောင်အလင်းတန်းတစ်ခုက ဖုံးလွှမ်းသွားတော့သည်။

သူ၏ နတ်ဘုရားဝိညာဉ်က ရွှေရောင်အတောင်ပံနှစ်ဖက်ပါသော ပုစဉ်းရင်ကွဲတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားလေပြီ။ တောင်ပံနှစ်ဖက်ပါ ရွှေပုစဉ်းရင်ကွဲ၏ ထက်မြက်သော မျက်လုံးများက စူးရှစွာ ထွက်ပေါ်လာပြီး မျက်စိတစ်မှိတ်အတွင်း၌ လျှို့ဝှက်ဝိညာဉ်ကျင့်စဉ်တစ်ခုဖြင့် ခုတ်ပိုင်းလိုက်သည်။

“ဖူး”

တောင်ပံနှစ်ဖက်ပါ ရွှေပုစဉ်းရင်ကွဲ၏ အတောင်ပံများက ကောင်းကင်ယံကို ခုတ်ပိုင်းလိုက်သကဲ့သို့ ယခုလေးတင် ထွက်ပြေးလွတ်မြောက်လာသော အနိုင်ယူမရနိုင်သည့် အမျိုးသမီးအကြီးအကဲ၏ မူလဝိညာဉ်မှာ တိုက်ရိုက်ပင် နှစ်ခြမ်းကွဲသွားပြီး ပြင်းထန်သော ဒဏ်ရာကို ရရှိသွားတော့၏။

အမျိုးသမီးအကြီးအကဲ၏ မူလဝိညာဉ်က အော်ဟစ်ဟိန်းဟောက်လိုက်သည်။

“အား”

“ကျွန်မကို ချမ်းသာပေးပါ တာအိုမိတ်ဆွေ.. ချမ်းသာပေးပါ... ကျွန်မ လက်နက်ချပြီး ရှင်ခိုင်းတာ လုပ်ပါ့မယ်... ကျွန်မ အစေခံ ဒါမှမဟုတ် ကျွန်မဘဝကို ပေးဆပ်ပါ့မယ်.. ဘာမဆို လုပ်ပေးနိုင်ပါတယ်”

စုယွီသည် မျက်နှာအမူအရာ ကင်းမဲ့နေဆဲပင်။

သူက သူမကို လုံးဝဂရုမစိုက်ဘဲ သူမ၏ မူလဝိညာဉ်ကို တိုက်ရိုက်ပင် ချုပ်နှောင်လိုက်ကာ နတ်ဘုရားတားမြစ်ချက်တစ်ခု ချမှတ်ပြီးနောက် မာထျန်းလင်ထံသို့ လွှဲပြောင်းပေးလိုက်သည်။

နောက်တစ်စက္ကန့်၌ စုယွီက အနက်ရောင် ဒေါသစစ်သည်တော်၏ လုံးဝဖိနှိပ်ခံထားရသော အရှင်သခင်ကြီး ထျန်းရှင်းကို ကြည့်လိုက်၏။ အသက်ရှူကြိမ် ဆယ်ကြိမ်ပင် မပြည့်မီအတွင်း စုယွီသည် အနက်ရောင် ဒေါသစစ်သည်တော်၏ အကူအညီဖြင့် အရှင်သခင်ကြီး ထျန်းရှင်း၏ တာအိုနယ်ပယ်၊ မှော်ရတနာ၊ ဂါထာမန္တန် ကာကွယ်မှုတို့ကို ရိုက်ချိုးလိုက်ပြီး သူ၏ခန္ဓာကိုယ်ကို တစ်စစီကွဲကြေစေကာ သူ၏မူလဝိညာဉ်ကို အရှင်လတ်လတ် ဖမ်းဆီးပြီးနောက် စီမံခန့်ခွဲရန်အတွက် မာထျန်းလင်ထံသို့ လွှဲပြောင်းပေးလိုက်သည်။

စုယွီ၏ ရွှေပုစဉ်းရင်ကွဲ မျက်လုံးကျင့်စဉ်နှင့် ဟင်းလင်းပြင်တာအိုစွမ်းအား၏ နတ်ဘုရားစွမ်းရည်များအောက်တွင် သူတို့သည် ကြယ်ခူးမျှော်စင်၏ နယ်နိမိတ်အတွင်း၌ပင် လွတ်လပ်စွာ သွားလာလှုပ်ရှားနိုင်ကြပေသည်။

အရှင်သခင်ကြီး ထျန်းရှင်းနှင့် လညွှန်နန်းတော်မှ စေလွှတ်လိုက်သော အမျိုးသမီးအကြီးအကဲတို့ကို ရှင်းလင်းပြီးနောက် ကြယ်ခူးမျှော်စင်၏ ကျန်ရှိနေသော မူလဝိညာဉ်နယ်ပယ် အကြီးအကဲများအားလုံးကို စုယွီက ဖယ်ရှားရှင်းလင်းပစ်လိုက်တော့၏။

တစ်နာရီပင် မပြည့်မီ အချိန်အတွင်း၌။

ကြယ်ခူးမျှော်စင်သည် စုယွီ၏ ထိန်းချုပ်မှုအောက်သို့ လုံးလုံးလျားလျား ကျရောက်သွားခဲ့လေပြီ။

ကြယ်ခူးမျှော်စင်၏ အင်အားက သိပ်မကြီးမားလှပေ။ အကြောင်းမူကား ၎င်းသည် အခင်းအကျင်း တာအို၏ အင်အားစုတစ်ခုဖြစ်ပြီး အခင်းအကျင်း သခင်များကို လေ့ကျင့်ပေးရန်မှာ လွယ်ကူလှသည် မဟုတ်ချေ။

ထို့အပြင် နှစ်ကာလများတစ်လျှောက် အပြောင်းအလဲများကြောင့် ယခုအခါ အရှင်သခင်ကြီး ထျန်းရှင်းအပါအဝင် မူလဝိညာဉ် အရှင်သခင်ကြီး (၂၀) ပင် မပြည့်တော့ဘဲ မြေကမ္ဘာအင်မော်တယ် စံအိမ်၏ အစိတ်အပိုင်းလေးတစ်ခုမျှပင် မရှိတော့ပေ။ အင်မော်တယ်ဂိုဏ်း၏ အင်အားနှင့် နှိုင်းယှဉ်လျှင် ကွာခြားချက်က ကြီးမားလွန်းလှပေသည်။

သို့ဖြစ်သော်ငြားလည်း စုယွီနှင့် အခြားသူများ၏ သွေးထွက်သံယို ရှင်းလင်းမှုအောက်တွင် ကြယ်ခူးမျှော်စင်၏ မူလဝိညာဉ် အရှင်သခင်ကြီး ဆယ့်တစ်ပါးသာ ကျန်ရှိတော့ပြီး သူတို့အားလုံးမှာ မူလဝိညာဉ်နယ်ပယ်၏ အလယ်အလတ်နှင့် အစောပိုင်းအဆင့်ရှိ အခင်းအကျင်း သခင်များသာ ဖြစ်ကြသည်။

ထိုအခိုက်အတန့်၌ ဤလူတစ်စုသည် တောင်တံခါးဝရှိ ပင်မခန်းမဆောင်ကြီးအတွင်း၌ စုရုံးနေကြပြီး ရုပ်ဖျက်ထားကာ အရှင်သခင်၏ ထိုင်ခုံပေါ်တွင် ထိုင်နေသော စုယွီကို တုန်လှုပ်ချောက်ချားစွာဖြင့် ကြည့်နေကြတော့သည်။

သို့ရာတွင် မူလက ကြယ်ခူးမျှော်စင်၏ အကြီးအကဲတစ်ဦးဖြစ်သော လီကျုံးသည် အကြီးအကဲအားလုံး၏ရှေ့တွင် သူ၏မူလပုံစံအတိုင်း တည့်တိုးပင် ပေါ်ထွက်လာခဲ့လေ၏။

စုယွီသည် မျှော်စင်သခင်၏ ထိုင်ခုံပေါ်တွင် ထိုင်နေလျက် သူ၏ရှေ့ရှိ ကြယ်ခူးမျှော်စင်မှ မူလဝိညာဉ် အရှင်သခင်ကြီးများကို ကြည့်ကာ တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်သည်။

“ဒီအချိန်ကစပြီး ကြယ်ခူးမျှော်စင်က လီကျုံးရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိသွားပြီ... လီကျုံးက ကြယ်ခူးမျှော်စင်ရဲ့ မျှော်စင်သခင်သစ်ပဲ”

“ဒီအခိုက်အတန့်ကစပြီး ကြယ်ခူးမျှော်စင်က တံခါးတွေကိုပိတ်ပြီး တောင်ကို ချိပ်ပိတ်ထားမယ်... အင်မော်တယ်တစ်သောင်း နန်းတော်နဲ့ တခြား အင်မော်တယ်ဂိုဏ်း အင်အားစုတွေ လာရင်တောင်မှ ငါတို့ တွေ့မှာမဟုတ်ဘူး”

“မင်းတို့တွေက လီကျုံးကို ကြယ်ခူးမျှော်စင်ရဲ့ တံခါးကို စောင့်ကြပ်ဖို့ ကူညီပေးမယ်ဆိုရင် အသက်ရှင်ခွင့် ရမယ်”

“တစ်ယောက်ယောက်ကများ ကွဲပြားတဲ့ ရည်ရွယ်ချက်တွေ ရှိရဲမယ်ဆိုရင် မင်းတို့ရဲ့ အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်းက လီကျုံးရဲ့ အတွေးထဲမှာပဲ ရှိနေလိမ့်မယ်”

ထိုလူအားလုံးမှာ စုယွီ၏ စကားများကို ကြားလိုက်ရသောအခါ သူတို့၏ နှလုံးသားများ အေးစက်သွားသကဲ့သို့ ခံစားလိုက်ရပြီး ထိတ်လန့်ကြောက်ရွံ့စွာဖြင့် နာခံစွာ ခေါင်းငုံ့ထားလိုက်ကြတော့၏။

သူက သူတို့အားလုံး၏ မူလဝိညာဉ်များအတွင်း၌ နတ်ဘုရားတားမြစ်ချက်တစ်ခုကို ချမှတ်လိုက်ပြီး တားမြစ်ချက် မှော်ရတနာတစ်ခုကို သန့်စင်ကာ လီကျုံးထံသို့ လွှဲပြောင်းပေးလိုက်သည်။ ဤနည်းအားဖြင့် လီကျုံးသည် သူတို့၏ အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းကို ထိန်းချုပ်နိုင်မည် ဖြစ်ပေသည်။

ထို့အပြင် သူသည် ကြယ်ခူးမျှော်စင်၏ ဘိုးဘေးများ ချမှတ်ခဲ့သော အဆင့် (၅) ဂိတ်တံခါး အခင်းအကျင်းအပေါ် မှီခိုအားထားသည်။ ဟင်းလင်းပြင် တာအိုစွမ်းအားကို ပိုင်ဆိုင်ထားသော သူ မရှိပါက အခြားသူများအနေဖြင့် ဂိတ်တံခါး အခင်းအကျင်းကို ဖျက်ဆီး၍သာ အတင်းအဓမ္မ ဝင်ရောက်နိုင်မည် ဖြစ်ပေ၏။

ထို့အတူ ကြယ်ခူးမျှော်စင်၏ အဆင့် (၅) ဂိတ်တံခါး အခင်းအကျင်း ခုနစ်ခု၏ အုတ်မြစ်နှင့်ဆိုလျှင် အင်မော်တယ်တစ်သောင်း နန်းတော်က ဝိညာဉ်ခွဲထွက်အဆင့် နှစ်ပါး၊ သုံးပါးမျှ ခေါ်ဆောင်လာလျှင်ပင် သူတို့သည် ကြယ်ခူးမျှော်စင်၏ အခင်းအကျင်းကို ချိုးဖျက်နိုင်မည် မဟုတ်ပါချေ။ အကယ်၍ အင်မော်တယ်တစ်သောင်း နန်းတော်က အမှန်တကယ်ပင် ဒေါသထွက်လာပြီး ကြယ်ခူးမျှော်စင်၏ တံခါးကို မည်သည့်စရိတ်နှင့်မဆို ချိုးဖျက်ဝင်ရောက်လာမည် ဆိုလျှင်ပင် ၎င်းမှာ စုယွီအတွက် မည်သည့် ဆုံးရှုံးမှုမျှ ဖြစ်ပေါ်စေမည် မဟုတ်ပါချေ။

ဤနေရာကို လီကျုံးထံ လွှဲပြောင်းပေးပြီးနောက် စုယွီနှင့် သူ၏လူများသည် ကြယ်ခူးမျှော်စင်၏ ဘဏ္ဍာတိုက်နှင့် သိုင်းကျမ်းတိုက်များဆီသို့ သွားရောက်ကာ ၎င်းတို့ကို ပြောင်သလင်းခါနီးပါးအထိ ရှင်းလင်းသိမ်းဆည်းလိုက်ကြတော့သည်။

သူက လီကျုံးအတွက် ပုံတူပွားကူးထားသော တာအို၊ အခင်းအကျင်း အမွေအနှစ် အနည်းငယ်ကိုသာ ချန်ထားရစ်ခဲ့၏။ ကြယ်ခူးမျှော်စင်ကို ပိတ်ဆို့ချိပ်ပိတ်ခြင်း လုပ်ငန်းစဉ်ကို မဖြစ်မနေ ထိန်းသိမ်းထားနိုင်ရုံမျှသာရှိသော အရင်းအမြစ်များနှင့်အတူတကွ ဖြစ်သည်။

“လညွှန်နန်းတော်ဆီ သွားကြစို့”

All Chapters