← Chapters

အခန်း ၇၃၀

Vol. 49 Ch. 730

အခန်း ၇၃၀

Vol. 49 Ch. 730

အခန်း (၇၃၀) - မူလဝိညာဉ် အရှင်သခင်ကြီးကို ပထမဆုံး သတ်ဖြတ်ခြင်း (အပိုင်း ၃)

ဓာတ်ကြီးငါးပါး တာအိုနယ်ပယ်ကို အထောက်အကူပြုနေသည့် ခန္ဓာကိုယ်ကြံ့ခိုင်မှု နယ်ပယ်က အပြင်းထန်ဆုံးသော ခွန်အားများကို အသုံးပြု၍ လညွှန်နန်းတော် ဘိုးဘေးကြီး၏ ခုခံမှုများကို ဖိနှိပ်ချေမှုန်းနေ၏။

မရေမတွက်နိုင်သော လွှမ်းမိုးဖိနှိပ်မှု စွမ်းအားများအောက်တွင် စုယွီနှင့် အနက်ရောင် ဒေါသစစ်သည်တော်တို့ အချိန်တစ်ခဏမျှ ရရှိသွားခဲ့သည်။

“ဝှစ်...”

စုယွီ၏ ဟင်းလင်းပြင် တာအိုစွမ်းအားများက အစွမ်းကုန် ပေါက်ကွဲထွက်ပေါ်လာ၏။ သူ၏ အတွင်းပိုင်း ဝိညာဉ်စွမ်းအားများနှင့် စိတ်စွမ်းရည်များ အားလုံးက လက်ထဲရှိ ဟင်းလင်းပြင် ကြေးအိုးငယ် အတွင်းသို့ စီးဝင်သွားတော့သည်။ ဟင်းလင်းပြင် ကြေးအိုးငယ် တုန်ခါသွားသည့် အခိုက်အတန့်မှာပင် ဖော်ပြရန်ခက်ခဲသော ဟင်းလင်းပြင် တုန်ခါမှုကြီးက အရပ်မျက်နှာ အားလုံးဆီသို့ တိုက်ခတ်သွားပြီး မိုင်ပေါင်းသောင်းချီ ကျယ်ဝန်းသော နယ်မြေတစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားလေ၏။

နှစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက် ဒါက စုယွီ ပထမဆုံးအကြိမ် အစွမ်းကုန် ထုတ်ဖော်ခြင်းပင်တည်း။ သူ၏ အတွင်းပိုင်း ဓာတ်ကြီးငါးပါး ဝိညာဉ်စွမ်းအားများနှင့် ရွှေရောင် ပုစဉ်းရင်ကွဲ ကျင့်စဉ်ဖြင့် ကျင့်ကြံထားသော ကြောက်မက်ဖွယ်ကောင်းသည့် စိတ်စွမ်းရည်များပါ ပါဝင်နေပါ၏။

ထိုအခိုက်အတန့်မှာပင် ထိုစွမ်းအားများက ဟင်းလင်းပြင် ကြေးအိုးငယ် အတွင်းသို့ တုံ့ဆိုင်းခြင်း အလျဉ်းမရှိ စီးဆင်းဝင်ရောက်သွားတော့သည်။

ဟင်းလင်းပြင် ကြေးအိုးငယ်သည် အောက်ခြေမရှိသော တွင်းနက်ကြီး တစ်ခုကဲ့သို့ စုယွီ၏ စွမ်းအားများကို အငမ်းမရ စုပ်ယူနေသည်။ စုယွီ၊ အနက်ရောင် ဒေါသစစ်သည်တော်နှင့် လညွှန်နန်းတော်၏ ဘိုးဘေးကြီးတို့ကိုပင် ကြောက်ရွံ့တုန်လှုပ်သွားစေသည့် ဟင်းလင်းပြင် လှုပ်ခတ်မှု အငွေ့အသက်များ ဖြာထွက်နေတော့၏။

“ဒိုင်း...”

ဟင်းလင်းပြင် ကြေးအိုးငယ်က ယိမ်းယိုင်သွားပြီး စုယွီ၏ လက်ထဲမှ ရုန်းထွက်သွားလေ၏။

လညွှန်နန်းတော်၏ ဘိုးဘေးကြီးက 'သေ' ဟူသော စကားလုံးကို ရေရွတ်လိုက်ချိန်မှာပင် ဟင်းလင်းပြင် ကြေးအိုးငယ်သည် သူမ၏ လက်ရှိ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းသွားတော့သည်။

“ဖုန်း...”

ဟင်းလင်းပြင် ကြေးအိုးငယ်က အသာအယာလေး ထိခတ်သွားခြင်းမျှသာ။

လညွှန်နန်းတော် ဘိုးဘေးကြီး၏ နူးညံ့ဖြူဝေးသော ခန္ဓာကိုယ်သည် ချက်ချင်း ပေါက်ကွဲထွက်သွားလေ၏။ ဟင်းလင်းပြင် လှုပ်ခတ်မှု လှိုင်းလုံးကြီးက တိုက်ခတ်သွားပြီး ဘိုးဘေးကြီး၏ မူလဝိညာဉ်ပေါ်သို့ ကျရောက်သွားတော့သည်။

“ဘုန်း...”

ပြင်းထန်စွာ ဒဏ်ရာရထားသော လညွှန်နန်းတော် ဘိုးဘေးကြီး၏ မူလဝိညာဉ်မှာ ဟင်းလင်းပြင် ကြေးအိုးငယ်၏ ရိုက်ခတ်မှုကြောင့် နောက်တစ်ကြိမ် ထပ်မံ၍ အစအနအဖြစ် ကွဲကြေသွားရပြန်၏။

အစက ဝင်ရောက်ကူညီရန် ပြင်ဆင်နေသည့် အနက်ရောင် ဒေါသစစ်သည်တော်မှာ ဤမြင်ကွင်းကြောင့် မှင်သက်သွားခဲ့သော်ငြားလည်း ချက်ချင်းပင် သတိပြန်လည်လာခဲ့သည်။

ဟင်းလင်းပြင် ကြေးအိုးငယ်ဖြင့် ပြုလုပ်သော ဤတိုက်ခိုက်မှု၏ စွမ်းအားက သူ၏ မျှော်လင့်ထားမှုများကို ကျော်လွန်နေခဲ့သည်ပေတည်း။

ရုတ်တရက် အနက်ရောင် ဒေါသစစ်သည်တော်က လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး သူ၏ စွမ်းအားများကို အလယ်အလတ်အဆင့် မှော်ရတနာဖြစ်သော ချီသန့်စင်အိုး အတွင်းသို့ ထည့်သွင်းလိုက်တော့သည်။ ချီသန့်စင်အိုးထံမှ ကြောက်မက်ဖွယ်ကောင်းသော စုပ်ယူမှု စွမ်းအားကြီးတစ်ခု ထွက်ပေါ်လာလေ၏။

“အား... ချမ်းသာပေးပါ... သနားပါဦး”

လညွှန်နန်းတော် ဘိုးဘေးကြီး၏ အသိစိတ်များက ငိုယိုအော်ဟစ်နေကြ၏။ ၎င်းတို့သည် အဖြူရောင် အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားပြီး အနက်ရောင် ဒေါသစစ်သည်တော်၏ ချီသန့်စင်အိုး အတွင်းသို့ စုပ်ယူခံလိုက်ရကာ ချုပ်နှောင် ပိတ်လှောင်ခြင်းကို ခံလိုက်ရတော့သည်။

ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်ကြီး တစ်ပါးသည် စုယွီနှင့် အနက်ရောင် ဒေါသစစ်သည်တော်တို့၏ လက်တွင်းသို့ ကျဆင်းသွားခဲ့ချေပြီ။

စုယွီ ရောက်ရှိလာချိန်မှစ၍ သူနှင့် အနက်ရောင် ဒေါသစစ်သည်တော်တို့ တိုက်ခိုက်ချိန်အထိမှာ အချိန်တိုတောင်းသော အခိုက်အတန့်လေးမျှသာ ကုန်လွန်ခဲ့ခြင်း ဖြစ်သည်။

လညွှန်နန်းတော် ဘိုးဘေးကြီးသည် တန်ပြန်တိုက်ခိုက်ရန် အခွင့်အရေး တစ်ကြိမ်မျှပင် မရလိုက်ဘဲ စုယွီ၏ လက်တွင်းသို့ ကျရောက်သွားခဲ့၏။

အနက်ရောင် ဒေါသစစ်သည်တော်မှာ အနည်းငယ် အံ့အားသင့်သွားရုံမျှမက စုယွီ ကိုယ်တိုင်လည်း တော်တော်လေး အံ့သြမှင်သက်သွားခဲ့ရသည်။

သို့သော်ငြားလည်း သူ၏ လက်ရှိအခြေအနေကို ခံစားကြည့်ပြီးနောက်တွင် သူ အနည်းငယ် စိတ်သက်သာရာ ရသွားတော့သည်။ ဟင်းလင်းပြင် ကြေးအိုးငယ်၏ ထိုထိုးနှက်ချက်က သူ၏ ဝိညာဉ်စွမ်းအား (၇၀)% နှင့် စိတ်စွမ်းရည် (၆၀)% တို့ကို ကုန်ခမ်းသွားစေခဲ့ပါ၏။

၎င်းက သူ့ကို လုံးဝနီးပါး အင်အားကုန်ခန်းသွားစေခဲ့သည်။

အဆင့်မြင့် မှော်ရတနာတစ်ခုနှင့် နီးပါး ညီမျှသော ဟင်းလင်းပြင် ကြေးအိုးငယ်၏ စွမ်းအားကို ထည့်သွင်းစဉ်းစားမည်ဆိုပါက တစ်ဝက်တစ်ပျက်သာ အားကောင်းတော့သည့် ဝိညာဉ်ခွဲထွက်အဆင့် ကျင့်ကြံသူကို 'ချက်ချင်း သတ်ဖြတ်' လိုက်နိုင်ခြင်းက အမှန်တကယ်ပင် ပုံမှန်ကိစ္စတစ်ခုသာ ဖြစ်နေတော့သည်။

သူက ဟင်းလင်းပြင် ကြေးအိုးငယ်ကို ပြန်လည်သိမ်းဆည်းလိုက်ချိန်တွင် စုယွီ၏ မျက်လုံးများ အတွင်း၌ အရောင်တစ်လက် တောက်ပသွား၏။ အကယ်၍ သူသည် တစ်ဝက်တစ်ပျက်သာ အားကောင်းတော့သည့် ဝိညာဉ်ခွဲထွက်အဆင့် အရှင်သခင်ကြီးကို သတ်ဖြတ်နိုင်ခဲ့မည် ဆိုပါက ဒဏ်ရာကင်းစင်နေသည့် အရှင်သခင်ကြီး တစ်ပါးကို ရင်ဆိုင်ရလျှင်ကော မည်သို့ ရှိမည်နည်း။

'ငါ ဝိညာဉ်ခွဲထွက်အဆင့် ပထမအလွှာက ကျင့်ကြံသူတစ်ယောက်ကို တိုက်ခိုက်နိုင်တဲ့ ခွန်အားတွေတောင် ရှိနေပြီလား...'

အနက်ရောင် ဒေါသစစ်သည်တော်သည် လညွှန်နန်းတော် ဘိုးဘေးကြီး၏ မူလဝိညာဉ်ကို အကျဉ်းချပြီးနောက် သူမ၏ ခန္ဓာကိုယ်မှ ကျန်ရစ်ခဲ့သော မှော်ရတနာများနှင့် သိုလှောင်ခြင်း လက်စွပ်တို့ကို သွားရောက်စုဆောင်းကာ စုယွီထံသို့ ရိုသေလေးစားစွာ ပေးအပ်လိုက်သည်။

ရှာဖွေမှု တစ်ခုလုပ်ပြီးနောက် စုယွီသည် 'လညွှန်' ဟူသော စာလုံးများ ထွင်းထုထားသည့် သတ္တုရောင် တံဆိပ်ပြားတစ်ခုကို ကိုင်ဆောင်ထားလိုက်၏။ ၎င်းမှာ ယခင်က ကြယ်ခူးမျှော်စင်၏ ဘိုးဘေးကြီးထံမှ ယွင်ရှောင် ဆေးလုံးစံအိမ်သို့ ပေးအပ်ခဲ့သော အမွေအနှစ် တံဆိပ်ပြားနှင့် အနည်းငယ် ဆင်တူနေပေသည်။

သို့သော် ထိုအရာက ကြယ်ခူးမျှော်စင် အမိန့်ပေးတံဆိပ်ပြား ဖြစ်ပြီး ဤအရာကတော့ လညွှန် အမိန့်ပေးတံဆိပ်ပြား ဖြစ်နေခြင်းသာ ကွာခြားတော့သည်။

All Chapters