← Chapters

အခန်း ၇၃၂

Vol. 49 Ch. 732

အခန်း ၇၃၂

Vol. 49 Ch. 732

အခန်း (၇၃၂) - အမွေအနှစ်ကို လက်ဝယ်ရရှိခြင်းနှင့် ပြန်လည်ထွက်ခွာခြင်း (အပိုင်း ၂)

လညွှန်နန်းဆောင်၏ ဘိုးဘေးကြီး တံခါးပိတ် ကျင့်ကြံသွားပြီးနောက် နန်းဆောင်သခင်မ သည်လည်း ဤနေရာ၌ နက်ရှိုင်းစွာ တံခါးပိတ် ကျင့်ကြံနေတော့၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်ပေါင်း သုံးဆယ်ခန့် ကုန်လွန်သွားခဲ့ချေပြီ။

သို့သော်ငြားလည်း ဝိညာဉ်ခွဲထွက် အဆင့်ဆိုသည်မှာ အလွယ်တကူ အဆင့်ချိုးဖြတ်နိုင်သော အရာမျိုး မဟုတ်ပေတကား။ တာ့ချန် ကျင့်ကြံခြင်းလောက အတွင်းရှိ မူလဝိညာဉ် အထွတ်အထိပ်သို့ ရောက်ရှိနေသော အရှင်သခင်ကြီး မည်မျှလောက်ပင် ဤပိတ်လှောင်မှုအောက်တွင် ရပ်တန့်နေခဲ့ရသနည်း။

တာအိုဆရာ ထျန်းယွီသည်လည်း ထိုနည်းတူပင် ဖြစ်သလို ဟွမ်ကျူး၊ အရိုင်းနယ်မြေရှိ စတုတ္ထမြောက် အင်မော်တယ် မြို့တော်ကို စောင့်ကြပ်ရသော ဟွမ်ရှီထောင် တို့သည်လည်း ဤအတိုင်းပင် ဖြစ်နေခဲ့ကြပါ၏။

မြေကမ္ဘာ အင်မော်တယ် စံအိမ်တော် တစ်ခုတည်းမှာပင်လျှင် ဤနယ်ပယ်၌ တစ်ဆို့ရပ်တန့်နေသူ အများအပြားကို တွေ့ရှိနိုင်ပေသည်။

ယခင်က တာအိုဆရာ ထျန်းယွီသည် မိမိကိုယ်ပိုင် စွမ်းအားဖြင့် အဆင့်ချိုးဖြတ်ရန် ကြိုးပမ်းရင်း တံခါးပိတ် ကျင့်ကြံခဲ့ဖူး၏။ မြေကမ္ဘာ အင်မော်တယ် စံအိမ်တော်နှင့် စုယွီ၏ အရင်းအမြစ်များ ရှိနေခဲ့သော်ငြားလည်း သူသည် နှစ်ပေါင်း တစ်ရာခန့် အချိန်ယူ၍ တံခါးပိတ် ကျင့်ကြံခဲ့ရပါသည်။

အဆုံးစွန်တွင်မူ သူသည် အရိုင်းနယ်မြေမှ ကောင်းကင်ဘုံက ချီးမြှင့်သော ရတနာများကို အားကိုး၍သာ ဝိညာဉ်ခွဲထွက် အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်တော့သည်။

လညွှန်နန်းဆောင် သခင်မ အတွက်လည်း ဤအဆင့်ကို ချိုးဖြတ်ရန်မှာ အလားတူပင် ခက်ခဲလွန်းလှပေ၏။

ဤနှစ်ပေါင်း သုံးဆယ်ခန့် တံခါးပိတ် ကျင့်ကြံမှု ကာလတစ်လျှောက်တွင် သူမသည် မည်သည့် အောင်မြင်မှုမျှ မရရှိခဲ့ပါချေ။

ရုတ်တရက် လညွှန်နန်းဆောင် သခင်မသည် နေမထိထိုင်မသာ ဖြစ်လာတော့၏။

တရားထိုင်နေသည့် အခြေအနေမှ နိုးထလာပြီးနောက် မျက်မှောင်ကြုတ်လိုက်ကာ စကားဆိုလိုက်သည်။

“ဘာတွေ ဖြစ်နေတာလဲ... ငါ့စိတ်တွေ ဘာလို့ ဒီလောက်တောင် ဂဏာမငြိမ် ဖြစ်နေရတာလဲ”

သူမသည် ပလ္လင်ပေါ်မှ ထရပ်လိုက်ပြီး တံခါးပိတ် ကျင့်ကြံရာမှ ထွက်ခွာကာ စိတ်အေးချမ်းစေရန် ဂိုဏ်းအတွင်း လမ်းလျှောက်ထွက်ရန် ပြင်ဆင်လိုက်တော့သည်။

သို့သော်ငြား နောက်တစ်ခဏ၌ပင် ဟင်းလင်းပြင် အတွင်း၌ ရုတ်တရက် လှိုင်းဂယက်များ ထလာသည်နှင့်အတူ လူရိပ်နှစ်ခုသည် သူမ၏ အရှေ့တွင် ဗြုန်းခနဲ ပေါ်ပေါက်လာခဲ့ချေ၏။

လညွှန်နန်းဆောင် သခင်မသည် အလွန်တရာ သတိဝီရိယ ကြီးမားလှသဖြင့် ထူးခြားမှုကို အာရုံခံမိလိုက်သည့် အခိုက်အတန့်မှာပင် မှော်စွမ်းအားများကို ချက်ချင်း အသက်သွင်းလိုက်လေသည်။ သူမကိုယ်သူမ ကာကွယ်ရန် မှော်ပစ္စည်း နှစ်ခုကို အသုံးပြုလိုက်ပြီး ရန်သူကို နှိမ်နင်းရန်အတွက် ဂူစံအိမ်၏ အခင်းအကျင်းကိုပါ တစ်ပြိုင်နက်တည်း လှုံ့ဆော်ရန် ကြိုးပမ်းလိုက်တော့၏။

သို့သော်ငြားလည်း နောက်တစ်စက္ကန့်မှာပင် ဟင်းလင်းပြင် နယ်ပယ် တစ်ခုက သူမကို လုံးဝ ဖုံးလွှမ်းသွားပြီး ဂူစံအိမ် အခင်းအကျင်းနှင့် အဆက်အသွယ် ဖြတ်တောက်လိုက်ပါတော့သည်။

ထိုအချိန်မှာပင် ဧရာမ ဓားကြီး တစ်လက်ကို ကိုင်ဆောင်ထားသော အနက်ရောင် ပုံရိပ်တစ်ခုက တိုက်ခိုက်ရန် ဓားကို မြင့်မားစွာ မြှောက်ချီလိုက်၏။ ထိုအခိုက်အတန့်တွင် ဓားချက်ကြောင့် နှစ်ခြမ်းကွဲသွားသည့်အလား ကောင်းကင်နှင့် မြေကြီးသည် သိမ့်သိမ့်တုန်ခါသွားရတော့သည်။ ဓားတာအို၏ စိတ်ဆန္ဒသည် ပျက်စီးယိုယွင်း၍ မရနိုင်သော ကောင်းကင်ဓား တစ်လက်ကဲ့သို့ လညွှန်နန်းဆောင် သခင်မ၏ နှလုံးသားထဲသို့ နက်ရှိုင်းစွာ ခုတ်ပိုင်း ဝင်ရောက်လာလေ၏။

“ဘုန်း...”

လညွှန်နန်းဆောင် သခင်မ၏ စိတ်အာရုံမှာ ပြင်းထန်စွာ တုန်လှုပ်သွားရ၏။ နယ်ပယ် တစ်ခုပြီးတစ်ခု သူမအပေါ်သို့ ကျရောက်လာကာ ဖိနှိပ် ချေမှုန်းနေတော့သည်။

သူမ ပြန်လည် တုံ့ပြန်နိုင်ချိန်တွင် အနက်ရောင် ပုံရိပ်၏ ဧရာမ ဓားကြီးသည် သူမ၏ မှော်ပစ္စည်း နှစ်ခု၏ ကာကွယ်မှုကိုပင် ချိုးဖျက် ထိုးဖောက်လာခဲ့ပြီ ဖြစ်သည်။ စိတ်ကူး၍ပင် မရနိုင်လောက်အောင် ကြီးမားလှသော ဓားတာအို စွမ်းအားများက သူမ၏ ခန္ဓာကိုယ်ပေါ်သို့ တဟုန်ထိုး ကျဆင်းလာခဲ့ချေပြီ။

“ဒိုင်း...”

မြေကမ္ဘာ တစ်ခုလုံး သိမ့်သိမ့်တုန်သွား၏။

အနက်ရောင် ဒေါသစစ်သည်တော်၏ ဓားတစ်ချက်တည်းဖြင့် လညွှန်နန်းဆောင် သခင်မမှာ လွင့်စဉ်ထွက်သွားရပြီး သူမ၏ ကာကွယ်ရေး မှော်ပစ္စည်း နှစ်ခုသည်လည်း ထိုဓားချက်အောက်တွင် လွင့်စဉ်သွားရတော့သည်။ မှော်ပစ္စည်းများ၏ အကာအကွယ် မရှိတော့သဖြင့် သခင်မ၏ နူးညံ့လှသော ခန္ဓာကိုယ်သည် ချက်ချင်းပင် ပေါက်ကွဲထွက်သွားလေ၏။ အရိုးများ ကျိုးကြေသွားပြီး သူမ တစ်ကိုယ်လုံးမှာ သွေးများဖြင့် ရွှဲနစ်နေသော ကြွေရုပ်လေး တစ်ရုပ်အလား ဂူစံအိမ်၏ နံရံပေါ်သို့ ပြင်းထန်စွာ ရိုက်ခတ်သွားပါတော့သည်။

လညွှန်နန်းဆောင် သခင်မ သတိမဝင်လာနိုင်ခင်မှာပင် အနက်ရောင် ဒေါသစစ်သည်တော်က သတ်ဖြတ်ရန် ဓားကို ထပ်မံ မြှောက်ချီလိုက်ပြန်၏။

“ဘုန်း...”

ကျဉ်းမြောင်းလှသော နေရာလွတ်အတွင်း၌ အနက်ရောင် ဒေါသစစ်သည်တော်၏ ဧရာမ ဓားကြီးသည် ဟင်းလင်းပြင် တစ်ခုလုံးကို ချေမှုန်း ဖျက်ဆီးပစ်လိုက်သည့်အလား ရှောင်တိမ်းရန် နေရာ လုံးဝ မကျန်ရှိတော့ပေ။

အသက် ဆယ်ကြိမ် ရှူစာ အချိန်ပင် မပြည့်လိုက်ချေ။

နှင်းကဲ့သို့ ဖြူဖွေးနူးညံ့လှသော သခင်မ၏ ခန္ဓာကိုယ်သည် အနက်ရောင် ဒေါသစစ်သည်တော်၏ လက်အောက်တွင် အသားစများ အဖြစ်သို့ ပြောင်းလဲသွားရတော့၏။

သူမ၏ မူလဝိညာဉ်သည်ပင်လျှင် အနက်ရောင် ဒေါသစစ်သည်တော်၏ ဖောက်ခွဲ ချေမှုန်းခြင်းကို တစ်ကြိမ် ခံလိုက်ရပါသေးသည်။

နောက်ဆုံးတွင်မူ အနက်ရောင် ဒေါသစစ်သည်တော်သည် အလယ်အလတ်အဆင့် မှော်ပစ္စည်း ဖြစ်သော ချီသန့်စင်အိုးကို အသုံးပြုကာ သူမကို ဖိနှိပ် ပိတ်လှောင်လိုက်ပါတော့သည်။

လညွှန်နန်းဆောင် သခင်မအား အနက်ရောင် ဒေါသစစ်သည်တော် တစ်ကိုယ်တော် ရင်ဆိုင် တိုက်ခိုက်ပုံကို ကြည့်ရင်း စုယွီ အနည်းငယ် အံ့အားသင့်သွားရ၏။ အနက်ရောင် ဒေါသစစ်သည်တော်၏ တိုက်ခိုက်ရေး စွမ်းအားများမှာ များစွာ တိုးတက်လာသကဲ့သို့ သူ ခံစားလိုက်ရသည်။

သူ၏ ထိုဓားတာအို အစွန်းအဖျားသည် သူ အသိစိတ် ပြန်လည် ရရှိကာစ အချိန်ကထက် များစွာ ပိုမို အားကောင်းနေခဲ့ချေပြီ။

ဓားတာအို နည်းစနစ်များနှင့် သူ၏ စွမ်းအားကို ထိန်းချုပ်မှုမှာ များစွာ ပိုမို သဘာဝကျလာသယောင် ရှိနေပေ၏။

သူသည် မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ တိုင်အောင် ဓားတာအိုအတွင်း၌ နစ်မြုပ် ကျင့်ကြံခဲ့သော ရှေးဟောင်း ဓားကျင့်ကြံသူ တစ်ဦးနှင့် တူလှပေသည်။

ထို့ကြောင့်ပင် ဤတစ်ကြိမ်၌ စုယွီ၏ နယ်ပယ် အကူအညီဖြင့် အနက်ရောင် ဒေါသစစ်သည်တော်သည် မူလဝိညာဉ် အထွတ်အထိပ် အဆင့်တွင် ရှိနေသော လညွှန်နန်းဆောင် သခင်မကို အားစိုက်ထုတ်စရာ သိပ်မလိုဘဲ အလွယ်တကူ အနိုင်ယူ ချေမှုန်းနိုင်ခဲ့ခြင်း ဖြစ်တော့သည်။

ထိုသူ နှစ်ဦး၏ စွမ်းအားမှာ တူညီသော အဆင့်အတန်း တစ်ခုတည်းတွင် ရှိမနေသည်မှာ အထင်အရှားပင်။

သို့သော်ငြားလည်း စုယွီက အနက်ရောင် ဒေါသစစ်သည်တော်၏ ဇာစ်မြစ်ကို တွေးတောမိသောအခါ သိပ်ပြီး အံ့အားသင့် မနေတော့ချေ။ အနက်ရောင် ဒေါသစစ်သည်တော်သည် တစ်ချိန်က အဆင့်နိမ့် အစောင့်အရှောက် ရုပ်သေး တစ်ရုပ်မျှသာ ဖြစ်ခဲ့သော်လည်း သူ၏ ဇာစ်မြစ်မှာ မရိုးရှင်းပေတကား။

ယွဲ့ အင်မော်တယ် နန်းတော်၏ ထိုလျှို့ဝှက်နယ်မြေသည် ကြီးမားသော အရေးပါမှု ရှိနေကြောင်းကို စုယွီ အမြဲတမ်း ခံစားမိနေခဲ့၏။

ဘယ်သူ သိနိုင်မည်နည်း... ထိုနေရာသည် ရှေးဟောင်း ကောင်းကင် အင်မော်တယ် စံအိမ်တော်နှင့်ပင် နှိုင်းယှဉ်နိုင်ကောင်း နှိုင်းယှဉ်နိုင်ပေလိမ့်မည်။

အကယ်၍ သူ၏ ရုပ်သေး ကိုယ်ထည်သာ ပဉ္စမအဆင့် ရုပ်သေး တစ်ရုပ် အဖြစ်သို့ တက်လှမ်းသွားပါက အနက်ရောင် ဒေါသစစ်သည်တော်သည် မည်မျှလောက် အစွမ်းထက်လာမည်နည်း။

ထိုအရာအတွက် စုယွီ အလွန်အမင်း မျှော်လင့် စောင့်စားနေမိတော့သည်။ ထိုအချိန်သို့ ရောက်လာပါက သူသည် တာ့ချန် ကျင့်ကြံခြင်းကမ္ဘာ၏ အထွတ်အထိပ်တွင် မားမားမတ်မတ် ရပ်တည်နိုင်မည် မဟုတ်ပါလော။

“အပြင်ကို သွားကြမယ်”

သူသည် မာထျန်းလင်နှင့် ချင်ခယ်ရှင်း တို့ နှစ်ဦးစလုံးကို အပြင်သို့ ထုတ်ပေးလိုက်၏။

သူတို့နှင့် အနက်ရောင် ဒေါသစစ်သည်တော်ကို ဦးဆောင်ကာ လညွှန်နန်းဆောင် သခင်မ၏ တံခါးပိတ် ကျင့်ကြံရာ အခန်းတွင်းမှ ထွက်လာပြီးနောက် စုယွီသည် လညွှန်နန်းဆောင်၏ ကျန်ရှိနေသော မူလဝိညာဉ်အဆင့် အရှင်သခင်ကြီးများကို စတင် သုတ်သင် နှိမ်နင်းပါတော့သည်။

စုယွီကို အနည်းငယ် အံ့အားသင့်သွားစေသည့် အရာမှာ လညွှန်နန်းဆောင်ကို ကြီးကြပ်ကွပ်ကဲနေသည့် အင်မော်တယ် တစ်သောင်း နန်းတော်မှ မူလဝိညာဉ် နှောင်းပိုင်းကာလ အရှင်သခင်ကြီး တစ်ပါး အမှန်တကယ် ရှိနေခြင်းပင် ဖြစ်၏။

သို့သော် ထိုသူ၏ ကိုယ်ရေးအချက်အလက်ကို သိရှိသွားသည်နှင့် တစ်ပြိုင်နက် စုယွီသည် ထိုသူအား လက်ဝါး တစ်ချက်တည်းဖြင့် ရိုက်သတ်လိုက်ပြီး မူလဝိညာဉ်ကိုပါ အစအနမကျန် ဖျက်ဆီးပစ်လိုက်လေသည်။

ယခုမှစ၍ လညွှန်နန်းဆောင်သည် အင်မော်တယ် တစ်သောင်း နန်းတော်၏ စွက်ဖက် ခြယ်လှယ်ခံရတော့မည် မဟုတ်ပေ။

လညွှန်နန်းဆောင်၏ ဘိုးဘေးကြီးများနှင့် နန်းဆောင်သခင်မတို့မှာ ဖမ်းဆီးခံလိုက်ရပြီ ဖြစ်၏။ လညွှန်နန်းဆောင်၏ ကျန်ရှိနေသော မူလဝိညာဉ်အဆင့် အရှင်သခင်ကြီးများမှာ ဆယ့်ငါးပါးပင် မပြည့်တော့ချေ။

စုယွီက နောက်ထပ် အနည်းငယ်ကို ထပ်မံ သတ်ဖြတ်လိုက်ရာ ကျန်ရှိနေသော ဆယ်ပါးမှာ လက်နက်ချ အရှုံးပေးသွားကြတော့၏။

ဤလူများ၏ ခန္ဓာကိုယ် အတွင်း၌ နတ်ဘုရား တားမြစ်ချက်များကို ထည့်သွင်း ချိတ်ပိတ်ပြီးနောက် စုယွီသည် လညွှန်နန်းဆောင်ကို ထိန်းချုပ်ရန် ချင်ခယ်ရှင်းထံသို့ လွှဲပြောင်းပေးလိုက်လေသည်။ ထို့အတူ ယနေ့မှစ၍ ဂိုဏ်းတံခါးကို ပိတ်ထားမည် ဖြစ်ပြီး အပြင်လောကနှင့် ဆက်သွယ်မှု ရှိတော့မည် မဟုတ်ချေ။

လညွှန်နန်းဆောင်၏ မျိုးဆက် အဆက်ဆက်မှ ဘိုးဘေးကြီးများ တည်ဆောက်ထားခဲ့သော ပဉ္စမအဆင့် မဟာ အခင်းအကျင်းကြီး ရှိနေသဖြင့် နန်းဆောင်၏ လုံခြုံရေးမှာ ကြီးမားသော ပြဿနာ တစ်ရပ် မဟုတ်တော့ပေ။

ဤနယ်မြေငယ်လေး အတွင်း၌ ပုန်းအောင်းနေရုံဖြင့် အင်မော်တယ် တစ်သောင်း နန်းတော်က လညွှန်နန်းဆောင်ကို တစ်စုံတစ်ရာ ပြုလုပ်ရန်မှာ ခက်ခဲလှပေသည်။

သို့သော်ငြားလည်း နှမြောစရာတော့ ကောင်းလှ၏။

လညွှန်နန်းဆောင်၏ ဘိုးဘေးကြီးကြောင့် ဖြစ်မည်လော... သို့မဟုတ် အင်မော်တယ် တစ်သောင်း နန်းတော်က ကြယ်ခူး မျှော်စင်နှင့် လညွှန်နန်းဆောင် နှစ်ခုစလုံးထံမှ အရင်းအမြစ်များကို သိမ်းပိုက်ရယူထားခြင်းကြောင့် ဖြစ်မည်လော... ထိုအဖွဲ့အစည်း နှစ်ခုစလုံး၌ ဝိညာဉ်ကျောက်တုံးများနှင့် ဝိညာဉ် ဆေးဘက်ဝင် အပင်များ ကဲ့သို့သော အရင်းအမြစ်များ အလွန် ရှားပါးနေခဲ့ချေပြီ။

အခင်းအကျင်း တာအိုအတွက် အရင်းအမြစ်များသာ အတန်အသင့် ကောင်းမွန်နေသေး၏။ ဤတစ်ကြိမ်တွင် စုယွီသည် ကြယ်ခူး မျှော်စင်နှင့် လညွှန်နန်းဆောင် နှစ်ခုစလုံးထံမှ အခင်းအကျင်း တာအို၏ အမွေအနှစ်များနှင့် အရင်းအမြစ်များကို ရိတ်သိမ်း ရယူနိုင်ခဲ့ပြီ ဖြစ်သည်။

ယခုမှစ၍ အခင်းအကျင်း တာအိုသည် မြေကမ္ဘာ အင်မော်တယ် စံအိမ်တော်အတွက် အဓိက ကျင့်ကြံခြင်း နည်းလမ်း တစ်ခု ဖြစ်လာကောင်း ဖြစ်လာပေလိမ့်မည်။

အထူးသဖြင့် လညွှန်နန်းဆောင်နှင့် ကြယ်ခူး မျှော်စင်တို့၏ အမွေအနှစ်များတွင် ဆဋ္ဌမအဆင့် အခင်းအကျင်း ပညာရှင်ကြီး တစ်ဦး၏ အမွေအနှစ်များ ပါဝင်နေခြင်းပင် ဖြစ်၏။

လောလောဆယ်တွင် ကြယ်ခူး မျှော်စင်နှင့် လညွှန်နန်းဆောင်တို့၏ အပြောင်းအလဲများကို သိရှိသူ သိပ်မများလှသေးပေ။ စုယွီသည် ဤအင်အားစု နှစ်ခုကို ရှင်းလင်းလိုက်၏။

ကိစ္စရပ်များကို အစစအရာရာ ဖြေရှင်းပြီးနောက် မာထျန်းလင်၊ အနက်ရောင် ဒေါသစစ်သည်တော်တို့နှင့် အတူ တိတ်တဆိတ် ထွက်ခွာလာခဲ့ကာ အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော်ဆီသို့ ပြန်လည် ရောက်ရှိလာခဲ့လေသည်။

သို့သော် အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော်ရှိ သူ၏ အခြေစိုက် စခန်းသို့ ရောက်ရှိချိန်တွင် သူ၏ ဆရာဖြစ်သူ တာအိုဆရာ ထျန်းယွီကို တွေ့လိုက်ရတော့၏။

စုယွီ အနည်းငယ် အံ့အားသင့်သွားပြီး မယုံကြည်နိုင်စွာဖြင့် မေးလိုက်သည်။

“ဆရာ... ဆရာက အင်မော်တယ် ဂိုဏ်းမှာ အခင်းအကျင်း တာအိုကို နားလည် သဘောပေါက်အောင် မလုပ်ဘဲ ဘာလို့ ဒီကို ရောက်နေတာလဲ...”

စကားပြောနေစဉ်မှာပင် စုယွီသည် သူ့ဘေးရှိ မျက်နှာအသွင်အပြင် များစွာ တိုးတက်လာပုံ ရပြီး ဉာဏ်အလင်းပွင့်လာသည့် အရိပ်အယောင်များ ပေါ်လွင်နေသော အမြီးခြောက်ချောင်း မြေခွေး အရှင်သခင်မကြီးကို ကြည့်လိုက်မိ၏။

ဤသည်ကို မြင်လိုက်ရသောအခါ တာအိုဆရာ ထျန်းယွီသည် ချက်ချင်းပင် သူ့တပည့်၏ ခေါင်းကို ရိုက်ချင်စိတ် ပေါက်သွားကာ ကျိန်ဆဲလိုက်တော့သည်။

“သောက်ကလေးက.. ပြဿနာတွေ ရှာထားပြီးတော့ မဟုတ်ကဟုတ်ကတွေ လျှောက်တွေးနေသေးတယ်ပေါ့လေ...”

စုယွီက မျက်ခုံးပင့်လိုက်ပြီး တာအိုဆရာ ထျန်းယွီ ဆိုလိုသည့် ပြဿနာမှာ အဘယ်အရာ ဖြစ်ကြောင်းကို ခေါင်းထဲ၌ လျင်မြန်စွာ နားလည် သဘောပေါက်သွားတော့၏။

သို့သော် သူက ရယ်မောလိုက်ရုံမျှသာ။ ပေါ့ပေါ့ပါးပါးပင် သူသည် တာအိုဆရာ ထျန်းယွီ၏ ဘေးတွင် ဝင်ထိုင်လိုက်ပြီး သူ၏ လက်ထဲတွင် အမိန့်ပေး တံဆိပ်ပြား တစ်ခု ပေါ်လာကာ သူ၏ ဆရာထံသို့ ကမ်းပေးလိုက်လေသည်။

စုယွီက ပြောလိုက်၏။

“ဆရာ... ဒါလေး တစ်ချက် ကြည့်ပါဦး...”

“ဒါက ဘာလဲ...”

တာအိုဆရာ ထျန်းယွီသည် အနှောင့်အယှက် မခံသော သူ၏ တပည့်ကို ကြည့်ရင်း အနည်းငယ် လက်မြှောက် အရှုံးပေးချင်သလို ခံစားလိုက်ရ၏။ သူ၏ ဤအဖိုးတန် တပည့်လေးမှာ သူ ရိုက်နှက် ဆူပူနိုင်သူမျိုး မဟုတ်ပါချေ။ သူ တည်ဆောက်ထားခဲ့သော အာဏာစက်မှာ အသုံးမဝင်သကဲ့သို့ ဖြစ်နေတော့သည်။

ဤကလေးကို ခြိမ်းခြောက်ပြီး အင်မော်တယ် ဂိုဏ်းဆီသို့ လိမ္မာကျိုးနွံစွာ ပြန်လည် ခေါ်ဆောင်သွားနိုင်ရန် ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်သေးချေ။

သို့သော်ငြားလည်း စုယွီသည် အပြင်ဘက်တွင် အသံတိတ် ကြီးမားသော တိုက်ပွဲကြီး တစ်ခုကို ဆင်နွှဲခဲ့ကြောင်း သတိရလိုက်သောအခါ တာအိုဆရာ ထျန်းယွီမှာ ဒေါသထွက်နေဆဲပင်။

အနည်းဆုံးတော့ သူ့ကို လှမ်းခေါ်သင့်သည် မဟုတ်ပါလော။

သူသာ ရှိနေမည် ဆိုပါက အင်မော်တယ် တစ်သောင်း နန်းတော်မှ မည်သူက သူ၏ အဖိုးတန် တပည့်လေးကို ရမ်းသန်း ဟောင်ရဲမည်နည်း။ ရူးမိုက်လှချည်လား... သူသာဆိုလျှင် ထိုသူများကို အရှင်လတ်လတ် အရေခွံ ခွာပစ်လိုက်မည် ဖြစ်၏။

တာအိုဆရာ ထျန်းယွီ ဤအရာများကို တွေးတောနေစဉ်မှာပင် သူ၏ လက်က စုယွီ၏ အမိန့်ပေး တံဆိပ်ပြားကို သိပ်ပြီး ဂရုမစိုက်ဘဲ လှမ်းယူလိုက်၏။ သူ၏ အကြည့်တို့က ၎င်းကို ပေါ့ပေါ့တန်တန် တစ်ချက် ဝေ့ကြည့်လိုက်သည်။ အို... သာမန် အမိန့်ပေး တံဆိပ်ပြား တစ်ခုမျှသာ။

သို့သော် နောက်တစ်စက္ကန့်မှာပင် တာအိုဆရာ ထျန်းယွီသည် သူ၏ မျက်လုံးများ ပြူးကျယ်သွားကာ တံဆိပ်ပြားပေါ်ရှိ လညွှန် ဟူသော စကားလုံးများကို စိုက်ကြည့်နေမိတော့၏။

သူသည် ရုတ်တရက် မတ်တတ်ထရပ်လိုက်ပြီး အာမေဍိတ်သံ ပြုလိုက်လေသည်။

“လ.. လညွှန် အမိန့်ပေး တံဆိပ်ပြား ဟုတ်လား...”

သူသည် ပြူးကျယ်နေသော မျက်လုံးများဖြင့် စုယွီဘက်သို့ လှည့်ကြည့်လိုက်၏။ သူ၏ အဖိုးတန် တပည့်လေးကို ကြည့်ရင်း ရင်ထဲတွင် ဘာတွေ ဖြစ်ပျက်နေသနည်းဟု တွေးတောကာ ပင့်သက်တစ်ချက်ကို ညင်သာစွာ ရှူသွင်းလိုက်တော့သည်။

တာအိုဆရာ ထျန်းယွီက အသံကို နှိမ့်ကာ မေးလိုက်သည်။

“မင်း... လညွှန်နန်းဆောင်ရဲ့ အမွေအနှစ်ကို ရခဲ့တာလား... မင်း ဘယ်လို လုပ်လိုက်တာလဲ... ဒီအရာက လညွှန်နန်းဆောင် ဘိုးဘေးကြီးရဲ့ လက်ထဲမှာ ရှိနေတာ မဟုတ်ဘူးလား...”

စုယွီက ကုလားထိုင်တွင် ထိုင်နေလျက် မျက်နှာပေါ်၌ အပြုံးဖျော့ဖျော့လေး ပေါ်လာပြီး ပြန်ဖြေလိုက်၏။

“သူက ကျွန်တော့်ကို ပေးတာပါ...”

တာအိုဆရာ ထျန်းယွီသည် ဆွံ့အသွားတော့၏။

သူသည် လက်ထဲရှိ အမိန့်ပေး တံဆိပ်ပြားဖြင့် စုယွီ၏ ခေါင်းကို ရိုက်ခွဲပစ်လိုက်ချင်စိတ် ပေါက်သွား၏။

အဖိုးတန် တပည့်လေး ဆိုတာကို ဂရုမစိုက်တော့ဘဲ အမှန်တကယ်ကို ရိုက်နှက်ချင်စိတ် ပြင်းပြနေခဲ့သည်။ ဘယ်လို လုပ်ရမည်နည်း။

သို့သော် နောက်ဆုံးတွင် စုယွီသည် ကြယ်ခူး မျှော်စင်နှင့် လညွှန်နန်းဆောင်တို့ အကြောင်းကို တာအိုဆရာ ထျန်းယွီအား ပြောပြခဲ့သော်လည်း ဖြစ်စဉ်မှာ အနည်းငယ် ကွဲလွဲနေခဲ့၏။

သူက ဟင်းလင်းပြင် တာအို၏ စွမ်းအားကို အသုံးပြုပြီး အနက်ရောင် ဒေါသစစ်သည်တော်၏ အကူအညီဖြင့် ကြယ်ခူး မျှော်စင်နှင့် လညွှန်နန်းဆောင်တို့ကို တစ်ခုပြီးတစ်ခု ဖြိုခွင်းခဲ့ကြောင်းကိုသာ ပြောပြခဲ့လေသည်။

သူသည် အနက်ရောင် ဒေါသစစ်သည်တော် အပေါ်၌သာ လုံးဝ အားကိုးခဲ့ပြီး သူကိုယ်တိုင်မှာမူ အရန်လူ တစ်ဦးမျှသာ ဖြစ်ကြောင်း ဆို၏။

တာအိုဆရာ ထျန်းယွီ အံ့အားသင့် တုန်လှုပ်သွားရတော့သည်။

“မင်းရဲ့ ရုပ်သေး စွမ်းအားက အဲဒီလောက်တောင် အစွမ်းထက်နေတာလား... အဆင့်နိမ့် ပဉ္စမအဆင့် ရုပ်သေးများ ဖြစ်နေမလား...”

စုယွီက လက်တစ်ချက် ဝှေ့ယမ်းလိုက်ပြီး အနက်ရောင် ဒေါသစစ်သည်တော်ကို ဆင့်ခေါ်လိုက်ကာ ရှင်းပြလိုက်၏။

“ပဉ္စမအဆင့် ရုပ်သေးတော့ မဟုတ်ပါဘူး... ဒါပေမဲ့ သူက ကိုယ်ပိုင် အသိစိတ် ရှိပြီး ရိုးရှင်းတဲ့ ရုပ်သေး တစ်ရုပ်တော့ မဟုတ်ဘူးဗျ…”

All Chapters