← Chapters

အခန်း ၇၃၃

Vol. 49 Ch. 733

အခန်း ၇၃၃

Vol. 49 Ch. 733

အခန်း (၇၃၃) - အမွေအနှစ်ကို လက်ဝယ်ရရှိခြင်းနှင့် ပြန်လည်ထွက်ခွာခြင်း (အပိုင်း ၂)

ယွင်ရှောင် ဆေးလုံး စံအိမ်၏ ကိစ္စများနှင့် ပတ်သက်၍မူ စုယွီက တာအိုဆရာ ထျန်းယွီကို ဝင်ရောက် စွက်ဖက်ခွင့် မပြုတော့ချေ။ ၎င်းအစား သူ၏ ရုပ်သေးကို အရိပ်နီ တာအိုကျင့်ကြံသူ၏ ပုံစံသို့ ပြောင်းလဲလိုက်ပြီး အင်မော်တယ် တစ်သောင်း နန်းတော်၏ လှုပ်ရှားမှုများကို စုံစမ်းရန်နှင့် အရှင်သခင် ကျွယ်ကျန့်ကို ရှာဖွေရန် မြေအောက် မှောင်ခိုဈေးကွက်သို့ သွားရောက်ခဲ့လေသည်။

"တစ်နှစ်ကို အဆင့်သုံး အရည်အသွေးရှိတဲ့ ဆေးလုံး သုံးထောင်ကို ဈေးကွက်ပေါက်ဈေးနဲ့ အင်မော်တယ် နန်းတော်ဆီ ထောက်ပံ့ပေးရမယ် ဟုတ်လား... ပြီးတော့ အင်မော်တယ် နန်းတော်က လင်းလုံ ကုန်သည်အဖွဲ့ရဲ့ ကိစ္စတွေကို ဝင်မစွက်ဖက်တော့ဘူးပေါ့လေ..."

စုယွီက မျက်ခုံးတစ်ချက် ပင့်လိုက်၏။ မမျှော်လင့်ဘဲ အင်မော်တယ် နန်းတော်က ဤကဲ့သို့ သည်းခံရန် ရွေးချယ်လိုက်ခြင်းမှာ ယခင်ကဆိုလျှင် သူတို့ လုံးဝ စဉ်းစားမည် မဟုတ်သော ကိစ္စရပ်ပင် ဖြစ်သည်။

အရိုင်းနယ်မြေ၌ ဆက်တိုက် ကြုံတွေ့ခဲ့ရသော အရှုံးများက အင်မော်တယ် နန်းတော်ကို အမှန်တကယ်ပင် ပြင်းထန်စွာ ထိခိုက်သွားစေခဲ့ပုံ ရ၏။

ကုန်သွယ်မှု ကိစ္စနှင့် ပတ်သက်၍ကား...။

အနည်းငယ် စဉ်းစားပြီးနောက် စုယွီက အင်မော်တယ် နန်းတော်၏ ကမ်းလှမ်းချက်ကို မငြင်းပယ်ခဲ့ချေ။

ပထမအချက် အနေဖြင့် ၎င်းတို့မှာ ရွှေအူတိုင်အဆင့်နှင့် ကိုက်ညီသော အဆင့်သုံး ဆေးလုံးများသာ ဖြစ်ကြ၏။

အသုံးဝင်သည် ဆိုသော်ငြား ၎င်းတို့၏ အကျိုးသက်ရောက်မှုမှာ ကြီးမားလှသည်ဟု သူ မယူဆထားပေ။

ယွင်ရှောင် ဆေးလုံး စံအိမ်ထံမှ အဆင့်သုံး ဆေးလုံးများ မရရှိခဲ့လျှင်တောင်မှ အင်မော်တယ် နန်းတော် ကဲ့သို့သော အစွမ်းထက် အင်အားစု တစ်ခုအနေဖြင့် အခြားနေရာများတွင် ထိုဆေးလုံးများကို ရှာဖွေ ကုန်သွယ်ရန် ခက်ခဲမည် မဟုတ်ပါချေ။

ဒုတိယအချက် အနေဖြင့် အင်မော်တယ် နန်းတော်နှင့် ပြတ်ပြတ်သားသား ဆန့်ကျင်နေသော အနေအထားမျိုးကို ယွင်ရှောင် ဆေးလုံး စံအိမ်မှ ပြသခြင်းမျိုး သူ မဖြစ်စေချင်ပေ။ အကယ်၍ ငြင်းပယ်လိုက်မည် ဆိုပါက ၎င်းတို့အား ရှင်းလင်းစွာ ဆန့်ကျင်လိုက်ခြင်းပင် ဖြစ်သွားပေလိမ့်မည်။

ထိုကဲ့သို့ ထင်ရှားသော ရန်လိုမှုမျိုးက ယွင်ရှောင် ဆေးလုံး စံအိမ်ကို အင်မော်တယ် နန်းတော်၏ မျက်စိစူးစရာ ဆူးငြောင့်ခလုတ် တစ်ခု အဖြစ်သို့ ပြောင်းလဲသွားစေပြီး ထိုရန်ငြိုးကို အချိန်ကြာမြင့်စွာ သိမ်းဆည်းထားစေလိမ့်မည် ဖြစ်၏။

သို့သော်ငြား အကယ်၍ သူတို့သာ သဘောတူညီချက် တစ်ရပ် ရရှိခဲ့မည် ဆိုပါက အင်မော်တယ် နန်းတော်သည် ယွင်ရှောင် ဆေးလုံး စံအိမ် အပေါ် မကျေနပ်မှုများ ရှိနေလျှင်တောင်မှ ကာလတိုအတွင်း သူတို့အပေါ် အရေးယူ ဆောင်ရွက်လိမ့်မည် မဟုတ်ပေ။

ဤအခြေအနေက စုယွီအတွက် အကျိုးရှိစေပြီး ယွင်ရှောင် ဆေးလုံး စံအိမ်ကို လူမြင်ကွင်းမှ ပျောက်ကွယ်နေစေရန် ပိုမို အထောက်အကူ ပြုပေလိမ့်မည်။

အချိန်သည် သူ၏ ဘက်တွင် ရှိနေ၏။

သူ၏ စွမ်းအားနှင့် ကျင့်ကြံခြင်းတို့ ဆက်လက် မြင့်မားနေသရွေ့ အနာဂတ်တွင် အင်မော်တယ် နန်းတော်က မည်သို့ ဖြစ်လာမည်နည်း။

သူ၏ အကန့်အသတ်မဲ့ ကျင့်ကြံခြင်း အရှိန်အဟုန်ဖြင့် သူ၏ ကြယ်တာရာ အင်မော်တယ် စံအိမ်တော် တည်ရှိနေသရွေ့ သူသာ အေးချမ်းစွာ ဆက်လက် ကျင့်ကြံနိုင်မည် ဆိုပါက အင်မော်တယ် နန်းတော်၏ ပြန်လည် ရရှိလာသော အတိတ်က စွမ်းအားနှင့် ဩဇာလွှမ်းမိုးမှုတို့သည်...

အသုံးမဝင်နိုင်တော့ပါလေ။

အင်မော်တယ် နန်းတော်နှင့် ကုန်သွယ်မှု သဘောတူညီချက် ရရှိပြီးနောက် စုယွီ၏ ရုပ်သေး ကိုယ်ပွားသည် တံခါးများ ဖွင့်လှစ်ရန် ယွင်ရှောင် ဆေးလုံး စံအိမ်သို့ ပြန်လာခဲ့ပြီး ထိုနေရာတွင် နေထိုင်ကာ နေ့စဉ် အဆင့်သုံး ဆေးလုံးများကို ဖော်စပ်နေတော့၏။

တစ်ချိန်တည်းမှာပင်...စုယွီသည် တာအိုဆရာ ထျန်းယွီကို အင်မော်တယ် ဂိုဏ်းသို့ ပြန်ခေါ်လာခဲ့ပြီးနောက် ဟုန်ယွဲ့စံအိမ်တော် သခင်ကြီးထံသို့ သွားရောက် တွေ့ဆုံခဲ့လေသည်။

သူသည် ကြယ်ခူး မျှော်စင်နှင့် လညွှန်နန်းဆောင် တို့၏ ကိစ္စရပ်များကို အရှင်သခင်ကြီးအား ပြောပြခဲ့ပြီး လညွှန် အမိန့်ပေး တံဆိပ်ပြားကို လွှဲပြောင်းပေးအပ်လိုက်၏။

ဟုန်ယွဲ့စံအိမ်တော် သခင်ကြီး၏ လက်ထဲတွင် ကြယ်ခူး အမိန့်ပေး တံဆိပ်ပြားနှင့် လညွှန် အမိန့်ပေး တံဆိပ်ပြားတို့သည် တစ်ခုတည်း အဖြစ်သို့ ပေါင်းစပ်သွားကြပြီး လခြမ်းကွေး နှစ်ခုနှင့် ဆင်တူသွားလေသည်။ ဤတံဆိပ်ပြား နှစ်ခု ပေါင်းစပ်သွားသည့် အခိုက်အတန့်တွင် ၎င်းတို့သည် ဟုန်ယွဲ့စံအိမ်တော် သခင်ကြီး ဖွင့်ထားသော မှော်စွမ်းအားများနှင့် ပဲ့တင်ထပ်သွားတော့၏။

“ဝှစ်…”

မျက်စိတစ်မှိတ်အတွင်းမှာပင် ပေါင်းစပ်သွားသော ကြယ်ခူးနှင့် လညွှန် အမိန့်ပေး တံဆိပ်ပြားများထံမှ စူးရှတောက်ပသော အလင်းတန်း တစ်ခု ပွင့်အာ ထွက်ပေါ်လာခဲ့လေသည်။

ထိုအလင်းတန်း ပေါက်ကွဲမှုနှင့်အတူ ဟုန်ယွဲ့စံအိမ်တော် သခင်ကြီးနှင့် စုယွီတို့ နှစ်ဦးစလုံးအား ကြက်သီးထသွားစေသော ရှေးဟောင်း အရှိန်အဝါ တစ်ခုသည် တံဆိပ်ပြား နှစ်ခုထံမှ နိုးထလာခဲ့ချေပြီ။

ဟုန်ယွဲ့စံအိမ်တော် သခင်ကြီးက ပေါင်းစပ်သွားသော တံဆိပ်ပြားများကို မျက်မှောင်ကြုတ်၍ ကြည့်ရင်း ရေရွတ်လိုက်၏။

“ဟင်းလင်းပြင် တာအို သခင်ကြီးရဲ့ အရှိန်အဝါပဲ...”

တံဆိပ်ပြား နှစ်ခု ပေါင်းစပ်မှုကြောင့် ဖြစ်ပေါ်လာသော ဆူပူလှုပ်ရှားမှုများ ငြိမ်သက်သွားပြီး အလင်းရောင် မှေးမှိန်သွားသောအခါ တံဆိပ်ပြားသည် လေထဲမှ ပြုတ်ကျလာတော့သည်။

ဟုန်ယွဲ့စံအိမ်တော် သခင်ကြီးက သူ၏ လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ပြီး ပေါင်းစပ်သွားသော အမွေအနှစ် တံဆိပ်ပြားကို စုယွီထံသို့ တွန်းပို့ပေးလိုက်ကာ ပြောလိုက်၏။

“ဒီတံဆိပ်ပြားကို မင်းရဲ့ ဆရာ့ဆီ အရင်ပေးလိုက်... တစ်ခုခု ပြဿနာ ရှိမရှိ သူ့ကို စစ်ဆေးခိုင်းလိုက်ပါ... အထဲမှာ ပါဝင်နေတဲ့ အမွေအနှစ်က အဆင်ပြေတယ် ဆိုရင်တော့ မင်း ဒီလက်ဆောင်ကို လက်ခံလို့ ရပြီ... သဘောပေါက်လား...”

တာယွီ တောင်ထွတ်ပေါ်သို့ ပြန်ရောက်နေသော တာအိုဆရာ ထျန်းယွီကတော့…တွေးနေမိ၏။

'ဒီအဘိုးကြီးကို စမ်းသပ်ခံ သတ္တဝါ လုပ်ခိုင်းနေတာလား...'

စုယွီက တံဆိပ်ပြားကို လှမ်းယူလိုက်၏။

သူ အကြောင်းပြန်တော့မည့် ဆဲဆဲမှာပင် ပေါင်းစပ်သွားသော တံဆိပ်ပြားပေါ်၌ အသစ် ပေါ်လာသော စာလုံးတချို့ကို သတိပြုမိလိုက်ပြီး သူ၏ မျက်နှာ အမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားတော့သည်။

ယွဲ့ အင်မော်တယ် နန်းတော် - အုပ်ချုပ်သူ ဝေရှင်းဟယ်။

ဒါက သက်သေခံ တံဆိပ်ပြား တစ်ခု ဖြစ်နေတုန်းပဲလား...

ဟုန်ယွဲ့စံအိမ်တော် သခင်ကြီးက သူ၏ မျက်နှာ အမူအရာ ပြောင်းလဲသွားသည်ကို သတိပြုမိသွားပြီး အနည်းငယ် အံ့အားသင့်သွားဟန်ဖြင့် မေးလိုက်၏။

“ဘာဖြစ်လို့လဲ...”

စုယွီက တံဆိပ်ပြားကို ပြန်ပေးလိုက်ပြီး ပြောလိုက်သည်။

“ယွဲ့ အင်မော်တယ် နန်းတော်... အုပ်ချုပ်သူ ဝေရှင်းဟယ်... ဂိုဏ်းတူအစ်ကိုကြီး... ဒီတံဆိပ်ပြားက ကြယ်ခူး မျှော်စင်နဲ့ လညွှန်နန်းဆောင်တို့ရဲ့ နောက်ကွယ်က အခင်းအကျင်း ပညာရှင် ချန်ရစ်ခဲ့တဲ့ အမွေအနှစ် တံဆိပ်ပြား တစ်ခုတည်း မဟုတ်ဘူး... ဒါက သက်သေခံ တံဆိပ်ပြားတစ်ခုလည်း ဖြစ်နေတယ်...”

'ယွဲ့ အင်မော်တယ် နန်းတော်' ဟူသော စကားစုကို ကြားလိုက်ရသောအခါ ဟုန်ယွဲ့စံအိမ်တော် သခင်ကြီးက ရင်းနှီးနေသလို ခံစားလိုက်ရ၏။

ထို့နောက် သူ ရုတ်တရက် သဘောပေါက်သွားတော့သည်။

ယွဲ့ အင်မော်တယ် နန်းတော်။

၎င်းသည် တာအိုမျှော်စင် အမွေအနှစ် နေရာ ထွက်ပေါ်လာမှုကို လုယက်ရန် အင်မော်တယ် နန်းတော်နှင့် အခြားသော အင်မော်တယ် ဂိုဏ်းများနှင့်အတူ အရိုင်းနယ်မြေသို့ လာရောက်ခဲ့ကြသော အင်အားစုများထဲမှ တစ်ခု မဟုတ်ပါလော။

စုယွီသည် ယွဲ့ အင်မော်တယ် နန်းတော် အကြောင်းကို ဟုန်ယွဲ့စံအိမ်တော် သခင်ကြီးအား အသိမပေးခဲ့ပေ။ အသစ် ပေါ်လာသော တံဆိပ်ပြားကို ဟုန်ယွဲ့စံအိမ်တော် သခင်ကြီးအား ပြသပြီးနောက် စုယွီက ဝိညာဉ်ခွဲထွက် အဆင့် တာအိုပညာရပ် အချို့ကို လဲလှယ်လိုခဲ့၏။

ရုတ်တရက် ဟုန်ယွဲ့စံအိမ်တော် သခင်ကြီးက သူ၏ လက်ကို ထပ်မံ ဝှေ့ယမ်းလိုက်ပြီး အခြား တံဆိပ်ပြား တစ်ခုကို သူ့ထံသို့ ပစ်ပေးလိုက်လေသည်။

ဟုန်ယွဲ့စံအိမ်တော် သခင်ကြီးက ပြောလိုက်၏။

“ဒါက အင်မော်တယ် ဂိုဏ်းရဲ့ တားမြစ် နယ်မြေတွေထဲက လျှို့ဝှက်နယ်မြေ တစ်ခုပဲ... မြေကမ္ဘာ နန်းတော်လို့ ခေါ်တယ်...”

“အရင်တုန်းက အဲဒါက ကောင်းကင် အင်မော်တယ် စံအိမ်တော်ရဲ့ သိုင်းပညာရှင်ကြီးတွေ တံခါးပိတ် ကျင့်ကြံဖို့ နေရာ တစ်ခု အဖြစ် အသုံးပြုခဲ့ကြတယ်... အဲဒီမှာ အမြဲတမ်း ထူးခြားဆန်းကြယ်တဲ့ တာအို စည်းချက်တွေ ပါဝင်နေပြီး သဘာဝ ဝိညာဉ်စွမ်းအင်ကလည်း တာယွီ တောင်ထွတ်ထက် အများကြီး သာလွန်ပြီးတော့ ထူးထူးခြားခြားကို သိပ်သည်းတယ်...”

“အခုကစပြီး မင်း ဒီလျှို့ဝှက်နယ်မြေထဲမှာ ကျင့်ကြံလို့ ရပြီ...”

“ဒါနဲ့... ဒီနေ့က စပြီး ဆရာဒေါ်လေး ဟွမ်ကျူးက မင်းနောက်ကို လိုက်ပါလာလိမ့်မယ်... မင်း ဘာပဲ လိုအပ်ပါစေ သူ့ဆီက တောင်းဆိုလို့ ရတယ်... အင်မော်တယ် ဂိုဏ်းက မင်းအတွက် ရအောင် ယူပေးဖို့ ဘယ်စရိတ်စကကိုမှ နှမြောမှာ မဟုတ်ဘူး...”

စုယွီ၏ မျက်နှာက အံ့အားသင့်မှုကြောင့် အနည်းငယ် ပြောင်းလဲသွားပြီး ဟုန်ယွဲ့စံအိမ်တော် သခင်ကြီးကို ကြည့်ကာ သတိကြီးစွာဖြင့် မေးလိုက်၏။

“ဂိုဏ်းတူအစ်ကိုကြီး... အစ်ကိုကြီးက ဘာလုပ်ဖို့ ကြိုးစားနေတာလဲဗျ...”

ဟုန်ယွဲ့စံအိမ်တော် သခင်ကြီးက ရွှင်မြူးစွာဖြင့် ခေါင်းခါယမ်းလိုက်ပြီး ပြောလိုက်သည်။

“ငါ ဘာမှ လုပ်ဖို့ မကြိုးစားပါဘူး... မင်း ဘာကိုမှ ပူပန်စရာ မလိုဘဲ မင်းရဲ့ ကျင့်ကြံခြင်းကို စိတ်နှလုံး အပြည့်အဝနဲ့ အကောင်းဆုံး ဆက်လက် ကျင့်ကြံသွားဖို့ပဲ ငါ လိုချင်တာပါ...”

“ဒါလေးတော့ မှတ်ထားပါ... အင်မော်တယ် ဂိုဏ်းက မင်းရဲ့ အခိုင်မာဆုံး ကျောထောက်နောက်ခံ အမြဲ ဖြစ်နေမှာပါ... ပြီးတော့ မင်းရဲ့ ဂိုဏ်းတူအစ်ကိုကြီးကလည်း မင်းအတွက် အမြဲ ရှိနေမှာပါ...”

“ညီငယ်.. တခြား ဘာကိုမှ ပူပန်နေစရာ မလိုဘူး...”

ဟုန်ယွဲ့စံအိမ်တော် သခင်ကြီးသည် စုယွီနှင့် အကြောင်းအရာ များစွာကို ဆွေးနွေးခဲ့၏။

နာရီအနည်းငယ် အကြာတွင် စုယွီသည် မြေကမ္ဘာ နန်းတော်မှ နှစ်ကာလ တစ်လျှောက် စုဆောင်းထားခဲ့သော ဝိညာဉ်ခွဲထွက် အဆင့် တာအိုပညာရပ် အမွေအနှစ်များကို ဟုန်ယွဲ့စံအိမ်တော် သခင်ကြီးထံမှ လက်ခံရရှိခဲ့လေသည်။

စုစုပေါင်း အားဖြင့် သတ္တု၊ သစ်သား၊ ရေ၊ မီးနှင့် မြေ ဟူသော ဓာတ်ကြီး ငးပါးလုံး ပါဝင်သည့် ပညာရပ် နှစ်ဆယ့်သုံးခု ရှိပေသည်။

All Chapters