← Chapters

အခန်း ၂၆၁

Vol. 27 Ch. 261

အခန်း ၂၆၁

Vol. 27 Ch. 261

အခန်း (၂၆၁)

ဟန်ယီရွှယ်၏ လျှို့ဝှက်ချက်

ယောင်ရန်နှင့် သူမ၏ သူငယ်ချင်းများ အလုပ်ရှုပ်နေချိန်တွင် ဟန်မိသားစုသည်လည်း ညစာ စားနေကြ လေ၏။ သို့သော်လည်း အိပ်ရန်တဲများနှင့် ပူနွေးသော အစားအစာများရှိသည့် ယောင်ရန်တို့နှင့် မတူဘဲ ဟန်မိသားစုမှာမူ မြေကြီးပေါ်တွင်သာ အိပ်ရပြီး မာကျောသော ဘီစကစ်များကိုသာ စားနေကြရလေ သည်။ သူတို့သည် ရေဆာနေကြပြီး ခြောက်သွေ့သော ဘီစကစ်များကို စားပြီးနောက် လည်ချောင်းများ ပို၍ နာကျင်လာကြပေသည်။

ယောင်ရန် ဟင်းချက်လုနီးပါး ပြီးစီးသွားသည်အထိ ဟန်ယီရွှယ်က စောင့်ကြည့်နေခဲ့ပြီးနောက် သူ၏ ကျောပိုးအိတ်ထဲမှ တစ်စုံတစ်ခုကို ယူကာ သူမထံသို့ တဖြည်းဖြည်း ချဉ်းကပ်သွားခဲ့လေသည်။

ဤသည်ကို မြင်သောအခါ ဟန်ရန်ချီက အလျင်စလို မေးလိုက်လေသည်။

"ယီရွှယ်၊ မင်း ဘယ်သွားမလို့လဲ..."

ဟန်ယီရွှယ်သည် ထွက်မသွားခင် အစ်ကိုဖြစ်သူအား စိတ်အေးအေးထားရန် မျက်လုံးများဖြင့် အချက်ပြ လိုက်လေ၏။ မိမိ၏ ညီဖြစ်သူ ယောင်ရန်ထံသို့ ချဉ်းကပ်သွားသည်ကို ကြည့်ရင်း ဟန်ရန်ချီ စိတ်ပူသွား သော်လည်း ဘာမှတော့ ဝင်မပြောခဲ့ပေ။

ဟန်ယီရွှယ်သည် ယောင်ရန်နှင့် ခြေသုံးလှမ်းအကွာတွင် ရပ်လိုက်ပြီး သူမကို ခေါ်လိုက်လေသည်။

"မိန်းကလေးယောင်..."

တစ်စုံတစ်ယောက် ခေါ်သံကို ကြားသောအခါ ယောင်ရန်သည် မော့ကြည့်လိုက်ပြီး မေးလိုက်၏။

"ရှင့်မှာ အကူအညီ လိုလို့လား..."

ဟန်ယီရွှယ်က ခေါင်းငြိမ့်ပြကာ သူမနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ပြီး သူတို့နှစ်ဦးကြား၌ မီးပုံလေးတစ်ခု ရှိနေလေသည်။ ယောင်ရန် ဟင်းချက်ပြီးသည်အထိ စောင့်နေပြီးနောက် သူက စကား စလိုက်လေ၏။

"မိန်းကလေးယောင်၊ ကျွန်တော် ခင်ဗျားနဲ့ အပေးအယူတစ်ခု လုပ်ချင်တယ်..."

သူ၏ စကားကြောင့် ယောင်ရန် မျက်ခုံးပင့်လိုက်မိပြီး စိတ်ဝင်စားသွားဟန်ဖြင့် မေးလိုက်လေသည်။

"ဘယ်လို အပေးအယူမျိုးလဲ..."

ဟန်ယီရွှယ်က လက်ကို ဖြန့်ပြလိုက်ရာ သူ၏ လက်ဖဝါးထဲရှိ ကျည်ဆန်တစ်တောင့်ကို ယောင်ရန် မြင်တွေ့လိုက်ရ၏။

ထိုကျည်ဆန်ကို မြင်သောအခါ ယောင်ရန်မှာ နားမလည်နိုင်သလို ဖြစ်သွားပြီး မေးလိုက်လေသည်။

"ဒါကို ပြရတဲ့ အဓိပ္ပာယ်က ဘာလဲ..."

ဟန်ယီရွှယ်က ပြုံးကာ ပြောလိုက်၏။

"ကျွန်တော် ကျည်ဆန်တွေ အများကြီး လုပ်နိုင်တယ်..."

ဤစကားကို ကြားသောအခါ ယောင်ရန်က သံသယဝင်သွားကာ ပြောလေသည်။

"ကျည်ဆန်တွေ လုပ်ဖို့ဆိုရင် အထူးကိရိယာတွေနဲ့ စက်တွေ လိုအပ်တယ်လေ၊ ရှင့်ဆီမှာ အဲဒါတွေ ရှိလို့ လား..."

ဟန်ယီရွှယ်က ခေါင်းခါပြလိုက်၏။

"မရှိပါဘူး၊ ဒါပေမဲ့ ကျွန်တော် ခင်ဗျားအတွက် ကျည်ဆန်တွေ လုပ်ပေးနိုင်ပါတယ်..."

သူက စကားပြောရင်း အောက်သို့ ငုံ့ကာ သဲတစ်ဆုပ်ကို ကော်ယူပြီး လက်ကို ဆုပ်ထားလိုက်လေသည်။ စက္ကန့်နှစ်ဆယ်ခန့် ကြာပြီးနောက် သူက လက်ကို ဖြန့်လိုက်ရာ သဲများမှာ မြေကြီးပေါ်သို့ ကျသွားခဲ့၏။ သို့သော်လည်း သူ၏ လက်ဖဝါးထဲတွင်မူ ကျည်ဆန်တစ်တောင့် ကျန်ရစ်နေခဲ့လေသည်။

ဤသည်ကို မြင်သောအခါ ယောင်ရန်၏ မျက်ဝန်းများတွင် အံ့သြမှုများ ဖြတ်ပြေးသွားခဲ့သည်။ သူမ သည် ဟန်ယီရွှယ်၏ လက်ထဲမှ ကျည်ဆန်ကို ယူ၍ သေချာစွာ စစ်ဆေးကြည့်ပြီးနောက် သူ့အား မော့ကြည့်လိုက်လေသည်။

ဟန်ယီရွှယ်သည် ယောင်ရန်၏ မေးခွန်းများကို စောင့်မနေတော့ဘဲ ဆက်၍ ရှင်းပြလိုက်၏။

"လွန်ခဲ့တဲ့ သုံးရက်က ကျွန်တော် ရုတ်တရက် ဒြပ်စင်တွေကို ထိန်းချုပ်နိုင်တဲ့ စွမ်းအား ရလာခဲ့တယ်၊ ဘယ်လို ရလာမှန်းတော့ ကျွန်တော် မသိဘူး၊ ဒါပေမဲ့ ခင်ဗျား မြင်တဲ့အတိုင်းပဲ ပါဝင်ပစ္စည်းတွေ ရှိနေ သရွေ့ ကျွန်တော်က ပစ္စည်းအသစ်တွေကို ဖန်တီးနိုင်တယ်လေ..."

အတိတ်ဘဝတွင် ဒြပ်စင်ထိန်းချုပ်မှု စွမ်းအားဖြင့် နာမည်ကြီးခဲ့သော စွမ်းအားရှင်တစ်ဦးကို ယောင်ရန် ပြန်လည် သတိရသွားမိလေသည်။ သူမ မှတ်မိသည်က မှန်ကန်မည်ဆိုပါက သူ၏ နာမည်မှာ ရွှယ် ဖြစ်၏။ ထိုကျော်ကြားလှသော သခင်ကြီးအကြောင်းကို တွေးမိသည်နှင့် ယောင်ရန်၏ မျက်ဝန်းများ ရုတ်တရက် တောက်ပသွားခဲ့လေသည်။

သူမသည် မျက်နှာချင်းဆိုင်ရှိ လူငယ်လေးကို ကြည့်ကာ မေးလိုက်သည်။

"ရှင့်နာမည် ဘယ်လိုခေါ်လဲ..."

ဟန်ယီရွှယ်က တည်ငြိမ်စွာ ပြန်ဖြေလေ၏။

"ဟန်ယီရွှယ်ပါ၊ အသက်က (၂၀) ပါ..."

သူ၏ နာမည်ကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် ဟန်ယီရွှယ်ဆိုသည်မှာ သူမ၏ အတိတ်ဘဝမှ နာမည်ကျော် စွမ်းအားရှင် ဖြစ်ကြောင်း ယောင်ရန် ရိပ်မိသွားခဲ့လေသည်။

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူမက မေးလိုက်၏။

"ကျွန်မကို ဘာလို့ ဒါတွေ လာပြောပြနေတာလဲ..."

ဟန်ယီရွှယ်သည် သူ၏ မိသားစုကို ခဏမျှ လှမ်းကြည့်လိုက်ပြီးနောက် ယောင်ရန်ထံသို့ အကြည့်ပြန်ရွှေ့ ကာ ပြန်ဖြေလေသည်။

"ကျွန်တော် ခင်ဗျားတို့ အဖွဲ့ထဲ ဝင်ချင်လို့ပါ..."

ဤစကားကို ကြားသောအခါ ယောင်ရန်သည် တစ်စက္ကန့်ခန့် စဉ်းစားလိုက်ပြီး ပြောလေ၏။

"ရှင့်စွမ်းအားနဲ့ဆိုရင် ကျွန်မတို့နဲ့ ပူးပေါင်းစရာ မလိုဘဲ အသက်ရှင်ရပ်တည်နိုင်ပါတယ်..."

ဟန်ယီရွှယ်က ခေါင်းငြိမ့်ပြလိုက်သည်။

"ခင်ဗျားပြောတာ မှန်ပါတယ်၊ ဒါပေမဲ့ ကျွန်တော် တစ်ယောက်တည်းမှာပဲ ဒီလိုစွမ်းအား ရှိနေတော့ တစ်စုံတစ်ယောက်ကများ လိုချင်တပ်မက်သွားခဲ့ရင် ကျွန်တော်ရော ကျွန်တော့် မိသားစုအတွက်ပါ အရမ်း အန္တရာယ်များတယ်လေ၊ ကျွန်တော့် မိသားစုနဲ့ ကျွန်တော့်အတွက် အကာအကွယ် လိုအပ် တယ်..."

သူ၏ စကားများကို နားထောင်ရင်း၊ အတိတ်ဘဝတွင် သူ တစ်ယောက်တည်း အထီးကျန်ကာ ရက်စက် ကြမ်းကြုတ်နေခဲ့ခြင်းမှာ သူ၏ စွမ်းအားကြောင့် မိသားစု သတ်ဖြတ်ခံလိုက်ရ၍ ဖြစ်နိုင်ကြောင်း ယောင်ရန် နားလည်သွားခဲ့လေသည်။ သူ ကိုယ်တိုင်က သူမထံသို့ ရောက်လာခဲ့ပြီ ဖြစ်ရာ ဤနာမည် ကျော် သခင်ကြီးကို ယောင်ရန် ငြင်းပယ်မည် မဟုတ်ပေ။

ဤအချက်ကို စိတ်ထဲ၌ တွေးတောရင်း ယောင်ရန်က ပြောလိုက်၏။

"ရှင် ကျွန်မတို့ အဖွဲ့ထဲ ဝင်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး..."

ဟန်ယီရွှယ် ဤစကားကို ကြားသောအခါ သူ၏ မျက်ဝန်းများ ဝင်းလက်သွားခဲ့လေသည်။

သို့သော်လည်း သူ ကျေးဇူးမတင်ရသေးခင်မှာပင် ယောင်ရန်က ဆက်ပြောလေသည်။

"ဒါပေမဲ့ ရှင် ကျွန်မတို့ရဲ့ စည်းကမ်းတွေကို လိုက်နာပြီး ညွှန်ကြားချက်တွေကိုတော့ နားထောင်ရမယ်၊ ရှင့်ကို ထောက်ပံ့ရေး ပစ္စည်းတွေ ဝေမျှပေးမှာ ဖြစ်ပေမဲ့ အချောင်ခိုတဲ့ လူတွေကိုတော့ ကျွန်မတို့ လက်မခံဘူး၊ ဒီအခြေအနေတွေကို ရှင် သဘောတူမယ်ဆိုရင်တော့ ကျွန်မတို့နဲ့ လာရောက် ပူးပေါင်းဖို့ ကြိုဆိုပါတယ်..."

ဟန်ယီရွှယ်သည် ခဏမျှ စဉ်းစားလိုက်ပြီးနောက် ခေါင်းငြိမ့်ကာ ပြောလိုက်၏။

"ကျွန်တော် သဘောတူပါတယ်..."

သူ ထိုသို့ ပြောပြီးနောက် ယောင်ရန်သည် အအေးခံထားသော ခေါက်ဆွဲတစ်ပန်းကန်ကို ကမ်းပေးရင်း ပြုံးကာ ပြောလိုက်လေသည်။

"အဖွဲ့ထဲကို ကြိုဆိုပါတယ်..."

ဟန်ယီရွှယ်သည် သူ၏ ခံစားချက်များကို ဖုံးကွယ်ရန် မျက်လွှာချလိုက်ရင်း အအေးခံထားသော ခေါက်ဆွဲပန်းကန်ကို လှမ်းယူလိုက်လေသည်။ သူ မှန်ကန်သော ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်း ဟုတ် မဟုတ် သေချာ မသိသော်ငြားလည်း ဤသို့ မလုပ်ဆောင်ပါက သူ၏ မိသားစုမှာ ဆာလောင်မွတ်သိပ် မှုနှင့် ရေငတ်ခြင်းတို့ကြောင့် သေဆုံးသွားနိုင်ကြောင်းကိုမူ သူ ကောင်းစွာ သိရှိနိုင်ပေသည်။

သူသည် ပန်းကန်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရင်း ပြောလိုက်လေ၏။

"ကျေးဇူးတင်ပါတယ်ခင်ဗျာ..."

သူ၏ အတွေးများကို မသိသော ယောင်ရန်က ပြောလေသည်။

"ရှင်က အခု ကျွန်မရဲ့ အဖွဲ့ဝင် ဖြစ်လာပြီဆိုတော့ ရှင့်မိသားစုကလည်း ကျွန်မရဲ့ မိသားစုပါပဲ၊ သူတို့ကို ကျွန်မတို့နဲ့အတူ ညစာလာစားဖို့ ခေါ်လိုက်ပါဦး..."

ဤစကားကို ကြားသောအခါ ဟန်ယီရွှယ်သည် အံ့သြစွာဖြင့် ယောင်ရန်ကို မော့ကြည့်လိုက်လေသည်။ သူမက သူ တစ်ယောက်တည်းအတွက်သာ အစားအစာ ထောက်ပံ့ပေးမည်ဖြစ်ပြီး သူ၏ ဝေစုကို မိသားစုနှင့် မျှဝေစားသောက်ရမည်ဟု သူ ထင်မှတ်ထားခဲ့ခြင်း ဖြစ်၏။ သူ၏ မိသားစု တစ်ခုလုံးကို ကျွေးမွေးနိုင်လောက်အောင် သူမသည် ဤမျှ ရက်ရောလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

ဤကဲ့သို့သော ခေါင်းဆောင်မျိုးအတွက် အလုပ်လုပ်ပေးရသည်မှာ တန်သည်ဟု ဟန်ယီရွှယ် ခံစားလိုက် ရပေသည်။

ခဏမျှ အံ့သြမှင်တက်သွားပြီးနောက် ဟန်ယီရွှယ်သည် အလျင်စလို ခေါင်းငြိမ့်ကာ ပြောလိုက်လေ၏။

"ဟုတ်ကဲ့ပါ..."

ဟန်ယီရွှယ် သူ၏ မိသားစုထံသို့ လမ်းလျှောက် ပြန်သွားသည်ကို ယောင်ရန် စောင့်ကြည့်နေခဲ့ပြီး ဟန် မိသားစုဝင်များ အံ့သြတကြီး တုံ့ပြန်ကာ အချင်းချင်း စကားပြောနေကြသည်ကို မြင်တွေ့လိုက်ရလေ သည်။ သူတို့၏ မျက်နှာအမူအရာများကို ကြည့်ခြင်းအားဖြင့် သူတို့ ဘာတွေ ဆွေးနွေးနေကြသနည်း ဆိုသည်ကို သူမ ခန့်မှန်းနိုင်ပေသည်။

ဟန်ယီရွှယ်က သူ၏ မိသားစုအား အကြောင်းစုံ ရှင်းပြနေချိန်တွင် လုံယုသည် သူမထံသို့ ချဉ်းကပ်လာခဲ့ လေသည်။ ဟန်ယီရွှယ်သည် သူ၏ ချစ်သူကောင်မလေးနှင့် စကားပြောနေသည်ကို သူ သတိထားမိခဲ့ပြီး ဟန်ယီရွှယ် အအေးခံထားသော ခေါက်ဆွဲပန်းကန်ကို ကိုင်ကာ ထွက်သွားသည်အထိ စောင့်ကြည့်နေခဲ့ ပြီးမှ သူမထံသို့ လျှောက်လာခဲ့ခြင်း ဖြစ်လေ၏။

ယောင်ရန်၏ ဘေးတွင် ဝင်ထိုင်ရင်း သူက မေးလိုက်လေသည်။

"အဲဒီလူက မင်းကို ဘာတွေ လာပြောနေတာလဲ..."

ယောင်ရန်က သူ့ကို အနီးသို့ ဆွဲယူကာ အသံကို နှိမ့်၍ ပြောလိုက်၏။

"အာယု၊ ကျွန်မတို့ အတိတ်ဘဝက နာမည်ကြီး ဒြပ်စင်ပညာရှင်ကို ရှင် မှတ်မိသေးလား..."

လုံယုက ခဏမျှ စဉ်းစားလိုက်ပြီး မေးလိုက်လေသည်။

"မင်း ရွှယ်ကို ပြောနေတာလား..."

ယောင်ရန်က ခေါင်းငြိမ့်ပြလိုက်ပြီးနောက် ဟန်ယီရွှယ်ရှိရာသို့ မေးဆတ်ပြကာ ပြောလေသည်။

"သူ့နာမည်က ဟန်ယီရွှယ်တဲ့၊ ခုနလေးတင် ဒြပ်စင်တွေကို ထိန်းချုပ်နိုင်တဲ့ သူ့ရဲ့ စွမ်းအားကို ကျွန်မကို ပြသွားတယ်၊ သူက အဲဒီ နာမည်ကျော် ရွှယ် ဖြစ်မယ်လို့ ကျွန်မ ထင်တယ်..."

လုံယု ဤစကားကို ကြားသောအခါ အံ့သြသွားခဲ့လေသည်။

All Chapters