အခန်း ၂၆၇
Vol. 27 Ch. 267
အခန်း (၂၆၇)
ရှင် ဒါကို မသောက်သင့်ဘူး
ယောင်ရန်သည် ခေါင်းငြိမ့်ပြရင်း ပြန်ပြောလိုက်၏။
"ကျွန်မ ဒီနေ့မနက် အဲဒီကလေးတွေ ဘယ်လိုရှိနေမလဲဆိုတာ သွားကြည့်ခဲ့တာ... ဒါပေမဲ့ ရောက်သွား တဲ့အခါ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ အမှတ်အသားတွေကိုပဲ တွေ့ခဲ့ရတယ်... စတိုခန်းကတော့ ပြာအတိ ဖြစ်နေ ပြီ၊ အဲဒီမှာ ဒီကလေးတစ်ယောက်ပဲ ကျန်ခဲ့တာ... ဗီလာတစ်ခုလုံးကို သေချာရှာဖွေခဲ့ပေမဲ့ တခြားသဲလွန် စတော့ မတွေ့ခဲ့ဘူး..."
သူမသည် စကားကို ခေတ္တရပ်လိုက်ပြီး မျက်မှောင်ကြုတ်လျက် ဆက်ပြောလေသည်။
"အာယု... ကျွန်မ စိတ်ထဲမှာ တစ်ခုခုကို မကောင်းသလို ခံစားနေရတယ်..."
သူမ၏ မျက်ဝန်းများထဲရှိ မတင်မကျဖြစ်မှုကို မြင်သောအခါ လုံယုက သူမ၏လက်ကို ဆုပ်ကိုင်လျက် နှစ်သိမ့်ပေးလိုက်၏။
"စိတ်မပူပါနဲ့... ခဏနေရင် ငါ အာရွှမ်းတို့နဲ့အတူ အဲဒီကို သွားကြည့်လိုက်မယ်၊ တစ်ခုခု ရှာတွေ့ နိုင်မ လားဆိုတာပေါ့..."
ထို့နောက် သူသည် သူမအား အောက်ထပ်သို့ လမ်းပြခေါ်ဆောင်သွားရင်း ပြောလေသည်။
"အန်တီဟန်နဲ့ အန်တီစီမာတို့ နေ့လယ်စာ ပြင်ထားပြီးပြီ... အရင်သွားစားကြရအောင်..."
နံနက်စာ မစားရသေးဘဲ ခွဲစိတ်မှု ပြုလုပ်ခဲ့ရသဖြင့် ဗိုက်ဆာနေသော ယောင်ရန်သည် လုံယုနောက်မှ လိုက်၍ အောက်ထပ်သို့ ဆင်းလာခဲ့လေသည်။ ထမင်းစားခန်းသို့ ရောက်သောအခါ အခြားသူများမှာ စားသောက်ပြီးစီးနေကြပြီ ဖြစ်သည်ကို တွေ့လိုက်ရ၏။
သူမ ရောက်လာသည်ကို မြင်သောအခါ ရှီရွှမ်းက မေးလိုက်လေသည်။
"ယောင်ရန်... ကလေးရဲ့ အခြေအနေ ဘယ်လိုရှိလဲ..."
ယောင်ရန် ခွဲစိတ်နေစဉ်အတွင်း အန်တီဟန်က အခြေအနေများကို ပြောပြထားပြီး ဖြစ်သဖြင့် ယနေ့ နံနက်က ဖြစ်ပျက်ခဲ့သည်များကို လူတိုင်း သိရှိထားကြပေသည်။
လုံယု ဆွဲပေးသော ထိုင်ခုံတွင် ယောင်ရန် ဝင်ထိုင်လိုက်ပြီး ပြန်ဖြေလိုက်၏။
"သူ့အခြေအနေကတော့ တည်ငြိမ်သွားပါပြီ၊ ဒါပေမဲ့ ရက်နည်းနည်းလောက်တော့ စောင့်ကြည့်ဖို့ လိုအပ် ဦးမယ်... သူ သွေးအတော်များများ ဆုံးရှုံးခဲ့ရလို့ ဦးနှောက်ကို ထိခိုက်မလားဆိုတာတော့ မသေချာဘူး... လောလောဆယ်တော့ သူ နိုးလာဖို့ မျှော်လင့်ရင်း စောင့်ကြည့်ရမှာပဲ..."
သူမ၏ ရှင်းပြချက်ကို ကြားသောအခါ ရှီရွှမ်းက သက်ပြင်းချလျက် ဆို၏။
"တခြားကလေးတွေ ဘာဖြစ်ကုန်လဲဆိုတာ သိရဖို့ သူ အမြန်ဆုံး ပြန်ကျန်းမာလာပါစေလို့ မျှော်လင့် ရတာပဲ..."
ထိုစကားကို ကြားသောအခါ ယောင်ရန်သည် အတွေးကိုယ်စီဖြင့် ခေါင်းငုံ့နေမိလေသည်။ သူမ စိတ် မကြည်မလင် ဖြစ်နေသည်ကို မြင်သောအခါ လုံယုသည် မီးဖိုချောင်သို့ သွား၍ သူမအတွက် စားစရာ တစ်ပန်းကန် ယူလာပေးခဲ့လေ၏။
သူမရှေ့တွင် အစားအစာများကို ချပေးရင်း သူက ညင်သာစွာ ပြောလိုက်လေသည်။
"ရန်ရန်... အရင်စားလိုက်ဦးလေ..."
"အင်း..."
ယောင်ရန်သည် အတွေးများထဲမှ ရုန်းထွက်ကာ စတင် စားသောက်လိုက်သော်လည်း သူမ၏ စိတ်မှာမူ တစ်ခြားစီ ဖြစ်နေပေသည်။
တစ်ချိန်တည်းမှာပင် ဝူလျန်မှာမူ မအားမလပ်အောင် အလုပ်များနေလေသည်။
ကျွင်းချန်မြို့မှ ထွက်ခွာ၍ ကျွင်းချန် စစ်အခြေစိုက်စခန်းသို့ ရောက်ရှိလာပြီးနောက် သူသည် လုံယုနှင့် ယောင်ရန်တို့နှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့၏။ စခန်းသို့ ခိုလှုံသူများ ပိုမိုများပြားလာသည်နှင့် အမျှ သူတို့သည် စားနပ်ရိက္ခာနှင့် ရေပြတ်လပ်မှု ပြဿနာများကို ထပ်မံ ရင်ဆိုင်နေရပြန်သည်။
ယောင်ရန်နှင့် လုံယုတို့ထံမှ လဲလှယ်ယူခဲ့သော မြေသြဇာအရည်များကြောင့် အာလူးများကို ပိုမိုစိုက်ပျိုး နိုင်ခဲ့ပြီး စားနပ်ရိက္ခာ ပြတ်လပ်မှုကို ယာယီအားဖြင့် ဖြေရှင်းနိုင်ခဲ့သော်ငြားလည်း ရေပြဿနာမှာမူ မပြေလည်သေးပေ။
သူ၏ ရုံးခန်းအတွင်း၌ ဝူလျန်၏ တစ်ချိန်က ခန့်ညားသော မျက်နှာမှာ ယခုအခါ ပင်ပန်းနွမ်းနယ်လျက် ဖြူလျော်လျက်ရှိနေလေသည်။
သူသည် အစီရင်ခံစာကို ခဏမျှ ဖတ်ရှုပြီးနောက် သူ၏ လက်ထောက်ကို လှည့်၍ မေးလိုက်၏။
"ကပ္တိန်လုံရဲ့ သတင်းကို အခုထိ မရသေးဘူးလား..."
လက်ထောက်ဖြစ်သူက ခေါင်းခါလျက် ပြန်ဖြေလေသည်။
"မရသေးပါဘူး... ကျွန်တော်တို့ နောက်ဆုံး ရရှိထားတဲ့ သတင်းအရဆိုရင် ကပ္ပတိန်လုံနဲ့ သူတို့အဖွဲ့ဟာ မျိုးရိုးဗီဇပြောင်းလဲနေတဲ့ ကြွက်တွေ ကျွင်းချန်မြို့ကို မသိမ်းပိုက်ခင် တစ်ရက်အလိုမှာ မြို့ထဲကနေ ထွက်သွားခဲ့တယ်လို့ သိရပါတယ်..."
ဝူလျန်သည် စိတ်ပျက်လက်ပျက်ဖြင့် သူ၏ ဆံပင်များကို ထိုးဖွရင်း မေးလိုက်ပြန်သည်။
"မျိုးရိုးဗီဇပြောင်းလဲနေတဲ့ ကြွက်တွေကကော... ကင်းထောက်အဖွဲ့ ပြန်ရောက်ပြီလား..."
လက်ထောက်က သူ၏ရှေ့တွင် စာရွက်စာတမ်းတစ်ခုကို ချပေးရင်း ပြန်ဖြေ၏။
"ဒါကတော့ အဲဒီတာဝန်ရဲ့ အစီရင်ခံစာပါ..."
"မနေ့ညက ကင်းထောက်အဖွဲ့ဝင် နှစ်ဦးဟာ ပြင်းထန်တဲ့ ဒဏ်ရာတွေနဲ့ ပြန်ရောက်လာခဲ့ပါတယ်... သူတို့ ဟာ အခုအချိန်အထိ ခွဲစိတ်ခန်းထဲမှာပဲ ရှိနေတုန်းပဲ... နောက်ဆုံး သိရတဲ့ သတင်းအရဆိုရင်တော့ သူတို့ ရဲ့ အခြေအနေက အင်မတန်စိုးရိမ်နေရပြီး ဆရာဝန်တွေက သူတို့ကို ကယ်တင်ဖို့ အစွမ်းကုန် ကြိုးစားနေ ရတယ်လို့ ဆိုပါတယ်..."
ဝူလျန်သည် လက်ထောက်၏ စကားကို နားထောင်ရင်း အစီရင်ခံစာကို ဖတ်ကြည့်လိုက်၏။ အချိန်နှင့် အမျှ သူ၏ မျက်နှာမှာ ပိုမို မှောင်မှောင်မှိုင်းမှိုင်း ဖြစ်လာခဲ့လေသည်။
မိနစ်အနည်းငယ် ကြာပြီးနောက် သူက မေးလိုက်လေ၏။
"တပ်ကြပ်ရွှီက မျိုးရိုးဗီဇပြောင်းလဲနေတဲ့ ကြွက်အန္တရာယ်နဲ့ ပတ်သက်ပြီး နောက်ထပ် ညွှန်ကြားချက် တစ်ခုခု ပေးထားသေးလား..."
"မပေးသေးပါဘူး... တပ်ကြပ်ရွှီနဲ့ အဆင့်မြင့်အရာရှိတွေက အခုထိ အစည်းအဝေး လုပ်နေတုန်းပါပဲ၊ ကျွန်တော်တို့ သူတို့ရဲ့ ဆုံးဖြတ်ချက်ကို စောင့်နေရပါတယ်..."
လက်ထောက်က မျက်မှောင်ကြုတ်လျက် ဖြေလေသည်။
ထိုစကားကို ကြားသောအခါ ဝူလျန်သည် ကုလားထိုင်တွင် မှီချလိုက်ပြီး ပင်ပန်းနေသော မျက်ဝန်းများ ကို ပွတ်သပ်လျက် သက်ပြင်းချလိုက်မိ၏။
တပ်ကြပ်ရွှီနှင့် အခြားသူများသည် အစီအစဉ်တစ်ခု ရေးဆွဲရန် အချိန်ယူရနိုင်သော်လည်း ယခုအချိန်မှာ မူ အချိန်ဟူသည်မှာ သူတို့အတွက် အလွန်တန်ဖိုးရှိလှသော အရာ ဖြစ်ပေသည်။
ကြွက်များသည် သားပေါက်မြန်လှ၏၊ မျိုးရိုးဗီဇပြောင်းလဲနေသော ကြွက်များမှာမူ ပိုမိုမြန်ဆန်လှပေ သည်။ အကယ်၍ ဤအန္တရာယ်ကို အမြန်ဆုံး မနှိမ်နင်းနိုင်ပါက ထိုကြွက်များသည် ကျွင်းချန်မြို့ကိုသာ သိမ်းပိုက်ရုံတင်မကဘဲ ပြည်နယ်တစ်ခုလုံးကို သူတို့၏ နယ်မြေအဖြစ် ပြောင်းလဲပစ်ကြပေလိမ့်မည်။
လက်ထောက်ဖြစ်သူသည် ဝူလျန်၏ ပင်ပန်းနွမ်းနယ်နေသော မျက်နှာကို ကြည့်လျက် ခေတ္တမျှ တုံ့ဆိုင်း နေပြီးနောက် မေးလိုက်လေ၏။
"ကပ္ပတိန်ဝူ... ကပ္ပတိန်လုံကို ရှာဖို့အတွက် လူအင်အား ထပ်ပြီး စေလွှတ်ရမလား..."
ဝူလျန်က ခဏမျှ စဉ်းစားပြီးနောက် မျက်လုံးများကို ဖွင့်လျက် ပြန်ဖြေလိုက်၏။
"မလိုတော့ဘူး... ငါတို့မှာ လူအင်အား မလုံလောက်တော့ဘူး... သူ့ကို ရှာဖို့အတွက် နောက်ထပ် လူတွေ ကို အပို မထုတ်ပေးနိုင်တော့ဘူး..."
လက်ထောက်က ခေတ္တမျှ စဉ်းစားပြီးမှ ပြောလိုက်လေသည်။
"ဒါဆိုရင် မြေသြဇာအရည်ကကော... ဒီမနက်တင် ပရော်ဖက်ဆာချင်းက တောင်းဆိုချက်တစ်ခု ပို့ထား တယ်... သူက အာဟာရပျော်ရည်တွေ ထုတ်ဖို့အတွက် ရှိတာတွေ အကုန်သုံးလိုက်ပြီတဲ့... ကျန်နေတဲ့ အာဟာရပျော်ရည်တွေက နောက်ထပ် တစ်ကြိမ်ပဲ ရိတ်သိမ်းဖို့ လောက်တော့မယ်လို့ ဆိုပါတယ်..."
"သူက မြေဆီလွှာ အရည်အသွေးတွေကလည်း ပိုဆိုးလာတယ်လို့ ပြောတယ်... အာဟာရပျော်ရည်တွေ မရှိရင် လူတိုင်းကို ကျွေးဖို့အတွက် လုံလောက်တဲ့ အစားအစာတွေ ထုတ်လုပ်ဖို့ ခက်ခဲလိမ့်မယ်တဲ့..."
ဝူလျန်သည် လုံယုကို ရှာဖွေလိုသော စိတ်နှင့် လူအင်အား မလုံလောက်မှုကြားတွင် ဗျာများလျက် တိတ် ဆိတ်သွားခဲ့လေတော့သည်။ သူ စဉ်းစားနေစဉ်မှာပင် တံခါးခေါက်သံက သူ၏ အတွေးများကို ဖြတ် တောက်လိုက်လေ၏။
သူက တံခါးဘက်သို့ ကြည့်လျက် "ဝင်ခဲ့လေ..." ဟု ပြောလိုက်လေသည်။
စစ်သည်တစ်ဦး ဝင်လာပြီး အလေးပြုကာ အစီရင်ခံလေသည်။
"ကပ္ပတိန်ဝူ... ရင်ပြင်မှာ ရုန်းရင်းဆန်ခတ်မှု တစ်ခု ဖြစ်နေပါတယ်..."
ဝူလျန်က မျက်မှောင်ကြုတ်လျက် ပြောလိုက်လေ၏။
"ပြဿနာရှာတဲ့သူတွေကို ထုံးစံအတိုင်းပဲ ရှင်းလိုက်လေကွာ..."
စစ်သည်ဖြစ်သူ တုံ့ဆိုင်းနေသည်ကို မြင်သောအခါ ဝူလျန်က မေးလိုက်သည်။
"ဘာဖြစ်လို့လဲ..."
စစ်သည်က ရေပုလင်းတစ်လုံးကို ထုတ်ယူ၍ ဝူလျန်၏ စားပွဲပေါ်တွင် တင်လိုက်ပြီး ပြန်ဖြေ၏။
"ပြဿနာရှာတဲ့ အမျိုးသမီးက သူမဟာ ရေကို ဖန်တီးနိုင်တယ်လို့ ပြောနေတယ်... ဒါက သူမကို ကင်း လှည့်စစ်သည်တွေ မဖမ်းခင်မှာ သူမ ဖန်တီးခဲ့တဲ့ ရေပါ..."
ဝူလျန်သည် ထိုစကားကို ကြားသောအခါ သံသယဖြင့် မျက်ခုံးပင့်လိုက်မိ၏။ သူသည် ထိုပြောကြား ချက်ကို မယုံကြည်သော်လည်း ပုလင်းကို ယူ၍ အတွင်းရှိ ရေကို စစ်ဆေးကြည့်လိုက်လေသည်။
ရေမှာ အညစ်အကြေးများ ကင်းစင်လျက် ကြည်လင်နေ၏။ ဝူလျန်သည် မျက်လုံးများကို ကျဉ်းမြောင်း လျက် ပုလင်းအဖုံးကို ဖွင့်ကာ သူ၏ ခွက်ထဲသို့ အနည်းငယ် လောင်းထည့်ပြီး တစ်ငုံ မြည်းကြည့်လိုက် လေသည်။
"ကပ္ပတိန်... ဒါကို မသောက်သင့်ဘူးလေ..."
လက်ထောက်နှင့် စစ်သည်ဖြစ်သူတို့က ဝူလျန်သည် မည်သည့်ရေမှန်း မသေချာသော ရေကို သောက် လိုက်သည်ကို မြင်သောအခါ ပြိုင်တူပင် အော်ဟစ်လိုက်ကြလေတော့သည်။