← Chapters

အခန်း ၂၇၀

Vol. 27 Ch. 270

အခန်း ၂၇၀

Vol. 27 Ch. 270

အခန်း (၂၇၀)

စွမ်းအားရှင်များ

ရွှီချီဖန်သည် မျက်နှာပျက်သွားလျက် ပြောလိုက်လေသည်။

"ကပ္ပတိန်ဝူ... မင်းက အစီရင်ခံစာကို တစ်ခါတည်း အကုန်အစင် မပြောနိုင်ဘူးလား... ငါတို့ကို အလ ကားနေရင်း စိတ်လှုပ်ရှားအောင် လုပ်ရတာ ပျော်စရာကောင်းနေလို့လား..."

ဝူလျန်က ပုခုံးတွန့်ပြလျက် အကူအညီမဲ့ဟန်ဖြင့် ပြန်ဖြေလိုက်၏။

"တပ်ကြပ်... ကျွန်တော့်ကိုတော့ အပြစ်မတင်ပါနဲ့... ကျွန်တော် အစီရင်ခံစာ မပြီးခင်မှာပဲ လူတိုင်းက စီမံကိန်းတွေ ချနေကြတာလေ... အဲဒါကို ကြားဖြတ်ပြောရမှာကလည်း မယဉ်ကျေးရာ ရောက်မှာ စိုးလို့ပါ..."

ထိုစကားကြောင့် အခန်းအတွင်း၌ တိတ်ဆိတ်သွားပြီး လူတိုင်း ဆွံ့အသွားကြလေသည်။

"....."

*မင်းရဲ့ 'နှုတ်စလျှာစကောင်းတဲ့ ကပ္ပတိန်' ဆိုတဲ့ နာမည်ကတော့ တကယ်ကို ထိုက်တန်ပါပေတယ်...*

ရွှီချီဖန်သည် သက်ပြင်းတစ်ချက်ချလိုက်ပြီး လက်ကို ဝေ့ယမ်းလျက် ဆို၏။

"မင်းရဲ့ အစီရင်ခံစာကို ဆက်ပြောပါဦး..."

ရွှီချီဖန်၏ စကားကြောင့် ဝူလျန်၏ မျက်နှာမှာ တည်ကြည်လေးနက်သွားပြီး ပြောလိုက်လေသည်။

"ဒီအမျိုးသမီးနဲ့ စကားပြောကြည့်ရသလောက်တော့ တခြား စွမ်းအားရှင်တွေလည်း ရှိနေပုံရပြီး အဲဒီ စွမ်းအားတွေက တစ်ယောက်နဲ့တစ်ယောက် အလွန်ပဲ ကွာခြားကြပါတယ်..."

"သူမရဲ့ အဖွဲ့ထဲမှာဆိုရင် ကားတစ်စီးကို လက်တစ်ဖက်တည်းနဲ့ မနိုင်တဲ့ ခွန်အားကြီးတဲ့ လူလတ်ပိုင်း အမျိုးသားတစ်ဦးနဲ့ အလွန်မြန်မြန် ပြေးနိုင်တဲ့ တက္ကသိုလ်ကျောင်းသား တစ်ယောက်လည်း ရှိတယ်လို့ သိရပါတယ်... အဲဒီစွမ်းအားတွေဟာ အစားအစာ ဒါမှမဟုတ် ရေကနေ ရလာတာ မဟုတ်ဘူးလို့လည်း သူမက ပြောပါတယ်... သူမကတော့ ရေကို အပြင်းအထန် တောင့်တရာကနေ စွမ်းအား ရလာတာလို့ ပြောပေမဲ့ ကျွန်တော် ဒါကိုတော့ အတည်မပြုနိုင်သေးပါဘူး..."

သူသည် ခေတ္တမျှ ရပ်နားလိုက်ပြီး ဆက်ပြောလိုက်လေသည်။

"ကျွန်တော်တို့ရဲ့ သိပ္ပံပညာရှင်တွေက ဒီစွမ်းအားတွေအကြောင်းကို ပိုပြီး လေ့လာသင့်တယ်လို့ ကျွန်တော် ထင်ပါတယ်..."

ဝူလျန်၏ အစီရင်ခံစာကို လူတိုင်းက စဉ်းစားဆင်ခြင်နေကြသဖြင့် အခန်းအတွင်း၌ အတန်ကြာအောင် တိတ်ဆိတ်သွား၏။

ရွှီချီဖန်သည် မျက်မှန်တပ်ထားပြီး အဖြူရောင် ကုတ်အင်္ကျီကို ဝတ်ဆင်ထားသော အသက် (၂၀) ကျော် အရွယ် လူငယ်တစ်ဦးကို ကြည့်ကာ မေးလိုက်လေသည်။

"ပရော်ဖက်ဆာရွှယ်... ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လို ထင်ပါသလဲ..."

ရွှယ်ဝန်ကျယ်သည် သူ၏ လက်ချောင်းဖြင့် မျက်မှန်ကို အသာပင့်တင်လိုက်ပြီး တည်ငြိမ်စွာ ပြန်ဖြေ၏။

"သမိုင်းတစ်လျှောက်မှာ လူသားတွေဟာ ထူးကဲတဲ့ ခွန်အား ဒါမှမဟုတ် အရှိန်အဝါတွေကို ပြသခဲ့ဖူးတဲ့ ဖြစ်ရပ်တွေ ရှိခဲ့ပါတယ်... ဒါပေမဲ့ ဘာမှမရှိတဲ့ နေရာကနေ ရေကို ဖန်တီးနိုင်တာကိုတော့ ကျွန်တော် ပထမဆုံး ကြားဖူးတာပါ..."

"ကပ္ပတိန်ဝူက ထိုအမျိုးသမီးရဲ့ ပြောကြားချက်ကို အတည်ပြုပြီးပြီဆိုတော့ ကျွန်တော်တို့ သူမရဲ့ စွမ်း အားအကြောင်း ပိုသိရဖို့အတွက် သူမနဲ့ ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ ထင်ပါတယ်... တကယ်လို့ သူမ ဘယ်လို စွမ်းအားရလာလဲဆိုတာကို ရှာဖွေနိုင်ခဲ့ရင် လူသားတွေ ရှင်သန်နိုင်ဖို့ အခွင့်အရေး တစ်ခု ရလာနိုင်ပါတယ်..."

ရွှီချီဖန်သည် သူ၏ စကားကို သေချာစွာ စဉ်းစားပြီးနောက် ခေါင်းငြိမ့်ပြလိုက်၏။

"ကောင်းပြီ... ဒီကိစ္စကို မင်းကိုပဲ လွှဲအပ်လိုက်မယ်..."

ရွှယ်ဝန်ကျယ်က ကန့်ကွက်ခြင်းမရှိဘဲ ပြန်ဖြေလိုက်လေ၏၊

"ကျွန်တော် တပ်ကြပ်ကို စိတ်မပျက်စေရပါဘူး..."

ရွှယ်ဝန်ကျယ်၏ အရည်အချင်းနှင့် ဉာဏ်ရည်ကို ယုံကြည်သဖြင့် ရွှီချီဖန်သည် ဝူလျန်ဘက်သို့ လှည့်၍ ဆို၏။

"ကပ္ပတိန်ဝူ... မင်း ပရော်ဖက်ဆာရွှယ်ရဲ့ စီမံကိန်းမှာ ကူညီပေးရမယ်..."

ဝူလျန်က အလေးပြုလျက် ပြန်ဖြေလိုက်လေသည်။

"ဟုတ်ကဲ့ပါ တပ်ကြပ်..."

ဤကိစ္စမှာ အလွန်အရေးကြီးသဖြင့် ရွှယ်ဝန်ကျယ်သည် သူ၏ ပစ္စည်းများကို သိမ်းဆည်းကာ မတ်တပ် ရပ်လိုက်လေ၏။ သူက အခြားသူများကို ကြည့်ကာ ပြောလိုက်လေသည်။

"လူကြီးမင်းတို့... ကျွန်တော် အရင် သွားနှင့်ပါ့မယ်..."

"ကောင်းပါပြီ..."

ရွှီချီဖန်က ဆိုလိုက်ပြီး ရွှယ်ဝန်ကျယ်နှင့် ဝူလျန်တို့ အတူတကွ ထွက်ခွာသွားသည်ကို ကြည့်နေခဲ့လေ သည်။

အမှောင်ခန်း ဧရိယာသို့ သွားရာလမ်းတွင် ဝူလျန်သည် ရွှယ်ဝန်ကျယ်ကို တစ်ချက်ကြည့်ကာ မေးလိုက် လေ၏။

"ပရော်ဖက်ဆာရွှယ်... ဒီစွမ်းအားတွေကို ဘယ်လိုရရှိလဲဆိုတာကို ခင်ဗျား တကယ် ရှာဖွေနိုင်မယ်လို့ ထင်လား..."

ရွှယ်ဝန်ကျယ်က ခဏမျှ စဉ်းစားပြီး ပြန်ဖြေလေ၏။

"ငါးဆယ် ရာခိုင်နှုန်းလောက်တော့ ယုံကြည်မှု ရှိပါတယ်..."

ဝူလျန်က ရယ်မောလိုက်ပြီး သက်ပြင်းချလျက် ပြောလိုက်လေ၏။

"ခင်ဗျားတောင် ငါးဆယ် ရာခိုင်နှုန်းပဲ ယုံကြည်မှု ရှိတယ်ဆိုရင် ဒီစီမံကိန်းကတော့ တကယ် ခက်ခဲတော့ မှာပဲ..."

ရွှယ်ဝန်ကျယ်က သူ့ကို တစ်ချက်ကြည့်ကာ ပြောလိုက်လေသည်။

"တကယ်လို့ ငါ့ရဲ့ အခန်းဖော်သာ ဒီမှာရှိရင်တော့ ငါးဆယ် ရာခိုင်နှုန်း မဟုတ်ဘဲ ကိုးဆယ် ရာခိုင်နှုန်း အထိ ယုံကြည်မှု ရှိပါတယ်..."

ဝူလျန်က မျက်ခုံးပင့်ကာ စူးစမ်းစွာ မေးလိုက်၏။

"ခင်ဗျားရဲ့ အခန်းဖော်လား... ခင်ဗျားက လူတစ်ယောက်ကို ဒီလောက်အထိ အထင်ကြီးတာ ရှားပါ တယ်... သူက ဘယ်သူလဲ..."

ဝူလျန်၏ စကားထဲမှ အနည်းငယ် စနောက်လိုသော အမူအရာကို လျစ်လျူရှုလျက် ရွှယ်ဝန်ကျယ်က ပြန်ဖြေ၏။

"သူ့နာမည်က ဟွာရှန့်ယန် တဲ့..."

ထိုသူမှာ မည်သူမှန်း မသိသဖြင့် ဝူလျန် မျက်မှောင်ကြုတ်လိုက်မိ၏။

"ဟွာရှန့်ယန်...တစ်ခါမှ မကြားဖူးပါဘူး... သူက နာမည်ကြီးလို့လား..."

ဝူလျန်၏ ဗဟုသုတ နည်းပါးမှုအပေါ် ရွှယ်ဝန်ကျယ် သက်ပြင်းချလိုက်မိပြီး တွေးတောနေမိလေသည်။

*ခွန်အားပဲ သုံးတတ်တဲ့ လူတစ်ယောက်နဲ့ စကားပြောရတာ တကယ် ပင်ပန်းဖို့ကောင်းလိုက်တာ...*

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူက ရှင်းပြလေသည်။

"ရှန့်ယန်က ဟွာအုပ်စု ဥက္ကဋ္ဌရဲ့ မြေးပေါ့... ဟွာအုပ်စုရဲ့ အမွေဆက်ခံသူ ဖြစ်ရုံတင်မကဘဲ သူဟာ ဆေး ပညာလောကမှာလည်း အလားအလာရှိတဲ့ ပရော်ဖက်ဆာ တစ်ယောက်ပဲ... လွန်ခဲ့တဲ့ နှစ်နှစ်က သူ ဖော်စပ်ခဲ့တဲ့ ဆန်းသစ်တဲ့ ဆေးဝါးတစ်ခုကြောင့် နိုဘယ်ဆု ရခဲ့ဖူးတယ်..."

ထိုစကားကြောင့် ဝူလျန်၏ မျက်ဝန်းများမှာ စိတ်ဝင်စားမှုကြောင့် တောက်ပသွားလေသည်။

သူသည် မုတ်ဆိတ်ရှည်စများ ဖုံးလွှမ်းနေသော သူ၏ မေးစေ့ကို ပွတ်သပ်လျက် ဆို၏။

"ဒါဆို ခင်ဗျားရဲ့ အခန်းဖော်က ဟိုင်ချန် ပုဂ္ဂလိက အခြေစိုက်စခန်း ပိုင်ရှင်တွေထဲက တစ်ယောက်ရဲ့ မြေး ပေါ့... ခင်ဗျားလို လူမျိုးကတောင် သူ့ရဲ့ အကူအညီကို လိုချင်တယ်ဆိုရင် သူဟာ ဆေးပညာလောကမှာ တကယ်ကို ထူးချွန်တဲ့သူ ဖြစ်ရမယ်..."

ရွှယ်ဝန်ကျယ်သည် ဝူလျန်၏ စကားများကို တိတ်ဆိတ်စွာ နားထောင်နေပြီး ဘာမျှ ပြန်ပြောခြင်းမရှိ တော့ပေ။ ရွှယ်ဝန်ကျယ် စကားဆက်မပြောချင်တော့သည်ကို မြင်သဖြင့် ဝူလျန်လည်း မေးခွန်းများ မမေးတော့ပေ။

မကြာမီမှာပင် သူတို့သည် အမှောင်ခန်း ဧရိယာသို့ ရောက်ရှိလာကြ၏။ တာဝန်ကျ စစ်သည်များသည် ဝူလျန် ပြန်ရောက်လာသည်ကို မြင်သောအခါ အလေးပြုကြလေသည်။

"တံခါးဖွင့်လိုက်..."

ဝူလျန်က အမိန့်ပေးလိုက်၏။

မှိန်ဖျဖျ လင်းနေသော အခန်းအတွင်း၌ အမျိုးသမီးမှာ နံရံကို အားနည်းစွာ မှီနေလေသည်။ အပြင်ဘက်မှ စကားသံများကို ကြားသောအခါ သူမသည် တံခါးကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေပြီး တံခါးပွင့် လာမည့်အချိန်ကို စောင့်ဆိုင်းနေ၏။ အလင်းရောင်များ အခန်းအတွင်းသို့ ဖြာကျလာသောအခါ သူမ သည် သူမ၏ မျက်လုံးများကို ကွယ်ရန် လက်တစ်ဖက်ကို မြှောက်လိုက်လေသည်။

ရုတ်တရက် လင်းထိန်သွားသော အလင်းရောင်တွင် သူမ၏ အမြင်အာရုံမှာ လိုက်လျောညီထွေ ဖြစ်သွား သောအခါ ဝူလျန်၏ ဘေးတွင် မျက်မှန်တပ်ကာ အဖြူရောင် ကုတ်အင်္ကျီ ဝတ်ထားသော အမျိုးသား တစ်ဦးကို တွေ့လိုက်ရ၏။ သူသည် တည်ငြိမ်သော်လည်း အရှိန်အဝါ ကြီးမားဟန် ရှိပေသည်။

ရွှယ်ဝန်ကျယ်သည် အလင်းရောင်ကို ကျောပေးလျက် တံခါးဝတွင် ရပ်ကာ သူမကို ခဏမျှ အကဲခတ် နေပြီးနောက် ဆိုလေသည်။

"ပထမဆုံးအနေနဲ့ သူမကို ရေချိုးပေးဖို့ လိုအပ်တယ်... သန့်ရှင်းအောင် လုပ်ပေးပြီးရင် ကျွန်တော့် ရုံးခန်း ကို ပို့ပေးလိုက်ပါ..."

ထိုသို့ ပြောပြီးနောက် သူသည် လှည့်ထွက်သွားခဲ့လေသည်။

သူ ထွက်သွားသည်ကို ကြည့်ရင်း ဝူလျန်က နှာခေါင်းရှုံ့လျက် ညွှန်ကြားလိုက်လေ၏။

"သူမကို အမျိုးသမီး စစ်သည်တွေရဲ့ စခန်းကို ခေါ်သွားပြီး သန့်ရှင်းရေး လုပ်ပေးလိုက်ပါ... ပြီးမှ ပရော် ဖက်ဆာရွှယ်ရဲ့ ရုံးခန်းကို ပို့ပေးလိုက်ကြစို့..."

စစ်သည်များက အလေးပြုလျက်၊

"ဟုတ်ကဲ့ပါ ကပ္ပတိန်..."

ထိုသူတို့၏ စကားကို ကြားသောအခါ အမျိုးသမီး၏ မျက်ဝန်းများမှာ ပြူးကျယ်သွားလေသည်။ ဝူလျန် ထွက်သွားရန် ပြင်နေသည်ကို မြင်သောအခါ သူမသည် သူမ၏ ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်ကို ရှေ့သို့ တိုးလျက် ကြောက်ရွံ့သော အသံဖြင့် လှမ်းခေါ်လိုက်၏။

"နေဦး... ရှင်တို့ ကျွန်မကို ဘာလုပ်ကြမလို့လဲ..."

ဝူလျန်က ခြေလှမ်းများကို ရပ်လိုက်ပြီး သူမကို လှည့်ကြည့်ကာ ပြုံးပြလိုက်၏။

"မိန်းကလေး... ကျွန်တော်တို့ မေးခွန်း အနည်းငယ်ကို ဖြေပေးဖို့အတွက် မင်းရဲ့ ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်ရုံတင်ပါ..."

အမျိုးသမီးသည် ဝူလျန်၏ ပြုံးနေသော မျက်နှာကို စိုက်ကြည့်နေမိပြီး သူမ၏ ကျောရိုးထဲအထိ စိမ့် တက်သွားသလို ခံစားလိုက်ရ၏။ ဝူလျန် ထွက်ခွာသွားသောအခါမှ သူမသည် သူမ၏ စွမ်းအားကို ထုတ် ဖော်ပြသမိခြင်းမှာ ကြီးမားသော အမှားတစ်ခု ဖြစ်ခဲ့ကြောင်း စတင်သတိဝင်လာတော့လေသည်။

All Chapters