← Chapters

အခန်း ၃၁၄

Vol. 32 Ch. 314

အခန်း ၃၁၄

Vol. 32 Ch. 314

အခန်း (၃၁၄) လက်မှုပညာရှင်များ ရောက်ရှိလာခြင်း

နေ့လယ်စာ စားပြီးနောက်။

ကျောက်လင်က အာကာသတဲထဲ၌ နောက်ထပ် မွန်းလွဲပိုင်းတစ်ပိုင်းလုံး ဆက်လက် အချိန်ဖြုန်းနေရန် မူလက ရည်ရွယ်ထားခဲ့၏။

သို့သော် တဲအမိုးကြီးဆီမှနေ၍ ကျောက်လင်က အဝေးသို့ မော့ကြည့်လိုက်သောအခါ မင်ချွမ်မြို့ဘက်မှ မြင်းလှည်းငါးစီး ဦးတည်လာနေသည်ကို မြင်လိုက်ရသည်။ ထိုအထဲမှ မြင်းလှည်းနှစ်စီး၏ တံခါးခန်းဆီးများကို ဖွင့်ထားပြီး ရင်းနှီးနေသော ပုံရိပ်နှစ်ခုက အတွင်း၌ ထိုင်နေကြ၏။

လက်မှုပညာရှင် ခေါင်းဆောင်နှစ်ဦးဖြစ်သော လွီမုချိုးနှင့် ချန်ရှင်းဝမ်တို့ ရောက်လာကြခြင်း ဖြစ်သည်။

ယွီရွှေခရိုင်ရှိ လင်ယွန်းစံအိမ်ကို ၎င်းတို့နှစ်ဦးက ကျောက်လင်၏ ကြီးကြပ်မှုအောက်တွင် ပြန်လည်မွမ်းမံ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ အားလုံး ပြီးစီးသွားခဲ့ပြီ ဖြစ်၏။

လင်ယွန်းစံအိမ်ကိုသာ ကောင်းမွန်စွာ တည်ဆောက်ပြီးစီးပါက ထင်းရှူးနက်ကျေးရွာသို့ လာရောက်လည်ပတ်ကာ ခေတ်သစ် အဆောက်အအုံများကို လေ့လာခွင့်ပေးမည်ဟု ထိုစဉ်ကတည်းက ကျောက်လင်က သူတို့နှစ်ဦးအား ကတိပေးထားခဲ့သည်။

ယခုအခါ ထိုလက်မှုပညာရှင် ခေါင်းဆောင်နှစ်ဦးက ကတိအတိုင်း ရောက်ရှိလာကြပြီဖြစ်၏။

ထို့ကြောင့် ကျောက်လင်က တဲအမိုးကြီး၏ အောက်ဘက်အစွန်း၊ ဘိလပ်မြေလမ်း၏ အဆုံးမှတ်နေရာ၌ ရပ်ကာ ပြုံးရွှင်စွာဖြင့် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်သည်။

လွီမုချိုးနှင့် ချန်ရှင်းဝမ်တို့၏ မြင်းလှည်းနှစ်စီးက ယှဉ်လျက် သွားနေကြ၏။

"လက်သမားချန်... အဲ့ဒီကျောက်တုံးခုံးတံတားကနေ စလာတဲ့ ဒီလမ်းမျက်နှာပြင်က တကယ့်ကို အံ့သြစရာကောင်းလောက်အောင် ပြန့်ကျူးနေတာပဲ... ဒီအဘိုးကြီးကတော့ အဲ့တာမျိုးကို တစ်ခါမှ မကြားဖူး မမြင်ဖူးခဲ့တာ အမှန်ပဲ..."

ထိုအခိုက်တွင် လွီမုချိုးက သက်ပြင်းချကာ ရေရွတ်လိုက်၏။

"သခင်လေးကျောက် အရင်တစ်ခေါက်က ဆွဲပြခဲ့တဲ့ ခေတ်သစ် အဆောက်အအုံ ပုံကြမ်းနဲ့ ပတ်သက်ပြီးတော့ ဒီအဘိုးကြီးက တကယ့်ကို သံသယဝင်နေခဲ့တာ... အဲ့တာကို ဘယ်လိုလုပ် တည်ဆောက်နိုင်မှာလဲလို့ပေါ့..."

"အခု ဒီဘိလပ်မြေလမ်းဆိုတာကို မြင်လိုက်ရမှပဲ ဘာဖြစ်နေတာလဲဆိုတာကို ဒီအဘိုးကြီး သဘောပေါက်သွားတော့တယ်... ဒီလောက် မာကျောတဲ့ ပစ္စည်းမျိုးကို သုံးနိုင်လို့သာ သခင်လေးကျောက်က အဲ့ဒီလို အထပ်မြင့် အဆောက်အအုံတွေကို တည်ဆောက်နိုင်တာကိုး..."

ချန်ရှင်းဝမ်ကလည်း ဘိလပ်မြေလမ်းကို စူးစိုက်ကြည့်နေပြီး သူ၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။

လက်မှုပညာရှင်များ ဖြစ်ကြသည်နှင့်အညီ သူတို့နှစ်ဦးစလုံးက ဘဝတစ်လျှောက်လုံး အဆောက်အအုံသုံး ပစ္စည်းများနှင့်သာ အလုပ်လုပ်ခဲ့ကြပြီး အမျိုးမျိုးသော ဗိသုကာလက်ရာများကို လေ့လာခဲ့ကြသူများ ဖြစ်၏။

အရင်တစ်ခေါက်က ကျောက်လင် ရေးဆွဲပြခဲ့သော ခေတ်သစ်အိမ်ရာ ပုံကြမ်းကို မြင်ပြီးကတည်းက ဤလက်မှုပညာရှင် ခေါင်းဆောင်နှစ်ဦးမှာ ထိုဗိသုကာပညာရပ်ကို သင်ယူချင်စိတ်များ တဖွားဖွား ပေါ်ပေါက်နေခဲ့ကြသည်။ ထို့ကြောင့် လင်ယွန်းစံအိမ်ကို ပြန်လည်မွမ်းမံပြီးစီးသည်နှင့် တစ်ပြိုင်နက် သူတို့နှစ်ဦးက ထင်းရှူးနက်ကျေးရွာသို့ ချက်ချင်း ပြေးလာခဲ့ကြခြင်း ဖြစ်၏။

"အိုး... ရှေ့က တဲအမိုးကြီးအောက်မှာ ရပ်နေတဲ့သူက သခင်လေးကျောက် မဟုတ်လား..."

ထိုအချိန်တွင် လွီမုချိုးကလည်း ကျောက်လင်၏ ပုံရိပ်ကို မြင်လိုက်ရသည်။

"သူပဲ... တကယ်သူပဲ..."

"သခင်လေးကျောက်က အရမ်းသဘောကောင်းတာပဲ... ငါတို့နှစ်ယောက်ကိုတောင် ကိုယ်တိုင်ကိုယ်ကျ လာကြိုနေသေးတယ်..."

ချန်ရှင်းဝမ်ကလည်း အလွန်တရာ ကျေနပ်အားရစွာဖြင့် ပြောလိုက်၏။

သိပ်မကြာမီမှာပင် မြင်းလှည်းငါးစီးက တဲအမိုးကြီးအောက်ရှိ ကွင်းပြင်၌ ရပ်တန့်သွားသည်။

မြင်းလှည်းငါးစီးပေါ်မှ လက်မှုပညာရှင် နှစ်ဆယ်ခန့် တန်းစီကာ ဆင်းလာကြ၏။

လွီမုချိုးနှင့် ချန်ရှင်းဝမ်တို့ လက်မှုပညာရှင် ခေါင်းဆောင်နှစ်ဦးက ခေတ်သစ် ဗိသုကာပညာရပ်ကို လေ့လာသင်ယူနိုင်ရန် ၎င်းတို့၏ အတော်ဆုံး တပည့်များကိုပါ ထင်းရှူးနက်ကျေးရွာသို့ ခေါ်ဆောင်လာခဲ့ကြခြင်းဖြစ်သည်။

"သခင်လေးကျောက်... ကျွန်တော်တို့ လာအနှောင့်အယှက်ပေးမိပြီ..."

"သခင်လေးကျောက်ရဲ့ ပိုင်နက်က တကယ့်ကို တစ်မူထူးခြားပြီး ဆန်းသစ်လွန်းလှတယ်... ဒီအဘိုးကြီးတော့ တကယ်ကို မျက်စိပွင့်သွားရပြီ..."

လွီမုချိုးနှင့် ချန်ရှင်းဝမ်တို့ လက်မှုပညာရှင် ခေါင်းဆောင်နှစ်ဦးက ကျောက်လင်၏ အနီးသို့ လျှောက်လာကြပြီးနောက် စိတ်အားထက်သန်စွာဖြင့် စတင်စကားပြောလိုက်ကြ၏။

"ထင်းရှူးနက်ကျေးရွာကို လာရောက်လည်ပတ်တဲ့ ခေါင်းဆောင်ကြီးတို့ကို ကြိုဆိုပါတယ်..."

"ခေါင်းဆောင်ကြီးတို့ ထင်းရှူးနက်ကျေးရွာကို လာရတဲ့ ရည်ရွယ်ချက်ကိုလည်း ကျွန်တော် သိပါတယ်... ဒီနေ့တော့ ကျွန်တော် ကိုယ်တိုင်ပဲ ခေါင်းဆောင်ကြီးတို့ကို အလုပ်ရုံအသီးသီးဆီ လိုက်ပြပေးပြီး မတူညီတဲ့ ခေတ်သစ် အဆောက်အအုံ ဖွဲ့စည်းပုံတွေကို ပြသပေးပါ့မယ်..."

ကျောက်လင်ကလည်း ပြုံးရွှင်စွာဖြင့် လက်သီးဆုပ်ကာ ပြောလိုက်သည်။

"ဒါဆိုရင် အရမ်းကောင်းတာပေါ့..."

လွီမုချိုးနှင့် ချန်ရှင်းဝမ်တို့ကလည်း အလွန်ဝမ်းသာအားရဖြင့် လက်သီးဆုပ်ကာ ပြန်လည်နှုတ်ဆက်လိုက်ကြ၏။

ထိုအချိန်တွင် ရှန်ချန်းရွှယ်ကလည်း ကျောက်လင်၏ အနားသို့ ရောက်လာသည်။

အိမ်ရှင်မကြီးတစ်ဦးအနေဖြင့် ရှန်ချန်းရွှယ်သည် နေ့စဉ်နှင့်အမျှ ကုန်သည်များစွာကို ဧည့်ခံရပြီး လူများစွာနှင့် စီးပွားရေးလုပ်ငန်းများ ဆွေးနွေးရသည်။

ကျောက်လင် ကိုယ်တိုင်ကိုယ်ကျ ဧည့်ခံနေရသော ဤလက်မှုပညာရှင်အုပ်စုမှာ သာမန်လူများ မဟုတ်နိုင်ကြောင်း ရှန်ချန်းရွှယ်က သဘောပေါက်သွားသဖြင့် မိတ်ဆက်ရန် လျှောက်လာခဲ့ခြင်း ဖြစ်၏။

"လူကြီးမင်းတို့... သူက ကျွန်တော့်ရဲ့ ဇနီး ရှန်ချန်းရွှယ်ပါ... ကျွန်တော့် ပိုင်နက်ထဲက ကိစ္စအဝဝ အားလုံးကို အခု သူမကပဲ တာဝန်ယူ စီမံခန့်ခွဲနေတာပါ..."

"နောင်တစ်ချိန် ကျွန်တော်တို့ကြားက စီးပွားရေးလုပ်ငန်း ကိစ္စရပ်တွေအတွက် သူမနဲ့ တိုက်ရိုက် ဆက်သွယ် ဆွေးနွေးလို့ ရပါတယ်..."

ကျောက်လင်က စတင် မိတ်ဆက်ပေးလိုက်သည်။

ရှန်ချန်းရွှယ်ကလည်း ချက်ချင်းပင် မိမိကိုယ်ကိုယ် မိတ်ဆက်လိုက်၏။

"သခင်မကျောက်... ကျေးဇူးပြုပြီး ကျွန်တော်တို့ကို စောင့်ရှောက်ပေးပါဦး..."

လွီမုချိုးနှင့် ချန်ရှင်းဝမ်တို့ နှစ်ဦးကလည်း ယဉ်ကျေးစွာဖြင့် နှုတ်ခွန်းဆက် စကားပြောလိုက်ကြသည်။

"ချန်းရွှယ်... မင်းသွားပြီး ဟော့ပေါ့ နှစ်ဝိုင်းလောက် ပြင်ဆင်ထားလိုက်ပါ..."

"ဒီလက်မှုပညာရှင်တွေကို အလုပ်ရုံအသီးသီး လိုက်ပြပြီးရင် အတူတူ ဟော့ပေါ့စားရင်း အတွေ့အကြုံတွေ ဖလှယ်ဖို့ ငါ သူတို့ကို ပြန်ခေါ်လာခဲ့မယ်..."

ကျောက်လင်က ပြုံးရွှင်စွာဖြင့် ပြောလိုက်၏။

ရှန်ချန်းရွှယ်က ချက်ချင်းပင် နားလည်သွားသည်။

ကျောက်လင်၏ ရည်ရွယ်ချက်မှာ ဤလက်မှုပညာရှင်များ၏ ကျယ်ပြန့်သော အဆက်အသွယ်များကို အသုံးချပြီး ဟော့ပေါ့လုပ်ငန်းကို တိုးချဲ့ဖြန့်ကျက်ရန်မှလွဲ၍ အခြားမရှိပေ။

ထိုမျှများပြားသော ဒုက္ခသည်များကို ကျောက်လင် ဝယ်ယူခဲ့ခြင်းမှာ ဟော့ပေါ့ကွင်းဆက်လုပ်ငန်း ဟူသော စီးပွားရေးလုပ်ငန်းပုံစံသစ်တစ်ခုကို စတင်ရန်ဖြစ်ကြောင်း ရှန်ချန်းရွှယ် သိထားပြီး ဖြစ်၏။

ထိုသို့ပြုလုပ်ရန်အတွက် ကျောက်လင်က သူ၏ ဇနီးသုံးဦးဖြစ်သော ယန်ရွှမ်ရွှမ်၊ လိန်ဝမ်ဝမ်နှင့် ကုမုမုတို့ကို ဟော့ပေါ့ကွင်းဆက်လုပ်ငန်းအတွက် ပြင်ဆင်သည့်အနေဖြင့် ငရုတ်သီး၊ နာနတ်ပွင့်စသည့် ဟင်းခတ်အမွှေးအကြိုင်များကို အများအပြား စိုက်ပျိုးစေခဲ့သည်။

ထို့ပြင် ယွီရွှေခရိုင်၌ တည်ဆောက်ထားသော ဈေးလမ်းရှိ အထင်ရှားဆုံး ဆိုင်ခန်းများတွင် သူပိုင် ဟော့ပေါ့အမှတ်တံဆိပ်ကို တည်ထောင်ပြီး ၎င်း၏ ဟော့ပေါ့ကွင်းဆက်လုပ်ငန်းကို မြှင့်တင်သွားမည် ဖြစ်၏။

"ကောင်းပါပြီ... ကျွန်မ အခုပဲ သွားစီစဉ်လိုက်ပါ့မယ်..."

ရှန်ချန်းရွှယ်က ပြုံး၍ ပြောလိုက်သည်။

ထို့နောက် ကျောက်လင်က သူ၏ မြင်းရိုင်းကို ခေါ်ကာ ချက်ချင်း ခွစီးလိုက်ပြီး ရှေ့မှနေ၍ လမ်းပြထွက်ခွာသွား၏။

လက်မှုပညာရှင်များကလည်း မြင်းလှည်းများပေါ်သို့ ထပ်မံ တက်လိုက်ကြသည်။

ထင်းရှူးနက်တောင်မှ စတင်၍ အသစ်စက်စက် ဘိလပ်မြေလမ်း တစ်လမ်းကို ခင်းကျင်းထားသည်။

အကျယ် ခုနစ်မီတာခန့်ရှိသော ဤဘိလပ်မြေလမ်းကို တစ်ဝက်သာ အရင်ခင်းထားပြီး ကျန်တစ်ဝက်ကိုမူ လူသွားလာရန်အတွက် ချန်လှပ်ထား၏။

ထို့ကြောင့် ကျောက်လင်က ရှေ့မှ လမ်းပြပြီး အနောက်မှ မြင်းလှည်းငါးစီး လိုက်ပါလာရာတွင် လုံးလုံးလျားလျား မခဲသေးသော ဘိလပ်မြေလမ်းပေါ်မှ မသွားဘဲ ချန်လှပ်ထားသော မြေသားလမ်းပေါ်မှသာ သွားခဲ့ကြသည်။

"လူကြီးမင်းတို့... ဒါကတော့ အဂ္ဂိရတ်ပညာရပ်ကနေ ထွက်ပေါ်လာတဲ့ ထုတ်ကုန်တစ်မျိုးဖြစ်တဲ့ ဘိလပ်မြေပဲ..."

"နောက်ဆိုရင် ကျွန်တော့်ရဲ့ ပိုင်နက်ထဲမှာ ဘိလပ်မြေ အလုပ်ရုံတချို့ကိုလည်း တည်ဆောက်သွားဦးမှာပါ... အားလုံးပဲ ခေတ်သစ် အဆောက်အအုံတွေ တည်ဆောက်ချင်ရင် ဒီလိုဘိလပ်မြေမျိုးကို အသုံးပြုနိုင်ပါတယ်..."

ရှေ့မှ လမ်းပြနေသော ကျောက်လင်က မြင်းလှည်းပေါ်ရှိ လက်မှုပညာရှင်များမှာ ဘိလပ်မြေလမ်းမျက်နှာပြင်ကို စူးစိုက်ကြည့်နေကြသည်ကို မြင်သောအခါ သူက ကိုယ်တိုင် စတင်ရှင်းပြလိုက်၏။

"သခင်လေး... အဲ့ဒါဆိုရင် အရင်တစ်ခေါက်က ဆွဲပြခဲ့တဲ့ အဆောက်အအုံ ပုံကြမ်းကရော ဒီဘိလပ်မြေကို သုံးပြီး တည်ဆောက်ရမှာလား..."

ထိုအခိုက်တွင် လွီမုချိုးက ဝင်ရောက်မေးမြန်းလိုက်သည်။

"ဟုတ်တယ်... အဓိက အဆောက်အအုံတစ်ခုလုံးကို ဘိလပ်မြေနဲ့ တည်ဆောက်ပြီး အပြင်ဘက် အလှဆင်တဲ့ အပိုင်းကိုတော့ ကြွေပြားတွေ သုံးရမှာ..."

"အခုလောလောဆယ် အားလုံး အလောတကြီး လုပ်စရာ မလိုသေးပါဘူး... အရင်ဆုံး ဘိလပ်မြေနဲ့ တည်ဆောက်ထားတဲ့ အလုပ်ရုံအသီးသီးကို ကျွန်တော် လိုက်ပြပေးပါ့မယ်... အားလုံး သေချာနားလည်သဘောပေါက်သွားတဲ့အခါ ခေတ်သစ် ဗိသုကာပညာရပ်နဲ့ ပတ်သက်တဲ့ စာအုပ်တစ်အုပ်ကို ကျွန်တော် ပေးမယ်... အဲ့ဒီအခါကျရင် ဘိလပ်မြေနဲ့ အိမ်ဘယ်လိုဆောက်ရမလဲဆိုတာကို အားလုံး သိသွားပါလိမ့်မယ်..."

လက်မှုပညာရှင်များ၏ စိတ်အားထက်သန်စွာ သင်ယူချင်နေသော မျက်လုံးများကို မြင်သောအခါ ကျောက်လင်က စတင်ပြောလိုက်၏။

ထိုအခါ လူအုပ်ကြီးထံမှ ရယ်မောသံများ ရုတ်တရက် ထွက်ပေါ်လာသည်။

သိပ်မကြာမီမှာပင် လူအုပ်ကြီးက ဝိညာဉ်ဆေးပင် ဥယျာဉ်ရှိရာသို့ ရောက်လာကြ၏။

မူတစ်ရာကျော် ကျယ်ဝန်းသော ဤဝိညာဉ်ဆေးပင် ဥယျာဉ်ကို မြင်လိုက်ရသောအခါ လက်မှုပညာရှင်များမှာ ခဏတာမျှ အံ့ဩသွားကြသော်လည်း များစွာ စိတ်ဝင်စားမှု မရှိလှပေ။

သူတို့က ခေတ်သစ် အဆောက်အအုံများကိုသာ စိတ်ဝင်စားကြခြင်းဖြစ်သည်။

အချိန်အနည်းငယ် အကြာတွင် လူအုပ်ကြီးက ဝိညာဉ်ဆေးပင် ဥယျာဉ်ဘေးရှိ လက်ဝတ်ရတနာအလုပ်ရုံရှေ့သို့ ရောက်လာကြ၏။

ကျောက်လင် စတင် မိတ်ဆက်မပေးရသေးမီမှာပင် လွီမုချိုးနှင့် ချန်ရှင်းဝမ်တို့ လက်မှုပညာရှင် ခေါင်းဆောင်နှစ်ဦးက မြင်းလှည်းပေါ်မှ ခုန်ဆင်းကာ လက်ဝတ်ရတနာအလုပ်ရုံ၏ တံခါးပေါက်ဆီသို့ ပြေးသွားကြပြီး ထိုသတ္တုစပ်တံခါးကြီးကို လက်နှစ်ဖက်ဖြင့် ပွတ်သပ်လိုက်ကြသည်။

"ဝိုး..."

"ဒီတံခါးက တကယ့်ကို ဘာပစ္စည်းနဲ့ လုပ်ထားတာလဲ..."

"ဒီတံခါးရဲ့ လက်ရာက အရမ်းကို ထူးခြားဆန်းသစ်နေတာပဲ... ဒီလိုဒီဇိုင်းမျိုးကလည်း တကယ့်ကို အံ့သြစရာကောင်းလွန်းတယ်..."

လက်မှုပညာရှင် အားလုံးကလည်း ဝိုင်းအုံပြေးသွားကြပြီး သတ္တုစပ်တံခါးကြီးကို ပွတ်သပ်ကာ တအံ့တသြ ရေရွတ်လိုက်ကြ၏။

သတ္တုစပ်တံခါးကြီးများမှာ အမှန်တကယ်ပင် တစ်ခါမှ မကြားဖူးသော အရာများဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ဤကမ္ဘာလောကရှိ တံခါးအများစုကို သစ်သားဖြင့်သာ ပြုလုပ်ထားကြခြင်းဖြစ်၏။

သံတံခါးများ တပ်ဆင်ထားသော အိမ်များဆိုသည်မှာလည်း အာဏာရှိသော မှူးမတ်များနှင့် သူဌေးသူကြွယ်များ၏ စံအိမ်များသာ ဖြစ်ကြသည်။

ထို့နောက်တွင် လက်မှုပညာရှင်များက ကျောက်သားထဲတွင် မြှုပ်နှံထားသော ဧရာမကြမ်းပြင်မှ မျက်နှာကြက်ထိ အကျယ်ရှိသည့် ပြတင်းပေါက်များကို မြင်လိုက်ကြရ၏။

ဤအရာက ဘာပါလိမ့်။

"ဒီလောက် ကြည်လင်နေတဲ့မှန်တွေကို ဘယ်လိုများ ပြုလုပ်ထားတာလဲ..."

"ဒီကျောက်တောင်ကြီးကို အလုပ်ရုံအဖြစ် အသုံးပြုဖို့ အခေါင်းပေါက်ဖြစ်အောင် တူးဆွထားတဲ့ သခင်လေးကျောက်ရဲ့ ကျွမ်းကျင်မှုက တကယ့်ကို အံ့မခန်းပါပဲ... ဒီလို ထူးခြားဆန်းသစ်တဲ့ စိတ်ကူးစိတ်သန်းတွေက အရမ်း ချီးကျူးစရာကောင်းလွန်းတယ်..."

လက်မှုပညာရှင်များက ထပ်မံ၍ အလွန်အကျွံ ချီးကျူးစကားများ ဆိုလိုက်ကြပြန်သည်။

All Chapters