အခန်း ၃၁၇
Vol. 32 Ch. 317
အခန်း (၃၁၇) ချီလျန်တောင်တန်း၏ လျှို့ဝှက်ချက်
ကျောက်လင်က မြင်းလှည်းငါးစီး ထွက်ခွာသွားသည်ကို ကြည့်နေလိုက်၏။
ကျောက်လင်သည် ထန်ရှန်းလမ်း ပြုပြင်မွမ်းမံရေး စီမံကိန်းနှင့်ပတ်သက်၍ ကန်ထရိုက်တာများနှင့် သဘောတူညီမှု ရယူထားပြီးဖြစ်၏။ ရွှမ်ယွမ်ဇီက ထန်ရှန်းလမ်း၏ မြေပိုင်ဆိုင်ခွင့်စာချုပ်များကို လုပ်ဆောင်ပြီးစီးသည်နှင့်တပြိုင်နက် ကန်ထရိုက်တာများက လမ်းပေါ်ရှိ ဆိုင်ဟောင်းများအားလုံးကို ဖြိုဖျက်ရှင်းလင်းရန် လူလွှတ်ပေးမည် ဖြစ်သည်။
ရှန်ချန်းရွှယ်က ကျောက်လင်၏ အနားသို့ လျှောက်လာခဲ့၏။
"ခင်ပွန်း... ရှင်က ဟော့ပေါ့စက်ရုံနဲ့ ကိုလာစက်ရုံကို တကယ် ဖွင့်တော့မလို့လား..."
"ရှင်က အဲ့ဒီနည်းပညာတွေကို တတ်လို့လား..."
ရှန်ချန်းရွှယ်က အနည်းငယ် စိုးရိမ်တကြီးဖြင့် မေးလိုက်၏။
ကျောက်လင်သည် ကတိပေးထားပြီးဖြစ်ရာ အကယ်၍ နောင်တစ်ချိန်တွင် ဟော့ပေါ့အနှစ်နှင့် ကိုလာကို မထုတ်လုပ်နိုင်ပါက အလွန်မျက်နှာပျက်စရာ ဖြစ်လာပေလိမ့်မည်။
"ဇနီးရယ်... မပူပါနဲ့... ကိုယ်က ဟော့ပေါ့နဲ့ ကိုလာထုတ်ဖို့ ဆုံးဖြတ်ပြီးမှတော့ လိုအပ်တဲ့ ပြင်ဆင်မှုတွေကို သဘာဝကျကျ လုပ်ထားပြီးသားပေါ့..."
"မကြာခင်မှာ ကိုယ်တို့ပိုင်နက်ထဲက တောင်တစ်တောင်ကို ရွေးပြီး ကိုကာကိုလာစက်ရုံကို တည်ဆောက်တော့မှာ..."
ကျောက်လင်က ရှန်ချန်းရွှယ်၏ ပခုံးကို ပုတ်ကာ တည်ငြိမ်စွာ ပြောလိုက်၏။
ဤစကားများကို ကြားပြီးနောက် ရှန်ချန်းရွှယ်မှာ ဆက်လက် စိုးရိမ်မနေတော့ဘဲ ကျောက်လင်၏ စကားများကို အပြည့်အဝ ယုံကြည်သွားပေသည်။
ကျောက်လင်က စကားအနည်းငယ် ထပ်ပြောပြီးနောက် အမှတ်(၃)ဂူဆီသို့ ပျံသန်းသွားလေ၏။
"နောက်ထပ် လန်အာက ဝိညာဉ်သားရဲ ဆေးလုံးကို ဖော်စပ်ဖို့ လိုအပ်တယ်... ပြီးတော့ သူ့ရဲ့ ဆေးဖော်စပ်နည်းအတွက် ဆေးဖက်ဝင်အပင်တွေကို ငါ ပြင်ဆင်ပေးရမယ်..."
ကျောက်လင်က ခပ်အေးအေးပင် ပြောလိုက်၏။
ချက်ချင်းပင် ကျောက်လင်၏ စိတ်အာရုံက စနစ်ဈေးဆိုင်ဆီသို့ အာရုံရောက်သွားလေသည်။
[သားရဲဝိညာဉ်မြက်ပင် - စနစ်အမှတ် ၃၅၀,၀၀၀]
အပင်တစ်ရာ ဝယ်မည်။
[နဂါးသွေးနွယ်ပင် - စနစ်အမှတ် ၈၀၀,၀၀၀]
၁၀၀ ဝယ်မည်။
[လင်းရှီးပန်း - စနစ်အမှတ် ၁၅၀,၀၀၀]
တစ်ထောင် ဝယ်မည်။
[ရေခဲနှလုံးသားမြက်မြစ် - စနစ်အမှတ် ၃၀,၀၀၀]
၁၀,၀၀၀ ဝယ်မည်။
[အသူရာနှင်းရည် - စနစ်အမှတ် ၈၀,၀၀၀]
ပုလင်း ၁၀၀ ဝယ်မည်။
သူသည် တစ်ခါတည်းနှင့် စနစ်အမှတ် ၅၇၃,၀၀၀,၀၀၀ ကို သုံးစွဲလိုက်၏။
စနစ်အမှတ် - ၁၃,၈၃၁,၅၉၈,၀၀၀
ဝိညာဉ်သားရဲ ဆေးလုံးအတွက် ကုန်ကြမ်းအားလုံးကို ဝယ်ယူပြီးနောက် ကျောက်လင်သည် ၎င်းတို့ကို ချက်ချင်း ထုတ်ယူကာ ဂူအခန်းထဲတွင် ထားလိုက်၏။
ထို့နောက် ကျောက်လင်က ဂူထဲမှထွက်ကာ အနီးအနားရှိ အာကာသတဲ ပလက်ဖောင်းဆီသို့ သွားခဲ့ပြီး ချင်းလန်အာကို ရှာတွေ့ခဲ့သည်။
"လန်အာ... ကိုယ့်သူငယ်ချင်းက ဝိညာဉ်သားရဲ ဆေးလုံးအတွက် ကုန်ကြမ်းတွေ ပို့ပေးလိုက်ပြီ... အဲ့ဒါတွေအားလုံးကို ဂူအခန်းထဲမှာ သိမ်းထားတယ်..."
"ဒီနေ့ကစပြီး မင်းက ကိုယ့်အတွက် ဝိညာဉ်သားရဲ ဆေးလုံးတွေကို ဖော်စပ်ပေးရမယ်..."
"နောင်တစ်ချိန်ကျရင် ကိုယ်တို့ပိုင်နက်ထဲမှာ လုပ်ငန်းတွေ အများကြီးရှိလာမှာမလို့ သူတို့ကို ကာကွယ်ဖို့ ဝိညာဉ်သားရဲတချို့ လိုအပ်လိမ့်မယ်..."
"ဒါကြောင့် လန်အာ... မင်းမှာ ကြီးမားတဲ့ တာဝန်ရှိတယ်..."
ကျောက်လင်က ချင်းလန်အာကို မျှော်လင့်တကြီး မျက်လုံးများဖြင့်ကြည့်ကာ ပြုံး၍ ပြောလိုက်၏။
ချင်းလန်အာသည် ထိုစကားကို ကြားသောအခါ အလွန် ဝမ်းသာသွားလေသည်။
သူမသည် အချိန်အတော်ကြာသည်အထိ လမြန်ရေစင်ကိုသာ ဖော်စပ်နေရသဖြင့် အတော်လေး ငြီးငွေ့နေပြီ ဖြစ်၏။
နေ့လယ်စာစားချိန်တွင် ကျောက်လင်က ဆေးလုံးအသစ်တစ်ခုကို ဖော်စပ်ရမည်ဟု ပြောခဲ့ပြီး ၎င်းမှာ အလွန်အရေးကြီးသော ဝိညာဉ်သားရဲ ဆေးလုံးဖြစ်ကြောင်း သိလိုက်ရသဖြင့် ချင်းလန်အာမှာ အတော်လေး စိတ်လှုပ်ရှားသွားပေသည်။
ကျောက်လင်၏ လုပ်ဆောင်နိုင်စွမ်းမှာ မယုံနိုင်စရာပင် ကောင်းလှ၏။ ဆေးဖော်စပ်မည်ဟု ပြောပြီးသည်နှင့် ကုန်ကြမ်းအားလုံးကို လျင်မြန်စွာ ပြင်ဆင်ပေးခဲ့သည်။
"ခင်ပွန်း.. ကျွန်မ အခုချက်ချင်း ဆေးဖော်စပ်လိုက်ပါ့မယ်..."
ချင်းလန်အာက စိတ်လှုပ်ရှားစွာ ပြန်ဖြေလိုက်ပြီးနောက် အမှတ်(၃)ဂူထဲသို့ လှည့်ပြေးသွားလေ၏။
ကျောက်လင်သည် သူကိုယ်တိုင် လုပ်စရာမရှိတော့သကဲ့သို့ ခံစားလိုက်ရသည်။
သူလုပ်နိုင်သည်မှာ ဇနီးများကို ခေါ်၍ ဆက်လက် ပျော်ပါးနေရန်သာ ရှိတော့၏။
သို့သော် ကျောက်လင်က သူ၏ ဇနီးများကို ခေါ်ရန် ပြင်လိုက်ချိန်တွင် သူ၏ စိတ်အာရုံက ကံကြမ္မာနတ်ဘုရားအဆင့်စာရင်းနှင့် ချိတ်ဆက်သွားပြီး ကြွက်လေး၏ မြင်ကွင်းကို မျှဝေခံစားလိုက်ရသည်။
ထိုအခိုက်တွင် ကြွက်လေးသည် အလွန် ကျယ်ဝန်းသော တောင်တန်းဒေသဆီသို့ ပြေးသွားနေခြင်းဖြစ်၏။
သေချာကြည့်လိုက်သောအခါ ကျောက်လင်သည် ဤနေရာမှာ ချီလျန်တောင်တန်း ဖြစ်ကြောင်း သဘောပေါက်သွားလေသည်။
ယခင်က မဟာလီမင်းဆက်မှ တပ်ပျက်စစ်သားတစ်စုသည် ထင်းရှူးနက်ကျေးရွာကို တိုက်ခိုက်ခဲ့ဖူးသည်။ ၎င်းတို့သည် ချီလျန်တောင်တွင် ပုန်းအောင်းနေခဲ့သည်ဟု ဆိုကြ၏။ ကျောက်လင်သည် ချီလျန်တောင်သို့ သွားရောက်ရှာဖွေကာ သူတို့ဆီတွင် တန်ဖိုးကြီးသည့်အရာများ ဖွက်ထားခြင်း ရှိမရှိကို သိချင်နေခဲ့ပေသည်။
သို့သော်လည်း ကျောက်လင်သည် အလွန် အလုပ်များနေသဖြင့် ချီလျန်တောင်သို့ သွားရောက်စူးစမ်းရန် အချိန်မရခဲ့ပေ။
ယခုအခါ ကြွက်လေးသည် ချီလျန်တောင်သို့ ရောက်ရှိနေပြီဖြစ်ရာ ကျောက်လင်က ကံကြမ္မာနတ်ဘုရားအဆင့်စာရင်းကို အသုံးပြု၍ ချီလျန်တောင်ရှိ အခြေအနေများကို သေချာစွာ စောင့်ကြည့်လိုခဲ့၏။
ကြွက်လေးက ကြယ်အမြုတေလက်စွပ်ကို ထွေးထုတ်လိုက်ပြီး အရှေ့ခြေလက်များဖြင့် ကိုင်ထားကာ ရတနာများကို ရှာဖွေရန် ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင် လှုပ်ရှားမှုများကို အာရုံခံရန် အသုံးပြုလိုက်သည်။
ကျောက်လင်သည် ၎င်းကို အလွန်ဂရုတစိုက် ကြည့်နေလိုက်၏။
ဆဋ္ဌမအဆင့် ဝိညာဉ်သားရဲအဆင့်သို့ ရောက်ရှိသွားပြီးနောက် ကြွက်လေးသည် တည်နေရာပြောင်းရွှေ့နိုင်သည့် အမြန်နှုန်းကို ရရှိခဲ့ပေသည်။ ၎င်းသည် ချီလျန်တောင်တန်း တစ်ခုလုံးကို လျင်မြန်စွာ ပြေးလွှားသွားခဲ့သော်လည်း ဝိညာဉ်ဆေးပင် တစ်ပင် သို့မဟုတ် ဝိညာဉ်သားရဲ တစ်ကောင်ကိုမျှ မတွေ့ခဲ့ရပေ။
ထိုအခိုက်တွင် ကြွက်လေးက '
ကြယ်အမြုတေလက်စွပ်'ကို ပြန်သိမ်းလိုက်ပြီး ၎င်း၏ အရှေ့ခြေလက်များဖြင့် ခေါင်းကိုဖိကာ ကျောက်တုံးတစ်တုံးပေါ်တွင် ထိုင်ရင်း အလွန် စိုးရိမ်ပူပန်နေပုံ ရသည်။
ကြယ်အမြုတေလက်စွပ်တွင် ဝိညာဉ်စွမ်းအင် လှုပ်ရှားမှုများအပေါ် အခြေခံ၍ ရတနာများကို ရှာဖွေနိုင်သည့် အစွမ်းရှိ၏။ ကျောက်လင်က ၎င်းကို ကြွက်လေးအား ပေးပြီးနောက် ကြွက်လေးသည် ကြယ်အမြုတေလက်စွပ်ကို သယ်ဆောင်ကာ ပတ်ဝန်းကျင်ရှိ တောင်များတွင် မကြာခဏ သွားရောက်ရှာဖွေလေ့ရှိသော်လည်း မည်သည့်အရာကိုမျှ ရှာမတွေ့ခဲ့ပေ။
ထို့ကြောင့်ပင် ကြွက်လေးမှာ စိတ်ဓာတ်ကျနေခြင်းဖြစ်၏။
၎င်းသည် ကျောက်လင်၏ အရှေ့တွင် ကြွားဝါချင်ပြီး သူ၏ ချီးကျူးမှုကို ရယူချင်နေခဲ့သည်။
ကျောက်လင်သည် ချီလျန်တောင်တွင် ကင်းထောက်နေသည့် ကြွက်လေး၏ မြင်ကွင်းအားလုံးကို ပြန်လည်သတိရသွားပြီး ရုတ်တရက် သူ၏ ပေါင်ကို ရိုက်ချလိုက်၏။
"မဖြစ်နိုင်ဘူး... ချီလျန်တောင်ရဲ့ မြင်ကွင်းက နည်းနည်း ထူးဆန်းနေတယ်..."
“ဒီနေရာမှာ ရတနာရှိကိုရှိရမယ်”
ကျောက်လင်က တစ်စုံတစ်ရာကို ပြောလိုက်ပြီးနောက် ချက်ချင်းပင် မောင်းသူမဲ့ယာဉ်ဆီသို့ ပျံသန်းသွားကာ ချီလျန်တောင်ဘက်သို့ လျင်မြန်စွာ မောင်းနှင်သွားလေသည်။
ချီလျန်တောင်တန်းသည် မဟာချင်မင်းဆက်နှင့် နန်ယွဲ့တိုင်းပြည်တို့အကြား နယ်နိမိတ်တောင်တန်းအဖြစ် သတ်မှတ်နိုင်ပေသည်။
တောင်ထွတ်ခုနစ်ခုသည် အလယ်တွင် တောင်ကြားကြီးတစ်ခုပါဝင်သည့် စက်ဝိုင်းပုံသဏ္ဍာန် ဖြစ်ပေါ်နေ၏။
တောင်ကြားတစ်ခုလုံးကို နေရောင်ခြည် လုံးဝမဝင်နိုင်အောင် ပိတ်ဆို့နေသည့် သစ်ကိုင်းများနှင့် သစ်ရွက်များ ရှိသော စိမ်းလန်းသည့် သစ်ပင်များဖြင့် ဖုံးလွှမ်းထားသည်။ မြေပြင်မှ ထွက်ပေါ်လာသော ရေငွေ့များသည် တောင်ကြားအတွင်း၌ မြူခိုးအလွှာတစ်ခုအဖြစ် ဖန်တီးထားပြီး မည်သည့် သက်ရှိသတ္တဝါကမျှ ဤမြူခိုးအလွှာအတွင်းသို့ မဝင်ရဲကြချေ။
ကျောက်လင် ဝယ်ယူထားသော တောင်ပေါင်း နှစ်ထောင်ကျော်ထဲတွင် ဤတောင်ခုနစ်လုံးလည်း ပါဝင်ပေသည်။
မကြာမီတွင် ကျောက်လင်သည် ချီလျန်တောင်တန်း၏ အထက်သို့ ရောက်ရှိလာပြီး မောင်းသူမဲ့ယာဉ်သည် ကြွက်လေး၏ အနီးတွင် ဆင်းသက်သွား၏။
"ဖက်တီး... မင်း စိတ်မပျော်ဘူးလား..."
ကျောက်လင်က မောင်းသူမဲ့ယာဉ်ထဲမှ ထွက်လာကာ ပြုံး၍ လှမ်းခေါ်လိုက်သည်။
ကျွီ...
ကြွက်လေး၏ အသံတွင် မကျေနပ်သည့် လေသံ ပါဝင်နေ၏။
"ဒီတောင်ခုနစ်လုံးမှာ ရတနာ မတွေ့လို့ မင်း ဒေါသထွက်နေတာလား..."
ကျောက်လင်က ပြုံး၍ ထပ်မေးလိုက်သည်။
ကြွက်လေးက ချက်ချင်း ခေါင်းညိတ်ပြလိုက်၏။
"မဟုတ်ဘူး... ဒီတောင်ခုနစ်လုံးမှာ ရတနာတွေ ရှိတယ်..."
ရုတ်တရက် ကျောက်လင်က လေးနက်စွာ ပြောလိုက်သည်။
ကြွက်လေးသည် ချက်ချင်း ခေါင်းကိုမော့ကာ ကျောက်လင်အား သိချင်စိတ်ဖြင့် ကြည့်လိုက်၏။ ၎င်း၏ ကြယ်အမြုတေလက်စွပ်ဖြင့်ပင် ရတနာရှိနေခြင်းကို အာရုံမခံနိုင်ချိန်တွင် ကျောက်လင်က ဤနေရာ၌ ရတနာရှိကြောင်း မည်သို့ ယုံကြည်နေသည်ကို ၎င်း နားမလည်နိုင်သေးပေ။
ကျောက်လင်သည် တိကျသော ရှင်းပြမှုကို မလုပ်ပေးခဲ့ချေ။ ထိုအခိုက်တွင် သူ၏ မျက်လုံးများသည် ချီလျန်တောင်တန်း၏ အလယ်ရှိ တောင်ကြားဆီသို့သာ စူးစိုက်ကြည့်နေခဲ့၏။
ထိုအချိန်မှာပင် ကျောက်လင်၏ စိတ်အာရုံက စနစ်ဈေးဆိုင်ဆီသို့ ရောက်သွားပြီး စကင်ဖတ်ခြင်းလုပ်ဆောင်ချက်ကို အသက်သွင်းလိုက်သည်။
စနစ်ဈေးဆိုင်က ရလဒ်များကို လျင်မြန်စွာ ဖော်ပြပေးလိုက်၏။
[ယင်ဝိညာဉ်မြူခိုး - ဝိညာဉ်စွမ်းအင်များ စုစည်းနေပြီး မပျံ့နှံ့ဘဲ အေးစက်စိုစွတ်သော နေရာတွင် အချိန်ကြာမြင့်စွာ ရှိနေသောအခါ ဝိညာဉ်စွမ်းအင်၊ အအေးဓာတ်နှင့် အစိုဓာတ်တို့ ပေါင်းစပ်ကာ ယင်ဝိညာဉ်မြူခိုးများ ဖြစ်ပေါ်လာသည်။]
စနစ်ဈေးဆိုင်မှ ရလဒ်များကို မြင်ပြီးနောက် ကျောက်လင်သည် ချက်ချင်း သဘောပေါက်သွားလေ၏။
ဤတောင်ကြားထဲတွင် ဝိညာဉ်သွေးကြောများ ရှိနေသည်။
ဝိညာဉ်သွေးကြောများမှ ထွက်ပေါ်လာသော ဝိညာဉ်စွမ်းအင်များသည် တောင်ခုနစ်လုံး၏ အလယ်တွင် ဖြစ်ပေါ်နေသော တောင်ကြား၏ အထူးမြေမျက်နှာသွင်ပြင်ကြောင့် တောင်ကြားထဲမှ မထွက်ပြေးနိုင်ဘဲ ၎င်းတို့ အားလုံး စုစည်းသွားခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်မှာပင် တောင်ကြားထဲ၌ အေးစက်သော အငွေ့အသက်တစ်ခုလည်း ရှိနေပြီး ဝိညာဉ်စွမ်းအင်နှင့် အစိုဓာတ်တို့ ပေါင်းစပ်ကာ ယင်ဝိညာဉ်မြူခိုးအလွှာတစ်ခုကို သဘာဝအလျောက် ဖြစ်ပေါ်စေခဲ့၏။
သက်ရှိသတ္တဝါများ တောင်ကြားထဲသို့ မဝင်ရဲသည်မှာ အံ့သြစရာ မဟုတ်ပေ။ ဤ ယင်ဝိညာဉ်မြူခိုးသည် ကျင့်ကြံသူ၏ ယင်အပေါက်များကို ချိတ်ပိတ်နိုင်ပြီး ၎င်းတို့၏ ရုပ်ခန္ဓာကို ပျက်စီးစေနိုင်သည်။ မည်သူက ဝင်ရဲမည်နည်း။
ထို့အပြင် ဤယင်ဝိညာဉ်မြူခိုးသည် ဓာတ်ကြီးသုံးပါး၏ ပေါင်းစပ်မှုဖြစ်ပြီး သဘာဝအလျောက် စွမ်းအားမျှတမှုကို ရရှိစေကာ ဝိညာဉ်စွမ်းအင် လှုပ်ရှားမှုများ ဖြစ်ပေါ်ခြင်းမှ တားဆီးပေးသည်။ ထို့ကြောင့် ကြွက်လေးတွင် ကြယ်အမြုတေလက်စွပ်ရှိနေလျှင်ပင် ဤနေရာတွင် ရတနာများ ရှိနေကြောင်းကို အာရုံမခံနိုင်ခြင်း ဖြစ်၏။
ကံကောင်းထောက်မစွာဖြင့် ကျောက်လင်က တစ်ခုခု မှားယွင်းနေကြောင်း သတိထားမိပြီး အမြန်လာခဲ့သောကြောင့် နောက်ဆုံးတွင် အမှန်တရားကို ရှာဖွေတွေ့ရှိသွားခဲ့လေသည်။
"ဒီမှာ ဝိညာဉ်သွေးကြောတွေ ရှိနေတယ်ဆိုရင် ချီလျန်တောင်တန်းကို အဆင့်မြင့် ဝိညာဉ်ဆေးပင် ဥယျာဉ်အဖြစ် ဖော်ထုတ်လို့ ရပြီ..."
ရုတ်တရက် ကျောက်လင်က ပြုံး၍ ပြောလိုက်၏။