အခန်း ၁၀၄
Vol. 11 Ch. 104
အခန်း (၁၀၄)
စွမ်းအင်ကန့်သတ်ချက်နှင့် ရေနဂါး၏ အမျက်ဒေါသ
ကောင်းကင်ဘုံလက်မှုအလုပ်ရုံအတွင်း၌ အလုပ်များပြီး စည်ကားနေသော အခြေအနေတစ်ခု လွှမ်းမိုးနေလျက် ရှိလေသည်။
ဖန်းဟန်၏ ကိုယ်တိုင်ကိုယ်ကျ လက်တွေ့သင်ကြားပြသမှုအောက်တွင် သူတို့၏ ကမ္ဘာ့အမြင်များ ပြိုလဲသွားခဲ့ရ သော အိုမင်းသည့် ပန်းပဲဆရာကြီးများသည် တိကျမှုမြင့်မားသော စက်ကိရိယာများ၏ အခြေခံလုပ်ဆောင်ပုံ များကို လျင်မြန်စွာပင် တတ်ကျွမ်းသွားခဲ့ကြလေ၏။
သူတို့သည် လုပ်ငန်းခွင်၏ လျှို့ဝှက်ချက်များကို လျင်မြန်စွာ နားလည်သဘောပေါက်သွားခဲ့ကြပေသည်။
စက်ကိရိယာများဖြင့် ထုတ်လုပ်ထားသော ဂီယာများ၊ ဘောလ်ဘယ်ရင်များနှင့် ဆက်သွယ်ရေးတံများကဲ့သို့သော အဓိကကျသည့် တိကျသော အစိတ်အပိုင်းများ၏ ပထမဆုံးအသုတ်မှာ အဆက်မပြတ် ထွက်ပေါ်လာခဲ့လေ သည်။
ဤအစိတ်အပိုင်းများ၏ တိကျမှုမှာ ဤခေတ်ကာလရှိ မည်သည့် လက်မှုပန်းပဲပညာဖြင့်မဆို ရရှိနိုင်သော ကန့်သတ်ချက်များထက် များစွာ သာလွန်နေခဲ့ချေသည်။
ပန်းပဲဆရာကြီးများသည် ဂီယာနှစ်ခုကို ညင်သာစွာ တွဲဆက်ကြည့်လိုက်သောအခါ ၎င်းတို့မှာ ပြီးပြည့်စုံစွာ ချိတ်ဆက်မိသွားပြီး မည်သည့် လှုပ်ခါမှု သို့မဟုတ် ခုခံမှုမျှမရှိဘဲ ချောမွေ့စွာ လည်ပတ်နေသည်ကို မြင်တွေ့ လိုက်ရသဖြင့် လူတိုင်းမှာ အံ့အားသင့်စွာ ရေရွတ်လိုက်မိကြလေတော့သည်။
"တကယ့်ကို ပြိုင်ဘက်ကင်းတဲ့ လက်ရာပဲ...၊ ဒါက တကယ့်ကို ပြိုင်ဘက်ကင်းတဲ့ လက်ရာကြီးပဲ..."
"အခုလို နတ်ဘုရားဖန်ဆင်းထားတဲ့ ပစ္စည်းမျိုးနဲ့ဆိုရင် ဘယ်လို ကြီးကျယ်တဲ့ ကိစ္စကိုမဆို မလုပ်နိုင်စရာ မရှိတော့ဘူး..."
ဤတိကျမှုမြင့်မားသော အဓိကအစိတ်အပိုင်းများနှင့်အတူ ဖန်းဟန်၏ စက်မှုလုပ်ငန်းစီမံကိန်းမှာ ချက်ချင်းပင် ကြီးမားသော ခြေလှမ်းတစ်ရပ်ကို ရှေ့သို့ လှမ်းတက်နိုင်ခဲ့လေပြီ ဖြစ်သည်။
သူသည် ပုံစံကြမ်းများကို ကိုယ်တိုင်ရေးဆွဲခဲ့ပြီး ဤအစိတ်အပိုင်းများကို အသုံးပြုကာ သူတို့အတွက် အလွန်ပင် ကြီးမားပြီး ရှုပ်ထွေးလှသည်ဟု ထင်ရသော စက်မှုသားရဲ အချို့ကို လျင်မြန်စွာ တပ်ဆင်နိုင်ရန် လက်မှုပညာရှင် များအား လမ်းညွှန်ပြသပေးခဲ့လေ၏။
ရေအားသုံး ပန်းပဲတူနှင့် ရေအားသုံး လေမှုတ်စက်တို့ပင် ဖြစ်ပေသည်။
ရှုပ်ထွေးသော ဂီယာများနှင့် မောင်းတံများပါဝင်သည့် စနစ်တစ်ခုမှတစ်ဆင့် ဧရာမ ရေရဟတ်ကြီးတစ်ခုနှင့် ချိတ် ဆက်ထားသော ကြီးမားသည့် ပန်းပဲတူကြီးမှာ အလိုအလျောက် အတက်အကျဖြစ်ပေါ်ကာ ပန်းပဲထုခြင်းလုပ်ငန်း ကို လုပ်ဆောင်ပေးလေသည်။ ၎င်း၏ စွမ်းအားနှင့် လုပ်ဆောင်နိုင်စွမ်းမှာ ခွန်အားကြီးမားသော အမျိုးသား ဆယ် ဂဏန်းခန့်က အလှည့်ကျ တူထုခြင်းဖြင့် ရရှိနိုင်သော အခြေအနေထက် များစွာ သာလွန်နေခဲ့ချေသည်။
ရေအားသုံး လေမှုတ်စက်မှာ သံရည်ကျိုခြင်းလုပ်ငန်းရှိ ကြီးမားသော ပြဿနာတစ်ရပ်ကို ဖြေရှင်းပေးနိုင်ခဲ့ပေ သည်။ ရေအားဖြင့် မောင်းနှင်ထားသဖြင့် ၎င်းသည် အသစ်တည်ဆောက်ထားသော လေပြင်းဖိုအတွင်းသို့ အား ပြင်းသော လေစီးကြောင်းကို အဆက်မပြတ် မှုတ်သွင်းပေးကာ ဖို၏ အပူချိန်ကို ယခင်က မကြုံစဖူးသော အမြင့် ဆုံးအခြေအနေသို့ လွယ်ကူစွာ ရောက်ရှိသွားစေနိုင်ခဲ့လေသည်။
သံမဏိပင် ဖြစ်ချေသည်။
ကြမ်းတမ်းသော သံကြမ်းများနှင့် အချိန်ကုန် လူပန်းဖြစ်စေသည့် သံမဏိချက်လုပ်ခြင်းမျိုး မဟုတ်ဘဲ အစစ် အမှန်ဖြစ်သော သံမဏိများကို အလုံးအရင်းဖြင့် ထုတ်လုပ်နိုင်ရန် နောက်ဆုံးတွင် ဖြစ်နိုင်လာခဲ့လေပြီ ဖြစ်ပေ သည်။
သို့သော်လည်း မျှော်လင့်ချက်များက ကြီးမားတတ်သော်လည်း လက်တွေ့ဘဝမှာမူ ကြမ်းတမ်းလေ့ရှိပေသည်။
မကြာမီမှာပင် ပြဿနာများက တစ်ခုပြီးတစ်ခု ဆက်တိုက် ပေါ်ပေါက်လာခဲ့လေ၏။
ကီလိုဂရမ် ထောင်ချီလေးလံသော ရေအားသုံး ပန်းပဲတူဖြစ်စေ၊ လေစီးကြောင်းကို အဆက်မပြတ် ထောက်ပံ့ ပေးရန် လိုအပ်သော လေမှုတ်စက်ဖြစ်စေ ၎င်းတို့ကို မောင်းနှင်ရန်အတွက် ကြီးမားပြီး တည်ငြိမ်သော စွမ်းအင် တစ်ခု လိုအပ်လှပေသည်။
ကောင်းကင်ဘုံလက်မှုအလုပ်ရုံကို ထုံးကျောက်ဂူတစ်ခုအတွင်း၌ တည်ဆောက်ထားခြင်း ဖြစ်လေသည်။ ရေအားကို အသုံးပြုနိုင်ရန်အတွက် ရေရဟတ်ကို မောင်းနှင်ရန်နှင့် မြစ်ရေကို သွယ်ယူရန် ဂူအပြင်ဘက်တွင် ရေမြောင်းတစ်ခုကို တည်ဆောက်ခဲ့ရပေသည်။
သို့သော်လည်း လျိုရှီးရွာအနီးရှိ မြစ်မှာ ရေပေါများသော်လည်း ရေစီးမသန်လှပေ။ အထူးသဖြင့် ဤကဲ့သို့ ပြင်း ထန်သော မိုးခေါင်ရေရှားကာလမျိုးတွင် ရေမျက်နှာပြင်မှာ ကျဆင်းနေပြီး ရေစီးနှုန်းမှာလည်း တစ်ခါတစ်ရံ မြန်ကာ တစ်ခါတစ်ရံ နှေးကွေးနေလျက်ရှိလေသည်။
ဤအရာက ရေရဟတ်၏ လည်ပတ်နှုန်းကို အလွန်အမင်း မတည်မငြိမ် ဖြစ်စေခဲ့ပေသည်။
အလုပ်ရုံအတွင်း၌ ဧရာမ ရေအားသုံး ပန်းပဲတူကြီးမှာ တစ်ခါတစ်ရံတွင် ပြင်းထန်သော အသံကြီးဖြင့် ထုချ လိုက်နိုင်သော်လည်း တစ်ခါတစ်ရံတွင်မူ အားနည်းသွားကာ အချိန်ကြာမြင့်စွာပင် မ,တင်နိုင်ဘဲ ဖြစ်နေတတ် လေ၏။
သံမဏိချက်လုပ်သည့် လေပြင်းဖိုရှိ လေမှုတ်စက်များမှာလည်း အဆက်မပြတ် မဖြစ်ပေါ်သဖြင့် ဖို၏ အပူချိန်ကို ပြင်းထန်စွာ အတက်အကျဖြစ်စေကာ တည်ငြိမ်သော အပူချိန်တစ်ခုကို ထိန်းသိမ်းထားနိုင်ရန် မဖြစ်နိုင်တော့ပေ။ သံမဏိရည်ကျိုရန် ပထမဆုံးကြိုးစားမှုမှာ အပူချိန် မလုံလောက်မှုကြောင့် ကျရှုံးသွားခဲ့ရပြီး တန်ဖိုးရှိသော သံတိုသံစ အပုံအပင်ကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့ရလေသည်။
စွမ်းအင်မလုံလောက်မှုကို ဖြည့်ဆည်းရန်အတွက် နျူအာမှာ လူအများအပြားကို စုစည်းခဲ့ရပြီး မြည်းများနှင့် မြင်း များ ဆယ်ကောင်ကျော်ကိုပင် အသုံးပြုကာ အလွန်ရှေးကျသော နည်းလမ်းများဖြင့် ဧရာမ ရေရဟတ်ကြီးကို လည်ပတ်နိုင်ရန် ကူညီဆောင်ရွက်ခဲ့ရလေသည်။
အချိန်အတန်ကြာသည်အထိ ကောင်းကင်ဘုံလက်မှုအလုပ်ရုံတစ်ခုလုံးမှာ ချွေးထွက်နေသော အလုပ်သမား များ၏ ပုံရိပ်များနှင့် မောပန်းနေသော တိရစ္ဆာန်များ၏ အသံများဖြင့် ပြည့်နှက်နေခဲ့လေ၏။
"အရှင်...၊ အဆင်မပြေပါဘူး...။ အခုလိုပုံစံအတိုင်းဆိုရင် ကျွန်တော်တို့လူတွေရော တိရစ္ဆာန်တွေပါ အားပြတ်ပြီး သေကုန်ကြပါလိမ့်မယ်..."
နံရံကိုမှီကာ မောပန်းနွမ်းနယ်နေပြီး အသက်ပြင်းပြင်းရှူနေရသော အလုပ်သမားများနှင့် မြည်းများကို ကြည့်ရင်း နျူအာမှာ စိုးရိမ်ပူပန်မှုများ ပြည့်နှက်သွားခဲ့ကာ ဖန်းဟန်ထံသို့ အမြန်ပြေးသွားပြီး အစီရင်ခံလိုက်လေသည်။
"ဒါ့အပြင် အခုနည်းလမ်းက အလုပ်အရမ်းနှောင့်နှေးစေတယ်...။ ရေရဟတ်ကလည်း တည်တည်ငြိမ်ငြိမ် မလည် ပတ်နိုင်သေးသလို သံဆုံးရှုံးမှုကလည်း အရမ်းကြီးမားလွန်းတယ်..."
ဖန်းဟန်သည် ဆူညံပြီး စည်ကားနေသော အလုပ်ရုံအတွင်း၌ မျက်မှောင်ကို တင်းကျပ်စွာ ကုတ်ထားရင်း ရပ်နေ ခဲ့လေ၏။
ပန်းနာရင်ကျပ်ရောဂါ ခံစားနေရသော အဖိုးအိုတစ်ဦးကဲ့သို့ အနှေးအမြန် အမျိုးမျိုးဖြင့် ရွေ့လျားနေသော ရေအားသုံး ပန်းပဲတူကြီးကို ကြည့်ရင်း ခေတ်သစ်လူ့အဖွဲ့အစည်းတွင် ရှင်းလင်းထင်ရှားလှသော်လည်း ရှေးဟောင်းခေတ်ကာလတွင်မူ စက်မှုလုပ်ငန်းတိုးတက်မှုအားလုံးကို တားဆီးပိတ်ပင်ထားနိုင်စွမ်းရှိသည့် သေရေးရှင်ရေးတမျှ အရေးကြီးသော ပြဿနာတစ်ခုကို သူ ပထမဆုံးအကြိမ်အဖြစ် နက်ရှိုင်းစွာ သဘောပေါက် သွားခဲ့လေတော့သည်။
စွမ်းအင်ကန့်သတ်ချက်ပင် ဖြစ်ပေသည်။
တည်ငြိမ်ပြီး အားကောင်းကာ ရေရှည်တည်တံ့နိုင်သော စွမ်းအင်အရင်းအမြစ်တစ်ခု မရှိဘဲ စက်မှုလုပ်ငန်း ထူထောင်ရေးဆိုသည်မှာ အလကားစကားများသာ ဖြစ်ပေသည်။
သူသည် ခေတ်ကာလထက် ကျော်လွန်နေသော အရာများကို ဖန်တီးရန် စနစ်က ထောက်ပံ့ပေးထားသည့် ခေတ်သစ်ပစ္စည်းကိရိယာများကို အသုံးပြုနိုင်ပေသည်။
သို့သော်လည်း အဆက်မပြတ် ထောက်ပံ့ပေးနိုင်မည့် လျှပ်စစ်စွမ်းအင်ကိုမူ လေဟာနယ်ထဲမှနေ၍ သူ ဖန်တီးယူ ၍ မရနိုင်ပေ။
သူ၏ အကြည့်များက ဂူ၏ ကျဉ်းမြောင်းသော ထွက်ပေါက်မှတစ်ဆင့် ဖြတ်သန်းသွားကာ အလုပ်ရုံအပြင်ဘက်ရှိ နေရောင်ခြည်အောက်တွင် အဆုံးမရှိ စီးဆင်းနေသော မြစ်ပြင်ပေါ်သို့ ကျရောက်သွားခဲ့လေ၏။
မြစ်ရေဆိုသည်မှာ ဤခေတ်ကာလ၏ အကြီးမားဆုံးသော သဘာဝစွမ်းအားပင် ဖြစ်ပေသည်။
သို့သော်လည်း ၎င်း၏ စွမ်းအားမှာ အလွန် ပြန့်ကျဲလွန်းပြီး အလွန် ညင်သာလွန်းကာ အလွန်ပင်... နားမထောင် လှချေ။
မယုံနိုင်လောက်အောင် ရူးသွပ်ပြီး ရဲတင်းလှသော အကြံဉာဏ်တစ်ခုက သူ၏ စိတ်ထဲတွင် ရုတ်တရက် ပေါ်ပေါက်လာခဲ့လေတော့သည်။
ထိုညတွင်...။
ဖန်းဟန်သည် သူ၏ ဇနီးလေးဦးဖြစ်သော ပိုင်ကျီရို၊ လျူရူမေ၊ နန်ကုန်းယွင်ရှုနှင့် ရှောင်ရူရွှီတို့အပါအဝင် နျူအာ၊ မာပေါ်ကော့နှင့် ကျောက်ထျဲ့ရှန်းတို့ကဲ့သို့သော သူ၏ ယုံကြည်ရသူများအားလုံးကို အရေးပေါ် ခေါ်ယူလိုက်လေ ၏။
ကောင်းကင်ဘုံလက်မှုအလုပ်ရုံတွင် အသစ်ဖွင့်လှစ်ထားသော အကြီးဆုံး အစည်းအဝေးခန်းမအတွင်း၌ ဖြစ်လေ သည်။
လူတိုင်း၏ ရှေ့မှောက်တွင် ဖန်းဟန်သည် ဧရာမ သဲပုံးပုံစံငယ်ပေါ်တွင် သူ၏လက်ကို ပြင်းထန်စွာ ဝှေ့ယမ်းလိုက် ပြီး ထိုနေရာရှိ လူအားလုံးကို အသက်ရှူမှားသွားစေမည့် စီမံကိန်းတစ်ခုကို ကြေညာလိုက်လေတော့သည်။
"အလုပ်ရုံအပြင်ဘက်က မြစ်ကို ပိတ်ဆို့ပြီး မြစ်အောက်ပိုင်းမှာ အရင်က မကြုံဖူးသေးတဲ့ ရေကာတာကြီးတစ်ခု တည်ဆောက်ဖို့ ငါ ဆုံးဖြတ်လိုက်ပြီ...။ မြစ်ရေကို တမံတုတ်ဖို့ပဲ..."
"ပြီးရင် ရေကာတာကနေ ဖြစ်ပေါ်လာမယ့် ကြီးမားတဲ့ ရေကျအားကို အသုံးပြုပြီး ငါတို့ရဲ့ ရေရဟတ်တွေကို မောင်းနှင်မယ်...။ အဲဒီအချိန်ကျရင် ငါတို့ဆီမှာ အဆုံးမရှိသလို မယုံနိုင်လောက်အောင် တည်ငြိမ်တဲ့ စွမ်းအင် အရင်းအမြစ်တစ်ခု ရှိလာလိမ့်မယ်..."
"ဘာ..."
"မြစ်... မြစ်ကို ပိတ်ဆို့မယ် ဟုတ်လား..."
ဖန်းဟန် စကားပြောအပြီးတွင် အစည်းအဝေးခန်းမတစ်ခုလုံးမှာ သုသာန်တစပြင် ကဲ့သို့ တိတ်ဆိတ်သွားခဲ့လေ တော့သည်။
လူတိုင်း၏ မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့မှုများ ပေါ်လွင်နေခဲ့ကြ၏။
ဆင်းရဲနွမ်းပါးသော နောက်ခံမှ လာကြသည့် နျူအာနှင့် မာပေါ်ကော့တို့မှာ အလွန်အမင်း ကြောက်ရွံ့သွားခဲ့ကြသ ဖြင့် သူတို့၏ မျက်နှာများမှာ ဖြူဖျော့သွားခဲ့ကာ မြေပြင်ပေါ်သို့ပင် လဲကျလုနီးပါး ဖြစ်သွားခဲ့ကြလေသည်။
*မြစ်ကို ပိတ်ဆို့မယ်ဟုတ်လား...။*
၎င်းမှာ မြစ်တစ်စင်း ဖြစ်ပေသည်။ ကမ်းစပ်တစ်လျှောက်ရှိ သောင်းနှင့်ချီသော လူများကို ပြုစုပျိုးထောင်ပေးခဲ့ သည့် မိခင်မြစ်ကြီးပင် ဖြစ်၏။ နဂါးမင်း၏ ပိုင်နက်နယ်မြေလည်း ဖြစ်ပေသည်။
တော်ဝင်စီမံကိန်းကြီးများနှင့် ရင်းနှီးကျွမ်းဝင်ကာ ဂုဏ်သတင်းကြီးမားသော မိသားစုမှ ဆင်းသက်လာသည့် နန်ကုန်းယွင်ရှုနှင့် တစ်ချိန်က ကမ္ဘာလောကကို အုပ်စိုးခဲ့သည့် ဧကရာဇ်ဖြစ်ခဲ့ဖူးသော ရှောင်ရူရွှီတို့ပင်လျှင် ဖန်းဟန်၏ အံ့အားသင့်ဖွယ် စီမံကိန်းကြောင့် လုံးဝကို မှင်သက်သွားခဲ့ကြလေတော့သည်။
ရှေးခေတ်လူများ၏ စိတ်ထဲတွင် ဤသည်မှာ သာမန်လူများ တွေးတောသင့်သည့် အကြံအစည်မျိုး မဟုတ်ခဲ့ပေ။
ဤလုပ်ရပ်မှာ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကို ပွင့်လင်းစွာ အာခံနေခြင်းနှင့် အတူတူပင် ဖြစ်ချေသည်။ နတ်ဘုရားများ၏ အာဏာကို စိန်ခေါ်လိုက်ခြင်းပင် ဖြစ်ပေသည်။
"ခင်ပွန်း...၊ မလုပ်ပါနဲ့..."
နန်ကုန်းယွင်ရှုက ပထမဆုံး ရှေ့သို့ထွက်လာခဲ့ပြီး သူမ၏ မျက်နှာမှာ တည်ကြည်လေးနက်နေကာ သူ့အား တားဆီးရန် ကြိုးစားလိုက်လေ၏။
"ရှေးခေတ်ကာလတွေကတည်းက ရေလမ်းကြောင်းတွေကို တူးဖော်တဲ့ လုပ်ထုံးလုပ်နည်းပဲ ရှိခဲ့ဖူးတာပါ...၊ မြစ်ကြီးတစ်စင်းကို ပိတ်ဆို့တယ်ဆိုတာမျိုး တစ်ခါမှ မရှိခဲ့ဖူးပါဘူး...။ အခုလုပ်ရပ်က မြစ်စောင့်နတ်ကို ဒေါသထွက်စေပြီး ကောင်းကင်ဘုံရဲ့ ပြစ်ဒဏ်ခတ်ခြင်းကို ခံရနိုင်တယ်..."
"ဟုတ်ပါတယ် အရှင်...။"
အိုမင်းသော ရွာသူကြီး ကျောက်ထျဲ့ရှန်းက တုန်ယင်စွာဖြင့် ၊
"အခုမြစ်ထဲမှာ နဂါးမင်းကြီး ရှိပါတယ်...။ အကယ်၍ ကျွန်တော်တို့သာ အခုလိုလုပ်လိုက်လို့ နဂါးမင်းကြီး ဒေါသ ထွက်ပြီး ရေလွှမ်းမိုးမှုတွေ ဖြစ်လာခဲ့ရင် လျိုရှီးရွာတစ်ခုလုံး ဒုက္ခရောက်ကုန်ပါလိမ့်မယ်..."
လူတိုင်းက တားဆီးရန် ကြိုးစားကြပြီး သူတို့၏ စကားလုံးများတွင် အမည်မသိ သဘာဝစွမ်းအားများကို
နက်ရှိုင်းစွာ ကြောက်ရွံ့မှုများ ပြည့်နှက်နေခဲ့လေသည်။
သို့သော်လည်း လူတိုင်း၏ သံသယများနှင့် ကြောက်ရွံ့မှုများကို ရင်ဆိုင်ရချိန်တွင် ဖန်းဟန်သည် သူ၏ လက်များ ကို နောက်ပစ်ကာ ရပ်နေခဲ့ပြီး သူ၏ နှုတ်ခမ်းများထက်တွင် ယုံကြည်မှုအပြည့်ရှိသော လွှမ်းမိုးနိုင်စွမ်းရှိသည့် အပြုံးတစ်ခုက ဖျတ်ကနဲ ပေါ်လာခဲ့လေ၏။
သူသည် အခန်းတစ်ခုလုံးကို ဝေ့ဝဲကြည့်ရှုလိုက်ပြီး သူ၏ အသံတွင် အဆုံးအစမရှိသော လွှမ်းမိုးနိုင်စွမ်းများ ပြည့်နှက်နေကာ စကားလုံးတစ်လုံးချင်းစီကို တိကျပြတ်သားစွာ ပြောဆိုလိုက်လေသည်။
"မြစ်စောင့်နတ် ဟုတ်လား...။ နဂါးမင်း ဟုတ်လား..."
"ငါက နတ်ဘုရားပဲ..."
"ဒီလောကမှာ ငါ ဖန်းဟန် ယဉ်ကျေးအောင် မလုပ်နိုင်တဲ့ နဂါးဆိုတာ မရှိဘူး..."