အခန်း ၁၉၁
Vol. 20 Ch. 191
အခန်း။ ၁၉၁
အပြေးအလွှား ရောက်ရှိလာကြသော ယွင်လျောင်နှင့် လူစုသည် ရင်ပြင်အစွန်းတွင် ခြေလှမ်းများကို တန့်လိုက်ကြ၏။
ထိုနေရာမှ ငုံ့ကြည့်လိုက်လျှင် ဝမ်ပင်းနှင့် ဝေချန်းကျွင်းတို့ အပြင်းအထန် တိုက်ခိုက်နေကြသည်ကို ကောင်းစွာ မြင်တွေ့နိုင်သည်။ ထိုအံ့မခန်းဖွယ် မြင်ကွင်းကြောင့် ယွင်လျောင်မှာ အံ့ဩတုန်လှုပ်ခြင်း အဖြစ်ဆုံး ဖြစ်ရ၏။
"ဒါ... ဂိုဏ်းချုပ်ရဲ့ စွမ်းအားလား... ထူးခြားဆန်းပြား(ဖောက်ပြန်သော) သွေးကြောတံခါးက တကယ့်ကို ကြောက်စရာကောင်းပါလား..."
ဝမ်ပင်းသည် ဟွမ်လီမြို့တွင် သွေးကြောတံခါးကို ဖွင့်လှစ်နိုင်ခဲ့ကြောင်း သူသိရှိထားသော်လည်း ယခုကဲ့သို့ ထူးခြားဆန်းပြား သွေးကြောတံခါးဖြစ်နေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။
"ဝေချန်းကျွင်းက အရှေ့အိုင်မှာ နာမည်ကျော်ကြားခဲ့တာ ကြာပြီ။ အလယ်အလတ် နက်နဲသောအဆင့်ထဲမှာ သူ့ကို ယှဉ်နိုင်သူ ရှားတယ်။ ဂိုဏ်းချုပ်ကြီး သုံးယောက်လောက်ပဲ သူ့နဲ့ အဆင့်တူ ရင်ဆိုင်နိုင်တာ။ သူက အဲဒီအဆင့်မှာ နှစ်ပေါင်း တစ်ရာမက ကျင်လည်ခဲ့ပြီးပြီ။ ထောင်ပေါင်းများစွာသော အစွန်းရောက်ဂိုဏ်းရဲ့ သစ္စာခံတစ်ယောက်လည်း ဟုတ်တယ်။ ပြီးတော့ အဝါရောင်အဆင့် အလယ်အလတ်သွေးကြောသိုင်းကိုလည်း တတ်မြောက်ထားပြီး နှစ်ပေါင်းတစ်ရာအတွင်းမှာ အထွတ်အထိပ် ရောက်အောင် ကျင့်ကြံထားနိုင်ခဲ့တာ။ ငါကိုယ်တိုင်တောင် သူ့လက်အောက်မှာ ဆယ်ကွက် မခံနိုင်ဘူး..."
အနီးတွင်ရှိသော မုရုံချီသည်လည်း လွန်ခဲ့သော ရက်အနည်းငယ်က သူ၏ ရိုင်းစိုင်းစော်ကားခဲ့သော အပြုအမူများကို ပြန်လည်တွေးတောမိရင်း မချိတင်ကရ သက်ပြင်းချမိသည်။
ယခု ပြန်စဉ်းစားကြည့်မှ ဝမ်ပင်းသည် သူ့အပေါ် များစွာ သည်းခံငဲ့ညှာပေးခဲ့ကြောင်း သိလိုက်ရသော်လည်း အချိန်ကား နှောင်းခဲ့သည်။
ထိုကဲ့သို့ စိတ်လိုက်မာန်ပါ အပြုအမူမျိုးဖြင့် ဝမ်ပင်းကို တွေ့တွေ့ချင်း ရန်ရှီးအား တပည့်အဖြစ် လုယူရန် ကြိုးပမ်းခဲ့မိခြင်းပင်။
အကယ်၍ ဝမ်ပင်းသာ အနည်းငယ်မျှ စိတ်ဆတ်သူ ဖြစ်ပါက သူ့ကို ကောင်းကောင်းကြီး ပညာပေးနိုင်ခဲ့မည်ဖြစ်ပြီး မုရုံမိသားစုကို အားကိုး၍ ကလဲ့စားချေနိုင်မည့် စွမ်းအားမျိုးလည်း သူ့တွင် ရှိလိမ့်မည်မဟုတ်ချေ။
မုရုံချီ၏ သက်ပြင်းချသံကို ကြားရသောအခါ အထပ်တစ်ထောင်အလွှာရှိ တိုက်ပွဲကို စောင့်ကြည့်နေကြသည့် ချင်ရှန်း၊ ဟွမ်းချိန်၊ ဟွမ်းရှန်းနှင့် အခြားသူများသည်လည်း စကားသံများကို မထိန်းနိုင်တော့ဘဲ ဖလှယ်မိကြတော့သည်။
"ဒီကောင်လေးက အလယ်အလတ် နက်နဲသောအဆင့်နဲ့ မြို့ထဲကို ဝင်လာတုန်းက ဘာလို့ ဒီလောက် တည်ငြိမ်အေးဆေးနေလဲဆိုတာ မဆန်းတော့ပါဘူး။ သူ့ရဲ့စွမ်းအားက အလယ်အလတ်အဆင့်ကို ယှဉ်နိုင်နေပြီ။ အကြီးအကဲတွေရဲ့ အဆင့်ကို တောင် ရောက်နေပြီပဲ။ ငါ့ညီမှာ သားကောင်းတစ်ယောက် ရှိတာပဲ"
"ဒါက ထူးခြားဆန်းပြား သွေးကြောတံခါးရဲ့ ကြောက်စရာကောင်းတဲ့ အချက်ပဲပေါ့။ ဂိုဏ်းချုပ်က နက်နဲသောအဆင့်ကို အခုမှ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့တာတောင် အလယ်အလတ်အဆင့်နဲ့ ယှဉ်ပြိုင်တိုက်ခိုက်နိုင်နေပြီ။ ငါက ဂိုဏ်းချုပ်နဲ့ အသက်တူတူပဲ။ ဒါပေမဲ့ ခုထိ ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်ရှစ်မှာပဲ တန့်နေတုန်း..."
ချင်ရှန်းသည် တောင်အောက်သို့ စိုက်ကြည့်ရင်း ရင်ထဲတွင် အားကျတောင့်တမှုများ ပြည့်နှက်နေမိသည်။
တစ်ချိန်တည်းမှာပင် လင်းခယ်ဝူ၏ ရင်ထဲ၌ အခြားသော အတွေးအမြင်များ မရှိနိုင်တော့ဘဲ အံ့ဩမှင်သက်ခြင်း သက်သက်သာ စိုးမိုးနေတော့သည်။
ပါရမီရှင် မိစ္ဆာအကျော်အမော်များသည် အသက် ၂၅ နှစ်တွင် နက်နဲသောအဆင့်သို့ ခြေလှမ်းစတင်နိုင်ကြပြီး ထိုမှတစ်ဆင့် နတ်ဘုရားနက်နဲသောအဆင့်၏ အစွန်းအဖျားကို ထိတွေ့နိုင်ခွင့် ရှိကြသည်ဟု လူတို့ ပြောလေ့ရှိကြသည်။
ထိုကဲ့သို့သော ပါရမီရှင်မျိုးသည် ကြယ်သုံးပွင့်အဆင့်ရှိ ဂိုဏ်းများ၊ အင်အားစုများ သို့မဟုတ် အကယ်ဒမီများတွင် အထူးချွန်ဆုံးသော အထက်တန်းလွှာများသာ ဖြစ်ကြ၏။
သို့သော်လည်း မည်မျှပင် မိစ္ဆာဆန်သော ပါရမီရှင်ဖြစ်ပါစေ မွေးရာပါ ဝိညာဉ်ခန္ဓာ စင်ကြယ်
ခြင်းခန္ဓာကို ပိုင်ဆိုင်ထားလျှင်ပင် ဤဂိုဏ်းချုပ်ဝမ်နှင့် နှိုင်းယှဉ်၍ပင် ရနိုင်မည်မဟုတ်ချေ။
ဝမ်ပင်းသည် အသက် တစ်ဆယ့်ရှစ်၊ တစ်ဆယ့်ကိုးနှစ် အရွယ်မျှသာ ရှိသေးပုံရသော်လည်း နက်နဲသောအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကာ အလယ်အလတ်အဆင့်နှင့်ပင် ရင်ဆိုင်တိုက်ခိုက်နိုင်နေပြီဖြစ်သည်။
ထို့အပြင် သူ၏ပြိုင်ဘက်မှာ အလယ်အလတ်အဆင့်တွင် နှစ်ပေါင်းတစ်ရာတိုင် ကျင်လည်ခဲ့သော အကြီးအကဲတစ်ဦး ဖြစ်နေခြင်းပင်။
"ဒါကြောင့်မို့လို့ ဂိုဏ်းချုပ်က ငါ့ကို အသက် ၂၅ နှစ်မတိုင်ခင် နက်နဲသောအဆင့်ကို ရောက်စေရမယ်လို့ ရဲရဲကြီး အာမခံခဲ့တာကိုး..."
လင်းခယ်ဝူသည် ရင်ထဲမှနေ၍ မချီးကျူးဘဲ မနေနိုင်တော့ပေ။
ထိုအချိန်တွင် ရေကြည်လမ်းမ၏ အပြင်ဘက်၌ လူနှစ်ဦး ရပ်နေကြ၏။
လှံရှည်တစ်စင်းကို ရင်ခွင်၌ ပိုက်ထားသော သတ်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် တစ်ဝက်တစ်ပျက် ပြိုကျပျက်စီးနေသော အရက်ဆိုင်တစ်ဆိုင်၏ အမိုးပေါ်တွင် ရပ်နေသည်။ သူနှင့်မလှမ်းမကမ်းတွင်မူ တစ်ကိုယ်လုံးကို အဝတ်အမည်းရောင်များဖြင့် လုံခြုံစွာ ဖုံးအုပ်ထားသော လူတစ်ဦး ရပ်နေသည်။
ထိုလူနှစ်ဦးသည် တိုက်ပွဲဗဟိုချက်နှင့် မီတာနှစ်ရာကျော် ဝေးကွာသောနေရာတွင် ရပ်ကြည့်နေကြခြင်းပင်။
စောင့်ကြည့်နေရာမှ လှံကိုင်ထားသော အမျိုးသားက ရုတ်တရက် လှမ်း၍ မေးလိုက်သည်။
"ဟေးယဲ့... မင်း ဘယ်လိုထင်လဲ..."
ဟေးယဲ့ဟု ခေါ်ဝေါ်ခြင်းခံရသော လူမည်းက ပြန်ဖြေသည်မှာ "ဝေချန်းကျွင်းရဲ့ စွမ်းအားက ငါတို့နှစ်ယောက်လုံးထက် သာတယ်။ သူ့ရဲ့ နည်းဗျူဟာတွေကလည်း အံ့မခန်းပဲ။ ဝမ်ပင်းမှာ ထူးခြားဆန်းပြား သွေးကြောရှိပြီး အဆင့်မြင့် သွေးကြောသိုင်းကို ကျင့်ကြံထားတယ်ဆိုဦးတော့ ဝေချန်းကျွင်းကို အနိုင်ယူဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ငါတို့ ဒီမှာပဲ စောင့်နေပြီး ပုစဉ်းရင်ကွဲကို ဖမ်းဖို့ ချောင်းနေတဲ့ စာကလေးလိုပဲ တိုက်ပွဲအပြီးမှာ အခွင့်ကောင်းယူရုံပဲ"
လှံကိုင်ထားသော သတ်လတ်ပိုင်းအရွယ် အမျိုးသားက ခပ်တိုးတိုး ရယ်မော်လိုက်၏။
သူသည် တစ်ဖက်လူ၏ အမြင်ကို သဘောတူသည်။ ထူးခြားဆန်းပြား သွေးကြောရှိခြင်းက အဆင့်ကျော်ဖြတ် တိုက်ခိုက်နိုင်သည်မှာ မှန်သော်လည်း ယင်းက အခြားအဆင့်တစ်ခုတွင် အနှိုင်းမဲ့ဖြစ်နေသောသူကို အနိုင်ယူနိုင်သည်ဟု ဆိုလိုခြင်းမဟုတ်ပေ။
အဆင့်ကျော်ဖြတ် တိုက်ခိုက်နိုင်သည်ဟူသည်မှာ အဆင့်နိမ့်နက်နဲသောအဆင့်၌ ရှိနေစဉ် သာမန်မျှသာရှိသော အလယ်အလတ်အဆင့်ရှိသူကို အနိုင်ယူနိုင်ခြင်းကိုသာ ဆိုလိုခြင်းပင်။
စကားလုံးအားဖြင့် အဆင့်အနည်းငယ်သာ ကွာခြားသည်ဟု ထင်ရသော်လည်း ယင်းသည် ဆယ်စုနှစ်ပေါင်းများစွာ စုဆောင်းလာခဲ့သော အတွေ့အကြုံနှင့် စွမ်းအားချင်း ကွာခြားမှုကြီးပင်။
"အဆင့်နိမ့် မီးနဂါးသိုင်းက အထွတ်အထိပ်ရောက်နေတဲ့ အဝါရောင်အဆင့် အလယ်အလတ် သွေးကြောသိုင်းကို တကယ်ပဲ မယှဉ်နိုင်သေးပါလား"
ဝမ်ပင်းသည် စိတ်ထဲမှ ရေရွတ်လိုက်မိ၏။
သူ၏ မီးနဂါးသိုင်းသာ အောင်မြင်မှုအဆင့်အနည်းငယ်သို့ ရောက်ရှိသွားပါက အထွတ်အထိပ်ရောက် လေမုန်တိုင်းဓားချက်ကို ယှဉ်ပြိုင်နိုင်လိမ့်မည်ဖြစ်ပြီး ကြီးမားသောအောင်မြင်မှုအဆင့်သို့ ရောက်ရှိသွားလျှင်မူ ထိုဓားချက်ကို အသာစီးဖြင့် အပိုင်အနိုင်ယူနိုင်မည်ဖြစ်သည်။
သူ၏ ကိုယ်ခန္ဓာတွင် ထူးခြားဆန်းပြား သွေးကြောရှိနေသည်ဆိုသော်လည်း အဆင့်ချင်းကွာခြားချက်က အလွန်ပင် ကြီးမားသည်။
ထိုကွာခြားချက်က ဘယ်လောက်အထိကြီးမားသလဲဆိုလျှင် မုရုံချီ၏ အလယ်အလတ် နက်နဲသောအဆင့်သည် ထိုအဆင့်အတန်းထဲတွင် မဆိုးလှဘဲ အလယ်အလတ်မျှသာ ရှိသော်လည်း ဝေချန်းကျွင်း၏ အဆင့်အတန်းကမူ မုရုံချီကဲ့သို့သောသူ အနည်းငယ်ကို တစ်ပြိုင်နက် ရင်ဆိုင်နိုင်စွမ်းရှိသည်။
သို့သော် ဝမ်ပင်းက ဝေချန်းကျွင်းကို တကယ်ပင် သနားကရုဏာသက်မိသွားကာ "မင်းသာ ငါ့ဆီကို လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကြိုလာခဲ့ရင် ဒီတိုက်ပွဲမှာ ငါရှုံးသွားလောက်တယ်" ဟု ပြောလိုက်၏။
ထိုစကားအဆုံးတွင် ကောင်းကင်ယံမှ ဓားအရှိန်အဝါများသည် မျက်လုံးပါရှိသည့်အလား ဝမ်ပင်းရှိရာသို့ တည့်တည့်မတ်မတ် လျှောဆင်းလာတော့သည်။
ဝမ်ပင်းသည် တုတ်တုတ်မျှမလှုပ်ဘဲ ရပ်နေဆဲဖြစ်ရာ ထိုမြင်ကွင်းကို မြင်လိုက်ရသော ဝေချန်းကျွင်း၏ နှုတ်ခမ်းစွန်းတွင် အကြံပိုင်သော အပြုံးတစ်ခုက ပိုမိုကျယ်ပြန့်လာ၏။
သူ၏ ဓားအရှိန်အဝါကို မရှောင်ဘဲ ရင်ဆိုင်ဝံ့သူမျိုးကို သူပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။
ထိုသို့ မရှောင်ဘဲ နေခဲ့သည့် နောက်ဆုံးလူ၏ အုတ်ဂူပေါ်တွင် ယခုအချိန်၌ မြက်ပင်များ ဒူးဆစ်ခန့် မြင့်နေပြီဖြစ်သည်။
ဝေချန်းကျွင်းသည် တဟားဟား ရယ်မော်လိုက်ပြီးနောက် ဓားကို ဆွဲကိုင်ကာ ဝမ်ပင်းထံသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။
ဝေချန်းကျွင်းက လှောင်ပြောင်သရော်လျက် "ဝမ်ပင်း... မင်းက တကယ့်ကို မောက်မာတာပဲ။ အခုထိတောင် မဆုတ်ခွာသေးဘူး။ ကောင်းပြီလေ... မင်းကို ရွေးချယ်စရာ နှစ်လမ်းပေးမယ်။ ဓားအရှိန်အဝါကို ရှောင်ရင် ငါ့ရဲ့ ဒီတိုက်ခိုက်မှုကို မရှောင်နိုင်ဘဲ ခံရမယ် ဒါမှမဟုတ် ငါ့တိုက်ခိုက်မှုကို ရှောင်ရင် ဓားအရှိန်အဝါရဲ့ ဒဏ်ကို ခံရမယ်။ တစ်ခုခုကို ရွေးစရာပဲ ရှိတယ်" ဟု ဆိုလိုက်၏။
"နှစ်ခုစလုံးကို တပြိုင်နက် အောင့်အီးခံလိုက်ရင်ကော မရဘူးလား"
"နှစ်ခုစလုံးကို ခံမယ် ဟုတ်လား... ဟားဟား... ဝမ်ပင်း မင်းက……."
ဝေချန်းကျွင်း၏ ရယ်သံသည် ရုတ်ချည်း ရပ်တန့်သွားပြီး မျက်နှာတစ်ခုလုံး တောင့်တင်းအံ့ဩသွားကာ "မင်း သေချင်နေတာပဲ" ဟူသော စကားနောက်ဆုံးအပိုင်းကိုပင် ဆက်မပြောနိုင်တော့ချေ။
ကျန်းသုံးဆယ်ခန့် ရှည်လျားပြီး အရှိန်အဟုန်ဖြင့် ကျဆင်းလာသော ဓားအရှိန်အဝါကို ဝမ်ပင်းက သူ၏ တံတောင်ဆစ်ဖြင့် ကာကွယ်တားဆီးလိုက်ခြင်းကြောင့်ပင်။
အသားအရေသက်သက်ဖြင့် သွေးကြောသိုင်းကို ခုခံလိုက်ခြင်းပင်။
ထိုကဲ့သို့သော မြင်ကွင်းမျိုးကို သူတစ်ခါမျှ မကြားဖူးသလို မမြင်ဖူးခဲ့ချေ။
အတန်ကြာတွင် ဝမ်ပင်း၏ အေးစက်သော အသံက ကပ်လျက် ထွက်ပေါ်လာသည်။
"ဝေချန်းကျွင်း... ငါ့ရဲ့ လက်သီးချက်ကိုရော မြည်းစမ်းကြည့်ချင်သေးလား"
ထိုစကားအဆုံးတွင် ဝေချန်းကျွင်း လက်ထဲမှ ဓားကို ဝမ်ပင်းက ရုတ်တရက် ဖမ်းဆွဲလိုက်၏။
ဝေချန်းကျွင်းက ရုန်းထွက်ရန် ကြိုးစားနေစဉ်မှာပင် ဝမ်ပင်း၏ လျှင်မြန်လှသော လက်သီးချက်က သူ့မျက်နှာဆီသို့ တည့်တည့်မတ်မတ် ဦးတည်လာရာ သူကာကွယ်ရန်ပင် အချိန်မရလိုက်တော့ချေ။
ဘုန်း……
ဝေချန်းကျွင်းသည် နောက်သို့ လွင့်ထွက်သွားတော့သည်။
သူသည် အထပ်တစ်ထောင်အလွှာမှသည် ယွင်လန်တောင်ခြေရင်းအထိ တိုက်ရိုက် လွင့်စင်သွားပြီး ပြိုကျပျက်စီးနေသော အိမ်အပျက်အစီးများထဲသို့ ဝုန်းခနဲ ပြုတ်ကျသွားသည်။
ထိုအပျက်အစီးများကြားတွင် ဝေချန်းကျွင်းသည် သူ၏ မျက်နှာတစ်ခြမ်းလုံး စူးစူးဝါးဝါး နာကျင်သွားသည်ကို ခံစားလိုက်ရပြီး ပါးစပ်ထဲတွင်လည်း ထူးဆန်းသော အရသာတစ်ခုကို ရရှိလိုက်သည်။
သူသည် မြေကြီးပေါ်သို့ ထွီးခနဲ ထွေးထုတ်လိုက်၏။
တံတွေးများနှင့်အတူ သွေးများပါလာခြင်းပင်။
ဝေချန်းကျွင်းသည် ထိုမြင်ကွင်းကို ကြည့်ပြီး ဒေါသထွက်မည့်အစား ခပ်တိုးတိုး ရယ်မောကာ "ထူးခြားဆန်းပြား နက်နဲခြင်းအဆင့်က တကယ့်ကို ထူးခြားတာပဲ။ ငါ့ရဲ့ စင်ကြယ်ခြင်းခန္ဓာက ကြီးမားတဲ့ အောင်မြင်မှုအဆင့်ကို ရောက်နေတာတောင် မင်းရဲ့ လက်သီးတစ်ချက်ကို မခံနိုင်ဘဲ သွေးထွက်သွားရတယ်" ဟု ပြောလိုက်သည်။
ရယ်မော်ပြီးနောက် ဝေချန်းကျွင်း၏ မျက်နှာသည် ရုတ်ချည်း အေးစက်ခက်ထန်သွား၏။
သူသည် ဝမ်ပင်းကို ခဏမျှ တိတ်ဆိတ်စွာ စိုက်ကြည့်နေပြီးမှ "နှမြောစရာကောင်းတာက မင်းက သိပ်ကို မောက်မာလွန်းတယ်။ တကယ့် အန္တရာယ်ကြီးက မင်းရဲ့ အနားနားမှာ ရှိနေတာကို မသိရှာဘူး" ဟု ပြောလိုက်သည်။
ထိုစကားအဆုံးတွင် ကျောက်လှေကားအပြင်ဘက်၌ ရပ်နေသော အမျိုးသမီးက ရုတ်တရက် ပါးစပ်ကို အကျယ်ကြီး ဟလိုက်ပြီး အမည်းရောင်မီးခိုးများကို မှုတ်ထုတ်လိုက်တော့သည်။
ထိုမီးခိုးများသည် အရိပ်တစ်ခုကဲ့သို့ ယွင်လန်တောင်၏ ထက်ဝက်ခန့်ကို လျှင်မြန်စွာ ဖုံးလွှမ်းသွား၏။
ဝမ်ပင်းသည် ထိုမီးခိုးများ၏ ဗဟိုတည့်တည့်တွင် ပိတ်မိနေခဲ့သည်။
ဝေချန်းကျွင်းက ခြောက်ကပ်ကပ် နှစ်ချက်မျှ ရယ်မောပြီးနောက် "မင်းက ငါဒီကို ဘာပြင်ဆင်မှုမှ မရှိဘဲ လာခဲ့တယ်လို့ တကယ်ထင်နေတာလား။ ငါ့ရဲ့မြေးမလေးက မိစ္ဆာတစ်ကောင်ပဲ။ သူမ မှုတ်ထုတ်လိုက်တဲ့ ဟေးကျီအမည်းရောင်မီးခိုးတွေက အဆင့်မြင့်နက်နဲသောအဆင့် ရှိတဲ့သူကိုတောင် ပိတ်လှောင်ထားနိုင်ပြီး သွေးကြောအတွင်းအားတွေကို ပိတ်ဆို့ပစ်နိုင်စွမ်း ရှိတယ်။ အဲဒီအထဲမှာ မင်း ဘာအတွင်းအားကိုမှ ခံစားမိမှာမဟုတ်တော့ဘူး။ မင်းရဲ့ ဒန်တျန် ထဲမှာလည်း ကောင်းကင်နဲ့ မြေပြင်ရဲ့ ချီစွမ်းအင်တွေ ကုန်ခမ်းသွားပြီမို့ အခုတော့ မင်းက ခြင်းထဲက ကြက်၊ အိုးထဲက လိပ် ဖြစ်သွားပြီပဲ" ဟု ပြောလိုက်တော့သည်။