အခန်း ၁၉၂
Vol. 20 Ch. 192
အခန်း။ ၁၉၂
ယွင်လန်တောင်ထက်တွင် ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရပြီး ဝေချန်းကျွင်း၏ စကားများကို ကြားလိုက်ရသောအခါ မုရုံချီသည် သက်ပြင်းချမိရင်း စိတ်ပျက်လက်ပျက်ဖြင့် ရေရွတ်လိုက်သည်။
"ဝေချန်းကျွင်းက သူ့ဖဲချပ်ကို တကယ် ဝှက်ထားနိုင်တာပဲ။ ဒီကောင်လေးက သူ့ကို အကျပ်အတည်းဖြစ်အောင် ဖိအားမပေးနိုင်ခဲ့ရင် အရှေ့အိုင်မှာရှိတဲ့ ဘယ်သူကမှ သူ့မြေးမလေးက မြေးအရင်းမဟုတ်ဘဲ မိစ္ဆာ ဟေးကျီဖြစ်နေလိမ့်မယ်လို့ ထင်မိကြမှာ မဟုတ်ဘူး"
ဤကဲ့သို့သော မိစ္ဆာ ဟေးကျီမျိုးကို သူသည် ဒဏ္ဍာရီပုံပြင်များထဲတွင်သာ ကြားဖူးခဲ့ခြင်းပင်။
အကြောင်းမူကား ထိုမိစ္ဆာမျိုးက အလွန်တရာ ကြောက်မက်ဖွယ်ကောင်းပြီး တွေ့ရခဲလွန်းသောကြောင့်ပင်။
“နက်နဲတဲ့အဆင့်က ဘာလို့ ဒီလောက်အထိ အစွမ်းထက်ရတာလဲ။
သွေးကြောတံခါးက ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်နဲ့ နက်နဲတဲ့အဆင့်ကို ဘာဖြစ်လို့ ကမ္ဘာနှစ်ခုလို ကွဲပြားအောင် ပိုင်းခြားထားရတာလဲဆိုရင်တော့... အဓိကက သွေးကြောအတွင်းအားကြောင့်ပဲ။
ဒါပေမဲ့... ဟေးကျီ မှုတ်ထုတ်လိုက်တဲ့ မီးခိုးတွေက အဲဒီ သွေးကြောအတွင်းအားကို သဘာဝအတိုင်း ပိတ်ဆို့ဖြတ်တောက်နိုင်စွမ်း ရှိနေတော့... သွေးကြောတံခါးကို လုံးဝ အသုံးမဝင်အောင် ပြုလုပ်ပစ်နိုင်တာပေါ့”
ဤကဲ့သို့သော မိစ္ဆာမျိုးကို ရာစုနှစ်ပေါင်းများစွာအတွင်း အသက်ထင်ရှား ရှိနေသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ပြီး နက်နဲသောအဆင့်ထက် သာလွန်သည့် နတ်ဘုရားနက်နဲသောအဆင့်ထက်ပင် ပိုမိုရှားပါးသည်။
သို့သော်လည်း ရာစုနှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် မြင်ဖူးကြားဖူးသည့် ဤမိစ္ဆာသည် ကံဆိုးစွာဖြင့် ဝမ်ပင်းနှင့် လာ၍ တိုက်တိုက်ဆိုင်ဆိုင် ထိပ်တိုက်တွေ့ခဲ့ရသည်။
ယွင်လန်တောင်အောက်ရှိ အရက်ဆိုင်ခေါင်မိုးပေါ်တွင် လှံကိုင်၍ ရပ်နေသော သတ်လတ်ပိုင်းအရွယ် အမျိုးသားသည်လည်း ပြုံး၍ ခေါင်းခါလိုက်မိ၏။
"ဒီကောင်လေးက တကယ်ကို ကံမကောင်းရှာဘူး။ အကယ်၍ ဟေးကျီသာ မရှိရင် ဒီနေ့တိုက်ပွဲမှာ သူ ရာနှုန်းပြည့် နိုင်မှာ သေချာတယ်။ အခုတော့..."
"ခဏနေ သူတို့ တိုက်ပွဲပြီးတာနဲ့ ငါတို့ လှုပ်ရှားကြမယ်... ပြီးရင် အရင်ဆုံး ဟေးကျီကို သတ်လိုက်။ မင်းက အဖြူရောင်ပုံဆောင်ခဲကို ယူ ငါက အဲဒီ မီးမြွေသိုင်းကို ယူမယ်"
ဝတ်စုံနက်ဝတ်ဆင်ထားသော လူသည် သူ၏ ရှည်လျားကျယ်ပြန့်သော င်္အကျီလက်အတွင်းမှ ခြောက်ကပ်ကပ် လက်များကို ဆန့်ထုတ်လိုက်ရင်း ဝေချန်းကျွင်း လက်စသတ်ပြီးသည်နှင့် တစ်ပြိုင်နက် ဝင်ရောက်စီးနင်းရန် အသင့်ပြင်လိုက်တော့သည်။
ထိုအခိုက်အတန့်တွင် အမည်းရောင်မြူခိုးများထဲမှ အသံတစ်သံ ထွက်ပေါ်လာ၏။
"ဝေချန်းကျွင်း... ဒါ မင်းရဲ့ နောက်ဆုံးလက်နက်ပဲလား"
ထိုစကားသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် လူတိုင်း၏ မျက်လုံးများက အမည်းရောင်
မီးခိုးများရှိရာသို့ ရုတ်ချည်း စုပြုံ၍ ရောက်ရှိသွားကြသည်။
ရုတ်တရက် လေပြင်းတစ်ချက် ဝေ့တိုက်လာပြီး ယွင်လန်တောင်၏ ထက်ဝက်ခန့်ကို ဖုံးလွှမ်းထားသော အမည်းရောင်မီးခိုးများကို အခြားတစ်ဖက်သို့ တရွေ့ရွေ့ တွန်းပို့လိုက်သည်။ အသက်ရှူကြိမ် ဆယ်ကြိမ်ခန့်အကြာတွင် ထိုအမည်းရောင်မီးခိုးများသည် လေပြင်း၏ စုစည်းမှုဖြင့် ကောင်းကင်ယံသို့ လွင့်ပျံတက်သွားတော့၏။
အမည်းရောင်မီးခိုးများ တရွေ့ရွေ့ ပျောက်ကွယ်သွားသောအခါ ဝမ်ပင်းသည် ဟေးကျီ၏ လည်ပင်းကို လက်တစ်ဖက်ဖြင့် ညှစ်ကာ လေထဲသို့ မြှောက်ချီထားသည်ကို တွေ့လိုက်ကြရသည်။
ဝမ်ပင်းကိုယ်တိုင်လည်း တကယ်တော့ အနည်းငယ် ဝေခွဲမရ ဖြစ်နေမိ၏။
လွန်ခဲ့သည့်ညက လင်ယွန်း ရောက်လာစဉ်ကလည်း မီးခိုးများနှင့် ဆော့ကစားရသည်ကို သဘောကျပြီး အကြီးအကျယ် ကစားချင်သည်ဟုပြောကာ ယွင်လန်တောင်တစ်ခုလုံးကို ဖုံးလွှမ်းပစ်ခဲ့သေးသည်။
ကြီးကျယ်ခမ်းနားသော စွမ်းဆောင်မှုတစ်ခုအလား ထင်မှတ်ခဲ့ရသော်လည်း ကံဆိုးစွာဖြင့် ယခုမူ သစ်ပင်စိုက်ရန် ဖမ်းဆီးခြင်း ခံလိုက်ရသည်။
ဝေချန်းကျွင်းတွင် အသစ်အဆန်း နည်းဗျူဟာအချို့ ရှိလိမ့်မည်ဟု သူထင်မှတ်ထားခဲ့သော်လည်း သူထုတ်သုံးသမျှ နောက်ဆုံးလက်နက်ဟူသည်မှာ မီးခိုးများကို မှုတ်ထုတ်ခြင်း သက်သက်သာ ဖြစ်နေ၏။
ထို့အပြင် ယွင်လန်တောင်သည် ကောင်းကင်နှင့် မြေပြင် ဖန်တီးပြောင်းလဲမှု ပြီးကတည်းက အလိုအလျောက် သန့်စင်သည့် စနစ်တစ်ခု ရှိနေခဲ့ရာ မိုးကြိုးတိမ်တိုက်များကိုပင် ရှင်းလင်းပစ်နိုင်စွမ်း ရှိသည်ဖြစ်ရာ ဤကဲ့သို့သော မီးခိုးအနည်းငယ်ကိုမူ ဆိုဖွယ်ရာမရှိချေ။
ထိုအချိန်တွင် ဝေချန်းကျွင်းသည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ မျက်နှာတစ်ခုလုံး မယုံကြည်နိုင်ခြင်းများဖြင့် ပြည့်နှက်သွားတော့သည်။
"မဖြစ်နိုင်တာ..."
အကယ်၍ ဟေးကျီ၏ အမည်းရောင်မီးခိုးများသည် လေတိုက်ရုံမျှဖြင့် လွင့်ပါးသွားနိုင်ပါက သူသည် ယင်းကို လုံးဝ မလွဲမရှောင်သာသည့် အခြေအနေမှလွဲ၍ အသုံးပြုမည့် နောက်ဆုံးလက်နက်အဖြစ် သတ်မှတ်ထားလိမ့်မည်မဟုတ်ပေ။
အခုနက တိုက်ခတ်သွားသော လေပြေလေညင်းကို ထားလိုက်ပါက တကယ့် လေမုန်တိုင်းကြီး တိုက်ခတ်လျှင်ပင် ထိုမီးခိုးကို ရွေ့လျားအောင် ပြုလုပ်နိုင်စွမ်းမရှိချေ။
ယင်း၏ တည်ရှိမှုသည် ဟေးကျီကိုယ်တိုင်က ရုပ်သိမ်းရန် သဘောတူခြင်းမရှိပါက ပြင်ပအင်အားစုများဖြင့် ထိန်းချုပ်၍ မရနိုင်သောအရာ ဖြစ်သည်။
သို့မဟုတ်ပါက သူသည် တောင်ပေါင်းထောင်သောင်းကို ဖြတ်ကျော်ကာ အရှေ့အိုင်အပါအဝင် ရေကန်ပေါင်း တစ်ဒါဇင်ကျော်ကို ရှာဖွေပြီး သူမကို ရှာဖွေခဲ့လိမ့်မည်မဟုတ်ချေ။
ဝေချန်းကျွင်းကို ထားလိုက်ပါက ဟေးကျီအကြောင်းကို သိရှိထားကြသော အခြားသူများသည်လည်း ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အားလုံး မှင်သက်အံ့ဩသွားကြရသည်။
အခုနတင် တိုက်ပွဲပြီးဆုံးတော့မည်ဟု ထင်မှတ်နေခဲ့ကြသော်လည်း လေပြင်းတစ်ချက်က အမည်းရောင်မီးခိုးများကို မှုတ်ထုတ်ပစ်လိုက်သည်။
ယခုအချိန်တွင် ဝေချန်းကျွင်း၏ ရင်ထဲ၌ ထွက်ပြေးလိုသော စိတ်ဆန္ဒတစ်ခုသာ စိုးမိုးနေတော့၏။
သူသည် ဝမ်ပင်းနှင့် တိုက်ခိုက်နေခြင်းမှာ မည်သည့် ကိုယ်ရေးကိုယ်တာ ရန်ငြိုးရန်စကြောင့်မှ မဟုတ်ဘဲ ဆုကြေးငွေကြောင့်သာ ဖြစ်သည်။
ယခုအခါ ဝမ်ပင်းသည် အလွန်တရာ အစွမ်းထက်လှပြီး သူ၏ အသားအရေသက်သက်ဖြင့် အထွတ်အထိပ်ရောက် လေမုန်တိုင်းဓားချက်ကိုပင် ခုခံနိုင်စွမ်းရှိသည်ကို မြင်တွေ့လိုက်ရသဖြင့် သူသည် ရှေ့ဆက်၍ မတွန့်ဆုတ်ရဲတော့ချေ။
စွန့်စားရမှုနှင့် ရရှိမည့် အကျိုးအမြတ်က လုံးဝ မျှတမှုမရှိတော့ရာ ဆက်လက်တိုက်ခိုက်နေခြင်းက အဓိပ္ပာယ်မရှိတော့ပေ။
နောက်တစ်ကိုယ်တွင် ဝေချန်းကျွင်း၏ ခြေဖဝါးအောက်မှ လေပြင်းများ ထွက်ပေါ်လာပြီး ရေကြည်လမ်းမပေါ်ရှိ မြို့ရိုး၏ အခြားတစ်ဖက်သို့ လျှင်မြန်စွာ ပြေးဝင်သွားတော့သည်။ ကနဦးတွင် အကွာအဝေးမှာ မီတာရာဂဏန်းခန့် ရှိသော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် မြို့ရိုးဆီသို့ ရောက်ရှိလုနီးပါး ဖြစ်သွားပြီး ခြေတစ်ဖက်မှာ မြို့ရိုးမျှော်စင်၏ အုတ်ခဲများပေါ်သို့ နင်းမိနေပြီဖြစ်သည်။
"ဒါဆို... မင်း အခု ကြောက်သွားပြီပေါ့..."
ပြောပြီးသည်နှင့် ဝမ်ပင်းသည် ဟေးကျီကို မြေကြီးပေါ်သို့ ပစ်ချလိုက်ကာ သူ့နောက်သို့ ချက်ချင်း လိုက်လံဖမ်းဆီးတော့သည်။
ဝမ်ပင်းသည် အဆင့်နိမ့်နက်နဲသောအဆင့်မျှသာ ရှိသေးသော်လည်း သူ၏ ကိုယ်ခန္ဓာမှာ မီးဝိညာဉ်ခန္ဓာ ဖြစ်ခြင်းကြောင့် ကြံ့ခိုင်မှုအပိုင်းတွင် ဝေချန်းကျွင်းထက် များစွာ သာလွန်သည်။
တစ်ခဏအတွင်းမှာပင် သူသည် မြို့ရိုးအစွန်းသို့ မှီအောင် လိုက်နိုင်ခဲ့ပြီး တစ်ပြိုင်နက်တည်းမှာပင် တစ်ဝက်တစ်ပျက် ဆောက်လုပ်ထားသော မြို့ရိုးမျှော်စင်ပေါ်သို့ ခုန်တက်ကာ ခန္ဓာကိုယ်တစ်ခုလုံးဖြင့် မြို့ရိုးမျှော်စင်ကို ဖြတ်ကျော်လျက် ကောင်းကင်ယံသို့ ပျံတက်သွားတော့သည်။
ဘုန်း….
သွေးကြောတုန်ခါသံသည် မိုးကြိုးပစ်ချလိုက်သည့်အလား ကျယ်လောင်စွာ ထွက်ပေါ်လာကာ မီးနဂါးတစ်ကောင် ထွက်ပေါ်လာ၏။
တစ်ကောင်…..
နှစ်ကောင်……
သုံးကောင်…….
ကောင်းကင်ယံတစ်ခုလုံးသည် အဆုံးအစမဲ့သော မီးပင်လယ်ကြီးအသွင်သို့ လုံးဝပြောင်းလဲသွားခဲ့ပြီး သဲကြီးမဲကြီးရွာသွန်းသော မိုးသက်မုန်တိုင်းအလား မီးနဂါးအစောင်စောင်တို့သည် မြေပြင်ပေါ်၌ ထွက်ပြေးနေသော ဝေချန်းကျွင်းထံသို့ တပြိုင်နက်တည်း အရှိန်အဟုန်ဖြင့် ပစ်ဆင်းသွားကြတော့သည်။
ဝေချန်းကျွင်း၏ ထွက်ပြေးသည့် အရှိန်နှင့် နှိုင်းယှဉ်လျှင် ကောင်းကင်မှ ပျံသန်းကျဆင်းလာသော မီးနဂါးများ၏ အရှိန်မှာ အလွန်တရာ မြန်ဆန်လွန်းလှရာ မျက်စိတစ်မှိတ်အတွင်းမှာပင် ဝေချန်းကျွင်း၏ ကျောပြင်နားအထိ ကပ်၍ ရောက်ရှိလာခဲ့ပြီဖြစ်သည်။
သူ၏ ကျောပြင်ဘက်မှ လောင်မြိုက်ပူပြင်းလှသော အပူရှိန်ကို ခံစားလိုက်ရသဖြင့် ဝေချန်းကျွင်း၏ ရင်တုန်ပန်းတုန်ဖြစ်မှုက လည်ချောင်းဝအထိ ဆောင့်တက်လာခဲ့၏။
သူ နောက်သို့ လှည့်ကြည့်လိုက်မိချိန်တွင် မျက်ဝန်းအစုံမှာ ရုတ်ချည်း ပြူးကျယ်သွားတော့သည်။
"မဖြစ်နိုင်ဘူး..."
ထိုအာမေဍိတ်သံ အဆုံးတွင် မီးနဂါးများသည် သူ့အပေါ်သို့ သည်းထန်စွာ ရွာသွန်းသော မိုးရေစက်များကဲ့သို့ ကျရောက်ပေါက်ကွဲသွားကြတော့၏။
ခုခံရန် အတွေးပင် မရှိတော့သည့် ဝေချန်းကျွင်းသည် သူ၏ အားအနည်းဆုံးသော နောက်ကျောဘက်ကို ဝမ်ပင်းထံသို့ လုံးလုံးလျားလျား ဖွင့်ပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့ရသည်။
ဘုန်း
မီးနဂါးများ ပြင်းထန်စွာ ပေါက်ကွဲသွားပြီးနောက် မြို့ပြင်တွင် မီတာဆယ်ဂဏန်းခန့် ကျယ်ဝန်းသော စက်ဝိုင်းပုံစံ ကျင်းကြီးတစ်ကျင်း ရုတ်ချည်း ပေါ်ပေါက်လာခဲ့ပြီး ဝေချန်းကျွင်း၏ အရိပ်အယောင်ကိုမူ မည်သည့်နေရာတွင်မှ မတွေ့ရတော့ချေ။
အကြောင်းမူကား ပြာမှုန့်မျှပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားခဲ့သောကြောင့်ပင်။
ဤမြင်ကွင်းသည် မြို့ရိုးမျှော်စင်ထံသို့ အပြေးအလွှား လိုက်ပါလာကြသူများနှင့် မြို့ရိုးပေါ်တွင် အသင့်ရပ်နေကြသူများအားလုံးကို ဆွံ့အကာ မှင်သက် သွားစေခဲ့တော့သည်။
"ဝေချန်းကျွင်း သေသွားပြီလား..."
ဟွမ်းချိန်သည် မြို့ရိုးပေါ်တွင် ရပ်ရင်း မီတာရာဂဏန်းခန့် ဝေးကွာသော နေရာရှိ ကျင်းကြီးကို လှမ်းကြည့်ကာ တုန်ရင်ခက်ထန်သော အသံဖြင့် မဆိုစလောက် လှမ်း၍ မေးလိုက်မိသည်။
သူ့အနားတွင်ရှိသော မုရုံချီကမူ သုကိုယ်တိုင်ပင် မယုံကြည်နိုင်သေးသည့် ထိုအမှန်တရားကို လေးနက်စွာ ခေါင်းငြိမ့်ပြရင်း အတည်ပြုပေးလိုက်၏။
"ဝေချန်းကျွင်း သေသွားပြီ..."
ချင်ရှန်း၊ ယွင်လျောင်၊ မုရုံချီ၊ ဟွမ်းချိန် သူတို့အားလုံးသည် ဝမ်ပင်းက ထိုနက်ရှိုင်းလှသော ကျင်းကြီးဆီသို့ တရွေ့ရွေ့ လျှောက်လှမ်းသွားသည်ကို တိတ်ဆိတ်စွာ ငေးကြည့်နေကြမိသည်။
အသက် တစ်ဆယ့်ရှစ်နှစ်အရွယ်သာ ရှိသေးပြီး ရုပ်ရည်မှာလည်း လူငယ်လေးတစ်ဦးအလား ရှိသော်လည်း အရှေ့အိုင်၏ အထွတ်အထိပ်တွင် ရပ်တည်နေသော ဝေချန်းကျွင်းကို သတ်ဖြတ်နိုင်ခဲ့သည်။
ထို့အပြင် ဝေချန်းကျွင်း၏ သေဆုံးမှုသည် အရှေ့အိုင်တွင် အရှင်သခင်အသစ်တစ်ဦးကို မလွဲမသွေ ပေါ်ထွက်လာစေမည်ဖြစ်ပြီး ထိုသူ၏ နာမည်ကျော်ကြားမှုက ဝေချန်းကျွင်းထက်ပင် ပိုမိုထင်ရှား လျှမ်းလျှမ်းတောက်သွားပေလိမ့်မည်။
သူသည် အရှေ့အိုင်၏ အသက်အငယ်ဆုံး နက်နဲသောအဆင့် ကျင့်ကြံသူပင်။
ဤကျင့်ကြံခြင်း အရှိန်အဟုန်ကို ထောက်ရှုရလျှင် နောင်တစ်ချိန်တွင် သူသည် နက်နဲသောအဆင့်ကို ကျော်လွန်၍ နတ်ဘုရားနက်နဲသောအဆင့်သို့ ခြေလှမ်းလှမ်းနိုင်မည်မှာ ဧကန်မလွဲပင်။
နတ်ဘုရားနက်နဲသောအဆင့်ဟူသည် မည်ကဲ့သို့သော အခြေအနေမျိုးဖြစ်ကြောင်း မည်သူမျှ မသိရှိကြသော်လည်း အရှေ့အိုင်တွင်မူ ထိုကဲ့သို့သော အဆင့်မျိုး မရှိသေးကြောင်းကိုမူ သူတို့ ရဲရဲကြီး ပြောရဲကြသည်။
ဝမ်ပင်းသည် ထိုအဆင့်သို့ မုချရောက်ရှိသွားမည်ဖြစ်ပြီး အရှေ့အိုင်ကို တစ်ဦးတည်း အပိုင်စိုးမိုးမည့် အရှင်သခင်ကြီး ဖြစ်လာပေလိမ့်မည်။
အကြောင်းမူကား ဝမ်ပင်း၏ အနားတွင် ဖြစ်ပျက်သမျှသော မဖြစ်နိုင်သည့် အရာမှန်သမျှက နောက်ဆုံးတွင် အမြဲတမ်း အမှန်တကယ် ဖြစ်လာခဲ့သောကြောင့်ပင်။
"လွန်ခဲ့တဲ့ တစ်နှစ်လောက်က ဝမ်ပင်းက... ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်ခုနစ်လောက်ပဲ ရှိသေးပြီး မိဘမဲ့ဘဝနဲ့ အားကိုးရာမဲ့ ခြောက်သွေ့စွာ ရှင်သန်နေခဲ့ရသူဆိုတာ ဘယ်သူကများ ထင်မှတ်ထားခဲ့ဖူးမှာလဲ...
ဒါပေမဲ့... တစ်နှစ်အကြာ အခုအချိန်မှာတော့... သူ့ရဲ့စွမ်းအားက အရှေ့အိုင်ရဲ့ အထွတ်အထိပ်မှာ မားမားမတ်မတ် ရပ်တည်နေခဲ့ပြီ..."
လူတိုင်း၏ စိုက်ကြည့်နေကြသော မျက်ဝန်းများအောက်တွင် ဝမ်ပင်းသည် မြို့ပြင်မှ ပြန်လည်ရောက်ရှိလာပြီး မြို့ရိုးမျှော်စင်ပေါ်သို့ ခုန်တက်ကာ အမျိုးသမီးတစ်ဦးအသွင် ရှိနေသော ဟေးကျီကို စိုက်ကြည့်လိုက်၏။
ဤထူးဆန်းသော မိစ္ဆာသည် အဆင့်နိမ့်နက်နဲသောအဆင့်မျှသာ ရှိသေးသော်လည်း အလွန်ထူးခြားသည်။
ဝမ်ပင်းက အေးစက်စွာ မေးလိုက်သည်။
"မင်း ကလဲ့စားချေချင်လား..."
ဟေးကျီက ခေါင်းခါပြလျက် "ကျွန်မ မလုပ်နိုင်ပါဘူး... ဒါကြောင့် အဲလိုလုပ်ဖို့ တစ်ခါမှ မတွေးခဲ့ဖူးပါဘူး" ဟု ပြန်ပြော၏။
ဝမ်ပင်းက ချက်ချင်းပင် အမိန့်ပေးလိုက်သည်။
"ဒီနေ့ကစပြီး မသေမျိုးဂိုဏ်းမှာ ကျွန်အဖြစ် နှစ်ပေါင်း သုံးရာ အစေခံရမယ်။ ဒီနေ့ တိုက်ပွဲကြောင့် ပျက်စီးသွားတဲ့ သစ်ပင်တွေအားလုံးကို ပြန်စိုက်ရမယ်။ ဒါမှမဟုတ် မင်း သေမယ့်လမ်းကိုလည်း ရွေးချယ်နိုင်တယ်"
"ကျွန်မ ကျွန်အဖြစ် အစေခံဖို့ သဘောတူပါတယ်..."
ဟေးကျီသည် ချက်ချင်းပင် ဒူးထောက်လိုက်သည်။
ဝမ်ပင်းက ခေါင်းငြိမ့်ပြပြီးနောက် မြို့ရိုးမျှော်စင်ပေါ်မှ ခုန်ဆင်းကာ ထွက်ခွာသွားတော့၏။
ချင်ရှန်းသည် ထိုမြင်ကွင်းကို ကြည့်ပြီး ဘာပြောရမှန်းပင် မသိတော့ချေ။
အထူးသဖြင့် ဝမ်ပင်းက ဟေးကျီကို သစ်ပင်စိုက်ခိုင်းသည့် စကားကို ကြားရသောအခါ ပို၍ပင် ဆွံ့အကာ မတတ်နိုင်သလို ခံစားလိုက်ရသည်။
ဤသစ်ပင်စိုက်သည့် အလုပ်သမားတပ်ဖွဲ့ထဲတွင် မိစ္ဆာဘုရင်တစ်ကောင် ရှိနေသည့်အပြင် ကွန်လင်တောင်မှ လာသော အလယ်အလတ် နက်နဲသောအဆင့်ရှိသူ တစ်ဦးလည်း ရှိနေပြီး ယခုအခါတွင်မူ နတ်ဘုရားနက်နဲသောအဆင့်ထက်ပင် ရှားပါးလှသည့် ဟေးကျီမိစ္ဆာတစ်ကောင်ပါ ထပ်မံတိုးပွားလာခဲ့သည်။
သူသည် ခပ်တိုးတိုး ရယ်မော်လိုက်ပြီးနောက် ထွက်ခွာသွားသော ဝမ်ပင်း၏ ခြေလှမ်းများနောက်သို့ အမှီလိုက်ရန် အမြန် လျှောက်လှမ်းသွားတော့သည်။
သူတို့နှင့်မလှမ်းမကမ်းရှိ မြို့ရိုးပေါ်တွင် ရပ်နေသော မုရုံချီမှာမူ သက်ပြင်းအရှည်ကြီးကို ချလိုက်မိ၏။
ယွင်လန်တောင်ခြေရင်းတွင် အလယ်အလတ် နက်နဲသောအဆင့်ရှိသော စွမ်းအားရှင် အများအပြား၏ အရိပ်အယောင်များ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း ရင်ထဲမှနေ၍ မချီးကျူးဘဲ မနေနိုင်တော့ပေ။
"အသက် တစ်ဆယ့်ရှစ်နှစ်နဲ့ ဝေချန်းကျွင်းကို သတ်ပစ်ခဲ့တာပဲ..."
"အကယ်၍ ရှန်းလုံသာ ဒါကို သိသွားရင် ဒီဆုကြေးငွေ ထုတ်ခဲ့မိတဲ့အတွက် တကယ့်ကို နောင်တရလိမ့်မယ်... ဒါက သေရာပါ ရန်ငြိုးရန်စ ဖြစ်သွားပြီပဲ..."