အခန်း ၁၉၄
Vol. 20 Ch. 194
အခန်း။ ၁၉၄
ညမိစ္ဆာအပြင် ကျန်ရှိနေသည့် အလယ်အလတ် နက်နဲသောအဆင့် စွမ်းအားရှင် နှစ်ဦးသည်လည်း တစ်ယောက်ပြီးတစ်ယောက် ဆန်းဝူမြို့ထဲမှ သုတ်သီးသုတ်ပျာ ထွက်ပြေးသွားကြတော့သည်။
ညမိစ္ဆာနည်းတူပင် သူတို့သည် မြို့တော်ဝန်ရုံး၏ အာဏာကို မမှုကြသော်လည်း ဝမ်ပင်း၏ စကားကိုမူ မလွန်ဆန်ဝံ့ကြချေ။
အကြောင်းမူကား ဤနေရာသည် မသေမျိုးဂိုဏ်း၏ နယ်မြေ ဖြစ်နေသောကြောင့်ပင်။
ထိုသူသုံးဦး ထွက်ခွာသွားပြီးနောက် ဆန်းဝူမြို့၏ လေထုသည်လည်း ပိုမိုလတ်ဆတ်ကာ သန့်စင်သွားသကဲ့သို့ပင်။
မြို့သူမြို့သားများသည်လည်း သူတို့၏ နေအိမ်များသို့ တရွေ့ရွေ့ ပြန်လည်ပြောင်းရွှေ့လာကြပြီး ဤတစ်ကြိမ်တွင်မူ မြို့တော်ဝန်ရုံးက ရေကြည်လမ်းမကို ရှင်းလင်းရန် အင်အားအလုံးအရင်းဖြင့် တိုက်ရိုက်စေလွှတ်ခဲ့သည်။
သို့သော် သူတို့သည် ရေကြည်လမ်းမကို ပြန်လည်မတည်ဆောက်တော့ဘဲ နေထိုင်သူများကို အခြားလမ်းများသို့ ရွှေ့ပြောင်းပေးခဲ့ကြ၏။
ထို့ကြောင့်ပင် နောင်တစ်ချိန်တွင် ယွင်လန်တောင်ခြေရင်း၌ မီတာနှစ်ရာမှ သုံးရာခန့် ကျယ်ဝန်းသော ရင်ပြင်ကြီးတစ်ခု ပေါ်ထွက်လာရခြင်းပင်။
ယင်းတို့မှာ နောက်ပိုင်းမှ ဖြစ်ပျက်မည့် ကိစ္စရပ်များသာ ဖြစ်၏။
လတ်တလောတွင်မူ ဝေချန်းကျွင်းကို သတ်ဖြတ်ပြီးနောက် ဝမ်ပင်းသည် အဆင့်မြှင့်တင်မှု အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီဖြစ်သော အိပ်ဆောင်ဧရိယာဆီသို့ လင်းခယ်ဝူကို ခေါ်ဆောင်လာခဲ့သည်။
အဆင့်မြှင့်တင်မှု ပြီးဆုံးသွားသောအခါ အိပ်ဆောင်ဧရိယာသည် အခန်းပေါင်း ၂၀ အထိ တိုးချဲ့ကျယ်ပြန့်သွားခဲ့၏။
ထို့အပြင် မြေနေရာအကျယ်အဝန်းသည်လည်း ပိုမိုကျယ်ဝန်းလာခဲ့သည်။
အခန်း ၂၀ စလုံးကို ရေကန်အလယ်ရှိ စက်ဝိုင်းပုံစံ ကျွန်းငယ်လေးတစ်ခုကို ဝန်းရံလျက် ဆောက်လုပ်ထားခြင်းပင်။
ထိုအခန်း ၂၀ ၏ ဗဟိုချက်တည့်တည့်တွင် ရေပန်းတစ်ခုကိုလည်း ထည့်သွင်းပေးထားသေး၏။
နေရောင်ခြည် ဖြာကျလာသောအခါ ထိုရေပန်းသည် ကောင်းကင်ဘုံ၏ မျက်နှာသာပေးမှုကို ရရှိထားသည့်အလား ရောင်စုံသက်တန့်တစ်ခု ဝန်းရံနေပြီး ဖော်ပြ၍မရနိုင်လောက်အောင် လှပလွန်းသည်။
ဝမ်ပင်းက ဘေးရှိ လင်းခယ်ဝူကို လှမ်း၍ ပြောလိုက်သည်။
"ဒါ မင်းနောင်ကျရင် တည်းခိုရမယ့်နေရာပဲ တစ်ရက်ကို ရွှေဒင်္ဂါး ၅၀ ကျသင့်မယ်"
ထိုအခိုက်အတန့်တွင် သူ့ရှေ့ရှိ မြင်ကွင်းကို ကြည့်ရင်း လင်းခယ်ဝူ၏ မျက်ဝန်းအစုံမှာ အရောင်တောက်သွားခဲ့ရသည်။
အထူးသဖြင့် ထိုရေပန်းကို မြင်လိုက်ရသောအခါ သူသည် အလွန်တရာ စိတ်လှုပ်ရှားသွားခဲ့၏။ အမှန်အတိုင်းပြောရလျှင် သူသည် သားနားထည်ဝါလှသော တည်းခိုခန်း အတော်များများတွင် တည်းခိုဖူးခဲ့သူ ဖြစ်သည်။
သို့သော် ထိုတည်းခိုခန်းများမှာ မည်မျှပင် ဆန်းပြားပြီး အခန်းတွင်း စင်ပေါ်ရှိ ပစ္စည်းများက မည်မျှပင် တန်ဖိုးကြီးနေပါစေ ဤနေရာ၏ အလှတရားကိုမူ အနည်းငယ်မျှပင် မယှဉ်နိုင်ချေ။
အခန်းများ၏ ပုံစံမှာ ထူးခြားဆန်းသစ်ပြီး တစ်ပါးသော တိုင်းပြည်တစ်ခု၏ အငွေ့အသက်များကို ပေးစွမ်းနေကာ ရေပန်းမှ ရေများ ပန်းထွက်နေပုံမှာပင် အလွန်တရာ အံ့မခန်းဖွယ်ကောင်းလှသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သူသည် စောစောက ဝမ်ပင်း၏ စွမ်းအားအပေါ် အံ့ဩမှင်သက်နေခဲ့သည့် အတွေးအားလုံးကိုပင် မေ့လျော့သွားခဲ့တော့၏။
အတန်ကြာမှ လင်းခယ်ဝူသည် သတိပြန်ဝင်လာပြီး ဘေးရှိ ဝမ်ပင်းကို အလျင်အမြန် ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်"
ပြောပြီးသည်နှင့် သူသည် အိပ်ဆောင်ဧရိယာထဲသို့ ဝင်ရောက်ရန် သစ်သားတံတားကို ချက်ချင်း အားပြုကာ လျှောက်လှမ်းခဲ့ပြီး ရွှေလင်းယုန်မိစ္ဆာကြီးကလည်း သူ့နောက်မှ ကပ်လျက် လိုက်ပါလာခဲ့သည်။
သို့သော် ဝမ်ပင်းက လှမ်း၍ တားလိုက်၏။
"မသေမျိုးဂိုဏ်းထဲမှာ ပြင်ပလူတွေအနေနဲ့ တစ်နာရီထက်ပိုပြီး မနေရဘူး။ ရွှေလင်းယုန်က ဒီမှာရှိနေတာ တစ်နာရီ ပြည့်သွားပြီ"
ရွှေလင်းယုန်မှာ ဆွံ့အသွားခဲ့ရသည်။
ဒီလို စည်းကမ်းမျိုးက ဘာလို့ရှိနေရတာလဲဟု သူလှမ်းမေးရန် ပြင်လိုက်စဉ်မှာပင် လင်းခယ်ဝူက စကားဖြတ်ပြောလိုက်၏။
"ဒါဆိုရင်လည်း မင်း ဆန်းဝူမြို့ထဲမှာပဲ တည်းခိုစရာနေရာတစ်ခု သွားရှာလိုက်တော့"
ရွှေလင်းယုန်မှာ ခေတ္တမျှ စကားဆွံ့သွားရကာ "သခင်လေး... ဒါက..."
လင်းခယ်ဝူသည် လင်းမိသားစု၏ သခင်လေးတစ်ဦး ဖြစ်သည်ဖြစ်ရာ မယားငယ်က မွေးဖွားလာသူဖြစ်လင့်ကစား သူသည် လင်းခယ်ဝူကို သေချာစွာ စောင့်ရှောက်ကာကွယ်ပေးရမည် ဖြစ်သည်။
သို့မဟုတ်ပါက သခင်လေးကို အရှေ့အိုင်သို့ တိတ်တဆိတ် ခေါ်ထုတ်လာပြီး တစ်စုံတစ်ခု ဖြစ်ပွားသွားခဲ့ကြောင်း အထက်က သိရှိသွားပါက အကျိုးဆက်မှာ မတွေးရဲစရာပင်။
လင်းခယ်ဝူသည် ရွှေလင်းယုန် ဘာတွေးနေသည်ကို ရိပ်မိပုံရပြီး ချက်ချင်းပင် ပြောလိုက်သည်။ "စိတ်မပူပါနဲ့ ဂိုဏ်းချုပ်ဝမ်က ထူးခြားဆန်းပြား သွေးကြောကျင့်ကြံသူတစ်ဦးပဲ။ ငါ့အပေါ် ဘာမကောင်းတဲ့ စိတ်အကြံမှ ထားမှာ မဟုတ်ဘူး"
"ဟုတ်ကဲ့ပါ..."
ရွှေလင်းယုန်က ခေါင်းငြိမ့်ပြပြီးနောက် လှည့်ထွက်သွားခဲ့တော့သည်။
ရွှေလင်းယုန် ထွက်ခွာသွားပြီးနောက် ဝမ်ပင်းသည်လည်း ထိုနေရာမှ ထွက်လာခဲ့၏။
ပြောရမည်ဆိုလျှင် တင်းယွီခန်းမသည်လည်း အဆင့်မြှင့်တင်မှု အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
ဝမ်ပင်းသည် ခြေလှမ်းများကို ခပ်သွက်သွက်လှမ်းလိုက်ပြီး တင်းယွီခန်းမရှိရာသို့ အမြန် လျှောက်လှမ်းလာခဲ့၏။
အဆင့်မြှင့်တင်ပြီးနောက် တင်းယွီခန်းမတွင် အသေးစား ပြောင်းလဲမှုအချို့ ရှိခဲ့သော်လည်း ခြုံငုံကြည့်လျှင်မူ ပြောင်းလဲမှုကြီးကြီးမားမား မရှိလှချေ။
မိစ္ဆာဝိညာဉ်ဓား၏ စွမ်းအားသည် နတ်ဘုရားနက်နဲသောအဆင့် တစ်ဝက်ဖိတ်စင်ခြင်းသို့ တိုးမြင့်လာပြီးနောက်တွင်လည်း ထူးခြားသော ပြောင်းလဲမှုမျိုး မတွေ့ရချေ။
ပြောင်းလဲမှု ရှိမရှိဟူသည်မှာ အပေါ်ယံ အသွင်အပြင်မျှသာ ဖြစ်၏။
အဆင့်မြှင့်တင်ထားသော တင်းယွီခန်းမသည် ယခင် တင်းယွီခန်းမနှင့်ကား လုံးဝ နှိုင်းယှဉ်၍ ရနိုင်မည်မဟုတ်ချေ။
နတ်ဘုရားနက်နဲသောအဆင့် တစ်ဝက်ဖိတ်စင်ခြင်းရှိသော မိစ္ဆာဝိညာဉ်ဓား ရှိနေပြီဖြစ်ရာ ယခုအခါတွင် သူသည် တော်ဝင်သွေးရှိသော မျက်လုံးနီမျောက်လွှဲကျော်ကြီးနှင့် ဆက်လက်တိုက်ခိုက်ရဦးမည်ဆိုလျှင်ပင် ပင်မအဆောင်ရှိ ကျောက်ကျားကို ငရဲကျားအဖြစ် ပြောင်းလဲခြင်းကဲ့သို့သော ဆန်းပြားသည့် နည်းဗျူဟာများကို ထုတ်သုံးရန်ပင် မလိုတော့ဘူးဟု ခံစားလိုက်ရသည်။
လက်တစ်ချက် လှုပ်ရုံမျှဖြင့် ထိုမျက်လုံးနီမျောက်လွှဲကျော်ကြီးကို လဲပြိုသွားစေနိုင်ပေလိမ့်မည်။
ဤခံစားချက်သည် အခြေအမြစ်မရှိဘဲ ပေါ်လာခြင်းမဟုတ်ဘဲ မိစ္ဆာဝိညာဉ်ဓား၏ ကျင့်စဉ်အဆင့်ကို ခံစားသိရှိပြီးနောက် ရင်ထဲမှ အလိုအလျောက် ပေါ်ထွက်လာသည့် အတွေးတစ်ခု ဖြစ်သည်။
ဟားဟား၏ ခေါင်းကို ပွတ်သပ်ပေးပြီးနောက် ဝမ်ပင်းသည် တင်းယွီခန်းမထဲသို့ ဝင်ရောက်လိုက်ပြီး "စနစ်... ဂိုဏ်းတွင်း စတိုးဆိုင်ကို ဖွင့်လိုက်စမ်း" ဟု အမိန့်ပေးလိုက်၏။
ဂိုဏ်းတွင်း စတိုးဆိုင်သည်လည်း အဓိက အရေးပါသော အချက်တစ်ခုပင်။
ထိုစကားအဆုံးတွင် သူ၏ ရှေ့မှောက်၌ အလင်းမျက်နှာပြင်တစ်ခု ရုတ်ချည်း ပေါ်ထွက်လာခဲ့ပြီး ဂိုဏ်းတွင်း စတိုးဆိုင်က သူ့ရှေ့၌ အပြည့်အဝ ပေါ်လာခဲ့တော့သည်။
ပထမဦးစွာ ဂိုဏ်းဝတ်စုံ ပြောင်းလဲသည့်စက်က ရောင်းထွက်သွားခဲ့ပြီ ဖြစ်သည်။
ယခုအခါတွင်မူ ပစ္စည်းအသစ်တစ်ခု ထပ်မံတိုးပွါးလာခဲ့၏။
ယင်းမှာ ကျန့်မုသစ်စေ့ပင်။
ဝမ်ပင်းက ချက်ချင်းပင် မေးလိုက်သည်။
"စနစ်... ဒီ ကျန့်မုသစ်စေ့ ဆိုတာ ဘာလဲ"
စနစ်က ပြန်ဖြေသည်။
"ကျန့်မု ဆိုတာ ဒဏ္ဍာရီတွေထဲမှာတော့... အစွမ်းအထက်ဆုံးဖြစ်တဲ့ စွမ်းအားရှင်တွေ၊ နတ်ဘုရားတွေနဲ့ ဆက်သွယ်ဖို့ အသုံးပြုတဲ့ လှေကားထစ်တစ်ခုပဲ။ သူက ဘယ်တော့မှ မညှိုးနွမ်းသွားဘဲ အမြဲတမ်း စိမ်းလန်းစိုပြည်နေတဲ့ အရာမျိုးပေါ့..."
"မင်းပြောချင်တာက... ငါသာ ဒါကို စိုက်လိုက်ရင် နတ်ဘုရားတွေနဲ့ ဆက်သွယ်နိုင်မယ်လို့ ဆိုလိုတာလား..."
ထိုသို့တွေးရင်း ဝမ်ပင်းသည် ယင်းကို ရယ်စရာတစ်ခုအဖြစ်သာ သဘောထားလိုက်မိ၏။
နတ်ဘုရားတွေနဲ့ ဆက်သွယ်တယ်ဆိုတာ... ဒီကမ္ဘာမှာ တကယ်ပဲ နတ်ဘုရားတွေ ရှိလို့လား...
အကယ်၍ ရှိနေဦးတော့... သူတို့က အရမ်းအစွမ်းထက်တဲ့ ကျင့်ကြံသူအချို့ပဲ ဖြစ်မှာပါ။
ငါက ဘာကိစ္စသူတို့နဲ့ လိုက်ပြီး ဆက်သွယ်နေရမှာလဲ...
သူ့အတွေးကို စနစ်က ဆက်ရှင်းပြလာ၏။
"ဒီကျန့်မုသစ်စေ့မှာ နတ်ဘုရားတွေနဲ့ ဆက်သွယ်နိုင်တဲ့ စွမ်းရည် မရှိတာ မှန်ပေမဲ့... သူ့ရဲ့ တန်ဖိုးကတော့ အရမ်းကြီးမားပါတယ်။ သက်စောင့်သစ်ပင်နဲ့ နှိုင်းယှဉ်ရင်တော့ အဖိုးတန်တဲ့အပိုင်းမှာ အနည်းငယ် လျော့နည်းနိုင်ပေမဲ့... အဓိက အကျဆုံးအချက်ကတော့ သူက သစ်သားဓာတ်ချီစွမ်းအင်တွေကို အဆက်မပြတ် ထုတ်လွှတ်ပေးနိုင်တာပဲ"
"သစ်သားဓာတ်ချီစွမ်းအင်တွေကို အဆက်မပြတ် ထုတ်ပေးနိုင်တယ် ဟုတ်လား..."
"မှန်ပါတယ်။ ဒီဖန်တီးပြောင်းလဲထားတဲ့ ကုန်းမြေပေါ်က မြေကြီးတွေက သက်စောင့်သစ်ပင်ကို ပျိုးထောင်ပေးနိုင်တဲ့ မြူမှုန်ကင်းစင်မြေတွေပါ။ အဲဒီမြေကြီးကနေ ပျိုးထောင်ပေးလိုက်တဲ့ ကျန့်မုပင်ဟာ သစ်သားဓာတ်ချီစွမ်းအင်တွေကို မပြတ်ထုတ်ပေးနေမှာမို့လို့... သခင့်အနေနဲ့ တစ်နေရာက အတွင်းအားတွေကို အကုန်စုပ်ယူမိလို့ နောက်တစ်နေရာကို ပြောင်းရွှေ့ကျင့်ကြံရမယ့် ဒုက္ခမျိုး မရှိတော့ပါဘူး။ ယွင်လန်တောင်တစ်ခုလုံးမှာ ကျန့်မုပင်တွေ အပြည့်စိုက်ပျိုးပြီး တောင်ထိပ်မှာ ထိုင်နေရုံနဲ့တင် နှစ်ပေါင်းတစ်ရာစာ ကုန်ခမ်းသွားမှာမဟုတ်တဲ့ သစ်သားဓာတ်ချီစွမ်းအင်တွေကို ရရှိမှာပါ"
စနစ်၏ စကားကို ကြားလိုက်ရသောအခါ ဝမ်ပင်း၏ နှုတ်ခမ်းစွန်းများက တရွေ့ရွေ့ မြင့်တက်သွားပြီး မထိန်းချုပ်နိုင်သော အပြုံးတစ်ခု ပေါ်ထွက်လာခဲ့၏။
သို့သော် သူ၏ ဝမ်းသာပီတိကို မဖော်ပြနိုင်သေးခင်မှာပင် စနစ်က ဆက်၍ ပြောကြားလာပြန်သည်။
"သခင်... ဒါတင်မကသေးပါဘူး။ ကျန့်မုပင်က ကောင်းကင်ဘုံကပေးတဲ့ ရှားပါးရတနာတစ်ခု ဖြစ်တာကြောင့်... လက်တွေ့အသုံးချတဲ့နေရာမှာလည်း တန်ဖိုးအရမ်းကြီးပါတယ်။ နက်နဲသောအဆင့်ရှိတဲ့သူတွေအတွက် အလွန်အကျိုးအာနိသင် ထက်မြက်တဲ့ ဝိညာဉ်အစားအစာတွေ ဖန်တီးတဲ့နေရာမှာ အသုံးပြုနိုင်တာပေါ့။
ဒါပေမဲ့... သူ့ကို စိုက်ပျိုးရမယ့် အခြေအနေကတော့ အရမ်းတင်းကျပ်လွန်းတယ်။ ရေတွင်းထဲက ဝိညာဉ်ရေစင်နဲ့ တစ်ဆယ့်ငါးမိနစ်တစ်ကြိမ် ပုံမှန်ရေလောင်းပေးရမှာပါ။ အစေ့ကနေ အညှောက်ထွက်လာပြီဆိုရင်တော့... အသက်ရှူကြိမ် ၁၀၀ တိုင်းမှာ ဝိညာဉ်ရေစင် လောင်းပေးရမှာဖြစ်ပြီး ဒီအတိုင်း ၄၈ နာရီတိတိ ဆက်တိုက်လုပ်ဆောင်ပေးမှသာ အရွက်တွေ စထွက်လာမှာပါ"
ဝမ်ပင်းသည် ဝမ်းသာအားရ ဖြစ်သွားကာ အံ့ဩတုန်လှုပ်စွာဖြင့် "ဒါက ကိစ္စအသေးအဖွဲလေးပဲဥစ္စာ... ငါ့မှာ သစ်ပင်စိုက်မယ့် အလုပ်သမား သုံးယောက်တောင် ရှိနေတာပဲ" ဟု ရေရွတ်လိုက်၏။
ထိုသို့ပြောပြီးနောက် ဝမ်ပင်းသည် ကျန့်မုသစ်စေ့၏ ဈေးနှုန်းကို ချက်ချင်း လှမ်းကြည့်လိုက်ရာ ထိုဈေးနှုန်းကို မြင်သည်နှင့် တစ်ပြိုင်နက် သူ တကယ်ပင် ထိတ်လန့်သွားခဲ့ရသည်။
သစ်စေ့တစ်စေ့၏ တန်ဖိုးမှာ ရွှေဒင်္ဂါး ၁၀,၀၀၀ ပင်။
ဤမျှ ကြီးမားလှသော ဈေးနှုန်းနှင့်အတူ ကန့်သတ်ချက်တစ်ခုလည်း ပါရှိနေသေးသည်။
ယင်းမှာ တစ်ရက်လျှင် ဆယ်စေ့သာ ဝယ်ယူခွင့်ရှိခြင်းပင်။
လတ်တလောတွင် ဤကန့်သတ်ချက်မှာ သူ့အတွက်တော့ လုံးဝမရှိသကဲ့သို့ပင်။
လက်ရှိတွင် သူ၏လက်ထဲ၌ ရွှေဒင်္ဂါး တစ်သိန်းရှစ်သောင်းခန့်သာ ရှိနေသဖြင့် အကယ်၍ သူသာ တောင်ကုန်း တောင်ပြင်တစ်ခုလုံးမှာ ကျန့်မုပင်တွေ အပြည့်စိုက်မည်ဆိုပါက သူ့ကိုယ်သူ ရောင်းလိုက်လျှင်ပင် လောက်ငှလိမ့်မည်မဟုတ်ချေ။
ဂိုဏ်းတွင်း စတိုးဆိုင်က ရောင်းချပေးနေသည့် ပစ္စည်းများမှာ တကယ့်ကို နေ့စဉ်သုံးပစ္စည်းများ ဖြစ်နေလိမ့်မည်ဟု သူ ကြိုတင်သိရှိထားခဲ့ပြီးသားပင်။
သို့သော်လည်း ဤကျန့်မုသစ်စေ့ကမူ နေ့စဉ်ဝယ်ယူရမည့်အရာ ဖြစ်နေ၏။
နေ့စဉ်သုံးပစ္စည်း မဟုတ်ချေ။
ထိုအတွေးကြောင့် သူသည် မတတ်နိုင်ဘဲ သက်စောင့်ဆေးလိပ်တစ်လိပ်ကို မီးညှိလိုက်ပြီး ခပ်ဖြည်းဖြည်း တစ်ချက် ဖွာလိုက်ရင်း လေးလံသော စိတ်နှလုံးဖြင့် ကျန့်မုသစ်စေ့ ၈ စေ့ကို ဝယ်ယူလိုက်တော့သည်။
ကျန့်မုသစ်စေ့များကို ရရှိပြီးနောက် ဝမ်ပင်းသည် တစ်စေ့ကို ကောက်ယူကာ နှစ်ချက်မျှ တောက်ကြည့်လိုက်ရာ တစ်စေ့ချင်းစီမှာ လက်သည်းခွံခန့်သာ ရှိသော်လည်း အထပ်တစ်ထောင်အလွှာ၏ ငရဲကျောက်တုံးများဖြင့် သွန်းလုပ်ထားသည့်အလား မာကျောသည်။
ထို့ကြောင့် ဝမ်ပင်းသည် ဤသစ်ပင်အညှောက်လေးက ဤမျှမာကျောလှသော သစ်စေ့ခွံကို ဖောက်ထွက်နိုင်ပါ့မလားဟုပင် တွေးတောမိသွား၏။
ကျန့်မုသစ်စေ့များကို ဝယ်ယူပြီးနောက် ဝမ်ပင်းသည် သူ၏ ကျင့်ကြံခြင်းကို ဆက်လက်လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။
သို့သော် သူ စိတ်ငြိမ်အောင် ပြင်လိုက်စဥ်မှာပင် စာကြည့်ဆောင်ဆီမှ ထူးခြားဆန်းပြားသော အတွင်းအားလှိုင်းတစ်ခု ဖြာထွက်လာသည်ကို သူ ခံစားလိုက်ရ၏။
ဤခံစားချက်မှာ ယခင်က သူ ပထဝီဖြိုခွင်း သွေးကြောတံခါးကို စတင်ဖွင့်လှစ်စဉ်က ရရှိခဲ့သော ခံစားချက်မျိုးနှင့် ထပ်တူထပ်မျှပင်။
ချက်ချင်းပင် ဝမ်ပင်း၏ ဦးနှောက်ထဲသို့ နာမည်နှစ်ခု ဖြတ်ခနဲ ဝင်ရောက်လာခဲ့၏။
မြောင်ယင်းနှင့် ယွင်လျောင်တို့နှစ်ဦးစလုံးသည် အဆင့်တစ်ဆယ့်သုံး ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ်သို့ ရောက်ရှိနေကြသူများဖြစ်ပြီး နက်နဲသောအဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်မည့် အလားအလာ ရှိနေသူများ ဖြစ်ကြသည်။
ရှေ့ဆက်၍ အချိန်ဆွဲမနေတော့ဘဲ ထိုအတွင်းအားလှိုင်းများနောက်သို့ လိုက်ပါရင်း ဝမ်ပင်းသည် စာကြည့်ဆောင်၏ အရှေ့သို့ ရောက်ရှိလာခဲ့တော့သည်။
ထိုအချိန်တွင် စာကြည့်ဆောင်၏ ပတ်ပတ်လည် မီတာသုံးဆယ်ခန့်အကွာ၌ ရန်လီလီနှင့် အခြားသူများက ဝိုင်းအုံ၍ စောင့်ကြည့်နေကြပြီ ဖြစ်သည်။
စာကြည့်ဆောင်၏ ဝင်ပေါက်ဝတွင်မူ ယွင်လျောင်သည် မြေကြီးပေါ်၌ တင်ပလ္လင်ခွေ ထိုင်နေပြီး သူ၏ ဘယ်ဘက်လက်ရှိ သွေးကြောတံခါးထံတွင် ဒုတိယမြောက် စက်ဝိုင်းငယ်တစ်ခု စတင်ပုံပေါ်လာနေခဲ့သည်။