← Chapters

အခန်း ၁၉၆

Vol. 20 Ch. 196

အခန်း ၁၉၆

Vol. 20 Ch. 196

အခန်း။ ၁၉၆

"စနစ်... ငါသာ အထပ်တစ်ထောင်အလွှာကို ဖွင့်လှစ်ချင်တယ်ဆိုရင် ဘယ်လိုစနစ်မျိုးကို သုံးရမလဲ။ ပြီးတော့ တန်ဖိုးကိုကော ဘယ်လို သတ်မှတ်ရမလဲ"

ဝမ်ပင်းသည် သူ၏စိတ်ထဲမှနေ၍ စနစ်ကို တိတ်ဆိတ်စွာ မေးလိုက်သည်။

သူသည် ထူးခြားဆန်းပြား သွေးကြော၏ ရှားပါးမှုကို ကောင်းစွာ သိရှိထားသည်။

အရှေ့အိုင်တစ်ခုလုံးတွင်ပင် ထိုသွေးကြောမျိုးရှိသူမှာ လက်ချိုးရေတွက်၍ရရုံမျှသာ ရှိချေသည်။

ထို့အပြင် အထပ်တစ်ထောင်အလွှာမှ ပေးစွမ်းနိုင်သော ထူးခြားဆန်းပြား သွေးကြောမှာ ငရဲမီးလျှံသွေးကြောဖြစ်သဖြင့် သာမန် မီးလျှံသွေးကြောများနှင့် လုံးဝ နှိုင်းယှဉ်၍ မရနိုင်ချေ။ အကယ်၍ ဤသတင်းသာ ပြင်ပသို့ ပျံ့နှံ့သွားပါက တစ်ကမ္ဘာလုံးကို တုန်လှုပ်ခြောက်ခြားသွားစေမည်မှာ မြေကြီးလက်ခတ်မလွဲပေ။

အခြားနေရာများ တုန်လှုပ်သွားမလားဆိုသည်ကို ဝမ်ပင်း အသေအချာ မပြောနိုင်သော်လည်း အနည်းဆုံးတော့ အရှေ့အိုင်တွင်မူ နှစ်ပေါင်းရာချီ အသက်ရှင်နေထိုင်ခဲ့ကြသည့် အဘိုးအိုတစ်အုပ်ကြီး အလုအယက် ထွက်ပေါ်လာကြမည်ဖြစ်ပြီး အဆင့်မြင့်နက်နဲသောအဆင့် ရှိသည့် စွမ်းအားရှင်ကြီးများပင် ရောက်ရှိလာကြပေလိမ့်မည်။

စနစ်က ပြန်ဖြေသည်။

"အထပ်တစ်ထောင်အလွှာကို ဖွင့်လှစ်မယ်ဆိုရင်တော့ တစ်ကြိမ်ချင်းစီအတွက် သီးခြားကောက်ခံတဲ့စနစ် မဟုတ်ဘဲ တစ်ပြေးညီ သတ်မှတ်ခကိုပဲ အသုံးပြုမှာပါ။ ဒါတင်မကသေးပါဘူး။ တစ်ပတ်အတွင်းမှာ နောက်ထပ် ဖွင့်လှစ်မှုတစ်ခုပဲ ရှိမှာဖြစ်ပြီး တစ်ကြိမ်ကို လူဆယ်ယောက်ပဲ ဝင်ရောက်ခွင့်ပြုမှာပါ။ ဝင်ရောက်မယ့်သူတွေကလည်း ဂိုဏ်းရဲ့ တရားဝင် တပည့်တွေနဲ့ အကြီးအကဲတွေပဲ ဖြစ်ရပါမယ်"

"မင်းပြောချင်တာက ဘာလဲ"

"သခင်အနေနဲ့ စနစ်ရဲ့ ဟာကွက်ကို အသုံးချပြီး သိမ်းသွင်းထားတဲ့ အမည်ခံတပည့်တွေနဲ့ စားဖိုမှူးတွေကတော့ ဝင်ရောက်ခွင့် မရှိပါဘူး"

"ဒါဆိုရင် ဟွမ်းရှန်းနဲ့ ဟွမ်ယီတို့က ဝင်လို့မရဘူးပေါ့"

"မှန်ပါတယ်"

"နားလည်ပြီ။ ဒါဆို တန်ဖိုးကော ဘယ်လောက် ကောက်ခံရမလဲ"

"ရွှေဒင်္ဂါး ၅,၀၀၀ ပါ"

"နားလည်ပြီ"

ဤတစ်ကြိမ်တွင်မူ ဝမ်ပင်းသည် ဤပမာဏအပေါ် အံ့ဩခြင်းမရှိတော့ဘဲ အလွန်တရာ ကျိုးကြောင်းဆီလျော်သည်ဟုပင် ထင်မြင်မိလိုက်၏။

တစ်ကြိမ်ဝင်လျှင် ရွှေဒင်္ဂါး ၅,၀၀၀ ကျသင့်မည်ဖြစ်သော်လည်း အကယ်၍ ကံကောင်းထောက်မ၍ ထိပ်ဆုံးသို့ ရောက်ရှိသွားပါက ငရဲမီးလျှံ ထူးခြားဆန်းပြား သွေးကြောကို ရရှိနိုင်မည်ပင်။

အကယ်၍ ယင်းကို လဲလှယ်၍ ရနိုင်မည်ဆိုပါက တစ်ဖက်လူသည် ရွှေဒင်္ဂါး သန်းပေါင်းများစွာ သို့မဟုတ် အဖြူရောင်ပုံဆောင်ခဲ ရာပေါင်းများစွာကိုပင် ပေးအပ်ရန် ဝန်လေးကြမည် မဟုတ်ချေ။

ချက်ချင်းပင် သူသည် ယွင်လျောင်ထံသို့ လှမ်းကြည့်လိုက်ပြီး စိတ်ထဲမှ တွေးလိုက်မိသည်။

ယွင်လျောင် သတိရနိုးထလာတဲ့အထိ စောင့်ပြီးမှ အထပ်တစ်ထောင်အလွှာကို ဖွင့်လိုက်တော့မယ်။

ထိုသို့ ဆုံးဖြတ်ပြီးနောက် ဝမ်ပင်းသည် ထိုနေရာမှ ထွက်ခွာသွားခဲ့တော့သည်။

နောက်ထပ် ကုန်လွန်သွားသော နှစ်ရက်တာအတွင်း၌ ယွင်လျောင်သည် မြေကြီးပေါ်တွင် ထိုင်လျက် နက်နဲသောအဆင့်သို့ ချိုးဖျက်ဝင်ရောက်ရန် သူ၏ ခရီးစဉ်ကို ဆက်လက်လုပ်ဆောင်နေခဲ့၏။

ထိုအတောအတွင်း ဝမ်ပင်းသည် သူ့ဘာသာ ကျင့်ကြံနေသကဲ့သို့ ကျန့်မုပင် စိုက်ပျိုးထားမှုကိုလည်း သွားရောက်စစ်ဆေးခဲ့သည်။

သူ၏ အတွေးမှာ ပထမဦးစွာ သစ်ပင်သုံးပင်ကို စမ်းသပ်စိုက်ပျိုးကြည့်ရန်ဖြစ်ပြီး အကယ်၍ အောင်မြင်ခဲ့ပါက တင်းယွီခန်းမ၏ ပတ်ပတ်လည်တွင် အပြည့်စိုက်ပျိုးရန် ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ထိုနေရာမှာ သူ နေ့စဉ် ကျင့်ကြံခြင်း၊ အိပ်စက်ခြင်းနှင့် ငေးမောတွေးတောခြင်းများ ပြုလုပ်ရာ နေရာပင်။

ဤနှစ်ရက်အတွင်းတွင် သူကိုယ်တိုင် မြင်တွေ့ခဲ့ရသည်အရကော မျက်လုံးနီ ပြောပြချက်အရပါ သူတို့သည် ရေပုံးပေါင်း ရာချီ၍ လောင်းခဲ့ကြရသည်။

ကံကောင်းထောက်မစွာဖြင့် ကြိုးစားမှု၏ ရလဒ်က အရာထင်ခဲ့ပြီး တတိယမြောက်နေ့ နံနက်ခင်း အလင်းရောင်အောက်တွင် ဝမ်ပင်း သွားရောက်ကြည့်ရှုလိုက်သောအခါ ကျန့်မုပင်မှာ တစ်ပေခန့် မြင့်မားသော ပျိုးပင်ပေါက်လေးအဖြစ် ကြီးထွားလာခဲ့ပြီ ဖြစ်သည်။

ဝိညာဉ်ရေစင်ဖြင့် လောင်းပေးခဲ့ခြင်းကြောင့် ၎င်းသည် အလွန်တရာ အသက်ဝင် လန်းဆန်းနေခဲ့၏။

နံနက်ခင်း နေခြည်အောက်တွင် ၎င်းသည် မွေးကင်းစ ကလေးငယ်တစ်ဦးကဲ့သို့ တက်ကြွမှုနှင့် ပြည့်နှက်နေပြီး သက်ရှိဟူသော အငွေ့အသက်များက ၎င်း၏ ပတ်ပတ်လည်တွင် ကပြကာ အသုံးတော်ခံနေသကဲ့သို့ပင်။

သစ်ပင် သုံးပင်တွင် စုစုပေါင်း အရွက် ခြောက်ရွက်ရှိပြီး ၎င်းတို့အပေါ် အားကိုးပြီး သစ်သားဓာတ်ချီစွမ်းအင်ကို အဆက်မပြတ် ရယူရန်မှာ ယခုအချိန်တွင် မဖြစ်နိုင်သေးသော်လည်း ဝိညာဉ်အစားအစာအဖြစ် ပြုလုပ်ရန်မူ စမ်းသပ်ကြည့်နိုင်သည်။

"စနစ်... မင်းပြောတော့ ဝိညာဉ်အစားအစာ ပြုလုပ်လို့ရတယ်ဆို။ ငါတို့ ဘယ်လို ဆက်လုပ်ရမလဲ"

စနစ်က ချက်ချင်းပင် ပြန်ဖြေသည်။

"ကျန့်မုအရွက်တွေကို လမင်းဖက်ထုပ်တွေထဲမှာ ထည့်သွင်းလိုက်ပါ။ အဲဒီအရွက်တွေက ဖက်ထုပ်တွေရဲ့ ဆေးဖက်ဝင်အာနိသင်ကို မထိခိုက်စေဘဲ ပေါင်းစပ်သွားနိုင်ပြီး အာနိသင်အသစ်တစ်ခုကို တိုးပွားစေမှာ ဖြစ်ပါတယ်။ စားသုံးလိုက်တာနဲ့ ကျန့်မုအရွက်ရဲ့ ဆေးစွမ်းက သွေးကြောတွေထဲကို စီးဝင်သွားပြီး စားသုံးသူရဲ့ ကျင့်စဉ်အဆင့် တိုးတက်ဖို့ ကူညီပေးမယ့်

အပြင် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်မှန်သမျှကိုလည်း သန့်စင်ပေးမှာပါ။

ကျင့်စဉ်အဆင့် တိုးတက်စေတဲ့ အာနိသင်ကတော့ အရေအတွက် နည်းပါးလွန်းတာကြောင့် နက်နဲသောအဆင့်ရှိတဲ့သူတွေအတွက် အရာမထင်ပါဘူး။ ဒါပေမဲ့... ဒုတိယအာနိသင်ဖြစ်တဲ့ အဆိပ်သန့်စင်မှုကတော့ မွေးရာပါအဆိပ်ပဲဖြစ်ဖြစ် နောက်မှ ဖြစ်လာတဲ့အဆိပ်ပဲဖြစ်ဖြစ်... ခန္ဓာကိုယ်ထဲက အဆိပ်မှန်သမျှကို အမြစ်ပြတ် သန့်စင်ပေးနိုင်ပါတယ်"

စနစ်၏ စကားကို ကြားပြီးနောက် ဝမ်ပင်းသည် အဆိပ်ဖြေသည့် အာနိသင်အပေါ် အထူးတလည် စိတ်ဝင်စားခြင်း မရှိသော်လည်း ပထမဦးဆုံး အာနိသင်ကို ပိုမို စိတ်ဝင်တစား ရှိနေခဲ့၏။

သို့သော်လည်း အရေအတွက် မလုံလောက်မှုကြောင့် နက်နဲသောအဆင့် ရှိသူများအတွက် အာနိသင်မရှိကြောင်း ကြားရသောအခါ သူ စိတ်ပျက်မသွားခဲ့ချေ။

၎င်းအစား သူက "ဒါဆို ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ်က လူတွေအတွက်ကော" ဟု မေးလိုက်သည်။

"အာနိသင်ကတော့ အရမ်းကောင်းပါတယ်"

ထိုစကားကို ကြားလိုက်ရသောအခါ ဝမ်ပင်းသည် စိတ်ချသွားခဲ့ပြီး ကျန့်မုအရွက် ခြောက်

ရွက်လုံးကို ချက်ချင်း ခူးလိုက်တော့သည်။

ကျန့်မုအရွက်များကို ကိုင်ဆောင်ထားစဉ် ထူးခြားဆန်းပြားသော ရနံ့တစ်ခုက သူ၏ နှာခေါင်းဝသို့ ရုတ်ချည်း ပျံ့လွင့်လာပြီး စိတ်နှလုံးကို လန်းဆန်းသွားစေခဲ့၏။

ကျန့်မုအရွက်၏ အလွှာပုံစံကို စစ်ဆေးကြည့်ရှုလိုက်သောအခါ ဝမ်ပင်းသည် ထူးဆန်းမှုကို တွေ့ရှိလိုက်ရသည်။

အခြားသစ်ရွက်များနှင့် မတူဘဲ ၎င်း၏ အရွက်ကြောများက ဘေးသို့ ဖြာထွက်မသွားချေ။

၎င်း၏ အရွက်ကြောများသည် အရွက်အနားသတ်မှ စတင်ကာ ဗဟိုချက်ဆီသို့ စက်ဝိုင်းပုံစံ တစ်ပတ်ပြီးတစ်ပတ် ခရုပတ်ပုံစံ အဝိုင်းလိုက် ဆွဲသားထားခြင်းပင်။

ကန့်လန့်ဖြတ် လက်ဗွေရာတစ်ခုကဲ့သို့ပင်။

ထို့နောက် ဝမ်ပင်းသည် အခြားသော ရတနာပစ္စည်းများ ထည့်သွင်းရန်အတွက် သူ၏ သိုလှောင်လက်စွပ်ထဲ၌ ဆောင်ထားသော ကျောက်စိမ်းသေတ္တာတစ်လုံးကို ထုတ်ယူကာ ကျန့်မုအရွက်များကို ထည့်သွင်းလိုက်၏။

ထို့နောက် သူသည် လမင်းဖက်ထုပ် ပြုလုပ်ရန် လိုအပ်သော ဆေးဖက်ဝင်အပင်များနှင့် အသားများကို ဝယ်ယူရန်အတွက် ဆန်းဝူမြို့ဆီသို့ တစ်ဦးတည်း ထွက်ခွာလာခဲ့တော့သည်။ သို့သော်လည်း ဆိုင်ပိုင်ရှင်က သူ့ကို လျှော့ဈေးဖြင့် ရောင်းချပေးရန် အတင်းအကျပ် အားထုတ်ခဲ့သော်လည်း ဝမ်ပင်းက ငြင်းပယ်ခဲ့၏။

အကြောင်းမူကား အခြားသူ၏ ကျေးဇူးကို ခံယူမိပါက တာဝန်ပြန်ရှိလာတတ်သောကြောင့်ပင်။

ရွှေဒင်္ဂါး နှစ်ထောင်မှ သုံးထောင်ခန့်ရှိသော အကြွေများကို သုံးစွဲပြီးနောက် ဝမ်ပင်းသည် ပစ္စည်းများကို မသေမျိုးဂိုဏ်းဆီသို့ ပြန်လည်သယ်ဆောင်လာခဲ့၏။

ဂိုဏ်းသို့ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် သူသည် လမင်းဖက်ထုပ် ပြုလုပ်ရန် ချက်ချင်း ပြင်ဆင်တော့သည်။

တောက် တောက် တောက်…..

အသားများကို စဉ်းတီတုံးပေါ်တင်၍ ဓားဖြင့် စဉ်းနေသော အသံက ယွင်လန်တောင်ထိပ်တွင် အဆုံးမရှိ ပဲ့တင်ထပ်နေခဲ့လေတော့သတည်း။

ထိုအသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဟွမ်ယီသည် ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားပြီး ဒြပ်ဆွဲအားကွင်းပြင်ဆီသို့ ရူးသွပ်စွာ တဟုန်ထိုး ပြေးထွက်သွားခဲ့တော့သည်။

ထိုအချိန်တွင် လူတိုင်းသည် ဒြပ်ဆွဲအားကွင်းပြင်အတွင်း၌ ကျင့်ကြံနေကြခြင်းပင်။

ဟွမ်ယီသည် အသက်ရှူသံပြင်းပြင်းဖြင့် ရောက်ရှိလာပြီး လူတိုင်းကို လှမ်း၍ ပြောလိုက်သည်။ "စီနီယာတို့... ဂျူနီယာတို့ရေ... ဂိုဏ်းချုပ်က မီးဖိုချောင်ထဲမှာ အသားတွေ ပြန်စဉ်းနေပြီဟေ့"

"တကယ်ကြီးလား"

လေဆာတန်းများ၏ လိုက်လံပစ်ခတ်မှုကြောင့် ပတ်ချာလည် ပြေးလွှားနေရသော ရန်လီလီသည် ရုတ်ချည်း ရပ်တန့်လိုက်ရာ မတော်တဆ ရန်ရှီးနှင့် တိုက်မိသွားခဲ့သည်။

ရန်ရှီးသည် အရှိန်ဖြင့် တိုက်မိသွားသဖြင့် နောက်သို့ လဲကျလုနီးပါး ဖြစ်သွား၏။

ယင်းကို မြင်သောအခါ ရန်လီလီက သူမကို အမြန် လှမ်းထိန်းပေးလိုက်ပြီး ဘာမှမဖြစ်ခဲ့သည့်အလား ဟွမ်ယီကို လှမ်းမေးလိုက်သည်။

"မင်း ငါတို့ကို လိမ်နေတာတော့ မဟုတ်ပါဘူးနော်"

လွန်ခဲ့သည့် ရက်အနည်းငယ်ကတင် ဝမ်ပင်းသည် လမင်းဖက်ထုပ်တစ်သုတ် ပြုလုပ်ပေးပြီး ဆုလာဘ်အချို့ ပေးသနားခဲ့ဖူးသဖြင့် ယခုကဲ့သို့ နောက်ထပ်တစ်ကြိမ် ဆုလာဘ်များ ထပ်မံရရှိဦးမည်ဟူသောအချက်ကို ရန်လီလီက သံသယဝင်နေခြင်းပင်။

သို့သော် ဟွမ်ယီ မပြန်ရသေးခင်မှာပင် ကျောက်ချင်းက သူ့ကို လှမ်း၍ ဆွဲဆိတ်လိုက်တော့သည်။

ရန်လီလီမှာ နာကျင်လွန်းသဖြင့် မျက်နှာပျက်သွားရ၏။

ကျောက်ချင်းက အေးစက်စွာဖြင့် "ဖက်ထားတုန်းပဲလား" ဟု ပြောလိုက်သည်။

ထိုအခါမှ ရန်လီလီသည် သတိဝင်လာပြီး သူ့ရင်ခွင်ထဲရှိ ရန်ရှီးကို အလျင်အမြန် လွှတ်ပေးလိုက်ကာ ဝမ်းသာအားရ အော်ဟစ်လိုက်တော့သည်။

"ဂိုဏ်းချုပ်ကြီး သက်တော်ရာကျော် ရှည်ပါစေ"

ပတ်ဝန်းကျင်ရှိ အခြားသူများကလည်း ဝိုင်းဝန်း၍ ကြွေးကြော်လိုက်ကြ၏။

"ဂိုဏ်းချုပ်ကြီး သက်တော်ရာကျော် ရှည်ပါစေ"

"ငါတို့ တစ်ဝကြီး ပြန်စားရတော့မယ်ဟေ့"

...

လင်းခယ်ဝူသည် ထိုစကားဝိုင်းကို ကြားလိုက်ရသောအခါ အစားအသောက်လေးတစ်ခုအတွက်နှင့် ဤမျှအထိ စိတ်လှုပ်ရှားနေကြသည်ကို လုံးဝ ဝေခွဲမရ ဖြစ်နေခဲ့သည်။

ဒီရက်ပိုင်းအတွင်းမှာ ငါ ဟွမ်ယီချက်တဲ့ ဟင်းလျာတွေကို စားသောက်ခဲ့ဖူးပြီး အဲဒီဟင်းတွေက တကယ့်ကို အရသာရှိတယ်ဆိုတာကိုတော့ ငါ ဝန်ခံပါတယ်။

ဒါပေမဲ့လည်း... ကျင့်ကြံခြင်းအလုပ်ကို လုပ်ကိုင်နေကြပြီးမှတော့ ဘာဖြစ်လို့ နေ့တိုင်း အစားအသောက်အတွက် အချိန်ဖြုန်းပြီး စိတ်ပူပန်နေကြရတာလဲ။

လင်းခယ်ဝူ၏ ဂရုမစိုက်သောအမူအရာကို မြင်သောအခါ ဟွမ်းရှန်းက စကားစလိုက်သည်။ "ဂျူနီယာလင်း... မင်း မပျော်ဘူးလား"

လင်းခယ်ဝူက "ငါက ဘာလို့ ပျော်ရမှာလဲ" ဟု ပြန်လည်ချေပလိုက်၏။

ကျိုးကြောင်းဆီလျော်စွာ တွေးတောရင်း ဟွမ်းရှန်းက စကားပြောရန် ပြင်လိုက်သော်လည်း လင်းခယ်ဝူသည် ဂိုဏ်းသို့ အသစ်ရောက်ရှိလာသူဖြစ်ပြီး သိပ်မသိသေးကြောင်းကို ရုတ်တရက် သတိရသွားကာ ဆက်လက်ရှင်းပြလိုက်သည်။

"ငါတို့ ဖက်ထုပ်တွေ ပြန်စားရတော့မယ်လေ... ဩော်... ငါမေ့လို့ မင်းက အသစ်ဆိုတော့ သိပ်မသိသေးဘူးပေါ့။ ငါတို့ ဂိုဏ်းချုပ်က ဝိညာဉ်အစားအစာဆရာကြီးတစ်ဦးကွ။ ပြီးတော့ သူလုပ်တဲ့ လမင်းဖက်ထုပ်တွေက ခန္ဓာကိုယ်ကို သန့်စင်ပေးနိုင်တဲ့ အာနိသင်ရှိတဲ့ ဝိညာဉ်အစားအစာတွေ ဖြစ်တယ်။ အဓိက အကျဆုံးအချက်ကတော့ ဒါက မသေမျိုးဂိုဏ်းထဲမှာ သာမန်ကုန်ကြမ်းတွေပဲ လိုအပ်ပြီး လုံးဝ အလကားရနိုင်တဲ့ တစ်ခုတည်းသော အရာပဲ ဖြစ်တယ်"

"ဝိညာဉ်အစားအစာဆရာကြီး ဟုတ်လား"

လင်းခယ်ဝူမှာ အံ့ဩမှင်သက်သွားခဲ့ရသည်။

သူသည် စိတ်ထဲမှနေ၍ မယုံနိုင်ဘဲ တွေးလိုက်မိ၏။

တကယ်ကြီးလား။

ဂိုဏ်းချုပ်ဝမ်က ငယ်ငယ်ရွယ်ရွယ်နဲ့ နက်နဲသောအဆင့် စွမ်းအားရှင်ဖြစ်နေရုံတင်မကဘဲ ဝိညာဉ်အစားအစာဆရာကြီးတစ်ယောက်လည်း ဖြစ်နေတာပေါ့။

ဝိညာဉ်အစားအစာဆရာကြီးများ၏ အဆင့်အတန်းမှာ ထူးခြားဆန်းပြား သွေးကြောရှိသော နက်နဲသောအဆင့် စွမ်းအားရှင်များထက်ပင် များစွာ သာလွန်မြင့်မားသည်။

ယင်းမှာလည်း ကျိုးကြောင်းဆီလျော်ကာ အကြောင်းမှာ သဋတို့သည် ဆေးဖက်ဝင်အပင်များနှင့် ဝိညာဉ်အစားအစာဆိုင်ရာ ပညာရပ်များကို ဘဝတစ်ခုလုံး ပုံအော၍ လေ့လာဆည်းပူးခဲ့ကြရသောကြောင့်ပင်။

ထို့ကြောင့်ပင် သူတို့ ဖန်တီးပေးလိုက်သော ဝိညာဉ်အစားအစာများသည် ကျင့်ကြံသူများ ကြုံတွေ့နေရသော အခက်အခဲများကို ဖြေရှင်းပေးနိုင်ခြင်းပင်။

ထို့ကြောင့် မည်သည့် ဝိညာဉ်အစားအစာဆရာကြီးမဆို အသက်တစ်ရာအောက် ရှိသူဟူ၍ မရှိချေ။

ယခုမူ သူ့ထက်ပင် အသက်ငယ်ရွယ်သော ဝိညာဉ်အစားအစာဆရာကြီးတစ်ဦး ရှိနေသည်ဟု ကြားလိုက်ရသဖြင့် သူ လုံးဝ မယုံကြည်နိုင်အောင် ဖြစ်နေရခြင်းပင်။

ဟွမ်းရှန်းသည် လင်းခယ်ဝူ၏ ဝေခွဲမရဖြစ်နေမှုကို သတိပြုမိပုံရပြီး ဆက်၍ ပြောပြလိုက်

သည်။

"မင်း သတိမထားမိဘူးလား... ငါတို့အားလုံးမှာ စင်ကြယ်သောခန္ဓာ ရှိနေကြတာကို"

"ဘာ... မင်းတို့အားလုံးမှာ ဟုတ်လား"

ထိုစကားကို ကြားလိုက်ရသောအခါ လင်းခယ်ဝူသည် လေဆာတန်းများ၏ လိုက်လံတိုက်ခိုက်မှုကိုပင် ဂရုမစိုက်တော့ဘဲ သူ၏ခေါင်းကို အလျင်အမြန် လှည့်ကာ ပတ်ဝန်းကျင်ရှိ လူများကို လိုက်လံကြည့်ရှုတော့သည်။

သူ့တွင် စင်ကြယ်သောခန္ဓာကို အာရုံခံနိုင်စွမ်းမရှိသဖြင့် ဤနေရာတွင် အစွမ်းအထက်ဆုံးဖြစ်သော မြောင်ယင်းထံသို့သာ သူ၏ အကြည့်ကို ပို့လွှတ်လိုက်၏။

မြောင်ယင်းသည် လင်းခယ်ဝူ၏ အကြည့်ကို သတိပြုမိသဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။

လင်းခယ်ဝူမှာ ဆွံ့အသွားခဲ့ရပြီး ဒြပ်ဆွဲအားကွင်းပြင်အတွင်း၌ တောင့်တောင့်ကြီး ရပ်နေမိကာ အတန်ကြာမှသာ သူ၏ နှုတ်ခမ်းစွန်းများက တရွေ့ရွေ့ မြင့်တက်လာခဲ့တော့သည်။

"စင်ကြယ်သောခန္ဓာကို ဖန်တီးပေးနိုင်တဲ့ ဆေးဖက်ဝင်အာဟာရပေါ့..."

သူက ပြုံးလျက် တီးတိုးရေရွတ်လိုက်ပြီးနောက် ဒြပ်ဆွဲအားကွင်းပြင်ထဲမှ ချက်ချင်း ပြေးထွက်ကာ မီးဖိုချောင်ရှိရာဆီသို့ တည့်တည့်မတ်မတ် ဦးတည်ပြေးလွှားသွားတော့သည်။

ပြေးနေရင်းနှင့်လည်း သူ၏ စိတ်ထဲမှနေ၍ အားရပါးရ အော်ဟစ်နေခဲ့မိ၏။

စင်ကြယ်သောခန္ဓာရေ ငါလာပြီဟေ့။

All Chapters