အခန်း ၁၉၇
Vol. 20 Ch. 197
အခန်း။ ၁၉၇
လင်းခယ်ဝူ ထွက်သွားသည်နှင့်အတူ အခြားသူများလည်း သူတို့၏ ကျင့်ကြံခြင်းကို ခေတ္တရပ်တန့်လိုက်ကြ၏။
ဒြပ်ဆွဲအားကွင်းပြင်အတွင်း၌ တစ်နာရီ၊ နှစ်နာရီခန့် ကျင့်ကြံရခြင်းနှင့် နှိုင်းယှဉ်လျှင် ဝိညာဉ်အစားအစာမှ ရရှိမည့် အကျိုးကျေးဇူးများက သဘာဝအတိုင်းပင် ပိုမိုကြီးမားသည်။ ခန္ဓာကိုယ်သန့်စင်မှု ရရှိသည့် အကြိမ်တိုင်းတွင် ကျင့်စဉ်အဆင့် ချိုးဖျက်ဝင်ရောက်မှုပါ တစ်ပါတည်း ပါရှိလာတတ်ရာ ယင်းမှာ ဒြပ်ဆွဲအားကွင်းပြင်က မပေးစွမ်းနိုင်သော အရာမျိုး ဖြစ်သည်။
"သွားကြစို့ဟေ့"
"ဒီဂျူနီယာညီလေးက ရောက်တာမှ ရက်ပိုင်းပဲ ရှိသေးတယ်။ ဘာမှလည်း သေချာမသင်ရသေးဘူး။ အကျိုးအမြတ်ရှိရင် အရင်ဆုံး ပြေးတတ်တဲ့ အစ်ကိုကြီးလီလီရဲ့ အကျင့်ကိုတော့ ချက်ချင်း အမွေရသွားတာပဲ"
ချင်မိုက ဘေးမှနေ၍ ရန်လီလီကို လှမ်းကြည့်ရင်း စနောက်လိုက်၏။
ကျောက်ချင်းကလည်း ဝင်ရောက်ထောက်ခံသည်။
"သူက ဂိုဏ်းချုပ်မှာ အခု အမြတ်ခွဲဝေတဲ့ စည်းကမ်းအသစ် ရှိနေတာကို မသိသေးလို့ ဖြစ်လိမ့်မယ်"
ရန်လီလီက ထိုသူနှစ်ဦးကို မျက်စောင်းထိုးလိုက်ရင်း အိန္ဒြေမပျက် ပြုံးပြလိုက်ပြီးနောက် ဒြပ်ဆွဲအားကွင်းပြင်ထဲမှ ချက်ချင်း ပြေးထွက်ကာ လင်းခယ်ဝူ၏နောက်သို့ လိုက်ပါသွားတော့သည်။
မကြာမီအချိန်အတွင်းမှာပင် ရန်လီလီနှင့် အခြားသူများသည် မီးဖိုချောင် ပြတင်းပေါက်အပြင်ဘက်သို့ ရောက်ရှိသွားကြပြီး အထဲတွင် ဘာဖြစ်ပျက်နေသည်ကို အပေါက်ငယ်လေးများကြားမှနေ၍ တိတ်တဆိတ် ချောင်းမြောင်းကြည့်ရှုနေကြ၏။
သူတို့ စူးစမ်းချင်စိတ် ပြင်းပြနေကြသော်လည်း ဝမ်ပင်းသည် ဝိညာဉ်အစားအစာ ချက်ပြုတ်ပြင်ဆင်ချိန်တွင် တံခါးပိတ်ထားခြင်းကို ပိုမိုနှစ်သက်သဖြင့် မည်သူကမျှ ခွင့်ပြုချက်မရှိဘဲ တံခါးကို မဖွင့်ရဲကြချေ။
မီးဖိုချောင်အတွင်း၌မူ ဝမ်ပင်းသည် အပြင်ဘက်တွင် သူတို့ ရောက်ရှိနေသည်ကို ကောင်းစွာ သတိပြုမိသည်။
သို့သော်လည်း သူသည် ထိုတပည့်များကို မောင်းထုတ်ရန် အစီအစဉ်မရှိချေ။ အမှန်တော့ သူ ပြုလုပ်နေသော ဖက်ထုပ်များသည် ထိုသူများအတွက်သာ ဖြစ်သောကြောင့်ပင်။
ဤဖက်ထုပ်များသည် သူ့အတွက်မူ အထူးတလည် အသုံးမဝင်လှချေ။
သူ၏ မီးလျှံဝိညာဉ်ခန္ဓာကြောင့် သူသည် ခန္ဓာကိုယ်သန့်စင်ရန် မလိုအပ်ချေ။
ချင်ရှန်းနှင့် အခြား နက်နဲသောအဆင့် ရှိသူများအတွက်လည်း များစွာ အရာထင်မည်မဟုတ်ဘဲ သူတို့၏ စင်ကြယ်သောခန္ဓာကို အနည်းငယ် ပိုမိုခိုင်မာစေရုံမျှသာ တတ်နိုင်ပေလိမ့်မည်။ သို့သော် သူ၏ တပည့်များအတွက်မူ ယင်းမှာ အံ့မခန်း အကျိုးအာနိသင် ရှိသည်။
သူတို့ကို ခေတ္တမျှ စောင့်ကြည့်ပြီးနောက် ဝမ်ပင်းက အပြင်ဘက်ရှိ လူများကို လှမ်း၍ အော်ပြောလိုက်သည်။
"အရင်သွားပြီး ကျင့်ကြံနေကြဦး။ နှစ်နာရီကြာမှ ပြန်လာခဲ့။ ဩော်... ပြီးတော့ အကြီးအကဲယွင် သတိရလာရင်လည်း သူ့ကိုပါ တစ်ပါတည်း ခေါ်လာခဲ့ဦး"
"ဟုတ်ကဲ့ပါ"
လူအုပ်ကြီးက ခေါင်းငြိမ့်ထောက်ခံပြီးနောက် လူစုခွဲသွားကြတော့သည်။
သို့သော်လည်း မည်သူကမျှ အဝေးသို့ မသွားကြဘဲ အိပ်ဆောင်ဧရိယာ၏ အနီးအနားတွင်သာ စောင့်ဆိုင်းရင်း စကားစမြည်ပြောဆိုကာ ရေပန်းကို ငေးမောကြည့်ရှုနေကြ၏။
အချိန်များ တရွေ့ရွေ့ ကုန်လွန်လာသည်နှင့်အမျှ ဝမ်ပင်းသည် ကုန်ကြမ်းအားလုံးကို စဉ်းတီတုံးပေါ်တင်၍ စဉ်းပြီးနောက် ဂျုံနယ်ခြင်းနှင့် မုန့်ပြားလှိမ့်ခြင်းလုပ်ငန်းကို စတင်တော့သည်။ အတန်ကြာအောင် အလုပ်ရှုပ်ပြီးနောက် သူသည် ဆေးဖက်ဝင်ဟင်းရည်ကို စတင် အပူပေးလိုက်၏။
မီးတောက်များ တောက်လောင်လာပြီး ဖက်ထုပ်များ အိုးထဲသို့ ရောက်ရှိသွားချိန်တွင် စနစ်၏ အသံက မြည်ဟည်းလာခဲ့သည်။
"ဒါက ဝိညာဉ်အစားအစာတစ်ခု ဖြစ်တဲ့အတွက်ကြောင့် သူ့မှာ အမည်နာမတစ်ခု ရှိသင့်ပါတယ်။ သခင်အနေနဲ့ ဒီဖက်ထုပ်တွေကို နာမည်တစ်ခု ပေးသနားပေးပါ"
ဝမ်ပင်းက အံ့ဩသွားကာ ခေတ္တမျှ ရပ်တန့်သွား၏။
"နာမည်ပေးရမယ် ဟုတ်လား"
သူ့အတွက်မူ စားသောက်ရုံဆိုလျှင် အဆင်ပြေသည်။
ချက်ပြုတ်ပြင်ဆင်ရခြင်းမှာလည်း ဝိညာဉ်အစားအစာ ချက်ပြုတ်ရေးဧရိယာ၏ အမှားအယွင်းများကို အလိုအလျောက် ပြင်ဆင်ပေးသည့်စနစ်ကြောင့် သူ့အနေဖြင့် စိတ်ပင်ပန်းခံရန် မလိုချေ။
သို့သော် ဤဖက်ထုပ်များကို နာမည်ပေးရခြင်းမှာမူ တကယ့်ကို ခေါင်းခဲစရာ ကိစ္စတစ်ခု ဖြစ်နေသည်။
ဝမ်ပင်းသည် ပျင်းရိပျင်းတွဲဖြင့် အတွေးတစ်ခု ထုတ်လိုက်၏။
မည်သို့ပင်ဆိုစေကာမူ ဤအရာသည် လမင်းဖက်ထုပ်မှ ဆင့်ကဲပြောင်းလဲလာခြင်းဖြစ်ရာ သူက "ဒါဆိုရင်တော့... အဆင့်မြင့် လမင်းဖက်ထုပ်လို့ပဲ ခေါ်လိုက်ကြရအောင်" ဟု ပြောလိုက်သည်။
"အင်း..."
စနစ်က တိတ်ဆိတ်သွားခဲ့၏။
ဝမ်ပင်းလည်း အတူတူပင် တိတ်ဆိတ်သွားခဲ့ရသည်။
နာမည်ကြီးကလဲ ဆိုးရွားလိုက်တာ။
အတန်ကြာ တိတ်ဆိတ်နေပြီးနောက် စနစ်က ဆက်ပြောလာသည်။
"သခင်... အဆင့်မြင့် လမင်းဖက်ထုပ်တွေဟာ အခမဲ့ပေးကမ်းတဲ့ စနစ်ကို နောက်ထပ် အသုံးပြုလို့ မရတော့ပါဘူး။ အကယ်၍ စားသုံးချင်တယ်ဆိုရင်တော့ တစ်ပန်းကန်ကို ရွှေဒင်္ဂါးတစ်ထောင် ပေးချေရမှာပါ။ မဟုတ်ရင်တော့ ငေးကြည့်ရုံပဲ တတ်နိုင်ပါလိမ့်မယ်"
"ဘာလို့ တစ်ပန်းကန်ကို ရွှေဒင်္ဂါးတစ်ထောင်တောင် ဖြစ်သွားရတာလဲ"
"ဝိညာဉ်အစားအစာဆိုတာ ရှားပါးကုန်စည်တစ်ခုဖြစ်လို့ အခမဲ့ဆိုတဲ့ စကားလုံးနဲ့ သူ့ရဲ့တန်ဖိုးကို မနှိမ့်ချနိုင်ပါဘူး။ အဆင့်မြှင့်တင်ထားတဲ့ လမင်းဖက်ထုပ်တွေရဲ့ အာနိသင်က ပိုမိုကြီးမားလှတဲ့အတွက်ကြောင့် အလကားပေးလို့ မရတော့တာပါ။ အဓိက အကျဆုံးအချက်ကတော့ ကုန်ကြမ်းစရိတ်တွေကို သခင်က စိုက်ထုတ်ထားတာဖြစ်လို့ ကုန်ကျစရိတ်တွေကို ပြန်လည်ပေးချေဖို့ လိုအပ်ပါတယ်"
ဝမ်ပင်းက နားလည်သည့်အနေဖြင့် ခေါင်းငြိမ့်လိုက်၏။
"ဒီစည်းကမ်းကိုတော့ ငါ သဘောကျသားပဲ"
ထိုသို့ပြောပြီးနောက် ဝမ်ပင်းသည် မီးဖိုဘေးမှ ခြေလှမ်းအနည်းငယ် ခွါလိုက်၏။
ဖက်ထုပ်များ အိုးထဲသို့ ရောက်ရှိသွားပြီဖြစ်ရာ သူ့အတွက် လုပ်ဆောင်စရာ အထူးတလည် မရှိတော့ချေ။
ဖက်ထုပ်များ ကျက်သွားစေရန်အတွက် တစ်နာရီခန့် စောင့်ဆိုင်းရုံမျှသာ လိုအပ်သည်။
သူသည် ယွင်လျောင်၏ အခြေအနေကို သွားရောက်စစ်ဆေးရန် တွေးတောလိုက်သော်လည်း သူ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် မိစ္ဆာဝိညာဉ်ဓား၏ အသံက သူ၏ နားထဲသို့ ရောက်ရှိလာခဲ့၏။
"အဆင့်မြင့်နက်နဲသောအဆင့် ရှိတဲ့သူတစ်ယောက် တောင်ပေါ်ကို တက်လာနေတယ်"
ထိုစကားကြောင့် ဝမ်ပင်း၏ စိတ်နှလုံးမှာ ဒိန်းခနဲ တုန်လှုပ်သွားခဲ့ရသည်။
သူ ကြောက်ရွံ့သွားခြင်းမဟုတ်ဘဲ စူးစမ်းချင်စိတ် ဖြစ်ပေါ်လာခြင်းသာ ဖြစ်၏။
အရှေ့အိုင်တွင် ရှိကြသော အဆင့်မြင့်နက်နဲသောအဆင့် ကျင့်ကြံသူများမှာ ရှေးဟောင်းဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီးများကဲ့သို့ဖြစ်ပြီး နတ်ဘုရားနက်နဲသောအဆင့်သို့ ရောက်ရှိရန်သာ အမြဲတစေ အားထုတ်နေကြသူများ ဖြစ်သည်။
သူတို့သည် လတ်တလော ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်များအတွက် ကလဲ့စားချေရန် ဆန်းဝူမြို့သို့ ရောက်ရှိလာကြလိမ့်မည် မဟုတ်ပေ။
အဓိက အရေးကြီးသည့်အချက်မှာ မိစ္ဆာဝိညာဉ်ဓားသည် ထိုသူ၏ ခန္ဓာကိုယ်မှ မကောင်းသောအကြံအစည် အငွေ့အသက်မျိုးကို အာရုံမခံမိခြင်းပင်။
ယင်းက သူ့ကို ပိုမို၍ စူးစမ်းလိုစိတ် ဖြစ်ပေါ်စေခဲ့၏။
မကောင်းတဲ့ အကြံအစည်မရှိဘဲ ယွင်လန်တောင်ပေါ်ကို ဘယ်သူက လာနေတာလဲ။
မီးဖိုချောင်တံခါးကို ပိတ်ပြီးနောက် ဝမ်ပင်းသည် နောက်ဖက်သို့ လျှောက်လှမ်းသွားခဲ့ရာ လူငယ်တစ်ဦးသည် သစ်ကိုင်းများနှင့် သစ်ရွက်များကို အေးအေးလူလူ နင်းလျှောက်လျက် တက်လှမ်းလာသည်ကို မြင်တွေ့လိုက်ရသည်။
သူသည် နုပျိုစေသော နည်းဗျူဟာများကို အသုံးပြုထားသဖြင့်သာ လူငယ်တစ်ဦးကဲ့သို့ မြင်တွေ့နေရခြင်းဖြစ်ပြီး အနှစ်သာရအားဖြင့်မူ အသက်ရာချီရှိနေပြီဖြစ်သော အဘိုးအိုတစ်ဦးသာ ဖြစ်ပေလိမ့်မည်။
"အရှေ့အိုင်မှာ... အသက်တစ်ရာတောင် မပြည့်သေးဘဲနဲ့ အဆင့်မြင့်နက်နဲသောအဆင့်ကို ရောက်ရှိနိုင်မယ့်သူမျိုး... ဘယ်သူများ ရှိမှာလဲ..."
ဝမ်ပင်းသည် ထိုသူ၏ အချက်အလက်များကို စစ်ဆေးရန် ပြင်လိုက်စဉ်မှာပင် အဝေးမှ လူသည် လက်လှမ်းပြကာ အော်ဟစ်နှုတ်ဆက်လိုက်၏။
"ဂိုဏ်းချုပ်ဝမ်... နေကောင်းရဲ့လားဗျာ"
ခေတ္တမျှအတွင်းမှာပင် ထိုလူသည် အနားသို့ ချဉ်းကပ်ရောက်ရှိလာခဲ့သည်။
ဝမ်ပင်းသည် သူ့ကို သေချာစွာ စေ့စေ့စပ်စပ် စစ်ဆေးကြည့်ရှုလိုက်ရာ ပထမဦးစွာ သူ သတိပြုမိသည်မှာ ထိုသူသည် ရတနာမျိုးစုံ စီခြယ်ထားသော သားနားထည်ဝါလှသည့် ဝတ်စုံကို ဆင်ယင်ထားပြီး တောက်ပတင့်တယ်လွန်းသည်။
ဝမ်ပင်းက မေးလိုက်သည်။
"စီနီယာ... တစ်ဦးတည်း မသေမျိုးဂိုဏ်းကို လာရောက်ရတဲ့ ရည်ရွယ်ချက်က ဘာများဖြစ်မလဲခင်ဗျာ"
"ဂိုဏ်းချုပ်ဝမ်က မေ့သွားပြီလားဗျာ။ မင်းပဲ အခွင့်အရေးရှိရင် ငါတို့တွေ သူငယ်ချင်းအဖြစ် ပေါင်းသင်းချင်ပါတယ်လို့ ပြောခဲ့တာလေ။ မင်းအနေနဲ့ ဟွမ်းလီမြို့ကို နောက်တစ်ကြိမ် ပြန်လာမှာမဟုတ်ဘူးလို့ ငါတွေးမိတာနဲ့ မင်းကိုလာရှာပြီး ပျော်ပျော်ပါးပါး နေဖို့ ရောက်လာခဲ့တာပေါ့"
ထိုလူငယ်သည် ပြုံးလျက် စကားဆိုရင်း ဝမ်ပင်း၏ ပုခုံးကို လှမ်း၍ ဖက်လိုက်သည်။
ဝမ်ပင်းသည် ရုန်းထွက်ရန် ပြင်လိုက်သော်လည်း တစ်ဖက်လူထံမှ မကောင်းသော အငွေ့အသက်မျိုးကို လုံးဝ အာရုံမခံမိသည့်အပြင် သူပြောလိုက်သော စကားလုံးများမှာလည်း ထူးဆန်းစွာ ရင်းနှီးနေခဲ့၏။
ဖြန်း….
ထိုလူငယ်က သူ့ကို လွှတ်ပေးလိုက်ပြီးနောက် ဝမ်ပင်းသည် သူ၏ နဖူးကို သူ့လက်ဝါးဖြင့် ရိုက်လိုက်မိတော့သည်။
"စီနီယာ... စီနီယာက ပိယွဲ့ခန်းမရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အရှင်သခင်လား"
မည်သည့်အခါမျှ မျက်နှာပြလေ့မရှိသော ပုဂ္ဂိုလ်ဖြစ်ပြီး အနည်းဆုံးတော့ ဝမ်ပင်း ပိယွဲ့ခန်းမတွင် ရက်ပေါင်းများစွာ နေထိုင်ခဲ့စဉ်အတွင်း ထိုသူကို တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးချေ။
"ငါက ပိယွဲ့ပိုင်လင်ပဲ အဲဒါကို မှတ်ထားပါ"
သားနားထည်ဝါသော ဝတ်စုံကို ဆင်ယင်ထားသည့် လူငယ်က ရယ်မောလျက် ဝမ်ပင်း၏ ဘေးမှ ဖြတ်ကျော်လျှောက်လှမ်းသွားပြီးမှ ပြန်လှည့်ကြည့်ကာ "မဆိုးဘူးပဲ... သွေးကြောတံခါးကို ဖွင့်လှစ်ပြီးခါစပဲ ရှိသေးတာကို ဝေချန်းကျွင်းကိုတောင် သတ်ပစ်နိုင်ခဲ့ပြီပဲ။ ငါ မင်းအတွက် ရေနွေးအိုး တည်ပေးခဲ့ရတာ တန်သွားတာပေါ့။ တကယ့်ကို အထင်ကြီးစရာပဲ"
ထိုစကားကို ကြားလိုက်ရသောအခါ ဝမ်ပင်းမှာ ဆွံ့အမှင်သက်သွားရတော့သည်။
အဆင့်မြင့်နက်နဲသောအဆင့် ရှိတဲ့သူတစ်ယောက်က ငါ့အတွက် ရေနွေးအိုး တည်ပေးခဲ့တာ။
ဝမ်ပင်းအနေဖြင့် ထိုစကားသည် အမှန်တရားဖြစ်ကြောင်း ယုံကြည်မိသည်။
အကြောင်းမှာ မည်သူကမျှ ဤကဲ့သို့သော ကိစ္စမျိုးကို ရင်းနှီးမှုရယူရန်အတွက် သက်သက်မဲ့ လိမ်လည်လှည့်ဖြား ပြောဆိုနေမည်မဟုတ်သောကြောင့်ပင်။
"စီနီယာ... စီနီယာက ဘာလို့..."
"စိတ်မပူပါနဲ့ ငါက ဒီအတိုင်း လာပြီး ပျော်ပျော်ပါးပါး နေမလို့ပါ။ တခြား ရည်ရွယ်ချက် မရှိပါဘူး။ ပြီးတော့ မင်းနဲ့လည်း မိတ်ဆွေဖြစ်ချင်လို့"
"အဲဒါဆိုရင်လည်း ကောင်းပါပြီ"
ထိုစဉ်က ဝမ်ပင်းသည် စကားအဖြစ်သာ အလွတ်သဘော ပြောကြားခဲ့ခြင်း ဖြစ်သော်လည်း မိတ်ဆွေဖြစ်ရန်ဆိုပါက တစ်ဦးအကြောင်းတစ်ဦး အနည်းငယ်တော့ နားလည်ထားရန် လိုအပ်သည်။
အထူးသဖြင့် ထိုသူသည် အရှေ့အိုင်၏ စစ်မှန်သော အရှင်သခင်ဖြစ်သည့် အဆင့်မြင့်နက်နဲသောအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေသောကြောင့်ပင်။
ပိယွဲ့ပိုင်လင်သည် ဝမ်ပင်းအနေဖြင့် စိုးရိမ်ပူပန်နေဆဲဖြစ်သည်ဟု ထင်မှတ်ပုံရသဖြင့် အလျင်အမြန်ပင် ရှင်းပြလိုက်သည်။
"မင်း ထွက်သွားပြီး မကြာခင်မှာပဲ ငါ ပိယွဲ့ခန်းမကို ရောင်းချပစ်ခဲ့တယ်။ အမှန်တော့ မင်းက ငါ့ကို အမှန်တရားတစ်ခု နားလည်သွားအောင် လုပ်ပေးခဲ့လို့ မင်းကို ကျေးဇူးတင်ရမှာ"
ဝမ်ပင်းက "ကျွန်တော့်ကို ကျေးဇူးတင်တယ် ဟုတ်လား" ဟု မေးလိုက်၏။
ပိယွဲ့ပိုင်လင်က "ဒါပေါ့... ငါက အရင်တုန်းက သာမန်လူသားတွေကြားထဲမှာ ပုန်းအောင်းပြီး ရထားတွေ မြင်းတွေရဲ့ ဆူညံသံတွေကို နားထောင်ရင်း ငါ့ရဲ့ ကျန်ရှိနေတဲ့ သက်တမ်းကို ကုန်ဆုံးမလို့ တွေးခဲ့တာ။ ဒါပေမဲ့ တကယ်တမ်းကျတော့ ငါ့မှာ လက်မလွှတ်နိုင်တဲ့ အရာတွေ အများကြီး ရှိနေသေးတယ်။ မင်းကတော့ မတူဘူး... မရေမတွက်နိုင်တဲ့ ပါရမီရှင်တွေက ပါရမီရှင်ဆယ်ဦး စမ်းသပ်ပွဲကို ပါဝင်ခွင့်ရဖို့ အလုအယက် တိုက်ခိုက်နေကြချိန်မှာ မင်းကတော့ မင်းရဲ့တပည့်တွေကို ခေါ်ပြီး ဟွမ်းလီမြို့မှာ ပြဿနာရှာတယ်။ စမ်းသပ်ပွဲနေရာတစ်ခုကို ရအောင်ယူတယ်။ ပြီးတော့မှ အဲဒီပွဲကို ဝင်မပြိုင်တော့ဘူး။ ဒီလိုမျိုး သံယောဇဉ် ဖြတ်တောက်နိုင်စွမ်းက ငါ့ကို နိုးကြားသွားစေခဲ့တာပဲ။ ငါ့မှာလည်း အသက်ရှင်ဖို့ အချိန်အများကြီး မကျန်တော့တာမို့လို့ နေရာအနှံ့ လျှောက်သွားပြီး မိတ်ဆွေအချို့ ဖွဲ့ဖို့ ဆုံးဖြတ်လိုက်တာ"
ပိယွဲ့ပိုင်လင်၏ ချီးမွမ်းစကားများကို နားထောင်ရင်း ဝမ်ပင်းတစ်ယောက် စိတ်ထဲတွင် ကျနပ်ပီတိ ဖြစ်နေခဲ့သည်။
သို့သော် သူသည် စိတ်ထဲမှနေ၍ တိတ်တဆိတ် တွေးလိုက်မိ၏။
ငါက ပွဲမဝင်ချင်လို့ မဟုတ်ပါဘူး ဆယ်ရက်တာ သတ်မှတ်ထားတဲ့ စနစ်ရဲ့ တာဝန်အချိန် ကုန်ဆုံးသွားလို့ပါကွာ။
သဘာဝအတိုင်းပင် ထိုစကားလုံးများကို ပြင်ပသို့ ထုတ်ဖော်ပြောဆို၍ မရနိုင်ချေ။
ဝမ်ပင်းသည် ပိယွဲ့ပိုင်လင်ကိုသာ စိုက်ကြည့်နေမိ၏။
သူ၏ ချောမောခန့်ညားပြီး နုပျိုသော မျက်နှာပြင်ထက်တွင် သေခါနီးဖြစ်နေသည့် လက္ခဏာမျိုး စိုးစဉ်းမျှပင် မရှိချေ။
ထို့ကြောင့် သူက မေးလိုက်သည်။
"စီနီယာ... ကျွန်တော့်ရဲ့ နေရာကို အလည်အပတ် လာရောက်ဖို့ စိတ်ကူးမရှိဘူးလားခင်ဗျာ"