အခန်း ၂၀၀
Vol. 20 Ch. 200
အခန်း။ ၂၀၀
"တကယ်ကြီး ရှိခဲ့လို့လား"
ပိယွဲ့ပိုင်လင်သည် အတိတ်ကို သေချာစွာ ခဏမျှ ပြန်လည်တွေးတောကြည့်လိုက်သောအခါ မုရုံချင်းနှင့် ထိုမျှအထိ နီးကပ်စွာ ထိုင်ခဲ့ဖူးသည်မှာ အမှန်ပင် ဖြစ်ကြောင်း သတိရသွားသည်။ သို့သော်လည်း ထိုစဉ်က မုရုံချင်း ဘာတွေပြောခဲ့သည်ကိုမူ သူ လုံးဝ မမှတ်မိတော့ချေ။ အမှန်အတိုင်းပြောရလျှင် သူသည် ထိုစကားများကို စိုးစဉ်းမျှပင် နားမထောင်ခဲ့ခြင်းပင်။
သေခါနီးဖြစ်နေသော လူတစ်ယောက်အတွက် ကိုယ့်ကိုကိုယ်မှတစ်ပါး အခြားသော မည်သည့်အရာကမျှ စိတ်ဝင်စားစရာ မကောင်းတော့ချေ။
ဤအကြောင်းကို ပြောမိသောအခါ ရှန်ဟွာသည် ရုတ်ချည်းပင် စိတ်အားထက်သန်လာပြီး အလျင်အမြန် ပြောလိုက်သည်။
"ဘိုးဘေး... မသေမျိုးဂိုဏ်းကို သွားပြီး ဘာလို့ ထပ်မမေးကြည့်ရတာလဲ။ အခုမှပဲ ကျွန်တော် သတိရတယ်။ မသေမျိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဟောင်းရဲ့ ဇနီးသည်က ဆေးဘုရင်မ ရွှယ်ချန်ချန်ဖြစ်တယ်ဆိုတဲ့ ကောလာဟလတစ်ခု ရှိတယ်ဗျ"
"ရွှယ်ချန်ချန် ဟုတ်လား"
ပိယွဲ့ပိုင်လင်၏ မျက်လုံးများက မှေးသွားခဲ့ရသည်။
သဘာဝအတိုင်းပင် သူသည် ဤကောလာဟလအကြောင်းကို သိရှိပြီး အခြားသူများ ပြောဆိုနေကြသည်ကိုလည်း တစ်ကြိမ်ထက်မက ကြားဖူးခဲ့သည်။
သို့သော် ယင်းမှာ အမှန်တရား ဟုတ်မဟုတ်ကိုမူ မည်သူမျှ စုံစမ်းစစ်ဆေးခြင်း မပြုခဲ့ကြချေ။ ရွှယ်ချန်ချန်၏ နောက်ခံသမိုင်းကြောင်းမှာ အလွန်တရာ လျှို့ဝှက်ဆန်းကြယ်လွန်းလှပြီး သူမကိုယ်တိုင်ကလည်း အဆင့်မြင့်နက်နဲသောအဆင့် ရှိသူဖြစ်သဖြင့် မည်သူကမျှ သွားရောက်၍ မစူးစမ်းရဲကြသောကြောင့်ပင်။
ကြားသိရသလောက်ဆိုလျှင် သွားရောက်စုံစမ်းခဲ့ကြသူမှန်သမျှသည်လည်း အားလုံးနီးပါး သဲလွန်စမရှိ ပျောက်ဆုံးသွားခဲ့ကြရသည်။
အကယ်၍ အသက်ရှင်သန်နိုင်မည့် မျှော်လင့်ချက်အလင်းရောင်တစ်ခုခုကိုသာ ဆုပ်ကိုင်ခွင့်ရမည်ဆိုပါက ထိုအရာက ရွှယ်ချန်ချန်သာ ဖြစ်ပေလိမ့်မည်။
အကယ်၍ သူမကိုသာ ရှာဖွေတွေ့ရှိခဲ့ပါက သူ၏ မွေးရာပါ သင်္ချိုင်းအဆိပ်မှာ အလွယ်တကူပင် ပြေပျောက်သွားမည်မှာ မြေကြီးလက်ခတ်မလွဲပေ။
နှမြောစရာကောင်းသည်မှာ သူမ ပျောက်ဆုံးသွားခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုမက ကြာမြင့်ခဲ့ပြီ ဖြစ်ခြင်းပင်။
ပိယွဲ့ပိုင်လင်၏ အတွေးများကို သတိမပြုမိသော ရှန်ဟွာက "ဟုတ်ပါတယ် ဘိုးဘေး... အဲဒီ ဒဏ္ဍာရီလာ ဆေးဘုရင်မပေါ့။ သူမက လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကမှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့တာ။ မသေမျိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်နဲ့အတူ လျှို့ဝှက်ကျင့်ကြံဖို့ အတူတူ ထွက်ခွာသွားကြတာလို့လည်း ကောလာဟလ ထွက်နေသေးတယ်ဗျ။ အဲဒီသတင်းရဲ့ မှန်ကန်နိုင်ခြေကတော့ ငါးဆယ် ရာခိုင်နှုန်းစီပါပဲ" ဟု ပြောလိုက်၏။
"မင်းပြောချင်တာက... အကယ်၍ အဲဒီသတင်းသာ အမှန်ဆိုရင် ဝမ်ပင်းက ရွှယ်ချန်ချန်ရဲ့ သားဖြစ်ဖို့ ရာခိုင်နှုန်းများပြီး ဝိညာဉ်အစားအစာ ပညာရပ်တွေကိုတင်မကဘဲ ဝိညာဉ်ဆေးဝါး ဖော်စပ်တဲ့ ပညာရပ်တွေကိုပါ နားလည်ထားနိုင်တယ်လို့ ဆိုလိုတာလား"
"ဟုတ်ပါတယ် ဘိုးဘေး။ မဟုတ်ရင် ဂိုဏ်းချုပ်မုရုံချင်းက ဘာအခြေအမြစ်မှမရှိဘဲ ဒီလိုစကားမျိုးကို ဘာလို့ လျှောက်ပြောနေပါ့မလဲ"
ရှန်ဟွာက ခေါင်းငြိမ့်၍ ထောက်ခံလိုက်သည်။
ယခုတစ်ကြိမ်တွင်မူ ပိယွဲ့ပိုင်လင်၏ အမူအရာတွင် ဖော်ပြရခက်သော ထူးခြားသည့် ခံစားချက်တစ်ခု အရိပ်ထိုးသွားခဲ့၏။
ရှန်ဟွာသည် ဘိုးဘေး ဘာတွေးနေသည်ကို အတိအကျ နားမလည်သော်လည်း အလျင်အမြန်
ပင် ပြောလိုက်သည်။
"ဘိုးဘေး... ဒီညတော့ ဒီမှာပဲ တည်းခိုလိုက်ပါလား။ ဆန်းဝူမြို့မှာ ခေတ္တနားပြီး မနက်ဖြန်မနက်ကျမှ ကျွန်တော် ဘိုးဘေးအတွက် သွားရောက်စုံစမ်းပေးပါ့မယ်"
ပိယွဲ့ပိုင်လင်က ခေါင်းငြိမ့်ပြလိုက်၏။
သူသည် စိတ်ထဲမှနေ၍ တိတ်တဆိတ် တွေးလိုက်မိသည်။
နောက်ထပ် တစ်ရက်လောက် ထပ်နေရုံနဲ့တော့ ဘာမှ အရေးမကြီးပါဘူးလေ။
...
နောက်တစ်နေ့ နံနက်ခင်းသို့ ရောက်ရှိသောအခါ မနေ့က ကျင့်စဉ်အဆင့်များ တိုးတက်သွားခဲ့ကြပြီးနောက် လူတိုင်းသည် ကျင့်ကြံခြင်းကို ဆက်လက်လုပ်ဆောင်ရန်အတွက် ဒြပ်ဆွဲအားကွင်းပြင်ဆီသို့ စိတ်အားထက်သန်စွာဖြင့် အပြေးအလွှား ရောက်ရှိလာကြသည်။
သို့သော်လည်း လူတိုင်း ကြေညာချက်သင်ပုန်းအရှေ့တွင် ရပ်တန့်လိုက်ပြီး ယင်းအပေါ်၌ အသစ်တိုးပွားလာသော အချက်အလက်များကို မြင်တွေ့လိုက်ရသောအခါ သူတို့၏ မျက်နှာအမူအရာများ ချက်ချင်း ပြောင်းလဲသွားခဲ့ရ၏။
ချက်ချင်းပင် လူတိုင်းသည် တင်းယွီခန်းမရှိရာဆီသို့ ဦးတည်လျှောက်လှမ်းသွားကြပြီး အောက်ဖက်မှနေ၍ မျှော်လင့်ချက်အပြည့်ဖြင့် စောင့်ဆိုင်းနေကြတော့သည်။
အကြောင်းမူကား ကြေညာချက်သင်ပုန်းပေါ်တွင် အသစ်ထပ်မံတိုးပွားလာသော စနစ်တစ်ခု ရှိနေပြီး ယင်းမှာ တစ်ဦးလျှင် ရွှေဒင်္ဂါး ၅,၀၀0 ကျသင့်မည်ဖြစ်ကာ တစ်ပတ်လျှင် တစ်ကြိမ်သာ ဖွင့်လှစ်မည်ဟူ၍ ရေးသားထားသောကြောင့်ပင်။
ရှေ့မှ မြူခိုးများ ဖုံးလွှမ်းနေသော ဝင်္ကပါအစီအရင်ကြီးကို ကြည့်ရင်း ရန်လီလီသည် ထုံးစံအတိုင်း အများဆုံး စကားဆိုသူဖြစ်သည့်အတိုင်း ဘေးနားရှိလူကို လှမ်း၍ ပြောလိုက်သည်။ "အကြီးအကဲချင်... ဒီအရာအသစ်က ဘာဖြစ်လိမ့်မလဲဗျာ။ တစ်ပတ်မှာ တစ်ကြိမ်ပဲ ဖွင့်ပေးတယ်ဆိုတော့"
"ပြောရခက်တယ်... ဒါပေမဲ့ အဲဒါက သေချာပေါက် အလွန်တရာ ထူးခြားတဲ့ နေရာတစ်ခု ဖြစ်ရမယ်။ မဟုတ်ရင် တစ်ပတ်မှာ တစ်ကြိမ်ပဲ ဖွင့်လှစ်စရာ အကြောင်းမရှိဘူး"
ချင်ရှန်းသည် စာကြည့်တိုက်မျှော်စင်ကြီးကို ပြေး၍ သတိရမိလိုက်သည်။
စာကြည့်တိုက်မျှော်စင်၏ ဆယ်ဆင့်လွှာမျှော်စင်အတွင်းရှိ စမ်းသပ်မှုများသည် တစ်ဆင့်ချင်းစီအလိုက် အလွန်တရာ အစွမ်းထက်လှသော နားလည်သဘောပေါက်မှုများကို ပေးစွမ်းနိုင်ခြင်းပင်။
နှစ်နာရီလျှင် ရွှေဒင်္ဂါးတစ်ထောင် ကျသင့်ပြီး တစ်နေ့လျှင် သုံးနေရာသာ ခွင့်ပြုထားခြင်းကပင် လုံလောက်အောင် တင်းကျပ်လှပြီ ဖြစ်သည်။
ယခုမူ မမျှော်လင့်ဘဲ တစ်ပတ်လျှင် တစ်ကြိမ်သာ ဖွင့်လှစ်ပြီး ရွှေဒင်္ဂါး ၅,၀၀၀ ကောက်ခံမည့် ကျင့်ကြံခြင်းဧရိယာတစ်ခု ထပ်မံပေါ်ပေါက်လာခဲ့ခြင်းပင်။
ချင်ရှန်းကိုယ်တိုင်လည်း ဝေခွဲမရဖြစ်နေသည်ကို မြင်သောအခါ ရန်လီလီသည် ကျောက်ချင်း၏ဘေးသို့ အပြေးအလွှား သွားရောက်ကာ မေးလိုက်ပြန်သည်။
"ကျောက်ချင်း... မင်းကော ဘယ်လိုထင်လဲ"
ကျောက်ချင်းက သူ့ကို အေးစက်စွာဖြင့် တစ်ချက်လှမ်းကြည့်လိုက်ပြီး တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။
"စကားတွေ အများကြီး မပြောနေနဲ့ အချိန်တန်ရင် မင်း သိရမှာပဲ"
ရန်လီလီက တဟဲဟဲ ရယ်မောလိုက်ပြီး မိမိဘာသာ တီးတိုးရေရွတ်လိုက်သည်။
"ဂိုဏ်းချုပ် ဘယ်အချိန် တောင်အောက်ကို ဆင်းလာမလဲဆိုတာကိုလည်း ငါ သိချင်လှပြီ"
လူတိုင်း စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေကြစဉ်အတွင်း ကျောက်ယီသည် အထပ်တစ်ထောင်အလွှာလှေကားထစ်များကို တံမြက်စည်းလှည်းနေခဲ့ရာ ရုတ်ချည်းပင် လူတစ်ယောက် အနားသို့ ချဉ်းကပ်လာခဲ့သည်။
ထိုသူမှာ ရှန်ဟွာပင်။
ရှန်ဟွာ၏ ကြမ်းတမ်းခက်ထန်သော ရုပ်သွင်ပြင်နှင့် သူ့ထံမှ ထွက်ပေါ်နေသော နက်နဲသောအဆင့် ကျင့်ကြံသူတစ်ဦး၏ အရှိန်အဝါကြောင့် ကျောက်ယီသည် ရန်သူထပ်မံရောက်ရှိလာပြီဟု ထင်မှတ်ကာ ထိတ်လန့်သွားခဲ့သည်။
သူသည် နောက်သို့ လှည့်၍ အပြေးအလွှား ဆုတ်ခွာရန် ပြင်လိုက်သော်လည်း ရှန်ဟွာက ကျယ်လောင်စွာ လှမ်း၍ အော်ပြောလိုက်၏။
"လူငယ်လေး... မပြေးပါနဲ့ ငါက ဂိုဏ်းကို လာရောက်ဂါရဝပြုတာပါ။ မင်းတို့ ဂိုဏ်းချုပ်နဲ့ ဆွေးနွေးစရာ ကိစ္စအချို့ ရှိလို့ လမ်းပြပေးပါဦး"
ရှန်ဟွာသည် ကျောက်ယီထံသို့ အမှီလိုက်ရန် ခြေလှမ်းများကို သွက်လိုက်ရင်း ပတ်ဝန်းကျင်ကိုလည်း ဗီဇအရ ဝေ့ဝဲကြည့်ရှုလိုက်သည်။
ကျောက်ယီက ခေါင်းငြိမ့်ပြလိုက်ပြီး တောင်စောင့်ခွေးကြီးလိုက်လာခြင်း ရှိမရှိကို နောက်သို့ နှစ်ကြိမ်ခန့် သေချာစွာ လှည့်ကြည့်လိုက်၏။
ထို့နောက် ထိုလူ၏ စကားအပေါ် သံသယမဝင်တော့ဘဲ ရှန်ဟွာကို ပင်မရင်ပြင်ကြီးဆီသို့ တည့်တည့်မတ်မတ် ခေါ်ဆောင်လာခဲ့တော့သည်။
ထိုသူသည် ရင်ပြင်ကို ဖြတ်ကျော်ကာ ပင်မခန်းမဆောင်ကြီးဆီသို့ တန်းတန်းမတ်မတ် လျှောက်လှမ်းသွားသည်ကို မြင်သောအခါ ကျောက်ယီက အလျင်အမြန်ပင် လှမ်း၍ တားမြစ်
လိုက်ရ၏။
"စီနီယာ... ကျွန်တော်တို့ ဂိုဏ်းချုပ်ကို ရှာချင်တာဆိုရင် ကျွန်တော့်နောက်ကို လိုက်ခဲ့ပါခင်ဗျာ။ ဂိုဏ်းချုပ်က ပင်မခန်းမဆောင်ကြီးထဲမှာ နေထိုင်တာ မဟုတ်ပါဘူး"
ရှန်ဟွာသည် ခေတ္တမျှ မှင်သက်သွားပြီးမှ ခေါင်းငြိမ့်ပြလိုက်သည်။
ဂိုဏ်းချုပ်တစ်ဦးဖြစ်ပြီး ပင်မခန်းမဆောင်တွင် မနေထိုင်ခြင်းမှာ အလွန်တရာ ရှားပါးသည်။
ကျောက်ယီနှင့်အတူ တင်းယွီခန်းမအောက်ခြေသို့ သူတို့ ရောက်ရှိလာသောအခါ ထိုနေရာတွင် ရှိနေကြသော လူအားလုံးသည် ရုတ်ချည်းပင် သူတို့နှစ်ဦးထံသို့ အကြည့်များ ပို့လွှတ်လိုက်ကြ၏။
လူခုနစ်ယောက်၊ ရှစ်ယောက်ခန့်၏ အကြည့်များက တစ်ပြိုင်နက်တည်း ကျရောက်လာခြင်း ဖြစ်သဖြင့် ရှန်ဟွာနှင့် ကျောက်ယီနှစ်ဦးစလုံး အနည်းငယ် လန့်ဖျန့်သွားခဲ့ရသည်။
ယင်းကို မြင်သောအခါ ကျောက်ယီက အခြေအနေကို အလျင်အမြန် ရှင်းပြလိုက်၏။ "အကြီးအကဲချင်... အကြီးအကဲယွင်... ဒီစီနီယာက ဂိုဏ်းချုပ်နဲ့ ဆွေးနွေးစရာ ကိစ္စရှိလို့ဆိုပြီး ရောက်လာတာပါ"
ပြောပြီးသည်နှင့် ကျောက်ယီသည် နောက်သို့ ဆုတ်ခွာသွားခဲ့တော့သည်။
ယွင်လျောင်သည် ရောက်ရှိလာသော ဧည့်သည်အသစ်ကို အကဲခတ်ကြည့်ရှုလိုက်ရာ ထိုသူ၏ ကျင့်စဉ်အဆင့်ကို အကဲမဖြတ်နိုင်သဖြင့် အနည်းဆုံးတော့ အလယ်တန်း နက်နဲသောအဆင့်ရှိသူတစ်ဦး ဖြစ်လိမ့်မည်ဟု ကောက်ချက်ချလိုက်၏။
ထိုမျှအဆင့်ရှိသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သဖြင့် ယွင်လျောင်သည် ပေါ့ဆစွာမနေဝံ့ဘဲ ရေနွေးကြမ်းဖြင့် ဧည့်ခံရန် လူတစ်ယောက်ကို ချက်ချင်း လှမ်းခေါ်လိုက်သည်။
သို့သော်လည်း ရှန်ဟွာသည် ထိုကဲ့သို့သော ဧည့်ဝတ်ပြုမှုများကို စိတ်ဝင်စားပုံမပေါ်ဘဲ လက်ဝါးကို ဝှေ့ယမ်းလိုက်ကာ တောင်စောင်းပေါ်ရှိ တင်းယွီခန်းမဆီသို့ တိုက်ရိုက် ဦးတည်လျှောက်လှမ်းရန် ပြင်တော့သည်။
သို့သော် သူ ခြေလှမ်းစလိုက်သည်နှင့် တစ်ပြိုင်နက် ချင်ရှန်းနှင့် ယွင်လျောင်တို့နှစ်ဦးစလုံးက လက်များကို ဆန့်ထုတ်ကာ သူ့ကို အပြင်ဘက်၌ပင် တားဆီးပိတ်ဆို့လိုက်ကြ၏။
"စီနီယာ... ဂိုဏ်းချုပ် နေထိုင်တဲ့နေရာက ဂိုဏ်းရဲ့ တားမြစ်နယ်မြေပါ။ ဂိုဏ်းချုပ်ရဲ့ ခွင့်ပြုချက်မရဘဲ စီနီယာ့သဘောနဲ့ တိုက်ရိုက် ဝင်ရောက်လို့ မရပါဘူး"
ရှန်ဟွာက မချိပြုံး ပြုံးလိုက်ရင်း မေးလိုက်သည်။
"ဒါဆိုရင် ငါ့အတွက် တစ်ယောက်ယောက်က သွားပြီး သတင်းပို့ပေးလို့ ရမလား။ ငါ့မှာ အရေးကြီးကိစ္စ ရှိလို့ပါ"
ယွင်လျောင်က "စီနီယာ... စိတ်မကောင်းပါဘူး စီနီယာအနေနဲ့ ဒီမှာပဲ စောင့်ဆိုင်းနေရပါလိမ့်
မယ်။ ကျွန်တော်တို့ ဂိုဏ်းချုပ်က သူ အိပ်စက်နေချိန်မှာ လာနှောင့်ယှက်တာကို အရမ်းမုန်းတီးပါတယ်" ဟု အပြတ်အသတ် ပြောဆိုလိုက်၏။
"ငါ့ကို စောင့်ခိုင်းတာ ဟုတ်လား"
ရှန်ဟွာသည် ယွင်လျောင်ကို ချက်ချင်း စိုက်ကြည့်လိုက်မိပြီး သူ၏ မျက်နှာတွင် မကျနပ်ရိပ်အချို့ ထင်ဟပ်သွားခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ သူသည် အလယ်တန်း နက်နဲသောအဆင့် ရှိသည့် ကျင့်ကြံသူတစ်ဦးပင်။
ဝမ်ပင်းကို ချက်ချင်း တွေ့ခွင့်မရလျှင်ပင် အနည်းဆုံးတော့ တစ်ယောက်ယောက်က သွား၍ သတင်းပို့ပေးသင့်သည်။
သို့သော် ရလဒ်မှာမူ မည်သူကမျှ သတင်းသွားပို့ရန် မပြင်ကြဘဲ ဝမ်ပင်း သူ့ဘာသာ ထွက်လာမည့်အချိန်ကိုသာ အားလုံးက ဝိုင်းဝန်းစောင့်ဆိုင်းနေကြခြင်းပင်။
အချိန်များ တရွေ့ရွေ့ ကုန်လွန်လာခဲ့သည်။
နံနက်ခင်း မြူခိုးများ စတင်ပျောက်ကွယ်သွားသည့်အချိန်တွင် ရှန်ဟွာသည် ကောင်းကင်ကြီးကို မော့ကြည့်ရင်း တစ်ကိုယ်တည်း ညည်းညူနေခဲ့မိသည်။
သို့သော်လည်း မသေမျိုးဂိုဏ်းမှ လူများမှာမူ စိတ်မရှည်သည့် လက္ခဏာ စိုးစဉ်းမျှမပြဘဲ ထိုနေရာတွင် တည်ငြိမ်စွာ စောင့်ဆိုင်းနေကြဆဲ ဖြစ်ရာ သူသည်လည်း မတတ်နိုင်ဘဲ ခေါင်းခါယမ်းလျက် သူတို့နှင့်အတူ ရောနှော၍ မတ်တတ်ရပ်ကာ စောင့်ဆိုင်းနေလိုက်ရတော့သည်။
တောင်အောက်ခြေတွင်မူ လူများက အဝင်အထွက် ရှိနေကြသဖြင့် ရှန်ဟွာ စိတ်ထဲတွင် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်လာခဲ့သည်။
သို့သော်လည်း ဝမ်ပင်း၏ အစွမ်းအစကို သူ ကောင်းစွာ သတိပြုမိထားသဖြင့် ပြဿနာကို အလွယ်တကူ မရှာဝံ့ချေ။
ဤကဲ့သို့ဖြင့် တစ်နာရီနီးပါးခန့် အချိန်ကုန်လွန်သွားခဲ့သည်။
နံနက်စောစော အချိန်ပိုင်းတွင် ဝမ်ပင်းသည် တင်းယွီခန်းမပေါ်မှ နောက်ဆုံးတွင် ဆင်းသက်လာခဲ့ရာ ရန်လီလီနှင့် အခြားသူများသည် သူ့ထံသို့ အပြေးအလွှား ဝိုင်းအုံသွားကြတော့သည်။
ရှန်ဟွာမှာမူ စောင့်ဆိုင်းရလွန်းသဖြင့် စိတ်မရှည်ခြင်းများ အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်၏။
ဝမ်ပင်း တောင်ပေါ်မှ ဆင်းလာသည်နှင့် တစ်ပြိုင်နက် ရှန်ဟွာက ကျယ်လောင်စွာ လှမ်း၍ အော်ဟစ်လိုက်တော့သည်။
"ပိယွဲ့မိသားစုက အလယ်တန်း နက်နဲသောအဆင့် ကျင့်ကြံသူ ရှန်ဟွာ... မသေမျိုးဂိုဏ်းချုပ် ဝမ်ပင်းကို ဂါရဝပြုပါတယ်။ ဂိုဏ်းချုပ် တောင်အောက်ဆင်းလာတာကို ကျွန်တော် တော်တော်လေး စောင့်လိုက်ရတယ်ဗျာ"
ဝမ်ပင်းက "ဒါနဲ့ မင်းက ဘယ်သူလဲ" ဟု မေးလိုက်၏။
ရှန်ဟွာက ထပ်မံ၍ ဂုဏ်ယူစွာဖြင့် "ကျွန်တော်က ဇီမိုအိုင်ရဲ့ ပိယွဲ့မိသားစုက ရှန်ဟွာ ပါ" ဟု မိတ်ဆက်လိုက်ပြန်သည်။
ထိုစကားကို ကြားရသောအခါ ဝမ်ပင်းက မတတ်နိုင်ဘဲ မချိပြုံး ပြုံးလိုက်မိတော့၏။
အမှန်တော့ သူက မင်း ငါ့ဆီက ဘာလိုချင်လို့လဲဟု ဆက်လက်မေးမြန်းရန် ပြင်လိုက်သော်လည်း သူ၏ နားထဲသို့ စနစ်၏ သတိပေးချက်အသံတစ်ခုက ချက်ချင်း ဝင်ရောက်လာခဲ့သဖြင့် ဝမ်ပင်းသည် စကားလုံးများကို ပြောင်းလဲကာ မေးလိုက်ရတော့သည်။
"ရှန်ဟွာ... မင်း မသေမျိုးဂိုဏ်းထဲကို ရောက်နေတာ တစ်နာရီဝန်းကျင်လောက် ရှိသွားပြီပေါ့"