← Chapters

အခန်း (၂၅၃-၂၅၄)

Vol. 19 Ch. 253-254

အခန်း (၂၅၃-၂၅၄)

Vol. 19 Ch. 253-254

အပိုင်း(၂၅၃)

"ဆရာ... ဘာတွေ တွေးနေတာလဲ… အသစ်တစ်ခုခု ထပ်ပြီး ခန့်မှန်းလို့ရလို့လား..."

အတွေးရေယာဉ်ကြော နစ်မြောနေသည့် ကျန်းလျိုကို မြင်လိုက်ရသောအခါ ကျူးပါကျဲက မေးလိုက်သည်။ ဆရာဖြစ်သူ၏ ဉာဏ်ပညာဖြင့်ဆိုလျှင် သူ၏ ဆရာက အရာများစွာကို ခန့်မှန်းနိုင်မည်ဆိုသည်မှာ ကျူးပါကျဲအတွက် အနည်းငယ်မျှပင် အံ့သြစရာ ဖြစ်လာမည်မဟုတ်ပေ။

ကျူးပါကျဲ၏ စကားများက ကျန်းလျို၏ အတွေးစီးကြောင်းကို ပြတ်တောက်သွားစေခဲ့သည်။ ကျန်းလျိုသည် မတုံ့ပြန်မီ သူ၏ စိတ်ထဲရှိ ရှုပ်ထွေးနေသော အတွေးများကို ခေတ္တမျှ စုစည်းလိုက်ပြီး ပြောလိုက်သည်။

"အင်း... ငါ တချို့ကိစ္စတွေကို ခန့်မှန်းလို့ရခဲ့တာ အမှန်ပဲ… ဒါပေမဲ့ မင်းအကြောင်းတော့ မဟုတ်ဘူး..."

"ဪ..."

မိမိနှင့် မသက်ဆိုင်ကြောင်း ကြားလိုက်ရသောအခါ ကျူးပါကျဲက ခေါင်းညိတ်လိုက်သည်။ သူ၏ ပျင်းရိသော ဗီဇသဘာဝအရ သူက ဆက်လက် အာရုံစိုက်ရန် စိတ်ဝင်စားမှု မရှိတော့ပေ။

သို့သော်လည်း ရှေ့မှောက်ရှိ ကျူးကျူး၏ သင်္ချိုင်းကို ငေးကြည့်ရင်း ဤကဲ့သို့သော အကွက်ချစီစဉ်မှုများကြောင့် ဆုံးရှုံးသွားခဲ့ရသည့် သူ၏ ဇနီးကျူးကျူးနှင့် သူ၏ ပထမဆုံး ကလေးလေးတို့ အကြောင်း တွေးမိသောအခါ ကျူးပါကျဲ၏ ရင်ထဲတွင် ဒေါသနှင့် အမုန်းတရားများ ဆူပွက်လာခဲ့လေသည်။

တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် ကျူးပါကျဲက ကျန်းလျိုကို ရုတ်တရက် စကားစပြောလိုက်၏။

"ဆရာ... ကျွန်တော်... ကျွန်တော် ဆရာတို့ဆီကနေ ထွက်သွားဖို့ စဉ်းစားနေတယ်..."

ကျန်းလျိုသည် အလောတကြီး မေးမြန်းခြင်းမပြုဘဲ ကျူးပါကျဲကို စူးစမ်းသော အကြည့်ဖြင့် လှည့်ကြည့်လိုက်သည်။

"ကျွန်တော်က သစ္စာတရားနဲ့ မိတ်ဆွေသံယောဇဉ်ကို တန်ဖိုးထားတဲ့ လူတစ်ယောက်ပါ… အနောက်အရပ်ကို ကျမ်းစာပင့်ဆောင်တဲ့ ခရီးစဉ်ရဲ့ ကုသိုလ်ကောင်းမှုတွေကို ကျွန်တော် ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ဘူး… ဒီနေ့မှာတော့ ကျွန်တော့်အပေါ် မဟာယနဂိုဏ်းရဲ့ အကွက်ချမှုတွေက ကျွန်တော့်ရင်ထဲမှာ မီးတောက်လောင်သွားစေခဲ့ပြီ… ကျွန်တော်က အခု ဂိုဏ်းနဲ့ သေခန်းပြတ် ရန်သူတွေ ဖြစ်သွားပြီလေ… ဒါကြောင့်မို့ ကျွန်တော် ဆရာတို့နဲ့အတူ ခရီးဆက်ဖို့ဆိုတာ မသင့်တော်တော့ဘူး..."

'ဒုတ်' ခနဲ မြည်သံနှင့်အတူ ကျူးပါကျဲသည် ဒူးထောက်ချလိုက်ပြီး ကျန်းလျိုအား ရင်ထဲမှလှိုက်လှဲစွာ ဦးချကန်တော့လိုက်လေသည်။

သူသည် အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် ဆက်ပြောလိုက်သည်။

"ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် သိခဲ့ရတာ သိပ်မကြာသေးပေမဲ့… လမ်းခရီးတစ်လျှောက်လုံး ဆရာက ကျွန်တော့်အပေါ် အများကြီး ဂရုစိုက်ပေးခဲ့ပါတယ်… အဲဒါကို ကျွန်တော့် ရင်ထဲမှာ အမြဲ သိမ်းထားမှာပါ… ဆရာ့ရဲ့ ကုသိုလ်ကောင်းမှုတွေနဲ့ဆိုရင်… ဆရာက ကျမ်းစာတွေ ရပြီးတဲ့နောက်မှာ ဗုဒ္ဓတစ်ပါးအနေနဲ့ သေချာပေါက် ဘိသိက်ခံရမှာပါ… ဒါကြောင့် တစ်နေ့နေ့ ကျွန်တော်က ဆရာနဲ့ ဆန့်ကျင်ဘက်မှာ ရပ်တည်လာခဲ့ရင်… ဆရာ့အနေနဲ့ ကျွန်တော့်အပေါ် ညှာတာမှု မထားတော့ဖို့ မျှော်လင့်ပါတယ်..."

"အဟမ်း... ပါကျဲ… မင်းရဲ့ဆရာက မဟာယနဂိုဏ်းဘက်က ရပ်တည်မယ်လို့ မင်းက သိပ်သေချာနေတာလား..."

"ဟမ်..."

ကျန်းလျို၏ စကားများက ကျူးပါကျဲကို အကြီးအကျယ် တုန်လှုပ်သွားစေခဲ့ပြီး သူက ကျန်းလျိုကို အံ့အားသင့်စွာဖြင့် မျက်လုံးကြီးများ ပြူးကျယ်လျက် ကြည့်နေလေသည်။

ကျန်းလျို ယခုလေးတင် ပြောလိုက်သော စကားများက ကျူးပါကျဲအား အံ့အားသင့် မှင်သက်သွားစေခဲ့ရာ တစ်ခဏမျှပင် သူ၏ စိတ်ကို ပြန်လည် မစုစည်းနိုင်အောင် ဖြစ်သွားစေခဲ့ပေသည်။

အနောက်အရပ်သို့ ကျမ်းစာပင့်ဆောင်သည့် ခရီးစဉ်မှ ကုသိုလ်ကောင်းမှုများကို ကျူးပါကျဲက သိပ်မက်မောခြင်း မရှိပေ။

သို့သော်လည်း... ၎င်းမှာ သူမည်မျှပင် လိမ္မာရေးခြားရှိစွာ နေထိုင်စေကာမူ ကုသိုလ်ကောင်းမှုများ၏ အနည်းငယ်သော အစိတ်အပိုင်းကိုသာ ရရှိမည်ဖြစ်ပြီး အဓိက ကုသိုလ်ကောင်းမှုများမှာ ကျမ်းစာပင့်ဆောင်သည့် ခရီးစဉ်၏ အဓိက ဇာတ်ကောင်ဖြစ်သော ကျန်းလျိုထံသို့သာ သေချာပေါက် ရောက်ရှိသွားမည်ကို သူ နားလည်ထားသောကြောင့်ပင် ဖြစ်လေသည်။

သူ၏ ကုသိုလ်ကောင်းမှုများနှင့်ဆိုလျှင် ခရီးစဉ် ပြီးဆုံးပြီးနောက် ဗုဒ္ဓတစ်ပါး ဖြစ်လာမည် ဆိုသည်မှာ သေချာနေသော ကိစ္စရပ်တစ်ခု ဖြစ်ပြီး အနောက်အရပ်သို့ ကျမ်းစာပင့်ဆောင်သည့် ခရီးစဉ်သည်လည်း လက်ရှိတွင် မဟာယနဂိုဏ်းအတွက် အရေးအပါဆုံးသော အဖြစ်အပျက်ကြီး ဖြစ်နေပေသည်။

‘ဒါပေမဲ့ ဆရာက အခုလေးတင် ဘာပြောလိုက်တာလဲ… သူက မဟာယနဂိုဏ်းနဲ့ တစ်ဖက်တည်း မဟုတ်နိုင်ဘူးလို့ ပြောလိုက်တာလား…’

ဤကဲ့သို့သော စကားမျိုးက မည်သို့လျှင် အံ့သြတုန်လှုပ်စရာ မကောင်းဘဲ နေနိုင်မည်နည်း။ ယုံကြည်နိုင်စရာပင် ကင်းမဲ့နေသည် မဟုတ်ပါလော။

"ဘာလဲ... အဲဒါက မင်းအတွက် ထူးဆန်းနေလို့လား… မင်းက မဟာယနဂိုဏ်းရဲ့ ကြိုးကိုင်ခြယ်လှယ်မှုကို ခံခဲ့ရလို့ သူတို့ကို ဆန့်ကျင်ပြီး ထွက်သွားချင်နေတာလေ… ငါ့အခြေအနေကလည်း မင်းနဲ့ ဆင်တူနေတော့ ငါလည်း အဲဒီလို ရွေးချယ်မှုမျိုး လုပ်နိုင်တာပေါ့… ဒါက အံ့သြစရာ ကောင်းနေလို့လား..."

ကျူးပါကျဲ၏ အံ့အားသင့်နေသော မျက်နှာကို ကြည့်ကာ ကျန်းလျိုက ပြန်လည် ချေပလိုက်သည်။

"မဟုတ်ပါဘူး... မထူးဆန်းပါဘူး..."

ကျန်းလျို၏ စကားကို ကြားသောအခါ ကျူးပါကျဲက ခေါင်းခါယမ်းလျက် ပြောလိုက်သည်။

အမှန်တကယ်ပင် ယင်းက ယုတ္တိကျလှသော်လည်း အနောက်အရပ်သို့ ကျမ်းစာပင့်ဆောင်သည့် ခရီးစဉ်၏ အဓိက ဇာတ်ကောင် တစ်ယောက်အနေဖြင့် မဟာယနဂိုဏ်းကို ဆန့်ကျင်မည်တဲ့လား။ ဤအကြောင်းကိုသာ ထုတ်ပြောလိုက်မည် ဆိုပါက မည်သူတစ်ဦးတစ်ယောက်ကမျှ ယုံကြည်မည် မဟုတ်သည်မှာ သေချာလှပေသည်။

"ဒါဆိုရင် ဆရာ... ဆရာကလည်း ဒီဝက်အိုကြီးလိုမျိုး လုပ်ချင်နေမှတော့ မဟာယနဂိုဏ်းအတွက် ကျမ်းစာပင့်ဆောင်ပေးဖို့ ဘာလို့ ကူညီနေရသေးတာလဲ..."

မူလကတည်းက သိပ်မထက်မြက်လှသော ကျူးပါကျဲသည် ဤအချိန်တွင် သူ၏ ဦးနှောက်က ပို၍ပင် ရှုပ်ထွေးသွားသလို ခံစားလိုက်ရပြီး စကားများကို အစီအစဉ်မကျစွာဖြင့် မေးလိုက်လေသည်။

ဉာဏ်ကောင်းသော လူများ၏ လုပ်ရပ်များက နားလည်ရန် အလွန်ခက်ခဲလှသည်ဟု သူ ခံစားလိုက်ရပေသည်။ အကယ်၍ ဆရာက မဟာယနဂိုဏ်းကို တကယ် ဆန့်ကျင်နေသည်ဆိုပါက သူတို့၏ အနောက်အရပ်သို့ ကျမ်းစာပင့်ဆောင်သည့် ခရီးစဉ်တွင် အဘယ်ကြောင့် ကူညီပေးနေရသနည်း။

"မင်းရဲ့ ကျူးကျူးက သေသွားတော့ ကိစ္စပြတ်သွားပြီလေ… ဒါပေမဲ့ ငါ့ရဲ့ ကောင်းယန်ကတော့ ဓားစာခံတစ်ယောက်လို မဟာယနဂိုဏ်းဆီမှာ ကျန်ရစ်နေခဲ့တာ… ငါ့မှာ တခြားရွေးချယ်စရာ ရှိသေးလို့လား..."

ကျူးပါကျဲ၏ မေးခွန်းကို တုံ့ပြန်သည့်အနေဖြင့် ကျန်းလျိုက သူ့ကို ဂရုမစိုက်သလို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။

"အာ... ဆရာ ပြောတာလည်း ဟုတ်တာပဲ… ဆရာက... ဆရာက ဒီဝက်အိုကြီးထက်တောင် ပိုပြီး ကောက်ကျစ်တဲ့ ထောင်ချောက်ထဲကို ရောက်နေတာပဲ..."

ကျန်းလျို၏ ရှင်းပြချက်ကို ကြားသောအခါ ကျူးပါကျဲသည် ခေါင်းကို ကုတ်လိုက်ပြီး ကျန်းလျိုအပေါ် ရုတ်တရက် သနားစိတ်များ ဝင်လာမိလေသည်။

"ဒါဆိုရင် ပါကျဲ... မင်းရဲ့ဆရာနဲ့အတူ အနောက်အရပ်ကို ကျမ်းစာပင့်ဆောင်မယ့် ခရီးစဉ်မှာ လိုက်ပါပြီး ကောင်းကင်ဘုံက နတ်ဘုရားတွေနဲ့ ဗုဒ္ဓအားလုံးကို ဖြုတ်ချဖို့ မင်း ဆန္ဒရှိလား..."

ကျန်းလျိုသည် မျက်နှာကို အတည်ကြည်ဆုံး အမူအရာသို့ ပြောင်းလဲလိုက်ရင်း ကျူးပါကျဲကို စူးစိုက်ကြည့်ကာ တစ်ချိန်က စွန်းဝူခုန်းကို မေးခဲ့ဖူးသော မေးခွန်းတစ်ခုကို တရားဝင် မေးမြန်းလိုက်ခြင်း ဖြစ်ပေသည်။

‘ကောင်းကင်ဘုံက နတ်ဘုရားတွေနဲ့ ဗုဒ္ဓအားလုံးကို ဖြုတ်ချပစ်မယ်တဲ့လား…’

ဤစကားက မည်မျှပင် ရဲတင်းလွန်းလှသနည်း။ ကျူးပါကျဲ၏ အတိတ်ကာလက စရိုက်လက္ခဏာအရဆိုလျှင် သူက သေချာပေါက် ငြင်းပယ်ခဲ့မည်သာ ဖြစ်၏။

သို့သော် ယနေ့တွင်မူ ရင်ထဲမှ အမုန်းတရားများ မပြေပျောက်သေးဘဲ အနောက်အရပ်သို့ ကျမ်းစာပင့်ဆောင်သည့် ခရီးစဉ် အဖွဲ့မှ ထွက်ခွာရန် ဆုံးဖြတ်ထားပြီးသား ဖြစ်သောကြောင့် ကျန်းလျို၏ စကားများက ကျူးပါကျဲ၏ နှလုံးသားကို တည့်တည့်မတ်မတ် ထိုးဖောက်သွားခဲ့လေပြီ။

"ဆရာ... ကျွန်တော် ဆန္ဒရှိပါတယ်..."

တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ကျူးပါကျဲက လေးနက်စွာ ခေါင်းညိတ်လိုက်ပြီး ပြတ်သားစွာ ဖြေကြားလိုက်လေသည်။

"အရမ်းကောင်းတယ်... အခုကစပြီး ငါတို့က တစ်လှေတည်းစီး တစ်ခရီးတည်းသွားပဲ..."

ကျူးပါကျဲ၏ အဖြေကြောင့် ကျန်းလျို ခေါင်းညိတ်လိုက်သည်။ သူ၏ အဖြေကို ကျန်းလျိုက မျှော်လင့်ထားပြီးသား ဖြစ်ပေသည်။

"ဒါပေမဲ့ ဆရာ... ကျွန်တော်တို့ ကျိုင်းကောင်နှစ်ကောင်တည်းနဲ့ ကောင်းကင်ဘုံက နတ်ဘုရားတွေနဲ့ ဗုဒ္ဓအားလုံးကို ဖြုတ်ချနိုင်မယ်လို့ ဆရာ ထင်လို့လား… သွေးထွက်သံယိုမဖြစ်ဘဲ အဲဒီလိုလုပ်ဖို့ ဆရာ့မှာ အကြံအစည်ကောင်း တစ်ခုခုများ ရှိနေလို့လား..."

သဘောတူခဲ့သော်လည်း သိပ်မကြာခင်မှာပင် ကျူးပါကျဲက ရှက်ကိုးရှက်ကန်းဖြင့် ကျန်းလျိုအား မေးလိုက်လေသည်။

ဤမေးခွန်းကြောင့် ကျန်းလျို၏ မျက်နှာအမူအရာက မှောင်မိုက်သွားလေသည်။

"ကောင်းကင်ဘုံက နတ်ဘုရားတွေနဲ့ ဗုဒ္ဓတွေအားလုံးကို မင်းက ဘာမှတ်နေလဲ… စက္ကူကျားတွေလို့ ထင်နေတာလား… ဗျူဟာသုံးရုံနဲ့တင် သူတို့ကို ဖြေရှင်းနိုင်မယ်များ ထင်နေတာလား… မအိပ်ရသေးဘဲ အိပ်မက် မက်နေပြန်ပြီလား..."

"ဟဲဟဲဟဲ... ဒါက ကျွန်တော် ဆရာ့ကို ယုံကြည်လို့ မဟုတ်ဘူးလား… ဆရာ့ရဲ့ ဉာဏ်ပညာက ကောင်းကင်ဘုံက နတ်ဘုရားတွေနဲ့ ဗုဒ္ဓအားလုံးထက်တောင် ပိုပြီး ကြီးမြတ်တယ်လို့ ကျွန်တော် ထင်တယ်… တခြားလူတွေ မလုပ်နိုင်ရင်တောင် ဆရာလုပ်နိုင်တယ်လို့… ဒီဝက်အိုကြီးက ယုံကြည်တယ်လေ..."

ကျူးပါကျဲက ရယ်မောကာ ကျန်းလျိုကို မြှောက်ပင့်ပြောဆိုလိုက်သည်။

"မဟုတ်သေးဘူး… အနည်းဆုံးတော့ အခုအချိန်မှာ လုံးဝ မဖြစ်နိုင်သေးဘူး… အခု ငါတို့ လုပ်နိုင်တာက ကိုယ့်ရဲ့ စွမ်းအားတွေ တိုးတက်လာအောင် ကြိုးစားဖို့ပဲ… အဲဒါပဲ..."

ကျန်းလျိုသည် လက်ကို ဝှေ့ယမ်းကာ ကျူးပါကျဲ၏ မြှောက်ပင့်စကားများကို ဖြတ်တောက်လိုက်လေသည်။

ကျန်းလျိုက အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် ဆက်ပြောလိုက်သည်။

"ပြီးတော့... မင်း တစ်ခုခုကို နားလည်မှုလွဲနေသလိုပဲ… ငါတို့က ကျိုင်းကောင် နှစ်ကောင်တည်း မဟုတ်ဘူး... သုံးကောင်ကွ..."

"သုံးကောင်လား… နဂါးဖြူလေးများလား..."

ကျူးပါကျဲက ခေတ္တမျှ ရပ်တန့်သွားပြီးနောက် မေးလိုက်သည်။

"မဟုတ်ဘူး... ဝူခုန်းကွ..."

ကျန်းလျိုက မှားနေသည်ကို ပြင်ပေးလိုက်သည်။

"ဒါဆိုရင် အစ်ကိုကြီးမျောက်က ဆရာနဲ့ အရင်ကတည်းက ကြိုးတစ်ချောင်းတည်းပေါ်မှာ အတူရှိနေခဲ့တာပေါ့… ဒါကြောင့်ကိုး... အဲဒီ ခေါင်းမာတဲ့ မျောက်က အနောက်အရပ်ကို ကျမ်းစာပင့်ဆောင်မယ့် ခရီးစဉ်မှာ ရုတ်တရက်ကြီး ဘယ်လိုလုပ်ပြီး လက်လျှော့လိုက်တာလဲလို့ ကျွန်တော် တွေးနေခဲ့တာ… တကယ့် အမှန်တရားက ဒီလိုကိုး..."

ကျန်းလျို၏ ပြင်ဆင်ပြောဆိုချက်ကို ကြားလိုက်ရသောအခါ ကျူးပါကျဲသည် လန့်ဖျပ်သွားပြီး သဘောပေါက် နားလည်သွားလေသည်။

အနောက်အရပ်သို့ ကျမ်းစာပင့်ဆောင်သည့် ခရီးစဉ် အဖွဲ့တွင် အချိန်အတော်ကြာ ပါဝင်ခဲ့သော်လည်း တစ်ဖွဲ့လုံး၏ နောက်ကွယ်မှ အမှန်တရားက ဤသို့ဖြစ်နေကြောင်းကို ကျူးပါကျဲ ယခုမှ သဘောပေါက်သွားခြင်း ဖြစ်ပြီး ယခင်က သူ လုံးဝ သတိမထားမိခဲ့ပေ။

"ကဲ... ကိစ္စတွေက ဒီအခြေအနေထိ ရောက်လာမှတော့ ထပ်ပြောနေစရာ မလိုတော့ပါဘူး… ကျူးကျူးရဲ့ အလောင်းကို ပြန်တူးဖော်လိုက်စမ်းပါ… သူ့ကို အသက်ပြန်ရှင်လာအောင် ငါ ကူညီပေးမယ်...”

ပြောစရာရှိသည်များကို ပြောပြီးသွားပြီဖြစ်ရာ ဤအခြေအနေသို့ ရောက်ရှိပြီးနောက် ထပ်မံပြောဆိုရန် စကားမလိုတော့သဖြင့် ကျန်းလျိုက ပြောလိုက်လေသည်။

***

အပိုင်း(၂၅၄)

"ဟာ... အသက်ပြန်ရှင်လာမယ် ဟုတ်လား..."

ကျန်းလျို၏ စကားများက ကျူးပါကျဲကို အကြီးအကျယ် တုန်လှုပ်သွားစေခဲ့ပြီး သူက မယုံကြည်နိုင်စွာဖြင့် မျက်လုံးကြီးများ ပြူးကျယ်လျက် ကျန်းလျိုကို ကြည့်ကာ ပြောလိုက်သည်။

"ဆရာ... သေတဲ့သူကို အသက်ပြန်ရှင်လာစေဖို့ဆိုရင်… ပုံမှန်အားဖြင့်… ယမမင်းက ဝိညာဉ်တွေကို အသက်ပြန်ရှင်ဖို့ ပြန်လွှတ်ပေးတာကို သဘောတူအောင် ကျောက်စိမ်းဧကရာဇ်ရဲ့ အမိန့်တော် လိုအပ်တယ်… တကယ်လို့ ဗုဒ္ဓရဲ့ အမိန့်တော်သာ ဆိုရင်လည်း ယမမင်းရုံးတော် ဆယ်ခုက ဒီအခွင့်အရေးကို ပေးကြမှာပဲ… ဒါပေမဲ့ ဆရာ... ဆရာကကျတော့..."

"ငါ့မှာ ကိုယ်ပိုင် နည်းလမ်းတွေ ရှိပါတယ်… ဗုဒ္ဓနဲ့ရော ကျောက်စိမ်းဧကရာဇ်နဲ့ရော လုံးဝ မသက်ဆိုင်ဘူးကွ..."

ကျန်းလျိုသည် အသေးစိတ် ရှင်းပြခြင်းမပြုဘဲ ကျူးပါကျဲကို ပြောလိုက်လေသည်။

အသက်ပြန်ရှင်စေသည့် စာလိပ်မှာ တစ်ခုတည်းသာရှိပြီး ယင်းက အလွန် တန်ဖိုးကြီးမားလှပေသည်။ သို့သော်လည်း ကျူးပါကျဲ၏ သစ္စာရှိမှုကို အပြည့်အဝ ပြန်လည်ရရှိရန်အတွက် အသက်ပြန်ရှင်စေသည့် စာလိပ်ကို အသုံးပြုလိုက်ခြင်းက အလွန် တန်ဖိုးရှိသည်ဟု ကျန်းလျို ခံစားမိလေသည်။

သို့မဟုတ်ပါက ယနေ့တွင် ၎င်းကို အသုံးပြုရန် တွန့်ဆုတ်နေခဲ့ပြီး နောက်ပိုင်းမှ အခြားတစ်ယောက်အတွက် အသုံးပြုရန် ဆုံးဖြတ်လိုက်သည်ကို ကျူးပါကျဲသာ မြင်တွေ့သွားပါက သူ မည်သို့ တွေးထင်သွားမည်နည်း။

ထိုအချိန်သို့ ရောက်လျှင် သူ မည်မျှပင် ရှင်းပြစေကာမူ ဤကိစ္စက သူနှင့် ကျူးပါကျဲကြားတွင် အမြဲတမ်း အတားအဆီးတစ်ခု ဖြစ်လာလိမ့်မည် မဟုတ်ပါလော။

ထို့ကြောင့် သေချာစွာ စဉ်းစားပြီးနောက်တွင် ကျူးကျူးကို အသက်ပြန်ရှင်လာစေရန် အသက်ပြန်ရှင်စေသည့် စာလိပ်အား အသုံးပြုခြင်းက အလွန် လိုအပ်သော လုပ်ရပ်တစ်ခုဖြစ်ကြောင်း ကျန်းလျို ခံစားလိုက်ရသည်။

ထို့အပြင် အသက်ပြန်ရှင်စေသည့် စာလိပ်က မည်မျှပင် တန်ဖိုးကြီးပါစေ... မိစ္ဆာများကို နှိမ်နင်းခြင်း သို့မဟုတ် ရတနာသေတ္တာကို ဖွင့်ခြင်းဖြင့် နောက်ထပ်တစ်ခုကို သူ ရရှိနိုင်ကောင်း ရရှိနိုင်ပေသေးသည်။ ဘယ်သူက သိနိုင်မည်နည်း။

ဆရာဖြစ်သူထံတွင် မည်သို့သော အခြားနည်းလမ်းများ ရှိနေနိုင်သည်ကို သူ မသိသော်လည်း ကျူးပါကျဲသည် ယခုအခါ ကျန်းလျိုအပေါ် မျက်ကန်းယုံကြည်မှု ထားရှိနေပြီဖြစ်ရာ မေးခွန်းများ ဆက်လက် မေးမြန်းခြင်း မပြုတော့ဘဲ ခေါင်းညိတ်လိုက်ပြီး ကျူးကျူး၏ အလောင်းကို သင်္ချိုင်းထဲမှ တူးဖော်လိုက်လေသည်။

မိစ္ဆာဘုရင် အဆင့်ရှိသည့် ခန္ဓာကိုယ်ဖြစ်ရာ သေဆုံးသွားသည်တိုင်အောင် ရက်အနည်းငယ်မျှဖြင့် မပုပ်သိုးနိုင်သေးပေ။ ကျူးကျူး၏ ခန္ဓာကိုယ်သည် ပထမဆုံး မြှုပ်နှံခဲ့စဉ်ကနှင့် ဘာမျှ ကွာခြားမှု မရှိကြောင်း တွေ့ရလေသည်။

"ဆရာ... ကျူးကျူးကို တူးဖော်ပြီးပါပြီ… ကျွန်တော်တို့ နောက်ထပ် ဘာဆက်လုပ်ကြမလဲ..."

အလောင်းကို တူးဖော်ပြီးနောက်၊ ကျူးပါကျဲသည် မျှော်လင့်ချက်များနှင့် စိုးရိမ်ပူပန်မှုများ ရောယှက်နေသော အမူအရာဖြင့် ကျန်းလျိုကို စိုက်ကြည့်ကာ မေးလိုက်သည်။

"မင်း ဘာမှ လုပ်စရာ မလိုဘူး..."

ကျူးပါကျဲ၏ စကားကို တုံ့ပြန်သည့်အနေဖြင့် ကျန်းလျိုက ခေါင်းခါယမ်းကာ ပြောလိုက်သည်။ စကားပြောရင်းနှင့်ပင် သူသည် ကျူးပါကျဲကို ဘေးသို့ ဖယ်နေရန် လက်ဟန်ပြလိုက်သည်။ ထို့နောက် ကျန်းလျိုသည် ခြေလှမ်း အနည်းငယ် ရှေ့တိုးလိုက်ပြီး ကျူးကျူး၏ အလောင်းရှေ့သို့ ရောက်သွားကာ သူ၏ သိုလှောင်ခန်း နေရာလွတ်ကို တိတ်တဆိတ် ဖွင့်လှစ်လိုက်လေသည်။ ၎င်းကို ဖွင့်ပြီးနောက် သူ၏ တစ်ခုတည်းသော အသက်ပြန်ရှင်စေသည့် စာလိပ်ကို ထုတ်ယူလိုက်တော့၏။

"ဆရာ... ဒါက လူတွေကို အသက်ပြန်ရှင်စေနိုင်တဲ့ အဖိုးတန် ပစ္စည်းလား… ကြည့်ရတာ တကယ် ထူးခြားနေတာပဲ..."

တောက်ပသော အလင်းရောင်များ ဖြာထွက်နေသည့် ကျန်းလျို၏ လက်ထဲမှ အသက်ပြန်ရှင်စေသည့် စာလိပ်ကို ကြည့်ကာ ကျူးပါကျဲ၏ မျက်လုံးများက အရောင်လက်သွားလေသည်။

ချက်ချင်းဆိုသလိုပင် သူက မျက်လုံးများကို ကလယ်ကလယ် လုပ်လိုက်ပြီး တောင်းပန်လိုက်သည်။

"ဒါနဲ့လေ… ဆရာ အရင်တုန်းက ပေးထားတဲ့ သွေးဆေးရည်က ကျူးကျူးကို စတွေ့တဲ့ ပထမဆုံးနေ့က သူ့ဒဏ်ရာတွေကို ကုသဖို့အတွက် သုံးလိုက်ရတယ်… ဆရာ နောက်ထပ် ဆေးရည်တစ်ပုလင်းလောက် ပေးလို့ရမလား… ပြီးတော့ ဒီရတနာက လူတွေကို အသက်ပြန်ရှင်စေနိုင်တယ် ဆိုမှတော့… ကျွန်တော့်အတွက် အကာအကွယ်ဖြစ်အောင် ဆယ်ခု၊ ရှစ်ခုလောက်များ ပေးလို့ရမလားဗျာ..."

"သွားစမ်းပါကွာ..."

ကျန်းလျိုသည် ကျူးပါကျဲကို စွေကြည့်လိုက်ရုံမျှကြည့်ကာ စိတ်ရှုပ်စွာဖြင့် တစ်ခွန်းတည်း ဟောက်လိုက်လေသည်။

သို့သော်လည်း သူက သိုလှောင်ခန်း နေရာလွတ်ထဲမှ သွေးဆေးရည် တစ်ပုလင်းကို ထုတ်ယူကာ ကျူးပါကျဲဆီသို့ လှမ်းပစ်ပေးလိုက်သည်။

"ငါ မင်းကို သွေးဆေးရည်တော့ ပေးနိုင်ပါတယ်… ဒါပေမဲ့ ဒီအသက်ပြန်ရှင်စေတဲ့ စာလိပ်က ငါ့မှာ ဒီတစ်ခုပဲ ရှိတာ… သူ့ကို ကယ်ဖို့အတွက် အခု သုံးလိုက်ပြီမို့…နောက်ကျမှ မင်း သေသွားရင် မင်းကို အသက်ပြန်ရှင်အောင်လုပ်ပေးဖို့ နည်းလမ်းမရှိတော့ဘူးဆိုပြီး ငါ့ကို လာအပြစ်မတင်နဲ့နော်..."

မိမိဆီသို့ လွင့်ပျံလာသော ဆေးရည်ပုလင်းကို မြင်လိုက်ရသည်နှင့် ကျူးပါကျဲသည် လက်များကို အမြန်ဆန့်တန်းကာ သွေးဆေးရည်ကို ဖမ်းယူလိုက်ပြီး အဖိုးတန် ရတနာတစ်ခုအလား ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလေတော့သည်။

မျက်စိတစ်မှိတ်အတွင်း မိမိ၏ သွေးတန်း တစ်စိတ်တစ်ပိုင်းကို ပြန်လည်ပြည့်ဝလာစေနိုင်သော ဆေးရည်တစ်ပုလင်းသည် ကျူးပါကျဲ၏ အမြင်တွင်တော့ အရေးကြီးချိန်၌ အသက်ကယ်ပေးနိုင်မည့် အဖိုးတန်ရတနာတစ်ပါးပင် ဖြစ်ပေသည်။

"ဆရာက ဒီဝက်အိုကြီးကို တကယ် ချစ်တာပဲနော်..."

အသက်ပြန်ရှင်စေသည့် စာလိပ်မှာ တစ်ခုတည်းသာ ရှိကြောင်း ကြားလိုက်ရပြီးနောက် ကျူးပါကျဲသည် သွေးဆေးရည်ကို သိမ်းဆည်းရင်း စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

"တော်တော့… ချွဲတဲ့စကားတွေ လာပြောမနေနဲ့… အဲဒါတွေကို ဒီမိစ္ဆာမအတွက်ပဲ ချန်ထားလိုက်..."

ကျန်းလျိုက လက်ကို ဝှေ့ယမ်းကာ ကျူးပါကျဲကို ဆက်ပြီး လေပေါမနေစေတော့ချေ။ ထို့နောက် ကျူးကျူး၏ အရှေ့တွင်ပင် သူသည် အသက်ပြန်ရှင်စေသည့် စာလိပ်ကို ဆွဲဖြဲဖွင့်လှစ်လိုက်လေတော့သည်။

စာလိပ်ကို ဆွဲဖြဲလိုက်သည်နှင့်တစ်ပြိုင်နက် သက်စောင့်စွမ်းအင်များ အပြည့်အဝ ပါဝင်နေသော မရေမတွက်နိုင်သည့် ကြယ်ပွင့်လေးများသည် ကျူးကျူး၏ ခန္ဓာကိုယ်ပေါ်သို့ ဖြည်းညင်းစွာ ကျဆင်းလာပြီး သူမ၏ ကိုယ်တွင်းသို့ ပေါင်းစပ်ဝင်ရောက်သွားလေသည်။

တစ်ချိန်က သက်မဲ့အလောင်းကောင်သက်သက်သာ ဖြစ်ခဲ့သော ကျူးကျူး၏ ခန္ဓာကိုယ်သည် အနည်းငယ် လှုပ်ရှားလာပြီး ပင့်ကူခြေထောက် အချို့မှာ တဆတ်ဆတ် တုန်ရီလာကာ ထိုမှတစ်ဆင့် လှုပ်ရှားမှုများက ပိုမိုပြင်းထန်လာတော့သည်။

"သူ အသက်ပြန်ရှင်လာပြီ… တကယ်ကြီး အသက်ပြန်ရှင်လာပြီ… ဆရာ... ဆရာ့မှာ တကယ်ပဲ ဒီလိုစွမ်းအားမျိုး ရှိနေတာပဲ..."

အသက်ရှူသံများနှင့်အတူ ကျူးကျူး၏ ခန္ဓာကိုယ် ပြန်လည်နိုးထလာသည်ကို ကြည့်ကာ ကျူးပါကျဲသည် ကလေးလေးတစ်ယောက်လို ဝမ်းသာလုံးဆို့ပြီး စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်လေသည်။

...

တစ်ချိန်တည်းမှာပင် ခြင်ကောင်အသွင်ဖြင့် ရှိနေသော စွန်းဝူခုန်းသည် ထိုနေရာမှ ထွက်ခွာသွားပြီးနောက် သူ၏ မူလဝိညာဉ်က သူ၏ ကိုယ်ပိုင်ခန္ဓာကိုယ်ထဲသို့ ပြန်လည်ဝင်ရောက်သွားလေသည်။

အိပ်ချင်ယောင်ဆောင်ကာ မျက်လုံးများ မှိတ်ထားခဲ့သော စွန်းဝူခုန်းသည် သူ၏ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်၏။ သူ၏ နှုတ်ခမ်းထောင့်များက မထိန်းချုပ်နိုင်လောက်အောင် အနည်းငယ် ကွေးတက်သွားကာ ပြုံးလိုက်လေသည်။

ဆရာနှင့် အချိန်ကြာကြာ ထိတွေ့ဆက်ဆံရလေလေ ဆရာဖြစ်သူနှင့် ပတ်သက်သော လျှို့ဝှက်ချက်များကို သူ ပိုပိုပြီး ရှာဖွေတွေ့ရှိလာရလေလေ ဖြစ်နေပုံရပေသည်။

အသက်ပြန်ရှင်လာပြီးနောက် ကြီးမားပြီး ရုပ်ဆိုးလှသော ပင့်ကူမည်းမုဆိုးမကြီးသည် ပိုးဇာအနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော မိန်းမပျိုတစ်ဦး၏ ပုံစံသို့ ချက်ချင်း ပြန်လည်ပြောင်းလဲသွားလေသည်။ သူမက ကျူးကျူးမှလွဲ၍ ဘယ်သူဖြစ်နိုင်ဦးမည်နည်း။

"ကျူးကျူး... အရမ်းကောင်းတာပဲ… မင်း တကယ်ကြီး အသက်ပြန်ရှင်လာပြီပဲ..."

အသက်ပြန်ရှင်လာသော ကျူးကျူးကို မြင်လိုက်ရသောအခါ ကျူးပါကျဲသည် ဝမ်းသာအားရဖြင့် အနားသို့ တိုးသွားကာ ကျူးကျူးကို ညင်သာစွာ ပွေ့ဖက်ရင်း ပြောလိုက်သည်။

သို့သော်လည်း အသက်ပြန်ရှင်လာပြီးနောက် ကျူးကျူးသည် ခေါင်းငုံ့ထားရုံသာ ငုံ့ထားပြီး သူမ၏ မျက်နှာပေါ်တွင် မည်သည့် ပျော်ရွှင်မှု အရိပ်အယောင်မျှ မတွေ့ရဘဲ ဝမ်းဗိုက်ကို ညင်သာစွာ ပွတ်သပ်ရင်း ဝမ်းနည်းပူဆွေးနေသော အမူအရာဖြင့် ပြောလိုက်သည်။

"ပါကျဲ... ကျွန်မတို့ရဲ့... ကျွန်မတို့ရဲ့ ကလေးလေး မရှိတော့ဘူး..."

ထိုစကားကို ကြားသောအခါ ကျူးပါကျဲ၏ မျက်နှာကလည်း အနည်းငယ် တောင့်တင်းသွားပြီးနောက် ကျူးကျူး၏ ကျောပြင်လေးကို ညင်သာစွာ ပုတ်ပေးရင်း ပြောလိုက်သည်။

"ရပါတယ်ကွာ... ကိုယ် ဒီမှာ ရှိနေသေးတယ်လေ မဟုတ်ဘူးလား… ကိုယ်တို့ အတူတူရှိနေရင် နောက်ထပ် ကလေးလေးတစ်ယောက် သေချာပေါက် ရနိုင်သေးတာပဲ… ရပါတယ်... အားလုံး အဆင်ပြေသွားမှာပါ..."

အနီးနားတွင် ရပ်နေကာ ကျူးကျူးနှင့် ကျူးပါကျဲတို့၏ အပြန်အလှန် စကားပြောသံများကို ကြားနေရသော ကျန်းလျိုသည်လည်း တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။

ထိုအရာက ရှောင်လွှဲလို့မရနိုင်သော ကိစ္စပင် ဖြစ်ပေသည်။ အသက်ပြန်ရှင်စေသည့် စာလိပ်သည် လူတစ်ယောက်ကိုသာ အသက်ပြန်ရှင်လာစေနိုင်သည်။ ကျူးကျူးသည် သေဆုံးသွားခဲ့ပြီး ၎င်းမှာ ခန္ဓာကိုယ်တစ်ခုတည်းတွင် အသက်နှစ်ချောင်း ရှိနေသည့် အခြေအနေမျိုးဖြစ်ရာ ကျူးကျူးသာလျှင် အသက်ပြန်ရှင်လာနိုင်ပြီး မွေးဖွားခြင်း မရှိသေးသော ကလေးလေးကတော့ အသက်ပြန်မရှင်နိုင်တော့ပေ။

ထိုစုံတွဲ စကားပြောနေစဉ် ကျန်းလျိုသည် ကြားဝင်နှောင့်ယှက်သူ ဖြစ်ချင်စိတ် မရှိသောကြောင့် လှည့်ထွက်လာခဲ့လေသည်။

သေကွဲ ကွဲရမည့် အခြေအနေမှ ရှင်သန်လွတ်မြောက်လာခဲ့ပြီးနောက် သူတို့ တစ်ယောက်အပေါ် တစ်ယောက်ထားရှိသည့် ခံစားချက်များက ပိုမို ခိုင်မာလာပုံရပြီး ကျူးပါကျဲအနေဖြင့်လည်း မှန်ကန်သော ရွေးချယ်မှုများကို မည်သို့ ပြုလုပ်ရမည်ကို သိလိမ့်မည်ဟု ကျန်းလျို ယုံကြည်ထားပေသည်။

***

All Chapters