← Chapters

အခန်း (၂၅၇-၂၅၈)

Vol. 19 Ch. 257-258

အခန်း (၂၅၇-၂၅၈)

Vol. 19 Ch. 257-258

အပိုင်း(၂၅၇)

မိနစ်အနည်းငယ်မျှ ကြာပြီးနောက် စွန်းဝူခုန်းသည် ကောင်းကင်မှ ပြန်လည် ဆင်းသက်လာခဲ့သည်။ သူ၏ မျက်နှာပေါ်ရှိ ပြုံးဖြီးဖြီး အမူအရာက သူ မည်မျှ ပျော်ရွှင်နေကြောင်းကို ပြသနေ၏။

"ဆရာ... ဒီညက နှစ်သစ်ကူးအကြိုညတဲ့ဗျ… အဲဒါကြောင့်မို့လို့ မိသားစုတိုင်းက နှစ်သစ်ကို ကြိုဆိုတဲ့အနေနဲ့ မီးရှူးမီးပန်းတွေ၊ ဗျောက်အိုးတွေ ဖောက်နေကြတာလေ..."

"နှစ်သစ်ကူးအကြိုညတဲ့လား..."

ထိုစကားကို ကြားသောအခါ ကျန်းလျိုသည် အနည်းငယ် လန့်ဖျပ်သွားပြီး ရက်များကို သေချာစွာ ပြန်လည် ရေတွက်ကြည့်လိုက်သည်။ အမှန်တကယ်ပင် အချိန်ကိုက် ဖြစ်နေပုံရသည် မဟုတ်ပါလော။

လတ်တလောတွင် ရာသီဥတုကလည်း နွေးထွေးလာပုံရရာ ယင်းက နွေဦးရာသီ နီးကပ်လာပြီဆိုသည့် လက္ခဏာပင် မဟုတ်ပါလော။

"ဒီနေ့က နှစ်သစ်ကူးအကြိုညဆိုတော့ကာ… မင်းတို့အားလုံး ဒီမှာပဲ စောင့်နေကြ… ငါ သွားပြီး လိုအပ်တာတွေ ဝယ်လိုက်ဦးမယ်… ဒီည ငါတို့တွေ နှစ်သစ်ကူးပွဲကို သေချာလေး ဆင်နွှဲကြတာပေါ့..."

ယနေ့သည် မိသားစုများ ပြန်လည်ဆုံဆည်းကြရမည့် နှစ်သစ်ကူးနေ့ ဖြစ်ကြောင်း ကြားလိုက်ရသောအခါ ကျန်းလျိုသည် တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် စွန်းဝူခုန်းနှင့် အခြားသူများကို ပြောလိုက်ခြင်း ဖြစ်၏။

သူ၏ စကားသံ အဆုံးတွင် နဂါးမြင်းဖြူ၏ ခွာများက မြောက်တက်သွားပြီး အရှေ့ဘက်ရှိ စျေးတန်းဆီသို့ တည့်မတ်စွာ ဒုန်းစိုင်းပြေးသွားလေတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့သည် စည်ကားသော မြို့လေးတစ်မြို့ဆီသို့ ရောက်ရှိသွားကြသည်။

နှစ်သစ်ကူးအကြိုည ရောက်ရှိလာပြီဖြစ်သောကြောင့် ဆိုင်အများအပြားမှာ စောစောစီးစီး ပိတ်ထားကြလေပြီ။ မိသားစုများနှင့်အတူ ပျော်ပွဲရွှင်ပွဲ ဆင်နွှဲနေကြသော ဆိုင်အနည်းငယ်သာ ဖွင့်လှစ်ထားသည်ကို တွေ့ရပေသည်။

ကြက်သား၊ ဘဲသား၊ ငါးနှင့် အခြားအသားများက သေချာပေါက် မရှိမဖြစ် လိုအပ်ပြီး အရသာရှိသော ဝိုင်အရက်များကလည်း ချန်လှပ်ထားခဲ့၍ မရနိုင်ပေ။

သို့သော်လည်း ရဟန်းတစ်ပါးအနေဖြင့် နှစ်သစ်ကူးအချိန်တွင် ဤအရာများကို လာရောက် ဝယ်ယူနေခြင်းက အနည်းငယ်တော့ ထူးဆန်းနေသလို ခံစားရပေသည်။

ကျန်းလျို၏ ခန္ဓာကိုယ်က လှုပ်ရှားသွားပြီးနောက် တစ်ခဏအတွင်းမှာပင် သူသည် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသော ပညာရှင်တစ်ဦး၏ အသွင်အပြင်သို့ ပြောင်းလဲသွားလေသည်။

ကျန်းလျိုတွင် စွန်းဝူခုန်းကဲ့သို့ အသွင်ပြောင်းခြင်း ခုနစ်ဆယ့်နှစ်မျိုး မရှိပေ။ ယခုကဲ့သို့ အသွင်ပြောင်းနိုင်စွမ်းမှာ သူ၏ ကိုယ်ပိုင်ကျွမ်းကျင်မှုကြောင့် မဟုတ်ဘဲ သူဝတ်ဆင်ထားသော အခြား ရာဇဝင်လာ အရည်အသွေး လက်နက်ကိရိယာ တစ်ခု၏ အထူးအာနိသင်အပေါ် အားကိုးထားရခြင်း ဖြစ်လေသည်။

ကောင်းကင်မိစ္ဆာ၏ အံ့ဖွယ်ရုပ်သွင် (ရာဇဝင် အရည်အသွေး) - လိုအပ်သော အဆင့် ၃၀၊ ကာကွယ်ရေးစွမ်းအား +၂၀၁၉၊ အထူးအာနိသင် - မိမိအလိုရှိရာ မည်သည့် လူမျိုး/မျိုးနွယ် အသွင်အပြင်သို့မဆို ပြောင်းလဲနိုင်သည်။ (လိင်အမျိုးအစား ပြောင်းလဲ၍မရပါ)၊ ကြံ့ခိုင်မှု ၇၈/၈၀။

ဤရာဇဝင် အရည်အသွေး လက်နက်ကိရိယာကို အချစ်ရေး ကပ်ဘေး တာဝန် ပြီးမြောက်စဉ်က ရရှိခဲ့သော ရာဇဝင် အရည်အသွေး ရတနာသေတ္တာထဲမှ ရရှိခဲ့ခြင်း ဖြစ်သည်။ ဤကောင်းကင်မိစ္ဆာ၏ အံ့ဖွယ်ရုပ်သွင် ဝတ်ရုံက ကျန်းလျိုကို သူ ဝတ်ဆင်ထားခဲ့သော စုတ်ပြဲနေသည့် ရွှေပိုးဟပ် ဗုဒ္ဓသင်္ကန်း၏ နေရာတွင် အစားထိုး ဝတ်ဆင်နိုင်စေခဲ့ပေသည်။

ကာကွယ်ရေးစွမ်းအား ၂၀၀၀ ကျော် ဆိုသည်မှာ ကျန်းလျိုအတွက် အလွန်တရာ အစွမ်းထက်လှပြီး ဤ ရာဇဝင် အရည်အသွေး လက်နက်ကိရိယာ၏ အကူအညီဖြင့် သူသည် မည်သည့် အသက်အရွယ်၊ မည်သည့် ရုပ်သွင်ရှိသော အမျိုးသားတစ်ဦး၏ အသွင်ကိုမဆို ပြောင်းလဲနိုင်စွမ်း ရှိလေသည်။

သူသည် အသားနှင့် ဟင်းသီးဟင်းရွက်များ ရောနှောထားသော ဟင်းလျာများ၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်နှင့် ဆီစသည့် ဟင်းခတ်အမွှေးအကြိုင်များအပြင်၊ သစ်သီးများ၊ အချိုပွဲများ၊ အရသာရှိသော ဝိုင်အရက်များနှင့် ဆီမီးခွက်များကိုပင် ဝယ်ယူခဲ့သည်။ အကယ်၍ ရောင်းချမည်ဆိုပါက သူက ဝယ်ယူမည်ဖြစ်ပြီး မရောင်းပါကလည်း ဈေးကောင်းပေးကာ ဝယ်ယူရန် ကမ်းလှမ်းခဲ့လေသည်။

နှစ်သစ်ကူးအချိန်အခါဖြစ်ရာ၊ မည်သူကမျှ တွန့်တိုနေကြမည် မဟုတ်ပေ။

ထို့ကြောင့် အချိန်အနည်းငယ်ကြာပြီးနောက် ကျန်းလျိုသည် မျက်စိကျိန်းမတတ် များပြားလှသော ပစ္စည်းများကို ဝယ်ယူနိုင်ခဲ့လေသည်။

စာရေးကိရိယာ လေးမျိုး ရောင်းချသော ဆိုင်တစ်ဆိုင်ရှေ့မှ ဖြတ်သွားချိန်တွင်ပင် ကျန်းလျိုသည် တစ်ခဏမျှ စဉ်းစားလိုက်ပြီး စုတ်တံများနှင့် မှင်အချို့ကို ဝယ်ယူရန် ဆုံးဖြတ်လိုက်သေး၏။

နဂါးမြင်းဖြူသည် အလွန်မြန်ဆန်စွာ ပြေးလွှားနိုင်သော်လည်း ကျန်းလျိုသည် ဤနှစ်သစ်ကူး ပစ္စည်းများကို စုဆောင်းရာတွင် အချိန်များစွာ ကုန်ဆုံးခဲ့ရရာ စွန်းဝူခုန်းနှင့် အခြားသူများထံသို့ သူ ပြန်ရောက်လာချိန်တွင်တော့ ကောင်းကင်ကြီးက လုံးဝနီးပါး မှောင်မိုက်နေခဲ့ပြီ ဖြစ်လေသည်။

"ဆရာ... ဆရာ ဘာတွေ ဝယ်လာတာလဲ… ဒီည နှစ်သစ်ကူး ညစာစားပွဲကြီးအတွက် ကျွန်တော်တို့ ဘာစားရမလဲ..."

ကျန်းလျို၏ လေးနက်သော အမူအရာကို မြင်လိုက်ရသောအခါ သည်ညစာသည် ပုံမှန်ထက် များစွာ ပိုမို ခမ်းနားမည်ဆိုတာ သိသာထင်ရှားလှပေသည်။ မျှော်လင့်တကြီး စောင့်စားနေခဲ့သော ကျူးပါကျဲသည် သူ့ကို အမြန်ဆီးကြိုလိုက်ပြီး သွားရည်ကျမတတ် မေးလိုက်လေသည်။

"အခုက တော်တော် နောက်ကျနေပြီဆိုတော့ နှစ်သစ်ကူးအကြို ညစာကြီး တစ်ခမ်းတစ်နား ပြင်ဆင်ဖို့ အချိန်မမီတော့ဘူး… ဒီညတော့ အဆင်ပြေပြီး အရသာရှိတဲ့ ဟော့ပေါ့ပဲ စားကြတာပေါ့..."

ကောင်းကင်ကို ကြည့်ကာ ကျန်းလျိုက ပြောလိုက်သည်။

"ဟော့ပေါ့လား… ဆရာ အရင်က ပြောဖူးတဲ့ စပိုက်စီဟော့ပေါ့လား..."

ကျူးပါကျဲက ဟော့ပေါ့အကြောင်း ကြားဖူးထားသည်မှာ ကြာပြီဖြစ်ရာ ထိုစကားကို ကြားသည်နှင့် သူ၏ မျက်လုံးများက တောက်ပသွားလေသည်။

"ငါတို့ အခုထိ ငရုတ်သီး ရှာမတွေ့သေးတော့ စပိုက်စီဟော့ပေါ့ကို ခဏထားလိုက်ဦး… ဒီညတော့ ငါတို့ မှိုစွပ်ပြုတ် ဟော့ပေါ့ စားကြမယ်… လာကြ... အားလုံး ဝိုင်းကူကြဦး..."

ကျန်းလျိုက စွန်းဝူခုန်းနှင့် ကျူးပါကျဲတို့ကို ဝိုင်းကူရန် ခေါ်လိုက်သည်။ ထို့အပြင် သူ၏ဘေးတွင် မြင်းဖြူအသွင်ဖြင့် ရှိနေသော နဂါးဖြူလေးကိုပင် ဝိုင်းကူရန် လူယောင်ဖန်ဆင်းခိုင်းလိုက်လေသည်။

သူတို့သည် ဟင်းသီးဟင်းရွက်များကို ဆေးကြောသူက ဆေးကြော၊ အသားများကို လှီးဖြတ်သူက လှီးဖြတ်၊ ရေနွေးတည်သူက တည်ဖြင့် အလုပ်များနေကြ၏။

ကျန်းလျိုသည် စားဖိုမှူးကြီး တစ်ဦးအသွင်သို့ ပြောင်းလဲသွားပုံရပြီး သူတို့သုံးယောက် အလုပ်ရှုပ်နေချိန်တွင် ညွှန်ကြားချက်များ ပေးနေသည်။ သူကိုယ်တိုင်ကတော့ အချဉ်ရည်ကို တတ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် ဖျော်စပ်နေခဲ့လေသည်။

အချိန်နှစ်နာရီခန့်မျှ အလုပ်ရှုပ်ပြီးနောက်တွင်တော့ သူတို့ အားလုံး ပြီးစီးသွားကြလေသည်။

အောက်ဘက်တွင် မီးဖိုတစ်ခု တောက်လောင်နေသော စားပွဲကြီးတစ်ခုကို ခင်းကျင်းထားပြီး ၎င်းအပေါ်တွင် သံအိုးတစ်လုံးကို တင်ထားလေသည်။ မှိုစွပ်ပြုတ် အခံသက်သက်သာ ဖြစ်သောကြောင့် အရသာနှစ်မျိုးပါသော အိုးကို သုံးရန် မလိုအပ်ချေ။ အမျိုးမျိုးသော အသားများနှင့် ဟင်းသီးဟင်းရွက်များကို အိုးထဲသို့ ဆက်တိုက် ထည့်သွင်းနေကြ၏။

အတူတကွ ချက်ပြုတ်နေသော အစားအစာများ၏ ရောနှောနေသော အနံ့က ထူးခြားပြီး ဆွဲဆောင်မှုရှိသော မွှေးရနံ့တစ်ခုကို ထုတ်လွှတ်နေလေသည်။

"လာကြ... ဒီလို စားရတာ… ချက်ရင်းနဲ့ စားလို့ရတယ်… ကိုယ်စားချင်တာကို ကိုယ်တိုင် ထည့်ချက်စားရုံပဲ..."

ကျူးပါကျဲနှင့် အခြားသူများကို ဟော့ပေါ့စားပုံစားနည်းကို အကြမ်းဖျင်း ရှင်းပြပြီးနောက် ကျန်းလျိုက သူတို့ကို စတင်စားသောက်ရန် ဖိတ်ခေါ်လိုက်သည်။

သူသည် တူတစ်စုံကို ယူကာ သိုးသားပြား ပါးပါးလေး တစ်ချပ်ကို ညှပ်ပြီးနောက် အိုးထဲသို့ အသက်ဆယ်ကြိမ်ရှူစာခန့် နှစ်ထားလိုက်ပြီးမှ ပြန်ဆယ်ယူကာ အချဉ်ရည်ထဲသို့ ညင်သာစွာ နှစ်၍ ပါးစပ်ထဲသို့ ထည့်လိုက်လေသည်။ စွန်းဝူခုန်းသည် ဤဆန်းသစ်ပြီး စိတ်ဝင်စားစရာကောင်းသော ဟော့ပေါ့ စားသောက်နည်းကို ဆန်းပြားပြီး ပျော်စရာကောင်းသည်ဟု ထင်မှတ်ကာ ဝမ်းသာအားရ စားသောက်နေတော့သည်။

"စိတ်ဝင်စားစရာပဲ... စိတ်ဝင်စားစရာပဲ… ဒီစားနည်းက တကယ်ကို စိတ်ဝင်စားစရာ ကောင်းတာပဲ… ငါ တော်တော် သဘောကျသွားပြီ..."

"ပါကျဲ... အချဉ်ရည်က အစားအစာတွေကို နှစ်စားဖို့လေ… မင်းက ဘာလို့ တစ်ကျိုက်တည်း မော့သောက်လိုက်ရတာလဲ..."

"နဂါးဖြူလေး... နှစ်သစ်ကူးအချိန်ပဲဟာ… လာထိုင်လေ… ရပ်မနေနဲ့..."

"ကဲ… အားလုံး ခဏလောက် ရပ်ကြဦး… ဒီနေ့က နှစ်သစ်ကူးဆိုတော့ ငါ သိပ်အများကြီး မပြောတော့ပါဘူး… အားလုံး ခွက်တွေ မြှောက်လိုက်ကြစမ်း… နှစ်သစ်မှာ အားလုံး စိတ်အလိုကျ ပြည့်စုံကြပါစေလို့ ဆုတောင်းရင်း ဒီတစ်ခွက်ကို အကုန်မော့လိုက်ကြရအောင်..."

အနောက်အရပ်သို့ ကျမ်းစာပင့်ဆောင်သည့် အဖွဲ့၏ အဓိက ခေါင်းဆောင်အနေဖြင့် ကျန်းလျိုသည် သူ၏ခွက်ကို မြှောက်ကာ ရိုးရှင်းသော ဆုတောင်းစကားများဖြင့် တပည့်များနှင့်အတူ တရားဝင် သောက်သုံးလိုက်လေသည်။

"ဆရာ... ဆရာ့ရဲ့ ခရီးစဉ် ချောမွေ့ပါစေလို့ ဆုတောင်းရင်း ကျွန်တော်လည်း ဆရာ့အတွက် ဂုဏ်ပြုသောက်သုံးပါတယ်… အနောက်ဘုံကို အမြန်ဆုံး ရောက်ပြီး ကျမ်းစာတွေကို အမြန်ဆုံး ရရှိပါစေ..."

တစ်ခဏအကြာတွင် နဂါးမြင်းဖြူကလည်း သူ၏ခွက်ကို မြှောက်ကာ ဂုဏ်ပြုဆုတောင်းလိုက်သည်။

"မင်း အဲဒီထက် ပိုကောင်းတဲ့ စကားလေးများ မပြောတတ်တော့ဘူးလား...”

အနီးအနားတွင် ထိုင်နေသော ရှားဝူကျင်းသည် သူ၏မုန့်ခြောက်ကို ကိုင်ထားဆဲဖြစ်ပြီး တစ်ကိုက် ကိုက်စားလိုက်ကာ ရေကြည်ကို အနည်းငယ် သောက်လိုက်လေသည်။ သူသည် မြေပြင်ပေါ်တွင် တစောင်းလှဲလျောင်းကာ ကောင်းကင်ယံ၌ ပွင့်လန်းနေသော မီးရှူးမီးပန်းများကို ကြည့်ရှုရင်း ထူးဆန်းသော ခံစားချက်တစ်ခုကို ခံစားနေရပေသည်။

သို့သော်လည်း ကျန်းလျိုနှင့် အခြားသူများ အသားစားကာ အရက်သောက်နေကြသည့် ပျော်ရွှင်စရာ မြင်ကွင်းကို မြင်လိုက်ရသောအခါ ရှားဝူကျင်းသည် တံတွေးကို အသံမြည်အောင် မျိုချလိုက်မိလေသည်။

"မဖြစ်ဘူး… ငါ တောင့်ခံထားရမယ်… သူတို့လို အပျော်အပါး မက်လို့ မဖြစ်ဘူး..."

"အနောက်ဘုံကို ရောက်တဲ့အခါကျရင် ဗုဒ္ဓက သူတို့ကို သေချာပေါက် ပြင်းပြင်းထန်ထန် အပြစ်ပေးလိမ့်မယ်..."

***

အပိုင်း(၂၅၈)

အမျိုးမျိုးသော ပါဝင်ပစ္စည်းများကို ရောနှောလိုက်သောအခါ ယင်းတို့၏ အရသာများသည် အချင်းချင်း ပေါင်းစပ်သွားပြီး တစ်ခုနှင့်တစ်ခု အားဖြည့်ပေးကြလေသည်။

ထို့ကြောင့်ပင် အရသာရှိသော ဟင်းလျာများတွင် များပြားလှသော ပါဝင်ပစ္စည်းများနှင့် ဟင်းခတ်အမွှေးအကြိုင်များကို အတူတကွ အသုံးပြုလေ့ရှိကြခြင်း ဖြစ်ပေ၏။

ဤဟော့ပေါ့သည်လည်း အမျိုးမျိုးသော ပါဝင်ပစ္စည်းများကို ထည့်သွင်းပြီးနောက် ပို၍ပင် အရသာရှိလာခဲ့ပေသည်။ ငရုတ်သီး မပါဝင်သောကြောင့် ကျန်းလျိုအတွက်တော့ တစ်ခုခု လိုအပ်နေသလို ခံစားရသော်လည်း စွန်းဝူခုန်းနှင့် အခြားနှစ်ယောက်ကတော့ အလွန်တရာ နှစ်ခြိုက်စွာ စားသောက်နေကြလေသည်။

အထူးသဖြင့် ကျူးပါကျဲသည် ပေါင်ရာနှင့်ချီသော သိုးသားလိပ်များနှင့် အမဲသားလိပ်များကို လှီးဖြတ်ကာ တူတစ်ချောင်းစာ အပြည့်ညှပ်ယူလိုက်ပြီး ပွက်ပွက်ဆူနေသော စွပ်ပြုတ်အိုးထဲတွင် မွှေနှောက်လိုက်သည်။ ထို့နောက် အချဉ်ရည် အနည်းငယ် ဆမ်းကာ စားသောက်လိုက်လေသည်။ ဤအရာက ကျူးပါကျဲကို အလွန် စိတ်ဝင်စားသွားစေခဲ့၏။

ယင်းက အရသာရှိမှုတစ်ခုတည်းအတွက် မဟုတ်ဘဲ ဟော့ပေါ့၏ ဆန်းသစ်မှုကပင် စွန်းဝူခုန်းနှင့် သူ၏ သူငယ်ချင်းများကို အလွန် စိတ်ဝင်စားသွားစေခဲ့ခြင်း ဖြစ်ပေသည်။

သူတို့၏ အရှေ့တွင် အမျိုးမျိုးသော ပါဝင်ပစ္စည်းများကို ချထားပြီး ကိုယ်စားချင်သည့်အရာကို ကိုယ်တိုင် ထည့်သွင်းစားသောက်နိုင်ခြင်းက အလွန် သက်တောင့်သက်သာရှိလှကြောင်း ခံစားရစေသည်။

"ဆရာ... အရသာရှိလိုက်တာ… ဒါတွေက တကယ်ကို အရသာရှိတာပဲ… ဆရာပြောတဲ့ ငရုတ်သီး မပါရင်တောင်မှ ဒီဟော့ပေါ့က တကယ်ကောင်းသေးတာပဲလို့ ကျွန်တော် ထင်တယ်… အထူးသဖြင့် ဆောင်းတွင်းမှာ ဒါကို စားရတာက တကယ့်ကို ကွက်တိပဲ..."

ကျူးပါကျဲသည် တူတစ်ချောင်းစာ အပြည့်ရှိသော အသားများကို သူ၏ ပါးစပ်ထဲသို့ တိုက်ရိုက် ထည့်သွင်းကာ အားရပါးရ ဝါးမြိုစားသောက်လိုက်ပြီးနောက် အေးစက်နေသော ဆန်ဝိုင်အရက် တစ်ခွက်ကို ယူကာ တစ်ကျိုက်တည်း မော့သောက်လိုက်လေသည်။

ဤအေးချမ်းလှသော နှစ်သစ်ကူးအကြိုညတွင် ပူလောင်သော ဟော့ပေါ့ကို စားသောက်ရင်း အေးစက်နေသော ဆန်ဝိုင်အရက်နှင့် တွဲဖက်သောက်သုံးရခြင်းမှာ အပူနှင့် အအေး ရောစပ်သွားပြီး အလွန် ထူးခြားသော အရသာတစ်ခု ဖြစ်နေကြောင်း ကျူးပါကျဲ ခံစားလိုက်ရပေသည်။

"ဒီနေ့က နှစ်သစ်ကူးအကြိုညပဲဟာ… အားလုံး ဗိုက်တင်းနေအောင်သာ စားကြပါ..."

ကျန်းလျိုကလည်း ပြုံးလျက် ပြောလိုက်သည်။

ဤနေရာတွင် နှစ်သစ်ကူးအတွက် နေထိုင်ကာ ဟော့ပေါ့စားရင်း ဆန်ဝိုင်သောက်ရသည်မှာ အမှန်တကယ်ပင် အလွန် ကောင်းမွန်လှပေသည်။

ကံကောင်းထောက်မစွာဖြင့် ယနေ့တွင် တစ်စုံတစ်ယောက်က မီးရှူးမီးပန်းများ ပစ်ဖောက်ခဲ့သောကြောင့်သာ နှစ်သစ်ကူးမှန်း သိလိုက်ရခြင်း ဖြစ်သည်။ သို့မဟုတ်ပါက သူသည် နှစ်သစ်ကူးအကြိုညကို သတိမထားမိဘဲ ကျော်လွန်သွားစေခဲ့မည် ဖြစ်၏။

ခြုံငုံကြည့်ရမည်ဆိုလျှင် ဟော့ပေါ့ တစ်နပ်က လူတိုင်းကို အပြည့်အဝ ကျေနပ်သွားစေခဲ့ပြီး ကျူးပါကျဲပင်လျှင် နောက်ဆုံး၌ သူ၏ ဗိုက်ကြီးကို ဖက်ထားရသည့် အခြေအနေသို့ ရောက်သွားခဲ့လေသည်။

ဗိုက်အပြည့်အဝ ဝသွားပြီးနောက် လှဲလျောင်းနေရခြင်းက ကျူးပါကျဲအတွက် အကြီးမားဆုံးသော ပျော်ရွှင်မှုကြီး ဖြစ်နေပုံရပေသည်။

တစ်ဖက်သို့ လှဲလျောင်းနေစဉ် ကျူးပါကျဲ၏ စိတ်အစဉ်က ချန်အော်ဆီသို့ ရှောင်လွှဲမရနိုင်အောင် ရောက်ရှိသွားခဲ့ပြီး လနန်းတော်ထဲတွင် တစ်ကိုယ်တည်း သူမ ဘယ်လိုများ နေထိုင်နေမလဲ ဟု တွေးတောနေမိလေသည်။

ကျူးပါကျဲသည် ကျူးကျူးကိုလည်း သတိရနေခဲ့ပေသည်။ အကြောင်းမှာ သူ၏ အနောက်အရပ်သို့ ခရီးစဉ်သည် ကောင်းကင်ဘုံကို ဖြုတ်ချပစ်ရန် ဖြစ်ပြီး ဆရာဖြစ်သူထံတွင် လူသေကို အသက်ပြန်ရှင်စေနိုင်သည့် ထူးခြားသော နည်းလမ်းရှိကြောင်းကို နတ်ဘုရားများနှင့် ဗုဒ္ဓများ မသိစေရန်အတွက် ကျူးပါကျဲနှင့် ကျူးကျူးတို့သည် သူမကို ပုန်းအောင်းနေရန် သဘောတူညီထားခဲ့ကြခြင်း ဖြစ်၏။ သူ၏ အနောက်အရပ်သို့ ခရီးစဉ် ပြီးဆုံးသွားသည့်အခါမှသာ သူမကို သွားရောက် ရှာဖွေမည် ဖြစ်လေသည်။

"ကျူးကျူးကရော အခု ငါ့ကို သတိရနေမလား မသိဘူး..."

မြေပြင်ပေါ်တွင် လှဲလျောင်းနေရင်း ကျူးပါကျဲက တိုးတိုးလေး ရေရွတ်လိုက်လေသည်။ ကျူးကျူးကို သတိရပြီးနောက် ကျူးပါကျဲသည် သူတို့၏ ကလေးလေးကိုပါ ရှောင်လွှဲမရနိုင်အောင် သတိရလာခဲ့ပေသည်။ ယခုအခါတွင် မရှိတော့ပြီဖြစ်သော သူ၏ ကလေးလေးကို တွေးမိသောအခါ မဟာယနဂိုဏ်းအပေါ် ထားရှိသော ကျူးပါကျဲ၏ အမုန်းတရားများက နောက်ထပ် အဆင့်အနည်းငယ်ခန့် ပိုမို မြင့်တက်သွားစေခဲ့တော့သည်။

"ဆရာ... ဒီနေ့ မကျင့်ကြံဘူးလား..."

စွန်းဝူခုန်းက ရုတ်တရက် ကျန်းလျိုအား စူးစမ်းချင်စိတ်ဖြင့် မေးလိုက်သည်။ ပုံမှန်အားဖြင့် ညစာစားပြီးနောက် ကျန်းလျိုသည် ကောင်းကင်နဂါး ဓမ္မတေးသံကို ကျင့်ကြံရန် တင်ပျဉ်ခွေ ထိုင်လေ့ရှိသော်လည်း ယနေ့ ညစာစားပြီးနောက်တွင်တော့ သူသည် ကျင့်ကြံခြင်း မပြုဘဲ ဓားငယ်တစ်လက်ကို ထုတ်ယူကာ သစ်သားများကို လေးထောင့်တုံး သေးသေးလေးများအဖြစ် ခွဲခြမ်းနေခဲ့ပေသည်။

"ကျင့်ကြံရမယ် ဟုတ်လား... နှစ်သစ်ကူးညကြီးကို ဘာလို့ ကျင့်ကြံနေရမှာလဲ..."

စွန်းဝူခုန်း၏ စကားကို ကြားသောအခါ ကျန်းလျိုသည် သူ့ကို စွေကြည့်လိုက်ပြီး ခေါင်းခါယမ်းလျက် ပြောလိုက်သည်။

သူ၏ အတိတ်ဘဝက နှစ်သစ်ကူးအကြိုညဆိုသည်မှာ အနားယူရန်အတွက် မဟုတ်ပါလော။

အားလုံး အတူတကွ စုဝေးပြီး မိုးလင်းပေါက် သောက်စား၊ ကစားနေခြင်းမှာ ကျန်းလျို၏ အမြင်တွင်တော့ ထိုအားလပ်ရက်အတွက် အကြီးမားဆုံးသော ဂုဏ်ပြုမှုတစ်ခုပင် ဖြစ်လေသည်။

"ဒါဆို ဆရာ ဘာတွေလုပ်နေတာလဲ..."

ကျန်းလျိုက လေးထောင့်တုံး သေးသေးလေး အခု နှစ်ဆယ်၊ သုံးဆယ်ခန့် ပြုလုပ်ပြီးသွားသည်ကို သတိပြုမိသွားသော စွန်းဝူခုန်းသည် စူးစမ်းချင်စိတ်ဖြင့် မေးလိုက်သည်။

"အများကြီး မမေးနဲ့… မင်းတို့ကို ပျော်စရာကောင်းတဲ့ ကစားနည်းတစ်ခု သင်ပေးမလို့… လာ... ငါ့ကို ဝိုင်းကူကြစမ်း..."

စွန်းဝူခုန်း၏ အမေးကို ကြားသောအခါ ကျန်းလျိုက ပြောလိုက်ပြီး စွန်းဝူခုန်းနှင့် ကျူးပါကျဲတို့ကို ဝိုင်းကူရန် ခေါ်လိုက်လေသည်။

ကျန်းလျို၏ လျှို့ဝှက်ဆန်းကြယ်သော အမူအရာက စွန်းဝူခုန်းနှင့် အခြားသူများကို အနည်းငယ် စူးစမ်းချင်စိတ် ဖြစ်ပေါ်သွားစေပြီး စိတ်လှုပ်ရှားစွာဖြင့် အမြန်ဆုံး ဝင်ရောက် ကူညီပေးကြလေသည်။

မကြာမီမှာပင် သူတို့ အတူတကွ သစ်သားတုံးလေးပေါင်း တစ်ရာကျော်ကို ခွဲခြမ်းပြုလုပ်ပြီးသွားကြလေသည်။

ကျန်းလျိုသည် သစ်သားတုံး တစ်တုံးကို ယူကာ သူ၏ မှတ်ဉာဏ်ထဲရှိအတိုင်း ၎င်းအပေါ်တွင် ပုံစံများကို စတင် ထွင်းထုလေတော့သည်။

တချို့က အဝိုင်းများ၊ တချို့က စာလုံးများ ဖြစ်ကြပြီး အချို့ကတော့ ရှည်လျားသော ဘားတန်း ပုံစံများ ဖြစ်ကြပေသည်...

ထို့နောက် ထွင်းထုမှုများ ပြီးစီးသွားသောအခါ သူသည် စုတ်တံများကို ထုတ်ယူပြီး ထိုထွင်းထုထားသော ပုံစံများပေါ်တွင် မျဉ်းကြောင်း အနည်းငယ်စီ ဆွဲလိုက်လေသည်။

"ဟင်း... တော်တော် ရုပ်ဆိုးတာပဲ..."

မာဂျောင်တုံး တစ်ရာကျော်စလုံးကို ထွင်းထုဆေးခြယ်ပြီးသွားသောအခါ လုံးဝ ဆွဲဆောင်မှုမရှိသော ထိုမာဂျောင်တုံးများကို ကြည့်ကာ ကျန်းလျိုက သူ့ဟာသူ တိတ်တဆိတ် မျက်နှာမဲ့လိုက်မိသည်။

"ဆရာ... အခု ပြီးသွားပြီဆိုတော့ နောက်ဘာလုပ်ရမှာလဲ… ဒါကို ဘယ်လို ကစားရမှာလဲ..."

နောက်ဆုံး 'ဝါး ကိုးကွက်' တုံးအား ကျန်းလျို ပြုလုပ်ပြီးစီးသွားသည်ကို မြင်သောအခါ စွန်းဝူခုန်းက စိတ်မရှည်စွာဖြင့် မေးလိုက်သည်။

"ဒီလာခဲ့... အခု စည်းမျဉ်းတွေကို ငါ ရှင်းပြမယ်… ဒါကို မာဂျောင် လို့ ခေါ်တယ်… ဥပမာ... ဒါက 'စားတယ်' ဆိုတာပဲ၊ အရင်ကစားသမားဆီကပဲ စားလို့ရတယ် နောက်လူဆီက မရဘူး… တစ်ယောက်ယောက်က အတုံး တစ်တုံး ချလိုက်ပြီး မင်းဆီမှာ အဲဒါနဲ့ တူတဲ့ နှစ်တုံး ရှိနေရင် 'ပုန်' လို့ ခေါ်ပြီး ယူလိုက်လို့ရတယ်… ပြီးတော့ နိုင်မယ့် နည်းလမ်း အမျိုးမျိုး ရှိတယ်… အတွေ့ရအများဆုံးကတော့ သာမန် နိုင်တာနဲ့ အံ့ဖွယ် ဆယ့်သုံးကွက်နဲ့ နိုင်တာပဲ..."

မာဂျောင်၏ စည်းမျဉ်းများကို အသေးစိတ် ရှင်းပြပြီးနောက် သီအိုရီက လက်တွေ့လောက် မကောင်းသောကြောင့် ကျန်းလျိုသည် အားလုံးကို ထိုင်၍ ကစားရန် ဖိတ်ခေါ်လိုက်လေသည်။

နဂါးမြင်းဖြူသည် ကန့်ကွက်စရာ မရှိသောကြောင့် ကျန်းလျို၏ ဘေးဘက်တွင် သူ့သဘောဆန္ဒအလျောက် ဝင်ထိုင်လိုက်လေသည်။

သို့သော်လည်း စွန်းဝူခုန်းက မာဂျောင်၏ စည်းမျဉ်းများကို ကြားလိုက်ရသောအခါ စိတ်ပျက်သွားဟန်ဖြင့် ပြောလိုက်သည်။

"ဆရာ... ဒီ မျောက်ဘိုးဘိုးက တစ်သက်လုံး စစ်တုရင် ကစားရတာကို အမုန်းဆုံးပဲ… အခုဟာက စစ်တုရင်နဲ့ နည်းနည်း ဆင်နေသလို ခံစားရတယ်..."

"သစ်သားတုံး သေးသေးလေးတွေ အပုံလိုက်ကြီးက သုံးနှစ်သား ကလေးတွေ ဆော့တဲ့အရာနဲ့ တူနေတာပဲ… လုံးဝ စိတ်ဝင်စားစရာ ကောင်းမယ့်ပုံ မပေါ်ဘူး..."

စွန်းဝူခုန်း တစ်ယောက်တည်း ထိုသို့ ခံစားရသည် မဟုတ်ဘဲ ဘေးနားရှိ ကျူးပါကျဲကလည်း သစ်သားတုံးလေးများကို ကစားရသည်မှာ လုံးဝ စိတ်မဝင်စားစရာကောင်းဟု အမြဲတမ်း ခံစားရသဖြင့် သဘောတူညီစွာ ခေါင်းညိတ်လိုက်လေသည်။

"ကစားစရာတွေက လူကို ရည်မှန်းချက် ပျောက်ဆုံးစေတယ်..."

ကျမ်းစာပင့်ဆောင်သူက ဘာတွေများ လုပ်နေသလဲဟု မူလက အနည်းငယ် စူးစမ်းချင်စိတ် ရှိနေခဲ့သော ရှားဝူကျင်းသည် ၎င်းက အသေးအဖွဲ ကစားစရာများမျှသာ ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့သောကြောင့် အလားတူပင် ပျင်းစရာကောင်းသည်ဟု ထင်မှတ်ကာ ခေါင်းခါယမ်းလိုက်လေသည်။

***

All Chapters