← Chapters

အခန်း (၂၅၉-၂၆၀)

Vol. 19 Ch. 259-260

အခန်း (၂၅၉-၂၆၀)

Vol. 19 Ch. 259-260

အပိုင်း(၂၅၉)

ခြောက်နာရီခန့် အကြာတွင်...

"ကျုံး..."

နဂါးမြင်းဖြူက လက်ကို မြှောက်ကာ အတုံးတစ်တုံး ချလိုက်သည်။

"စားမယ်..."

ကျန်းလျို၏ မျက်လုံးများက တောက်ပသွားပြီး ပြောလိုက်သည်။

"ဟေ့... ဟေ့... ဟေ့... နဂါးဖြူလေး… မင်းက ဘယ်လိုလုပ် ပွဲတိုင်း ဆရာ့ကိုပဲ အမြဲတမ်း အကွက်တွေ ကျွေးနေရတာလဲ… မင်းတို့နှစ်ယောက် ပူးပေါင်းပြီး လျှို့ဝှက်အချက်ပြမှုတွေ ဘာတွေ လုပ်ထားတာလား..."

ဤအရာကို မြင်လိုက်ရသောအခါ စွန်းဝူခုန်းသည် ခေါင်းကို ကုတ်ကာ ကပျာကယာ ပြောလိုက်လေသည်။

စကားပြောနေစဉ်မှာပင် စွန်းဝူခုန်းသည် ကျန်းလျိုက အတုံးတစ်တုံး ချလိုက်သည်ကို ကြည့်လိုက်သည်။ သူကိုယ်တိုင် ၎င်းကို မစားနိုင်သောကြောင့် လက်မှိုင်ချကာ ခေါင်းခါယမ်းလိုက်ပြီး ဝါး ကိုးကွက် အတုံးကို နှိုက်မိရာ ချက်ချင်းပင် ပြန်ချလိုက်လေသည်။

"ငါ နိုင်ပြီဟေ့... ဟားဟားဟား... အံ့ဖွယ် ဆယ့်သုံးကွက်ပဲ… ပေးကြ... ပေးကြ..."

စွန်းဝူခုန်း ချလိုက်သော ဝါး ကိုးကွက်ကို မြင်လိုက်ရသောအခါ ကျူးပါကျဲက သူ၏ အတုံးများကို လှဲချလိုက်ပြီး အသံကျယ်ကြီးဖြင့် ရယ်မောကာ ပြောလိုက်သည်။

"ဟေ့... ဟေ့... ဟေ့... သစ်တုံးခေါင်းကြီး… ဘာတွေ ဖြစ်နေတာလဲ… မင်း ဆက်တိုက် နိုင်နေတာ အခုဆို ဆယ့်သုံးပွဲ ရှိသွားပြီနော်..."

ကျူးပါကျဲ ထပ်နိုင်သွားပြန်သောအခါ စွန်းဝူခုန်းမှာ ပို၍ပင် စိတ်တိုလာတော့သည်။

"ဟုတ်တယ်... ပါကျဲ… မင်း လှည့်စားနေတာလား..."

စွန်းဝူခုန်း တစ်ယောက်တည်း ဤသို့ ခံစားရသည် မဟုတ်ဘဲ ကျန်းလျိုကလည်း သဘောတူညီစွာ ခေါင်းညိတ်ပြလိုက်သည်။

ဆက်တိုက် ဆယ့်သုံးပွဲတိတိ နိုင်သွားသောကြောင့် ဖြစ်၏။ ကျူးပါကျဲသည် ပျင်းရိသည့်နေရာတွင် နာမည်ကြီးသော်လည်း သူ၏ လောင်းကစားကံကတော့ ယုံကြည်နိုင်စရာ မရှိလောက်အောင်ကို ကောင်းမွန်နေပုံရပေသည်။

"ဒုတိယ အစ်ကိုကြီးရဲ့ ကံက တကယ်ကို ကောင်းတာပဲ… သူ အတုံးနှိုက်လိုက်တိုင်း ဆယ်ခါမှာ ရှစ်ခါ ကိုးခါလောက်က သူ အတိအကျ လိုအပ်နေတဲ့ အတုံးတွေချည်းပဲကွ..."

ရှားဝူကျင်းကလည်း အော်ဟစ်လိုက်၏။ ကျန်းလျိုနှင့် အခြားသူများက ကစားစရာများဖြင့် ကစားနေသောကြောင့် ရည်မှန်းချက်များ ပျောက်ဆုံးနေသည်ဟု မူလက ထင်မှတ်ထားခဲ့သော ထိုရေသူရဲကြီးသည် ကျူးပါကျဲ၏ အနောက်တွင် ဘယ်အချိန်ကတည်းက ရောက်နေမှန်း မသိရဘဲ မည်မျှကြာအောင် ကြည့်နေခဲ့သည်ကိုလည်း မသိရချေ။ ယခုတော့ သူက ဝင်မပြောဘဲ မနေနိုင်တော့သဖြင့် ကျူးပါကျဲဘက်မှ ဝင်ရောက်ထောက်ခံပေးလိုက်ခြင်း ဖြစ်လေသည်။

"ဒါ... ဒါက လူပုံစံနဲ့ လိမ်လည်လှည့်ဖြားတဲ့ နည်းစနစ် တစ်ခုလိုပဲ..."

ရှားဝူကျင်း၏ စကားကို ကြားသောအခါ ကျန်းလျို၏ နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားပြီး ကျူးပါကျဲ၏ ယုံကြည်နိုင်ဖွယ် မရှိသော လောင်းကစားကံကို တိတ်တဆိတ် ဝေဖန်လိုက်မိလေသည်။

"ဒါက လုံးဝကို ပျော်စရာ မကောင်းတော့ဘူး..."

သူ၏ အထက်ဘက်တွင် ထိုင်နေသော နဂါးမြင်းဖြူသည် သူ့အား အကွက်များ တမင်တကာ ကျွေးနေပုံရကြောင်း ကျန်းလျို ဝေဝါးဝါး ခံစားမိသော်လည်း ထိုသို့ ဖြစ်နေသည်တိုင်အောင် ကျူးပါကျဲ၏ လောင်းကစားကံကို သူမယှဉ်နိုင်ခဲ့သဖြင့် ကျန်းလျိုမှာ အနည်းငယ် လက်မှိုင်ချချင်သလို ဖြစ်လာခဲ့ပေသည်။

"အခု အတော်လေး နောက်ကျနေပြီ… သန်းခေါင်တောင် ကျော်နေပြီဆိုတော့ ဒီနေ့တော့ ဒီလောက်နဲ့ပဲ နားကြမလား..."

အချိန်အတော်ကြာ ကစားပြီးနောက် တစ်ပွဲမျှပင် မနိုင်ခဲ့သဖြင့် ကျန်းလျိုသည် အဓိပ္ပာယ်မရှိဟု ယူဆကာ ခေါင်းခါယမ်းလျက် အကြံပြုလိုက်လေသည်။

"ဆရာ... နှစ်သစ်ကူးအကြိုညမှာ မိုးလင်းပေါက် နေသင့်တယ်လို့ ဆရာပဲ ပြောခဲ့တာ မဟုတ်ဘူးလား… ဘာလို့ နားမှာလဲ… ဆက်ကစားမယ်လေ တစ်ညလုံး ကစားကြရအောင်..."

ကျန်းလျို၏ စကားကို ကြားသောအခါ ကျူးပါကျဲက စိတ်လှုပ်ရှားစွာဖြင့် အကြံပြုလိုက်သည်။

"ဟုတ်တယ်... ဟုတ်တယ်… ဆရာ... ဒီအဘိုးကြီးစွန်းဝူခုန်းက မာဂျောင်ကစားရာမှာ ဝက်တစ်ကောင်ကို ရှုံးမယ်ဆိုတာ လုံးဝ မယုံကြည်နိုင်ဘူး..."

စွန်းဝူခုန်းကလည်း ခေါင်းညိတ်လိုက်ပြီး ပိုမို ပြတ်သားသော အမူအရာကို ပြသလိုက်လေသည်။

မာဂျောင်ကစားရာတွင် ဝက်တစ်ကောင်ကို ရှုံးနိမ့်ခြင်းတဲ့လား…

ယင်းက အတော်လေး အရှက်ရစရာကောင်းသော ကိစ္စတစ်ခု ဖြစ်နေပုံရသည် မဟုတ်ပါလော…။

"အဟွတ် အဟွတ်... ဆရာ ပင်ပန်းနေရင် သွားနားလို့ ရပါတယ်… ကျွန်တော်... ကျွန်တော် ဆရာ့နေရာကနေ ဝင်ပြီး ပွဲအနည်းငယ်လောက် ကစားပေးပါ့မယ်..."

ကျန်းလျို၏ စကားများကို ကြားလိုက်ရသဖြင့် တက်ကြွလာသော ရှားဝူကျင်းက ပွင့်ပွင့်လင်းလင်းပင် သဘောဆန္ဒအလျောက် ကမ်းလှမ်းလာခဲ့လေသည်။

ကျန်းလျိုသည် ရှားဝူကျင်းအပေါ် အမြဲတမ်းလိုလို အနည်းငယ် ဘက်လိုက်မှု ရှိနေခဲ့ရာ ယင်းကို ခံစားမိ၍လောမသိ ရှားဝူကျင်းသည် သူနှင့် အခြားသူများအကြား အမြဲတမ်း ခပ်ခွာခွာ နေထိုင်လေ့ရှိပြီး အဖွဲ့ဝင်တစ်ယောက်နှင့် သိပ်မတူလှပေ။

သို့သော်လည်း မထင်မှတ်ဘဲ ယနေ့တွင် သူက ကစားပွဲ၌ ပါဝင်ရန် တက်ကြွစွာ ကမ်းလှမ်းလာခဲ့ခြင်းက ကျန်းလျိုကို အမှန်တကယ်ပင် အံ့အားသင့်သွားစေခဲ့၏။

မည်သို့ပင်ဖြစ်စေ အမျိုးသားရတနာတစ်ခုဖြစ်သော မာဂျောင်၏ ဆွဲဆောင်မှုက မည်သူ့အတွက်မဆို ခုခံရန် ခက်ခဲလွန်းလှသည် မဟုတ်ပါလော။

သာမန်အချိန်များတွင်ဆိုလျှင် ကျန်းလျိုသည် သူ့ကို လျစ်လျူရှုထားကောင်း ရှုထားမည်ဖြစ်သော်လည်း ယနေ့သည် နှစ်သစ်ကူးအကြိုည ဖြစ်နေသောကြောင့် တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ကျန်းလျိုက ခေါင်းညိတ်လိုက်ပြီး မတ်တပ်ရပ်ကာ သူ၏ နေရာကို ရှားဝူကျင်းအား ပေးလိုက်လေသည်။

လေအေးအေးလေး ခံရန် ဘေးဘက်သို့ လျှောက်သွားရင်း ကျန်းလျိုသည် နောက်သို့ လှည့်ကြည့်လိုက်ရာ စွန်းဝူခုန်းနှင့် အခြားသူများ စုရုံးကာ မာဂျောင်ကစားနေကြသည်ကို မြင်လိုက်ရသည်။ သူ၏ အတိတ်ဘဝမှ လူများသာ ဤမြင်ကွင်းကို မြင်တွေ့ခဲ့ရပါက မှင်သက်အံ့သြသွားကြမည်များလား။

ကျန်းလျိုသည် ပြုံးလျက် ဘေးသို့ လျှောက်သွားကာ ပျော်ပွဲရွှင်ပွဲ မီးရှူးမီးပန်းများဖြင့် လင်းထိန်နေဆဲဖြစ်သော ကောင်းကင်ယံကို ကြည့်ရှုရင်း သူ၏ စိတ်အစဉ်က ကောင်းယန်ဆီသို့ ရှောင်လွှဲမရနိုင်အောင် ရောက်ရှိသွားခဲ့ကာ သူမ ဘယ်လိုများ နေနေမလဲ ဟု တွေးတောနေမိလေသည်။ ဗောဓိသတ်များနှင့် နတ်ဘုရားများကရော နှစ်သစ်ကူးပွဲတော်ကို ဆင်နွှဲကြပါသလား။

‘ဖြစ်နိုင်ချေ မရှိဘူးမလား… ဘာပဲဖြစ်ဖြစ် လူ့ပြည်က တစ်နှစ်ဆိုတာ ကောင်းကင်ဘုံက တစ်ရက်တည်းပဲလေ…’

ကောင်းယန်ကို တွေးမိပြီးနောက် ကျန်းလျို၏ စိတ်အစဉ်က ကျင်းဆန်းကျောင်းတော်ဆီသို့လည်း အလိုအလျောက် ရောက်ရှိသွားခဲ့ပြီး နောင်တော်တို့ အခု ဘယ်လိုများ နေနေကြမလဲ ဟု တွေးနေမိလေသည်။

တောက်... တောက်... တောက်...

ကျန်းလျို၏ စိတ်ထဲတွင် အတွေးပေါင်းများစွာဖြင့် ပြည့်နှက်နေစဉ်မှာပင် ရုတ်တရက် အမှောင်ထုထဲမှ လူရိပ်တစ်ခုက သူ့ဆီသို့ ချဉ်းကပ်လာခဲ့လေသည်။

မည်သူမည်ဝါဖြစ်ကြောင်း သေချာစွာ မမြင်ရသေးသော်လည်း၊ ခေါင်းပေါ်ရှိ သွေးတန်းကိုမူ ထင်ရှားစွာ မြင်တွေ့နေရပေသည်။

ကျန်းလျို၏ အကြည့်အောက်တွင် ဟောင်းနွမ်းနေသော မီးခိုးဖြူရောင် သင်္ကန်းကို ဝတ်ဆင်ထားပြီး အနည်းငယ် စုတ်ပြဲနေသော ဖိနပ်ကို စီးထားသည့် အဘိုးအိုတစ်ဦးသည် သစ်ကိုင်းခြောက်တစ်ခုကို တောင်ဝှေးအဖြစ် အသုံးပြုကာ တစ်လှမ်းချင်း လျှောက်လာခဲ့လေသည်။ သူ၏ ပြောင်ရှင်းနေသော ခေါင်းပေါ်တွင် ရဟန်းအမှတ် တစ်ခုမျှပင် မရှိချေ။

အပြင်ပန်း အသွင်အပြင်အရ ထိုအဘိုးအိုသည် အသက် ခြောက်ဆယ်ကျော်နေပြီဟု ထင်ရသော်လည်း သူသည် အလွန် တက်ကြွပြီး ကြည်လင်သော စိတ်ထားရှိပုံရပေသည်။ ထို့အပြင် သူ၏ ကိုယ်ဟန်အနေအထားကလည်း ခါးကိုင်းနေသည့် အရိပ်အယောင် လုံးဝ မပြနေချေ။

"ဒါ ဘာလဲ… ဘုန်းကြီးအို တစ်ပါးလား..."

မိမိဆီသို့ လျှောက်လာသော ဘုန်းကြီးအိုကို ကြည့်ရင်း ကျန်းလျို၏ မျက်ခုံးများ အနည်းငယ် ပင့်တက်သွားလေသည်။

ထိုသူ၏ ဝတ်စားဆင်ယင်မှုအရ သူသည် အမှန်တကယ်ပင် ရဟန်းတစ်ပါးနှင့် တူလှပေသည်။ သင်္ကန်းနှင့် ဖိနပ်များအပြင် လည်ပင်းတွင် သစ်သားပုတီးတစ်ကုံးကိုပင် ဆွဲထားသေး၏။ သို့သော် သူ၏ ပြောင်ရှင်းနေသော ခေါင်းပေါ်တွင် ရဟန်းအမှတ်များ မရှိခြင်းက ရဟန်းတစ်ပါး၏ အမှတ်အသားနှင့် ကိုက်ညီပုံမပေါ်ပေ။

"အောမိတော်ဖော… မင်္ဂလာပါ..."

ဘုန်းကြီးအိုသည် သူ့အနားသို့ ရောက်လာသောအခါ လက်အုပ်ချီကာ ကျန်းလျိုအား အရိုအသေပေးလျက် နှုတ်ဆက်လိုက်လေသည်။

"အောမိတော်ဖော… ဆရာတော်လည်း မင်္ဂလာပါခင်ဗျာ..."

ကျန်းလျိုကလည်း လက်အုပ်ချီကာ ပြန်လည် အရိုအသေပေးလိုက်သည်။

ကျန်းလျိုသည် အဘိုးအိုကို ကြည့်ပြီးနောက် မှောင်မည်းနေသော ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။ ယခုအချိန်က နှစ်သစ်ကူးအချိန်ဖြစ်ပြီး သန်းခေါင်ကျော်နေပြီ ဖြစ်သောကြောင့် သူက အံ့သြစွာဖြင့် မေးလိုက်သည်။

"ဆရာတော်... ဒီလို နှစ်သစ်ကူးအကြိုညကြီး… အချိန်ကလည်း ဒီလောက် နောက်ကျနေပြီဆိုတော့ ဘာလို့ အပြင်မှာ တစ်ပါးတည်း လမ်းလျှောက်နေရတာလဲ..."

"အရပ်တကာ လှည့်လည်သွားလာနေတဲ့သူအတွက် ကမ္ဘာလောကကြီးက အိမ်ပဲလေ… အထဲနဲ့ အပြင်က ဘာများ ကွာခြားနေလို့လဲ..."

ကျန်းလျို၏ စကားကို ဘုန်းကြီးအိုက ပြန်လည်ဖြေကြားလိုက်သည်။

"ဒါဆို ဆရာတော်က ဘယ်ကိုများ ကြွမလို့လဲ..."

ဤမျှ နောက်ကျနေသော အချိန်ကြီးတွင် တောကြိုတောင်ကြား၌ တစ်ပါးတည်း လှည့်လည်သွားလာနေသော ဘုန်းကြီးအိုကို တွေးကာ ကျန်းလျိုက ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် ဆက်လက် မေးမြန်းလိုက်သည်။

"ငါ လာခဲ့တဲ့ နေရာကနေ… ငါ သွားရမယ့် နေရာဆီကိုပေါ့..."

ဘုန်းကြီးအိုက လက်အုပ်ချီလျက် အသံတိုးတိုးဖြင့် ပြောလိုက်သည်။

ကျန်းလျိုသည် ဘုန်းကြီးအို၏ ဓမ္မအဟောအပြော ပဟေဠိများကြောင့် စိတ်ထဲတွင် မျက်လုံးလှန်လိုက်မိလေသည်။

ဤစကားများသည် နက်နဲလှသည်ဟု ထင်ရသော်လည်း အမှန်တကယ်တော့ တည့်မပြောချင်သဖြင့် လှည့်ပတ်ပြောနေခြင်း သက်သက်သာ ဖြစ်သည်။

"အောမိတော်ဖော… ဒီကိုယ်တော်ကရော ဘယ်ကိုသွားမလို့လဲလို့ မေးလို့ရမလား..."

"ကျွန်တော်လား… ကျွန်တော် လာခဲ့တဲ့ နေရာကနေ… သွားရမယ့် နေရာဆီကိုပေါ့ဗျာ..."

ကျန်းလျိုက သူ၏နည်းလမ်းကို အသုံးပြုကာ ဘုန်းကြီးအို၏ မေးခွန်းကို ပြန်လည် တုံ့ပြန်လိုက်သည်။

"ဟားဟားဟား… စိတ်ဝင်စားစရာပဲ..."

ကျန်းလျို၏ အဖြေကို ကြားလိုက်ရသောအခါ ဘုန်းကြီးအိုသည် ရုတ်တရက် အသံထွက် ရယ်မောလိုက်လေသည်။

"ဆရာတော်က ခရီးနှင်နေတယ်ဆိုတော့… ကျွန်တော် ဆရာတော့်ကို ထပ်မနှောင့်ယှက်တော့ပါဘူး… သွားစရာရှိတာ ဆက်ကြွပါခင်ဗျာ..."

ရုတ်တရက် ပေါ်လာသော ဤဘုန်းကြီးအိုနှင့် ပြောစရာ စကားများများစားစား မရှိသည့်အပြင် မည်သည့်အကြောင်းအရာကိုမျှ ဆက်စပ်၍ ပြောဆို၍ မရနိုင်ကြောင်း သိလိုက်ရသဖြင့် ကျန်းလျိုက ပြောလိုက်လေသည်။

"မဟုတ်ပါဘူး… ဆုံတွေ့ရတာ ရေစက်ပါပဲ… ဒီနှစ်သစ်ကူးအကြိုညမှာ အခု သန်းခေါင်တောင် ကျော်နေပြီဆိုတော့ နှစ်သစ်ကူးဖို့ သိပ်မလိုတော့ပါဘူး… ကိုယ်တော်လေးနဲ့ ငါ ဒီနှစ်သစ်ကူးကို အတူတူ ဖြတ်သန်းကြရင် ဘယ်လိုလဲ… ကိုယ်တော်လေးလည်း တစ်ယောက်တည်း ဖြစ်နေတာကို ငါ မြင်တယ်လေ..."

ဘုန်းကြီးအိုသည် ခေါင်းခါယမ်းလိုက်ပြီး ထွက်သွားရန်လည်း အလျင်လိုနေပုံ မပေါ်ချေ။

"ဆရာတော် အဲဒါတော့ မှားသွားပြီ… ကျွန်တော် တစ်ယောက်တည်း မဟုတ်ပါဘူး… ဟိုမှာကြည့်… ကျွန်တော့် တပည့်တွေ ဟိုမှာ ရှိတယ်လေ..."

ဘုန်းကြီးအို၏ စကားကြောင့် ကျန်းလျိုက ခေါင်းခါရမ်းလိုက်ပြီး စွန်းဝူခုန်းနှင့် အခြားသူများ မာဂျောင်ကစားနေကြသည့် နေရာဆီသို့ လက်ညှိုးထိုးပြလိုက်သည်။

"ဒကာတော်က တစ်ယောက်တည်း မဟုတ်ဘူးဆိုရင်… ဘာလို့ ဒီနေရာမှာ တစ်ယောက်တည်း ရှိနေရတာလဲ..."

ဘုန်းကြီးအိုသည် စွန်းဝူခုန်းနှင့် အခြားသူများကို အဝေးမှ တစ်ချက်ကြည့်လိုက်ပြီး ကျန်းလျို၏ စကားကို တည်ငြိမ်စွာ ပြန်လည် ချေပလိုက်လေသည်။

ထိုနေရာတွင် လေးထောင့် စားပွဲ တစ်လုံးကို ခင်းကျင်းထားပြီး ပိန်ပိန်ပါးပါးနှင့် အရပ်ပုသော စွန်းဝူခုန်း၊ ဝဖြိုးပြီး ခန္ဓာကိုယ်ထွားကြိုင်းသော ကျူးပါကျဲနှင့် လူ့ဘီလူးကြီး တစ်ကောင်လို ဖြစ်နေသော ရှားဝူကျင်းတို့ ရှိနေကြ၏။ အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ ခန့်ညားသော လူပျိုလူရွယ်လေး တစ်ဦးအသွင် ရှိနေသည့် နဂါးမြင်းဖြူ၏ လူသားပုံစံလေး သာလျှင် သာမန်လူနှင့် တူပေလိမ့်မည်။

သို့သော်လည်း ဘုန်းကြီးအိုသည် သူတို့ကို ကြည့်ပြီး တည်ငြိမ်နေဆဲဖြစ်ကာ အနည်းငယ်မျှပင် ကြောက်ရွံ့နေပုံ မပေါ်ချေ။

ဤအရာက ကျန်းလျို၏ ရင်ထဲတွင် လှုပ်ခတ်မှုတစ်ခု ဖြစ်ပေါ်သွားစေခဲ့လေသည်။

"ကျွန်တော်က အထိုင်များလို့ ညောင်းလာတာနဲ့ လေလေးဘာလေး ခံရအောင် ထွက်လာတာပါဗျာ..."

ကျန်းလျိုက အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်၏။ ထို့နောက် သူ၏ အကြည့်တို့သည် ဘုန်းတော်ကြီးအိုထံသို့ ရောက်ရှိသွားပြီး စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်သည်။

'ဇာတ်ကောင် အချက်အလက်'

ရုတ်တရက်ဆိုသလို အလင်းဖောက်ထွင်းမြင်နိုင်သော ဇာတ်ကောင်အချက်အလက်ပြဘုတ်တစ်ခုသည် ကျန်းလျို၏ မျက်စိရှေ့တွင် ပေါ်လာခဲ့၏။ ၎င်းတွင် ဖော်ပြထားသော အချက်အလက်များကို ဖတ်လိုက်ရချိန်၌ သူ၏စိတ်ထဲတွင် လွန်စွာ အံ့အားသင့်သွားခဲ့သည်။

အမည် - လျှို့ဝှက်ဆန်းကြယ် ဘုန်းတော်ကြီးအို (ရွှေရောင်)။

လိင် - ကျား။

အသက်မွေးဝမ်းကျောင်း - ?။

အဆင့် - ၈၈။

***

အပိုင်း(၂၆၀)

လျှို့ဝှက်ဆန်းကြယ် ဘုန်းတော်ကြီးအို၏ ဇာတ်ကောင်အချက်အလက်ပြဘုတ်ကို မြင်လိုက်ရသောအခါ ကျန်းလျိုသည် အံ့ဩလွန်း၍ အသက်ရှူမှားသွားခဲ့ရသည်။

“အဆင့် ၈၈ တဲ့လား... စွန်ဝူခုန်းထက်တောင် အဆင့်က ပိုမြင့်နေပါလား...”

ထို့အပြင် နာမည်ကိုလည်း ရွှေရောင်ဖြင့် ရေးထားသေးသည်။ ဤလျှို့ဝှက်ဆန်းကြယ် ဘုန်းတော်ကြီးအိုသည် သံသယဖြစ်စရာမလိုအောင်ပင် အလွန်အရေးပါလှသော ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်နေပေသည်။

အဆင့်ကို ကြည့်ရသလောက် သူသည် တာလော့ရွှေနတ်မင်း တစ်ပါး ဖြစ်ရပေမည်။ ထို့အပြင် တာလော့ရွှေနတ်မင်းများထဲတွင်ပင် ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်ကြီးတစ်ပါး ဖြစ်လောက်ပေသည်။

‘တာလော့ရွှေနတ်မင်းတွေထဲက ပုဂ္ဂိုလ်ကြီးတစ်ပါးက သာမန်ဘုန်းတော်ကြီးအိုတစ်ပါးအဖြစ် အသွင်ယူပြီး ငါနဲ့ လာစကားပြောနေတယ်ပေါ့လေ...’

‘ဒါမှမဟုတ် မဟာယနဂိုဏ်းက ငါ့ရဲ့ လတ်တလော ထူးဆန်းတဲ့ အပြုအမူတွေကို သတိထားမိသွားလို့ လာစမ်းသပ်တာများလား...’

ဤသို့တွေးမိသွားသောအခါ ကျန်းလျိုသည် ပို၍ သတိထားသွားပြီး အရာရာကို ဂရုတစိုက် ကိုင်တွယ်ဖြေရှင်းရန် ပြင်ဆင်လိုက်တော့သည်။

"ဒါနဲ့ ကိုရင်လေးကို ဘယ်လိုခေါ်လဲ... ငါတို့ စကားပြောနေတာလည်း တော်တော်ကြာနေပြီ… မင်းရဲ့ ဘွဲ့တော်ကို မသိရသေးဘူးပဲ..."

ဘုန်းတော်ကြီးအိုက ကျန်းလျိုအား မေးမြန်းလိုက်၏။

"အောမိတော်ဖော… အရှင်သူမြတ် ဘုရား… တပည့်တော်ရဲ့ ဘွဲ့တော်ကတော့ ရွှမ်ကျန်းပါဘုရား... အရှင်သူမြတ်ကိုရော ဘယ်လိုခေါ်ဝေါ်ရမလဲ ဘုရား..."

ကျန်းလျိုက ပြန်ဖြေရင်း အခွင့်ကောင်းယူကာ ပြန်လည်မေးမြန်းလိုက်သည်။

"ငါ့ကိုလား... မင်းမြင်တဲ့အတိုင်းပဲ ငါ့မှာ ရဟန်းအမှတ် တစ်ခုမှ မရှိပါဘူး… ဒါကြောင့် ငါက ရဟန်းစစ်စစ်တော့ မဟုတ်ဘူး… ဒါပေမဲ့ ငါ့စိတ်ထဲမှာ မဟာယနဂိုဏ်းကို ကြည်ညိုမြတ်နိုးတာကြောင့် တစ်ယောက်တည်း ဗုဒ္ဓတရားကို ကျင့်ကြံအားထုတ်နေတာ နှစ်တွေအများကြီး ရှိနေပြီ..."

ဘုန်းတော်ကြီးအိုသည် ရဟန်းအမှတ် တစ်ခုမျှပင် မရှိသော သူ၏ပြောင်ရှင်းနေသည့် ဦးခေါင်းကို လက်ညှိုးထိုးပြရင်း ပြန်လည်ဖြေကြားလိုက်သည်။

ထိုသို့ပြောပြီးနောက် သူသည် ခေတ္တမျှ တန့်သွားပြီး မျှော်လင့်ချက်များ အပြည့်ပါဝင်နေသော မျက်လုံးများဖြင့် ကျန်းလျိုအား ကြည့်ကာ မေးလိုက်သည်။

"ကိုရင်လေး… ဒီလိုနည်းနဲ့ ဗုဒ္ဓအဖြစ်ကို ရောက်နိုင်တယ်လို့ မင်းထင်သလား..."

"ဗုဒ္ဓတရားကို ကျင့်ကြံတယ်ဆိုတာ တကယ်တော့ ကိုယ့်ရဲ့ စိတ်နှလုံးကို ကျင့်ကြံတာပါပဲ... ရဟန်းအမှတ် ဆိုတာကတော့ ထုံးစံတစ်ခုသက်သက်ပါပဲ... စိတ်နှလုံးထဲမှာ ဗုဒ္ဓရှိနေသရွေ့ ဘယ်နေရာမှာမဆို ကျင့်ကြံလို့ ရတာပါပဲ... အရှင်သူမြတ်မှာ ရဟန်းအမှတ် တစ်ခုမှ မရှိပေမယ့်လည်း နှစ်ပေါင်းများစွာ ကျင့်ကြံလာခဲ့တဲ့ အချက်က တပည့်တော်ကို တကယ်ပဲ အံ့ဩကြည်ညိုမိစေပါတယ် ဘုရား..."

ကျန်းလျိုက တည်တည်ကြည်ကြည်ပင် ပြန်လည်ဖြေကြားလိုက်၏။

"အင်း... မင်းပြောတာ အဓိပ္ပာယ်ရှိပါတယ်... ဗုဒ္ဓတရားကို ကျင့်ကြံတယ်ဆိုတာ တကယ်တော့ စိတ်နှလုံးကို ကျင့်ကြံတာပါပဲ... စိတ်ထဲမှာ ဗုဒ္ဓရှိနေသရွေ့ လုံလောက်ပါပြီ..."

ဘုန်းတော်ကြီးအိုသည် ခေါင်းညိတ်လိုက်ပြီး ကျန်းလျို၏ အဖြေကို အတော်လေး သဘောကျကျေနပ်သွားပုံရသည်။

ထို့နောက် ချက်ချင်းပင် သူက သိချင်စိတ်ဖြင့် ဆက်မေးလိုက်၏။

"ဒါဆို ကိုရင်လေး… မင်း ဗုဒ္ဓတရားကို ကျင့်ကြံရတဲ့ ရည်ရွယ်ချက်ကရော ဘာလဲ..."

'ကျုပ် တကယ်တော့ ဘုန်းကြီး လုံးဝ မဝတ်ချင်ပါဘူးလို့ ပြောလို့ရမလား...'

ဘုန်းတော်ကြီးအို၏ အမေးကြောင့် ကျန်းလျိုမှာ စိတ်ထဲတွင် မျက်နှာရှုံ့မဲ့သွားရသည်။

သေချာသည်မှာ ဤစကားများသည် သူ ဖွင့်ဟပြောဆို၍ မဖြစ်နိုင်သော စကားများပင် ဖြစ်သည်။ ကျန်းလျိုသည် သူ၏ မျက်နှာအမူအရာကို တည်ကြည်လေးနက်ဟန် ဖမ်းထားရင်း ဆိုလိုက်၏။

"တပည့်တော် ဗုဒ္ဓတရားကို ကျင့်ကြံရတဲ့ ရည်ရွယ်ချက်ကတော့ သတ္တဝါအပေါင်းကို ကယ်တင်ဖို့… သတ္တဝါတွေကို တစ်ဖက်ကမ်းရောက်အောင် လမ်းပြပေးဖို့… ဗုဒ္ဓတရားတော်တွေကို ပြန့်ပွားအောင် လုပ်ဆောင်ဖို့ပါပဲ ဘုရား..."

၎င်းသည် အလုပ်ခွင်တွင် အထက်လူကြီး၏ စစ်ဆေးရေးကို ဖြေကြားနေရသည်နှင့် အနည်းငယ် တူနေပေသည်။ ကျန်းလျို၏ စကားများမှာ အနည်းငယ် စိတ်အားထက်သန်လာပြီး ကုမ္ပဏီအတွက် သူ၏အစွမ်းအစအားလုံးကို ပေးဆပ်ရန် သူ၏ နောက်ဆုံးစွမ်းအင် အစက်အကျန်လေးအထိတိုင်အောင် မြှုပ်နှံထားရန် ဆန္ဒရှိကြောင်း အသံကျယ်ကျယ်ဖြင့် ကြွေးကြော်နေသော ဝန်ထမ်းတစ်ဦးနှင့်ပင် တူနေတော့သည်။

"မဆိုးဘူး… မဆိုးဘူး… အဖြေကောင်းပဲ... မင်းပြောတဲ့စကားနဲ့ စိတ်ထဲကအကောင်နဲ့က တလွဲစီ ဖြစ်နေပေမယ့်လည်း... နောင်တစ်ချိန် ဘယ်သူနဲ့ပဲတွေ့တွေ့ ဒီလိုပဲ ဖြေရမယ်နော်..."

ဘုန်းတော်ကြီးအိုသည် ကျေနပ်သွားဟန်ဖြင့် ခေါင်းညိတ်ကာ ပြောလိုက်၏။

"အမ်... အရှင်သူမြတ်… အဲဒါ ဘာသဘောလဲ... တပည့်တော်က ဘယ်နေရာမှာများ ဟန်ဆောင်နေလို့လဲ..."

စိတ်အားထက်သန်စွာ ဟန်ဆောင်ပြနေသည့် ကျန်းလျိုသည် သူ၏ ယခင်ဘဝက မှတ်မိနေသော သစ္စာဆိုစကားများကိုပင် အော်ဟစ်ပစ်လိုက်ချင်စိတ် ပေါက်သွားသော်လည်း ဘုန်းတော်ကြီးအို၏ စကားများက ရေခဲရေတစ်ပုံးနှင့် ပက်ပစ်လိုက်သကဲ့သို့ ဖြစ်သွားစေပြီး သူ၏ တစ်ကိုယ်လုံးကို အေးစက်တုန်လှုပ်သွားစေသည်။

"အောမိတော်ဖော... နှစ်ပေါင်းများစွာ ကျင့်ကြံလာခဲ့တဲ့အတွက် ငါ့မှာ စိတ်ဖတ်ခြင်း လို့ခေါ်တဲ့ ထူးကဲတဲ့ နတ်စွမ်းရည်တစ်ခု ရှိနေတယ်... တစ်ဖက်လူရဲ့ စိတ်ထဲမှာ ဘာတွေးနေလဲဆိုတာကို အပြည့်အဝ နားမလည်နိုင်ပေမယ့် ယေဘုယျအားဖြင့်တော့ နည်းနည်းပါးပါး ခံစားသိရှိနိုင်တယ်လေ..."

ကျန်းလျို ပြာပြာသလဲ ငြင်းဆန်နေသည်ကို ကြည့်ရင်း ဘုန်းတော်ကြီးအိုသည် ပြုံးစိစိဖြင့် ဖွင့်ဟပြောဆိုလိုက်၏။

‘စိတ်ဖတ်ခြင်းတဲ့လား... သူတစ်ပါးရဲ့ စိတ်ကို ဖတ်နိုင်တယ်ပေါ့... အနောက်အရပ်သို့ ခရီးသွား မှတ်တမ်း ဇာတ်လမ်း ကမ္ဘာကြီးထဲမှာ ဒီလို ကြောက်စရာကောင်းတဲ့ သဘာဝလွန် စွမ်းရည်တွေ တကယ်ပဲ ရှိနေတာလား..."

ဘုန်းတော်ကြီးအို၏ စကားများကြောင့် ကျန်းလျို၏ စိတ်နှလုံးမှာ ပိုမို တင်းကျပ်သွားပြီး တစ်ဖက်လူအပေါ် ပို၍ သတိထားသွားမိတော့သည်။

"အင်း... မင်းဆီမှာ တကယ်ပဲ လျှို့ဝှက်ချက်တွေ အများကြီး ရှိနေပုံရတယ်..."

ကျန်းလျို၏ စိုးရိမ်ထိတ်လန့်မှုနှင့် ကာကွယ်လိုစိတ်တို့ကို ခံစားမိသွားသကဲ့သို့ ဘုန်းတော်ကြီးအိုက ညင်သာစွာ ပြောလိုက်၏။

"အရှင်သူမြတ်က တကယ် ဘယ်သူလဲ..."

ဤအချိန်သို့ ရောက်သောအခါ ကျန်းလျိုသည် ဆက်လက် ဟန်ဆောင်နေရန် ဆန္ဒမရှိတော့ဘဲ ဘုန်းတော်ကြီးအိုအား စိုက်ကြည့်ကာ မေးခွန်းထုတ်လိုက်တော့သည်။

"မင်းက ဉာဏ်ကောင်းပြီး ထူးခြားတဲ့ အစွမ်းအစတချို့လည်း ရှိတယ်... တော်တော်လေး အထင်ကြီးစရာပဲ..."

သူမည်သူဖြစ်ကြောင်း ဖွင့်ပြောမည့်အစား ဘုန်းတော်ကြီးအိုသည် ကျန်းလျိုအား အထင်ကြီး လေးစားစွာနှင့် ကျေနပ်အားရစွာ ခေါင်းညိတ်ပြရုံသာ ပြုလုပ်လိုက်၏။

သူတို့နှစ်ဦး စကားပြောဆိုနေစဉ်အတွင်း ဘုန်းတော်ကြီးအိုသည် သူသိလိုသည်များကို သိရှိသွားခဲ့ပြီဟု ထင်ရပြီးနောက် ကောင်းကင်ကြီးအား မော့ကြည့်ကာ ပြောလိုက်သည်။

"ကဲ... သန်းခေါင်ယံလည်း ကျော်သွားပြီ… နေ့သစ်၊ နှစ်သစ်ကို ကူးပြောင်းသွားပြီပဲ... ဒီနှစ်သစ်မှာ မင်းလိုအင်ဆန္ဒတွေ အားလုံး ပြည့်ဝပါစေလို့ ဆုတောင်းပေးပါတယ်..."

"ကျေးဇူးတင်ပါတယ် အရှင်သူမြတ်… အရှင်သူမြတ်လည်း လုပ်သမျှ အရာအားလုံး အောင်မြင်ပါစေလို့ တပည့်တော် ဆုတောင်းပေးပါတယ်..."

ကျန်းလျိုက ခေါင်းညိတ်ကာ ဆုတောင်းစကား ပြန်လည်ပြောကြားလိုက်၏။

"ဟူး... ကောင်းကင်ဘုံ ဥပဒေသဆိုတာ ရက်စက်တယ်… နတ်တမန်တွေနဲ့ ဗုဒ္ဓတွေကလည်း တရားမျှတမှု မရှိကြဘူး… ဒါကြောင့်ပဲ သတ္တဝါတွေအားလုံး ဆင်းရဲဒုက္ခ ရောက်ရတာပေါ့... ကျင်းမြစ် နဂါးမင်းကြီး ဆိုတာကလည်း ကစားကွက်ထဲမှာ စတေးခံလိုက်ရတဲ့ နယ်ရုပ်လေး တစ်ရုပ်ပါပဲ... သူက မင်းလက်ထဲ ရောက်နေပြီဆိုတော့ သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပေးဖို့ မျှော်လင့်ပါတယ်..."

ခပ်ဖွဖွ ခေါင်းညိတ်ပြီးနောက် ဘုန်းတော်ကြီးအိုသည် လွမ်းဆွေးဖွယ် လေယူလေသိမ်းဖြင့် ဆက်ပြောကာ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်၏။

‘ကျင်းမြစ် နဂါးမင်းကြီးတဲ့လား... ကျင်းမြစ် နဂါးမင်းကြီး ငါ့လက်ထဲမှာ ရှိနေတယ်ဆိုတာ သူ သိနေတာလား...’

ဤစကားက ကျန်းလျိုအား အမှန်တကယ်ပင် ထိတ်လန့်သွားစေသည်။ သူသည် ဘုန်းတော်ကြီးအို မည်သူမည်ဝါဖြစ်ကြောင်းကို ဆက်လက်မေးခွန်းထုတ်ရန် ပြင်လိုက်စဉ်မှာပင် တစ်ဖက်လူသည် အရိပ်အယောင်မျှပင် မကျန်ရစ်တော့ဘဲ ပျောက်ကွယ်သွားပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။

ကျင်းမြစ် နဂါးမင်းကြီးသည် အနောက်အရပ်သို့ ခရီးသွား မှတ်တမ်း ဇာတ်လမ်းတစ်ခုလုံး၏ အဓိက အစပျိုးပေးသူဟု ဆိုနိုင်ပေသည်။ ဤကိစ္စကို သူ လုပ်ဆောင်ထားကြောင်း ကွမ်ယင် မသိစေရန်အတွက် ကျန်းလျိုသည် စွန်ဝူခုန်းအား ငရဲပြည်မှ ကျင်းမြစ် နဂါးမင်းကြီးကို ခေါ်ထုတ်လာစေခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် သူမကို အောင်မြင်စွာ လှည့်စားနိုင်ရန် စွန်ဝူခုန်းနှင့်အတူ မျောက်မင်းအစစ်နှင့် အတု ဇာတ်လမ်းကိုပင် ဖန်တီးခဲ့သေးသည်။

သို့သော် ဤဘုန်းတော်ကြီးအိုက မည်သူများနည်း။ ထို့အပြင်... ကျင်းမြစ် နဂါးမင်းကြီး သူ့လက်ထဲမှာ ရှိနေတယ်ဆိုတာကို သူက ဘယ်လိုလုပ် အသေအချာ သိနေရသနည်း။

ဤလျှို့ဝှက်ချက်ကို အခြားတစ်ယောက် သိသွားပြီဖြစ်ကြောင်း နားလည်လိုက်ရသောကြောင့် ကျန်းလျိုသည် အလွန် စိုးရိမ်ပူပန်သွားခဲ့ရသည်။

မည်သို့ပင်ဖြစ်စေ စိတ်ခံစားမှုများ ပြန်လည်တည်ငြိမ်သွားသော အချိန်ခဏအကြာတွင်မူ သူသည် သေးငယ်လှသည်မဟုတ်သော ထိုးထွင်းသိမြင်မှုတစ်ခုကို ရရှိလိုက်သလို ခံစားလိုက်ရသည်။

ဤဘုန်းတော်ကြီးအို မည်သူပင်ဖြစ်စေကာမူ... သူသည် ကျင်းမြစ် နဂါးမင်းကြီးအကြောင်းကို သိရှိနေသော်လည်း ကျန်းလျိုအား ဖွင့်ချမည့် အရိပ်အယောင်မပြပေ။ ထို့ကြောင့် သူသည် ကွမ်ယင် သို့မဟုတ် ရူလိုင်ဗုဒ္ဓတို့နှင့် တစ်ဖွဲ့တည်း မဟုတ်သည်မှာ သေချာသလောက် ရှိနေသည် မဟုတ်ပါလား။

ထို့အပြင်... သူ့ရှေ့တွင် ဘုန်းတော်ကြီးတစ်ပါးအသွင်ဖြင့် ကိုယ်ထင်ပြလာခြင်းကြောင့် ဤဘုန်းတော်ကြီးအိုသည် မဟာယနဂိုဏ်းဝင် တစ်ဦးလည်း ဖြစ်နိုင်ပေသည်။

"မဟာယနဂိုဏ်းကြီးက တစ်သီးတစ်သန့် တည်ရှိနေတာ မဟုတ်ဘူးလား... သူတို့အထဲမှာရော ကိုယ်ပိုင် ဂိုဏ်းဂဏလေးတွေ ကွဲပြားနေတာများလား..."

ကျန်းလျိုသည် စိတ်ထဲတွင် တိတ်တဆိတ် ကောက်ချက်ချလိုက်မိသည်။

ထို့အပြင် သူသည် နှစ်သစ်ကူးပြောင်းချိန်ကို ရွေးချယ်ကာ သူ့ထံ လာရောက်တွေ့ဆုံခဲ့ပြီး နှစ်သစ်ကို အတူတကွ ကြိုဆိုခဲ့ကာ ဆုတောင်း စကားများကိုပင် တမင်တကာ ပြောဆိုသွားခဲ့သေးသည်။

ရှင်းရှင်းလင်းလင်းပင် ဘုန်းတော်ကြီးအိုသည် စေတနာကောင်းကို ပြသသွားခြင်းဖြစ်ပြီး ကျန်းလျိုအား အခက်တွေ့စေရန် မည်သည့်ရည်ရွယ်ချက်မှ ရှိမနေပေ။

"အဆင့် ၈၈ ရှိတဲ့ မဟာလော့ရွှေနတ်မင်း တစ်ပါး မဟာယနဂိုဏ်းဝင် တစ်ဦး... ပြီးတော့ ကျင်းမြစ် နဂါးမင်းကြီး ကိစ္စကို ကောင်းကောင်း သိနေတဲ့ သူတစ်ယောက်ပေါ့..."

ကျန်းလျိုသည် တိတ်တဆိတ် စဉ်းစားခန်း ဝင်နေပြီး သူသိရှိထားသမျှ အချက်အလက်များကို ထည့်သွင်းစဉ်းစားကာ ဘုန်းတော်ကြီးအို မည်သူမည်ဝါဖြစ်နိုင်ကြောင်း အကြမ်းဖျင်း ခန့်မှန်းချက်တချို့ကို စတင် ပုံဖော်နေမိတော့သည်။

***

All Chapters