← Chapters

အခန်း (၂၆၃-၂၆၄)

Vol. 19 Ch. 263-264

အခန်း (၂၆၃-၂၆၄)

Vol. 19 Ch. 263-264

အပိုင်း(၂၆၃)

"ဟွန့်... အသိပညာ ခေါင်းပါးတဲ့ မျောက်..."

စွန်ဝူခုန်း၏ လှောင်ပြောင်မှုကြောင့် ချင်းဖုန်းနှင့် မင်ယွဲ့တို့ ဒေါသထွက်သွားကြသော်လည်း စွန်ဝူခုန်းအား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ မျက်လုံးများဖြင့် ကြည့်ကာ ဆက်လက် ငြင်းခုံမနေတော့ဘဲ လှောင်ပြုံးသာ ပြုံးလိုက်ကြ၏။

ထို့နောက် သူတို့သည် ခြံဝင်းအတွင်းသို့ သွားကာ လူသစ်သီး နှစ်လုံး ခူးဆွတ်၍ ထန်ဆရာတော် အား ဆက်ကပ်ရန် စီစဉ်လိုက်ကြသည်။ ဤသည်မှာ သူတို့ဆရာ၏ ညွှန်ကြားချက်ကို ဖြည့်ဆည်းပေးခြင်းလည်း ဖြစ်သလို ထိုသူများကို ခရီးအမြန်ဆက်ရန် တိုက်တွန်းလို၍လည်း ဖြစ်ပေသည်။

"ဝူခုန်း... မင်း ပါးစပ်ကို ခဏလောက် ပိတ်ထားစမ်းပါ... ဝူကျွမ်ကျောင်းတော် က သာမန်မဟုတ်ဘူးလို့ ငါကိုယ်တော် ခံစားရတယ်..."

စွန်ဝူခုန်း၏ မျက်နှာပေါ်တွင် မကျေမနပ်ဖြစ်နေသော အရိပ်အယောင်များ ရှိနေဆဲဖြစ်သည်ကို မြင်သောအခါ ကျန်းလျိုက ခေါင်းခါရင်း ပြောလိုက်၏။

"အို... သာမန်မဟုတ်ဘူး ဟုတ်လား... ဘယ်လို သာမန်မဟုတ်တာလဲ... ဆရာတော်… ဟို တပည့်လေးနှစ်ယောက် ပြောတဲ့စကားတွေကို တကယ်ကြီး ယုံနေတာတော့ မဟုတ်ပါဘူးနော်..."

စွန်ဝူခုန်းက ခေါင်းခါရမ်းလိုက်၏။ သူသည် သူ၏ ထင်ကြေးအပေါ်တွင် အတော်လေး ခိုင်မာနေဆဲပင် ဖြစ်သည်။ အစကတည်းက အမြင်မကြည်လေရာ ဝူကျွမ်ကျောင်းတော်မှ ကလေးလေး၏ လေလုံးထွားမှုများသည် အလွန်အမင်း ပုံကြီးချဲ့လွန်းနေသည်ဟု သူ ခံစားနေရဆဲ ဖြစ်၏။

"သူတို့ လေလုံးထွားနေတာ မဟုတ်ဘူး... သူတို့မှာ တကယ်ကို အရည်အချင်း ရှိတာ..."

စွန်ဝူခုန်း၏ အမူအရာကို မြင်လိုက်ရသဖြင့် ကျန်းလျိုသည် တိတ်တဆိတ် ခေါင်းခါလိုက်မိလေသည်။

စွန်ဝူခုန်း၏ စွမ်းရည်များသည် အမှန်တကယ်ပင် ချီးကျူးဖွယ် ကောင်းလှသော်လည်း ကံမကောင်းစွာဖြင့် သူ၏ အကဲဖြတ်ပိုင်းခြားနိုင်စွမ်းမှာ အားနည်းနေပေသည်။

ဗောဓိ ဘိုးဘိုးထံတွင် ပညာသင်ကြားပြီး ပြန်လာပြီးနောက် ပြဿနာများကို အလျင်အမြန် ဖန်တီးခဲ့ပြီး ထို့နောက် ဒြပ်စင်ငါးပါးတောင် အောက်တွင် ဖိနှိပ်ခံခဲ့ရသည်မှာလည်း မဆန်းတော့ချေ။ စွန်ဝူခုန်းသည် ဘုံသုံးပါး ၏ အခြေအနေများနှင့် ပတ်သက်၍ ခေတ်နောက်ကျနေခဲ့ရာ သူ နားမလည်ခြင်းမှာလည်း လက်ခံနိုင်စရာပင် ဖြစ်ပေသည်။

"ပါကျဲ... မင်းက တစ်ချိန်က ထျန်းဖုန် စစ်သူကြီး ဖြစ်ခဲ့ဖူးတာဆိုတော့… ဘုံသုံးပါး က မဟာ သဘာဝလွန်စွမ်းရည် ကျွမ်းကျင်သူတွေအကြောင်းကို မင်း သိမှာပဲ... မဟာနတ်မင်းကြီး ကျန်းယွမ် ရဲ့ အခြေအနေကို ငါတို့ကို ပြောပြပါဦး..."

ကျန်းလျိုသည် သူ ကိုယ်တိုင် ရှင်းပြရန် မတတ်နိုင်တော့သဖြင့် လှည့်ကာ ကျူးပါကျဲအား မေးမြန်းလိုက်လေသည်။

မူလက များများစားစား ဝင်ပြောရန် ဆန္ဒမရှိသော်လည်း ယခုအခါ သူ၏ ဆရာဖြစ်သူက မေးလာပြီဖြစ်ရာ ကျူးပါကျဲ သည်လည်း မည်သည့်အရာကိုမျှ ဖုံးကွယ်ထားမည် မဟုတ်ပေ။ သူက ခေါင်းညိတ်ကာ ပြောလိုက်သည်။

"ဆရာတော် ပြောတာ မှန်တယ်... မဟာနတ်မင်းကြီး ကျန်းယွမ် က ဘုံသုံးပါး ထဲမှာ တကယ်ကို ထင်ရှားကျော်ကြားတဲ့ ပုဂ္ဂိုလ်ကြီး တစ်ပါးပဲ... အဆင့်အတန်းနဲ့ ရာထူးအရဆိုရင် သန့်စင်တဲ့ နတ်မင်းကြီးသုံးပါးနဲ့ သိပ်မကွာဘူး…”

ဤသို့ပြောပြီးနောက် ကျူးပါကျဲသည် စွန်ဝူခုန်းဘက်သို့ လှည့်ကာ ပြောလိုက်၏။

"အစ်ကိုကြီးမျောက်... ခင်ဗျား မသိလို့ပါ… ကျောက်စိမ်းဧကရာဇ် နဲ့ တထာဂတ ကတောင် မဟာနတ်မင်းကြီး ကျန်းယွမ် ကို အတန်အသင့် လေးစားမှုပေးရပြီး အရင်စပြီးတောင် နှုတ်ဆက်ကြရတာဗျ..."

ကျူးပါကျဲနှင့် အမြဲတစေ ငြင်းခုန်နေလေ့ရှိသော်လည်း တစ်ချိန်က ထျန်းဖုန် စစ်သူကြီး ဖြစ်ခဲ့ဖူးသော ကျူးပါကျဲသည် သူ လုံးဝ မသိနားမလည်သော ကိစ္စရပ်များစွာကို သိရှိနေကြောင်းကိုမူ စွန်ဝူခုန်း ဝန်ခံရပေမည်။ ဤသည်က ဝူကျွမ်ကျောင်းတော် ၏ ဆရာသခင်မှာ အမှန်တကယ်ပင် အလွန်စွမ်းအားကြီးမားရမည်ဖြစ်ကြောင်း စွန်ဝူခုန်းကို ချက်ချင်း သဘောပေါက်သွားစေခဲ့သည်။

ဤသို့ဆိုလျှင် ထိုတာအို တပည့်လေးများ ပြောခဲ့သည့် စကားများက အမှန်တကယ် ဖြစ်နေပုံ ရလေသည်။ စွန်းဝူခုန်း တစ်ယောက် သူ၏ ယခင်က သံသယဖြစ်မှုများကို ပြန်တွေးမိပြီး ချင်းဖုန်းနှင့် မင်ယွဲ့တို့က သူ့အား မြို့သားများက တောသားတစ်ယောက်ကို ကြည့်သကဲ့သို့ အထင်သေးစွာ ကြည့်ခဲ့ကြပုံကို မြင်ယောင်လာသောအခါ သူ၏ မျက်နှာပေါ်တွင် ပူထူသွားသလို ခံစားလိုက်ရပြီး ကျူးပါကျဲအား ဒေါသတကြီး အပြစ်တင်လိုက်၏။

"မင်းလို အရူးကောင်... မင်းက အစကတည်းက သိနေခဲ့ရင် ဘာလို့ စောစောကတည်းက မပြောခဲ့ရတာလဲ..."

"အစ်ကိုကြီးမျောက်က ဒီဝက်အိုကြီး ကိုမှ မမေးခဲ့တာကိုး..."

စွန်ဝူခုန်း၏ စကားကို ကြားသောအခါ ကျူးပါကျဲက မတရားခံရသူတစ်ယောက်လို မျက်နှာလုပ်ကာ တိုးတိုးလေး ပြန်ပြောလိုက်၏။

စွန်ဝူခုန်းနှင့် ကျူးပါကျဲတို့၏ အပြန်အလှန် စကားပြောဆိုမှုများကို နားထောင်ရင်း ကျန်းလျိုသည် စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။

မူရင်းဇာတ်လမ်းထဲတွင် စွန်ဝူခုန်းသည် ဆရာကြီးကျန်းယွမ် ၏ စွမ်းပကားကို နားမလည်ခဲ့သောကြောင့် ကျူးပါကျဲ၏ အနည်းငယ် သွေးထိုးလှုံ့ဆော်မှုလေးနှင့်ပင် စိတ်လှုပ်ရှားစွာဖြင့် လူသစ်သီး ကို ခိုးယူခဲ့ခြင်း ဖြစ်သည်။

ယခုအခါ ဆရာကြီး ကျန်းယွမ် မည်မျှ စွမ်းအားကြီးမားကြောင်း စွန်ဝူခုန်း နားလည်သွားပြီဖြစ်ရာ သူသည် ဤကဲ့သို့သော လုပ်ရပ်မျိုးကို ထပ်မံလုပ်ဆောင်တော့မည် မဟုတ်သည်မှာ သေချာနေပြီ မဟုတ်ပါလော။

ထို့အပြင် ယခုအချိန်တွင် ကျူးပါကျဲသည်လည်း လူသစ်သီး ခိုးယူရန် စွန်ဝူခုန်းအား သွေးထိုးလှုံ့ဆော်ရဲမည့် သတ္တိမျိုး ရှိတော့မည် မဟုတ်ပေ။

‘အင်း... အားလုံးက ပျော်ပျော်ရွှင်ရွှင်နဲ့ ပြီးသွားမယ်ဆိုရင် အကောင်းဆုံးပဲ မဟုတ်ဘူးလား... မဟာနတ်မင်းကြီး ကျန်းယွမ် က ငါ့ကို နှစ်လုံးပေးမယ်ဆိုရင်တော့ ငါလည်း အားနာမနေဘဲ မြည်းစမ်းကြည့်ရမှာပေါ့... အဆုံးမှာ အေးအေးချမ်းချမ်းနဲ့ ထွက်ခွာသွားနိုင်မယ်ဆိုရင် မူရင်းဇာတ်လမ်းထဲမှာ ဖြစ်လာမယ့် ဘေးဒုက္ခကလည်း အပြည့်အဝ ဖြေရှင်းပြီးသား ဖြစ်သွားမှာပဲ...’

စွန်ဝူခုန်းသည် လူသစ်သီးကို ခိုးယူတော့မည် မဟုတ်ဟု တွေးတောရင်း ကျန်းလျိုက သဘောတူစွာဖြင့် တိတ်တဆိတ် ခေါင်းညိတ်လိုက်၏။

အနောက်အရပ်သို့ သွားရောက်ခြင်း ခရီးစဉ်၏ အရှိန်အဟုန်ကို နှောင့်နှေးစေရန် ကြိုးပမ်းခြင်းနှင့် တစ်ချိန်တည်းမှာပင် ထိုဘေးဒုက္ခများဆိုသည်တို့ကို ဘေးကင်းစွာ ကျော်ဖြတ်နိုင်ရန် ကြိုးစားခြင်းက သူ၏ ကိုယ်ပိုင် ကြီးထွားဖွံ့ဖြိုးမှုအတွက် အချိန်ပိုရစေရန် ကျန်းလျို တွေးတောထားသော နည်းလမ်းပင် ဖြစ်လေသည်။

မကြာမီမှာပင် မင်ယွဲ့နှင့် ချင်းဖုန်း တာအိုတပည့်လေး နှစ်ဦးသည် လူသစ်သီး နှစ်လုံးကို ခူးဆွတ်ခဲ့ကြသော်လည်း ၎င်းတို့ကို ကျန်းလျိုထံ ယူဆောင်သွားရန်မူ မလောကြပေ။

မည်သို့ပင်ဆိုစေ သူတို့၏ ဆရာက မထွက်ခွာမီ ဤသစ်သီးနှစ်လုံးမှာ ထန်ဆရာတော် တစ်ပါးတည်းအတွက်သာ ရည်ရွယ်ခြင်းဖြစ်ပြီး သူ၏ တပည့်များ မမြင်စေရန်၊ မဟုတ်လျှင် ပြဿနာတက်နိုင်ကြောင်း ညွှန်ကြားထားခဲ့သည် မဟုတ်ပါလော။

"ချင်းဖုန်း... ငါတို့ ဘယ်လိုလုပ်ကြမလဲ... ထန်ဆရာတော် ရဲ့ တပည့်တွေကို အရင်ဆုံး အဝေးကို လွှတ်ဖို့ နည်းလမ်း ရှာသင့်သလား..."

မင်ယွဲ့က မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်လေးများ စွန်းထင်းနေလျက် မေးလိုက်၏။

"အင်း... ငါ့မှာ အကြံတစ်ခု ရှိတယ်... ငါတို့ သက်သတ်လွတ် ဟင်းလျာတွေ အရင်ပြင်ဆင်လိုက်ရအောင်... ပြီးရင် မင်းက ထန်ဆရာတော် ရဲ့ တပည့်တွေကို စားဖို့ သွားဖိတ်လိုက်… အဲဒီအချိန်မှာ ငါက လူသစ်သီး တွေကို သူ့ဆီ သွားပို့လိုက်မယ်လေ..."

ကောင်းကင်ယံ မှောင်စပြုနေပြီဖြစ်သည်ကို သတိထားမိလိုက်သဖြင့် ချင်းဖုန်းက ဝင်ပြောလိုက်၏။

အနည်းငယ် တိုင်ပင်ဆွေးနွေးပြီးနောက် တာအိုတပည့်လေး နှစ်ဦးသည် အလုပ်များသွားကြပြီး မကြာမီမှာပင် သက်သတ်လွတ် ဟင်းလျာများနှင့် ထမင်းတစ်နပ်ကို ပြင်ဆင်ပြီးစီးသွားခဲ့သည်။

"လူကြီးမင်းတို့... ညစာ မစားရသေးဘူး မဟုတ်လား... ကျွန်တော်တို့ သက်သတ်လွတ် အစားအစာတချို့ ပြင်ဆင်ထားပါတယ်... ကျေးဇူးပြုပြီး သွားစားကြပါဦး..."

မင်ယွဲ့သည် စွန်ဝူခုန်းနှင့် အခြားသူများထံသို့ ချဉ်းကပ်ကာ ဖိတ်ခေါ်လိုက်၏။

"ဟဲ ဟဲ ဟဲ... စားစရာ ရှိတယ်ပေါ့လေ... သွားကြမယ်… သွားကြမယ်..."

စားစရာရှိသည်ဟု ကြားလိုက်ရသဖြင့် ကျူးပါကျဲသည် ပထမဆုံး ထလှုပ်ရှားသူ ဖြစ်လာတော့သည်။

တစ်ချိန်တည်းမှာပင် စွန်ဝူခုန်းနှင့် ရှာဝူကျင်းတို့ နှစ်ဦးစလုံးသည်လည်း နောက်မှ လိုက်ရန် ထလိုက်ကြ၏။

"ထန်ဆရာတော်... ခဏလောက် စောင့်ပါဦး..."

သို့သော်လည်း ကျူးပါကျဲတို့ အပြင်သို့ ထွက်သွားသည်ကို မြင်သောအခါ မင်ယွဲ့သည် ကျန်းလျိုအား တိုးတိုးလေး လှမ်းပြောလိုက်ပြီး အနီးရှိ ဘေးပေါက်တစ်ခုဆီသို့ သူ၏ မျက်လုံးများဖြင့် အရိပ်အကဲပြလိုက်၏။

ထို့နောက် ဘေးပေါက် တံခါးပွင့်လာပြီး ညအချိန် သူခိုးတစ်ယောက်ကဲ့သို့ ချင်းဖုန်းသည် လက်ထဲတွင် ဗန်းတစ်ချပ်ကို ကိုင်ဆောင်လျက် ကျန်းလျိုထံ ချဉ်းကပ်လာခဲ့သည်။

"ထန်ဆရာတော်... ဒါတွေက ကျွန်တော်တို့ ဝူကျွမ်ကျောင်းတော် ရဲ့ ရတနာတွေဖြစ်တဲ့ လူသစ်သီး နှစ်လုံးပါ... မထွက်ခွာခင်မှာ ဆရာသခင်က အရှင်ဘုရားအတွက် နှစ်လုံးခူးပေးဖို့ အထူးတလည် မှာကြားသွားခဲ့ပါတယ်... ကျေးဇူးပြုပြီး မြန်မြန်လေး ဘုန်းပေးလိုက်ပါဘုရား…”

ဗန်းပေါ်တွင်မူ ပန်းရောင်သန်းနေသော နှုတ်ခမ်းများနှင့် သွားဖြူဖြူလေးများရှိသည့် ကလေးငယ်နှစ်ဦးသည် တင်ပျဉ်ခွေထိုင်နေကြပြီး သူတို့၏ မျက်နှာပေါ်တွင် အပြုံးလေးများ သမ်းနေကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသကဲ့သို့ အလွန်ပင် အသက်ဝင်လှပေသည်။

လူသစ်သီးကို မြင်လိုက်ရခြင်းက အစပိုင်းတွင် ထန်ဆရာတော်ကို ထိတ်လန့်သွားစေခဲ့ကြောင်း မူရင်းဇာတ်လမ်းအရ သူ ကြိုတင်သိရှိထားပြီး ဖြစ်သော်လည်း ကိုယ်တိုင်ကိုယ်ကျ မျက်မြင်တွေ့လိုက်ရသောအခါ ကျန်းလျိုမှာ အနည်းငယ်တော့ တုန်လှုပ်သွားခဲ့ရသေးသည်။

အပြင်ပန်း အသွင်အပြင်အရ ဤလူသစ်သီး နှစ်လုံးသည် အသက်ရှင်နေသော ကလေးငယ်များနှင့် တကယ်ကို တူလွန်းနေပေသည်။

"ဒီလို ဧည့်ခံပြုစုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ..."

သေချာသည်က ကျန်းလျိုသည် မူရင်းဇာတ်လမ်းထဲမှ ထန်ဆရာတော် မဟုတ်ပေ။ အသက်ရှည်စေနိုင်သော သစ်သီးကို စားရမည့် အခွင့်အရေးနှင့် ရင်ဆိုင်ရချိန်တွင် သူက မည်သို့လုပ် ငြင်းပယ်နိုင်မည်နည်း။ သူသည် ခေါင်းညိတ်လိုက်ပြီး သစ်သီးတစ်လုံးကို ကောက်ယူလိုက်၏။

ကျန်းလျို၏ အကြည့်တို့က လူသစ်သီးပေါ်သို့ ကျရောက်သွားသည်နှင့် တစ်ပြိုင်နက် သက်ဆိုင်ရာ ဂုဏ်သတ္တိ အချက်အလက်များသည်လည်း သူ၏ ရှေ့တွင် ပေါ်လာခဲ့လေသည်။

လူသစ်သီး (စားသုံးရန်) - ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်အမြစ်မှ စုစည်းဖြစ်တည်လာသော သစ်သီးဖြစ်ပြီး စားသုံးလိုက်ပါက ခြင်ဆီကို ပြောင်းလဲပေးနိုင်ကာ ကိုယ်ကာယ ကြံ့ခိုင်မှုကို တိုးတက်ကောင်းမွန်စေသည်။ ၎င်း၏ အနံ့ကို ရှူရှိုက်ရုံဖြင့် အသက် သုံးရာခြောက်ဆယ် ရှည်စေနိုင်ပြီး တစ်လုံး စားသုံးပါက သက်တမ်းကို နှစ်ပေါင်း လေးသောင်းခုနစ်ထောင် တိုးစေနိုင်သည်။

"တကယ့်ကို အံ့မခန်းစရာပါလား..."

လူသစ်သီး၏ ဂုဏ်သတ္တိ အချက်အလက်များကို မြင်လိုက်ရသောအခါ ကျန်းလျို၏ မျက်လုံးများ အရောင်လက်သွားခဲ့ပြီး စိတ်ထဲမှ တိတ်တဆိတ် ချီးကျူးရေရွတ်လိုက်မိသည်။

သူသည် စကားများများစားစား ဆိုမနေတော့ဘဲ လူသစ်သီးကို တစ်ကိုက် ကိုက်စားလိုက်၏။ ကြွပ်ရွပြီး ချိုမြိန်လှသော အသားသည် ပြောမပြတတ်အောင်ပင် လန်းဆန်းသွားစေ၏။ သူသည် သစ်သီးကို အကိုက်အနည်းငယ်ဖြင့်ပင် အကုန်စားပစ်လိုက်တော့သည်။

အေးမြသော ခံစားမှုတစ်ခုသည် သူ၏ ခြေလက်အင်္ဂါများအနှံ့ ပြန့်နှံ့သွားခဲ့ပြီး ကျန်းလျိုသည် အချိန်ကြာမြင့်စွာ ပင်ပန်းနွမ်းနယ်နေပြီးနောက် ရုတ်တရက် ရေနွေးနွေးလေးဖြင့် ရေချိုးလိုက်ရသကဲ့သို့ လန်းဆန်းတက်ကြွသွားသည်ဟု ခံစားလိုက်ရသည်။ သူ၏ တစ်ကိုယ်လုံးသည် အပြည့်အဝ ပေါ့ပါးလန်းဆန်းသွားပြီး သက်သောင့်သက်သာ ဖြစ်သွားခဲ့လေသည်။

၎င်းသည် အသက်ရှည်ခြင်း တစ်ခုတည်းကြောင့် မဟုတ်ဘဲ လူသစ်သီး၏ ခြင်ဆီကို ပြောင်းလဲပေးခြင်း အာနိသင်ကြောင့်လည်း ဖြစ်ရပေမည်။

"တစ်လုံး စားပြီးတာနဲ့တင် ဗိုက်တစ်ဝက်လောက် ဝသွားပြီပဲ... ကျန်တဲ့တစ်လုံးကို နောက်မှစားဖို့ သိမ်းထားလိုက်တော့မယ်..."

ဒုတိယတစ်လုံးကို ဆက်စားရန် မလောတော့ဘဲ ကျန်းလျိုက ပြောလိုက်ရင်း ကျန်ရှိနေသော လူသစ်သီးကို သူ၏ သိုလှောင်ခန်းထဲသို့ သိမ်းဆည်းလိုက်လေသည်။

"ဒါက..."

ကျန်းလျိုက တစ်လုံးကိုစားပြီး အခြားတစ်လုံးကို သိမ်းဆည်းလိုက်သည်ကို မြင်သောအခါ ချင်းဖုန်းနှင့် မင်ယွဲ့တို့သည် အချင်းချင်း မျက်လုံးချင်း ဖလှယ်လိုက်ကြပြီး အနည်းငယ် စိုးရိမ်မကင်း ဖြစ်သွားကြ၏။

သို့သော်လည်း သူတို့သည် ဘာပြောရမှန်း အသေအချာ မသိခဲ့ကြပေ။

သစ်သီးနှစ်လုံးကို သူတစ်ပါးအား ကျွေးမွေးရန် ထုတ်ပေးပြီးမှတော့ ထိုသူက မည်သို့ အသုံးပြုမည်ကို ရွေးချယ်ခြင်းသည် သူ့သဘောသာ ဖြစ်သည် မဟုတ်ပါလော။

"ထွီ... ထွီ..."

အခြားတစ်ဖက်တွင်မူ စွန်ဝူခုန်းနှင့် သူ၏အဖွဲ့သည် ဝူကျွမ်ကျောင်းတော်၏ ထမင်းစားဆောင်တွင် ပြင်ဆင်ထားသော အစားအစာများကို အလျင်အမြန် မြင်တွေ့ခဲ့ကြရသည်။ သို့သော်လည်း နှစ်လုတ် သုံးလုတ်ခန့် စားပြီးနောက်တွင် စွန်ဝူခုန်းသည် ပါးစပ်ထဲမှ အစားအစာများကို ပြန်ထွေးထုတ်ပစ်လိုက်လေသည်။

"သူတို့ ပြင်ဆင်ပေးထားတဲ့ အစားအစာဆိုတာ ဒါတွေလား... ဝက်စာနဲ့ ဘာမှမကွာဘူး မဟုတ်လား... ဟင်းတွေကလည်း ငန်လိုက်တာ... ပြီးတော့ ထမင်းကလည်း မကျက်သေးဘူးလေ..."

စွန်ဝူခုန်းက မကျေမနပ်ဖြစ်ကာ သွားဖြီးရင်း ညည်းညူလိုက်၏။

"အစ်ကိုကြီးမျောက်... အဲဒီနေရာမှာတော့ ခင်ဗျားကို ကျုပ် ပြင်ပေးရလိမ့်မယ်... ဒီလို အစားအစာမျိုးဆို ဝက်တွေတောင် စားမှာ မဟုတ်ဘူးဗျ..."

ကျူးပါကျဲသည်လည်း သူ၏ ပါးစပ်ထဲမှ အစားအစာများကို အေးအေးဆေးဆေးပင် ပြန်ထွေးထုတ်လိုက်ရင်း မှတ်ချက်ချလိုက်လေသည်။

***

အပိုင်း(၂၆၄)

မှောင်ရီပျိုး၍ ကောင်းကင်ကြီး လုံးဝမှောင်မိုက်သွားသောအခါ တာအိုကျောင်းတော်မှ ကလေးငယ်နှစ်ဦးဖြစ်သော ချင်းဖုန်းနှင့် မင်ယွဲတို့သည် ကျန်းလျို အနားယူရန် အခန်းတစ်ခန်းကို ပြင်ဆင်ပေးပြီးနောက် ထွက်ခွာသွားကြလေသည်။

"ဘယ်လောက်တောင် အဖိုးတန်လိုက်တဲ့ ရတနာလဲ… ဒါ တကယ့်ကို အံ့မခန်း ရတနာပါလား..."

ကျန်းလျိုသည် ကုတင်ပေါ်တွင် တစ်ယောက်တည်း ထိုင်နေရင်း လူသစ်သီးကို ထပ်ထုတ်လိုက်ကာ ရင်ထဲတွင် အလွန်ဝမ်းသာပီတိဖြစ်စွာဖြင့် စိုက်ကြည့်နေလေသည်။

လူသစ်သီးကို လက်ထဲတွင် ကိုင်ထားရင်း တွေးမိသည်မှာ သာမန်လူတစ်ယောက်အနေဖြင့် ၎င်းကို အနံ့ခံလိုက်ရုံမျှဖြင့် အသက် ၃၆၀ နှစ်တိုင်တိုင် အသက်ရှည်နိုင်မည်ဖြစ်ရာ တကယ့်ကို မယုံနိုင်စရာကောင်းလှသော ရတနာပင် ဖြစ်ပေသည်။

ထို့အပြင် အသက်ကို နှစ်ပေါင်း လေးသောင်းကျော်အထိ တိုးမြှင့်ပေးနိုင်သည်ဟူသော အသိက မည်သူ့ကိုမဆို ရင်ခုန်မြန်လာစေရန် လုံလောက်ပေသည်။

သူ့အနေဖြင့် တစ်လုံးကို စားသုံးပြီးပြီဖြစ်သောကြောင့် နတ် သို့မဟုတ် ဘုရား မဖြစ်နိုင်လျှင်တောင်မှ နတ်ဘုရားများနှင့် သိပ်မကွာတော့ပြီ မဟုတ်ပါလော။

ထန်ဆရာတော် တစ်ပါးအနေဖြင့် သူ၏ အသားတစ်တစ်ကလည်း အသက်ရှည်စေနိုင်သည့် အာနိသင်ရှိသည်မှာ မှန်သော်လည်း သူကိုယ်သူ ပြန်စား၍ မရနိုင်ပါချေ။

"ဒီလူသစ်သီးက အသက်ရှည်စေတာအပြင် ရိုးတွင်းခြင်ဆီကို ပြောင်းလဲပေးနိုင်တဲ့ စွမ်းရည်လည်း ရှိသေးတယ်ထင်တယ်… အဲဒါက ဘယ်လိုများ အလုပ်လုပ်တာလဲ မသိဘူး..."

အသက်ရှည်ခြင်းကိစ္စနှင့် နှိုင်းယှဉ်လိုက်လျှင် ကျန်းလျိုသည် လူသစ်သီး၏ အခြားသော အာနိသင်ကို ပို၍ စပ်စုချင်စိတ် ဖြစ်ပေါ်နေလေသည်။

သူက အောက်သို့ငုံ့ကြည့်လိုက်ကာ တိတ်တဆိတ် တွေးလိုက်လေသည်။

"ဇာတ်ကောင် အချက်အလက်..."

အမည် - ကျန်းလျို (အပြာရောင်)

ကျား/မ - ကျား

အသက်မွေးဝမ်းကျောင်း - ကရုဏာရှင် ဗောဓိသတ်

အဆင့် - ၃၁ (၈၆၅၀၀/၇၀၀၀၀၀)

ပစ္စည်းကိရိယာများ - ...

"ဟင်..."

မိမိ၏ ဇာတ်ကောင်အချက်အလက်ကို ကြည့်လိုက်ရာ မည်သည့်အပြောင်းအလဲမျှ မရှိပုံပေါ်သော်လည်း အမည်မှာမူ သာမန်အဖြူရောင်မှ အထက်တန်းအဆင့်ဖြစ်သော အပြာရောင်သို့ ပြောင်းလဲသွားကြောင်းကို သူ အထင်အရှား သတိပြုမိလိုက်လေသည်။

အပြာရောင်ပြောင်းသွားခြင်း၏ တိကျသော အကျိုးသက်ရောက်မှုကို သူ မသိသော်လည်း မည်သို့ပင်ဆိုစေကာမူ ကောင်းမွန်သော တိုးတက်မှုတစ်ခုတော့ ဖြစ်နိုင်သည် မဟုတ်ပါလော။

"ဝူခုန်းတို့တွေ စားနေကြပြီလား မသိဘူး... လူသစ်သီး တစ်လုံးစားပြီးတာနဲ့ ဗိုက်က တစ်ဝက်လောက် ပြည့်နေပြီဆိုတော့ ငါ သွားစားဖို့ မလိုတော့ပါဘူးလေ..."

ဇာတ်ကောင်အချက်အလက်များကို စစ်ဆေးပြီးနောက် ကျန်းလျိုသည် ခေါင်းခါလိုက်ကာ သူ၏ ကျင့်စဉ်ကို မဆိုင်းမတွပင် ဆက်လက်ကျင့်ကြံလေတော့သည်။

တင်ပျဉ်ခွေထိုင်လိုက်ရင်း ကောင်းကင်နဂါး ဓမ္မတေးသံ ကျင့်စဉ်ကို သူ ထပ်မံကျင့်ကြံလိုက်လေသည်။ သူ၏ ကျင့်ကြံခြင်းစွမ်းအင်များက ခန္ဓာကိုယ်တွင်း၌ နိုးကြားလာပြီး ဖြည်းညှင်းစွာ လှည့်ပတ်သွားသည်။ ထိုစဉ် စနစ်၏ အသိပေးသံများက ကျန်းလျို၏ စိတ်ထဲတွင် ဆက်တိုက်ဆိုသလို ထွက်ပေါ်လာလေသည်။

ဒင် - အတွေ့အကြုံမှတ် ၆ မှတ် ရရှိပါသည်။

ဒင် - အတွေ့အကြုံမှတ် ၆ မှတ် ရရှိပါသည်။

ဒင် - အတွေ့အကြုံမှတ် ၆ မှတ် ရရှိပါသည်။

...

စနစ်၏ အသိပေးသံများ စိတ်ထဲတွင် မရပ်မနား မြည်ဟည်းနေစဉ် ကျန်းလျိုသည် မျက်လုံးများကို ပွင့်လာလေသည်။ တစ်ခုခုက မှားယွင်းနေသလို ရှိသော်လည်း တစ်ချိန်တည်းမှာပင် မမှားယွင်းသလိုမျိုးလည်း ခံစားနေရသည်။ သို့မဟုတ် တကယ်ပဲ တစ်ခုခု မှားနေသလော။

"နေပါဦး… နောက်ဆုံး အသိပေးချက်က ဘာကြီးလဲ… အတွေ့အကြုံမှတ် ၆ မှတ် ဟုတ်လား...”

ကောင်းကင်နဂါး ဓမ္မတေးသံ စတုတ္ထအဆင့်၏ တစ်ကြိမ်ကျင့်ကြံမှုတိုင်းမှ ရရှိသည့် အတွေ့အကြုံမှတ်သည် ၄ မှတ် မဟုတ်ပါလော။ ယခု အဘယ်ကြောင့် ၆ မှတ်သို့ တိုးလာရသနည်း။

ကောင်းကင်နဂါး ဓမ္မတေးသံ (စတုတ္ထအဆင့် ၁+၂+၂+၂) - ပါးစပ်မှ နဂါးဟိန်းသံကဲ့သို့ ထွက်ပေါ်လာပြီး အနီးနားရှိ ပစ်မှတ်အားလုံးကို နောက်သို့ တွန်းထုတ်နိုင်စွမ်းရှိသည်၊ တိုက်ခိုက်ရေးစွမ်းအား +၁၂၅၀၊ ပြန်လည်အသုံးပြုရန် စောင့်ဆိုင်းချိန် ၃၀၀ စက္ကန့်။ သာမန် ကျင့်ကြံခြင်း အခြေအနေတွင် ၁၀ စက္ကန့်လျှင် အတွေ့အကြုံမှတ် ၄ (+၂) မှတ် ရရှိမည်ဖြစ်ပြီး နောက်တစ်ဆင့်သို့ မြှင့်တင်ရန် အဆင့် ၄၁ လိုအပ်သည်။

ကျွမ်းကျင်မှုစာရင်းကို စစ်ဆေးကြည့်လိုက်သောအခါ တကယ်ပင် သူ၏ ကောင်းကင်နဂါး ဓမ္မတေးသံ စွမ်းရည်တွင် အပြောင်းအလဲသစ်တစ်ခု ရှိနေလေသည်။

တိုက်ခိုက်ရေးစွမ်းအားတွင် တိုးတက်လာခြင်းမရှိသော်လည်း အတွေ့အကြုံမှတ် ရရှိမှုမှာမူ ၄ မှတ်မှ ၆ မှတ်သို့ တကယ်ပင် တိုးလာခဲ့လေသည်။

"ရိုးတွင်းခြင်ဆီ ပြောင်းလဲတယ်ဆိုတာ ရိုးရိုးလေးပြောရရင် လူတစ်ယောက်ရဲ့ ပါရမီကို မြှင့်တင်ပေးတာမလား… ဒါဆို ငါ့ရဲ့ပါရမီ တိုးတက်လာတာနဲ့အမျှ ကောင်းကင်နဂါး ဓမ္မတေးသံ ကျင့်ကြံတဲ့နေရာမှာ ပိုပြီးထိရောက်လာလို့ အတွေ့အကြုံမှတ်တွေ ပိုမြန်မြန်ရလာတာများလား..."

သူ၏ စွမ်းရည် အပြောင်းအလဲကို မြင်လိုက်ရသောအခါ ကျန်းလျိုသည် သူ့ဘာသာ တီးတိုးရေရွတ်လိုက်လေသည်။

ဤတိုးတက်မှုက သူ၏ ရင်ထဲတွင် ဝမ်းသာပီတိများဖြင့် ပြည့်လျှံသွားစေသည်။

အဆင့်တက်ရန် မိစ္ဆာများကို သတ်ဖြတ်ခြင်းက ကျင့်ကြံခြင်းထက် အတွေ့အကြုံမှတ်များကို ပို၍ မြန်ဆန်စွာ ရရှိစေသော်လည်း တိုက်ခိုက်ရန် မိစ္ဆာများက အမြဲတမ်း ရှိနေသည်တော့ မဟုတ်ပေ။ မည်သို့ပင်ဆိုစေ ဤကမ္ဘာကြီးသည် သူ့အတွက် သတ်ဖြတ်ရန် မိစ္ဆာများ အဆုံးမရှိ ပြန်လည်ထွက်ပေါ်လာမည့် ဂိမ်းတစ်ခု မဟုတ်ပါချေ။

ထို့ကြောင့် ကျန်းလျိုအတွက် အတွေ့အကြုံမှတ်များ ရရှိရန် အကြိမ်အများဆုံး လုပ်ဆောင်ရသည့် နည်းလမ်းမှာ သူ၏ ကိုယ်ပိုင် တရားထိုင်ခြင်းနှင့် ကျင့်ကြံခြင်းပင် ဖြစ်လေသည်။

ယခုအခါ သူ၏ ကောင်းကင်နဂါး ဓမ္မတေးသံ ကျင့်စဉ်သည် အတွေ့အကြုံမှတ်များကို ပိုမိုမြန်ဆန်သော နှုန်းထားဖြင့် ရရှိနေပြီဖြစ်ရာ ၎င်းက သူ၏ လက်ရှိနှင့် အနာဂတ် ကျင့်ကြံခြင်းများတွင် ပို၍ မြန်ဆန်စွာ တိုးတက်လာစေမည်ဟု ဆိုလိုသည် မဟုတ်ပါလော။

"ဒီလူသစ်သီးက တကယ့်ကို နာမည်ကျော် ဝိညာဉ်သစ်သီးပါပဲလား..."

လူသစ်သီး တစ်လုံးစားလိုက်ရုံဖြင့် အကျိုးသက်ရောက်မှုက ရာဇဝင်လာ အရည်အသွေးရှိသော ပစ္စည်းကိရိယာ အများအပြားကို ရရှိခြင်းထက်ပင် သာလွန်နေသောကြောင့် ကျန်းလျိုမှာ အလွန်အမင်း စိတ်လှုပ်ရှားနေလေသည်။ တကယ်တမ်းတွင် အကောင်းဆုံး ရတနာများသည် အမြဲတမ်း ဩဇာတိက္ကမကြီးမားသူများ၏ လက်ထဲတွင်သာ ရှိနေတတ်ပေသည်။

"ဟင်… ဘာလို့ ရန်ဖြစ်နေတဲ့ အသံတွေ ကြားနေရတာလဲ..."

ကျန်းလျိုတစ်ယောက် စိတ်ထဲတွင် ကြည်နူးပျော်ရွှင်နေစဉ်မှာပင် ရုတ်တရက် အဝေးမှ ရန်ဖြစ်နေသည့် အသံအချို့ကို ကြားလိုက်ရသဖြင့် သူ၏ ရင်ထဲတွင် ထိတ်လန့်သွားလေသည်။

‘နေပါဦး... လူသစ်သီးကို စားပြီးတာနဲ့ ပြဿနာ ပေါ်လာပြီလား...’

"သူတစ်ပါး၏ အစားအစာကို စားသုံးသူသည် ထိုသူ၏ ကျေးဇူးကို တင်သွားသည်" ဟူသော စကားတွင် အဓိပ္ပာယ် တစ်ခု ပါဝင်သည် မဟုတ်ပါလော…။

ထို့အပြင် အကယ်၍ အငြင်းပွားမှုတစ်ခု ဖြစ်ပွားခဲ့မည်ဆိုလျှင် ၎င်းက ကွမ်းယင်၏ စမ်းသပ်မှု ရှစ်ဆယ့်တစ်ပါး ဖန်တီးရန် ရည်ရွယ်ချက်နှင့် ကိုက်ညီပြီး နောက်ထပ် ဘေးဒုက္ခတစ်ခု ဖြစ်လာနိုင်ပါသလော…။

ကိုယ်ရေးကိုယ်တာအရဖြစ်စေ အများအမြင်အရဖြစ်စေ ဤသည်မှာ ကောင်းမွန်သော အခြေအနေတစ်ခု မဟုတ်သောကြောင့် ကျန်းလျိုသည် ဆက်လက်ကျင့်ကြံရန် အလျင်မလိုတော့ဘဲ ကမန်းကတန်း အပြင်သို့ ထွက်ခွာသွားလေသည်။

တကယ်တမ်းတွင် ဝူကျွမ်းကျောင်းတော်၏ ထမင်းစားဆောင်၌ စွန်းဝူခုန်းနှင့် အခြားသူများသည် ချင်းဖုန်း၊ မင်ယွဲတို့နှင့် အငြင်းပွားနေကြခြင်း ဖြစ်လေသည်။

"မင်းလို မျောက်ကတော့ တော်တော်ကို အကြောင်းမသင့်တဲ့ ကောင်ပဲ… ငါတို့က မင်းတို့ကို စေတနာနဲ့ တည်းခိုခွင့်ပေးပြီး သက်သတ်လွတ် ဟင်းလျာတွေတောင် ချက်ကျွေးသေးတယ်… ကျေးဇူးမတင်တဲ့အပြင် ငါတို့ရဲ့ အစားအစာတွေကိုတောင် စားမကောင်းဘူးလို့ ဝေဖန်ရဲသေးတယ်ပေါ့… အသိဉာဏ်မရှိတဲ့ ကောင်..."

ဒေါသကြီးသော တာအိုကျောင်းသားလေး ချင်းဖုန်းက စွန်းဝူခုန်းကို အော်ဟစ်လိုက်လေသည်။

"မင်းပြောတာက ရယ်စရာတော့ ကောင်းနေပြီနော်… မင်းတို့ချက်တဲ့ အစားအစာက အရသာမရှိရင် ငါတို့က ပြောခွင့်မရှိဘူးလား… ဟင်းတွေက ဆားပုလင်း တစ်ဝက်လောက် လောင်းထည့်ထားသလို ငန်ကျိနေပြီးတော့ ထမင်းကလည်း နပ်တောင် မနပ်ဘူးလေ… ဒါကို ငါတို့က မပြောရဘူးလား..."

စွန်းဝူခုန်းကလည်း အလိုမကျစွာဖြင့် သွားဖြဲပြကာ ပြန်ပြောလိုက်လေသည်။

"အစားအစာက မင်းတို့ အကြိုက်မဟုတ်ဘူးဆိုရင်တောင် ငါတို့ရဲ့ စေတနာနဲ့ ပြင်ဆင်ပေးထားတာပဲလေ… မင်းတို့က ဘယ်လိုလုပ်ပြီး ဒီလိုမျိုး ပြုမူရက်ရတာလဲ..."

စွန်းဝူခုန်း၏ စကားကို ကြားသောအခါ ချင်းဖုန်းသည် အနည်းငယ် ရှက်ရွံ့သွားဟန် ရှိလေသည်။

တကယ်တော့ သူသည် ထိုသုံးယောက်ကို ခဏတာ ဖယ်ရှားပစ်ရန် ဤဆင်ခြေကို အသုံးပြုဖို့သာ စဉ်းစားခဲ့ခြင်းဖြစ်သဖြင့် ပြင်ဆင်ထားသော အစားအစာများမှာ အနည်းငယ် ကြမ်းတမ်းပြီး မကောင်းမွန်ခဲ့ပေ။ သို့သော် နှစ်ပေါင်းများစွာ ကြာပြီးနောက် သူ ချက်ပြုတ်ဖူးသည်မှာ ဤသည်က ပထမဆုံးအကြိမ် ဖြစ်ပေသည်။ ဤမျှဆိုလျှင်ပင် သူတို့ကို မျက်နှာသာ ပေးလွန်းရာ မကျပေဘူးလော။

"ဟုတ်တယ်… စားမကောင်းဘူးဆိုရင် မစားဘဲနေလိုက်ပေါ့… မင်းတို့က ဘယ်လို အစားအစာမျိုး ချက်နိုင်လဲဆိုတာ ငါသိချင်သေးတယ်… မင်းလို မျောက်က ဟင်းချက်ဖို့ဆိုတာ လုံးဝ တတ်မှာမဟုတ်ဘူးမလား..."

မင်ယွဲက ဝင်ပြောကာ ချင်းဖုန်းကို ထောက်ခံလိုက်လေသည်။

"ဟွန့်… ငါ စွန်းဝူခုန်းက ဟင်းမချက်တတ်ပေမယ့် ငါ့ဆရာတော်ကတော့ တတ်တယ်… ပြီးတော့ သူ့ရဲ့ ဟင်းချက်လက်ရာက ဘုံသုံးပါးနဲ့ ပကတိခြောက်ပါးလုံးမှာ အကောင်းဆုံးပဲ… မင်းတို့ တစ်သက်လုံး ဒီလိုအရသာမျိုး ဘယ်တော့မှ မြည်းစမ်းဖူးမှာ မဟုတ်ဘူးလို့ ငါ အာမခံရဲတယ်..."

စွန်းဝူခုန်းသည် စားပွဲပေါ်သို့ ခုန်တက်ကာ ခါးထောက်လျက် ဂုဏ်ယူဝင့်ကြွားစွာ ကြွားလုံးထုတ်လိုက်လေသည်။

"ငါက အသက် တစ်ထောင့်သုံးရာကျော်တောင် နေလာခဲ့တာ… ဘယ်လို အစားအစာမျိုးကို မစားဖူးလို့လဲ… မင်းရဲ့ ကြွားလုံးတွေက ရူးကြောင်ကြောင်နိုင်လွန်းတယ်..."

ချင်းဖုန်းက လှောင်ပြောင်ကာ ခနဲ့တဲ့တဲ့ ပြန်ပြောလိုက်လေသည်။

"ကဲပါ... မင်းတို့ဘာသာမင်းတို့ ရန်ဖြစ်ရင်ဖြစ်ကြပေါ့… ဘာလို့ ငါ့ကိုပါ ဆွဲသွင်းနေကြတာလဲ..."

စွန်းဝူခုန်း၊ ချင်းဖုန်းနှင့် မင်ယွဲတို့၏ အငြင်းပွားသံများကို ကြားသောအခါ ကျန်းလျို၏ နှုတ်ခမ်းများက အနည်းငယ် တွန့်ကွေးသွားလေသည်။

ကျန်းယွမ် ဆရာတော်ကြီးသည် သူတို့လာမည်ကို သိပါလျက်နှင့် ယွမ်ရှီကောင်းကင်အရှင်သခင်နှင့် ကျင့်စဉ်အကြောင်း သွားရောက်ဆွေးနွေးနေလေသည်။ သူ၏ တပည့်လေးဆယ့်ရှစ်ယောက်အနက်မှ ဒေါသကြီးသော ချင်းဖုန်းနှင့် မင်ယွဲတို့ကိုသာ သူ့အား ဧည့်ခံရန် ချန်ထားခဲ့သည်။

ဤသည်မှာ ကျန်းယွမ်ဆရာကြီးက တမင်တကာ ပြဿနာရှာနေခြင်း ဖြစ်သည်မှာ ထင်ရှားနေသည် မဟုတ်ပါလော။

စွန်းဝူခုန်းကလည်း ဒေါသအလွန်ကြီးသူဖြစ်ရာ စိတ်တိုတတ်သော ချင်းဖုန်း၊ မင်ယွဲတို့နှင့် တွေ့သောအခါ ကောင်းကင်မိုးကြိုးနှင့် မြေပြင်မီးတောက် ဆုံတွေ့သကဲ့သို့ ပေါက်ကွဲလွယ်လွန်းလှပြီး မီးပွားလေး တစ်ချက်ပွင့်လိုက်ရုံဖြင့် လောင်ကျွမ်းသွားရန် အဆင်သင့် ဖြစ်နေလေတော့သည်။

***

All Chapters