အခန်း (၂၆၅-၂၆၆)
Vol. 19 Ch. 265-266
အပိုင်း(၂၆၅)
"ဆရာတော်... သူတို့ရဲ့ အစားအစာတွေက တကယ်ကို စားမကောင်းပါဘူး… ကျွန်တော်တို့ဘာသာပဲ ချက်စားရအောင်လား..."
လုံလောက်အောင် ငြင်းခုံပြီးနောက် စွန်းဝူခုန်းသည် ကျန်းလျိုဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။
"ဟုတ်တယ် ဆရာတော်... ကျွန်တော် ဝက်ကြီးက ဗိုက်တောင် မဝသေးဘူး… ကြည့်ပါဦး ဆရာ့ တပည့်ကြီး ဘယ်လောက်တောင် ပိန်သွားပြီလဲဆိုတာကို..."
ကျူးပါကျဲကလည်း ဤစကားကို ကြားသောအခါ သဘောတူစွာဖြင့် ခေါင်းညိတ်ပြရင်း ကျန်းလျိုကို ပြောလိုက်လေသည်။
"ဟွန့်... ဘုံသုံးပါးနဲ့ ပကတိခြောက်ပါးမှာ အကောင်းဆုံးဆိုတဲ့ ဟင်းလျာတွေက ဘယ်လိုပုံစံရှိလဲဆိုတာ ငါ တကယ်ကြည့်ချင်သေးတယ်… ဒါမှမဟုတ် မင်းကလေကျယ်ပြီး ကြွားလုံးထုတ်နေတာလား..."
ချင်းဖုန်းနှင့် မင်ယွဲတို့က ဤစကားကို ကြားသောအခါ သံသယဝင်နေကြလေသည်။
စွန်းဝူခုန်းသည် ဝူကျွမ်းကျောင်းတော်၏ ဂုဏ်သိက္ခာကို ချိုးနှိမ်ပြရန်အတွက် သူတို့၏ ဆရာတော်ကို ဟင်းချက်စေချင်ပြီး ကျူးပါကျဲမှာမူ ဗိုက်ဆာနေ၍ ဆရာတော်၏ လက်ရာကို စားချင်ရုံသက်သက် ဖြစ်တန်ကောင်းပေသည်။ ချင်းဖုန်းနှင့် မင်ယွဲတို့အတွက်မူ သံသယဝင်နေကြခြင်း ဖြစ်ပေသည်။
လူတိုင်း၏ သဘောထားက မည်သို့ပင်ရှိစေကာမူ သူတို့အားလုံးက ကျန်းလျို ချက်ပြုတ်မည်ကို စောင့်ဆိုင်းရင်း သူ့ကိုသာ ဝိုင်းကြည့်နေကြလေသည်။
ခဏတာမျှ တုံ့ဆိုင်းသွားပြီးနောက် ကျန်းလျိုသည် သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်လေသည်။
သူတို့ကြားရှိ အတားအဆီးများကို ဖယ်ရှားကာ အငြင်းပွားမှုများကို ရပ်တန့်စေနိုင်မည့် နည်းလမ်းတစ်ခု ရှိမည်ဆိုလျှင် ဟင်းတစ်နပ် ချက်ပြုတ်ခြင်းက ရွေးချယ်မှုကောင်းတစ်ခု ဖြစ်နိုင်သည် မဟုတ်ပါလော။
တကယ်တမ်းတွင် သူ၏ ယခင်ဘဝ၌ ထမင်းစားပွဲ ယဉ်ကျေးမှုသည် အမြင့်မားဆုံးအဆင့်အထိ ရောက်ရှိနေခဲ့ပြီးဖြစ်သည်။
ထမင်းစားပွဲသည် ဆက်ဆံရေးများကို တည်ဆောက်ရန်အတွက် ကောင်းမွန်သော နည်းလမ်းတစ်ခု ဖြစ်နိုင်သောကြောင့်ပင် ယခင်ဘဝက လူများသည် ကိစ္စရပ်များကို ဖြေရှင်းရန်အတွက် အခြားသူများကို အပြင်တွင် အမြဲတမ်း ထမင်းဖိတ်ကျွေးလေ့ ရှိကြခြင်းဖြစ်ပေသည်။
"ကောင်းပြီလေ... အားလုံးပဲ ဗိုက်မဝသေးဘူးဆိုတော့ ဒီနေ့ ဟော့ပေါ့ တစ်အိုးလောက် ဆက်စားကြတာပေါ့..."
ကျန်းလျိုသည် ခဏမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်လေသည်။
၎င်းက သူ၏ ပါရမီများ တိုးတက်လာမှုနှင့် ကောင်းကင်နဂါး ဓမ္မတေးသံမှ အတွေ့အကြုံမှတ်များ ပိုမိုရရှိလာခြင်းအတွက် အောင်ပွဲခံခြင်း တစ်ခုလည်း ဖြစ်လေသည်။
"ကောင်းလိုက်တာ..."
ကျန်းလျို၏ ဟော့ပေါ့စားမည့် အကြံပြုချက်ကို ကြားသောအခါ စွန်းဝူခုန်းနှင့် အခြားသူများက ဝမ်းသာအားရဖြင့် ခေါင်းညိတ် သဘောတူလိုက်ကြလေသည်။
မကြာမီမှာပင် ပါဝင်ပစ္စည်းများကို နေရာချထားပြီးနောက် တပည့်များသည် ကျွမ်းကျင်သူများကဲ့သို့ အလုပ်ရှုပ်သွားကြကာ အချိန်တိုအတွင်းမှာပင် အသားများ၊ ဟင်းသီးဟင်းရွက်များနှင့် မှိုအမျိုးမျိုးကို ပြင်ဆင်လိုက်ကြလေသည်။
"ဒါက ဘယ်လို ဟင်းလျာမျိုးလဲ… အိုးထဲကို ရှုပ်ပွနေတဲ့ အရာတွေ အကုန်ပစ်ထည့်ပြီး ပြုတ်ထားတဲ့ပုံစံပဲ မဟုတ်ဘူးလား… ဝက်စာနဲ့တောင် တူနေသေးတယ်..."
ကျန်းလျိုက ဟော့ပေါ့ကို ပြင်ဆင်ပြီး ပါဝင်ပစ္စည်းများအားလုံးကို ဂရုမစိုက်ဘဲ အိုးထဲသို့ ပစ်ထည့်နေသည်ကို ကြည့်ရင်း ဤချက်ပြုတ်နည်းကို သံသယဝင်ကာ ချင်းဖုန်းနှင့် မင်ယွဲတို့က တိတ်တဆိတ် လှောင်ပြောင်နေကြလေသည်။
"တာအိုကျောင်းသားလေးတို့... မင်းတို့လည်း မစားရသေးဘူးမလား… လာလေ... အတူတူ စားကြရအောင်..."
ကျန်းလျိုက အနီးနားရှိ ချင်းဖုန်းနှင့် မင်ယွဲတို့ကို အတူစားရန် ဖိတ်ခေါ်လိုက်လေသည်။
"နေပါစေ... ဒီလို ဟင်းမျိုးက ကြည့်ရတာနဲ့တင် ရှုပ်ပွနေပြီး စားချင်စရာ မကောင်းဘူး..."
ချင်းဖုန်းက အိုးထဲရှိ ရှုပ်ထွေးနေသော အရာများကို တစ်ချက်ကြည့်ကာ ခေါင်းခါရင်း မထီမဲ့မြင် ပြောလိုက်လေသည်။
"ဟုတ်တယ်... ရှုပ်ပွနေတဲ့ ပုံစံက လုံးဝကို စားချင်စရာ မကောင်းဘူး..."
မင်ယွဲကလည်း အဆက်မပြတ် ခေါင်းညိတ်ကာ ဟော့ပေါ့ဆိုသည်မှာ အလွန်တရာ ကမောက်ကမနိုင်လှသည်ဟု တွေးတောနေလေသည်။
ပစ္စည်းမျိုးစုံကို ရောနှောမွှေနှောက်ထားသည်ဖြစ်ရာ ၎င်းက မည်သို့လုပ် စား၍ကောင်းနိုင်မည်နည်း။
"မြည်းသာ ကြည့်ကြည့်ပါ... အရသာမရှိရင်လည်း မစားနဲ့ပေါ့..."
ကျန်းလျိုက သူတို့ကို ဆက်လက် ဖိတ်ခေါ်လိုက်လေသည်။
ချင်းဖုန်းနှင့် မင်ယွဲတို့သည် ငြင်းဆန်လိုသေးသော်လည်း ထိုအချိန်မှာပင် အိုးက ဆူပွက်လာကာ ဟင်းရည်များ ပွက်ပွက်ဆူလာပြီး ထူးခြားသော မွှေးပျံ့သည့် ရနံ့တစ်ခုက လေထဲတွင် ပျံ့လွင့်လာလေတော့သည်။
ချင်းဖုန်းနှင့် မင်ယွဲတို့သည် နှာခေါင်းများကို အနည်းငယ် ရှုံ့လိုက်ကြလေသည်။
...
နံ့သာတိုင် တစ်တိုင်စာ လောင်ကျွမ်းချိန် ကြာပြီးနောက်...
တာအိုကျောင်းသားလေးများဖြစ်သော ချင်းဖုန်းနှင့် မင်ယွဲတို့သည် စွန်းဝူခုန်းနှင့် နောက်ထပ် ထိပ်တိုက်တွေ့မှုတစ်ခု ထပ်မံဖြစ်ပွားနေကြလေသည်။
သို့သော်လည်း ယခုတစ်ကြိမ် ထိပ်တိုက်တွေ့မှုသည် စကားများရန်ဖြစ်နေခြင်းမဟုတ်ဘဲ အိုးထဲရှိ အစားအစာများကို အလုအယက် စားသောက်နေကြခြင်းသာ ဖြစ်ပေသည်။
‘အရသာရှိလိုက်တာ...’
...
သုံးဆယ့်သုံးထပ် ကောင်းကင်ဘုံ၏ အလွန်တွင် ယွီရွှီနန်းတော် ရှိလေသည်။
ကျန်းယွမ်ဆရာကြီးနှင့် ယွမ်ရှီကောင်းကင်အရှင်သခင်တို့၏ ဆွေးနွေးမှု ပြီးဆုံးသွားပြီဖြစ်ရာ နှုတ်ဆက်ပြီးနောက် ကျန်းယွမ်ဆရာကြီးသည် ပြန်လည်ထွက်ခွာရန် ပြင်ဆင်လေသည်။
သို့ရာတွင် ကျန်းယွမ်ဆရာကြီးသည် ဝူကျွမ်းကျောင်းတော်၏ လက်ရှိအခြေအနေကို ရှင်းလင်းစွာ မသိရှိပေ။ ထို့ပြင် အနောက်အရပ်သို့ ကျမ်းစာပင့်ဆောင်သည့် ခရီးစဉ်သည် ကောင်းကင်ဘုံ၏ အလိုဆန္ဒကို ဖုံးကွယ်ထားသော ကြီးမားလှသည့် ဘေးအန္တရာယ်တစ်ခု ဖြစ်နေလေသည်။ သူ၏ နတ်ဘုရားစွမ်းရည်များဖြင့်ပင် ကျန်းယွမ်ဆရာကြီးသည် ဝူကျွမ်းကျောင်းတော်တွင် မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို ကြိုတင်မတွက်ချက်နိုင်ပါချေ။
သို့သော် အခြေအနေကို ကြိုတင်မတွက်ချက်နိုင်ခြင်းက ကျန်းယွမ်ဆရာကြီးတွင် အခြားသိရှိနိုင်မည့် နည်းလမ်းများ မရှိဟု မဆိုလိုပေ။
မည်သို့ပင်ဆိုစေကာမူ ဝူကျွမ်းကျောင်းတော်သည် သူ၏ ကိုယ်ပိုင် တာအိုကျင့်စဉ် နယ်မြေဖြစ်ရာ သူ မသိနိုင်သောအရာ ရှိပါမည်လော။
"အင်း... ချင်းဖုန်းနဲ့ မင်ယွဲ ကလေးနှစ်ယောက်က ငါ အလိုလိုက်ထားလို့ နည်းနည်း ဆိုးနေတယ်… ဟိုစွန်းဝူခုန်းကလည်း ဘာကိုမှ ကြောက်တတ်တဲ့ကောင် မဟုတ်ဘူး..."
ကျန်းယွမ်ဆရာကြီးက သူ့ဘာသာ တီးတိုးရေရွတ်လိုက်လေသည်။ ထို့နောက် သူက လက်ဝါးကို မြှောက်လိုက်ရာ လေထုထဲတွင် အလင်းလုံးတစ်ခု စုစည်းလာပြီး အတွင်းဘက်ရှိ မြင်ကွင်းကို ပြသသော မှန်တစ်ချပ်အဖြစ် ပြောင်းလဲသွားလေသည်။
"မင်းကများ... မျောက်ကောင်… ဒီနေ့ ငါ့ကို ရန်စနေတာလား..."
တာအိုကျောင်းသားလေး ချင်းဖုန်း၏ မျက်နှာသည် ဒေါသကြောင့် နီရဲနေပြီး သိသိသာသာကို စိတ်လှုပ်ရှားနေလေသည်။
"ဟီးဟီးဟီး... စစ်ပွဲမှာ လှည့်ကွက်ဆိုတာ ရှိရတယ်လေ..."
စွန်းဝူခုန်းက ကောက်ကျစ်စွာ ရယ်မောလိုက်ပြီး သူ၏ မျက်နှာတွင် ဂုဏ်ယူဝင့်ကြွားမှုများ ပြည့်နှက်နေလျက် ပြောလိုက်လေသည်။
"အစ်ကိုချင်းဖုန်း... မကြောက်နဲ့ ကျွန်တော် ကူညီမယ်..."
မင်ယွဲက ချင်းဖုန်း၏ ဘေးတွင် ခိုင်မာစွာ ရပ်လိုက်ပြီး ပြတ်သားသော မျက်နှာထားဖြင့် ပြောလိုက်လေသည်။
"မင်းတို့ တစ်ယောက်မှ မကူညီနဲ့… သူတို့ရဲ့ ဝူကျွမ်းကျောင်းတော်က ဘယ်လောက် စွမ်းတယ်ဆိုတာ ပြောထားတယ်မလား… ငါ စွန်းဝူခုန်းက သူတို့နှစ်ယောက်စလုံးကို တစ်ယောက်တည်း ဘယ်လိုအနိုင်ယူမလဲဆိုတာ စောင့်ကြည့်နေ..."
ပူးပေါင်းသွားကြသော ချင်းဖုန်းနှင့် မင်ယွဲတို့နှင့်မတူဘဲ စွန်းဝူခုန်းသည် အလွန် ယုံကြည်မှုရှိပုံရပြီး ဘေးနားရှိ ကျူးပါကျဲနှင့် ရှာဝူကျင်းတို့ကို ပြောလိုက်လေသည်။
...
"အင်း... တကယ်ပဲ သူတို့အချင်းချင်း စပြီး ချနေကြပြီလား..."
မှန်ထဲရှိ စွန်းဝူခုန်း၊ ချင်းဖုန်းနှင့် မင်ယွဲတို့ကြားမှ စကားပြောဆိုမှုများနှင့် တိုက်ခိုက်မှုများကို ကြည့်ရင်း အရာအားလုံးသည် သူ၏ အစီအစဉ်အတိုင်း ဖြစ်နေသည်ဟု ခံစားရကာ ကျန်းယွမ်ဆရာကြီးက တိတ်တဆိတ် ခေါင်းညိတ်လိုက်လေသည်။
သို့သော်လည်း မြင်ကွင်း ပြောင်းလဲသွားသောအခါ စွန်းဝူခုန်းနှင့် ချင်းဖုန်းတို့ အတိအကျ ဘာအတွက် တိုက်ခိုက်နေကြသည်ကို ကျန်းယွမ်ဆရာကြီး မကြာမီ မြင်တွေ့လိုက်ရလေသည်။
ချင်းဖုန်းသည် တူကိုကိုင်ထားပြီး ဟော့ပေါ့အိုးထဲမှ ကြာစွယ်ချပ်တစ်ချပ်ကို လျင်မြန်စွာ ကော်ယူလိုက်လေသည်။
သို့သော် စွန်းဝူခုန်းက ပို၍ပင် မြန်ဆန်လေသည်။ သူ၏ တူကိုင်တွယ်လှုပ်ရှားမှုများက အလွန်တရာ သွက်လက်နေပြီး ချင်းဖုန်း၏ တူကြားမှ ကြာစွယ်ချပ်ကို မျက်စိတစ်မှိတ်အတွင်း လုယူလိုက်လေသည်။
ချွမ်... ချွမ်... ချွမ်...
တူသံများ ဆူညံစွာ ထွက်ပေါ်လာလေသည်။
တူတစ်စုံဖြင့် စွန်းဝူခုန်းသည် ချင်းဖုန်းနှင့် မင်ယွဲတို့၏ တူနှစ်စုံကို ပြန်လည်ရင်ဆိုင်နေပြီး သူတို့၏ အပြန်အလှန် တိုက်ခိုက်မှုများက ပြင်းထန်လှပေသည်။ ဘေးနားမှ စောင့်ကြည့်နေကြသော ကျူးပါကျဲနှင့် အခြားသူများမှာမူ ဝင်ရောက်စွက်ဖက်ခြင်းမရှိဘဲ ဟော့ပေါ့အိုးထဲရှိ အစားအစာများကို အလုအယက် စားသောက်နေကြလေတော့သည်။
အချိန်တိုအတွင်းမှာပင် ကြာစွယ်သည် နှစ်ပိုင်းကျိုးသွားပြီး တစ်ယောက်တစ်ဝက်စီ ရသွားကြလေသည်။ ထို့နောက် စွန်းဝူခုန်းက အိုးထဲမှ ဘဲသွေးခဲတစ်ချပ်ကို ကော်ယူလိုက်ပြန်ရာ နောက်ထပ် လုယက်မှုတစ်ကြိမ် ထပ်မံဖြစ်ပွားရပြန်လေသည်။
အဆုံးတွင်တော့ စွန်းဝူခုန်းနှင့် ချင်းဖုန်းတို့သည် ဝင်တိုက်ရန် အသင့်ပြင်နေသော နွားသိုးနှစ်ကောင်ကဲ့သို့ တစ်ယောက်ကိုတစ်ယောက် စူးစူးဝါးဝါး စိုက်ကြည့်နေကြလေသည်။
သို့သော်လည်း ခဏအကြာတွင် စွန်းဝူခုန်းနှင့် ချင်းဖုန်းတို့သည် ရုတ်တရက် အသံထွက်ကာ ရယ်မောချလိုက်ကြလေသည်။
ထိုမြင်ကွင်းက ကျန်းလျိုနှင့် ကျူးပါကျဲတို့ကို အကြောင်သားဖြစ်သွားစေပြီး မည်သည့်အရာ ဖြစ်ပျက်သွားသည်ကို လုံးဝ နားမလည်နိုင်အောင် ဖြစ်သွားစေလေသည်။
"မင်းလို မျောက်ကောင်ရဲ့ လက်စွမ်းက တကယ်ကို ချီးကျူးစရာပဲဟ..."
တစ်ကြိမ် ယှဉ်ပြိုင်အပြီးတွင် အပြန်အလှန် လေးစားမှုမျိုး ရရှိသွားဟန်ဖြင့် ချင်းဖုန်းက စွန်းဝူခုန်းအား ပြောလိုက်လေသည်။
ချင်းဖုန်းသည် အတွေ့အကြုံ မရှိလှသော်လည်း မျောက်၏ လက်စွမ်းလက်စများကိုမူ တကယ်ပင် အထင်ကြီးလေးစားသွားခဲ့လေသည်။
"မင်းတို့နှစ်ယောက်ကလည်း မဆိုးပါဘူး… ထိုက်ရိ အစစ်အမှန် နတ်အဆင့်ကို မရောက်သေးပေမယ့် ငါ့လက်ထဲက အစားအစာကိုတောင် လုယူနိုင်တယ်ဆိုတော့လေ..."
စွန်းဝူခုန်းကလည်း အထင်ကြီးလေးစားမှုများ ပြသကာ ချင်းဖုန်းကို ပြောလိုက်လေသည်။
သူရဲကောင်းအချင်းချင်းသာ နားလည်နိုင်သည် ဟူသော စကားပုံအတိုင်းပင်။ အချိန်အတန်ကြာပြီးနောက် နှစ်ဖက်စလုံးသည် တစ်ယောက်၏စွမ်းရည်ကို တစ်ယောက် နားလည်သွားကြလေသည်။
မကြာမီမှာပင် မူလကတည်းက အရပ်ပုသော ချင်းဖုန်းနှင့် ထိုနည်းတူစွာ အရပ်ပုသော စွန်းဝူခုန်းတို့သည် ရယ်မောကာ တစ်ယောက်ကျောကိုတစ်ယောက် ပုတ်ရင်း အလွန်ရင်းနှီးသော မိတ်ဆွေများအဖြစ်သို့ ပြောင်းလဲသွားကြလေတော့သည်။
***
အပိုင်း(၂၆၆)
"တကယ်ကြီးလား… ထမင်းစားပွဲက ရင်းနှီးတဲ့ ဆက်ဆံရေးတွေ တည်ဆောက်ဖို့ အကောင်းဆုံးနေရာများ ဖြစ်နေမလားပဲ..."
အစပိုင်းတွင် တစ်ယောက်နှင့်တစ်ယောက် အကြီးအကျယ် ရန်ဖြစ်နေကြပြီးမှ အစားအစာ လုစားကြရာမှ သူငယ်ချင်းများ ဖြစ်သွားကြသော ထိုနှစ်ယောက်ကို ကြည့်ရင်း ကျန်းလျို၏ နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားလေသည်။
သုံးဆယ့်သုံးထပ် ကောင်းကင်ဘုံ၏ အလွန်တွင်မူ မှန်ထဲရှိ အရာအားလုံးကို စောင့်ကြည့်နေသော ကျန်းယွမ်ဆရာကြီးမှာ အံ့ဩမှင်တက်နေပြီး အကြောင်သား ဖြစ်နေလေသည်။
ဤအခြေအနေက သူ စိတ်ကူးထားသည်နှင့် လုံးဝကို ကွာခြားနေသည် မဟုတ်ပါလော။
လုံးလုံးလျားလျား တွေဝေသွားသော ကျန်းယွမ်ဆရာကြီးသည် အခြေအနေများက ဤမျှ မမျှော်လင့်ဘဲ အဘယ်ကြောင့် ဤအဆင့်အထိ ရောက်ရှိသွားရသနည်းဟု တွေးတောရင်း အမှန်တကယ်ပင် ဇဝေဇဝါ ဖြစ်နေလေသည်။
"မဖြစ်ဘူး... ငါ အမြန်ပြန်သွားပြီး စစ်ဆေးကြည့်မှရမယ်..."
ခဏမျှ စဉ်းစားပြီးနောက် ကျန်းယွမ်ဆရာကြီးသည် စိတ်ကို တည်ငြိမ်အောင်ထားလိုက်ပြီး သူ၏ တပည့်များကို ယွီရွှီနန်းတော်တွင် ရက်အနည်းငယ် ထပ်မံနေထိုင်စေပြီးမှ ပြန်လာခိုင်းဖို့ ဆုံးဖြတ်လိုက်လေသည်။
ကျန်းယွမ်ဆရာကြီးသည် ဝူကျွမ်းကျောင်းတော်သို့ တစ်ယောက်တည်း ပြန်ရန် ဆုံးဖြတ်လိုက်လေတော့သည်။
စားသောက်ပြီးစီးသွားပြီးနောက် အနည်းငယ် အရက်မူးနေသော ချင်းဖုန်းနှင့် မင်ယွဲတို့ အနားယူရန် ထွက်သွားကြရာ ဟော့ပေါ့သည် ကြည့်ရသည်မှာ ဆွဲဆောင်မှု မရှိလှသော်လည်း အရသာကမူ အလွန်ကောင်းမွန်ကြောင်း ဝန်ခံရမည် ဖြစ်ပေသည်။
အရက်လေး အနည်းငယ်သောက်ကာ အရသာရှိသော ဟော့ပေါ့ကို စားရသည်မှာ တကယ်ကို နွေးထွေးဖွယ်ကောင်းလှပြီး အထူးသဖြင့် အားလုံး အတူတူထိုင်ကာ အစားအစာများကို အလုအယက် စားသောက်ရသည်မှာ ပျော်ရွှင်ဖွယ် ခံစားချက်တစ်ခုပင် ဖြစ်လေသည်။
စားသောက်သည့်နေရာတွင် လူများလေ ပိုပျော်ရလေဖြစ်ပြီး အလုအယက် စားရသည်က ပို၍ပင် အရသာရှိစေလေသည်။
စားသောက်ပြီးနောက် စွန်းဝူခုန်းနှင့် အခြားသူများလည်း အနားယူရန် ထွက်သွားကြလေသည်။ အသက်ဝင် တက်ကြွသော ဟော့ပေါ့စားပွဲကြောင့် စွန်းဝူခုန်းသည် ယခုအခါ ချင်းဖုန်း၊ မင်ယွဲတို့နှင့် ဆက်ဆံရေး အလွန်ကောင်းမွန်နေလေပြီ။
အစားအစာများကို အလုအယက် စားသောက်ခြင်းမှတစ်ဆင့် စွန်းဝူခုန်းသည် တာအိုကျောင်းသားလေး နှစ်ယောက်၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းရည်များကိုလည်း အသိအမှတ်ပြုသွားခဲ့လေသည်။
တကယ်တမ်းတွင် ထိုကလေးနှစ်ယောက်ပင်လျှင် ဤမျှ စွမ်းဆောင်နိုင်စွမ်းရှိခြင်းက ဝူကျွမ်းကျောင်းတော်သည် သာမန်နေရာတစ်ခု လုံးဝမဟုတ်ကြောင်း ပြသနေလေသည်။
အခြားတစ်ဖက်၌... လူသစ်သီးကို စားသုံးပြီးနောက် ကျန်းလျို၏ ပါရမီများ တိုးတက်လာခဲ့ပြီး ကျင့်ကြံစဉ်အတွင်း အတွေ့အကြုံမှတ်များကို ပိုမိုမြန်ဆန်စွာ ရရှိလာခဲ့လေသည်။ တစ်ညလုံးလုံး ကျန်းလျိုသည် တင်ပျဉ်ခွေထိုင်ကာ ကောင်းကင်နဂါး ဓမ္မတေးသံကို မဆုတ်မနစ် ကျင့်ကြံအားထုတ်နေလေသည်။ အတွေ့အကြုံမှတ်များက ယခင်ကထက် များစွာ ပိုမိုမြန်ဆန်သောနှုန်းဖြင့် တဖြည်းဖြည်း တိုးလာနေလေသည်။
ယခင်က ကောင်းကင်နဂါး ဓမ္မတေးသံ တတိယအဆင့်တွင် ရှိစဉ်က ကျန်းလျိုသည် ကျင့်ကြံခြင်းမှတစ်ဆင့် အတွေ့အကြုံမှတ် ၃ မှတ်သာ ရရှိခဲ့သည်။ ယခုအခါ ထိုအရေအတွက်က နှစ်ဆ တိုးလာခဲ့လေပြီ။
တစ်ညလုံး တင်ပျဉ်ခွေထိုင် ကျင့်ကြံပြီးနောက် ကျန်းလျိုသည် မတ်တတ်ရပ်လိုက်၏။ တစ်ညတာအတွင်း သူ၏ ကျင့်ကြံခြင်းအဆင့် အနည်းငယ် တိုးတက်လာကြောင်း ခံစားလိုက်ရလေသည်။
သူ၏ အတွေ့အကြုံမှတ်များကို စစ်ဆေးကြည့်ရာ တစ်ညအတွင်း အမှတ်ရေ နှစ်သောင်းနီးပါး တိုးလာခဲ့လေသည်။ ကျန်းလျိုသည် ဤတိုးတက်မှုနှုန်းအတွက် အလွန်အမင်း ဝမ်းသာပီတိ ဖြစ်နေလေတော့သည်။
ဤတိုးတက်မှု အမြန်နှုန်းဖြင့်ဆိုလျှင် အဆင့် ၃၂ သို့ ရောက်ရှိရန်မှာ အဆင့် ၃၁ သို့ တက်ခဲ့စဉ်ကထက် ပိုမြန်မည် မဟုတ်ပါလော။
ဆရာနှင့် တပည့်များသည် အိပ်ရာမှထကာ ကိုယ်လက်သန့်စင်လိုက်ကြပြီး ထိုအချိန်တွင် ချင်းဖုန်းနှင့် မင်ယွဲတို့လည်း အိပ်ရာမှ ထလာကြပြီ ဖြစ်လေသည်။
"အောမိတော်ဖော... မင်းတို့ရဲ့ ဧည့်ဝတ်ကျေပွန်မှုအတွက် ကျေးဇူးတင်ပါတယ်… ငါတို့ ဆက်ပြီး ဒုက္ခမပေးတော့ပါဘူး… ဒါကြောင့် အခုပဲ ထွက်ခွာတော့မယ်..."
ကျန်းလျိုသည် လက်အုပ်ချီကာ တာအိုကျောင်းသားလေးများဖြစ်သော ချင်းဖုန်းနှင့် မင်ယွဲတို့ကို နှုတ်ဆက်လိုက်လေသည်။ လူသစ်သီး တစ်လုံးတည်းပင်လျှင် ရာဇဝင် အရည်အသွေးရှိသော ပစ္စည်းကိရိယာများထက် များစွာ ပိုမိုတန်ဖိုးရှိလှရာ ကျန်းလျို၏ ရင်ထဲတွင်လည်း အမှန်တကယ်ပင် ကျေးဇူးတင်နေမိလေသည်။
"ဆရာတော်... ခရီးစဉ်တစ်လျှောက် ဘေးကင်းချောမွေ့ပါစေ..."
ကျန်းလျို၏ စကားကို ကြားသောအခါ တာအိုကျောင်းသားလေးများဖြစ်သော ချင်းဖုန်းနှင့် မင်ယွဲတို့ကလည်း အရိုအသေပေးကာ ခါးညွှတ်လျက် ပြောလိုက်ကြလေသည်။
"ဟီးဟီးဟီး... မင်းတို့ ကလေးနှစ်ယောက်… ငါ စွန်းဝူခုန်းလည်း သွားတော့မယ်… နောက်တစ်ခါ အခွင့်အရေးရရင် ဟော့ပေါ့ အတူတူ ထပ်စားကြသေးတာပေါ့..."
စွန်းဝူခုန်းသည် သူ၏ တုတ်ကြီးကို ထမ်းထားရင်း မျက်ခုံးတစ်ချက်ပင့်ကာ ချင်းဖုန်းနှင့် မင်ယွဲတို့ကို ပြောလိုက်လေသည်။
ထိုစကားကြောင့် ချင်းဖုန်းနှင့် မင်ယွဲတို့သည် မသိမသာ တံတွေးမျိုချလိုက်မိကြပြီး သဘောတူကြောင်း ခေါင်းညိတ်လိုက်ကြလေသည်။
"မျောက်လေး... ဒါဆို ကတိပဲနော်… အနောက်အရပ်ကိုကျမ်းစာပင့်ဆောင်မယ့် ခရီးစဉ် ပြီးသွားရင် ငါတို့နဲ့ ဟော့ပေါ့ လာစားဖို့ မမေ့နဲ့ဦး..."
ချင်းဖုန်း၊ မင်ယွဲနှင့် စွန်းဝူခုန်းတို့ကြားမှ နောက်ပြောင်ကျီစယ်မှုများကို ကြားသောအခါ ကျန်းလျိုသည် အဓိပ္ပာယ်ပါပါ ပြုံးလိုက်လေသည်။ သူတို့၏ ဆက်ဆံရေးမှာ သူထင်ထားသည်ထက် များစွာ ပို၍ ခိုင်မာနေပုံရလေသည်။ သို့မဟုတ်ပါက အဘယ်ကြောင့် ဤကဲ့သို့ ရင်းရင်းနှီးနှီး ခေါ်ဝေါ်ပြောဆိုကြမည်နည်း။
တစ်ခါတစ်ရံတွင် ယောက်ျားလေးများကြားမှ သံယောဇဉ်ဆိုသည်မှာ တကယ်ပဲ ဤမျှ ရိုးရှင်းပါသလော။
"နေပါဦး... ဆရာတော်..."
ကျန်းလျိုသည် ချင်းဖုန်း၊ မင်ယွဲတို့နှင့် နှုတ်ဆက်ပြီးစီး၍ ထွက်ခွာရန် ပြင်ဆင်နေစဉ်မှာပင် ကောင်းကင်ထက်မှ ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာလေသည်။
အသံမှာ မကျယ်လောင်သော်လည်း လူတိုင်းက သူတို့၏ နားဘေးတွင် ကပ်ပြောနေသကဲ့သို့ ရှင်းလင်းပြတ်သားစွာ ကြားလိုက်ကြရလေသည်။
ထိုအသံနှင့်အတူ ကောင်းကင်ထက်မှ မင်္ဂလာတိမ်တိုက်တစ်ခု ဖြည်းညှင်းစွာ ဆင်းသက်လာပြီး မကြာမီမှာပင် မြင်းမြီးယပ်တောင်ကို ကိုင်ဆောင်ထားသော ဆံပင်ဖြူ၊ မုတ်ဆိတ်ဖြူနှင့် တာအို ဆရာအိုကြီးတစ်ဦးသည် တိမ်တိုက်နှင့် မြူခိုးများကြားမှ ဆင်းသက်လာလေသည်။
"ဆရာကြီး..."
ဆင်းသက်လာသော ပုံရိပ်ကို မြင်သောအခါ တာအိုကျောင်းသားလေးများဖြစ်သော ချင်းဖုန်းနှင့် မင်ယွဲတို့သည် ကမန်းကတန်း ရှေ့သို့ထွက်ကာ ပြောလိုက်ကြလေသည်။
"အင်း... ညီတော် ရွှမ်ကျန်းနဲ့ သူ့အဖွဲ့ကို မင်းတို့ သေချာ ဧည့်ခံလိုက်ရဲ့လား..."
ကျန်းယွမ်ဆရာကြီးက သူ၏ တပည့်များကို အနည်းငယ် ခေါင်းညိတ်ပြရင်း မေးလိုက်လေသည်။
"ဆရာကြီးကို လျှောက်တင်ပါတယ်... ကျွန်တော်တို့ ဆရာကြီးရဲ့ အရင်ညွှန်ကြားချက်တွေအတိုင်း သူတို့ကို သေချာ ဧည့်ခံခဲ့ပါတယ်ခင်ဗျ… ရွှမ်ကျန်းဆရာတော်က ကျွန်တော်တို့ကို ဟော့ပေါ့ တစ်အိုးတောင် ချက်ကျွေးသေးတယ်..."
တာအိုကျောင်းသားလေး ချင်းဖုန်းက ခေါင်းညိတ်လျက် ပြန်ဖြေလိုက်လေသည်။
"အင်း... ကောင်းတယ်..."
ချင်းဖုန်းနှင့် မင်ယွဲတို့၏ စကားကို ကြားသောအခါ အဖြစ်အပျက်များသည် မမျှော်လင့်ဘဲ ပြောင်းလဲသွားခဲ့သော်လည်း သူတို့အနေဖြင့် စွန်းဝူခုန်းနှင့် အဆင်ပြေအောင် နေထိုင်နိုင်ခဲ့ပြီး သူ ပေးအပ်ထားသော တာဝန်ကို အောင်မြင်စွာ ပြီးမြောက်ခဲ့သည့်အတွက် ကျန်းယွမ်ဆရာကြီးမှာ ကျေနပ်သွားလေသည်။
"ကျန်းယွမ်ဆရာကြီးကို ဂါရဝပြုပါတယ်..."
ကျန်းယွမ်ဆရာကြီး၊ ချင်းဖုန်းနှင့် မင်ယွဲတို့ကြားမှ စကားပြောဆိုမှု ပြီးဆုံးသွားသောအခါ ကျူးပါကျဲသည် သူ၏ အဝတ်အစားများကို အနည်းငယ် သေသပ်အောင် ပြင်ဆင်လိုက်သည်။ ခန္ဓာကိုယ်ပေါ်မှ မရှိသော ဖုန်များကို ခါထုတ်လိုက်ကာ ရှေ့သို့ထွက်၍ ကျန်းယွမ်ဆရာကြီးအား တပည့်တစ်ဦး၏ အရိုအသေပေးမှုဖြင့် ဂါရဝပြုလိုက်လေသည်။
"အင်း... မင်းက ထျန်းဖုန် စစ်သူကြီး မဟုတ်လား… မဆိုးပါဘူး... မဆိုးပါဘူး..."
ကျူးပါကျဲသည် ဝက်တစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့သော်လည်း ကျန်းယွမ်ဆရာကြီးက သူ့ကို သိသာထင်ရှားစွာပင် မှတ်မိနေပြီး အနည်းငယ် ခေါင်းညိတ်ပြလိုက်လေသည်။
"ဒါက ကျန်းယွမ်ဆရာကြီးလား…"
ကျန်းယွမ်ဆရာကြီး ဆင်းသက်လာသောအခါ မျက်လုံးအားလုံးက သူ၏အပေါ်သို့ ကျရောက်သွားကြပြီး ကျန်းလျိုက စိတ်ထဲမှ ကြိတ်တွေးလိုက်လေသည်။
'ဇာတ်ကောင် အချက်အလက်...'
မကြာမီမှာပင် ထက်ဝက် ဖောက်ထွင်းမြင်ရသော ဇာတ်ကောင် အချက်အလက်ပြဘုတ်တစ်ခု ပေါ်ထွက်လာပြီး ကျန်းလျို၏ ရှေ့တွင် လွင့်မျောနေလေတော့သည်။
***