အခန်း ၁၁
Vol. 2 Ch. 11
Ch-11
သူမလက်ချောင်းကို ဓားဖြင့်လှီးကာ လက်ကောက်ပေါ်သို့ သွေးစက်ချလိုက်သည်။ သူမစိတ်အာရုံထဲတွင် ရွှေရောင်အလင်းတန်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာပြီးနောက် ဧရာမနေရာလွတ်ကြီးတစ်ခု ပေါ်လာတော့၏။
ပိုင်ရှင်အဖြစ် ချိတ်ဆက်မှု အောင်မြင်သွားချေပြီ။
ဤရွှေလက်ကောက်မှာ တစ်ကြိမ်လျှင် ပိုင်ရှင်တစ်ဦးကိုသာ အသိအမှတ်ပြုသည်။ ချိတ်ဆက်ပြီးသည်နှင့် နောက်တစ်ကြိမ် ချိတ်ဆက်မှုလုပ်ငန်းစဉ်ကို စတင်နိုင်ရန် လက်ရှိပိုင်ရှင်သေဆုံးရန်လိုအပ်၏။
ချိတ်ဆက်ပြီးနောက် နေရာလွတ်မှာ ပိုင်ရှင်၏စိတ်ဝိညာဉ်နှင့် အလိုအလျောက် ဆက်သွယ်သွားသည်။ အကယ်၍ အခြားသူတစ်ယောက်က ဤလက်ကောက်ကို ရသွားခဲ့လျှင်တောင်မှ ရှဲ့လီမသေမချင်း ၎င်းကို အသုံးပြု၍မရနိုင်ပေ။
မူလဇာတ်လမ်းထဲတွင် ဤအကြောင်းပြချက်ကြောင့်ပင် ရှဲ့စီလင်းက မူလပိုင်ရှင်သေဆုံးစေရန်ကြံစည်ခဲ့ခြင်းဖြစ်သည်။
ဤနေရာလွတ်ထဲတွင် ရှဲ့မိသားစု၏ မျိုးဆက်ပေါင်းများစွာ စုဆောင်းလာခဲ့သော ဥစ္စာဓနများနှင့် ရတနာများရှိနေသည်။ ဤသည်မှာ အဘိုးရှဲ့က မူလပိုင်ရှင်အတွက် ချန်ရစ်ခဲ့သော နောက်ဆုံးလွတ်မြောက်ရာလမ်းပင်။
အဘိုးရှဲ့က ရှဲ့ချင်စုန်နှင့် သူ့ဇနီးတို့၏စရိုက်ကို ကောင်းစွာသိရှိထားသည်။ သူတို့ရင်ထဲတွင် ရှဲ့စီလင်းတစ်ယောက်သာရှိ၏။ ရှဲ့မိသားစု၏ ဘိုးစဉ်ဘောင်ဆက် ပိုင်ဆိုင်မှုများမှာ နောက်ဆုံးတွင် ရှဲ့မိသားစုနှင့် သွေးသားတော်စပ်မှုမရှိသော ရှဲ့စီလင်းလက်ထဲသို့ ကျရောက်သွားနိုင်ခြေ အလွန်များပြားနေသည်။
အနည်းဆုံးတော့ ရှဲ့မိသားစု၏သွေးများစီးဆင်းနေသော ရှဲ့လီကိုတိုက်ရိုက်ပေးအပ်လိုက်ခြင်းက ပို၍ကောင်းမွန်ပေသည်။
ရှဲ့လီ မျက်လုံးများကိုမှိတ်ကာ နေရာလွတ်ထဲသို့ ဝင်ရောက်သွားလိုက်၏။
နေရာလွတ်မှာ အဆုံးအစမရှိကျယ်ပြောလှပြီး လေ၊ မိုး သို့မဟုတ် ဖုန်မှုန့်များ ကင်းစင်နေသည်။
ကြမ်းပြင်ပေါ်တွင် ရှဲ့မိသားစုမျိုးဆက်ပေါင်းများစွာ စုဆောင်းလာခဲ့သော ပစ္စည်းများပုံထားလေသည်။
နှင်းဆီသစ်သားဖြင့် အနုစိတ်ထွင်းထုထားသော သေတ္တာကြီးများမှာ ဆယ်လီတိုင်အောင် တန်းစီချထားပြီး အနီရင့်ရောင် ပင်လယ်ပြင်ကြီးတစ်ခုအလား ကျယ်ပြန့်စွာ ဖြန့်ကျက်ထားလေသည်။
မူလဇာတ်လမ်းထဲတွင် ဖော်ပြထားသည်က……
*အဘိုးရှဲ့က ရှဲ့လီအတွက် ချန်ရစ်ခဲ့သော ဥစ္စာဓနများကို နှင်းဆီသစ်သားဖြင့် အနုစိတ်ထွင်းထုထားသော သေတ္တာကြီးများထဲတွင် တစ်လုံးပြီးတစ်လုံး ထည့်သွင်းထားသည်။ သစ်သားသေတ္တာများကို တောင်စောင်းတစ်ခုလုံး ဖုံးလွှမ်းသွားသည်အထိ တစ်လုံးဘေးတစ်လုံး ကပ်လျက်ချထားပြီး ဆယ်လီတိုင်အောင် သွယ်တန်းနေလေ၏။*
ရှဲ့လီက စစ်ဆေးရန် သေတ္တာတစ်လုံးကို ပေါ့ပေါ့ပါးပါး ဖွင့်ကြည့်လိုက်သည်။
နာမည်ကြီး ပန်းချီကားများ၊ နာမည်ကြီး နာရီများ၊ ရွှေများ၊ ကျောက်စိမ်းများနှင့် သလင်းကျောက်များ
သူမ ဘဝပေါင်းတစ်ရာလောက် ပြဿနာမရှိဘဲ သက်သောင့်သက်သာ နေထိုင်သွားနိုင်ချေပြီ။
ရှန်ဟိုင်းမြို့၏ အရင်းရှင်ကြီးများဖြစ်ဖို့ရာ တကယ်ကိုထိုက်တန်လှသည်။
‘အရင်းရှင်တစ်ယောက်ဆိုတာ ဒီလိုပုံစံမျိုးရှိသင့်တာပေါ့'
စာရေးဆရာကို လပေါင်းများစွာ ကျိန်ဆဲလာခဲ့သော ရှဲ့လီမှာ နောက်ဆုံးတွင် စာရေးဆရာကို ကျေးဇူးတင်ရန် စတင်လာခဲ့၏။ အလွန်အကျွံချဲ့ကားရေးသားပေးသော စာရေးဆရာကို ကျေးဇူးတင်မိသည်။ ရက်ရောပေးသော စာရေးဆရာကို တစ်ကယ် ကျေးဇူးတင်မိပါ၏။
‘ဖေဖေစာရေးဆရာ ကျေးဇူးပါပဲရှင်’
နေရာလွတ်ကြမ်းပြင်ပေါ်တွင် စာအိတ်တစ်အိတ်ကျနေ၏။ ရှဲ့လီ ၎င်းကို ကောက်ယူကာ ဖွင့်ကြည့်လိုက်သည်။
၎င်းမှာ အဘိုးရှဲ့မှသူမအတွက် ချန်ရစ်ခဲ့သော နောက်ဆုံးမှာတမ်းစာပင်။
“ရှောင်လီ၊ အဘိုးရဲ့တဖက်သတ် ဆုံးဖြတ်ချက်အတွက် ခွင့်လွှတ်ပေးပါကွယ်၊ နိုင်ငံရေးလှုပ်ရှားမှုတွေက အခုဆို အစပျိုးလာနေပြီမလို့ အဘိုးတို့မိသားစု သေချာပေါက်ရှင်းလင်းဖယ်ရှားခံရလိမ့်မယ်၊ အဘိုးက မြေးလေးအတွက် ရှန်မိသားစုနဲ့စေ့စပ်ပွဲတစ်ခုကို စီစဉ်ပေးခဲ့တယ်၊ အဘိုးက အဲဒီကောင်လေးရဲ့အဘိုးနဲ့ မိတ်ဆွေဟောင်းတွေပါ၊ မြေးလေးရဲ့ မှတ်ပုံတင်ကတ်ကိုလည်း အဲဒီကောင်လေးနဲ့ လက်ထပ်မှတ်ပုံတင်ဖို့ လျှောက်ထားနိုင်အောင် အဘိုးပို့လိုက်ပြီးပါပြီ၊ အဲဒီကလေးက စစ်သားတစ်ယောက်ပါ၊ ဖြောင့်မတ်မှန်ကန်တဲ့သူတစ်ယောက်ပေါ့၊ သူ့မိသားစုကပဲ မြေးလေးကိုကာကွယ်ပေးနိုင်လိမ့်မယ်၊ အဘိုးမှာ အချိန်သိပ်မကျန်တော့လို့ မြေးလေးအတွက် ဒီအစီအစဉ်တွေကို လုပ်ပေးခဲ့ရတာပါ၊ အဘိုးရဲ့ ရှောင်လီလေး၊ မြေးလေး အေးချမ်းချောမွေ့တဲ့ ဘဝလေးတစ်ခုကို ပိုင်ဆိုင်နိုင်စေဖို့ အဘိုးမျှော်လင့်ပါတယ်'
ရှဲ့လီလက်များက စာကိုဆုပ်ကိုင်ရင်း တုန်ယင်နေပြီး သူမပင်မသိလိုက်ဘဲ မျက်ရည်များ စီးကျလာခဲ့သည်။
မူလဇာတ်လမ်းထဲတွင် အဘိုးရှဲ့က မူလပိုင်ရှင်အတွက် ဤအရာအားလုံးကို စီစဉ်ပေးပြီးနောက် ကွယ်လွန်သွားခဲ့၏။ ဘုရားသခင်၏ရှုထောင့်ကို ပိုင်ဆိုင်ထားသော ရှဲ့စီလင်းက မူလပိုင်ရှင်သည် ရှန်မိသားစုမှလူငယ်လေးကို သွားရောက်ရှာဖွေမည့်လမ်းတွင် လှေသမားကို လာဘ်ထိုးကာ လှေကို အပေါက်ဖောက်ခိုင်းခဲ့သည်။
မူလပိုင်ရှင် ရေနစ်သေဆုံးသွားပြီးနောက် သူမက မူလပိုင်ရှင်၏ရွှေလက်ကောက်ကို ယူကာ ပိုင်ရှင်အဖြစ် သွေးဖြင့်ချိတ်ဆက်ခဲ့သည်။
နေရာလွတ်နှင့် ပိုင်ဆိုင်မှုများကို ခိုးယူကာ နိုင်ငံရေးလှုပ်ရှားမှုများ စတင်လာချိန်တွင် ဖေ့ရှူချန်၏မိသားစုတစ်ခုလုံးနှင့် သူမမိသားစုတစ်ခုလုံးကို ခေါ်ဆောင်၍ ဟောင်ကောင်သို့ ထွက်ပြေးသွားခဲ့၏။
သူမသည် ဤနေရာလွတ်နှင့် ဥစ္စာဓနများကို အားကိုးကာ တစ်သက်လုံး မောက်မာဝင့်ကြွားစွာ နေထိုင်သွားပြီး ဖေ့မိသားစုနှင့် ရှဲ့မိသားစုနှစ်ခုလုံးကို သူမသံစဉ်အတိုင်း ကခုန်စေခဲ့သည်။
ရှဲ့လီက သေတ္တာတစ်လုံးပေါ်တွင်ထိုင်ကာ တွက်ချက်မှုများ စတင်တော့သည်။ ခြောက်ဆယ်နှောင်းပိုင်းနှစ်များ အစောပိုင်းတွင် ထိုကြီးမားလှသော နိုင်ငံရေးလှုပ်ရှားမှုကြီးက ပေါက်ကွဲလာတော့မည်ဖြစ်သည်။ ရှဲ့မိသားစုကဲ့သို့သော အရင်းရှင်များမှာ သေချာပေါက် ရှင်းလင်းခံရမည်ပင်။
အဘိုးရှဲ့က ကြိုတင်သိမြင်နိုင်စွမ်းရှိပြီး သူမအတွက် ရှန်မိသားစုနှင့် ဤစေ့စပ်ပွဲကို စီစဉ်ပေးခဲ့ခြင်းဖြစ်သည်။
စာအုပ်ထဲတွင် ရှန်မိသားစုနှင့် ရှန်မိသားစုမှ လူငယ်လေးအကြောင်းကို ဖြတ်သွားဖြတ်လာအဖြစ်သာဖော်ပြထားပြီး ရှန်မိသားစုမှ လူငယ်လေးမှာ နာမည်ကြီးစစ်သားတစ်ဦးဖြစ်ကြောင်းသာ ရေးသားထားသည်။
ရှဲ့ချင်စုန်နှင့် ဝူဖုန်းရောင်တို့က သေချာပေါက် ရှဲ့စီလင်းကိုခေါ်ကာ ဟောင်ကောင်သို့ ထွက်ပြေးကြပေမည်။
ထိုအချိန်ရောက်လျှင် ရှဲ့ချင်စုန်က သူမကို ဂရုစိုက်မည်မဟုတ်ပေ။ စစ်တပ်အသိုင်းအဝိုင်းမှ လူတစ်ဦးနှင့် လက်ထပ်ခြင်းကသာ သူမကို ကယ်တင်နိုင်မည့် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။