အခန်း ၁၂
Vol. 2 Ch. 12
Ch-12
ထိုအချိန်တွင် ရှဲ့စီလင်းက ကျောက်စိမ်းလက်ကောက်ကို လက်နှစ်ဖက်ဖြင့် ရိုသေလေးစားစွာကိုင်တွယ်ကာ မျက်လုံးများကို မှိတ်ထားလိုက်၏။
သူမစိတ်အာရုံမှာ ဗလာကျင်းနေ၏။ လက်ကောက်ထဲတွင် မည်သည့်နေရာလွတ်မျှ မရှိချေ။
ရှဲ့စီလင်းက ထူးဆန်းနေသည်ဟု ခံစားရလေသည်။
‘သွေးစက်ချတာ နည်းသွားလို့များလား'
သူမ အံကြိတ်ကာ မီးဖိုချောင်သို့သွား၍ သစ်သီးလှီးဓားကို ယူကာ သူမလက်ချောင်းကို ခပ်နက်နက်လှီးချလိုက်သည်။
လတ်ဆတ်သော သွေးများက သူမလက်ချောင်းမှ စီးကျလာသည်။
သူမ အလွန်အမင်းစိတ်လှုပ်ရှားနေသဖြင့် နာကျင်မှုကို လုံးဝမခံစားရချေ။
*တောက် တောက် တောက်*
ဘာတုံ့ပြန်မှုမှ မရှိချေ။
*တောက် တောက် တောက်*
‘ဘာတုံ့ပြန်မှုမှ မရှိသေးဘူး၊ ဘယ်လိုလုပ်မှ အသက်ဝင်လာမှာလဲ၊ စာအုပ်ထဲမှာ သွေးနဲ့ ပိုင်ရှင်အသိအမှတ်ပြုတယ်လို့ ပြောထားပေမဲ့ သွေးနဲ့ ပိုင်ရှင်အသိအမှတ်ပြုတဲ့ လုပ်ငန်းစဉ်ကို အသေးစိတ် မဖော်ပြထားဘူးလေ၊ အဲဒီကျိန်စာသင့်နေတဲ့အဘိုးကြီး ရှဲ့ပုယိုက ရှဲ့လီကို အသက်သွင်းတဲ့နည်းလမ်း ပြောပြသွားခဲ့တာ သေချာတယ်'
ရှဲ့စီလင်းက သတင်းအချက်အလက်စုံစမ်းဖို့ရာအတွက် ရှဲ့လီကိုရှာရန် ဆုံးဖြတ်လိုက်သည်။
*ဒေါက် ဒေါက် ဒေါက်*
ရှဲ့လီ၏အခန်းတံခါးကို အသာခေါက်လိုက်သည်။ သူမက သစ်သီးပန်းကန်တစ်ခုကို ကိုင်ဆောင်ကာ ဝင်လာလေ၏။
သူတို့နှစ်ဦးက တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး တစ်ယောက်ချင်းစီ၏ရင်ထဲတွင် လျှို့ဝှက်သောရည်ရွယ်ချက်များ အသီးသီးရှိနေကြသည်။
“အစ်မ သစ်သီးလေးစားပါဦး၊ အဘိုးမဆုံးခင်က အစ်မကို အခန်းထဲမှာခေါ်ထားခဲ့တာဆိုတော့ အဘိုးက အစ်မကို အများကြီးပြောပြသွားမှာပဲလေ၊ ညီမလည်း အဘိုးကို အရမ်းသတိရတာပဲ၊ အဘိုး အစ်မကို ဘာတွေပြောပြသွားလဲဆိုတာ ညီမကိုပြောပြလို့ရမလား”
ရှဲ့စီလင်းက သူမကိုစမ်းသပ်နေခြင်းပင်။
ရှဲ့လီက အကြည့်များကိုအောက်ချကာ ယခင်ကဲ့သို့ အနိုင်ကျင့်ခံ၊ အသုံးမကျသောပုံစံမျိုးကို ပြန်လည်ပြောင်းလဲလိုက်သည်။
ရှဲ့စီလင်း မျက်ခုံးတစ်ဖက်ပင့်လိုက်မိသည်။ ရှဲ့လီက ဖေ့ရှူချန်ကို ရိုက်နှက်ပြီး ရှဲ့မိသားစုတွင် ပြဿနာရှာခဲ့သော အစောပိုင်းမှ ပေါက်ကွဲမှုမှာ သူမဒေါသများကြောင့်သာ ဖြစ်ပုံရ၏။ ယခု ငြိမ်သက်သွားချိန်တွင် သူမ၏ပုံမှန် အားနည်းသောစရိုက်လက္ခဏာသို့ ပြန်လည်ရောက်ရှိသွားလေပြီ။
သူမ မော့ကြည့်လိုက်သောအခါ ရှဲ့လီက သူမလက်ပေါ်ရှိ ကျောက်စိမ်းလက်ကောက်အား စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ရှဲ့စီလင်းစိတ်ထဲတွင် ရဲတင်းသောအကြံတစ်ခု ပေါ်ပေါက်လာသည်။ သူမက လက်ကိုမြှောက်ကာ လက်ကောက်ဝတ်ရှိလက်ကောက်ကို လှုပ်ခါပြလိုက်၏။
“ရှဲ့လီ နင်ဒီလက်ကောက်ရဲ့ လျှို့ဝှက်ချက်ကို သိတယ်မလား၊ မျှော်လင့်ချက်တွေမထားနဲ့တော့၊ ငါ ဒါကိုငါ့သွေးနဲ့ ချိတ်ဆက်ပြီးသွားပြီ၊ အဘိုးက မသေခင် ဒီလက်ကောက်နဲ့ပတ်သက်ပြီး သတိထားရမယ့် တခြားကိစ္စတွေများ ပြောသွားသေးလားလို့ ငါကမေးချင်ရုံတင်ပါ”
ရှဲ့လီ၏မျက်လုံးများ ချက်ချင်းပြူးကျယ်သွားပြီး သူမလက်များက ခုတင်စွန်းကို တင်းကြပ်စွာဆုပ်ကိုင်ထားလိုက်မိသည်။ ရှဲ့စီလင်းက ကြိတ်၍ဝမ်းသာသွား၏။
‘ငါလောင်းကြေးထပ်တာ မှန်သွားပြီ’
သံပူတုန်းနာနာထုဆိုသည့်အတိုင်း သူမ ဆက်ပြောလာသည်။
“ရှဲ့လီ အခုပြောပြပါ၊ အစားထိုးအနေနဲ့ ငါ နင့်ကို ပစ္စည်းတချို့ပေးနိုင်တယ်၊ ဒီလက်ကောက်ထဲမှာ ရှဲ့မိသားစု မျိုးဆက်ပေါင်းများစွာ စုဆောင်းလာခဲ့တဲ့ ဥစ္စာဓနတွေ ဖုံးကွယ်ထားတယ်ဆိုတာ နင်သိပါတယ်၊ ငါက နင့်ကိုသာနည်းနည်းပါးပါး ဖဲ့ပေးလိုက်ရင် နင် တစ်သက်လုံး ဂုဏ်သိက္ခာတွေ၊ ဥစ္စာဓနတွေနဲ့ ပြည့်ပြည့်စုံစုံနေသွားလို့ရပြီလေ”
ရှဲ့လီမျက်ဝန်းများထဲတွင် မကျေနပ်မှုနှင့် နာကြည်းမှု အရိပ်အယောင်များ ဖြတ်ပြေးသွား၏။
အချိန်အတန်ကြာ တိတ်ဆိတ်နေပြီးနောက် သူမက ကြောက်ရွံ့တုန်လှုပ်နေသောအသံဖြင့် ပြောလိုက်သည်။
“အဘိုးက လက်ကောက်အကြောင်း တစ်ခုခုတော့ ပြောသွားခဲ့တယ်၊ နင်သိချင်ရင် ငါ့ကိုပိုင်ဆိုင်မှုတစ်စိတ်တစ်ပိုင်း ပေးရမယ်၊ အဲဒီလိုမှမဟုတ်ရင် ငါ တစ်ခွန်းမှမပြောဘူး”
ရှဲ့စီလင်း လှောင်ပြုံး ပြုံးလိုက်၏။
‘ဒီမုန်လာဥပျော့လေးက ဒီလောက် လောဘကြီးမယ်လို့ ငါမထင်ထားခဲ့ဘူး၊ ရွှေလက်ကောက်တစ်ကွင်းနဲ့ သူ့ကိုငြိမ်သွားအောင်လုပ်လို့ရမယ်လို့ ထင်နေတာ'
“ကောင်းပြီလေ ပြောပြ”
ရှဲ့လီ တံတွေးမြိုချကာ စိုးရိမ်တကြီးဖြင့် အထစ်ထစ်အငေါ့ငေါ့ပြောလိုက်သည်။
“ငါ ငါ ရှဲ့မိသားစုရဲ့မြေအောက်ခန်းထဲက ပိုင်ဆိုင်မှုတွေအားလုံးကို လိုချင်တယ်”
ရှဲ့စီလင်း : ….
လေတောင် ကောင်းကောင်းမလည်ရဲသော အရှက်အကြောက်ကြီးသည့် ရှဲ့လီက ဤမျှလွန်ကျူးသော တောင်းဆိုမှုကို ရဲရဲတင်းတင်းတောင်းဆိုရဲလိမ့်မည်ဟု သူမ ဘယ်တုန်းကမှမထင်ထားခဲ့ချေ။
ရှဲ့မိသားစု မြေအောက်ခန်းထဲတွင် ရှဲ့မိသားစု၏ လက်ရှိပိုင်ဆိုင်မှုအားလုံးရှိနေသည်။ နေရာလွတ်ထဲရှိ အရာများနှင့် နှိုင်းယှဉ်ပါက ပင်လယ်ထဲမှ ရေတစ်စက်မျှသာဖြစ်သော်လည်း သာမန်မိသားစုတစ်စုအတွက် ဘဝပေါင်းများစွာ နေထိုင်သွားရန် လုံလောက်လှ၏။
ထိုအရာမှာ အဘိုးရှဲ့ပုယိုက ရှဲ့ချင်စုန်အတွက် ချန်ရစ်ခဲ့သောလွတ်မြောက်ရာလမ်းပင်။ ရှဲ့စီလင်း ခေတ္တမျှစဉ်းစားလိုက်ပြီးနောက် အကြံတစ်ခု ရသွားလေသည်။
“ဒါဆို နင်ဒီမှာပဲစောင့်နေ၊ ငါ ဒီကိစ္စအတွက် အဖေနဲ့အမေကို တိုင်ပင်ရဦးမယ်”
သူမ တကယ်ပင် ရှဲ့ချင်စုန်နှင့် ဝူဖုန်းရောင်တို့ထံ သွားရောက်ရင်ဆိုင်ခဲ့သည်။
သူမက ကျောက်စိမ်းလက်ကောက်အကြောင်းနှင့် သွေးဖြင့်ချိတ်ဆက်ရန် ကျရှုံးခဲ့ကြောင်းပြောပြကာ ရှဲ့လီထံမှ ထွက်ပေါက်တစ်ခုရှာဖွေရန် လိုအပ်ကြောင်း ပြောပြလိုက်သည်။
“အဖေနဲ့အမေ မြေအောက်ခန်းထဲက အရာအားလုံးကို သူ့ကိုပေးမယ်လို့ သမီးတို့ သဘောတူလိုက်ရင်လည်း ကိစ္စမရှိပါဘူး၊ နောက်မှသမီးက အဲဒါတွေအားလုံးကို နေရာလွတ်ထဲသိမ်းလိုက်မှာပဲလေ၊ အဲဒီတော့ သူလည်းဘာမှမရတော့ဘူးပေါ့”
ရှဲ့ချင်စုန်မှာ အလွန်အမင်းစိတ်လှုပ်ရှားသွားသဖြင့် ငြိမ်ငြိမ်ထိုင်မနေနိုင်တော့ချေ။ သူသိထားပြီးသားပင်။
‘ရှဲ့မိသားစုမှာ အခုမြင်ရသလောက် ပိုင်ဆိုင်မှုတွေပဲရှိတာ လုံးဝမဟုတ်ဘူးဆိုတာ ငါသိနေတယ်၊ မြင်ရတာတွေက များနေပြီဆိုပေမဲ့ ငါပိုလိုချင်သေးတယ်၊ ငါ့အဖေက ဒီလိုရတနာမျိုးကိုတောင် ပိုင်ဆိုင်ထားပြီး အဲဒါတွေအားလုံးကို အဲဒီကောင်မစုတ်လေးရှဲ့လီကို ပေးခဲ့တာကိုး’
“ကောင်းပြီ သူ ဘာအခြေအနေပဲ တောင်းဆိုတောင်းဆို သဘောတူလိုက်”
ရှဲ့ချင်စုန်မှာ အရမ်းရက်ရောသွားပြီး လက်ကိုဝှေ့ယမ်းကာ ဝူဖုန်းရောင်နှင့် ရှဲ့စီလင်းတို့ကို ရှဲ့လီအိပ်ခန်းဆီသို့ ခေါ်ဆောင်သွားတော့သည်။